အခန်း၁၀၄
Viewers 10k

Chapter 104

Chapter 104


သို့သော်လည်း ကုဟွိုက်က သွားချင်နေသည်။ ဇက်များက ထိုအကြောင်းကိုတွေးမိပြီး လက်တွေ့ကို လက်ခံရတော့သည်။ ကလေးများကျောင်းသွားလျှင် ကျောင်းလွယ်အိတ်လွယ်ရသည်ဟု ကြားဖူးကြသည်။ တခြားကလေးများတွင်လည်း ရှိကြသည့်အတွက် ဇက်များက ကုဟွိုက်အတွက်လည်း ပြင်ဆင်ပေးခဲ့ကြ၏။


မထွက်ခွာခင်နေ့တွင် ကုဟွိုက် နွေးထွေးသည့် အဝါရောင်လွယ်အိတ်လေးကိုလွယ်ကာ သူ့မိဘများထံသို့ပြေးသွားသည်။ ထုံးစံအတိုင်း သူက ဆွဲထုတ်လာခဲ့သည့် လှပသောငှက်မွှေးများကို သူ့မိဘများထံ ပြလေ့ရှိပြီး အခုဆိုလျှင်တော့ ကုဟွိုက်က ထိုနည်းအတိုင်း ဇက်များကို ကျောင်းလွယ်အိတ်လေးအား ပြသသည်။


“အရှင်က ဒီလိုပုံစံမျိုးတွေကိုကြိုက်တယ်ဆိုရင် ဒီလက်အောက်ငယ်သားက အများကြီးဝယ်ပေးနိုင်ပါတယ်...”  ကြီးကြပ်ရေးမှူးက ခေါင်းငုံ့ရင်းပြောလိုက်သည်။ “ဘာအရောင်ကိုကြိုက်ပါသလဲ...”


ကုဟွိုက်က နွေးထွေးသည့် အဝါရောင် ကျောင်းလွယ်အိတ်လေးကို သူ့အနောက်တွင်ထားလိုက်ပြီး သူ့အရှေ့က သူ့မိဘများကိုပြောလိုက်သည်။ “ဘာမှမလိုဘူး ဒီဟာကိုကြိုက်တယ်...”


ကလေးငယ်၏အသံက အခုထိ ညင်သာ နူးညံ့နေဆဲဖြစ်သည်။ ကုဟွိုက်တွင် အိစက်သောအနက်ရောင်ဆံနွယ်များရှိပြီး ချောမောသည့်နဖူးပေါ်တွင် ဆံနွယ်အပါးလေးများ ကျဆင်းနေခြင်းက ရိုးကျိုးသည့်ပုံပေါ်စေသည်။ ထိုသဘောက ဇက်များကို ခုံခံနိုင်စွမ်း လုံးဝမရှိဟု ဆိုလိုခြင်းဖြစ်သည်။ မူလတန်းကျောင်းတွင် ၎င်းတို့ဘုရင်က ချစ်စရာအကောင်းဆုံးဖြစ်မည်ဟု ဇက်များအားလုံးက လက်ခံကြသည်။


နောက်တစ်နေ့မနက် သူအပြင်ထွက်သည်နှင့် တူဆာ၏လေဆိပ်တွင် ကုဟွိုက်နှင့် အလ်ဗ်၏ ယူးလာစစ်သင်္ဘောပေါ်တက်သည့်ပုံစံအား ဇက်များအားလုံးက ကြည့်နေကြသည်။ ကုဟွိုက်က တံခါးပေါက်တွင် ရပ်နေ၏။ သူက သုံးနှစ်ခွဲသာရှိသေးသော်လည်း ကုဟွိုက်က သူ့ဇက်များ၏ ဝန်လေးနေမှုကို ခံစားသိရှိနိုင်သည်။


ကုဟွိုက်က သူတို့ကို တည်ကြည်သောမျက်နှာထားဖြင့်မပြောခင် တွေးလိုက်သေးသည်။ “လွမ်းနေမှာပါ..”


ထိုစကားက ဇက်များ၏ စိတ်အားငယ်မှုကို အနည်းငယ် ပြေပျောက်စေသော်လည်း အခုထိ ဝန်လေးနေဆဲဖြစ်သည်။


ကုဟွိုက်က သေးငယ်သည့်ကျောင်းလွယ်အိတ်လေးကိုလွယ်ကာ မျက်တောင်ခတ်လိုက်သည်။ “နောက်သုံးရက်ကျရင် ကျောင်းကိုလာကြိုပေးနိုင်မလား...”


ဟီလိုရီအန် မူလတန်းကျောင်းက သုံးရက်ကျောင်းတက်ရပြီး သုံးရက် အနားယူရသည့်စနစ်ရှိသည်။ ထို့ကြောင့် ကုဟွိုက်က မေးလိုက်ခြင်းဖြစ်သည်။


“ဒါပေါ့ ဒီလက်အောက်ငယ်သားက လာကြိုပါ့မယ်...” ကြီးကြပ်ရေးမှူးက သူ့ဘေးတွင်နေ၍ ချက်ချင်းပြန်ပြောလိုက်သည်။


အံ့အားသင့်စရာကောင်းသည့် ယူးလာရေတပ်သင်္ဘောအစုက ခုတ်မောင်းလာခဲ့သည်။ အဓိကသင်္ဘောမှလွဲ၍ တခြားသော ယူးလာစစ်သင်္ဘောများသည် အစောင့်သင်္ဘောများသာဖြစ်သည်။ အဓိကသင်္ဘောပေါ်တွင် ကုဟွိုက်က အလ်ဗ်ကို နယ်ဘူလာနှင့် ဖောက်ထွင်းမြင်နိုင်သည့် ပြတင်းပေါက်အပြင်မှ အမည်မသိဂြိုဟ်များကိုကြည့်ရန် ဆွဲခေါ်လာသည်။ လှပသည့်တစ်စုံတစ်ခုကိုတွေ့သည်နှင့် သူ့ဘေးက တက်ခ်ဇက်များကိုလည်း လက်ညှိုးညွှန်ပြသည်။


“ရှုး…”


သားပေါက်လေးက လှပသည်ဟုပြောသောကြောင့် ကုဟွိုက်ကိုချစ်သည့်တက်ခ်ဇက်များက ရှုးရှဲအသံပြုလိုက်ကာ ဘယ်ဘက်လက်ဖျံကိုမြှောက်၍ ကုဟွိုက်၏ နူးညံ့သည့် အနက်ရောင်ဆံနွယ်လေးကို ကိုင်တွယ်ပွတ်သပ်လိုက်သည်။ ယင်းမှာ ဇက်များက ပြုမူသည့် ‘ပွတ်သပ်ခြင်း’ ပုံစံဖြစ်ပေသည်။


လီနာကြယ်က အနက်ရောင်ယူးလာစစ်သင်္ဘောများကြောင့် ထိတ်လန့်သွားရသည်။ ဂြိုဟ်ပေါ်မှလူများသည် ဇက်များက ၎င်းတို့၏ဘုရင်ကို မူလတန်းကျောင်းသို့ ပို့ဆောင်သည့်သတင်းကို မသိရှိရသေးခင်တွင် စိတ်မသက်မသာဖြစ်နေခဲ့သည်။ ဇက်ဘုရင်က ဟီလိုရီအန် မူလတန်းကျောင်းသို့တက်သည်တဲ့။ ထိုသတင်းထွက်ပေါ်လာသည်နှင့် ကြယ်တာရာကွန်ရက်တစ်ခုလုံးက ပွက်ပွက်ဆူသွားခဲ့ပြီး ဆွေးနွေးမှုများစွာရှိသွားခဲ့သည်။ ဆွေးနွေးမှုအလယ်ဗဟိုတွင်ရှိနေသည့်သူဖြစ်သည့် ကုဟွိုက်က ကျောင်းဝင်ပေါက်တွင် ဇက်များ၏ ပို့ဆောင်ခြင်းကိုခံရသည်။ သူ့မိဘများကို နှုတ်ဆက်ပြီးသည်နှင့် သူနှင့်အလ်ဗ်သည် အတန်းထဲသို့ အတူတူသွားကြသည်။


မူလတန်းကျောင်းက အဆင့်သုံးဆင့်ခွဲထားသည်။ အသက် သုံးနှစ်နှင့် လေးနှစ်ရှိသည့်ကလေးများက ပထမအဆင့်တွင်ဖြစ်ပြီး ကုဟွိုက်နှင့် အလ်ဗ်က A1 (၃) အတန်းတွင်ကျသည်။


ကလေးများက ဟီလိုရီအန် မူလတန်းကျောင်းသို့ နေ့လယ်ဘက်အချိန်တွင် တင်ပြမှုများလုပ်ဆောင်ရသည်။ ကုဟွိုက်နှင့် အလ်ဗ်က အတန်းထဲသို့ရောက်သောအခါ သူတို့အရင်ရောက်နှင့်သည့်ကလေးများ သိပ်မရှိပေ။ ထိုင်ခုံကို ဖန်သားပြင်ပေါ်တွင် မြင်နိုင်သည်။ ကုဟွိုက်က ထိုအရာကိုကြည့်နေပြီး အလ်ဗ်ဘေးတွင်ရှိသော သူ့နာမည်ကိုတွေ့သွားသည်။


“ငါတို့ အတူတူထိုင်ရမှာ...” ကုဟွိုက်က အလ်ဗ်လက်ကိုကိုင်၍ စီရီထားသောထိုင်ခုံများဆီသို့ သွားလိုက်သည်။


ကုဟွိုက်နှင့် အလ်ဗ်တို့ အတူထိုင်နေကြသည့်ပုံက လူသားနှင့် ဇက်ကလေးငယ်က အတူတူထိုင်နေကြသည့်ပုံနှင့်တူနေသည်။ ဇက်နှင့်လူသားများသည် ဆိုးရွားသောဆက်ဆံရေးရှိသည်ဟူသော နားလည်ခြင်း အယူဝါဒကို သွတ်သွင်းခြင်းခံထားရသော သားပေါက်ငယ်လေးများအတွက်တော့ အနည်းငယ်စိုးရိမ်ဖွယ်ရာဖြစ်ခဲ့သည်။ ဇက်များက ကြောက်မက်ဖွယ်ကောင်းသည့်မျိုးနွယ်စုများဖြစ်ပြီး ကလေးငယ်များကလည်း ကြောက်စရာကောင်းသည်ဟု သူတို့ကြားသိခဲ့ကြသည်။


မိဘများဆီမှ ထွက်လာကြသည့်သားပေါက်လေးများမှာ အနည်းငယ် လိပ်ပြာမလုံဖြစ်နေ၏။ သူတို့က အတန်းထဲရှိ ပထမတန်းတွင်ထိုင်နေသောအလ်ဗ်ကိုကြည့်ကာ အချိန်ခဏလောက်စူးစမ်းပြီးကြသည်နှင့် အားလုံးက ထိတွေ့ရမည်ကိုကြောက်ရွံ့သည့်ခံစားချက်များ အလိုအလျောက်ဖြစ်ပေါ်လာရသည်။


တခြားမျိုးနွယ်စုများက ကလေးများနှင့်ယှဉ်ကြည့်လျှင်တော့ ဖိနှိပ်ချုပ်ချယ်မှုကိုခံစားရစေသည့်သူသည် အလ်ဗ်တစ်ယောက်တည်းသာဖြစ်သည်။ အလ်ဗ်က သူ၏ငယ်ရွယ်သည့်လူပုံစံတွင်ကြည့်ကောင်းနေသော်လည်း ခံစားချက်ကင်းမဲ့ကာ ပေါ့ပါးသည့် ရွှေရောင်မျက်ဆံများကလည်း အေးစက်နေသည်။ အနောက်က ငွေမှင်ရောင်အမြီးက ကလေးများကို အန္တရာယ်ရှိစေသည်ဟု ခံစားရစေ၏။


ဟီလိုရီအန် မူလတန်းကျောင်းတွင်လည်း တချို့သောလူသားများရှိသည်။ ကုဟွိုက်တက်သောအတန်းတွင် နှစ်ယောက်ရှိပြီး ၎င်းတို့က အလ်ဗ်ဘေးတွင်ထိုင်နေသောကုဟွိုက်ကို စိုးရိမ်မှုများဖြင့် ကြည့်နေကြသည်။ ကြယ်တာရာခေတ်တွင်ရှိသောလူများအားလုံးတွင် လူသားများကသာ ဇက်များကို သေချာပေါက် အသိဆုံးသောမျိုးနွယ်စုများဖြစ်သည်။ ကလေးငယ်လေးများကတောင် သူတို့မိဘများပြောကြလေ့ရှိသည့် ဇက်များအကြောင်းကို ကြားသိနိုင်သည်။


ကုဟွိုက်က တခြားကလေးများ စိုးရိမ်နေကြခြင်းကိုမသိပဲ ဖိနှိပ်ချုပ်ချယ်မှုခံစားချက်များကိုလည်း သတိမထားမိချေ။ အတန်းထဲရှိကျောင်းသားများအားလုံးမရောက်ကြသေးပဲ ကုဟွိုက်က အနည်းငယ် အိပ်ချင်လာခဲ့သည်။ သူက သူ့မျက်ဝန်းများကို လက်ဖြင့်ပွတ်လိုက်၏။


“ငါအိပ်ချင်တယ်..” ကုဟွိုက်က အလ်ဗ်ကို ပြောလိုက်သည်။ ကုဟွိုက်၏စကားများက သူ့ခံစားချက်များကိုဖော်ပြနေပုံရသော်လည်း အလ်ဗ်ကိုတောင်းဆိုမှုပြုလိုက်ခြင်းလည်းဖြစ်သည်။


အလ်ဗ်က အိပ်ငိုက်နေသည့် မှုန်ဝါးဝါးအနက်ရောင်မျက်ဝန်းများကိုတွေ့ကာ နာခံစွာဖြင့် ပြန်ပြောလိုက်သည်။ 


“အွန်း..”


ပြန်ပြောပြီးနောက်တွင် အလ်ဗ်က ကုဟွိုက်နှင့်ပိုနီးရပ် ထိုင်ခုံကိုတိုးလိုက်သည်။ ကုဟွိုက်က ခေါင်းငုံ့ပြီး စားပွဲပေါ်တွင်မှီကာ ဦးခေါင်းက အလ်ဗ်နားသို့ နီးကပ်နေသည်။ ထို့နောက် ကုဟွိုက်က မျက်လုံးမှိတ်ကာ လုံခြုံစိတ်ချစွာဖြင့် အိပ်စက်တော့သည်။ ပုံမှန်ဆိုလျှင် အလ်ဗ်က ကုဟွိုက်နှင့် အတူတူအိပ်ကာ အဖော်ပြုပေးလေ့ရှိသော်လည်း ယခုတွင် များစွာသောအပြင်လူများရှိသည့် စိမ်းသက်သောပတ်ဝန်းကျင်တွင်ရောက်နေသည်။ အလ်ဗ်က ထိုသို့သောပတ်ဝန်းကျင်မျိုးတွင် အိပ်မပျော်နိုင်ပေ။


ရှန်းမုနှင့်ဟန်မာသည် တတိယတန်းတွင်ထိုင်နေပြီး ၎င်းတို့၏မျက်ဝန်းများ ပေါက်ထွက်လာသည်အထိ ငေးကြည့်နေကြသည်။ ကုဟွိုက်ကို အလ်ဗ်ဆီမှ တိုက်ခိုက်ခံရမလားဆိုသောအတွေးဖြင့် ကလေးနှစ်ယောက်မှာ စိုးရိမ်နေကြသည်။ ရလဒ်အနေဖြင့် အလ်ဗ်က အနက်ရောင်ဆံပင်နှင့်ကလေးကို တိုက်ခိုက်လိုသည့်ဆန္ဒမရှိကြောင်းတွေ့သောအခါတွင် ၎င်းတို့၏ သတ္တိများကို မဆယ်ယူရသေးချေ။ ကလေးများအတွက် သတ္တိရှိရန် မလွယ်ကူ။ ထိုမြင်ကွင်းကိုကြည့်၍ တတိယတန်းတွင်ထိုင်နေသာကလေးနှစ်ယောက်က နောက်ဆုတ်လိုက်လေသည်။


အတန်းပိုင်ဆရာက မိန်းကလေးဖြစ်သည်။ သူမက  အတန်းထဲတွင် ကျောင်းသားများအားလုံးရောက်ရှိသည်နှင့် သူမက ကလေးများကိုစီမံပြီး အချင်းချင်းမိတ်ဆက်ခိုင်းတော့သည်။


တစ်ယောက်ပြီးတစ်ယောက်နှင့် ကလေးငယ်များက ပြီးဆုံးသွားကြသည်။ ကုဟွိုက်အလှည့်ရောက်သည်နှင့် အတန်းပိုင်ဆရာမက ကုဟွိုက်သည် မည်သူမည်ဝါဖြစ်ကြောင်းသိသည့်အတွက် မနှိုးရဲပေ။ သူမသည် ကုဟွိုက်ကိုမကျော်သွားခင် တုံ့ဆိုင်းနေခဲ့သည်။ ကုဟွိုက်ပြီးနောက်တွင် အလ်ဗ်အလှည့်ဖြစ်သည်။ အလ်ဗ်က ထမရပ်ချင်ပဲ စင်မြင့်ပေါ်တွင်ရှိသော ငယ်ရွယ်သည့်ဆရာမကို ငေးကြည့်နေမိသည်။ အယ်လ်ဖာအဆင့်ဇက်ကို ကိုယ်စားပြုသော ပေါ့ပါးသည့်ရွှေရောင်ဒေါင်လိုက်မျက်ဆံများနှင့်ရင်ဆိုင်လျက် အလ်ဗ်က ကလေးဆိုလျှင်တောင် အတန်းပိုင်ဆရာမ၏ မျက်ခွံများက တဆတ်ဆတ်လှုပ်နေပြီး ကျော်သွားရန်သာ ရွေးချယ်ရတော့ပေမည်။


ကုဟွိုက်နိုးလာသည်နှင့် ကလေးများအချင်းချင်း လွတ်လွတ်လပ်လပ်စကားပြောရမည့်အချိန်သို့ ရောက်နေလေပြီဖြစ်သည်။ ကုဟွိုက်က သူ့မျက်လုံးကိုပွတ်လိုက်ကာ ပြတင်းပေါက်နားသို့လျှောက်သွားပြီး သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် ကလေးနှစ်ယောက်က သူ့ဆီရောက်လာကာ ပြောသည်။ “မင်းအန္တရာယ်တွင်းထဲရောက်တော့မလို့..”


ကုဟွိုက်က နားမလည်သည့်ပုံစံဖြင့် ခေါင်းကိုဆတ်ခနဲထောင်လိုက်ကာ ၎င်းတို့ပြောသောစကားများကို သဘောမပေါက်ချေ။


ရှန်းမုနှင့်ဟန်မာက ၎င်းတို့အရှေ့မှ ဘာမှမသိသည့် အနက်ရောင်ဆံပင်နှင့်ကလေးအား လူကြီးလေးများကဲ့သို့ တည်ကြည်စွာကြည့်လိုက်သည်။ 


“မင်းဘေးက ထိုင်နေတဲ့တစ်ယောက်က ဇက်လေ ငါတို့နဲ့ဇက်တွေကြားက ဆက်ဆံရေးက မကောင်းဘူး မင်းသူနဲ့ နီးနီးကပ်ကပ်နေရင် တိုက်ခိုက်ခံရနိုင်တယ်..”


ရှန်းမုနှင့်ဟန်မာတို့၏ မိသားစုဝင်အများစုက ကမ္ဘာမြေဖက်ဒရယ်အဖွဲ့အစည်းဌာနတွင် အလုပ်လုပ်ကိုင်ကြသည်။ ထိုအဓိပ္ပာယ်က သာမာန်ကလေးများထက် ၎င်းတို့က ပိုသိသည့်ဆိုသည့်သဘောလည်းဖြစ်သည်။ ကုဟွိုက်က နောက်ဆုံးစကားကိုသာကြားလိုက်ပြီး ခေါင်းခါလိုက်ကာ ရှင်းလင်းစွာဖြင့် ခွန်းတုံ့ပြန်လိုက်သည်။


 “အလ်ဗ်က ငါ့ကို ဘယ်တော့မှ တိုက်ခိုက်မှာမဟုတ်ဘူး..”


ကုဟွိုက်က လူသားနှစ်ယောက်၏စကားများကို နားမလည်နိုင်ပေ။ သူက သူ့မျက်လုံးကိုထပ်ပွတ်၍ အလ်ဗ်ဘေးသို့သွားသည်။ သူ့နေရာတွင်ပြန်ထိုင်ပြီးနောက်တွင် ကုဟွိုက်က တစ်စုံတစ်ခုကို သက်သေပြသည့်အနေဖြင့် အလ်ဗ်၏အမြီးကို ချက်ချင်းဖက်လိုက်သည်။ 


ရှန်းမုနှင့်ဟန်မာ၏ မျက်ဝန်းများ ပြူးကျယ်သွားရသည်။ အမြီးကို ကိုင်နေရုံတင်မဟုတ်။ ရှန်းမုနှင့်ဟန်မာက အနက်ရောင်‌ကလေး၏ အလ်ဗ်နားတွင် တစ်နေ့လုံးကပ်တွယ်နေမှုအား စောင့်ကြည့်နေခဲ့ကြသည်။ ကလေးနှစ်ယောက်က တစ်ခါတစ်ရံတွင် လက်များပင် ကိုင်ထားကြသေး၏။ ကုဟွိုက်ဆီမှ အဖက်ခံထားရချိန်တွင် အလ်ဗ်က ခံစားချက်ကင်းမဲ့နေသော်လည်း ထိုကဲ့သို့ဆက်ဆံခံရခြင်းကို မငြင်းဆန်ပေ။


၎င်းတို့၏ ခံစားချက်များက အလွန်ကောင်းမွန်ပုံရသည်။ ရှန်းမုနှင့်ဟန်မာက နားမလည်တော့ချေ။ ၎င်းတို့၏မိသားစုဝင်များက လူသားများနှင့်ဇက်များ၏ ဆက်ဆံရေးက မကောင်းမွန်ကြောင်းကို လိမ်လည်ပြောဆိုထားခဲ့ခြင်းများလား။ ကလေးနှစ်ယောက်က လက်တွေ့ကိုကြည့်၍ စတင်သံသယဝင်လာတော့သည်။


ပထမဆုံးနေ့တွင် အသစ်ရောက်လာသောကလေးနှစ်ယောက်သည် အတူတူအချိန်ကုန်ဆုံးခဲ့ကြသည်။ ထို့နောက် ဒုတိယနေ့တွင်တော့—


ကျောင်းတိုင်းတွင် အနိုင်ကျင့်ခံရသည့်သူ အမြဲရှိသည်။ ဟီလိုရီအန် မူလတန်းကျောင်းလည်း သိပ်မကွာခြားပေ။


“ဟေး မင်းလက်ထဲက ဘာလဲ ငါ့ကိုပေး..” အိုတိုက အသစ်ရောက်လာသောကလေးအား ညွှန်ပြပြောဆိုလိုက်သည်။ ကုဟွိုက်က သူ့လက်ထဲတွင်ကိုင်ထားသည့် သကြားလုံးလေးအား ငုံ့ကြည့်လိုက်သည်။ သူက တစ်ဖက်လူကို လျစ်လျူရှုကာ ဆက်လျှောက်လာခဲ့သည်။


မူလတန်းကျောင်း၏ အနိုင်ကျင့်သူမျာအနေဖြင့် အိုတိုက ဘယ်တော့မှ လျစ်လျူရှုမခံခဲ့ရပေ။ သူက ကုဟွိုက်သွားနေသည့်လမ်းကို တိုက်ရိုက်ပိတ်လိုက်ကာ ကုဟွိုက်လက်ထဲက သကြားလုံးကို ဆွဲလုလိုက်သည်။


“မင်းက ကြည့်ကောင်းလို့ ငါမင်းကို မရိုက်တော့ဘူး..”


 အနိုင်ကျင့်သူက အိုတိုက ထိုသို့ပြောလိုက်သော်လည်း သကြားလုံးကိုတော့ ခိုးယူခဲ့သည်။ ကုဟွိုက်က သူ့သကြားလုံး အခိုးခံလိုက်ရသည်။ သူက ဇက်များ၏ အလိုလိုက်ခြင်းကို အမြဲခံခဲ့ရပြီး ထိုကဲ့သို့သောအရာမျိုးကို ယခင်က တစ်ခါမှမကြုံခဲ့ရပေ။


အိုတိုက ဆာချိလူမျိုးဖြစ်သည့်အတွက် မူလတန်းကျောင်း၏ ဘုရင်ဖြစ်နိုင်ပြီး ကြယ်တာရာခေတ်တစ်လျှောက် တစ်ယောက်ချင်းတိုက်ခိုက်ရာတွင် တိုက်ခိုက်နိုင်စွမ်းအကောင်းဆုံးသောမျိုးနွယ်စုများဖြစ်သည်။ သို့သော်လည်း ဇက်နှင့်ဆာချိတို့တွင် မည်သူကပို၍ အားသန်သလဲဟု မေးမည်ဆိုပါက ကြယ်တာရာခေတ်မှလူများသည် ဇက်များဖြစ်ကြောင်း မလွဲဧကန်ဖြေလိမ့်မည်ဖြစ်သည်။


တစ်ယောက်ချင်းတိုက်ခိုက်ခြင်းက အသုံးမဝင်ပေ။ ဇက်များ၏ လုပ်ပုံလုပ်နည်းက ကြယ်တာရာခေတ်တစ်လျှောက်တွင် ကြောက်မက်ဖွယ်ကောင်းသည့်အရာဖြစ်သည်။ ထို့အပြင် ဘီတာအဆင့်ဇက်များ၏ ကိုယ်တွေ့တိုက်ခိုက်နိုင်စွမ်းသည် ဆာချိများလောက် အားမနည်းချေ။ ဖြည့်စွက်ပြောရလျှင် အယ်လ်ဖာအဆင့်ဇက်များ၏ တိုက်ခိုက်နိုင်စွမ်းသည် လုံးလုံးလျားလျား ပြင်းထန်သောအဆင့်တွင်ဖြစ်သည်။


ကုဟွိုက်က နှစ်စက္ကန့်မျှ အေးခဲသွားရ၏။ သူတုံ့ပြန်လိုက်သည်နှင့် အလိုအလျောက် နှုတ်ခမ်းစူမိကာ မျက်ရည်ဝဲသည့်ပုံစံကို မှား၍လုပ်မိတော့မလိုဖြစ်သွားသည်။ သူက အတန်းထဲတွင်စောင့်နေသော အလ်ဗ်ဆီကို ပြန်သွားလိုက်သည်။


“ငါ့သကြားလုံးကို လုသွားကြတယ်..” ကလေးငယ်က သူ့ခံစားချက်များကို မထိန်းချုပ်နိုင်ပေ။ ငယ်ရွယ်သည့်ကုဟွိုက်က မျက်ရည်ဝဲစွာဖြင့် အလ်ဗ်ကိုလာရှာပြီး တိုင်ကြားတော့သည်။ သူက သူ့မိဘများထံသို့ တိုင်ကြားချင်သော်လည်း သူ့မိဘများက အနားတွင်မရှိပေ။ ကုဟွိုက်က သူ့မိဘများနှင့်ဆက်သွယ်ရန် ဝိညာဉ်ချိတ်ဆက်မှုလုပ်ဖို့တွေးလိုက်သော်လည်း ထိုလှုပ်ရှားမှုက အလွန်ကြီးမားသည်။ နောက်ဆုံးတွင်တော့ အလ်ဗ်ကိုရှာရန်သာ ဆုံးဖြတ်ခဲ့သည်။


သူ့အနောက်တွင်ရှိသော ရှန်းမုနှင့်ဟန်မာက စိတ်ရှုပ်နေကြသည်။ သူ့သကြားလုံး အခိုးခံလိုက်ရသော်လည်း ဇက်ကို လာပြောနေရသည့်အကြောင်းက ဘာများလဲ။ ဇက်က မကူညီနိုင်သည့်အတွက် သူတို့ကိုပြောခြင်းကသာ ပိုကောင်းသည်။ ထိုအတွေးဖြင့် ဟန်မာက ချက်ချင်း ထရပ်လိုက်သည်။ လူမျိုးတူများက အချင်းချင်းကူညီသင့်သည့်အတွက် ကုဟွိုက်၏ သကြားလုံးကိုပြန်ရအောင် ကူညီပေးဖို့ ဆုံးဖြတ်လိုက်သည်။


သို့သော်လည်း သူထရပ်လိုက်သောအချိန်တွင် အလ်ဗ်က သူ၏ငွေမှင်ရောင်အမြီးကို လှုပ်ယမ်းနေကြောင်းတွေ့လိုက်ရသည်။ ထို့နောက် သူက ဘာမှမပြောပဲ ကုဟွိုက်ကို အတန်းထဲမှ ခေါ်ထုတ်လာခဲ့သည်။ ထိုမြင်ကွင်းက ဟန်မာကို မှင်တက်သွားစေ၍ သူ့သူငယ်ချင်းကို အတန်းအပြင်ဘက်ရှိ စင်္ကြံလမ်းသို့ ခေါ်ဆောင်လာခဲ့သည်။


မူလတန်းကျောင်းမှ ကျောင်းသားအများစုသည် အိုတိုကိုသိကြပြီး ရန်စရန်မလွယ်ကူသည့်သူဖြစ်ကြောင်းလည်း သိကြသည်။ ကုဟွိုက်၏ သကြားလုံး အလုခံရချိန်တွင် မည်သည့်ကျောင်းသားမှ မကူညီရဲကြပေ။ အိုတိုက ဝေးဝေးမရောက်သေးသည့်အတွက် အလ်ဗ်က သူ့ကိုတွေ့သွားသည်။ ကုဟွိုက်က အာရုံစိုက်ရန်တစ်ခုခုကို တွေးမိပြီး အလ်ဗ်ကိုပြောလိုက်သည်။ 


“မနေ့က ဆရာမက ရန်မဖြစ်ဖို့ပြောထားတယ်နော်..”


ဟန်မာက စူပုပ်ပုပ်မျက်နှာပေးနှင့် ရှန်းမုကို ဆွဲခေါ်လာပြီး အလ်ဗ်က ကုဟွိုက်ကိုခေါင်းညိတ်ပြလျက် တစ်ခုခုကို ကတိပေးနေသည်ကိုတွေ့သောအခါ ၎င်းတို့က သိပ်ဝေးဝေးမရောက်သေးချေ။ အလ်ဗ်က ရန်မဖြစ်ခဲ့။ သူက သူ့အမြီးကိုအသုံးပြု၍ အိုတို၏ခြေထောက်အောက်မှ မြေပြင်ကို နက်နဲသည်အထိ ကိုင်လှုပ်ကာ တစ်ဖက်လူကို ခြောက်လှန့်ခဲ့သည်။


အလ်ဗ်က အိုတိုဆီမှ သကြားလုံးကိုယူ၍ ကုဟွိုက်ဆီသို့ပြန်လာကာ ကုဟွိုက်လက်ထဲသို့ သကြားလုံးကို ထည့်ပေးလိုက်သည်။ အကြောင်းပြချက်ကတော့ မရှင်းလင်းသော်လည်း မျိုးနွယ်စုအသီးသီးမှ ကလေးများအားလုံးက ဖြစ်စဉ်တစ်ခုလုံးကိုတွေ့ခဲ့ပြီး အလ်ဗ်က ကုဟွိုက်အပေါ် အလွန်ကောင်းကြောင်းသိသွားကာ တခြားလူများ၏ အနိုင်ကျင့်ခြင်းကိုမခံရအောင် ကာကွယ်ပေးမှန်းလည်း တွေ့သွားခဲ့သည်။


ကုဟွိုက်က အရင်မစသော်လည်း အလ်ဗ်က သူ့စကားကိုနားထောင်သည့်အတွက်ကြောင့် ထိုဖြစ်ရပ်က ကုဟွိုက်ကို ဟီလိုရီအန် မူလတန်းကျောင်း၏ အနိုင်ကျင့်သူအသစ်ဖြစ်သွားစေသည်။ နောက်တစ်နေ့တွင် မူလတန်းကျောင်းတစ်ကျောင်းလုံးရှိ မည်သူမှ သူ့ကို အနိုင်မကျင့်ရဲကြတော့ပေ။