အခန်း၉၅
Viewers 11k

Chapter 95

Chapter 95

Extra 2 -အာရွန်နှင့်ကာ့ပါးလီယာ


ကြယ်တာရာကွန်ယက်။


ချစ်ခြင်းဒိုင်ယာရီဖိုရမ် - မစ်ရှယ်လန်နီယပ်စ် ဆက်ရှင်


ပင်မပို့စ်: မင်းသဘောကျနေတဲ့လူကို သတိထားမိအောင်ဘယ်လိုလုပ်မလဲ?


ထိပ်ဆုံးမှတ်ချက်များ:


ငါသဘောကျတဲ့သူ- A ဟုထားပါ။


A မှာ သူမသိပ်ဂရုစိုက်ရတဲ့လူတစ်ယောက်ရှိတယ် - B ဟုထားပါ။


A က B အနောက်ကိုလိုက်နေတတ်ပြီး B ကိုပဲဂရုစိုက်နေတယ်။ ဒီအခြေအနေမှာ A ရဲ့အတန်ရှင်ကိုဘယ်လိုယူမလဲ။


1L:


A နဲ့ B ကဘယ်လိုဆက်ဆံရေးရှိတာလဲ? သူတို့က မောင်နှမတွေလား ဒါမှမဟုတ် ကလေးချင်းရင်းနှီးကြတဲ့ဆက်ဆံရေးလား?


2L (မူလပို့စ်ပိုင်ရှင်) :


တစ်ခုမှမဟုတ်ဘူး။


3L: 


ဒါဆိုသူငယ်ချင်းတွေပေါ့။


ညီအစ်ကိုရေ။ ဒီရက်ထဲမှာ မင်းမိန်းကလေးတစ်ယောက်အနောက် လိုက်နေတာဆိုရင် ပေါ်တင်တော့လိုက်လို့မရဘူး။ မင်း သူနဲ့နီးစပ်တဲ့သူငယ်ချင်းတွေနဲ့ ပေါင်းထားဖို့လိုတယ်။ တစ်ခါသိသွားကြပြီဆိုရင် သူတို့ကမင်းသူ့နောက်ကိုလိုက်တဲ့အချိန်မှာ အသုံးဝင်တာတွေပြောပြလိမ့်မယ်။


4L: 


မူလပို့စ်ပိုင်ရှင်ရေ၊ A နဲ့ B ရဲ့ဆက်ဆံရေးက အရင်တည်းကကောင်းတယ်ဆိုရင် မင်းဝင်မပါတာကောင်းလိမ့်မယ်။


ငါအကြံပေးတာကိုနားထောင်။ B နဲ့မငြင်းနေနဲ့။ မိန်းကလေးတစ်ယောက်အနောက်ကိုလိုက်တဲ့အခါ သူ့အနားကသူငယ်ချင်းတွေကိုအကူအညီသွားတောင်းတာက သေလမ်းရှာတာပဲ! သာမန်အခက်အခဲလေးက အိပ်မက်ဆိုးကြီးဖြစ်သွားမယ်၊ မင်းမကြောက်ရင်တော့ လုပ်ပေါ့ကွာ?


ဖိုရမ်မှ အဆိုပါမက်ဆေ့ချ်များကိုကြည့်ရင်း အာရွန် မျက်မှောင်ကြုတ်ကာ ပုံရိပ်ယောင်မျက်နှာပြင်ပေါ်တွင် စာပြန်ရိုက်လိုက်သည်။


5L: (မူလပို့စ်ပိုင်ရှင်) :


ဟင့်အင်း၊ ကိစ္စမရှိပါဘူး၊ B ကလည်းယောကျ်ားလေးပဲလေ။


6L: 


ဟမ်...သာမန်ယောကျ်ားလေးသူငယ်ချင်းလား? ဒီတော့....


7L: (မူလပို့စ်ပိုင်ရှင်) :


သာမန် ယောကျ်ားလေးသူငယ်ချင်းမဟုတ်ဘူး။ သူတို့ကသူငယ်ချင်းတွေမဟုတ်ဘူး။ B က A အတွက် အရေးအကြီးဆုံးပဲ။ အစတည်းက ငါပြောခဲ့တယ်လေ။


8L: 


......


9L:


ငါမဖြေတတ်တော့ဘူး။


10L:


ငါလည်းမဖြေတတ်တော့ဘူး။


11L: သူတို့ကမိသားစုလည်းမဟုတ်ဘူး ပြီးတော့ သာမန်ယောကျ်ားလေးသူငယ်ချင်းတွေလည်းမဟုတ်ဘူး။ B က A အတွက် အရေးအကြီးဆုံးဆိုရင်...ညီအစ်ကို၊ မင်းကငါတို့ကို မင်းကမှ သုံးဘီးပါလို့ ပြောနေတာလား?


12L: 


ဒါမှမဟုတ် A နဲ့ B က အတူမနေရသေးဘူး၊ ပြီးတော့ သူကဦးထုပ်စိမ်းဆောင်းချင်နေတာ။


ကမ္ဘာပေါ်တွင် ခဏတဖြုတ်နေခဲ့ရသောကြောင့် အာရွန်သည် 'သုံးဘီး' နှင့် 'ဦးထုပ်စိမ်းဆောင်းသည်' ဆိုသောစကားလုံးများကိုနားလည်နိုင်နေပြီ။


[မင်းရဲ့စိတ်ကူးယဉ်မှုနဲ့ အစစ်အမှန်ကြားမှာ ဖောက်လွဲဖောက်ပြန်ဖြစ်တာက စံနှုန်းကိုကျော်လွန်နေပြီ]


အာရွန် မျက်နှာသေဖြင့် စာပြန်လိုက်ပြီး သူ၏ကွန်ပျုတာကို ပိတ်ပစ်လိုက်သည်။ အနှီချစ်ခြင်းဖိုရမ်မှ သူအသုံးဝင်မည့်အရာ တစ်ခုမျှရှာမတွေ့ခဲ့ချေ။


သူ၏အကျင့်စရိုက်အတိုင်းဆိုပါက ရေရှည်တွင်အဆင်ပြေနိုင်မည်မဟုတ်၊ အာရွန်တွင် သူငယ်ချင်းအချို့ရှိသည်။ သူ့အား အချစ်ရေးတွင်အကြံပေးခဲ့သော သူငယ်ချင်းတစ်ယောက်ကသာ တကြိမ်တည်းဖြင့် အကွက်တကျနှောင့်ယှက်ခဲ့ဖူးလေ၏။ သို့သော် သူ၏သူငယ်ချင်းဖြစ်စေ ၊ အွန်လိုင်းမှ စိတ်ခံစားချက်များသည့်ဖိုရမ်များပင်ဖြစ်စေ အာရွန်ကိုအသုံးဝင်မည့်အကြံဉာဏ်များ မပေးနိုင်ခဲ့။ 


သူ၏တစ်ဦးတည်းသော သူငယ်ချင်းမသိသည်မှာ အာရွန်က သူသဘောကျသောလူတစ်ယောက်နောက်သို့ နှစ်ပေါင်းများစွာလိုက်နေပြီးသည့်နောက် သူ၏ချစ်ရေးချစ်ရာနည်းလမ်းများကို သံသယဝင်နေဆဲဖြစ်နေခဲ့သည်ကိုပင်။ ထိုလူသာ သိသွားခဲ့ပါက အရယ်လွန်ပြီးသေသွားနိုင်သည်။ ထိုသူက အရယ်သန်တတ်သည့်သူဖြစ်နေသည်လေ။


သို့ထိတိုင် အာရွန်သည် ဤစိတ်အနှောင့်အယှက်ဖြစ်မှုကို ပုံမှန်ဟုသာခံစားရသည်။ ကာ့ပါးလီယာက သူ့အပေါ်အမြဲအေးစက်နေတတ်သည်ပင်။ သူမည်သည့်နည်းလမ်းပင်သုံးပါစေ၊ အလုပ်မဖြစ်ပေ။ သူ့အတွက်စိတ်ညစ်ရသည်မှာ ပုံမှန်လိုပင်ဖြစ်နေလေပြီ။ ယနေ့သည်ကား အချစ်အတွက်ဗျာများရသော နေ့တစ်နေ့ဖြစ်ခဲ့ပါ၏။


အာရွန်သည် နောက်ထပ်အကွက်ရွေ့ရန် သူ့ဦးနှောက်ကို

လုံးချာလည်နေစဥ် နေ့လည်ခင်းတွင် ကုဟွိုက်သည် ခြံဝန်းထဲ၌ လက်ဘက်ရည်သောက်နေလေသည်။


စားပွဲ၊ ထိုင်ခုံနှင့် ထိီးကြီးက တစ်နေရာတွင်ရှိနေလေသည်။ ကုဟွိုက်သည် ဖုန်တစ်စပင်ကပ်မနေသောထိုင်ခုံအဖြူရောင်ပေါ်တွင်ထိုင်နေပြီး ကြီးကြပ်ရေးမှူးပြင်ပေးသည့် လက်ဘက်ရည်ကို လေညှင်းခံရင်းသောက်နေလေ၏။ စားပွဲပေါ်တွင် ပျော့အိသောအချိုပွဲအမျိုးမျိုးလည်း ပြင်ထားပေးသည်။ 


ကြွယ်ဝပြည့်စုံသော ရွှေခေတ်သို့ရောက်ရှိလာခဲ့ပြီး ကြယ်တာရာဂိတ်မှရန်သူများဖြတ်ကျော်လာမှုကို ဟန့်တားနိုင်လိုက်ပြီးနောက် ကုဟွိုက်၏ဘဝက ပိုပြီးအလုပ်နည်းလာခဲ့သည်။ ဇက်မျိုးနွယ်စုတွင် နိုင်ငံရေးအရနှင့် စီးပွားရေးအရ လုပ်ဆောင်ရန်လိုအပ်သည့်အရာအများအပြားရှိသည်။


တူဆာ၏ ထိပ်ပိုင်းကောင်စီတွင် သာမန်ဆောင်ရွက်ရန်ကိစ္စများအတွက် တာဝန်ရှိပြီး အခြေခံအားဖြင့် ဒုက္ခရောက်စေမည့်ဖြစ်နိုင်ချေမျိုးမရှိပေ။ ထို့ကြောင့် ကုဟွိုက်မှာ လုပ်စရာဘာမျှမရှိ။ အများဆုံးမှာ အရေးကြီးစာရွက်စာတမ်းများကိုလက်မှတ်ထိုးရရုံသာရှိသည်။


အလုပ်များကို ထိပ်ပိုင်းကောင်စီတွင် ပစ်ထားလိုက်ပြီး ကုဟွိုက်တစ်ယောက်တည်းသာအားယားနေသည်မဟုတ်။ စစ်တပ်လေးတပ်၏ခေါင်းဆောင်များသည်လည်း အချိန်ဖြုန်းနေခဲ့ကြသည်။ သူတို့တွင်အလုပ်အကိုင်မရှိဖြစ်နေပြီး စစ်ဌာနသို့လည်းသွားစရာမလိုသောကြောင့် ပုံမှန်အားဖြင့် ကုဟွိုက်အနားတွင် ရှိနေတတ်ကြ၏။


"ဘလက်တီးကအေးစက်နေပြီ၊ ဒီခွက်ထဲကနေမသောက်ပါနဲ့တော့၊ အရှင့်အတွက်အသစ်တစ်အိုးကျိုပေးပါ့မယ်...."


ကာ့ပါးလီယာက ကုဟွိုက် ခွက်ကိုမြှောက်နေသည်ကိုတားလိုက်သည်။ ကာ့ပါးလီယာသည် ဂရုတစိုက်ဖြင့် ကုဟွိုက်၏ခန္ဓာကိုယ်နှင့်ပတ်သတ်သောမည်သည့်စကားမှမပြောမိစေရန် သတိထားနေသည်။


"အင်း.."


ကုဟွိုက် ခေါင်းညိတ်ပြလိုက်၏။


ကာ့ပါးလီယာသည် လက်ဘက်ရည်အိုးနှင့်အိမ်ထဲဝင်သွားပြီး ပြန်ထွက်လာခဲ့သည်။ ကုဟွိုက်က ကာ့ပါးလီယာမှသူ့အား ခွက်ထဲသို့ဘလက်တီးထည့်ပေးနေသည်ကိုကြည့်နေပြီးနောက် သူ့အားကြည့်လာခဲ့သည်။ ကာ့ပါးလီယာ၏ အမူအရာက အင်မတန်မှအေးစက်နေခဲ့သည်။ အလ်ဗ်နှင့်ယှဉ်ကြည့်လျှင် ကွာခြားမှုမရှိပေ။ ကုဟွိုက်က သူ့မျက်လုံး

ကိုညာဘက်သို့ရွှေ့လိုက်ကာ မကွဲပြားသည့်လူနှစ်ယောက်ကိုဖျတ်ကနဲကြည့်လိုက်ပြီး ကူကယ်ရာမဲ့သွားရလေ၏။


ကုဟွိုက် အခြားသူများကိုပြောလိုက်သည်။


"ငါကာ့ပါးလီယာနဲ့သီးသန့်စကားပြောစရာရှိတယ်၊ ခဏလောက်ရှောင်ပေးကြ၊ ဆယ်မိနစ်ဆိုရင်ရပြီ.."


စီမိုဒိုနှင့်အိုင်းယီက မေးခွန်းပြန်မထုတ်ကြပေ။ အလ်ဗ်တစ်ယောက်တည်းကသာ ကုဟွိုက်ကိုကြည့်နေပြီး ချက်ချင်းမလှုပ်ရှားသေး။ ကုဟွိုက်အံ့အားသင့်သွားသည့်အမူအရာမရှိဘဲ အလ်ဗ်၏အနောက်မှငွေမှင်ရောင်အမြှီးကိုကိုင်ရန်လက်လှမ်းလိုက်ကာ ဤလူကိုမျက်တောင်ခတ်ပြလိုက်သည်။


"...."


အလ်ဗ်က သူ့အမြှီးကိုသာသာလေးယမ်းလိုက်ကာ အခြားသူများနှင့်အတူအိမ်ထဲသို့ အသံမထွက်ဘဲ ဝင်သွားခဲ့သည်။ ကြောင်ကြီးသည်ကား ပြောရလွယ်နေဆဲပင်။


သူနှင့်ကာ့ပါးလီယာတို့သာ ခြံဝန်းထဲတွင်ကျန်ခဲ့သည်တွင် ကုဟွိုက်က စားပွဲပေါ်မှခွက်ကိုကိုင်ကာ မြှောက်လိုက်သည်။


"Luna.. အာရွန်ကိုမကျေနပ်တာရှိနေတာလား..."


ကုဟွိုက် မျက်လုံးလှန်ကာ ကာ့ပါးလီယာကိုကြည့်ပြီး လက်ဘက်ရည်သောက်လိုက်သည်။ ကာ့ပါးလီယာမှာ ကုဟွိုက်ကသူမကို ဤသို့သောမေးခွန်းမျိုးမေးလာလိမ့်မည်ဟုမထင်ထားခဲ့သော်ငြား မျက်နှာထားမပြောင်းဘဲ ပို၍ပင်အေးစက်လာသေးသည်။


ကာ့ပါးလီယာက ပြန်ဖြေလိုက်သည်။


"သူကဇက်တွေအတွက်အသုံးဝင်ပါတယ်..."


ကုဟွိုက်မှာ သီးသွားရ၏။


"အမ်...ဘာ..?"


ကာ့ပါးလီယာသည်ကား အမူအရာကင်းမဲ့နေဆဲ။ 


"သူကစိတ်ရှုပ်ဖို့ကောင်းတယ်..."


ထိုအဖြေက မှားဖြေခြင်းမျိုးမဟုတ်။ ကာ့ပါးလီယာက ကုဟွိုက်ကိုမလိမ်ညာခဲ့ဖူးပေ။


"အဟွတ်...အဟွတ်..."


ဤတခေါက်တွင် ကုဟွိုက် တကယ်ကိုချောင်းဆိုးသွားခဲ့ရပြီ။


ယင်းကိုမြင်တွေ့ပြီး ကာ့ပါးလီယာက ချက်ချင်းပင် ရှေ့တိုးလာလေသည်။


"အရှင်.."


ကုဟွိုက်မှာ မတော်တဆ တံတွေးသီးမှုကြောင့် ချောင်းဆိုးရာမှ ပြန်သက်သာလာသည်။ သူလက်ဘက်ရည်ခွက်ကိုပြန်ချလိုက်ကာ သူ့အတွေးကိုထုတ်မေးလိုက်သည်။


"မင်းကသူ့ကိုစိတ်ရှုပ်စရာကောင်းတယ်လို့တွေးတယ် ဒါပေမဲ့ သူ့ကိုမောင်းမထုတ်ဘူး၊ ဘာလို့လဲ.."


ကာ့ပါးလီယာ စက္ကန့်အတန်ကြာအောင် နှုတ်ဆိတ်သွားခဲ့သည်။ ခဏအကြာမှ သူမ တွန့်ဆုတ်ဆုတ်ဖြင့်ဖြေလာ၏။


"ဘာလို့လဲဆိုတော့..ကျွန်မမေ့သွားပြီ.."


သူမ လူများကိုမောင်းထုတ်နေမိသည့်အကြောင်းကိုမေ့သွားခဲ့လေပြီ။


ကုဟွိုက်မှာ အတော်လေးကို အကူအညီမဲ့နေရပေ၏။


"မေ့သွားတာတော့မဖြစ်နိုင်ဘူး၊ ဘာလို့လဲဆိုတော့ မင်းမှာ နဂိုတည်းက အဲဒီလိုစိတ်ကူးမျိုးမရှိခဲ့လို့လေ..."


"ကျွန်မမသိဘူး..."


ကာ့ပါးလီယာက အမြဲ ကုဟွိုက်အပေါ်ရိုးသားခဲ့သည်။ ကုဟွိုက် ထိုအဖြေကိုကြားရသည့်အခါ မတတ်နိုင်တော့ဘဲ အာရွန်အတွက် စိတ်ထဲမှနေကာ သက်ပြင်းချလိုက်မိတော့၏။


နားမလည်နိုင်စရာပင်။ အလွန်အမင်းကိုနားမလည်နိုင်ဖွယ်ဖြစ်နေသည်။ ဇက်တို့တွင် စိတ်ခံစားချက်ဟူသည်မရှိ။ ဇက်တို့အား အားကောင်းသော ခံစားမှုမျိုးရှိစေချင်လျှင်ပင် မလွယ်ပေ။ အလ်ဗ်ကဲ့သို့ပင် ကာ့ပါးလီယာသည်လည်း ဇက်တို့အကြားတွင် အအေးစက်ဆုံးဖြစ်ခဲ့သည်။

ကာ့ပါးလီယာတွင် သာမန်ဇက်တို့ထက် စိတ်မဝင်စားမှုမရှိရုံသာမကငြီးငွေ့လွယ်တတ်သေးသည်။


ကုဟွိုက်ဘက်မှအမြင်မှာမူ အလ်ဗ်က ဘာကိုမှနားမလည်သော်လည်း အနှီသူက တည့်တိုးသမား။ ထိုအချိန်တွင် ကာ့ပါးလီယာကမူ တုံဏှိဘာဝေဖြစ်နေတတ်သည်။ လူတစ်ယောက်က သူမအပေါ် ရာနှုန်းပြည့်စိတ်ဝင်စားနေလျှင်ပင် သူမက တစ်ရာခိုင်နှုန်းမျှပင် ပေးရန်လိုမည်မဟုတ်။ အကြောင်းမှာ သူမထံတွင် ထိုသို့သော ခံစားမှုမျိုးလုံးဝမရှိနေ၍ဖြစ်သည်။ 


သို့သော်ငြား ဤနေရာတွင် အာရွန်က ကာ့ပါးလီယာအပေါ် အတော်လေးစိတ်ဝင်စားနေမှန်း ကုဟွိုက်သိနေသည်။ အနှီသူက ကာ့ပါးလီယာ စိတ်မရှည်တော့ဘဲ သူ့ခေါင်းကိုမဖြတ်မချင်း နှစ်များစွာလိုက်နေသေးသည်က အကောင်းဆုံးသက်သေပင်။ အချိန်ကိုပြန်ကြည့်လျှင် အာရွန် သူမအနောက်သို့လိုက်နေသည်မှာ ဆယ်နှစ်နီးပါးပင်ရှိတော့

မည်။ 


ကာ့ပါးလီယာက ဗြုန်းစားကြီးငြင်းဆိုလာပေသည်။


"ကျွန်မသူ့ကိုမမုန်းပါဘူး.."


ကုဟွိုက်သည် သူမကို အာရွန်အားမမုန်းသင့်ကြောင်း အစောတည်းကပြောထားခဲ့ဖူးသည်။ ကာ့ပါးလီယာမှာ ထိုအချိန်ကမသိခဲ့သော်လည်း ယခုမူ သူမကရှင်းလင်းသည့်အဖြေကိုပေးလာခဲ့သည်။ အဆိုပါစကားက ကုဟွိုက်ကို တဒင်္ဂခန့်တုံ့ဆိုင်းသွားစေခဲ့သည်။ ထို့နောက် ကာ့ပါးလီယာကထပ်ပေါင်းပြောလာလေသည်။


"သူကစိတ်ရှုပ်စရာကောင်းပေမဲ့ စိတ်ရှုပ်ဖို့ကောင်းတာလည်းမဟုတ်ပြန်ဘူး..."


၎င်းကို 'အင်မတန်စိတ်ရှုပ်စရာကောင်းသည်' ဟုဖော်ပြရန်ခက်နေ၍ကာ့ပါးလီယာမှာ မှုန်ကုပ်ကုပ်ဖြစ်နေလေသည်။ ထိုလူက သူမနောက်သို့လိုက်သည့်အခါတိုင်း ခွေးပေါက်လေးတစ်ကောင်ကဲ့သို့ဖြစ်နေတတ်သည်။ ခွေးပေါက်လေးအတိုင်း...အလွန်ကိုကပ်တွယ်နေတတ်သည်။


ကုဟွိုက်က ထိုအကြောင်းကိုတွေးတောလိုက်သည်။


"လူတစ်ယောက်ကမင်းကို စိတ်ရှုပ်အောင်လုပ်လာရင် မင်းဒီလိုပဲလား.."


ထိုမေးခွန်းက ကာ့ပါးလီယာကို ပို၍ပင်မျက်မှောင်ကြုတ်သွားစေသည်။


"ဟင့်အင်း..."


ကာ့ပါးလီယာက အခြားတစ်ယောက်ကိုစိတ်ကူးယဉ်ကြည့်သည်၊ ၎င်းတို့က သူမအနောက်သို့လိုက်ရဲကြမည်မဟုတ်ပေ။


"မင်းဘာလို့ အာရွန်ကိုမမုန်းတာလဲ..."


ကုဟွိုက်က ပြုံးတုံ့တုံ့ဖြင့်မေးလိုက်လေ၏။


ကာ့ပါးလီယာသည် စဉ်းစားနေပြီးမှပြန်ဖြေလာသည်။


"ကျွန်မသူ့ကိုအရင်ကတခါကယ်ခဲ့ဖူးတယ်..သူမှမဟုတ်ပါဘူး..သူ့ရန်သူတွေကလည်းကျွန်မရန်သူပဲလေ..ကျွန်မကယ်ခဲ့တဲ့သူကို အားကုန်ခံပြီးမသတ်ချင်ပါဘူး..."


ယင်းသည်ကား ကနဦးအစပင်။ ထို့ကြောင့်ပင် ကာ့ပါးလီယာက သူမအနောက်သို့လိုက်လာသည့်အရှုပ်ထုပ်ကို ဘာမျှမလုပ်ခြင်းပင်ဖြစ်လိမ့်မည်။


ကုဟွိုက်က ကာ့ပါးလီယာပြောသည်ကို

နားလည်၍ခေါင်းညိတ်ပြလိုက်သည်။


"ကျွန်မဒီတိုင်းလွှတ်ပေးထားလိုက်တော့လည်း နောက်ကျတော့ ဘာမှမဟုတ်တော့သလိုပါပဲ.."


ယင်းမှာ နောက်ပိုင်းအဆင့်များပင်။ ထိုအချိန်တွင် ကာ့ပါးလီယာ၏ရွှေရောင်ဖျော့ဖျော့သန်းသောဒေါင်လိုက်မျက်လုံးအိမ်များမှာ အေးစက်လာပုံရသည်။


"အဲဒီနောက်ကျတော့ သူကအရှင့်ကိုပျော်အောင်လုပ်ပေးလာတယ်လေ..."


"ဟမ်..?"


ကုဟွိုက်မှာ ခေါင်းစဉ်က ဘယ်လိုလုပ်သူ့ဘက်လည်လာမှန်း နားမလည်တော့ပေ။


"မိုးမှောင်မျှော်စင် စစ်သားတွေနဲ့ကိစ္စမှာ သူတို့ပြဿနာကိုအဖြေရှာပေးဖို့အရှင့်ကိုကူညီပေးပြီး အရှင့်ကအရမ်းပျော်သွားခဲ့တယ်လေ.."


ကာ့ပါးလီယာက ကုဟွိုက်ကိုလှမ်းကြည့်လိုက်သည်။


"သူကအရှင့်ကိုဝမ်းနည်းစရာတစ်ခုတော့ အနည်းဆုံးေဖြရှင်းပေးခဲ့တာပဲ..အရှင့်ရဲ့ငယ်သားအနေနဲ့..သူကလူကောင်းပဲမလို့ ကျွန်မသူ့ကိုမမုန်းပါဘူး.."


ယင်းက အရေးကြီးအရာပင်။ မည်သည့်ဇက်များမဆို ကုဟွိုက် ပျော်သည်ဖြစ်စေ ဝမ်းနည်းသည်ဖြစ်စေ အာရုံထားကြသည်ပင်။


"သူက ကျွန်မကိုလက်ဆောင်တွေအများကြီးပေးတယ်၊ ကျွန်မကတော့ အဲဒါတွေမကြိုက်ပါဘူး.."


ကာ့ပါးလီယာသည် ပထမစကားကိုအဆုံးသတ်ပြီးနောက် မျက်နှာအမူအရာက အလွန်အမင်းပြောင်းလဲသွားလေသည်။


"ဒါပေမဲ့ အဲဒါကစိတ်ရှုပ်စရာမကောင်းပါဘူး၊ လူတစ်ယောက်က ကျွန်မကို အဲဒီလိုလက်ဆောင်မျိုးပေးတာပထမဆုံးအကြိမ်ပဲ..."


လက်ဆောင်အမျိုးအစား အများအပြားရှိသည်။ ကုဟွိုက် သိထားပုံအရ အာရွန်သည် တန်ဖိုးကြီးကျောက်မျက်ရတနာမျိုးစုံနှင့် အမျိုးသမီးများနှစ်သက်တတ်သည့်အခြားပစ္စည်းမျိုးများပေးတတ်သည်။ သာမန်

အမျိုးသမီးများအတွက်မူ အနှီလှပပြီးတန်ဖိုးကြီးသည့်အရာများက အင်မတန်ကိုဆွဲဆောင်မှုအားကောင်းတတ်သည်။


ကာ့ပါးလီယာက ထိုသို့သောပစ္စည်းမျိုးများကိုစိတ်မဝင်စားပေ။ ဇက်နှင့် အယ်လ်ဖာအဆင့်တက်ခ်ဇက်တစ်ယောက်အတွက် ကြယ်တာရာအတွင်းတွင် သူမကိုတိုက်ရိုက်ကြည့်ရဲသည့်ယောကျ်ားက အနည်းငယ်သာရှိသည်၊ သူမအနောက်သို့ သည်အတိုင်းလိုက်လျှင်သော်လည်းကောင်း၊ လက်ဝတ်လက်စားများပေးလျှင်သော်လည်းကောင်း လွှတ်ထားလိုက်တတ်သည်။


"မင်းက လက်ဆောင်တွေကိုကြိုက်တာလည်းမဟုတ်ဘူး၊ မုန်းတာလည်းမဟုတ်ဘူး၊ ရရင်ရောပျော်လား.."


ကုဟွိုက်၏မျက်ခုံးများက မသိမသာကွေးညွတ်နေခဲ့သည်။


သူမသည် အယ်လ်ဖာအဆင့်တက်ခ်ဇက် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ကာ့ပါးလီယာသည် မိန်းကလေးတစ်ယောက်သာ။ ကုဟွိုက်ကမူကာ့ပါးလီယာကို သာမန်အမျိုးသမီးတစ်ယောက်အဖြစ်ဆက်ဆံပေးနိုင်သူရှိသောကြောင့် ဝမ်းသာမိနေသည်။ တခဏမျှပြန်တွေးတောနေမိပြီးနောက် ကာ့ပါးလီယာကခေါင်းညိတ်ပြလာသည်။


"နည်းနည်းပေါ့.."


ကုဟွိုက်သည် နားလည်လုနီးပါးဖြစ်လာပြီး သိချင်လာလေသည်။


"အာရွန်က Luna ကို သဘောကျတယ်လို့ပြောတယ်၊ အဲဒီစကားကိုကြားလိုက်တော့ စိတ်ထဲဘယ်လိုမှမနေဘူးလား၊ လက်ဆောင်ရတုန်းကလိုမျိုးခံစားချက်လေ..."


ကုဟွိုက်မှာ အသည်းအသန်ဖြစ်နေလေ၏။


"အဲဒါမျိုးကလေ နည်းနည်းလေးပဲဆိုရင်တောင်မှ Luna ကသူ့ကိုနည်းနည်းပဲသဘောကျတယ်လို့ဆိုလိုတာ.."


ဇက်တို့၏စိတ်ခံစားချက်အပိုင်းက တကယ်ကိုအားနည်းသည်၊ အထူးသဖြင့် ဤကိစ္စအပေါ်အလေးအနက်မရှိဘဲ လျစ်လျုရှုထားသည့်ကာ့ပါးလီယာအတွက်၊ ကုဟွိုက်သာ သူမကိုဤအကြောင်းမစဉ်းစားခိုင်းပါက ကာ့ပါးလီယာမှာ  ထိုအကြောင်းကိုလုံးဝစဉ်းစားတော့မည်မဟုတ်။


ကာ့ပါးလီယာသည် ကုဟွိုက်စကားကိုတွေးနေစဉ် ဒေါင်လိုက်မျက်ဆန်အိမ်များက ဖြည်းဖြည်းချင်းကျုံ့ဝင်နေလေသည်။ ကုဟွိုက်ကဘာကိုမျှမပြောတော့ပေ။ ဤမျှအထိပြောလျှင်လုံလောက်နေပြီ။ ကျန်သည့်အပိုင်းများက သူဝင်ပါသင့်သည့်ကိစ္စများမဟုတ်တော့။


ဤပိတ်ရက်မနက်ခင်းတွင် အာရွန်သည် သူ၏စမ်းသပ်သည့်အခန်းထဲတွင် ပန်းပင်အသစ်ကိုစိုက်ပျိုးနေခဲ့သည်။ သူသည်ကား နှစ်ညလုံးအိပ်မရခဲ့ဘဲ အနက်ရောင်မျက်ကွင်းတစ်စုံဖြင့် သွေးရောင်တောက်တောက်မျက်လုံးများပင်ဖြစ်နေတော့၏။ သူ့ခမျာ ချက်ချင်းအိပ်စက်ရရန်မစောင့်နိုင်တော့သလို။


သို့ထိတိုင် အာရွန်သည် ညလုံးပေါက်နေပြီး မအိပ်ခဲ့ပေ။ သူသည် ဓာတ်ခွဲခန်းထဲမှ စမ်းသပ်ပြားလေးကိုစိုက်ကြည့်နေပြီး ပန်းစိုက်ရာတွင်ဖြစ်လာနိုင်သည့် ပြဿနာများအတွက် တွေးပူနေလေသည်။


ကြယ်တာရာကွန်ယက်က ပြောသည်မှာ မိန်းကလေးတစ်ယောက်အတွက် ထိပ်တန်းဖြစ်ပြီး တန်ဖိုးကြီးသည့်လက်ဆောင်ကိုပေးခြင်းက ရိုးရှင်းပြီး ဈေးကြီးသောလက်ဆောင်များပေးခြင်းထက် ပို၍စိတ်ကျေနပ်စရာကောင်းသည်ဟုဆိုသည်။ အာရွန်က ယင်းမှာ အလွန်တရာမှအကျိုးအကြောင်းသင့်သည်ဟုခံစားရပြီး ချက်ချင်းပင်စမ်းသပ်တော့သည်။ သူသည် ပန်းမျိုးစိတ်အသစ်များကိုစိုက်ပျိုးရာတွင် အတွေ့အကြုံမရှိသေးဘဲ ဤသို့သောအရာမျိုးကိုလေ့လာသည့် သိပ္ပံပညာရှင်လည်းမဟုတ်၊ သို့သော် မည်သူကများသူ့အား ဤအရာအားလုံးကိုတတ်မြောက်စေသည့် ဉာဏ်ကြီးရှင်ဖြစ်စေခဲ့သနည်း။