အခန်း ၉၆
Viewers 11k

Chapter 96

Chapter 96


"အင်း...ဒီပန်းပွင့်လာတာနဲ့ တစ်ရာ့ရှစ်ကြိမ်မြောက် ချစ်ရေးဆိုမှုဖြစ်လာမှာပဲ..."


အာရွန်က စာအုပ်အသေးလေးကိုထုတ်ကာ စာရွက်အလွတ်ပေါ်တွင်ရေးမှတ်လိုက်သည်။ တစ်ရာ့ခုနစ်ကြိမ်မြောက် လုပ်ငန်းစဉ်က ကျရှုံးခဲ့သည့်တိုင် ဖြစ်နိုင်ချေသုညမဟုတ်သရွေ့ သူကြိုးစားလေ၊ ပန်းတိုင်နှင့်ပိုနီးကပ်လာလေသာ။


ထိုနည်းလမ်းအတိုင်း တွေးကြည့်ပါလေ၊ တစ်ရာ့ရှစ်ကြိမ်မြောက်ချစ်ရေးဆိုခြင်းမှာ ကျရှုံးခဲ့လျင်ပင် တန်ပေသည်။ သူသည် ဖွင့်ပြောရာတွင်ကျရှုံးနေရသည်မှာ တစ်ရာ့ခုနှစ်ကြိမ်သာရှိသေးသည်။ စမ်းသပ်လေ့လာရာတွင် သူမအောင်မြင်ခဲ့သည်မှာ အကြိမ်နှစ်သောင်းပင်ရှိခဲ့ပြီ။ အကျဉ်းချုပ်ပြောရမည်ဆိုပါက တစ်ရာ့ရှစ်ကြိမ်ဆိုသည်မှာ အသေးအဖွဲသာ။


သူသည် ပန်းလေးမကြီးထွားလာခင် သူသဘောကျနှစ်သက်သူကိုဆွဲဆောင်နိုင်ရန်အတွက် စမ်းသပ်လေ့လာရေးတွင် အပြည့်အဝမြုပ်နှံထားလိုက်ချိန်တွင်

 ဓာတ်ခွဲခန်းတံခါးကို ကာ့ပါးလီယာက တွန်းဖွင့်လာခဲ့၏။ ၎င်းက နံရံသို့ဘန်းကနဲအသံမြည်ကာ နံရံတစ်ခုလုံးပင်လှုပ်ခါသွားရ

သယောင်။


ကာ့ပါးလီယာသည် စကားတစ်လုံးမှမပြောဘဲ ဓာတ်ခွဲခန်းထဲသို့ဝင်လာခဲ့ပြီး စမ်းသပ်ခန်းထဲရှိ တစ်ယောက်တည်းသောလူထံသို့ချဉ်းကပ်သွားခဲ့သည်။ အာရွန်မှာ တစ်စက္ကန့်မျှ ကြက်သေသေသွားခဲ့ရ၏။ ကာ့ပါးလီယာသည်ကား တစ်ခါမျှ သူ့အား အရင်ဦးအောင်လာရှာတတ်ခြင်းမရှိပါချေ။ ပြီးနောက် သူ့ထံတွင် ပျော်ရွှင်ရန် သို့မဟုတ် စိတ်လှုပ်ရှားနေရန်လည်းအချိန်မရှိ။ သူ့ကိုယ်သူသာအရင်ဆုံး သတ်သေပစ်ချင်လာသည်။ သူ့ခမျာ စမ်းသပ်ခန်းထဲတွင်သာနေခဲ့ရပြီး နှစ်ရက်ခန့်မျက်လုံးမမှိတ်ရသေးပေ။


မည်သို့ပင်ဖြစ်စေ ယင်းက အဓိကအချက်မဟုတ်ပါချေ။ အဓိကအချက်မှာ သူကိုယ်သူနှစ်ရက်ခန့်ဂရုမစိုက်နိုင်ခဲ့လေရာ ယခုပုံစံဖြစ်နေလေသည်။ အခြားသူများ သူ့အားမြင်သွားလျှင်လည်းကိစ္စမရှိ၊ သို့သော် ကာ့ပါးလီယာကိုဖြင့် ယခုလိုပုံစံမမြင်စေချင်။


'သွားပြီ' ဟုသာ အာရွန် တွေးလိုက်မိတော့၏။


သူ၏ တစ်ရာ့ရှစ်ကြိမ်မြောက် ဖွင့်ဟဝန်ခံချက်မှာလည်း ရှုံးနိမ့်သွားပြန်ပြီထင်၏။


အာရွန်သည် ကာ့ပါးလီယာက သူ့အရှေ့ရောက်လာသည့်တိုင်အောင်ထိုသို့တွေးနေဆဲဖြစ်ပြီး ဒေါင်လိုက်ဖြစ်နေသောရွှေရောင်ဖျော့ဖျော့မျက်လုံးအိမ်များက သူ့အား မျက်တောင်ပင်မခတ်ကြည့်နေခဲ့လေသည်။ စက္ကန့်အနည်းငယ်အကြာအထိ သူ့ကိုစိုက်ကြည့်နေပြီးနောက် သူမ ထပ်ပေါင်းပြောလာခဲ့သည်။


"ကျွန်မရှင့်ကိုနည်းနည်းလောက် သဘောကျတယ်.."


ထို့နောက် သူမကထပ်ဖြည့်ပြောပြန်သည်။


"နည်းနည်းပဲ.."


တစ်ခုဆိုတစ်ခု၊ နှစ်ခုဆိုနှစ်ခု။


ကာ့ပါးလီယာမှာ အာရွန် သူမကို သဘောကျသည်ဟုပြောလာစဉ်ကသူမ မဆိုသလောက်ပျော်နေခဲ့သည်ကိုသတိရမိသည်။ ထို့ကြောင့် သူမသည်လည်း သဘောကျကြောင်းပြောလိုက်သည်။


အာရွန်သည်ကား တုံ့ပြန်ရန်ပင်မေ့လျော့နေပြီး တခဏမျှအေးခဲနေရပေသည်။ သူ၏ကိုယ်က ရေနံဓာတ်ပြုပစ္စည်းနှင့်မကွာခြားတော့ဘဲလုံးဝတောင့်တင်းနေတော့သည်။ အာရွန် တွေးနေသမျှကိုရပ်တန့်ပစ်လိုက်သည်။


ပြော၍ပြီးသည်နှင့် ကာ့ပါးလီယာကလှည့်ထွက်သွားခဲ့သည်။ သူမကိုကြည့်ရသည်မှာ ထိုအကြောင်းပြောရန်ရောက်လာခဲ့သလို။ သူမထွက်သွားသည့်အခါ မမေ့မလျော့ဖြင့် ဓာတ်ခွဲခန်းတံခါးကိုပိတ်ပေးခဲ့သေးသည်။ သို့သော် ဓာတ်ခွဲခန်းတံခါးမှာကံမကောင်းရှာဘဲ တံခါးပတ္တာများပင်ပြုတ်ထွက်သွားခဲ့သည်။ ကာ့ပါးလီယာသည် သူမဆွဲဖွင့်လိုက်သည့်တံခါးတစ်ချပ်လုံးကို စိုက်ကြည့်နေပြီး အသံတချက်မထွက်စေရဘဲ ချထားလိုက်သည်၊ သူမ ဘာသိဘာသာဖြင့်ထွက်သွားချိန်တွင်ပင် အမူအရာပင်ဗလာနတ္တိ။


အာရွန်က ဖျက်ဆီးခံလိုက်ရသောတံခါးသံကျယ်ကြီးကြောင့် ရှော့ခ်ရသွားခဲ့သည်။ သူအသိပြန်ရလာချိန်တွင် အရာအားလုံးကအစစ်အမှန်မဟုတ်ဘဲ ထင်ယောင်ထင်မှားဖြစ်နေသလို။ ပျော်ရွှင်မှုက ရုတ်တရက်ရောက်လာခဲ့သည်။ ကာ့ပါးလီယာက အနည်းငယ်ဟုသာပြောခဲ့သည့်တိုင် ဇက်တို့က ခံစားချက်အနည်းငယ်သာရှိသောကြောင့် မကျေနပ်စရာအကြောင်းမရှိ။ 


နည်းနည်းဟုမပြောပါနှင့်။ အနည်းငယ်ပေးခြင်းကပင် ကောင်းနေလေပြီ။ အာရွန်၏သတိပြုမိမှုက အလွန်တရာမြင့်မားနေခဲ့သည်ပင်။


အာရွန်က စိတ်ကျေနပ်နေသည့်အမူအရာဖြင့် ပန်းကိုဆက်လက်စိုက်နေခဲ့သည်။ နောက်ဆုံး သူစိုက်ပျိုးနေသည့်အရာကအောင်မြင်သွားခဲ့လျှင် သူသည် တစ်ရာ့ရှစ်ကြိမ်မြောက်ချစ်ရေးဆိုရန်အတွက် ၎င်းကိုယူသွားမည်။ ကာ့ပါးလီယာက သူ့အားအဖြေပေးသွားခဲ့ပြီဖြစ်သော်လည်း

ဤပုံစံမျိုးက မဖြစ်မနေလိုအပ်သည်ပင်။ 


ကာ့ပါးလီယာသည် သူမအားပေးလာသည့်ပန်းကိုတစ်ချက်ခန့်ကြည့်ပြီး သူမကို ခွေးပေါက်လေးတစ်ကောင်၏ အရောင်တောက်နေသောမျက်လုံးများဖြင့်ကြည့်နေသောလူငယ်လေးကို ကြည့်လိုက်သည်။ သူမစကားမပြောသော်လည်း ပန်းကိုကား လက်ခံလိုက်ပါ၏။ ယခုမူ သူ

မသည် ခံစားနေရသမျှကိုအနီးကပ်လေ့လာကြည့်သည်။ သူမသည်လက်ဆောင်များကို နှစ်သက်ခြင်း မုန်းခြင်းမရှပါသော်လည်း အတော်အတန် ပျော်ရွှင်နေမိပေသည်။ ယင်းက သူမသည်လည်းအနှီသူကိုနှစ်သက်နေမိသည့်သက်သေဖြစ်ပြီး ကာ့ပါးလီယာမှာ တစ်ခုခုကိုရှင်းလင်းအောင်ပြောသင့်သည်ဟုခံစားလိုက်ရသည်။


"ကျွန်မရှင့်ကို နည်းနည်းတော့သဘောကျတယ် ဒါပေမဲ့ ကျွန်မအတွက်တော့ အရှင်မင်းကြီးက ကျွန်မအတွက် အရေးအကြီးဆုံးလူဖြစ်နေတုန်းပဲ၊ ရှင်ဘယ်လောက်မေးမေး၊ ကျွန်မအဖြေကပြောင်းမှာမဟုတ်ဘူး..."


ကာ့ပါးလီယာ၏ စကားများက အင်မတန်အေးစက်ပြီးနှလုံးသားမဲ့လေသည်။


အာရွန်မှာ ခေတ္တမျှ စကားပြန်မပြောနိုင်ခဲ့ပါချေ။


"ဘာမေးခွန်းလဲ.."


"ရှင်နဲ့ အရှင်မင်းကြီးတပြိုင်တည်း ရေထဲကျသွားရင် ဘယ်သူ့ကိုအရင်ကယ်မှာလဲဆိုတာလေ..."


အာရွန်မှာ ကာ့ပါးလီယာက ၎င်းကိုမှတ်မိနေဦးမည်ဟုမမျှော်လင့်ထားခဲ့၍ စိတ်ထဲမထားဘဲပြုံးလိုက်မိသည်။


"ဒါဆိုလည်း ကိုယ်ရေထဲကျသွားရင် ကိုယ်ဟာကိုယ်ကယ်နိုင်အောင်ရေကူးသွားသင်ထားလိုက်ပါ့မယ်..."


"အရှင်မင်းကြီးက မင်းအတွက်အရမ်းအရေးကြီးတာဆိုတော့ ကိုယ့်အတွက်လည်းအရေးကြီးတာပဲလေ..."


အာရွန်သည်ကား ကာ့ပါးလီယာ၏ရက်စက်သည့်စကားများကြောင့်ယိုင်လဲမသွားဘဲ တဖက်လူအား တောက်ပသည့်မျက်လုံးများဖြင့်ကြည့်နေဆဲ။


ယင်းသည်ကား သူသည်နှိမ့်ချတတ်သည့်အပြင် တဖက်လူစိတ်ထဲ လေးလံသွားရလျှင်လည်း ဂရုမစိုက်၍မဟုတ်ပေ။ အာရွန်က ကုဟွိုက်၏တည်ရှိမှုသည် ကာ့ပါးလီယာအတွက် မည်သည့်သဘောထားပင်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းသိထားသည်။ ကုဟွိုက်သည် ဇက်မျိုးနွယ်တစ်ခုလုံး၏အချစ်ခံပင်။ ကုဟွိုက်ကိုကာကွယ်ပေးရန် ဇက်မျိုးနွယ်တိုင်းအတွက် အလိုအလျောက်ဖြစ်တည်လာသောဆန္ဒတစ်ခုဖြစ်ပြီး သူတို့အသက်ကိုပင်ပေးဆပ်နိုင်လိမ့်မည်။ သူတို့ ကုဟွိုက်ကိုသာဆုံးရှုံးလိုက်ရမည်ဆိုပါက ဇက်မျိုးနွယ်တစ်ခုလုံး၏နှလုံးသားများမှာ အေးခဲမှုဖြင့်အဆုံးသတ်သွားကြပေလိမ့်မည်။


သူကာ့ပါးလီယာကိုသဘောကျသည်ဟုပြောခဲ့စဉ်က အာရွန်သည်ကုဟွိုက်အပေါ်ကိုပါ အာရုံစိုက်ရတော့မည်ဖြစ်ကြောင်း အတိအကျခံစားခဲ့ရသည်။ သူထိုသို့မလုပ်နိုင်ခဲ့ပါက ကာ့ပါးလီယာကို သဘောကျသည်ဟုပြောရန်ပင် ထိုက်တန်ခဲ့မည်မဟုတ်။ 


အာရွန်၏စကားကြောင့် ကာ့ပါးလီယာ၏အမူအရာမှာ အနည်းငယ်မျှပြေလျော့သွားခဲ့ပြီး ဆက်ပြောလာခဲ့သည်။


"အရှင်မင်းကြီးက ကျွန်မအတွက် အရေးကြီးဆုံးဖြစ်ပေမဲ့ ရှင်ကဒုတိယမြောက်ဖြစ်နိုင်ပါတယ်.."


"ကျွန်မကရှင်နဲ့အတူ အန္တရာယ်ထဲကျခဲ့မယ်ဆိုရင်တော့ အကယ်ခံရမှာက ရှင်တစ်ယောက်တည်းပဲဖြစ်မှာပါ၊ ကျွန်မရှင့်ကိုအသက်ရှင်ခွင့်ပေးမှာပဲ..."


ကာ့ပါးလီယာက ရှင်းလင်းပြနေသည်။ ဆိုလိုသည်မှာ သူကဒုတိယနေရာသို့ရောက်သွားမည်ဖြစ်ပြီး ကာ့ပါးလီယာက သူမကိုယ်သူမတတိယနေရာတွင်ထားနေခြင်းဖြစ်သည်။ ဇက်တို့၏အကြိုက်ကရိုးရှင်းကာ ယေဘူယျအားဖြင့်လုပ်ဆောင်မှုများကလည်းထိုအတိုင်းပင်။ ပုံမှန်အားဖြင့်ဇက်တို့က ခံစားချက်များကိုအမှန်အတိုင်းထုတ်ပြောလေ့မရှိတတ်လေရာ အာရွန်မှာနေရာတွင်လဲကျသွားသလိုခံစားလိုက်ရသည်။


အာရွန်က တုံ့ဆိုင်းဆိုင်းဖြင့် လက်ခံလိုက်၏။


"ဒီလိုစကားမျိုးက မိန်းမလေးတွေပြောရတာမျိုးမဟုတ်ဘူး၊ ကိုယ်ကပဲမင်းကိုကာကွယ်ပေးရမှာ.."


ကာ့ပါးလီယာက အာရွန်ကိုအေးစက်စက်ကြည့်ကာ ယတိပြတ်ငြင်းလေသည်။


"မရဘူး..."


ထက်မြက်ပြီး စံနှုန်းမြင့်သည့်စူးစမ်းလေ့လာသူတစ်ယောက်က တိုက်ခိုက်ရာတွင် အရည်အချင်းရှိမည်မဟုတ်။ ကာ့ပါးလီယာ၏ ကန့်ကွက်မှုကမှန်ကန်ပေသည်။ အာရွန်သည် တခါမျှတိုက်ခိုက်မခံရသော်လည်း 'မင်းသူ့ကိုတုနဲ့ထုပြီးသွေးထွက်အောင်မလုပ်နိုင်' ဆိုသောစကားရှိသည်ပင်။ ယောကျ်ားတစ်ယောက်သည် တစုံတခုကိုမလုပ်နိုင်ဟူသောစကားမျိုးကိုမနှစ်သက်ကြ၊ အထူးသဖြင့် သူတို့ချစ်ရသူများမှပြောလာခဲ့လျှင်။


"ရတယ်..!"


အာရွန်က ပြတ်သားသည့်အသံဖြင့်တုံ့ပြန်လိုက်သည်။ 


"မင်းရဲ့တိုက်ခိုက်ရေးစွမ်းရည်နဲ့ဘာမှမဆိုင်ဘူး၊ ကိုယ်ကမင်းအတွက်ဆို အသက်တောင်ပေးဖို့ဆန္ဒရှိတယ်.."


"ကိုယ်မင်းကိုကာကွယ်ပေးမယ်..."


သူသည် မယိမ်းမယိုင်အသံဖြင့်နှိမ့်ပြောလိုက်ပြီး ခပ်တိုးတိုးပြောလိုက်မိသည်။


"...Luna..."


အာရွန်သည် ကာ့ပါးလီယာ၏ အမည်နောက်တစ်မျိုးကို ကုဟွိုက်ထံမှကြားခဲ့ရသည်မှာ အတော်လေးကြာခဲ့ပြီဖြစ်သော်ငြား သူမကိုတခါပင် မခေါ်ခဲ့ရသေးပေ။ ဤသည်မှာ ပထမဆုံးအကြိမ်ပင်ဖြစ်သည်။


ကာ့ပါးလီယာ၏အမူအရာက မပြောင်းလဲပါချေ။ သူမမျက်လုံးများကအနည်းငယ်မျှကျုံ့ဝင်သွားရုံဖြစ်ကာ သူမ၏နှုတ်ခမ်းများမှာလည်းမမြင်ရလောက်အောင် ပိကပ်နေလေသည်။ လူတစ်ယောက်ကသူမကိုကာကွယ်ပေးမည်ဟုပြောလာသည်က ပထမဆုံးအကြိမ််ဖြစ်ပြီး ကာ့ပါးလီယာကထူးဆန်းသလိုခံစားရသည်။ ၎င်းက အသစ်အဆန်းဖြစ်နေပြီး သူမသည်လည်းပျော်ရွှင်သွားရသလိုပင်။ ကာ့ပါးလီယာသည် သူမကိုကာကွယ်ပေးမည်ဟု ပြောခဲ့သူကိုမမုန်းမိပေ။


"နောင်ကျရင်လည်း ငါမင်းကိုဒီလိုခေါ်လို့ရမလား..."


အာရွန်၏မျက်လုံးများက အရောင်တောက်နေသည့်ခရစ်စတယ်လေးများသဖွယ်။ သူ့ကိုယ်သူတကြိမ်ခန့်ပြင်ဆင်လိုက်ရုံဖြင့်ပင် အတော်လေးခန့်ညားသွားပေ၏။ အနှီသူမှာ ပါပီလေးတစ်ကောင်နှင့်ပင်တူသည်။ ကာ့ပါးလီယာသည်ကား ထိုအတိုင်းခံစားနေရဆဲ။ သူမသည်တဖက်လူ၏ တောက်ပမှုလွန်ကဲနေသည့်မျက်လုံးများကိုမကြည့်နေတော့ဘဲ အာရွန်၏မေးခွန်းအပေါ်တွင်သာအာရုံစိုက်ထားလိုက်သည်။


အာရွန်မှာ အပျော်လွန်နေလေရာ မည်သည့်စမ်းသပ်မှုမျိုးကိုမှမလုပ်ချင်တော့ပေ။ သူ့စိတ်ထဲတွင် လေ့လာထားသမျှအချက်အလက်တစ်ခုမျှပင်မမှတ်မိတော့သောကြောင့် ခဏတာခန့်မတွေးဘဲနေရန်ဆုံးဖြတ်လိုက်သည်။ စမ်းသပ်လေ့လာမှုများမလုပ်တော့ဘဲ အာရွန်သည် ယခင်ကသူအသုံးမဝင်ဟု ယူဆထားသော ချစ်ခြင်းဒိုင်ယာရီဖိုရမ်သို့ပြန်သွားလိုက်သည်။ သူအဆိုပါစာကိုရေးထားခဲ့ပြီး ထွက်လာသည့်နောက် သူ၏ပို့စ်အောက်တွင် မှတ်ချက်များရှိနေဆဲဖြစ်ကာ ဖိုရမ်၏ ထိပ်သို့ပင်ရောက်လုနီးပါးဖြစ်နေခဲ့လေသည်။


ချစ်ခြင်းဒိုင်ယာရီဖိုရမ် - မစ်ရှယ်လီနီယပ်စ် ဆက်ရှင်


125L(မူလပို့စ်ပိုင်ရှင်) :


ငါက A နဲ့အတူရှိနေတာ။ သူ့အတွက်အရေးကြီးဆုံးသူက B ဖြစ်နေပေမဲ့ ငါကလည်း ဒုတိယမြောက်ဖြစ်နိုင်တယ်၊ အဲဒါကြောင့် ငါပျော်နေတယ်။


ပိတ်လိုက်သည်။


1226 L:


???


1227L:


နေအုံး။ မပိတ်နဲ့အုံး။


ဒီပို့စ်ကို အပေါ်ဆုံးထပ်ပို့ရမယ်။


1228L: 


ထူးခြားဆန်းကြယ်ဇာတ်လမ်းလေးအတွက် ဝမ်းသာပါတယ်။


1229L: 


ဒါက အဆင့်မြင့်ဆုံးသုံးဘီးပဲမဟုတ်ဘူးလား...


1230L: 


ထောက်ခံပါတယ်။


1231L:


ထောက်ခံပါတယ်။ + 1


1232L:


ထောက်ခံပါတယ်။ +2


.....


....


မူလက အာရွန်သည် နောက်တကြိမ်စာမပြန်တော့ဟု ပြောခဲ့သော်လည်း ထောက်ခံနေသည့်လူများကိုကြည့်နေရင်း မနေနိုင်တော့ဘဲ နောက်ထပ်စာတစ်ကြောင်းပြန်လိုက်မိသည်။ 


155L: (မူလပို့စ်တင်သူ)


မင်းတို့တွေနားမလည်ပါဘူး။


စာပြန်ပြီးသည့်နောက် အာရွန်သည် ပို့စ်ကိုနောက်ထပ်စိတ်မဝင်စားတော့ပေ။ ဖိုရမ်နှင့်သူ့ကွန်ပျုတာကိုပါပိတ်ပစ်လိုက်သည်။ အာရွန်မှာကာ့ပါးလီယာကသူ့အား အနည်းငယ်မျှသဘောကျသည်ဆိုသောစကားတွင်သာ ပျော်ရွှင်နေလေ၏။


အဆိုပါ ဆက်ဆံရေးကိုတည်ဆောက်လိုက်ကြပြီးမကြာခင် အာရွန်မှာသူ့မိသားစုထံမှ အဆက်အသွယ်ရလာခဲ့သည်။


"ဘာ?.. ကျွန်တော့်ကိုကောင်မလေးတစ်ယောက်နဲ့မိတ်ဆက်ပေးမလို့.."


အာရွန်သည် နံဘေးတွင်ရှိနေသော ကာ့ပါးလီယာကိုတချက်ကြည့်ကာ ချက်ချင်းကိုငြင်းပစ်လိုက်သည်။


"ကျွန်တော့်မှာကောင်မလေးရှိနေပြီ၊ နောက်တစ်ယောက်မိတ်ဆက်ပေးစရာမလိုတော့ဘူး.."


ဘာ! ဆက်သွယ်ရေးကိရိယာ၏တဖက်မှ အာရွန်၏မိဘများမှာ အကြီးအကျယ်တုံ့ပြန်မှုများ ပြသလာကြသည်။ သက်ကြီးရွယ်အိုနှစ်ဦးတို့မှာသူတို့သားဖြစ်သူက ကောင်မလေးရှာလာနိုင်သောကြောင့် ထိတ်လန့်

သွားကြရရှာသည်။


"မင်းကောင်မလေးကဘယ်လိုပုံစံမျိုးလဲ၊ ဘယ်လိုလူမျိုးလဲ၊ ဘာအလုပ်လုပ်လဲ.."


တတိယမြောက်မေးခွန်းအရောက်တွင် အာရွန်၏မိဘများက စိတ်စောလွန်းနေမှန်းသဘောပေါက်သွားကြပြီး အရှိန်လျှော့လိုက်ကြသည်။


"သူကဘယ်လိုပုံစံပဲဖြစ်ဖြစ်၊ ဘယ်လိုမျိုးနွယ်ပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး၊မင်းသူ့ကိုသဘောကျတယ်ဆိုရင် ပြီးတာပါပဲ.."


"သူ့အလုပ်ကအရေးမကြီးပါဘူး၊ သူအလုပ်မရှိလည်း မင်းအလုပ်ကလစာကောင်းတာပဲ၊ ပြီးတော့ မင်းသူ့ကိုရှာကျွေးနိုင်လောက်ပါတယ်.."


အာရွန်၏မိဘများသည်ကား သူတို့၏သားက တဘဝလုံးကောင်းချီးပေးခံထားရသည်ဟုထင်မြင်ကြသည်။ အကြောင်းမှာ သူဆက်ဆံရေးတစ်ခုကိုတည်ဆောက်နိုင်သည်က အင်မတန်ခက်ခဲ၍ပင်။ သူ့ကောင်မလေးကသာမန်ဖြစ်လျှင်ပင် သူတို့လက်ခံနိုင်သည်။


"အင်း.."


အာရွန်သည် ကာ့ပါးလီယာကိုလှမ်းကြည့်ပြီး သူ့မိဘများကကြောက်ရွံ့နေလိမ့်မည်ဟုထင်မိသည်။ 


"ကျွန်တော် ဒီမေးခွန်းတွေတော့မဖြေချင်ဘူး၊ အခွင့်အရေးရရင်တော့ကျွန်တော်သူ့ကိုခေါ်လာပါ့မယ်.."


အာရွန် သူ့မိဘများနှင့်ထိုအတိုင်းသာ တိုင်ပင်ခဲ့သည်။ သူသည် ကာ့ပါးလီယာက သူ့မိဘများကိုသူနှင့်အတူလိုက်တွေ့ချင်သည်က ဟုတ်လား၊မဟုတ်လား မသေချာသေးသောကြောင့် ထိုအကြောင်းပြောရာတွင်အကြောင်းပြချက်ပေးလိုက်ရသည်။


"မနက်ဖြန်သွားလို့ရတာပဲ..."


ကာ့ပါးလီယာက ရုတ်တရက်ထပြောလာခြင်းပင်။


အာရွန်မှာ ကာ့ပါးလီယာ၏အေးတိအေးစက်အသံကြောင့် တခဏမျှမတုံ့ပြန်နိုင်ဖြစ်သွားခဲ့ရသည်။ 


"မနက်ဖြန်သွားမယ်ဆိုရင် ကျွန်မအခုပဲယာဉ်ကိုပြင်လိုက်တော့မယ်.."


"အို..အိုကေလေ..."


အာရွန်မှာ မည်သို့ဖြေရမည်မှန်းပင်မသိတော့။


အတိုချုပ်ပြောရမည်ဆိုပါက လုံးဝအသင့်မဖြစ်သေးသောအာရွန်ခမျာနောက်တနေ့တွင် ယူးလာစစ်သင်္ဘောဖြင့် ဆိုချီကြယ်ပေါ်သို့ခရီးနှင်ရတော့၏။ သူ၏ဘေးတွင်ကာ့ပါးလီယာက အေးအေးဆေးဆေးရပ်နေစဉ် သူသည်ကား ယူးလာစစ်၏ ထိန်းချုပ်ခန်းထဲတွင် ဂဏာမငြိမ်ဖြစ်နေရှာသည်။ 


မဟုတ်သေး၊ သူ၏ယောက္ခမများနှင့်သွားတွေ့နေရခြင်းမဟုတ်ပေ။ သူက သူ့မိဘများနှင့်တွေ့ရရန် သူ၏ကောင်မလေးအားခေါ်လာရခြင်းပင်။ သူကအဘယ်ကြောင့် စိတ်လှုပ်ရှားနေရပါသနည်း။ အာရွန်က အဖြေကိုမတွေးတတ်တော့သော်လည်း ပုံမှန်ထက်ပို၍စိတ်လှုပ်ရှားနေခဲ့သည်။


အာရွန်၏အိမ်က ဆိုချီမြို့တော်၏ ဗီလာထဲတွင်ရှိသည်။ သူသည် မိန်းကလေးကိုအိမ်ထဲခေါ်လာခဲ့ပြီး အာရွန်မှာ သူ၏မိဘများက ကာ့ပါးလီယာကိုတွေ့လိုက်ကြသည့်အခါ ထိတ်လန့်သွားသည်ကိုမြင်လိုက်ရသည်။ သူတို့သား၏ကောင်မလေးက ဇက်တစ်ယောက်ဖြစ်နေသည်လေ! သူတို့က ဇက်တစ်ယောက်ဖြစ်လာလိမ့်မည်ဟု တခါမှမျှော်လင့်မထားခဲ့ကြပေ။ အာရွန်၏မိဘများသည်ကား ကိုယ်ရှိန်သတ်သွားပြီးသည့်နောက် နောက်ဆုံးတွင်စိတ်တည်ငြိမ်သွားကြတော့သည်။


"သူ့နာမည်က ကာ့ပါးလီယာတဲ့.."


အာရွန်က သူတို့ကိုမိတ်ဆက်ပေးလိုက်သည်။


အာရွန်၏မိဘများက အမြန်ပြုံးပြ၍ကြင်ကြင်နာနာဖြင့် ပြောလိုက်ကြသည်။


"ဟုတ်သားပဲ၊ အထဲဝင်ထိုင်ကြလေ၊ တံခါးနားမှာရပ်မနေကြနဲ့..."


ဇက်တစ်ယောက်ဆိုသည်မှာ ဘာမျှမဟုတ်ပေ။ ဇက်မျိုးနွယ်တို့မှာ ယခင်တည်းက ကွဲပြားနေခဲ့ကြသည်။ အာရွန်၏မိဘများက ထိုအကြောင်းကိုတွေးမိကြပြီး ရုတ်တရက် ထိုကိစ္စကိုအလွယ်တကူလက်ခံလိုက်နိုင်သွားကြသည်။


"ဟယ်လို.."


ထိုင်လိုက်ပြီးနောက် ကာ့ပါးလီယာက လူကြီးနှစ်ယောက်ကိုနှုတ်ဆက်လိုက်သည်။