အခန်း ၉၄
Viewers 10k

Chapter 94

Chapter 94

Extra one - မင်းမွေးဖွားခဲ့တဲ့ကမ္ဘာ


သိပ်သည်းဆမြင့်မားနေသော ကောင်းကင်မှာ မဲနယ်ရောင်ဖြစ်နေခဲ့သည်။ ဖုန်နှင့်သဲမှုန်တို့သည်ကား မြေပြင်တလျှောက် လွင့်စင်နေပြီးအင်မတန်အေးစိမ့်လှသောလေများကြောင့် ဂျိုင့်ခွက်များမှာ လေတိုက်စားခံနေရကာ အနှီမြေပြင်တွင်လမ်းလျှောက်နေသော တက်ခ်ဇက်တစ်ယောက်ကိုပင် တိုးတိုက်နေခဲ့သည်။


အယောက်နှစ်ဆယ်ထက်ပိုသော အဆင့်နိမ့်တက်ခ်ဇက်တို့သည် လူသားပုံစံနှင့်မဟုတ်သလို အသိဉာဏ်လည်း အများအပြားမရှိကြပေ။ ၎င်းတို့သည် အကြီးဆုံးတက်ခ်ဇက်၏ဦးဆောင်ရာနောက်သို့ လိုက်ပါနေကြရသည်။ ဤဂြိုလ်မှာ စွန့်ပစ်ဂြိုလ်တစ်လုံးဖြစ်ပြီး တက်ခ်ဇက်တို့သည် စစ်ပွဲအတွင်း ရန်သူ၏စစ်သင်္ဘောပေါ်သို့ကျုးကျော်ခဲ့မှုကြောင့် ဤဂြိုလ်ပေါ်တွင်သောင်တင်နေခဲ့ကြသည်။ စစ်သင်္ဘောထက်မှရန်သူများမှာ စစ်သင်္ဘောပျက်ကျပြီးသည့်နောက် အသက်ရှင်ကျန်သူမရှိဘဲတက်ခ်ဇက်တို့သာ ကြံ့ခိုင်သော ခန္ဓာကိုယ်ခုခံအားကြောင့်အသက်ရှင်

ကျန်ခဲ့ကြ၏။


ထိုသို့ဖြစ်ပြီးတည်းက တက်ခ်ဇက်တို့ ဤဂြိုလ်ပေါ်တွင်ရှိနေခဲ့သည်မှာမည်မျှကြာမြင့်ခဲ့ပြီနည်း။


 နှစ်နှစ်၊ သုံးနှစ်ခန်ရှိရော့မည်ထင်သည်။ တက်ခ်ဇက်တို့သည်ကား အချိန်ဟူသည် မသိ။ ဉာဏ်ရည်မရှိသောတက်ခ်ဇက်ဆိုလျှင် ၎င်းတို့၏နေထိုင်ရာပတ်ဝန်းကျင်ကိုမူ ဂရုမထားကြပေ။ ၎င်းတို့အသက်ရှင်နေသမျှ ကာလပတ်လုံး မည်သည့်နေရာ

ရောက်နေပါစေ၊ ကိစ္စမရှိပါချေ။ 


အသက်ရှင်ရန်ရုန်းကန်ခြင်း နှင့် တိုက်ခိုက်ခြင်းနှစ်ခုသည် တက်ခ်ဇက်ဟူ၍ ဖြစ်လာစေခဲ့သည်။ စစ်ပွဲအတွင်း ၎င်းတို့၏ကဏ္႑မှာ အသက်ရှင်ရပ်တည်ရန်ပင်။ ထိုအတိုင်းဖြစ်ခဲ့ပြီး နောင်လည်း တပုံစံတည်းသာဆက်ဖြစ်နေဦးမည်ဖြစ်သည်။


ဤဂြိုလ်ပေါ်တွင် နံနက်ခင်းဆိုသည်မှာ အထွေအထူးမဟုတ်ဘဲ သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာ။ တက်ခ်ဇက်တို့သည် မမျှော်လင့်ဘဲ ၎င်းတို့အတွက် အဖိုးထိုက်တန်သောရတနာတစ်ခုကို ရှာတွေ့ခဲ့ကြသည်။ ယင်းမှာ မည်းမှောင်နေသောဂူအတွင်းရှိနေခဲ့သော အဖြူရောင်သားဥလေးတစ်လုံးပင်။


တက်ခ်ဇက်တို့အမြင်တွင် ထိုဥလေးကအင်မတန်သေးငယ်လွန်းလှသည်။ ၎င်းတို့၏ကိုယ်မှာ ကြီးမားလွန်း၍ ကျဉ်းကျပ်သည့်ဂူလေးအတွင်းရှိဥမှာ သေးငယ်လွန်းနေခဲ့၏။ ဥအတွင်းရှိအကောင်ပေါက်လေးသည်လည်း ငယ်ရွယ်လွန်းလိမ့်မည်။ ၎င်းသည်ကား ငယ်ရွယ်၍သူတို့၏ကာကွယ်ပေးမှုကိုလိုအပ်ပေလိမ့်မည်။


တက်ခ်ဇက်တို့ ဂူအတွင်းပိုင်းသို့ဝင်ရောက်သွားပြီး ဥလေးကိုတွေ့ရရုံရှိသေးစဉ် အစွယ်များဖြင့် ရက်စက်ခက်ထန်သောသက်ရှိတစ်ကောင်ကဥလေးအနားသို့ ချဉ်းကပ်နေသည်ကိုမြင်လိုက်ရသည်။ ၎င်းသည်ကားအတော်အသင့်နီးကပ်နေပြီး ဥနှင့်တစ်မီတာ၊ နှစ်မီတာအကွာသို့ပင်ရောက်နေလေပြီ။


အနှီမြင်ကွင်းကြောင့် တက်ခ်ဇက်တို့သည် အကြမ်းဖက်တော့မည့်အခြေအနေကိုဆိုက်ရောက်သွားခဲ့သည်။ ၎င်းတို့၏လည်ချောင်းအတွင်းမှ ရှူးကနဲမြည်သံကိုထုတ်လိုက်ကြပြီး သက်ရှိက ဥကိုမထိနိုင်ခင် တုံ့ဆိုင်းနေခြင်းမရှိဘဲပြေးဝင်သွားကြလေသည်။ ဤဂြိုလ်ပေါ်မှ ကြမ်းတမ်းရက်စက်သော သက်ရှိများသည်ပင် အရွယ်ရောက်ပြီးသောတက်ခ်ဇက်များအပေါ် ခြိမ်းခြောက်သည့်ပုံစံမရှိပေ။ 


အဆင့်နိမ့်ဇက်များပင် အနှီဂြိုလ်မှအစာကွင်းဆက်၏ ထိပ်ဆုံးတွင်ရှိနေခဲ့ကြသည်။ ဥအနားသို့ကပ်ရန်ကြိုးစားနေသော ကြမ်းတမ်းရက်စက်သည့်သက်ရှိမှာ အမြန်ပင်နှစ်ခြမ်းဖြဲခံလိုက်ရပြီး တက်ခ်ဇက်တို့သည်လည်း ဥသေးသေးလေးအားဂရုတစိုက်ဖြင့်ဝန်းရံလိုက်ကြပေသည်။


ယင်းမှာဥလေးတစ်လုံးသာ။ အနှီဥလေးက အပြင်ဘက်လောကကိုမည်သည့် သတင်းစကားမျှမပေးပို့နိုင်သည့်တိုင် ဇက်တိုင်း၏စိတ်ဝိညာဉ်ချိတ်ဆက်မှုက ဖြတ်တောက်၍မရနိုင်ပေ။ သူတို့ ထိုအရာကိုမြင်လိုက်သည်နှင့် ဥအတွင်းမှသားပေါက်လေးက မည်မျှအဖိုးတန်ကြောင်းနားလည်သွားခဲ့ကြသည်။


"ရှူး..."


ဥလေးအားကြည့်နေရင်း ဤဂူထဲမှတက်ခ်ဇက်တို့အားလုံးသည် မျက်လုံးအိမ်များ ကျုံ့ဝင်သွားကြပြီး တရှူးရှူးအသံများထုတ်လိုက်ကြသည်။ အခြားအသံများနှင့်မတူဘဲ အလွန်ကိုမှသတိရှိနေကာ အဆိုပါ တိုးတိမ်လွန်းလှသည့်ရှူးဆိုသည့်အသံက သားပေါက်လေးအားကြောက်ရွံ့အောင်လုပ်မိမည်ကိုပင် စိုးရိမ်နေပုံရသည်။ စိတ်ဆန္ဒအလျောက်ကာကွယ်ပေးမှုက တက်ခ်ဇက်တို့ကို နေထိုင်ရန်ရွေးချယ်စေခဲ့သည်။ ၎င်းတို့သည် အနှီမည်းမှောင်နေသည့်ဂူကိုအသိုက်အဖြစ်အသုံးချကာဂူထဲတွင်တွေ့ခဲ့ရသော ဥလေးကိုစတင်စောင့်ရှောက်ခဲ့ကြသည်။ ဂူ၏တည်နေရာက တသီးတသန့်ဖြစ်နေကာ အဝင်ဝတစ်ခုတည်းကသာခံတပ်လုပ်ရန် ကောင်းသည့်နေရာဖြစ်နေသည်။


အခြေချလိုက်ကြပြီးသည်နှင့် တက်ခ်ဇက်တို့က ထွက်သွားရန်အစီအစဉ်မရှိကြတော့။ နေ့စဉ်နေ့တိုင်း ၎င်းတို့၏အစောင့်တာဝန်ကို အတည်တကျထမ်းရွက်နေကြလေတော့၏။ နေ့တိုင်း တူညီသောအရာတစ်ခုကိုသာထပ်ကျော့နေခဲ့သော်လည်း ဥကိုစောင့်ရှောက်ရသည့်တာဝန်က တက်ခ်ဇက်တို့ကို ငြီးငွေ့မသွားစေခဲ့ပေ။ ထိုအချိန်အတွင်း ဥကိုစောင့်ရှောက်နေသည့်အတွက် ၎င်းတို့သည် ပျော်ရွှင်မှုကိုပထမဆုံးအကြိမ် ခံစားကြရသည်။


အနှီပျော်ရွှင်မှုက တစ်ချက်တည်းဖြင့် ပပျောက်မသွားပေ။ ယင်းက ၎င်းတို့၏နှလုံးသားထဲတွင် အချိန်အတန်ကြာအောင်ရှိနေခဲ့သောကြောင့် တက်ခ်ဇက်တို့သည်လည်း ၎င်းကိုအချိန်ပြည့်ခံစားခဲ့ကြရသည်။


အလွန်အကျွံမခံစားတတ်သောဇက်တို့နှင့် အထူးသဖြင့် အသိဉာဏ်မရှိသောအဆင့်နိမ့်ဇက်တို့သည် ဥကိုစောင့်ရှောက်နေရစဉ်အတောအတွင်း ခံစားရမှုကိုနားမလည်ကြစေကာမူ ၎င်းတို့သည်လည်း ပျော်ရွှင်မိနေကြဆဲပင်။ 


ဥလေးကိုကြည့်လိုက်သည်နှင့် ၎င်းတို့၏ဒေါင်လိုက်မျက်လုံးအိမ်မှ အနည်းငယ်သောတောက်ပမှုဖြင့်တုံ့ပြန်လာကာ ၎င်းတို့၏တံတောင်ဖြင့်ဥလေးကိုမထိရဘဲမနေနိုင်ကြပေ။ ၎င်းတို့၏တံတောင်များက ထက်လွန်းနေသောကြောင့် ဥလေးကိုထိလိုက်သောအချိန်တွင် တက်ခ်ဇက်တို့သည် ယင်းတို့၏ချွန်ထက်သည့်အပိုင်းကို တမင်ရှောင်ရှားကြရှာ၏။


ဤသည်မှာ သူတို့တွေရှိခဲ့သောအကောင်ပေါက်လေးပင်။ ဤသည်က၎င်းတို့၏သားပေါက်လေးပင်။


ထိုအတွေးက သူတို့နှလုံးသားထဲတွင်ပေါ်လာသည်နှင့် တက်ခ်ဇက်တို့သည် ခံစားချက်အသစ်ကိုရလိုက်သည်။ သူတို့ဂရုစိုက်သော အကောင်ပေါက်လေးအတွက် မိဘတို့၏ချစ်ခြင်းမေတ္တာပင်။


ထိုခံစားချက်ဖြင့် တက်ခ်ဇက်တို့၏နှလုံးသားထဲမှပျော်ရွှင်မှုမှာ ဂူကိုစောင့်ရှောက်နေစဉ် ပိုရှင်းလင်းလာခဲ့သည်။ တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ်...


ဂြိုလ်၏ နွေဦး၊ နွေရာသီ၊ ဆောင်းဦးနှင့်ဆောင်းရာသီတွင်ဖြစ်စေ၊ မိုးနှင့်ဆီနှင်းများကဖြစ်စေ ၎င်းတို့ဂရုစိုက်သောသားပေါက်လေးအပေါ်သက်ရောက်နိုင်သည်။ ဂူထဲမှသားပေါက်လေးက ဥခွံကိုဖောက်ထွက်မလာသေးသည့်တိုင် ဥ၏အရွယ်အစားက တဖြည်းဖြည်းကြီးမားလာခဲ့ပြီး အဖြူရောင်ဥလေးဖြစ်လာခဲ့သည်။


ပုံမှန်အားဖြင့် ဇက်မျိုးနွယ်စု၏သားပေါက်ဥလေးများက ဤသို့အရွယ်အစားပြောင်းလဲမှုမျိုးမရှိတတ်ပေ။ ပုံမှန်မဟုတ်လျှင်ပင် ဇက်တို့ဂရုစိုက်ထားကြသော အဖြူရောင်ဥလေးက အတော်လေးကြီးထွားလာသည်က ကောင်းသည့်အရာပင်ဖြစ်သည်။ အကြောင်းသည်ကား အဖြူရောင်ဥကြီးက အဆိုပါဇက်တို့၏မျက်လုံးထဲတွင် ထိုမျှမကြီးသေးသောကြောင့်ပင်။ သည့်အပြင် ၎င်းတို့၏ကိုယ်က အနှီဥထက်ပင်အဆပေါင်း များစွာကြီးမားနေသေးသည်။ 


တိကျသောအရွယ်အစားတစ်ခုသို့ရောက်သည့်အခါ ဥကဆက်လက်ကြီးထွားလာခြင်းမရှိတော့ဘဲ တက်ခ်တို့စောင့်ကြပ်နေသော ဂူထဲတွင်ငြိမ်သက်စွာရှိနေခဲ့သည်။ သူတို့ရဲ့အကောင်ပေါက်လေးက ဘယ်တော့ ဥထဲကပေါက်လာမလဲ?


အနှီချောင်ကျနေသောဂူထဲတွင် ဥလေးအားတွေ့လိုက်ရချိန်မှစပြီး တက်ခ်ဇက်တို့သည် ဥထဲမှထွက်မလာသေးသော ပေါက်ကာစအကောင်ပေါက်လေးကို စောင့်မျှော်ခဲ့ကြရှာသည်။ သူတို့ ဥလေးကိုကောင်းကောင်းစောင့်ရှောက်မှဖြစ်မည်။ ဥလေးက အထိခိုက်မခံနိုင်လေရာ အကောင်ပေါက်လေးလည်း ကျန်းမာနေမှဖြစ်မည်။ 


တက်ခ်ဇက်တို့သည် ၎င်းတို့၏အကောင်ပေါက်လေး ဥခွံထဲ ထွက်လာမည့်အချိန်ကိုစောင့်မျှော်နေခဲ့ကြပြီး နေ့စဉ်ရက်ဆက်စောင့်မျှော်ခဲ့ကြသည်။ နှစ်များစွာစောင့်စားနေခဲ့ကြရပြီးနောက် ဥလေးကမလှုပ်ရှားလာသေးသည်ကိုကြည့်ကာ နောက်ဆုံးတွင် တက်ခ်ဇက်တို့က တစုံတရာကိုနားလည်သွားခဲ့ကြ၏။


၎င်းတို့၏တွေးပုံတွေးနည်းက ပြောင်းလဲလာသည်။ ဘာလို့သားပေါက်လေးကမပေါက်လာချင်တာလဲ?


အသိဉာဏ်မရှိကြသော အဆင့်နိမ့်ဇက်များသည်ကား အနှီမေးခွန်း၏အဖြေကိုစဉ်းစားရန်အင်မတန်ခက်ခဲကြရပေမည်။ သို့သော် ထိုကိစ္စက ၎င်းတို့၏အကောင်ပေါက်လေးနှင့်ပတ်သတ်နေ၍ အပင်ပန်းခံတွေးတောကြရှာသည်။ ဤဂြိုလ်ကအကျည်းတန်လွန်းသောကြောင့် အကောင်ပေါက်လေးက ဤသို့သောဂြိုလ်နေရာတွင်မပေါက်လာချင်၍များလား။


တက်ခ်ဇက်တို့သည် နေထိုင်ရာပတ်ဝန်းကျင်ကိုဂရုမစိုက်ကြသော်ငြားနေထိုင်ရာနေရာ၏ အဆင့်အတန်းကိုမခွဲခြားတတ်ကြခြင်းမျိုးမဟုတ်။ ၎င်းတို့နေထိုင်ရာပတ်ဝန်းကျင်က စုတ်ပြတ်နုံချာလွန်းနေသည်။ ဉာဏ်ရည်နိမ့် တက်ခ်ဇက်များပင် ထိုအကြောင်းကိုသိရှိကြ၏။ သူတို့ဘာများလုပ်နိုင်ကြမည်နည်း။ ဘယ်လိုလုပ် သူတို့၏အကောင်ပေါက်လေးကပေါက်လာချင်မည်နည်း။


ထိူပြဿနာက ထိုနေ့မတိုင်ခင်အထိ တက်ခ်ဇက်တို့ကိုခြောက်လှန့်နေခဲ့သည်၊ ထိုနေ့၌ တက်ခ်ဇက်တို့က ဂူအပြင်ထွက်၍အမဲလိုက်ပြီးပြန်လာကြသည့်အချိန်။ အမဲများအပြင် အပြင်ဘက်၌တွေ့ခဲ့ရသောပန်းအချို့ကိုလည်းခူးလာခဲ့ကြသည်။ ယင်းပန်းလေးများအား ဥလေးနံဘေး

တွင်ချထားလိုက်ကြ၏။ ပန်းကိုချလိုက်ပြီးသည်နှင့် တက်ခ်ဇက်တို့သည် တံတောင်များကိုမြှောက်ကာ ဥလေးကိုထိလိုက်ကြသည်။ သားပေါက်လေးအားနှစ်သိမ့်ပေးနေသယောင်ပင်။ ခံစားချက်များကိုနားလည်နိုင်ကြသည့် မည်သူမဆို တက်ခ်ဇက်တို့၏လှုပ်ရှားမှုတိုင်းက အလွန်ညင်သာနေသည်ကိုတွေ့နိုင်လိမ့်မည်။ 


ဂြိုလ်တစ်ခုလုံးက ကောင်းမွန်မနေသော်ငြား သူတို့အပြင်ဘက်တွင်ကြည့်ကောင်းသည့်အရာတစ်ခုကိုရှာတွေ့ခဲ့ပြီး အကောင်ပေါက်လေးမြင်တွေ့ရလျှင် ပေါက်ချင်လာစေရန် ပြန်ယူလာခဲ့ကြသည်။ ဂူကလုံးဝလုံခြုံမှန်းသေချာသွားသည့်အခါ နေ့တိုင်း အချို့ဇက်တို့သည် ရှာတွေ့ရန်မလွယ်သည့် ပန်းဆိုသောအရာကိုခူးလာခဲ့ကြသည်။


သူတို့နွေဦးတွင်တွေ့ခဲ့ကြသည်။


သူတို့ နွေရာသီတွင်တွေ့ခဲ့ကြသည်။


သူတို့သည် ယင်းကို ​ဆောင်းဦးတွင်လည်းတွေ့ခဲ့ကြသည်။


ဆောင်းရာသီတွင် သူတို့ပန်းကို လိုက်ရှာခဲ့ကြသေးသော်လည်း မတွေ့ခဲ့ရပေ။


ဤဂြိုလ်၏ဆောင်းရာသီသည်ကား ကြမ်းတမ်းအေးစိမ့်လွန်းသည်။ ၎င်းတို့တွင် အားကောင်းသောအသက်ဓာတ်ရှိလျှင်ပင်


ဤဂြိုလ်ပေါ်တွင်ပေါက်လာသောပန်းများက ဆောင်းရာသီတွင်ပျောက်ကွယ်သွားလုနီးပါးဖြစ်နေပြီး နောက်ထပ်နွေဦးမရောက်မချင်း ထပ်မံပွင့်လာမည်မဟုတ်ပေ။


ဤဂြိုလ်​ပေါ်တွင် ဆောင်းရာသီရောက်လျှင် မည်သည့်ပန်းမှပွင့်နိုင်မည်မဟုတ်...


ဆောင်းရာသီတွင်ပွင့်သည့်ပန်းကို အကောင်ပေါက်လေးကမြင်ခွင့်ရမည်မဟုတ်ပေ။ တက်ခ်ဇက်တို့အတွက်မူ လွန်ခဲ့သောရာသီသုံးခုအတွင်း စုဆောင်းထားခဲ့သည့်ပန်းများ​ကြောင့် ပြဿနာအသစ်တစ်ခုတိုးလာခဲ့လေ၏။ သူတို့အခြေစိုက်ရာနေရာနှင့်တဝိုက်တွင် ပန်းများမရှိခဲ့ပါက ခပ်ဝေးဝေးတွင်သွားရှာနိုင်သည်။ ထိုအတွေးကြောင့် အချို့ဇက်တို့သည် အပြင်ထွက်ရှာဖွေရန်တာဝန်ယူလိုက်ကြသည်။


တက်ခ်ဇက်တို့သည် အခြေစိုက်နေရာမှထွက်ခွာကြပြီး ရေခဲပမာ အေးစက်သောလေအကြားတွင် ရက်ပေါင်းများစွာခရီးနှင်ခဲ့ကြပြီးမှ သူတို့ရှာနေသည့်အရာကို အေးခဲနေသည့်ရေကန်အစွန်းမှ အငူလေးပေါ်တွင်တွေ့လိုက်ကြရသည်။ ပန်းလေးအားခူးယူပြီး မညိုးနွမ်းသွားခင် ဂူထဲသို့ပြန်ယူလာခဲ့ကြ၏။


"ရှူး...ရှူး..."


ဆောင်းရာသီတွင်တွေ့ခဲ့ရသည့်ပန်းဖြင့် ဂူထဲမှတက်ခ်ဇက်တို့သည် ရှူးကနဲအသံကိုခပ်တိုးတိုးပြုခဲ့ကြသည်။ ပန်းများကိုလေးရာသီအတွင်းတွေ့ခဲ့ကြရပြီ။ အခု အကောင်ပေါက်လေးက ထွက်လာချင်လောက်မလား?


တက်ခ်ဇက်တို့မှာ လှမ်းကြည့်လိုက်ကြသော်လည်း ဥသည်ကားမလှုပ်မယှက်ပင်။ အကောင်ပေါက်လေးသည်ကား ပေါက်ဖွားလာရန် တွန့်ဆုတ်နေသေးပုံရသည်။ အနှီသိရှိလိုက်ရမှုကြောင့် တက်ခ်ဇက်တို့ကစိတ်ဓာတ်ကျသွားသော်လည်း အကောင်ပေါက်လေးအားဂရုစိုက်နေကြဆဲပင်။ တစုံတခုကပျောက်ဆုံးနေသယောင်ပင်...


တက်ခ်ဇက်တို့က ပျောက်နေသည့်အရာကိုမသိကြသော်လည်း ဥကိုစိတ်နှစ်၍ဂရုစိုက်နေကြဆဲပင်၊ အကောင်ပေါက်လေးက တနေ့တွင်ပေါက်ဖွားလာရန်ဆန္ဒရှိလာလိမ့်မည်။ ထိုသို့စဉ်းစားပြီး တက်ခ်ဇက်တို့ကဆက်လက်စောင့်ကြပြန်သည်။ သူတို့ထပ်မ​စောင့်လာနိုင်တော့သည့်နေ့အထိ နှစ်များစွာစောင့်ဆိုင်းခဲ့ကြသည်။


အတွေးများအားလုံးနှင့်အသိတရားများက မူလအမှောင်ထုထဲသို့ပြန်ရောက်လာခဲ့သည်။ အနှီအေးစက်မှောင်မိုက်မှုအတွင်း သူတို့မည်သည့်အရာကိုမျှ မမြင်တွေ့နိုင်ခဲ့ကြပေ။


_________


"ကာရု.."


"ကာရု...?"


ကုဟွိုက်က သူ့အရှေ့မှတက်ခ်ဇက်၏ ချွန်ထက်နေသောတံတောင်ကို ခပ်ဖွဖွပုတ်လိုက်၏။ အနားမှ တက်ခ်ဇက်များကချက်ချင်းဆိုသလို သူ့အားဝိုင်းကြည့်လာ၍ ကုဟွိုက် မျက်တောင်ခတ်လိုက်မိသည်။ တက်ခ်ဇက်တို့၏ ထိုသို့သောအကြည့်မျိုးကမြင်တွေ့ရခဲယဉ်း၍ ကုဟွိုက် သူ့အနားမှတစ်ယောက်ကိုလှမ်းမေးလိုက်သည်။


"ဘာဖြစ်နေကြတာလဲ..."


တက်ခ်ဇက်တို့သည် ကုဟွိုက်၏အသံကိုကြားပြီး ၎င်းတို့၏မျက်လုံးများကိုဖြည်းဖြည်းချင်းကျုံ့လိုက်ကြသည်။ အိပ်မက်ဆိုးဖြစ်ခဲ့ပုံရ၏...


သို့သော်လည်း သူတို့အရှေ့မှအရာက အစစ်အမှန်ဖြစ်သည်။


"အင်း..."


ကုဟွိုက်ကို တက်ခ်ဇက်တစ်ယောက်ကချီပြီး ပုခုံးပေါ်တင်လိုက်သည်။


သူသည်ထိုကဲ့သို့ အချီခံလိုက်ရသော်ငြား ကုဟွိုက်မှာလှုပ်ရှားရန်အသင့်မဖြစ်သေးပေ။ သူတွေးကြည့်ပြီးနောက်ပြုံးလိုက်လေသည်။


"ငါတို့လမ်းလျှောက်ထွက်ရအောင်...ဥယျာဉ်ဆောက်တာဘယ်လောက်အထိပြီးပြီလဲဆိုတာ သွားကြည့်ကြမယ်.."


ကုဟွိုက်အနားမှ တက်ခ်ဇက်တို့သည် ရှူးကနဲအသံကိုခပ်တိုးတိုးလုပ်လိုက်ကြပြီး ကုဟွိုက်သဘောအတိုင်း အနောက်မှလိုက်လာကြကာ မြို့ထဲတွင်ဆောက်နေသောဥယျာဉ်၏ လုပ်ငန်းခွင်ရှိရာသို့ဦးတည်လိုက်ကြသည်။ အရှေ့သို့ခြေလှမ်းလိုက်သည်နှင့် တက်ခ်ဇက်တို့၏သွေးနီရောင်မျက်လုံးများ တောက်ပလာကြသည်။


သူတို့ အလွန်ပျော်နေကြသည်။ အလွန့်အလွန်ကို ပျော်နေခဲ့ကြပေသည်။


သူတို့ကလေးလေးသည်ကား ဤလောကကြီးထဲတွင်မွေးဖွားကြီးပြင်းလာခဲ့လေပြီ။