အခန်း ၁၀၂
Viewers 10k

Chapter 102

Chapter 102


ကြယ်တာရာပေါ်ရှိ တခြားမျိုးနွယ်စုများအတွက်တော့ ဇက်များက ၎င်းတို့နားလည်ရခက်သည့် မျိုးနွယ်စုများဖြစ်သည်။ တခြားမျိုးနွယ်စုများနှင့် ဆင်တူသည့် လူမှုတည်ဆောက်ပုံမရှိလျှင်တောင်မှ  ပိရိမစ်ပုံစံအဆင့်ရှိသော တည်ဆောက်ပုံကိုတော့ နားလည်နိုင်သည်။


ဇက်များက သဘာဝအလျောက် ၎င်းတို့၏အဆင့်ကိုဆုံးဖြတ်ပြီး မွေးဖွားလာကြခြင်းဖြစ်၏။ ဇက်များ၏ အဆင့်က ပိုမြင့်လေ ပို၍အားကောင်းလေသာဖြစ်သည်။ ထိုသည်က ယုတ္တိတန်၏။ သို့သော်လည်း ဇက်များတွင် ရုတ်တရက် ဘုရင်ရှိလာသည်။ ဇက်ဘုရင်က သားပေါက်လေးသာရှိသေးပြီး တိုက်ခိုက်နိုင်သည့်စွမ်းရည်မရှိသေးချေ။ ထိုဘုရင်မျိုးက ဇက်များနှင့် သဟဇာတမဖြစ်သော်လည်း ဇက်များအားလုံးက ထိုကဲ့သို့ အားနည်းသည့်အုပ်ချုပ်သူကိုလည်း အရှုံးပေးချင်လိုစိတ်ရှိသည်။ ထိုကိစ္စက တခြားသောကြယ်တာရာမျိုးနွယ်စုများကို နားလည်ရခက်စေသည်။


ထိုသို့ဖြစ်သော်လည်း တခြားမျိုးနွယ်များ နားလည်သည်ဖြစ်စေ၊ မလည်သည်ဖြစ်စေ ဇက်များက ဂရုမစိုက်ပေ။ ဇက်များအတွက်တော့ ဘုရင်ရှိနေရသည့်အဓိပ္ပာယ်ကို တခြားမျိုးနွယ်စုများ နားလည်ရန်မလိုအပ်။ သီအိုရီအရရှင်းပြနိုင်သော်လည်း အဓိပ္ပာယ်ကို အပြည့်အဝသဘောပေါက်နိုင်မည်မဟုတ်။


ထိုအချိန် စစ်တပ်အခန်းထဲတွင် ရွှေရောင်မျက်ဝန်းနှင့် လုံးဝန်းသည့် အနက်ရောင်သားပေါက်လေးက တွေ့ဆုံခန်းထဲရှိ အနက်ရောင်ကျောက်တုံးစားပွဲပေါ်တွင် လွတ်လပ်စွာရွေ့လျားနေသည်။ သူလှုပ်ရှားလိုက်တိုင်း လက်သည်းများက စာရွက်များပေါ်တွင် တက်နင်းမိလျက်ဖြစ်သည်။ မျိုးနွယ်စုနှစ်ခုကြားတွင်ထားရှိသည့် အရေးကြီးသည့် သံတမန်ရေးရာစာရွက်စာတမ်းများဖြစ်သော်လည်း အနက်‌ရောင်ကျောက်စားပွဲပေါ်တွင်ရှိသော အနက်ရောင်သားပေါက်လေးက ထိုကဲ့သို့ တက်နင်းနေ၏။


အစည်းအဝေးအတွင်းတွင် အနက်ရောင်သားပေါက်လေးက စာရွက်စာတမ်းကို အနည်းဆုံး သုံးကြိမ် လေးကြိမ်လောက် တက်နင်းခဲ့သည်။ ထိုမြင်ကွင်းက လေးနက်သည့် စစ်တပ်ဆွေးနွေးပွဲတွင်မဖြစ်သင့်ပေ။


ပိုးပိုလ်စ်မျိုးနွယ်ခေါင်းဆောင်များက လေးထောင့်စားပွဲပုံစံ၏ဘယ်ဘက်တွင်ထိုင်နေပြီး ထိုမြင်ကွင်းကိုမပြောရဲကြပေ။ စားပွဲ၏ညာဘက်တွင်ထိုင်နေသောဇက်များက စစ်တပ်ခေါင်းဆောင်သုံးယောက်အပါအဝင် တူဆာကောင်စီ၏ အဆင့်မြင့်သောအဖွဲ့ဝင်များဖြစ်ကာ လှုပ်ရှားခြင်းမရှိ ငြိမ်သက်နေကြလေသည်။ ခံစားချက်ကင်းမဲ့နေသော်လည်း ဇက်များ၏မျက်ဝန်းများက စားပွဲပေါ်တွင်ဆော့ကစားနေသော အနက်ရောင်သားပေါက်လေးကို သေချာလိုက်ကြည့်နေကြသည်။ ၎င်းတို့အာရုံစိုက်နေသည့်နေရာကို ချက်ချင်းတွေ့မြင်နိုင်သည်။


“ကျိုး” ကုဟွိုက်က  ပိုးပိုလ်စ်မျိုးနွယ်များကို တစ်ခါမှမမြင်ဖူးချေ။ သူက သူ့မိဘများနှင့် ဆန့်ကျင်ဘက်တွင်ထိုင်နေသော  ပိုးပိုလ်စ်မျိုးနွယ်များထံသို့ သိချင်စိတ်များနှင့် ချဉ်းကပ်သွားလိုက်ပြီး စတင်၍ စူးစမ်းတော့၏။ စူးစမ်းခံနေရသည့်  ပိုးပိုလ်စ်မျိုးနွယ်များက မလှုပ်ရဲကြပေ။ ယခုသံတမန်ရေးရာကိစ္စသာ အထမြောက်ရန်အတွက်ဆိုလျှင် သားပေါက်လေးက ၎င်းတို့အပေါ်ပြုမူပုံနှင့် သက်ဆိုင်ကြောင်း သူတို့သိသည်။


ထိုပုံစံက ထူးဆန်းသည်။ မျိုးနွယ်စုနှင့်ပက်သက်သောကိစ္စရပ်က သားပေါက်လေးတစ်ကောင်၏ အပြုအမူနှင့်တုံ့ပြန်မှုကြောင့် ဆုံးဖြတ်ရမည်တဲ့လား။ ဇက်များကလည်း ဘာကြောင့်များ ကျိုးကြောင်းမဆီလျော်ရပါသနည်း။


“ကျိုး” သူက ပိုးပိုလ်စ်များကို နူးညံ့သည့်အသံမပြုခင် သိချင်စိတ်ဖြင့် ခဏလောက်ကြည့်နေခဲ့သည်။ ၎င်းတို့ကို မနှစ်မြို့ခြင်းမဟုတ်သည့်အတွက် အကြည့်ခံနေရသောပိုးပိုလ်စ်များကလည်း စိတ်သက်သာရာရသွားခဲ့သည်။


နောက်ဆုံးတွင်တော့ မလှုပ်ရှားပဲနေနေသည့်အလ်ဗ်သည် စားပွဲပေါ်ရှိ အနက်ရောင်သားပေါက်လေးကို သူ့အမြီးနှင့်ဆွဲခေါ်လိုက်၏။ ကုဟွိုက်က ထိုသို့ဆွဲယူခံရသည့်အတွက် ငိုကြွေးလိုက်သော်လည်း စကားနားထောင်ပါသည်။ သူမစူးစမ်းနိုင်လျှင် အလ်ဗ်၏ဘေးသို့သွားမည်ဖြစ်သည်။


သီအိုရီအားဖြင့်ဆိုလျှင် သားပေါက်များက ၎င်းတို့၏မိဘများနားတွင်သာ ကပ်နေချင်ကြလေ့ရှိသည်။ အလ်ဗ်က ကုဟွိုက်၏ ပထမဆုံးထိန်းကျောင်းပေးခဲ့သူဖြစ်သည့်အတွက်ကြောင့် ကုဟွိုက်ကို အလ်ဗ်က အရာအားလုံးနီးပါးတွင် ဆွဲခေါ်တတ်သည်။ သူတို့က အတူစားခဲ့၊ အိပ်ခဲ့ကြပြီး ပူးကပ်နေခဲ့ကြသည်။


ငယ်ရွယ်သည့်ကုဟွိုက်က တွယ်ကပ်တတ်ပြီး ဇက်များကလည်း အလွန်ပျော်ကြသည်။ ကုဟွိုက်က သူတို့နှင့် အချိန်တိုင်း ပူးကပ်နေလေ့ရှိသည်။ မည်သည့်အချိန်မဆို ဇက်များကို အနက်ရောင်သားပေါက်လေးက အနောက်မှ တကောက်ကောက်လိုက်နေလျှင် ၎င်းတို့ အလွန်ပျော်ရွှင်နေတတ်ကြ၏။ 


အလ်ဗ် ဘယ်လိုခံစားရသလဲသိချင်လျှင် သူ၏ပြုမူပုံကိုကြည့်နိုင်သည်။ အနက်ရောင်သားပေါက်လေးက သူ့ဘေးတွင်ရှိနေသည့်အချိန်တိုင်း အလ်ဗ်၏အမြီးက လှုပ်သွားပြီး သားပေါက်လေးနှစ်ကောင်က ရင်းနှီးစွာဖြင့် တိုးဝှေ့ပူးကပ်နေတတ်ကြသည်။ အလ်ဗ်နှင့် ခဏလောက်နေပြီးသည်နှင့် ကုဟွိုက်က တစ်ဖန်ပြန်ထလာပြီး သူ့မိဘများနားသို့ ချဉ်းကပ်သွားပြန်သည်။


ကုဟွိုက် အနည်းငယ်ဗိုက်ဆာလာသည်အထိ အစည်းအဝေးက ခေတ္တကြာမြင့်သွားခဲ့သည်။ သူက ဗိုက်ဆာနေသည့်အတွက် သူ့မိဘများကို လာရှာခြင်းဖြစ်သည်။ အနက်ရောင်သားပေါက်လေးက ဇက်များနှင့်အနီးဆုံးဖြစ်သော စားပွဲအစွန်းသို့သွားပြီး ခေါ်လိုက်သည်။ 


“ကျိုး...ကျိုး”


စားရန်ခေါ်လိုက်သည့်အသံက သာမန်သားပေါက်များထက် နူးညံ့သည်။ ကုဟွိုက်၏ မတူညီသည့်အော်သံလေးများကို ဇက်များက အလွန်စိတ်ဝင်စားနေ၏။ ထိုခေါ်သံက အစည်းအဝေးတစ်ခုလုံးကို အဆက်ပြတ်သွားစေခဲ့ပြီး ဇက်များရှိသောအခြမ်းက လျှပ်တစ်ပြက်ဖြစ်သွားခဲ့သည်။


တစ်ဖက်တွင်ထိုင်နေသော ပိုးပိုလ်စ်များက နို့မှုန့်နှင့် ပူဘာနိုသစ်ရည်ကို သေးငယ်သည့် ပုလင်းကလေးထဲသို့ ဇက်များထည့်နေကြောင်းတွေ့လိုက်ရသည်။ ထိုစစ်တပ်အစည်းအဝေးခန်းထဲတွင် နွားနို့ကို ဆယ်စက္ကန့်သာ အပူပေးနိုင်သည်။ ထိုအစည်းအဝေးခန်းကို သူတို့ အလေးအနက်ရောထားပါရဲ့လား။


ပိုးပိုလ်စ်များက ၎င်းတို့မျက်နှာထားကိုထိန်းထားရင်း ထိုသို့တွေးလိုက်မိသည်။ ထို့နောက်တွင် ဇက်များ၏ အပြုအမူက ၎င်းတို့လိုချင်သည့် အဖြေကိုပေးလိုက်သည်။


—မဖြစ်ဘူး…


စစ်တပ်အစည်းအဝေးခန်းထဲတွင် နွားနို့ဖျော်နေရုံတင်မကပဲ စစ်တပ်ခေါင်းဆောင်ကာ့ပါးလီယာက သူမနှင့် မလိုက်ဖက်သည့် ပုလင်းလေးကိုယူ၍ ၎င်းတို့ကိုခေါ်နေသည့် အနက်ရောင်သားပေါက်လေးကို ဂရုတစိုက်တိုက်ကျွေးနေသည်။


တိုက်ကျွေးနေစဉ်အတွင်းတွင် အစည်းအဝေးခန်းတစ်ခန်းလုံးတွင် သားပေါက်လေး၏ နို့သောက်နေသောအသံများနှင့် ပြည့်နှက်နေသည်။ ထိုအသံက နူးညံ့ပြီး စည်းချက်ညီ၏။ ဇက်မိဘများက ထိုအသံကိုနားထောင်၍ ၎င်းတို့၏ ကလေးလေးက လိုက်နာစွာဖြင့် နို့သောက်နေခြင်းကို မြင်သည့်အခါ မျက်ဝန်းများက ချက်ချင်း အရောင်လက်သွားကြသည်။ 


ကုဟွိုက်က နွားနို့ပုလင်းအသေးလေးကိုသောက်၍ မကြာမီတွင် အိပ်ချင်လာပြန်တော့သည်။ ထို့ကြောင့် သူက အစည်းအဝေးစားပွဲပေါ်တွင် အိပ်ပျော်သွားခဲ့လေ၏။ သူက သားပေါက်အရွယ်သာရှိသေးပြီး အစည်းအဝေး၏ အကြောင်းအရာကို နားမလည်ပေ။ ကုဟွိုက်က သူ့လုပ်ရပ်သည် အစည်းအဝေးပေါ်တွင် အကျိုးသက်ရောက်နိုင်ကြောင်း မသိချေ။


မည်သည့်ကိစ္စမဆို သူက ထိုကဲ့သို့ အိပ်နေတတ်လေ၏။ မျက်နှာချင်းဆိုင်ထိုင်နေကြသော ဇက်နှင့် ပိုးပိုလ်စ်တို့သည် အသံထွက်၍ အချိတ်အဆက်မလုပ်ကြပဲ စာပို့၍သာပြောဆိုနေကြသည်။ အစည်းအဝေးတစ်ခန်းလုံးက တိတ်ဆိတ်နေပြီး အနက်ရောင်သားပေါက်လေးက စားပွဲပေါ်တွင် သက်သောင့်သက်သာအိပ်နေ၏။


ဇက်များက ၎င်းတို့၏ဘုရင်ကို အလွန်ချစ်ကြ၏။ ပိုးပိုလ်စ်များက ဤသံတမန်ရေးရာအစည်းအဝေးတွင် ထိုအကြောင်းကိုနားလည်သွားခဲ့သည်။ စားပွဲပေါ်က အနက်ရောင်သားပေါက်လေးက ပိုးပိုလ်စ်မျိုးနွယ်စုများအား မကြိုက်နှစ်သက်သည့်ပုံစံမပြသည့်အတွက် မျိုးနွယ်စုနှစ်ခုကြားက သံတမန်ရေးရာသည် အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပြီးဖြစ်ပေ၏။


မှီခိုခြင်းကင်းမဲ့ခဲ့သောဇက်များက သံတမန်ရေးရာအားဖြင့် စေ့စပ်ချင်ရသည့် အကြောင်းပြချက်မှာ ကုဟွိုက်ကြောင့်ပင်ဖြစ်သည်။ ဇက်များက ၎င်းတို့၏သားပေါက်လေးကို ပျိုးထောင်ရင်း အလုပ်ရှုပ်လျက် စစ်ပွဲများအား စိတ်ပါဝင်စားရန်အချိန်မရှိပေ။ 


ပိုအရေးကြီးသည်က စစ်ပွဲများကို ကုဟွိုက်အား မမြင်စေချင်ပေ။ ယခင်ဇက်များအတွက်တော့ စစ်ပွဲသည် ကြားနေစကားလုံးဖြစ်၏။ ကောင်းသည်လည်းမဟုတ်၊ ဆိုးသည်လည်းမဟုတ်ပေ။ ဇက်များက သဘာဝအားဖြင့် သားရဲပုံစံရှိပြီး စစ်ပွဲများနှင့်လည်း အသားကျပြီးဖြစ်သည်။ ၎င်းတို့ကြည့်နေကြသည့် သားပေါက်ဘုရင်လေးက ကမ္ဘာပေါ်ရှိအရာအားလုံးနှင့်ပက်သက်ပြီး ဗဟုသုတ နည်းနေသေးသည်။ စစ်ပွဲဟူသည် လှပသည့်အရာမဟုတ်ဟု ဇက်များက ရုတ်တရက် ခံစားမိလိုက်ပြီး ကုဟွိုက်ကို မြင်တွေ့ခွင့်မပြုသင့်ပေ။


ထိုအကြံကိုရပြီးသည်နှင့် တူဆာနှင့်ကပ်ရပ်တွင်ရှိသောကြယ်ပေါ်ရှိ ကြယ်တာရာဓားပြများသည် အလုပ်ပြုတ်သွားကြသည်။ ထိုသည်က ဇက်များကို ရန်စခြင်းထက်မပိုပေ။


ကြယ်တာရာအနီးတွင်ရှိသောဓားပြများကို ဇက်များက လျင်မြန်စွာသတ်ဖြတ်လိုက်ကြပြီး အိမ်နီးချင်းများကလည်း သက်သောင့်သက်သာနေနိုင်သွားကြသည်။ ၎င်းတို့က ဇက်များသည် ရုတ်တရက်ကြီး ဘာကြောင့်များ ကူညီနေသလဲဟု မှန်းဆနေစဥ် ပိုးပိုလ်စ်များက သံတမန်ရေးရာတည်ထောင်ရန်အတွက် ရောက်လာကြသည်။


သံတမန်ရေးရာတည်ဆောက်ခြင်းက ငြိမ်းချမ်းခြင်းအတွက် အထောက်အကူဖြစ်ပြီး ဇက်များက ပိုးပိုလ်စ်များ လာရောက်လည်ပတ်ခြင်းကိုလည်း သဘောတူကြသည်။ တစ်ခုပြီးတစ်ခုနှင့် ဇက်များနှင့် ပိုးပိုလ်စ်တို့၏ သံတမန်ရေးရာက ကျယ်ပြန့်လာခဲ့သည်။ သားပေါက်လေးကို မွေးမြူပြီး နှစ်အနည်းငယ်အကြာတွင် ဇက်များက ကြီးမားသည့်တစ်စုံတစ်ရာနှင့် ဆုံလိုက်ရသည်။


ကုဟွိုက်နှင့် အလ်ဗ်နှစ်ယောက်လုံးက အသက်ငယ်ငယ်နှင့် လူပုံစံပေါက်လာကြသည်။ ကုဟွိုက်က ဇက်များပြင်ဆင်ပေးထားသည့် ဝတ်စုံအသေးကိုဝတ်ပြီး ဆိုဖာပေါ်တွင် ထိုင်နေသည်။ သူ့အရပ်က တစ်မီတာမျှသာ ရှိသေးသည်။ ကုဟွိုက်၏ လူပုံစံက နူးညံ့သည့် အနက်ရောင်ဆံပင်ရှိပြီး အနက်ရောင်မျက်ဝန်းနှစ်စုံနှင့် ကောင်းမွန်သည့် အသားအရေရှိသည်။ အသက်အလွန်ငယ်သေးသော်လည်း လှပချောမောပေ၏။


ကုဟွိုက်က ဆိုဖာပေါ်တွင် ရိုကျိုးစွာဖြင့်ထိုင်နေပြီး အဆင့်အတန်းရှိသောကလေးနှင့်တူသည်။ ကုဟွိုက်၏လူပုံစံက ဇက်များ၏ လက္ခဏာနှင့် မတူညီပေ။ သားပေါက်ပုံစံတုန်းက သေးငယ်သည့်ဦးချိုလေးက မကျန်ရှိတော့ပဲ ရွှေရောင်မျက်ဝန်းက အနက်ရောင်သို့ပြောင်းကာ မျက်ဆံများက ဝိုင်းစက်သွားသည်။ ကုဟွိုက်ကို လူသားကလေးဟု လွယ်လွယ်ကူကူ အထင်မှားနိုင်၏။


သို့သော်လည်း ဇက်များက ဂရုမစိုက်ပေ။ ကုဟွိုက်၏လူပုံစံကို သူတို့ပထမဆုံးတွေ့ရချိန်တွင် သူတို့၏မျက်ဝန်းများ တောက်ပသွားခဲ့သည်။ ဇက်များ၏အမြင်တွင်တော့ ကုဟွိုက်၏ ငယ်ရွယ်စဉ်ဘဝတွင် စောစောစီးစီး လူလားမြောက်သည့်ပုံစံက အလွန်ချစ်ဖို့ကောင်းနေခဲ့၏။


တူညီသည့်လူပုံစံဖြစ်သော်လည်း အလ်ဗ်ကတော့ ကုဟွိုက်နှင့်မတူပေ။ သူ၏လူပုံစံက ချက်ချင်းမှတ်မိနိုင်သော မျိုးနွယ်စုလက္ခဏာများ ပါဝင်သည်။ သူ့မျက်ဝန်းများက ပေါ့ပါးသည့် ရွှေရောင်ဒေါင်လိုက်မျက်ဆံများရှိပြီး အနောက်တွင်‌တော့ ငွေမှင်ရောင်အမြီးရှိသည်။ အလ်ဗ်က ကုဟွိုက်ထက်အရပ်ရှည်ပြီး ၁.၁ မီတာထက်တော့ မကျော်လွန်ပေ။ သူက အခုဆိုလျှင် သုံးနှစ်ခွဲရှိပြီဖြစ်၏။


ကုဟွိုက်က သူ၏လူပုံစံကို စိတ်မဝင်စားဘဲ အလ်ဗ်ကိုသာ စိတ်ဝင်စားနေသည်။ သူသားပေါက်အရွယ်တုန်းက ကုဟွိုက်က အလ်ဗ်၏ အမြီးနားတွင် မှီခိုနေတတ်သည်။ ကုဟွိုက်က အလ်ဗ်၏အမြီးကိုကြည့်ပြီနောက် သူ့အနောက်သူပြန်ကြည့်ကာ မျက်တောင်ခတ်၍ ပြောသည်။ “အမြီး”


ကုဟွိုက်က သူ့တွင် အမြီးမရှိကြောင်းဆိုလိုနေခြင်းဖြစ်၏။ ထိုစကားလုံးတစ်လုံးတည်းနှင့် သူပြောသည့်အကြောင်းကို တခြားသူများက နားမလည်နိုင်သော်လည်း အလ်ဗ်ကတော့ ချက်ချင်းနားလည်လိုက်သည်။ ထိုအချိန်တွင် သူက သူ့အမြီးကို ကုဟွိုက်၏လက်နားသို့ တိတ်တဆိတ် တိုးသွားလိုက်သည်။ ကုဟွိုက်တွင် အမြီးမရှိသည့်အတွက်ကြောင့် အလ်ဗ်က သူ့အမြီးကိုပေးလိုက်ခြင်းဖြစ်သည်။ ကုဟွိုက်က အလ်ဗ်၏အမြီးကို ခေတ္တမျှကိုင်ထားပြီး လုံလောက်အားရသွားမှလွှတ်ပေးလိုက်သည်။


“အရှင်..ဒီအဝတ်အစားတွေကို အခုထိ ကြိုက်ပါသေးလား..” အလ်ဗ်က ကုဟွိုက်အရှေ့တွင် ဒူးထောက်လျက် သူ့မျက်ဝန်းများက နူးညံ့နေသည်။ ကလေးငယ်က အဝတ်အစားနှင့်ပက်သက်၍ စိတ်ဝင်စားမှု အနည်းငယ်ရှိပြီး ဝတ်ရအဆင်ပြေသောကြောင့် ကုဟွိုက် ခေါင်းညိတ်လိုက်သည်။


သူ၏ လူပုံစံက သားပေါက်ပုံစံထက်ပို၍ အများကြီး သွားလာလှုပ်ရှားရ အဆင်ပြေ၏။ ကုဟွိုက်က လှုပ်ရှားသွားလာမှုအားလုံးကို စိတ်ဝင်စားသည်။ သူသည် ဆယ်မိနစ်ခန့်ကြာအောင် ခြံဝင်းထဲတွင် ငှက်ဖမ်းခဲ့သော်လည်း ကံမကောင်းစွာဖြင့် မဖမ်းနိုင်ခဲ့ပေ။


ငှက်လေးက အဝါရောင်ငှက်မွှေးများရှိကာ လူတွေကိုကြောက်သည့်ပုံမပေါ်ပေ။ တစ်ယောက်ယောက်က ဖမ်းဖို့ကြိုးစားလျှင် ငှက်က သူ့တောင်ပံကို တဖျပ်ဖျပ်လှုပ်လိုက်ကာ မြေပြင်ပေါ်မဦးတည်ခင် အကွာအဝေး အနည်းငယ်ပျံသန်းလေ့ရှိသည်။ သူ့ဘာသာ ငှက်မဖမ်းနိုင်လျှင် ဘယ်လိုလုပ်ရပါ့မလဲ။