အပိုင်း၁၂
Viewers 26k

Chapter 12




လျိုကျီယုအတွက် သူမတစ်စုံတစ်ယောက်နှင့် အမြဲလိုကတောက်ကဆဖြစ်နေရန်လိုအပ်ပြီး ထိုသူမှာလည်း သူမအတွက်ပြသနာမတက်စေနိုင်မည့်လူမျိုးဖြစ်ရပေမည်။ မဟုတ်ပါက ကင်မရာများမှာ သူမထံလုံးဝရောက်လာလိမ့်မည်မဟုတ်ပေ။ ပရိုဂရမ်တွင် တိတ်တဆိတ်သာရိုက်ကူးနေခြင်းမှာ ရလဒ်အနေဖြင့် လူထု၏အာရုံစိုက်မှုကိုရနိုင်မည်မဟုတ်သောကြောင့် ပြသနာဖြစ်ကာ အတန်းရှင်းရယူနိုင်ရန်လိုအပ်လေသည်။ ဤသည်ကပင် လူမုန်းခံရခြင်းမှ နာမည်ကျော်ကြားမှုကိုရယူသောလမ်းစဉ်အမှန်ပင်ဖြစ်သည်။


အကယ်၍သာ ဧည်သည့်များထဲတွင် သူမ မထိနိုင်သည့်တစ်စုံတစ်ယောက်အပေါ်အပြစ်ပြုမိပါက ထိုသူ၏ဖန်များမှာ သူမအပေါ်အလွတ်ပေးကြတော့မည်မဟုတ်ချေ။


ချီရှင်းချန်မှာမူ အများနှင့်ကွာခြားလှပြီး သူ့ထံတွင် ဖန်တစ်သောင်းနှစ်သောင်းမျှကာရှိကာ သူမ၏ခုနစ်မီလီယံဖန်အုပ်ကို ယှဉ်တိုးနိုင်မည်မဟုတ်သည့်အတွက် ချီရှင်းချန်မှာ လျိုကျီယု၏အကောင်းဆုံးထိုးဆွရန်တည်သီးတစ်လုံးဖြစ်သွားခဲ့လေသည်။


ဤအတွက်ကြောင့် သူမချီရှင်းချန်ကိုစော်ကားနိုင်မည့်အခွင့်အရေးမှန်သမျှကို အရယူရပေလိမ့်မည်။


မည်သို့ပင်ဆိုစေကာမူ ချီရှင်းချန် ထိုအရာနှင့်ပတ်သက်၍များစွာအရေးစိုက်နေခြင်းမရှိချေ။ အတိတ်တွင် ထိုထက်ဆိုးသောစကားများကိုပင် ကြားဖူးနေခဲ့သောကြောင့် မကြားဟန်ဆောင်ကာ ထောင်ထောင်အခန်းငှားနေသည်ကိုသာ ကြည့်နေလိုက်သည်။


" သူဘာဖတ်နေလဲဆိုတာ ရှင်တို့နားလည်ကြလား…" လျိုကျီယု ပြောရင်းဖြင့် လည်ပင်းကိုဆန့်ကာမေးလိုက်သည်။


အပေါ်ယံတွင် သူမ ထောင်ထောင်အခန်းငှားနေခြင်းအပေါ်စိတ်ဝင်စားနေဟန်ရသော်လည်း အမှန်တကယ်မှာတော့ လျိုကျီယု ပိုင်ရဲ့၏ရှေ့တွင်ရပ်ချင်နေခြင်းသာဖြစ်သည်။


အနုပညာလောက၏ရေပန်းအစားဆုံးကြယ်ပွင့်ဖြစ်သောပိုင်ရဲ့မှာ အမျိုးသမီးအနုပညာရှင်များအတွက် အလွယ်တကူနာမည်ကြီးမှုကို ခိုကပ်ယူရန်အကောင်းဆုံးပစ်မှတ်ကြီးတစ်ခုဖြစ်လေသည်။ လျိုကျီယု၏အဖွဲ့မှာ ထိုအကြံကို အချိန်အတော်ကြာပင်ရှိနေခဲ့ပြီဖြစ်သော်လည်း ပိုင်ရဲ့မှာ အမြဲလိုပင် အလွန်သတိကြီးကြီးထားကာ သူ၏ဂုဏ်သတင်းကိုတန်ဖိုးထားပြီး အမျိုးသမီးအနုပညာရှင်များထံမှ ဖိတ်ခေါ်မှုမျိုးကို လက်မခံတတ်ပေ။ ထိုမျှသာမက သူ၏ဂီတနှင့်ပတ်သက်သောနယ်ပယ်ပြင်ပမှဖြစ်သည့် အခြားသောပရိုဂရမ်များတွင် ပေါ်လာခြင်းမှာလည်း ရှားပါးလှသည်။


မည်သူကမှ သူ ဘတ်ဂျက်ခရီးသွားကြမယ် အစီအစဉ်တွင် ပေါ်လာမည်ကို မထင်မိကြချေ။ သို့ဖြစ်ရာ လျိုကျီယုအနေဖြင့် သူမသာအတင်းအဖျင်းအချို့ထွက်အောင် မလုပ်နိုင်ခဲ့ပါက ဤသည်မှာ သူတို့နှစ်ဦး ကင်မရာတစ်ကွက်ထဲတွင် ရပ်နေရသည့် ရှားပါးအခွင့်အရေးကို ဖြုန်းတီးနေသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ 


လျိုကျီယု : " ပိုင်ရဲ့ ရှင်ဒန်းနစ်စကားပြောတတ်လား…"


ပိုင်ရဲ့ သူမကိုမကြည့်ဘဲ ဒိန်းမတ်နိုင်ငံ၏ ဘာသာစကားဖြင့် စကားအချို့ပြောလိုက်သည်။ 


လျိုကျီယု : "..... ဝါးး အရမ်းမိုက်တာပဲ ဒါကဘာကိုဆိုလိုလဲဟင်…"


" မင်းပူနေတာမဟုတ်ဘူးလား…" ပိုင်ရဲ့ သန့်စင်ခန်းရှိရာဘက်သို့ မေးငေါ့ပြလိုက်ပြီး " ဟိုနားမှာလေအေးပေးစက်ရှိတယ်…"


ကင်မရာမှာ လေးဖက်လေးလံလုံးတွင် ရှိနေခြင်းကြောင့် ပိုင်ရဲ့သူ၏စကားကို လွန်စွာကြမ်းတမ်းသွား၍ မရပေ ထို့ကြောင့် သူ၏ဖော်ပြသောနည်းလမ်းကိုသာ ပြောင်းလဲလိုက်ရသည်။


သို့သော်လည်း လျိုကျီယုသည် ပိုင်ရဲ့ဆိုလိုချင်သည့်အရာကို နားလည်နေခဲ့သည်။ ပိုင်ရဲ့၏စကားမှာ " မင်းပဲပူနေတယ်လို့ပြောခဲ့တယ်မဟုတ်ဘူးလား… ဘာလို့‌ဒီလောင်ဇီကို လိုက်ကပ်နေရတာလဲ… " ဟုဆိုလိုခြင်းပင်။


လျိုကျီယု၏မျက်နှာပေါ်မှအပြုံးမှာ ချက်ချင်းဆိုသလိုတောင့်ခဲသွားပြီး သူမ၏စုတ်ခြာလှသောသရုပ်ဆောင်စကေးအပေါ်မှီခိုကာ ပုံမှန်ဖြစ်လာစေရန်ကြိုးစားလိုက်ရသည်။


လျိုကျီယု သူမပိုင်ရဲ့အကြောင်းများစွာကြားဖူးထားခဲ့သော်လည်း အမှန်တကယ်ပင် သူမကို မျက်နှာသာ‌မပေးမည်ဟု မထင်ထားမိခဲ့ချေ။


ထိုအချိန်တွင် ထောင်ထောင်မှာ အခန်းငှားပြီးပြီဖြစ်သည့်အတွက် တစ်ဖွဲ့လုံးကို အားပေးလိုက်ပြီး " အခန်းယူလို့ပြီးပါပြီ.. အခုတော့ အားလုံးပဲအနားယူလို့ရသွားပါပြီ…"


" ကောင်းတာပေါ့…" လောချိုးမန် ရယ်လျက် သူမကိုယ်သူမအပြောင်အပျက်ထပြောလိုက်သည် " မြန်မြန်သွားကြစို့… ဒီကလူအိုကြီးက ရပ်နေရင်းနဲ့တောင် အိပ်ပျော်တော့မယ်…"


လောချိုးမန်သာမက ဧည့်သည်အားလုံးမှာ တစ်နေကုန်လေယာဉ်စီးလာခဲ့ရခြင်းကြောင့် အလွန်ပင်ပန်းနေကြပြီဖြစ်သည်။ ကျန်းယွင်ဖေးမှာမူ အလွန်အလိုက်သိနေခဲ့ပြီး လောချိုးမန်၏အိတ်ကိုယူကာ ထွက်ပေါက်စီသို့ဦးတည်လိုက်သည်။


သဘာဝကျစွာပင် ချီရှင်းချန် အဓိကဇာတ်လိုက်နှင့်ဇာတ်လိုက်မတို့ကို အဆက်အဆံလုပ်ခွင့်မပေးနိုင်သည့်အတွက် အကြံတစ်ခုရသွားကာ ထောင်ထောင်၏လက်ဆွဲသေတ္တာကို ကပျာကယာကောက်ကိုင်လိုက်သည်။


ထောင်ထောင် : " မလိုပါဘူး ကျွန်မအိတ်ကလည်းအရမ်းလေးတာမှမဟုတ်တာ…ကိုယ့်ဘာသာတွန်းသွားနိုင်ပါတယ်…"


" ရပါတယ် အစ်မထောင်ထောင်က ပိန်ပိန်လေးဆိုတော့… ကျွန်တော်တွန်းသွားတာကပဲ ပိုကောင်းပါလိမ့်မယ်…" ချီရှင်းချန် လူကြီးလူကောင်းတစ်ယောက်ကဲ့သို့ လက်ကိုယမ်းကာပြောလိုက်သည်။


ထိုသို့ပြောလိုက်ပြီးနောက် ထောင်ထောင်မှငြင်းပယ်ခွင့်မရနိုင်‌စေရန်အတွက် ချီရှင်းချန် လျှောက်သွားလိုက်ကာ သူမကိုနောက်တွင်ချန်ထားခဲ့လိုက်သည်။


ချီရှင်းချန် လျှောက်လိုက်သည်နှင့် ခြေသံအချို့မှာ သူနှင့်ပို၍နီးကပ်လာသည်ကို ကြားလိုက်ရသော်လည်း ထောင်ထောင်သူ၏နောက်မှလိုက်လာခဲ့သည်ဟုထင်နေသောကြောင့် ၎င်းနှင့်ပတ်သက်ပြီးများစွာမတွေးထားခဲ့ပေ။

သို့သော်လည်း လာမည့်စက္ကန့်အနည်းငယ်တွင် အင်္ကျီတစ်စမှာ လှည်းကိုတွန်းနေသည့်သူ၏လက်ပေါ်သို့ ကျရောက်လာခဲ့သည်။


ချီရှင်းချန်ခေါင်းကိုငုံ့၍ကြည့်လိုက်ရာ ဤသည်မှာ ပိုင်ရဲ့၏နက်ပြာရောင်ဂျင်းဂျာကင်ဖြစ်နေလေသည်။


ခြေသံမှာ ပို၍နီးကပ်လာပြီး သူ၏အနားတွင် တဖြည်းဖြည်းချင်း အရှိန်သပ်သွားကာ ပိုင်ရဲ့မှ သူတို့နှစ်ဦးသာကြားနိုင်မည့်အသံနှင့်ပြောလာခဲ့သည် " အိတ်တွေအရမ်းများလို့ ငါအကုန်မသယ်နိုင်တော့ဘူး…"


ချီရှင်းချန် : "....."


ခင်ဗျားက အိတ်တစ်လုံးပဲယူလာတာမဟုတ်ဘူးလား…


ဟိုတယ်သို့ရောက်သည်နှင့် သူတို့နောက်ထပ်စိန်ခေါ်မှုတစ်ခုနှင့် ကြုံလာရပြန်သည်။


ပုံမှန်အားဖြင့် အခန်းကျယ်တစ်ခန်းတွင် ဧည့်ခန်းတစ်ခန်းနှင့်အိပ်ခန်းနှစ်ခန်းတို့ပါဝင်တတ်ပေရာ ချီရှင်းချန်အစပိုင်းတွင်စဉ်းစားထားခဲ့သည်မှာ ကျန်သည့်မိန်းကလေးတစ်ယောက်ကို အိပ်ခန်းတစ်ခန်းပေး၍ ‌ယောင်္ကျားလေးနှစ်ယောက်ကို အိပ်ခန်းတစ်ခန်းပေးကာ သူဧည့်ခန်းရှိဆိုဖာပေါ်တွင်အိပ်မည်ဟုပင်။


ဤဟိုတယ်မှာ အခြားနေရာများနှင့်ကွာခြားနေမည်ကို မည်သူကများသိနိုင်မည်နည်း။ သူတို့ငှားယမ်းလိုက်သည့်ဟိုတယ်၏အခန်းကျယ်တွင် ဧည့်ခန်းမပါဘဲ အိပ်ခန်းနှစ်ခန်းသာပါရှိကာ အနည်းငယ်ပိုသေးသည့်တစ်ခန်းတွင် နှစ်ယောက်အိပ်ကုတင်တစ်ခုပါဝင်ပြီး ပိုကျယ်သောနောက်တစ်ခန်းတွင် တစ်ယောက်အိပ်ကုတင်နှစ်ခုပါဝင်သည်။


ဆိုဖာတစ်ခုရှိနေသော်လည်း အလွန်သေးငယ်လှကာ နှစ်ခုံဆက်လျှင်ပင် အရွယ်ရောက်ပြီးသူတစ်ဦးမအိပ်နိုင်သည်အထိ သေးငယ်လှသည်။


ထို့ကြောင့် ထောင်ထောင်မှ မေးလာခဲ့သည် " ကျွန်မတို့အခန်းလဲလို့ရဦးမလား…"


သူတို့ခြောက်ယောက်မှာ ကားနှစ်စီးခွဲ၍လာသည်ဖြစ်သောကြောင့် အရင်ရောက်လာသည့်ကျန်းယွင်ဖေးမှ ခေါင်းကိုယမ်းကာ ပြောလိုက်သည် " ဧည့်ကြိုကိုမေးပြီးသွားပြီ…အခန်းကျယ်တွေအားလုံးက လူပြည့်နေပြီတဲ့…"


" ဒါဆို အခန်းကျယ်ဘိုကင်တင်ထားတာကိုဖျက်ပြီး တခြားနှစ်ယောက်အိပ် နှစ်ခန်းထပ်ငှားရင်ကော…"


" ဘိုကင်ကိုဖျက်လို့ရပေမယ့် ဘိုကင်တင်ခအနေနဲ့ပေးထားတဲ့အခန်းခတစ်ဝက်ကို ပေးရလိမ့်မယ်…"


အခန်းကျယ်ငှားယမ်းခမှာ ခရိုနာတစ်ထောင်ဖြစ်လေရာ အခန်းခ၏တစ်ဝက်ဖြစ်သည့်ခရိုနာငါးရာမှာ အလကားဖြစ်သွားပေလိမ့်မည်။


" ငါတို့နောက်ထပ် နှစ်ယောက်ခန်းတစ်ခန်း ထပ်ယူရင်ကော…" လောချိုးမန်မှ သမ်းဝေလျက်ဖြင့် မေးလိုက်သည်။


" တစ်ခန်းကို၄၀၀ကျမှာ… နောက်ပြီး တက်စီအတွက်က ၁၅၀ကုန်ပြီးနေပြီ…" ထောင်ထောင်အနည်းငယ် မသက်မသာဖြစ်ဟန်ဖြင့် " တကယ်လို့သာ နောက်တစ်ခန်းထပ်ယူရင် ဒီတစ်ရက်နဲ့တင် ၂၀၀၀တောင်သုံးမိသွားလိမ့်မယ်…ထပ်ပိုးလဲလာဦးမှာဆိုတော့…."


သူမစကားဆုံးသည်အထိမပြောခဲ့သော်လည်း လူတိုင်းမှာ ထောင်ထောင်ဆိုလိုချင်သည်ကို နားလည်လိုက်ကြသည်။ ခရီးသွားစရိတ်မှာ ခရိုနာ၈၀၀၀သာရှိလေရာ ပထမဆုံးတစ်ရက်ပင်မရှိသေးဘဲ ၂၀၀၀သုံးမိသွားပါက လာမည့်တရားဝင်ခရီးစဉ်ခုနစ်ရက်တွင် မည်သို့နေထိုင်ကြမည်နည်း….


အကယ်၍သာ သူတို့ပိုက်ဆံချွေတာချင်သည်ဆိုပါက ယခုအချိန်တွင် အဆင်မပြေဖြစ်နေသော်လည်း အမျိုးသမီးဧည့်သည်တစ်ဦးမှာ အမျိုးသားများနှင့်အခန်းကျယ်တွင် တည်းခိုရပေလိမ့်မည်။


" ဘာလို့မဖြစ်နိုင်ရမှာလဲ…" ဝတ္ထု၏အဓိကဇာတ်လိုက်မတစ်ဦးအနေဖြင့် ဤသို့သောအရေးကြီးအခြေအနေတွင် ထောင်ထောင်မှ ခေါင်းခံလိုက်ကာ " အစ်မချိုးမန်က အိပ်တဲ့နေရာမှာပြသနာရှိပြီး ကျီယုကလည်း အလုပ်အများကြီးလုပ်လာခဲ့ရတော့ ကောင်းကောင်းအိပ်ရဖို့လိုတယ်လေ… ကျွန်မကတော့ ဘယ်လိုဖြစ်ဖြစ်အိပ်ပျော်တဲ့အတွက် ကျွန်မပဲသွားလိုက်ပါ့မယ်…"


လောချိုးမန်မှ ပြောလိုက်သည် " ဒါကအဆင်ပြေပါ့မလား…"


" အဆင်ပြေပါတယ် အစ်မချိုးမန်ရဲ့…" ထောင်ထောင် လောချိုးမန်၏လက်ကိုကိုင်လိုက်ပြီး " ခဏနေကြရင် ရေမိုးချိုးမိတ်ကပ်ဖျက်တာအတွက်က အစ်မတို့အခန်းမှာပဲလုပ်လိုက်မယ်လေ… ပြီးမှ ဟိုဘက်ကိုကူးတာပေါ့…"


ထောင်ထောင်၏အမူအယာမှာ အတင်းအကြပ်လုပ်ယူထားခြင်းမျိုး ဖြစ်မနေသည့်အပြင် ဤသည်မှာလည်း အကောင်းဆုံးဖြေရှင်းနည်းတစ်ခုဖြစ်နေသောကြောင့် လူတိုင်းမှထောင်ထောင်ကို ချီးကျူးကာ ကိုယ်စီအခန်းထဲသို့ ပြန်သွားခဲ့ကြသည်။


ဧည့်သည်များ အထုပ်ဖြေနေကြစဉ် ဒါရိုက်တာ၏လက်ထောက်မှ အစီအစဉ်များသို့မဟုတ် အနုပညာရှင်များ၏အခြေအနေများကို ပိုမိုအဆင်ပြေချောမွေ့နိုင်စေရန်အတွက် အဖွဲ့လိုက်စကားဝိုင်းတစ်ခုထောင်လိုက်သည်။


အခန်းကျယ်၏တစ်ယောက်အိပ်ကုတင်နှစ်ခုပါသောအခန်းမှာ သေချာပေါက်ထောင်ထောင်နေရမည့်အခန်းဖြစ်ပြီး တစ်ဖက်ကုတင်တွင်အိပ်မည့်သူကို မရွေးခြယ်ရသေးပေ။ ချီရှင်းချန်မှာမူ သူ့ကိုယ်သူဆိုဖာပေါ်သို့ ပစ်လှဲလိုက်ကာ ဖုန်းပွတ်နေလိုက်သည်။


" အာ… အစ်ကိုယွင်ဖန်း…" ချီရှင်းချန် အဖွဲ့လိုက်စကားဝိုင်းကိုကြည့်ကာ အံ့ဩနေဟန်ဖြင့်မေးလိုက်သည် " အဖွဲ့ထဲမှာဘာလို့လူတွေဒီလောက်များနေရတာလဲ…"


ကျန်းယွင်ဖေးမှာ အဝတ်များကို သူ၏သေတ္တာထဲမှထုတ်နေခဲ့ပြီး " ဒါရိုက်တာအဖွဲ့ကလူတွေအပြင် ဧည့်သည်တွေရဲ့အေးဂျင့်နဲ့လက်ထောက်တွေလည်းပါတယ်လေ… သေချာပေါက်လူများမှာပေါ့…"


" ‌လက်ထောက်…. အစ်ကိုတို့စီမှာ လက်ထောက်တွေက သွားလေရာလိုက်နေကြတာလား…"


" ဒါပေါ့ဟ…" ကျန်းယွင်ဖေး သူ၏အဝတ်အစားများကို ရွေးချယ်ကာ လက်ထောက်ထံဖုန်းတစ်ကောခေါ်လိုက်ပြီး " မဟုတ်ရင် မနက်ဖြန်ရိုက်ကွင်းအတွက် ဝတ်မဲ့ဝတ်စုံကို ဘယ်သူကပြင်ပေးမှာလဲ…"


ကျန်းယွင်ဖေး ခဏမျှ ရပ်တန့်သွားပြီးနောက် တစ်စုံတစ်ခုကို သတိရသွားသဖြင့် " ဒီလိုဆိုမှ ရှင်းရှင်း မင်းကတစ်ယောက်တည်းလာခဲ့တာနော်…လက်ထောက်တစ်ယောက်ခေါ်မလာဘူးလား…"


" ကျွန်တော့်မှာ အခုတစ်ယောက်မှ မရှိသေးလို့ပါ…"


ထိုအချိန်၌ ကျန်းယွင်ဖေးမည်သည့်စကားမျှမဆိုတော့ဘဲ ‌အရှေ့သို့လာကာ ချီရှင်းချန်၏ပုခုံးကိုသာ အသာအယာပုတ်ပေးလိုက်သည်။ ထို့နောက် သူ၏အင်္ကျီများကိုယူကာ လက်ထောက်အားမီးပူတိုက်ရန်ပေးလိုက်လေသည်။


ချီရှင်းချန် လက်ရှိတွင် သူ၏အဝတ်များကို ကိုယ်တိုင်လက်ဖြင့်လျှော်နေသည့်ပိုင်ရဲ့ကို လှမ်းကြည့်နေမိသည်။


အေအဆင့်ကြယ်ပွင့်ဖြစ်သောကျန်းယွင်ဖေးတွင် သူ့ကိုထောက်ပံ့ရန် ငွေကြေးသို့မဟုတ်လူပြတ်လတ်သွားခြင်းမျိုးမရှိပေရာ ကျန်းယွင်ဖေးအတွက် အခြားသူများမှ သူ့ကိုပြုစုပေးသောဘဝနှင့် အချိန်အတော်ကြာကပင် အသားကျနေပြီဖြစ်သည်။


လျိုကျီယုမှာ ပို၍ပင်အစွန်းရောက်နေကာ ယနေ့တွင် သူမ၏လက်ထောက်လေးယောက်ကို တိုက်ရိုက်ခေါ်လာခဲ့သည်။ လျိုကျီယုဤဟိုတယ်တွင်တည်းမည်ဆိုကတည်းက သူမ၏အေးဂျင့်မှာ ဘေးအခန်းအနည်းငယ်ကိုငှားယမ်းခဲ့ပြီး ကုန်ကျစရိတ်အတွက် ပူပန်နေခြင်းပင် မရှိခဲ့ပေ။


လက်ရှိအနုပညာလောက၏ရေပန်းအစားဆုံးကြယ်ပွင့်တစ်ပွင့်ဖြစ်ပြီး မကြာခဏဆိုသလို သူ၏တာဝန်များကို အခြားသူများထံလွှဲပေးတတ်သူဟု ကောလဟာလအလွှင့်ခံရသူပိုင်ရဲ့တစ်ဦးတည်းသည်သာ အထုပ်ကိုဖြေ၍ သူ၏အဝတ်အစားများကို ကိုယ်တိုင်ပြင်ဆင်နေခဲ့သည်။


ဘုရားရေ သူ့အိုင်ဒေါကတကယ်ပဲနတ်သားတစ်ပါးမဟုတ်နေဘူးလား…


ချီရှင်းချန် သူ၏ပါးကိုလက်ဖြင့်အုပ်ထားမိလိုက်ပြီးနောက် ပိုင်ရဲ့၏ဝီချက်ဖြစ်သော " ပိုင် " မှာ အဖွဲ့ဝင်စာရင်းထဲသို့ ရောက်လာသည်ကို မြင်လိုက်ရသည်။


ကျားတစ်ကောင်ကဲ့သို့ကြမ်းတမ်းသည့် ရုတ်တရက်လှုပ်ရှားမှုနှင့်အတူ [ သင်၏သူငယ်ချင်းလက်ခံရန်တောင်းဆိုမှုကို ပို့ပြီးပါပြီ… ကျေးဇူးပြု၍တစ်ဖက်သူမှလက်ခံလာမည်ကို စောင့်ဆိုင်းပေးပါ ]မူလဇာတ်ကြောင်းထဲတွင် ထောင်ထောင်နှင့်ပိုင်ရဲ့တို့မှာ တစ်ယောက်အိပ်ကုတင်နှစ်ခုပါသည့်အခန်းတွင် အတူအိပ်ကြရမည်ဖြစ်ကာ ဇာတ်ကြောင်း၏အဓိကဇာတ်လိုက်နှင့်ဇာတ်လိုက်မတို့၏ပထမဆုံးနှစ်ယောက်တည်းအတူရှိဖူးခြင်းဖြစ်ပြီး ဇာတ်လိုက်မ၏ချိုမြိန်စွာအိပ်မောကျနေသောပုံရိပ်လေးမှာ ညအချိန်တွင် အဓိကဇာတ်လိုက်ကို ကောင်းကောင်းဒုက္ခပေးလိမ့်မည်ဖြစ်သည်။


ဤကဲ့သို့သောဇာတ်ကွက်မျိုးမှာ အလွန်ရိုမန့်တစ်ဖြစ်ကာ ချီရှင်းချန် အခြားသူများ၏ ကံကြမ္မာအရတွဲဖက်ပေးမှုကို မဖျက်စီးချင်ခဲ့သော်လည်း အဓိကဇာတ်လိုက်နှင့်ဇာတ်လိုက်မတို့၏ပေါင်းဖက်မှုမှာ သူ၏ဘဝကို ခြိမ်းခြောက်နေသည့်အတွက် မည်သို့မျှမတတ်နိုင်ဘဲ လှုပ်ရှားရပေလိမ့်မည်။


ယနေ့ညတွင် သူဇာတ်လိုက်နှစ်ဦးကို ခွဲပစ်ရမည်ဖြစ်သည်။


ဆေးကြောသန့်စင်ပြီးနောက် ထောင်ထောင်မှ မနက်ခင်းတွင် ဝတ်ခဲ့သည့်တီရှပ်နှင့်ဂျင်းဘောင်းဘီကိုပင် ပြန်ဝတ်ထားကာ တံခါးခေါက်၍မေးလာခဲ့သည် " ဘယ်သူက ကျွန်မနဲ့တစ်ခန်းထဲနေမှာလဲ…"


ယခုအချိန်တွင် လူတိုင်းမှာရေမိုးချိူးပြီးကြပြီဖြစ်ကာ ကင်မရာများမှာလည်း ရေချိုးခန်းမှလွဲ၍ နေရာတိုင်းတွင် တပ်ဆင်ထားပြီးဖြစ်သောကြောင့် တစ်ဦးတစ်ယောက်၏လှုပ်ရှားမှု သို့မဟုတ် အပြုအမူသေးသေးလေးသည်ပင် ကင်မရာရိုက်ချက်မှ မလွတ်နိုင်ပေ။


ချီရှင်းချန် ဆက်လက်၍အပျင်းတစ်မနေရဲတော့ဘဲ ခုံမှထကာ ဘုတ်ပြားတစ်ပြားကဲ့သို့ ခါးကိုမတ်၍ တစ်ဝက်သာမှန်သော‌အဖြေကို ပြန်ပေးလိုက်သည်။


" ထောင်ထောင်ကျဲ ကျွန်တော်နဲ့တစ်ခန်းတည်းသုံးကြမလား…."


ထိုသို့သောမေးခွန်းမှာ‌ ထောင်ထောင်အပေါ်တွင် အကျပ်ရိုက်စေခဲ့သည်။ အကယ်၍သာ ထောင်ထောင် ပိုင်ရဲ့ကိုရွေးချယ်လိုက်မည်ဆိုပါက သံသယရှိရန်ပင်မလိုဘဲ အင်တာနက်အသုံးပြုသူများမှာ ပိုင်ရဲ့၏ကျော်ကြားမှုကိုခွာယူရန် တစ်ဖက်သက်တွယ်ကပ်နေခြင်းအတွက် ဆဲဆိုကြမည်ဖြစ်ပြီး အကယ်၍သာ ကျန်းယွင်ဖေးကို ရွေးချယ်လိုက်ပါက ကောလဟာလများမထွက်လာနိုင်ဟု မည်သူကမှပြောနိုင်မည်မဟုတ်ချေ။


သူတို့ထဲတွင် ချီရှင်းချန်သည်သာ အငြင်းပွားမှုမျိုးဖြစ်နိုင်ခြေအနည်းဆုံးဖြစ်ပြီး ပရိသတ်များစွာမရှိသေးသောသူဖြစ်ကာ အသက်လည်းငယ်သေးသည်။ သူတို့တစ်ခန်းတည်းအတူအိပ်ကြလျှင်ပင် ပရိုဂရမ်အဖွဲ့မှ နှစ်ဦးကြားမည်သည့်မီးပွားကိုမှ ဖန်တီးနိုင်မည်မဟုတ်ပေရာ ချီရှင်းချန်မှာ အန္တရာယ်အကင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်နေခဲ့သည်။


ထောင်ထောင် တုန့်ဆိုင်းနေပုံရကာ စကားပြန်မပြောခဲ့ပေ။ ထိုအချိန်၌ ရေချိုးပြီးသည့်ပိုင်ရဲ့မှ သူ၏အဝတ်စိုများကိုယူကာ ရေချိုးခန်းတွင်းမှ ထွက်လာခဲ့ပြီး " နောက်တစ်ယောက်…" ဟုပြောလာခဲ့သည်။


အခန်းကျယ်ထဲတွင် ရေချိုးခန်းမှာ တစ်ခန်းသာရှိသည့်အတွက် လူတိုင်းအလှည့်ကျတန်းစီရမည်ဖြစ်သည်။ ချီရှင်းချန်မှာ ‌ထောင်ထောင်ကို ကိုင်တွယ်ရဦးမည်ဖြစ်သောကြောင့် ကျန်းယွင်ဖေးဘက်သို့လှည့်ကာ " ယွင်ဖေးကော အစ်ကိုပဲအရင်သွားလိုက်ပါ ရပါတယ်…"


" မင်းအရင်ဝင်လိုက်ပါကွာ … အငယ်တွေ‌ဦးစားပေးတာပေါ့…"


" အစ်ကိုပဲအရင်သွားလိုက်ပါ…" ချီရှင်းချန် စနောက်လိုက်သည် " ကျွန်တော်က အကြီးတွေကိုလေးစားပါတယ်…"


ထိုသို့ပြောပြီးနောက် ချီရှင်းချန် တစ်စုံတစ်ရာကို ယခုပင်သဘောပေါက်သွားသည့်အတွက် သူ၏ပါးစပ်ကို အုပ်မိသွားသည်။ ကျန်းယွင်ဖေးမှာလည်း အလွန်ပင်ပူးပေါင်းပေးကာ သွေးများအန်ထွက်တော့မလို သရုပ်ဆောင်ပေးနေခဲ့သည်။


မော်နီတာများနောက်တွင် ဒါရိုက်တာမှ ရယ်လျက် " နောက်ကြရင် ဒီအပိုင်းမှာ ကျန်းယွင်ဖေးရင်ဘတ်ကို မြှားနည်းနည်းလောက်စိုက်ပေးထားရမယ်….နှလုံးသားမှာ မြှားတွေစိုက်နေတဲ့ခံစားချက်မျိုးပေါ့…နော်ရာက ဒီကလေးကို အကြောင်းမဲ့လက်မှတ်ထိုးခဲ့တာမဟုတ်ဘူးပဲ…."


" သူတို့တကယ်မလုပ်ခဲ့တာ…" 


လက်‌ထောက်ဒါရိုက်တာမှ အံ့ဩနေဟန်ဖြင့် " အံ့ဩစရာကောင်းလောက်အောင် သူကရသစုံရှိုးတွေအတွက် အမြင်ရှိနေတာပဲ… သူအရှုပ်တွေမဖန်တီးနေသရွေ့တော့ နောက်ကြရင်ဒီကလေးက ကျိန်းသေပေါက်နာမည်ကြီးလာလိမ့်မယ်…"


သေချာပေါက်ပင် ဒါရိုက်တာမှာ ထိုစကားများကိုရိုက်ကွင်းနောက်ကွယ်တွင် ပြောခဲ့ခြင်းဖြစ်သောကြောင့် အခန်းတွင်းရှိလူလေးယောက်မှာ ထိုအကြောင်းကို မသိကြပေ။ ချီရှင်းချန် ကျန်းယွင်ဖေးကို အလျင်အမြန်တောင်းပန်လိုက်ပြီးနောက် ကျန်းယွင်ဖေးလည်း လွန်စွာကြေကွဲနေဟန်ဖြင့် ရင်ဘတ်ကိုအုပ်ကိုင်ကာ ရေချိုးခန်းတွင်းသို့ ဝင်သွားလိုက်သည်။


ပြပွဲအပြီးတွင် ချီရှင်းချန် ဆိုဖာပေါ်သို့ပြန်ထိုင်ချလိုက်ရပြီး သူ၏တင်ပါးမှာခုံသို့ထိလိုက်သည်နှင့် လန်း‌ဆန်းသောပူရှိန်းအနံ့မှာ သူ၏နှာခေါင်းတွင်းသို့ဝင်ရောက်လာခဲ့သည်။


ခေါင်းကိုလှည့်လိုက်ချိန်၌ ပိုင်ရဲ့သူ၏ဘေးတွင်ထိုင်နေသည်ကို မြင်လိုက်ရပြီး ပိုင်ရဲ့၏ခေါင်းမှရေများမှာမခြောက်သေးဘဲ သူ၏နဖူးတွင် ဆံနွယ်အချိူ့ကပ်ငြိနေခဲ့သည်။


အိပ်ရာတွင် သက်တောင့်သက်သာရှိစေရန်အတွက် ပိုင်ရဲ့မှာ အနက်ရောင်တီရှပ်ပွပွကို ဝတ်ဆင်ထားပြီး မခြောက်သေးသည့်ဆံပင်မှရေစက်များမှာ သူ၏မျက်နှာပေါ်မှ ကျဆင်းလာကာ နိမ့်ချည်မြင့်ချည်ဖြစ်နေသော လည်ဇလုပ်မှဖြတ်၍ တီရှပ်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။


ချီရှင်းချန် : "...."


 သောက်ကျိုးနည်း ဇာတ်လိုက်မကိုမြူဆွယ်ဖို့အတွက် ဒီအဓိကဇာတ်လိုက်က အများကြီးအားထုတ်ထားတာ မဟုတ်နေဘူးလား….