အခန်း၁၀၃
Viewers 10k

Chapter 103

Chapter 103


ကုဟွိုက်အတွက်တော့ ထိုမေးခွန်းက သူတွေးတောရမည့်မေးခွန်းမဟုတ်ချေ။ သူက အလ်ဗ်အပေါ်တွင် မှီခိုခဲ့ခြင်းကြာမြင့်ပြီး သူ့မိဘများအပေါ်တွင်လည်း ထိုနည်း၎င်းဖြစ်သည်။ ကုဟွိုက်က ငှက်ကိုကြည့်လိုက်ကာ မပျံသန်းသေးကြောင်း အတည်ပြလိုက်သည်။ သူက အလ်ဗ်ဆီသို့ လျင်မြန်စွာဖြင့် သွားလိုက်၏။ တစ်စုံတစ်ခုကို မရရှိနိုင်လျှင် ကုဟွိုက်က အလ်ဗ်နှင့်တွေ့သောအခါ မျက်လုံးထဲတွင် အရည်ကြည်များဖြင့် လုပ်ပြလေ့ရှိသည်။


ယခုလည်း ထိုနည်းတူသာဖြစ်သည်။ ကုဟွိုက်၏မျက်ဝန်းထဲတွင် အရည်ကြည်များဝေ့ဝဲနေလျက် အလ်ဗ်ကို ထိုပုံစံအတိုင်းကြည့်နေသည်။ ထို့နောက် သူက ခပ်လှမ်းလှမ်းက မြေပြင်ပေါ်တွင် ဆိုက်ရောက်နေသည့် အဝါရောင်ငှက်ကလေးကို လက်ညှိုးညွှန်ပြလိုက်သည်။


“လိုချင်တယ်..” ကုဟွိုက်က လျင်မြန်စွာ တောင်းဆိုလိုက်သည်။


မျက်စိတစ်မှိတ်အတွင်း အလ်ဗ်က ကုဟွိုက်ညွှန်ပြသည့် ငှက်ကလေးကိုဖမ်းလိုက်ပြီး ကုဟွိုက်လက်ထဲတွင် ထည့်ပေးလိုက်သည်။ ကုဟွိုက်က ငှက်ကို အရှင်အတိုင်း လိုချင်သည်ဟုထင်သည့်အတွက် အလ်ဗ်က ငှက်ကို ထိခိုက်အောင်မလုပ်ခဲ့ပေ။


ကုဟွိုက်၏ လက်သေးသေးလေးက ငှက်ကိုကိုင်ရန် ခဲယဉ်းနေသော်လည်း အလ်ဗ်က ၎င်း၏ဘေးတွင်ရပ်နေရာ ငှက်၏ရှင်သန်လိုသောဗီဇကြောင့် ငှက်က မရုန်းကန်ရဲပေ။ ကုဟွိုက်က ငှက်ကို ဘာမှမလုပ်ခဲ့ပေ။ သူက ငှက်များကို ညင်သာစွာကိုင်ပြီး ငှက်၏တောင်ပံများကို သိချင်စိတ်ဖြင့် ကိုင်ကြည့်နေသည်။ ကိုင်ကြည့်ပြီးနောက်တွင် ကုဟွိုက်က သူ့လက်ကိုဆန့်ထုတ်ကာ ငှက်ကို အဝေးသို့ ပျံသန်းခွင့်ပြုလိုက်သည်။


ငှက်က ပျံသန်းနိုင်ခဲ့၏။ အမြင့်ဆုံးတစ်နေရာထိ ပျံသန်းပြီးကြည့်ရသည့် ရှုခင်းက ဘယ်လိုပုံစံများရှိလိမ့်မလဲ။ ကုဟွိုက်က သဘာဝအားဖြင့် စိတ်ကူးကြည့်လိုက်မိသည်။ သူက မပျံသန်းနိုင်သော်လည်း မြင့်မားသည့်နေရာများတွင်တော့ သွားနိုင်သည်။ ကုဟွိုက်က ထိုအတွေးဖြင့် သူ့အရှေ့က တက်ခ်ဇက်ကို ဖက်လိုက်သည်။ သူ့မိဘများ၏ ပုခုံးပေါ်သို့ ညင်သာချောမောစွာရှိနေပြီး ကုဟွိုက်က ပျော်ရွှင်နေတော့သည်။


ဇက်များက ကြီးပြင်းလာသည့်တစ်လျှောက်တွင် အလိုလိုက်ထားကြရာ ကုဟွိုက်ကလည်း တော်တော်လေးကို အလိုလိုက်ခြင်းခံထားရ၏။ မွေးဖွားလာပြီးကတည်းက ကုဟွိုက်က ဘာမှမရှိခဲ့သည့်အတွက် တစ်ဇွတ်ထိုးလုပ်တတ်လာခဲ့သည်။ သူက သူလိုချင်သောအရာများကိုသာ လွတ်လွတ်လပ်လပ်လုပ်ပြီး တခြားကိစ္စများကို သိပ်ဂရုစိုက်လေ့မရှိပေ။ 


သို့သော်လည်း ခံစားချက်ချို့တဲ့နေသည့် ဇက်များ၏ ချစ်ခြင်းနှင့် ဂရုစိုက်ခြင်းများကို ခံထားရသည့်အတွက် ကုဟွိုက်ကလည်း သူ့နှလုံးသားထဲတွင် တူညီသောကြင်နာသိမ်မွေ့မှုများကို ပျိုးထောင်လာခဲ့သည်။ သူဘာပဲလုပ်လုပ် ကုဟွိုက်က တခြားသူများ ထိခိုက်ရန် အရင်စမလုပ်ပေ။


သူ့ကို ဒီလိုအရာများမလုပ်ရဟု သူ့မိဘများနှင့် အလ်ဗ်က ပြောထားသည့်အတွက် သူက လိုက်နာရှာသည်။ သူ့မိဘများနှင့် အလ်ဗ်က သူ့ကို ဘယ်တော့မှ ထိခိုက်စေမည်မဟုတ်ပေ။ မလုပ်သင့်သည့်အရာများကို မလုပ်ရဟုပြောလျှင် ထိုအရာက ဆိုးရွားနေလို့သာဖြစ်လိမ့်မည်။


“ကာရု..” ကုဟွိုက်က သူ့ကိုချီထားသောတက်ခ်ဇက်ကို ခေါ်လိုက်သည်။ သားပေါက်လေးဆီမှ အခေါ်ခံလိုက်ရသည့် တက်ခ်ဇက်က တိုးညင်းစွာဖြင့် ရှုးရှုးရှဲရှဲအသံပြုလိုက်သည်။


“ကာရုက အရပ်အရှည်ဆုံးပဲ..” ကုဟွိုက်၏မျက်ဝန်းများက ထိုစကားကိုပြောနေရင်း တောက်ပနေခဲ့သည်။ ကုဟွိုက်မြင်ဖူးသမျှ ဇက်များထဲတွင် သူ့ကိုချီထားသည့်တက်ခ်ဇက်ကသာ အမှန်တကယ် အရပ်အရှည်ဆုံးဖြစ်သည်။ ကာရု၏ပုခုံးပေါ်တွင် သူထိုင်လိုက်သည့်အချိန်တိုင်း အဝေးဆုံးက ရှုခင်းများကို မြင်တွေ့နိုင်သည်။ တိုးညင်းသည့် ရှုးရှဲအသံထွက်လာပြန်သည်။ အဆင့်နိမ့်တက်ခ်ဇက်များက စကားမပြောနိုင်သည့်အတွက်ကြောင့် ၎င်းတို့ချစ်မြတ်နိုးရသော သားပေါက်လေးကို ရှုးရှုးရှဲရှဲအသံများဖြင့်သာ တုံ့ပြန်နိုင်သည်။


ကုဟွိုက်က လူပုံစံပေါက်ပြီးပြီးချင်းတွင် တက်ခ်ဇက်များကို နာမည်များပေးခဲ့သည်။ ၎င်းတို့အားလုံးတွင် နာမည်ရှိကြသည့်အတွက် ကုဟွိုက်က သူ့မိဘများတွင်လည်း နာမည်များရှိမှဖြစ်မည်ဟု ခံစားမိသည်။


ကုဟွိုက်က လူပုံစံကူးပြောင်းပြီးသည့်အတွက် နို့သောက်ရန်အတွက် ပုလင်းသေးသေးလေးကို မလိုအပ်တော့ပေ။ ၎င်းက ဇက်များကို အလွန်အမင်းနောင်တရစေ၏။ သို့သော်လည်း နို့ဗူးကိုင်ထားသည့်ဘုရင်က အခုထိ ချစ်ဖို့ကောင်းနေဆဲဖြစ်သည်။


အမှန်တွင်တော့ ကုဟွိုက်က အခုဆိုလျှင် အသက်သုံးနှစ်ခွဲရှိပြီဖြစ်ပြီး နို့သောက်ရန်မလိုအပ်တော့ပေ။ ကုဟွိုက်က မငြင်းသည့်အတွက်ကြောင့်သာ ဇက်များက ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်သည့်ဆန္ဒများနောက်လိုက်ကာ ကုဟွိုက်ကို လတ်ဆတ်သည့် နွားနို့တစ်ခွက်နေ့တိုင်းဆက်တိုက်နေခြင်းဖြစ်၏။


ကုဟွိုက်၏ လက်ရှိအရပ်အမြင့်က သူဆိုဖာပေါ်တွင်ထိုင်နေချိန် ခြေထောက်က မြေကြီးကိုမထိသည့်အနေအထားတွင်ရှိနေသည်။ ကုဟွိုက်က ထိုင်လျက်နို့သောက်နေပြီး ကြီးကြပ်ရေးမှူးက သူ့ဘေးတွင်ရပ်ကာ ဓာတ်ပုံများရိုက်နေ၏။ ကုဟွိုက်၏ လူပုံစံရောက်နေသောဘဝက သားပေါက်ပုံစံရှိသောဘဝနှင့် သိပ်မကွာခြားပေ။ သူက အခုထိ တူဆာပေါ်တွင် အချစ်ခံနေရဆဲဖြစ်ပြီး ဇက်များကလည်း သူ့ကို အမြဲချစ်ခင်ကြသည်။


တစ်နေ့ရောက်သည်အထိ ကုဟွိုက်က ကြယ်တာရာကွန်ရက်စာမျက်နှာပေါ်ကိုညွှန်ပြကာ ထိုနေရာတွင် ကျောင်းတက်ချင်ကြောင်းပြောခဲ့သည်။ ကုဟွိုက်၏အနားတွင်ရှိနေကြသော ဇက်များက ကြယ်တာရာကွန်ရက်စာမျက်နှာကို ချက်ချင်းကြည့်ရှုလိုက်ကြသည်။


—ဟီလိုရီအန် မူလတန်းကျောင်းဖြစ်သည်။ ကြယ်တာရာမဟာမိတ်အဖွဲ့တွင် မျိုးနွယ်စုများအားလုံးအတွက် မူလတန်းကျောင်းရှိသည်။ ကျောင်းအနေအထားက သာလွန်နေပြီး မည်သည့်ရှုထောင့်ကကြည့်ကြည့် အမှတ်ပြည့်ရလျက်ရှိသည်။ ကြယ်တာရာမဟာမိတ်အဖွဲ့မှ အသိအမှတ်ပြုထားသည့် မူလတန်းကျောင်းပင်။


တူဆာရှိဇက်များသည် ကုဟွိုက်ကို မူလတန်းကျောင်းပို့ရန် ၁၀၀၀၀ ရာခိုင်နှုန်း ဝန်လေးနေကြ၏။ ဘုရင်က မူလတန်းကျောင်းသွားမည်ဆိုလျှင် ထိုအဓိပ္ပာယ်က ၎င်းတို့ကို ထားသွားခြင်းမဟုတ်ပါလား။ ၎င်းတို့၏ဘုရင်က သားပေါက်လေးသာဖြစ်ပြီး ဂရုစိုက်ခြင်းကို လိုအပ်နေသေးသည်။ ၎င်းတို့မမြင်နိုင်သည့်နေရာသို့ သူ့ကို ဘယ်လိုများပို့ရပါ့မလဲ။ ထိုနေရာမှာ ဘုရင်က တစ်ယောက်ယောက်ဆီက အနိုင်ကျင့်ခံရလျှင် ဘယ်လိုလုပ်မလဲ။


စက္ကန့်အနည်းငယ်အတွင်းတွင် ဇက်များ၏စိတ်ထဲတွင် အပျက်သဘောဆောင်သည့်အလားအလာများက ပေါ်ပေါက်လာရပြီး အားလုံးတွင် ငြင်းဆန်သည့်အချက်ပြမှုများဖြစ်ပေါ်လာရသည်။


“သွားလို့မရဘူးလား..” ကုဟွိုက်က သူညွှန်ပြသည့်နေရာမှလက်ကိုပြန်ဆုတ်လိုက်ရင်း ဆိုဖာပေါ်တွင်ထိုင်လျက် သူ့မိဘများကို ရိုကျိုးစွာဖြင့် ကြည့်နေသည်။ ဇက်များက ကုဟွိုက်၏မျက်လုံးထဲရှိ သိချင်စိတ်နှင့် မျှော်လင့်ချက်များကို လွယ်လွယ်ကူကူတွေ့နိုင်သည်။ ၎င်းတို့၏ခေါင်းထဲရှိ ငြင်းဆန်မှုများက ရုတ်တရက် ချောင်ပိတ်မိသွားကာ နှလုံးသားများက ပြင်းထန်စွာဖြင့် ရုန်းကန်လာတော့သည်။


တစ်ဖက်တွင်တော့ ၎င်းတို့သည် ကုဟွိုက်၏ဆန္ဒများကို ဖြည့်ဆည်းပေးချင်ပါသည်။ တစ်ဖက်တွင်လည်း ကုဟွိုက်ကို တူဆာမှလွှတ်ပေးလိုက်ရန် အမှန်တကယ် ဝန်လေးနေကြ၏။


“အရှင်..တကယ်သွားချင်တာလား..” ကာ့ပါးလီယာက အသံတိုးတိုးဖြင့် မေးလိုက်သည်။


ကုဟွိုက်က ခေါင်းညိတ်၍ ပြုံးလိုက်ပြန်သည်။ “ကျိုး.. ကျိုး… အလ်ဗ်လည်း အတူတူလိုက်ရမယ်..”


ကုဟွိုက်၏ အပြုသဘောဆောင်သည့်အဖြေက ဇက်များကို ငြင်းဆန်ရခက်ခဲစေခဲ့သည်။ မည်မျှပင် ဝန်လေးနေပါစေ၊ ကုဟွိုက်၏ဆန္ဒကိုသာ ပထမရွေးချယ်မှုအနေဖြင့် ဦးစားပေးပါသည်။


ထို့ကြောင့် စစ်တပ်ခေါင်းဆောင်သုံးယောက်နှင့် တူဆာ၏ စီနီယာအဖွဲ့ဝင်များသည် ကုဟွိုက်နှင့်အလ်ဗ်ကို ဟီလိုရီအန် မူလတန်းကျောင်းသို့ပို့ရန် ဆုံးဖြတ်ချက်မချသေးခင် မည်သည့်မျက်နှာထားမှမရှိပဲ အစည်းအဝေးခန်းထဲတွင် နာရီပေါင်းများစွာ အစည်းအဝေးထိုင်ခဲ့ကြသည်။ 


မူလတန်းကျောင်းက စက်တင်ဘာလတွင် စတင်ပြီး အခုက ဩဂုတ်လဖြစ်သည်။ ထိုအချိန်က ကျောင်းအပ်ရန် အလွန်နောက်ကျနေပြီဖြစ်၏။ ဇက်များက ကုဟွိုက်ကိုခွင့်ပြုပြီးနောက်မှ စိတ်မပျက်စေလိုပေ။ စစ်တပ်ခေါင်းဆောင်သုံးယောက်၏ အမိန့်အရ ဝန်ထမ်းအကြီးအကဲက ထိုကိစ္စကိုဆွေးနွေးရန် ကြယ်တာရာမဟာမိတ်အဖွဲ့နှင့် တိုက်ရိုက်ဆက်သွယ်ခဲ့သည်။


လတ်တလောနှစ်များတွင် ဇက်များက များစွာသောမျိုးနွယ်စုများနှင့် သံတမန်ရေးရာကို တည်ထောင်ခဲ့ကြပြီး ကြယ်တာရာမဟာမိတ်အဖွဲ့နှင့်ဆက်စပ်သည့် များစွာသော အမှုအခင်းများကို ကူညီပေးခဲ့သည်။ ကြယ်တာရာမဟာမိတ်အဖွဲ့က ဇက်များကို သတိရှိရှိနေစရာမလိုတော့ပဲ အန္တရာယ်ရှိသည့်စာရင်းမှ ထုတ်လိုက်ပြီးဖြစ်သည်။ ယခုဆိုလျှင် မူလတန်းကျောင်းလျှောက်ခြင်းနှင့်ပက်သက်ပြီး ဇက်များဆီမှ စာတစ်စောင်ကို ရုတ်တရက် ရရှိခဲ့ကာ ကြယ်တာရာမဟာမိတ်အဖွဲ့က စီမံခန့်ခွဲရေးချုပ်က ကြက်သေသေသွားကြရသည်။ 


“ဘယ်သူ့ကို ကျောင်းအပ်မလို့ပါလဲ..” ကြယ်တာရာမဟာမိတ်အဖွဲ့က ထိုမေးခွန်းကိုမေးရတော့သည်။ ဇက်များက အရွယ်ရောက်သည့်အချိန်မှသာ လူပုံစံတိုးတက်သည့်အတွက် မူလတန်းကျောင်းတက်ရန်တော့ မဖြစ်နိုင်ပေ။


ကြီးကြပ်ရေးမှူးက ပြန်ပြောလိုက်သည်။ “အရှင်နဲ့ သခင်လေး အလ်ဗ်ပါ..” 


ကြယ်တာရာမဟာမိတ်အဖွဲ့၏ စီမံခန့်ခွဲရေးချုပ်က အေးခဲသွားရသည်။ သူတို့ကြားလိုက်တာ မှန်ပါရဲ့လား။ ဇက်ဘုရင်နှင့် ဂုဏ်ပုဒ်အရ တခြားတစ်ဖက်ကလည်း ဇက်မျိုးနွယ်စုတွင် မြင့်မားသောအဆင့်အတန်းရှိကြောင်း ခန့်မှန်းရနိုင်သည်။ ၎င်းတို့အများစုက အယ်လ်ဖာအဆင့်ဇက်များဖြစ်ကြပေ၏။ ၎င်းတို့နှစ်ယောက်က ပြည်ထောင်စုအဖွဲ့ချုပ်မှ တည်ထောင်ထားသည့် မူလတန်းကျောင်းတွင် တက်ချင်နေသည်တဲ့လား။


၎င်းတို့ခံစားချက်က ဘာပဲဖြစ်ဖြစ် မဟာမိတ်အဖွဲ့က ချက်ချင်းတုံ့ပြန်လိုက်ကာ ၎င်းတို့လက်အောက်ငယ်သားများထံသို့ ဆက်သွယ်မှုများ ပို့လွှတ်လိုက်သည်။ ဇက်ကြီးကြပ်ရေးမှူးက ၎င်းတို့နှင့် ကိုယ်ရေးကိုယ်တာအားဖြင့် အဆက်အသွယ်ရှိခဲ့သည့်အတွက် ကြယ်တာရာမဟာမိတ်အဖွဲ့၏ ဌာနချုပ်သည် ဇက်များက ၎င်းတို့နှင့်ဆက်သွယ်ရန် တစ်စုံတစ်ခုဖြစ်ခဲ့သည်ဟုထင်နေသည်။


ရလဒ်ကတော့ မူလတန်းကျောင်းအပ်ရန်ကိစ္စနှင့်သာ သက်ဆိုင်နေသည်။


ဆက်သွယ်ပြီးသည်နှင့် ကြယ်တာရာမဟာမိတ်အဖွဲ့မှ စီမံခန့်ခွဲရေးချုပ်သည် ခေတ္တမျှဆွံ့အသွားခဲ့ပြီး မူလတန်းကျောင်းနှင့်ပက်သက်သည့်ကိစ္စများတွင် တာဝန်ကျသည့်သူက အထက်လူကြီးများဆီမှ ညွှန်ကြားချက်များလက်ခံရရှိပြီး အခြေအနေကိုနားလည်ပြီးနောက် တုန်ယင်နေခဲ့သည်။


ဇက်ဘုရင်နှင့် အယ်လ်ဖာအဆင့်ဇက် နှစ်ယောက်လုံးသည် ဇက်မျိုးနွယ်စုတွင် ပြိုင်ဘက်ကင်းသည့် အဆင့်အတန်းရှိသည်။ ထိုအကြောင်းကိုတွေးရင်းနှင့် ဟီလိုရီအန် မူလတန်းကျောင်း၏ ကျောင်းအုပ်ခမျာ စိုးရိမ်မှုကြောင့် ဇောချွေးထွက်နေရသည်။


သူ၏အထက်လူကြီးများက သာမာန်အချိန်များတွင် ဆက်သွယ်လေ့မရှိသည့်အတွက် ကျောင်းအုပ်က ကိစ္စရပ်များကို စတင်၍ စီစဉ်ရတော့သည်။ သူမည်မျှပင် စိုးရိမ်နေပါစေ၊ ပညာရေးရုံးချုပ်မှဝန်ထမ်းကို ကုဟွိုက်နှင့် အလ်ဗ်၏ အချက်အလက်များကို ဖြည့်သွင်းပေးထားရန် တောင်းဆိုရတော့သည်။ ကလေးနှစ်ယောက်ကို တစ်တန်းတည်းထားပေးရန်လည်း ပြောခဲ့ရသေး၏။


အနာဂတ်က အမြဲတမ်းရောက်ရှိလာတတ်သည်။ မျက်စိတစ်မှိတ်အတွင်းတွင် ဩဂုတ်လက ကုန်ဆုံးသွားခဲ့ပြီး စက်တင်ဘာလတွင်စခဲ့သော စာသင်နှစ်က ဦးကြိုရောက်လာခဲ့သည်။ ဟီလိုရီအန် မူလတန်းကျောင်းက တူဆာနှင့်သိပ်မဝေးသည့် လီနာကြယ်ပေါ်တွင် တည်ရှိသည်။ ယူးလာစစ်သင်္ဘော၏ အမြန်နှုန်းကြောင့် နေ့တစ်ဝက်နှင့်ပင် ရောက်ရှိနိုင်၏။


ကုဟွိုက် ကျောင်းမတက်ခင်နေ့တွင် တူဆာပေါ်ရှိဇက်များအားလုံးက စိတ်ကျရောဂါအခြေအနေနှင့် မကြုံစဖူး ကြုံခဲ့ကြရသည်။ ၎င်းတို့အားလုံးက အေးစက်ပြီး ခံစားချက်ကင်းမဲ့နေသော်လည်း စိတ်ခံစားချက်မကောင်းသည့်အခြေအနေတွင်ရောက်နေမှန်း သိသာလွန်း၏။ သို့သော် ဖြစ်နိုင်သည်က ၎င်းတို့သည် ကျောင်းကို ဒေါကန်၍ ပေါက်ကွဲချင်နေသည်သာဖြစ်၏။



ထိုကဲ့သို့သော အလွန်အမင်းစိတ်ကျမှုကြောင့် တူဆာပေါ်ရှိဇက်များတွင် ထိုအတွေးကိုတောင်တွေးမိခဲ့ကြသည်။


၎င်းတို့သည် ယူးလာစစ်သင်္ဘောဆီသို့ ဦးတည်ပြီး ကျောင်းကို စက်သေနတ်များဖြင့် ဗုံးဖောက်မည်။ ထိုမှသာ ဘုရင်က ကျောင်းမသွားရတော့မည်ဖြစ်၏။