အခန်း၁၀၁
Viewers 10k

Chapter 101

Chapter 101


တစ်စုံတစ်ယောက်ကသာ ဝေးလံသောကြယ်အစုအဝေးကနေ ဤစွန့်ပစ်ခံဂြိုဟ်ပေါ်သို့လာမည်ဆိုလျှင် ဂြိုဟ်ပေါ်တွင် မြင်လိုက်ရသောအရာများကြောင့် အံ့ဩသွားနိုင်သည်။ များစွာသော ရက်စက်ကြမ်းကြုတ်သည့် သတ္တဝါများသည် ဆင့်ကဲပြောင်းလဲကာ သန္ဓေပြောင်းလျက်ရှိနေပြီး စွန့်ပစ်ခံဂြိုဟ်ကို မင်းပြုစိုးစံသောသူသည် တိုက်ခိုက်နိုင်စွမ်းမရှိသည့် လူငယ်သားပေါက်ကလေးဖြစ်သည်။ 


ကပ်ဆိုက်နေသည့်ဂြိုဟ်ပေါ်သို့ အကြောက်တရားမရှိဘဲ သိချင်စိတ်ဖြင့် နေရာတိုင်းကို စူးစမ်းရဲပြီး လှည့်လည်သွားလာနေသည့် အနက်ရောင်သားပေါက်လေးကိုတွေ့နိုင်သည်။ သွားလာစူးစမ်းပြီး၍ ပင်ပန်းသွားလျှင် သူအိပ်ပျော်သွားလိမ့်မည်သာဖြစ်သည်။ အမွှေးပွပွခန္ဓာကိုယ်လေးနှင့် အနောက်တွင်ရှိသောအမြီးလေးကို လှုပ်ခါလိုက်ရန်သာလိုအပ်သည်။ ဝိုင်းစက်သောမျက်ဝန်းနှင့် ရွှေရောင်ဒေါင်လိုက်မျက်ဆံများ ကြည့်လိုက်သည့်နေရာတိုင်းတွင် ထိုနေရာတွင်ရှိသော သတ္တဝါများက လျင်မြန်စွာထွက်ပြေးသွားလေ့ရှိကြသည်။ 


ထိုသားပေါက်လေးက စွန့်ပစ်ခံဂြိုဟ်ပေါ်တွင် လွတ်လွတ်လပ်လပ်လျှောက်သွားနေသည်ဟု ပြောနိုင်သည်။


ဂြိုဟ်ပေါ်က သတ္တဝါများက ၎င်းတို့ဘာသာဆိုလျှင် သားပေါက်လေးကို သေချာပေါက် ကြောက်မည်မဟုတ်ချေ။ သားပေါက်လေးနောက်ကိုလိုက်နေသော တက်ခ်ဇက်များကို ကြောက်ကြခြင်းဖြစ်သည်။ မိဘများသကဲ့သို့ တက်ခ်ဇက်များက သားပေါက်လေးနှင့်အချိန်တိုင်းနေပေးပြီး ၎င်းတို့၏ ပုခုံး သို့မဟုတ် ဦးခေါင်းပေါ်တွင် တင်ထားလေ့ရှိကြသည်။


ကုဟွိုက်က ဥဒေါင်းငှက်နှင့်တူသောသတ္တဝါကို သိချင်စိတ်ဖြစ်သည်နှင့် လှပပြီးရက်စက်ကြမ်းကြုတ်သည့်သားကောင်သည် တက်ခ်ဇက်များ၏ခြိမ်းခြောက်ခြင်းကိုခံရပြီး ၎င်း၏အမွှေးများကို အနက်ရောင်သားပေါက်လေးက အနည်းငယ်ဆွဲယူသည်ဖြစ်စေ၊ ကိုက်သည်ဖြစ်စေ ဆော့ကစားခြင်းကို အောက်ကျို့သည်းခံပေးရသည်။


“ကျိုး...ကျိုး” သူကြိုက်နှစ်သက်သည့် လှပသောငှက်မွှေးများအား ကိုင်ထားလျက် လုံးဝန်းသောအနက်ရောင်သားပေါက်လေးက သူ့မိဘများဆီသို့ပြန်လာသည်။ ထို့နောက် ကုဟွိုက်က ရဲရဲတောက်နီသည့် ငှက်မွှေးများကို အလ်ဗ်ထံသို့ပြလိုက်သည်။ အလ်ဗ်က ငှက်မွှေးကိုစိတ်မဝင်စားသော်လည်း တုံ့ပြန်သည့်အနေဖြင့် အနားကပ်လာကာ အနက်ရောင်သားပေါက်လေး၏ခေါင်းပေါ်မှ ဦးချိုကိုလျှာဖြင့်လျက်လိုက်သည်။


ကုဟွိုက်က ငှက်မွှေးရပြီးသည်နှင့် ငှက်အကြောင်းကိုစိတ်မဝင်စားတော့သလို တက်ခ်ဇက်များကလည်း တိုက်ခိုက်ရန်ရည်ရွယ်ချက်မရှိတော့ပေ။ ငှက်က လွတ်မြောက်သွားပြီး အဝေးသို့လျင်မြန်စွာ ပြေးထွက်သွားသည်။ အလ်ဗ်ကိုပြပြီးသည်နှင့် ကုဟွိုက်က သူ့မိဘများဆီသို့ ဆက်ပြသည်။ သူက ကျည်ကျည်ကျာကျာအသံပြုလုပ်၍ ငှက်မွှေးကိုမြေပြင်ပေါ်သို့မကျစေရန် အလွန်ဂရုတစိုက်ရှိနေသည်။


ကုဟွိုက်အနားက တက်ခ်ဇက်များက ငှက်မွှေးကို သိပ်အာရုံမစိုက်ကြချေ။ ၎င်းတို့က သားပေါက်လေး၏ ရွှေရောင်မျက်ဝန်းများက တောက်ပနေသည်ကိုတွေ့ပြီး သားပေါက်လေးက ၎င်းတို့အားခေါ်လိုက်သည့်အတွက် တိုးညင်းသောရှုးရှုးရှဲရှဲအသံများပြုလုပ်ကြသည်။


တုံ့ပြန်မှုကိုရလိုက်သည့်သားပေါက်လေးက ပျော်ရွှင်နေ၏။ သူကိုင်ထားသည့်ငှက်မွှေးက ရှားပါးသည့်အရာမဟုတ်သလို ဆော့ကစားနိုင်သည့်အရုပ်လောက်ပင်မဟုတ်သော်လည်း တက်ခ်များ၏ ဂရုစိုက်ခြင်းကိုခံနေရသည့်သားပေါက်လေးသည် ပျော်ရွှင်နေဆဲဖြစ်၏။ ဤဂြိုဟ်ပေါ်ရှိနေထိုင်ရသောပတ်ဝန်းကျင်က အလွန်ဆိုးနိုင်သော်လည်း ကုဟွိုက်က သူမွေးဖွားလာပြီးကတည်းက ကာကွယ်ခြင်းကိုခံနေရပြီး အမှန်တွင်တော့ ဆင်းရဲဒုက္ခပင်မရှိခဲ့ချေ။ သူက ပိုးမွေးသလိုမွေး၍ ဖူးဖူးမှုတ်အလိုလိုက်ခြင်းကို ခံထားရ၏။


နောက်မှရောက်လာသည့်အလ်ဗ်နှင့် တက်ခ်ဇက်များသည် သူ့ကိုအကောင်းဆုံးသောစောင့်ရှောက်မှုများပေး၏။ ဤစွန့်ပစ်ခံဂြိုဟ်ပေါ်တွင် အကောင်းဆုံးသောအရာများက အလွန်ဆိုးရွားသည့်အတွက်ကြောင့် ကုဟွိုက်ကို ပိုကောင်းသည့်အရာများမပေးနိုင်ခြင်းသာရှိခဲ့သည်။ ကောင်းမွန်သည့်ဂြိုဟ်သာဆိုလျှင် ကုဟွိုက်ကို ပိုကောင်းသည့်အရာများစွာပေးနိုင်လိမ့်မည်ဖြစ်သည်။ ပိုကောင်းသည့်ဂြိုဟ်ကို မည်သို့သွားရမည်လဲ။


ကုဟွိုက်နှင့်အလ်ဗ်က သားပေါက်များဖြစ်ပြီး ထိုပြဿနာကို ယာယီတွင် မစဉ်းစားမိကြသေးချေ။ ၎င်းတို့အတွက်တော့ ယခုအချိန်တွင် ဤစွန့်ပစ်ခံဂြိုဟ်က ကမ္ဘာကြီးတစ်ခုလုံးလိုပင်ဖြစ်နေ၏။ 


တက်ခ်ဇက်များက ထိုအကြောင်းကိုတွေးမိသော်လည်း ဖြေရှင်းနိုင်သည့်နည်းလမ်းကိုမတွေ့သေးချေ။ ဤဂြိုဟ်သို့ပို့လိုက်သော စစ်သင်္ဘောက လုံးဝ ကွဲအက်သွားခဲ့ပြီး နောက်ထပ်စစ်သင်္ဘောများထပ်မရှိတော့ပေ။ လိုအပ်သည့်လက်နက်များမရှိပဲ ဤဂြိုဟ်ပေါ်မှ ထွက်ခွာလို့ရမည်မဟုတ်ချေ။


“ကျိုး..ကျိုး..ကျိုး” သူ့မိဘများက မည်သည့်ကိစ္စများကိုတွေးနေမှန်းမသိသော်လည်း အနက်ရောင်သားပေါက်လေးက သူ့မိဘများဆီပြန်သွားပြီး ငေးကြည့်ကာ အော်ခေါ်နေသည်။ ထိုအော်ငိုသံက သူအချီခံခြင်းကြောင်းကို ဆိုလိုသည်။ အသံနှစ်သံလောက်ပြုပြီးသည့်နောက်တွင် ကုဟွိုက်အနားက တက်ခ်ဇက်က ကုဟွိုက်ကို သူ့ပုခုံးပေါ်တွင် တင်ထားလိုက်သည်။ 


ပိုးမွေးသလိုပြုစုခံထားရသည့်သားပေါက်လေးက ရှိရင်းစွဲအခြေအနေနှင့် မကျေနပ်သေးပေ။ တက်ခ်ဇက်၏ပုခုံးပေါ်သို့ ကုဟွိုက်က နေနေပြီး ဘယ်ညာယိမ်းထိုးနေသည်။ သူက ဘယ်မှထွက်မပြေးဘဲ သူ့မိဘများ၏ သယ်ဆောင်ခြင်းကိုခွင့်ပြုထားလျက် ပတ်ပတ်လည်က ကမ္ဘာကြီးကိုကြည့်နေသည်။


သူ့နားလည်မှုက ရိုးရှင်းသလို သူက အမြဲပျော်နေ၏။ သားပေါက်လေးများက ထိုသို့ပုံစံကို အဓိကအားဖြင့် ကြိုက်နှစ်သက်ကြသည်။ ၎င်းကသာ သူ့ဘဝဖြစ်၍ ကုဟွိုက်က အလွန်ခံစားချက်ကောင်းနေသည်။ ဆောင်းရာသီအတွင်း ဂြိုဟ်ပေါ်တွင် မည်မျှပင်အေးပါစေ၊ အေးခဲနိုင်လောက်သည်အထိမဟုတ်သလို ဆောင်းရာသီအပြီး တခြားရာသီများတွင် နွေးထွေးသည်။


သို့သော်လည်း ဇက်များ၏ဘုရင်အသစ်အနေဖြင့် ကုဟွိုက်ကို တခြားဇက်များက ရှာမတွေ့နိုင်ခြင်းမှာ မဖြစ်နိုင်ပေ။ လအနည်းငယ်ကြာသောအခါ ကုဟွိုက်၏ ဝိညာဉ်ချိတ်ဆက်နိုင်စွမ်းသည် ကြောက်စရာကောင်းသည့်နှုန်းထားဖြင့်ရောက်လာ၍ တစ်နေ့တွင်တော့ မျိုးနွယ်စုတစ်ခုလုံးကိုလွှမ်းခြုံနိုင်သည့် ဝိညာဉ်ချိတ်ဆက်မှုကို တည်ထောင်ခဲ့သည်။


ယခုအချိန်တွင်တော့ ဝိညာဉ်ချိတ်ဆက်မှုက ထိတ်လန့်မှုဖြင့် ဖန်တီးခဲ့ခြင်းမဟုတ်ပေ။ သားပေါက်လေးက သူ့လုပ်နိုင်စွမ်းကို စိတ်ဝင်စားသည့်အတွက် စူးစမ်းခဲ့ခြင်းသာဖြစ်သည်။ ယခင်တုန်းက ဝိညာဉ်ချိတ်ဆက်မှုက ဂြိုဟ်တစ်ခုပေါ်တွင်သာကျယ်ပြန့်သော်လည်း ယခုအချိန်တွင် ကုဟွိုက်က ပိုကြီးမားသည့်ချိတ်ဆက်မှုကို တည်ထောင်နိုင်သည်ဟုထင်ပြီး အမှန်တကယ်လည်းလုပ်ဆောင်နိုင်ခဲ့သည်။


「 ကျိုး...ကျိုး...ကျိုး 」


သူက ဝိညာဉ်ချိတ်ဆက်မှုကို အလ်ဗ်နှင့်ဆော့ကစားနေသည့် အချိန်တိုအတွင်းတည်ထောင်ခဲ့ပြီး စကြဝဠာထဲတွင်ရှိသော ဇက်များအားလုံးက ကုဟွိုက်၏အသံကို ၎င်းတို့၏ အသိညဏ်ဦးနှောက်ထဲတွင် ကြားသိလိုက်ရသည်။ အလွန်နူးညံ့သည့်အော်သံပင်ဖြစ်၏။ မကြာသေးခင်ကမှမွေးဖွားလာသည့်သားပေါက်လေး၏ အသံပင်ဖြစ်လိမ့်မည်။


ထိုအချိန်တွင် ဇက်များသည် စစ်တပ်အုပ်စုသုံးစုခွဲ၍ မကြုံစဖူး စည်းလုံးညီညွတ်ခြင်းနှင့် ကြယ်တာရာခေတ်တစ်လျှောက်လုံးကို ဖုံးလွှမ်းရှာဖွေတော့သည်။ ထိုလှုပ်ရှားမှုက အလွန်ကျယ်လောင်သွားခဲ့ပြီး ကြယ်တာရာခေတ်တစ်လျှောက်လုံးတွင်ရှိသော မျိုးနွယ်စုများအားလုံးကိုပင် ခြောက်လှန့်သွားခဲ့သည်။


“မဟုတ်ဘူး ဘုရင်ရဲ့ တည်နေရာအတိအကျကို ဆုံးဖြတ်နိုင်ဖို့က မဖြစ်နိုင်ဘူး..”


၎င်းတို့၏ဘုရင်ကိုရှာရန်အတွက် ပိုကောင်းသည့်နည်းလမ်းက ဇက်စစ်တပ်သုံးဖွဲ့လုံး၏ ကျွမ်းကျင်သူများက စုဝေးကြရမည်။ သို့သော်လည်း ဝိညာဉ်ချိတ်ဆက်မှုက အလွန်တိုတောင်းသည့်အတွက် ထိုချိတ်ဆက်မှုပို့လွှတ်သည့် အသေးစိတ်မြေပုံညွှန်းကိုမသိရှိနိုင်ဖြစ်နေသည်။ 


ထိုကိစ္စက စွန့်ပစ်ခံဂြိုဟ်အပြင်ဘက်တွင်ရှိသောဇက်များကို စိုးရိမ်ပူပန်စေ၏။ ထိုပူပန်မှုက ၎င်းတို့၏ ဝိညာဉ်ကို လှုံ့ဆော်စေလိုက်ပြီး စိတ်လှုပ်ရှားသည့် သွေးထိုးလှုံ့ဆော်မှုများကို ကျန်ရစ်စေသည်။ ကုဟွိုက်ကို ရှာတွေ့သည်အထိ အနားမယူချင်တော့ပေ။ ကံကောင်းစွာဖြင့် ဝိညာဉ်ချိတ်ဆက်မှုက ပို့ဆောင်နေခြင်းမဟုတ်ပေ။ ပထမချိတ်ဆက်မှုကိုရပြီးကတည်းက ဇက်စစ်သားများက အေးစက်သည့်ပုံပေါ်နေသော်လည်း ဘုရင်ဆီမှခေါ်ဆိုမှုကို နောက်တစ်ကြိမ်ရရှိလိမ့်မည်ဆိုသည့်‌ မျှော်လင့်ချက်ကိုဆုပ်ကိုင်ထားကြသည်။ 


ထိုမျှော်လင့်ချက်နှင့်ပြည့်နှက်လျက် နောက်ထပ်ခေါ်ဆိုမှုများကိုစောင့်နေခဲ့ကြသည်။


「 ကျိုး...ကျိုး 」


「 ကျိုး...ကျိုး...ကျိုး 」


「 ကျိုး  」


ဖြတ်သန်းလာသောခံစားချက်က အလွန်ရွှင်ပျနေပြီး ထိုအသံက ခံစားချက်မရှိသောဇက်များကို ပျော်ရွှင်စေသည်။ ဘုရင်၏အော်သံက အလွန်ချစ်ဖို့ကောင်း၏။


သာမန်ဇက်သားပေါက်လေးများ၏အသံနှင့်မတူသော်လည်း ထိုချိတ်ဆက်မှုကိုရရှိလိုက်သည့် ဇက်စစ်သားများကို အကြံညဏ်ရရှိမှုမှ မတားဆီးနိုင်ပေ။ ဘုရင်က ဆော့ကစားနေခြင်းဖြစ်ဖို့များသည်။ သူက အလွန်ပျော်ရွှင်နေ၏။ အော်သံကိုကြားသည်နှင့် အေးစက်သည့်ပုံရှိသောဇက်များသည် သားပေါက်လေး၏ဆော့ကစားနေမှုကို စိတ်ကူးပုံဖော်လိုက်ပြီး ထိုစိတ်ကူးက ဇက်များကို သာယာကြည်နူးစေ၏။


ပျော်ရွှင်မှုက ပျော်ရွှင်မှုကိုရောင်ပြန်ဟပ်သည်။ ၎င်းတို့က အလွန်ပျော်ရွှင်သည့်ခံစားချက်ကိုထိန်းချုပ်ပြီး မြေပုံညွှန်းကို စတင်၍ရှာဖွေအကဲဖြတ်တော့သည်။ ဆုံးဖြတ်ရလွယ်ကူသည့် ဝိညာဉ်ချိတ်ဆက်မှုများစွာရောက်ရှိလာသည်။ ကျွမ်းကျင်သူများက စွန့်ပစ်ခံဂြိုဟ်၏ တည်နေရာမြေပုံကို လျင်မြန်စွာရှာဖွေလိုက်ကြ၏။


အာကာသခုန်ကျော်မှုအတွက် ဇက်စစ်တပ်သုံးစုက ရေတပ်သင်္ဘောအစုများကို ပြင်ဆင်နေချိန်တွင် စွန့်ပစ်ခံဂြိုဟ်၏မြောက်ဝင်ရိုးစွန်းက မိုးရွာနေခဲ့သည်။ မိုးရွာနေလျှင် အပြင်ထွက်၍မရပေ။ ကုဟွိုက်အတွက် သူမွေးဖွားလာပြီး လပေါင်းအတော်ကြာမှ မိုးရွာခြင်းကို ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ သူက ကောင်းကင်ပေါ်မှ မိုးများရွာကျလာခြင်းကို သိချင်နေခဲ့ပြီး မိုးရွာသည့်အသံလေးကတောင်မှ လန်းဆန်းသည့်ခံစားချက်ကိုပေးစွမ်း၏။


ကုဟွိုက်က အလ်ဗ်နှင့် သူ့မိဘများ၏စကားကို နားထောင်သည်။ သူ့ကို အပြင်မသွားရဟုပြောထားလျှင် သူအပြင်မသွားပေ။ အနက်ရောင်သားပေါက်လေးက ဂူဝင်ပေါက်နားကိုသာ ချဉ်းကပ်သွား၏။ မိုးက သည်းထန်စွာရွာနေသည်။ အမှန်တကယ် သည်းသည်းထန်ထန်ရွာနေခြင်းဖြစ်၏။ လသားအရွယ်သာရှိသေးသည့်သားပေါက်လေးအတွက်တော့ ကုဟွိုက်က ရာသီလေးခုကို မမြင်ဖူးသေးချေ။


အေးစက်သည့်ဆောင်းရာသီက ပြီးမြောက်သွားခဲ့ပြီး စိမ်းလန်းစိုပြည်သည့်နွေဦးက ခရီးဦးကြိုပြုနေသော်လည်း ဤစွန့်ပစ်ခံဂြိုဟ်က အကျိုးမဖြစ်ထွန်းပေ။ ကုဟွိုက်က နွေဦးတွင် စိမ်းလန်းစိုပြည်သည့် သဘာဝပေါက်ပင်များကို မမြင်နိုင်ခဲ့ချေ။ သို့သော်လည်း မိုးရွာနေသည်ကိုကြည့်ရရုံနှင့် သားပေါက်လေးက သူ၏သိချင်စိတ်နှင့် လွတ်လပ်မှုကိုခံစားရ၍ ပျော်ရွှင်နေပါ၏။ ကုဟွိုက်ကြည့်နေစဉ်တွင် ကောင်းကင်ထက်တွင် ရုတ်တရက်မိုးကြိုးပစ်ခြင်းပေါ်လာခဲ့သည်။


“ကျိုး..ကျိုး.."


ဂူဝင်ပေါက်တွင်ရှိနေသည့် အနက်ရောင်သားပေါက်လေးသည် ရုတ်တရက်ကြောက်လန့်သွားမှုကြောင့် အလ်ဗ်ဆီသို့ပြေးသွားပြီး သူ့မိဘများအနောက်သို့ပုန်းနေရန် အလ်ဗ်ကိုတွန်းနေသည်။


“ကျိုး...ကျိုး...” မိုးခြိမ်းသံက သူ့ကိုကြောက်လန့်စေကြောင်း သားပေါက်လေးကို သူ့မိဘများကိုပြောနေခြင်းဖြစ်သည်။


ထို့ကြောင့် တက်ခ်ဇက်များက သားပေါက်လေးနှစ်ကောင်ကို ၎င်းတို့၏ပုခုံးပေါ်တွင် တင်ထားလိုက်သည်။ ထို့နောက် ဂူဝင်ပေါက်နားတွင်ရှိနေသော သားပေါက်လေးနှစ်ကောင်ကိုသယ်ယူ၍ မိုးရွာခြင်းကိုစိတ်ဝင်စားနေသည့်ကုဟွိုက်သည်လည်း အပြင်ဘက်တွင် ဆက်လက်၍ကြည့်ရှုနိုင်သည်။ သူက မိဘများ၏ သယ်ဆောင်ခြင်းကိုခံထားရသဖြင့် ကုဟွိုက်သည် မိုးခြိမ်းသံကို မကြောက်ရွံ့တော့ပေ။ သူက မိုးနှင့်ရင်ဆိုင်လိုက်ပြီး မိုးကြောင့် ရှင်းလင်းစွာမမြင်ရသည့် အနက်ရောင်အရိပ်ကြီးကို တွေ့လိုက်ရသည်။


အလ်ဗ်နှင့် ပတ်ပတ်လည်မှတက်ခ်ဇက်များက အခြေအနေကို ကြိုတင်သတိထားမိသဖြင့် နိုးနိုးကြားကြားနေလိုက်သည်။ သူတို့ပိုနီးကပ်လာသည်နှင့်အမျှ အရိပ်က ကုဟွိုက်၏ ရွှေရောင်ဒေါင်လိုက်မျက်ဆံများထဲတွင် ပို၍ထင်ရှားလာခဲ့သည်။ 


“ကျိုး..” တက်ခ်ဇက်များ၏ပုခုံးပေါ်တွင်ရှိနေသောအနက်ရောင်သားပေါက်လေးက ငိုကြွေးတော့၏။ ကုဟွိုက်အော်သံကြားသည်နှင့် ဂူအပြင်ဘက်တွင်ရှိနေသောဇက်တပ်ဖွဲ့က ပျော်ရွှင်မှုများနှင့် ရွှန်းရွှန်းဝေသွားကြသည်။


နောက်ထပ်ဖြစ်လာသည့်အရာက ကျိုးကြောင်းဆီလျော်သည်။ ကုဟွိုက်က သူ့ကိုလာရှာသည့် ဇက်တပ်ဖွဲ့များ၏ခေါ်ဆောင်ခြင်းကိုခံရပြီး ဂြိုဟ်အသစ်ဆီသို့ ပို့ဆောင်ခြင်းကိုခံလိုက်ရသည်။ အလ်ဗ်နှင့် တက်ခ်ဇက်များကလည်း သူနှင့်အတူလိုက်ခဲ့ကြသည်။ မည်သည့်ဂြိုဟ်ပေါ်မှာနေထိုင်ရမည်ဖြစ်ကြောင်းကို ဆုံးဖြတ်ရမည့်အချိန်ရောက်လာသောအခါ အနက်ရောင်သားပေါက်လေးက ကြယ်မြေပုံဆီသို့ စစ်တပ်ခေါင်းဆောင်သုံးယောက်၏ ခေါ်ဆောင်ခြင်းကိုခံလိုက်ရသည်။ သူက ရွှေရောင်မျက်ဝန်းများဖြင့် မျက်တောင်ခတ်၍ သူ့လက်သည်းများက တူဆာကြယ်ကို စတင်ရိုက်ခတ်တော့သည်။


ထို့ကြောင့် တူဆာကြယ်က ဇက်များ၏မြို့တော်ဖြစ်လာပြီး ခွဲဝေထားသောဇက်စစ်တပ်သုံးစုကလည်း ကုဟွိုက်၏မွေးဖွားခြင်းကြောင့် စည်းလုံးမှုကို အလိုအလျောက်ရရှိသွားခဲ့ကြသည်။


ယနေ့တွင် ဇက်များက နယ်မြေရပ်ခြားကို ကျူးကျော်ရန် ရည်ရွယ်ချက်မရှိပေ။ ၎င်းတို့က ကုဟွိုက်ကိုရှာနေကြသည့်အတွက် ကျယ်လောင်သောအသံကိုပြုပြီး ဇက်များက သားပေါက်လေးကိုပျိုးထောင်ရင်း အလုပ်ရှုပ်နေကြသည့် သတင်းကို များစွာသောကြယ်တာရာမျိုးနွယ်စုများက သိရှိသွားကြသည်။


ထိုသတင်းက မျိုးနွယ်စုအားလုံးနီးပါးကို မှင်တက်သွားစေခဲ့ပြီး သတင်းအစစ်အမှန်ဟုတ်မဟုတ်ကိုတောင် သံသယဖြစ်မိကြသည်။ သို့သော်လည်း အမှန်တရားပင်ဖြစ်၏။ ဇက်များက ကုဟွိုက်အတွက် နူးညံ့သောအိပ်ရာကိုပြုလုပ်ပေးရန် အလုပ်ရှုပ်နေကြပြီး အရသာရှိသည့် အာဟာရအစားအစာများနှင့် များစွာသောအရုပ်များကိုပြင်ဆင်နေကြသည်။


စွန့်ပစ်ခံဂြိုဟ်ပေါ်မှထွက်လာပြီး တူဆာကိုရောက်လာပြီးနောက်တွင် ကမ္ဘာကြီး၏အမြင်က ကုဟွိုက်၏မျက်လုံးထဲတွင် အလွန်ကွဲပြားသွားခဲ့သည်။ ဂြိုဟ်တိုင်းက အကျိုးမဖြစ်ထွန်းသည့် သဲများနှင့်သာပြည့်နေခြင်းမဟုတ်ကြောင်းကို ကုဟွိုက်သိရှိသွားခဲ့သည်။ ကြွယ်ဝချမ်းသာပြီး လှပသည့်ဂြိုဟ်များလည်းရှိသည်။ တခြားဂြိုဟ်များပေါ်တွင်လည်း လှပသည့်မြင်ကွင်းများစွာကို မြင်တွေ့နိုင်၏။


ကုဟွိုက်က စွန့်ပစ်ခံဂြိုဟ်ပေါ်တွင်မွေးဖွားလာသည့်အချက်က တူဆာပေါ်တွင်ရှိသောဇက်များအားလုံးကို ဝမ်းနည်းစေသည်။ ထို့ကြောင့် ကုဟွိုက်၏အရှေ့တွင်ကောင်းမွန်သည့်အရာများကိုချပြရန် အားထုတ်ကြိုးပမ်းကြသည်။ သားပေါက်လေး၏အိပ်ရာက ကြယ်တာရာတွင်ရှိသော အနူးညံ့ဆုံး နက်ဗျူလာဓာတ်ငွေ့ထုနှင့်ပြလုပ်ထားခြင်းဖြစ်သည်။ ကုဟွိုက်က တူဆာပေါ်ရောက်ရှိသည်နှင့် သူက အိပ်ချင်ကြောင်းကိုဖော်ပြနေသောကြောင့် ထိုအိပ်ရာပေါ်ကိုခေါ်ဆောင်သွားခြင်းခံရ၏။


“ကျိုး..ကျိုး” အိပ်ရာပေါ်က သားပေါက်လေးက အလ်ဗ်ကို သူနှင့်အတူအဖော်ပြုပေးရန်ပြောလိုက်သည်။ သူက အိပ်နေစဉ်အတွင်းတွင် အလ်ဗ်နှင့်အတူရှိမှဖြစ်မည်။ ကုဟွိုက်က ထိုအကျင့်ကိုမွေးမြူထားခဲ့ခြင်းဖြစ်၏။ အလ်ဗ်က ကုဟွိုက်၏ဆန္ဒကို အမြဲတမ်း ဖြည့်ဆည်းပေးချင်စိတ်ရှိသည်။ အောက်ကျို့ခြင်းမဟုတ်ပဲ ကုဟွိုက်ကို အလိုလိုက်ချင်သည့်ဆန္ဒဖြစ်သည်။ 


“ကျိုး” အိပ်ရာ၏ နူးညံ့ခြင်းကိုခံစားရပြီး အိပ်ငိုက်နေသည့် အနက်ရောင်သားပေါက်လေးက အလ်ဗ်ကိုဖက်တွယ်၍ အိပ်ရာမဝင်ခင် သူ့ကိုကြည့်နေကြသောမိဘများကို ခေါ်လိုက်သည်။ တက်ခ်ဇက်များက အဆင်ပြေသော်လည်း တခြားဇက်များက အသက်ရှူနှုန်းက အနည်းငယ်ခက်ခဲလာသလိုခံစားရ၏။ 


နက်ဗျူလာဓာတ်ငွေ့နှင့်လုပ်ထားသည့်အိပ်ရာသည် ငှက်မွေးများနှင့်ပြုလုပ်ထားသည့်အိပ်ရာထက်ပို၍ သက်တောင့်သက်သာရှိသည်။ အိပ်ရာက အလွန်နွေးထွေး၏။ ထိုကဲ့သို့ သက်သောင့်သက်သာဖြစ်သည့်နေရာတွင် အိပ်စက်ရခြင်းက ပထမဆုံးဖြစ်သည်။ အိပ်ရာပေါ်ရှိ အနက်ရောင်သားပေါက်လေးက သူ့မျက်လုံးကိုမှိတ်၍ လျင်မြန်စွာဖြင့် အိပ်မောကျသွားခဲ့သည်။ ၎င်းတို့အားလုံးသည် အနာဂတ်တွင် ဤဂြိုဟ်ပေါ်တွင် နေနိုင်တော့မည်ဖြစ်၏။ ယခုဂြိုဟ်က ယခင်ကထက်ပိုကောင်းပြီး ပိုကောင်းသောပတ်ဝန်းကျင်ဒေသတွင် သူ့မိဘများနှင့် အတူနေနိုင်တော့မည်ဖြစ်သည်။ ကမ္ဘာကြီးနှင့်ပက်သက်ပြီး ပညာမဲ့နေသေးသည့် သားပေါက်လေးများကတောင် အလိုလိုပျော်နေကြတော့၏။


“ကျိုး… ကျိုး ကျိုး” ကုဟွိုက်က အိပ်နေရင်းနှင့် အော်ခေါ်နေသည်။ သားပေါက်လေး၏အိပ်နေသည့်အသံက အိပ်ရာပတ်ပတ်လည်တွင်ကြည့်နေကြသောဇက်များကို ပို၍ သတိရှိစေသည်။ ၎င်းတို့၏ အသက်ရှုသံများကို တိုးညင်းရန်ပြုလုပ်နေကြသည်။


၎င်းတို့သည် ဘုရင်ကိုရှာတွေ့ခဲ့ပြီဖြစ်၏။ အနာဂတ်တွင် ဘာပဲဖြစ်လာဖြစ်လာ ဘုရင်က ဇက်များအကြားတွင် အလိုလိုက်မှုများစွာနှင့် ကြီးပြင်းလာရမည်သာဖြစ်ပေ၏။