Chapter 13
အမျိုးသမီးတစ်ယောက်မှာ ယခုမြင်ကွင်းကို မြင်လိုက်ရချိန်၌ သေချာပေါက်ပင် ပိုင်ရဲ့၏ဆွဲဆောင်မှုစက်ကွင်းမှ လွတ်မြောက်နိုင်မည်မဟုတ်ကြောင်း ချီရှင်းချန် သံသယမရှိယုံကြည်နေခဲ့သည်။
ချီရှင်းချန်နှင့်ကျန်းယွင်ဖေးတို့၏ ဖျော်ဖြေမှုအပြီးတွင် ထောင်ထောင်အနည်းငယ်သက်ပြင်းချလိုက်မိသောကြောင့် ချီရှင်းချန် ကပျာကယာလှမ်းပြောလိုက်ရသည် ။
" ဘာလို့မလုပ်ရမှာလဲ…"
ထောင်ထောင်၏အကြည့်မှာ ချီရှင်းချန်ထံသို့ ရောက်လာခဲ့ပြီး " အမ်…."
" တစ်ခန်းတည်းနေကြရအောင် ထောင်ထောင်ကျဲ…" ထောင်ထောင်၏အကြည့်များမှာ ပိုင်ရဲ့ထံတွင်ရှိမနေသည့်အတွက် ချီရှင်းချန်သက်ပြင်းတစ်ချက်ခိုးချလိုက်ရပြီး " ကျွန်တော်က အိပ်ရင်အရမ်းငြိမ်တာ…ဟောက်တာတို့ ဟိုဘက်ဒီဘက်လျောက်လှည့်တာတို့ မရှိဘူးဆိုတော့ ဘာအသံမှကြားရမှာမဟုတ်ပါဘူး…"
ကင်မရာများမှာဘေးတွင်ရှိနေပြီး ချီရှင်းချန်မှလည်း ထုတ်ပြောလာသည်ဖြစ်သောကြောင့် ထောင်ထောင် ရွေးချယ်စရာမရှိဘဲ သဘောတူလိုက်ရတော့မည်အချိန်၌….
" မရဘူး…" ပိုင်ရဲ့ ရုတ်တရက်ထပြောလာခဲ့သည်။
"....." ချီရှင်းချန် ထိုအချိန်တွင် သီးသွားခဲ့ရသည်။
အဓိကဇာတ်လိုက်မနဲ့တစ်ခန်းတည်းအိပ်ရဖို့က တကယ်ကို မဖြစ်မနေလုပ်ရမဲ့အရာပဲလား….
ပွင့်ပွင့်လင်းလင်းပြောရမည်ဆိုလျှင် ချီရှင်းချန် ပိုင်ရဲ့အပေါ်အပြစ်မတင်နိုင်ချေ။ ဇာတ်ကြောင်းမှာ ဤနည်းဖြင့်တိုးတက်လာရမည်ဖြစ်သည့်အတွက် အဓိကဇာတ်လိုက်တစ်ဦးဖြစ်သည့်ပိုင်ရဲ့မှာ ဇာတ်ကြောင်းနောက်ကို မဖြစ်မနေလိုက်နာရမည်ပင်။
ချီရှင်းချန် တိတ်တဆိတ်ခေါင်းကိုငုံ့ကာ ပိုင်ရဲ့မှ ဇာတ်လိုက်မထံ သံလွင်ခက်ပစ်ပေးမည့်အခြေအနေကို စောင့်ဆိုင်းနေသည်။
" ငါကအအိပ်အရမ်းဆတ်တယ်…" ပိုင်ရဲ့မှ မှတ်ချက်ပေးလာခဲ့သည်
" ဒါကြောင့် သာမန်လူတွေနဲ့အတူအိပ်လို့မရဘူး…"
(အိုးးး ဒါက ခင်ဗျားဇာတ်လိုက်မနဲ့တစ်ခန်းတည်းနေတော့မယ်လို့ ဆိုလိုနေတာပေါ့… ဒါနဲ့များ ဘာလို့အကြောင်းပြချက်တွေ လျောက်ပေးနေတာလဲ…) ချီရှင်းချန် သူ၏စိတ်ထဲတွင် တွေးတောနေမိသည်။
" ဒါကြောင့်…" ပိုင်ရဲ့ ချီရှင်းချန်ဘက်သို့ လှည့်လာကာ " မင်းငါနဲ့အိပ်ရလိမ့်မယ်…"
ချီရှင်းချန် : "....."
ချီရှင်းချန် : " ?????? "
အခန်းများကို ဤသို့နေရာချလိုက်ကြပြီဖြစ်သည်။ ကျန်းယွင်ဖေးမှာ ထောင်ထောင်ကို အခန်းကျယ်ထဲသို့ခေါ်သွားချိန်တွင် အနည်းငယ်ရှက်ရွံ့နေပြီး ပိုင်ရဲ့နှင့်ချီရှင်းချန်တို့မှာလည်း နှစ်ယောက်အိပ်ကုတင်ပါသည့်အခန်းတွင် အိပ်ရတော့မည်ဖြစ်သည်။
[စာရေးသူမှာ ပြောစရာရှိပါတယ် :
ပိုင်ရဲ့ : " မင်းရဲ့ပါးစပ်က ငါ့ကိုချစ်တယ်လို့ပြောနေပေမဲ့ ခန္ဓာကိုယ်ကတော့ ဇာတ်လိုက်မနဲ့သွားအိပ်ချင်နေတာ… ဒါကဘယ်လိုပလတ်စတစ်ဖန်အချစ်မျိုးလဲနော်…..]
ချီရှင်းချန်မှာ လက်ရှိတွင်ကျောင်းအဆောင်တွင်နေပြီး အိပ်စင်များနှင့်ကိုသာ အသုံးပြုနေရသော်လည်း ယခင်အေရိုးဗစ်အဖွဲ့ဝင်ဖြစ်စဉ်အခါက အိပ်ရာအကျယ်ကြီးထဲတွင် လူအများစုပြုံအိပ်ခဲ့ရဖူးသည်ဖြစ်လေရာ အမျိုးသားနှစ်ဦးတစ်ကုတင်ထဲအိပ်သည့်အပေါ်တွင် များစွာဆန့်ကျင်နေခြင်းမရှိချေ။
သူသိချင်နေမိသည့်တစ်ခုတည်းသောအရာမှာ အဘယ့်ကြောင့် ပိုင်ရဲ့မှာသူ့ကိုရွေးချယ်ရသည်လဲ ဆိုသည်ကိုပင်။ ပိုင်ရဲ့မှာ အဓိကဇာတ်လိုက်မနှင့်တစ်ခန်းတည်းသုံးရန်ကိုများ ကြောက်ရွံ့နေသည်လား… သို့သော်လည်း သူကဲ့သို့ကလေးသာသာလေးနှင့်ယှဉ်လိုက်ပါက ကျန်းယွင်ဖေးမှာ ရုပ်ရည်ကော ခန္ဓာကိုယ်အချိုးအစားကောင်းကောင်းပါရှိနေသောကြောင့် ပို၍ချိန်းခြောက်နိုင်မည်မဟုတ်ပါ၏လော….
ချီရှင်းချန်မှာ လွန်စွာရှုပ်ထွေးနေရပြီး သူ၏ညအိပ်ဝတ်စုံကို အိတ်ထဲတွင် မွှေနှောက်ရှာနေကာ သူ၏ရှပ်အင်္ကျီကိုချွတ်ရန် ကိုင်လျက် ဆက်လက်တွေးတောနေမိသည်။
ပိုင်ရဲ့မှာ ဆိုဖာပေါ်တွင် ထိုင်နေပြီးသီချင်းနားထောင်နေခဲ့ကာ ချီရှင်းချန်၏လှုပ်ရှားမှုများကို မြင်သည်နှင့် နားကြပ်ကိုချွတ်၍ မျက်မှောင်ကြုတ်လျက် မေးလိုက်သည်
" မင်းဘာလုပ်နေတာလဲ.."
" ရေချိုးဖို့အတွက် အင်္ကျီလဲနေတာလေ…ပြီးရင် အိပ်တော့မှာပါ…"
သို့သော်လည်း ချီရှင်းချန်၏အတွေးထဲတွင် တွေးနေမိသည်မှာ " ဒါကကော ခင်ဗျားအလုပ်ပဲလား…" ဟုတွေးနေမိသည်။
ပိုင်ရဲ့ ချီရှင်းချန်ထံအကြည့်တစ်ချက်ပေးလိုက်ပြီးနောက် ပေါ့ပေါ့ပါးပါးပင် သူ၏ဂျာကင်ကိုကောက်ယူကာ ဘယ်ဘက်ထောင့်စီသို့ လျှောက်လာခဲ့ပြီးနောက် ကင်မရာပေါ်သို့ ပြီးပြည့်စုံစွာ လွှမ်းခြုံလိုက်သည်။
" လူတွေအများကြီး ကြည့်နေကြတာမလို့ ဂရုစိုက်ပါ…."
" ကျေး.. ကျေးဇူးတင်ပါတယ်…" သူပိုင်ရဲ့အပေါ်နားလည်မှုလွဲသွားခဲ့သည်ကို သိလိုက်ရသဖြင့် ချီရှင်းချန် သူ၏နှာခေါင်းထိပ်လေးကိုထိကာ ပြောလိုက်သည် " ကျွန်တော် အရမ်းမြန်မြန်ချိုးမှာပါ… အစ်ကိုအိပ်တာကို မနှောင့်နှေးစေရပါဘူး…"
ထိုသို့ပြောပြီးနောက် ချီရှင်းချန်ရေချိုးခန်းတွင်းသို့ ပြေးဝင်သွားခဲ့သည်။ သူကပျာကယာချိုးကာ ထွက်လာချိန်၌ ပိုင်ရဲ့မှာ သူ၏ဘက်သို့လှည့်၍ မျက်လုံးကာကိုတပ်ကာ အိပ်မောကျနေပြီးသည့်ပုံပင်။
ချီရှင်းချန် လှဲချလိုက်သည်နှင့် သူအေးမြသောရနံ့တစ်ခုကို ရရှိလိုက်လေသည်။
....
ယနေ့ညအိမ်မက်မှာ ပူရှိန်းအရသာဖြစ်နေခဲ့သည်။
ချီရှင်းချန် မကြာခဏဆိုသလို တောင်စဉ်ရေမရသောအိမ်မက်များမက်တတ်ပြီး ၎င်းတို့ထဲမှာအများစုမှာ သူ၏မသာယာခဲ့သောငယ်ဘဝအကြောင်းများသာဖြစ်နေတတ်သည်။ ဤသို့သောကောင်းမွန်သည့်အိမ်မက်မျိုးမှာ လွန်စွာနည်းပါးလှကာ သူ့ကိုအလွန်အိပ်မောကျသွားစေခဲ့သည်။ ထိုအတွက်ကြောင့်ပင် ချီရှင်းချန်နိုးလာချိန်၌ စိတ်လက်ကြည်သာနေပြီး စောင်များကိုခေါက်ရင်းဖြင့် သီချင်းအနည်းငယ်ညည်းနေမိသွားသည်။
ပိုင်ရဲ့မှာမူ သူ့ထက်အနည်းငယ်ပိုစောကာနိုးလာခဲ့ပြီး မျက်နှာသုတ်ပုဝါကိုကိုင်ကာ ဆံပင်များကိုအခြောက်ခံနေသည့်လက်များမှာ ရပ်တန့်သွားကာ မေးလာခဲ့သည်
" မင်းဘာလုပ်နေတာလဲ…"
" စောင်ခေါက်နေတာပါ…"
ဟိုတယ်မှစောင်များမှာ ဧည်သည့်များထွက်သွားချိန်တွင် လျှော်ဖွတ်ရန်အတွက် ယူသွားရမည်ဖြစ်သောကြောင့် သင်ခေါက်သည်ဖြစ်စေ ထိုအတိုင်းထားခဲ့သည်ဖြစ်စေ မည်သည့်ပြသနာမှမရှိချေ။ ၎င်းမှာပုံမှန်သာဖြစ်သော်လည်း အကယ်၍ ဤသူမှာဟိုတယ်တွင် တစ်ခါမှမတည်းခိုပါက ထိုအရာကို သိလိမ့်မည်မဟုတ်ပေ။
ပိုင်ရဲ့၏အကြည့်မှာ ချီရှင်းချန်၏နောက်ကျောဘက်သို့ ကျရောက်လာသော်လည်း မည်သည့်စကားမှမပြောလာသည့်အတွက် ချီရှင်းချန် သူ၏စောင်ကိုပျော်ရွှင်စွာခေါက်ကာ ထို့နောက် ပိုင်ရဲ့၏စောင်ကိုလည်း ခေါက်ပေးလိုက်သည်။
မနက်စာမှာဟိုတယ်မှကျွေးမည်ဖြစ်ခြင်းကြောင့် လူတိုင်းမနက်စာစားရန် စုစည်းလိုက်ကြကာ နောက်သွားမည့်ခရီးစဉ်အတွက် စတင်ဆွေးနွေးလိုက်ကြသည်။
ထောင်ထောင်မှ စပြောလာသည် " ရောက်နေပြီးနှင့်ပြီဆိုတော့ ကျွန်မတို့ ကိုပင်ဟေဂင် (Copenhagen)ကို တစ်ချက်ပတ်ကြည့်ကြတာပေါ့… ဒါကိုဒီနေ့ရဲ့ခရီးသွားနေရာအဖြစ်မှတ်ယူလိုက်လို့ ရတာပဲလေ…"
" ထောက်ခံပါတယ်…." ကျန်းယွင်ဖေးမှ ပြန်ပြောလိုက်သည် " ဒီမှာတခြားကောနာမည်ကြီးခရီးသွားနေရာတွေများ မရှိဘူးလား…"
ချီရှင်းချန် သူ၏မှတ်ဉာဏ်များထဲတွင် ခဏမျှရှာဖွေလိုက်ပြီး " ကိုပင်ဟေဂင်ပြဇာတ်ရုံ…အန်ဒါဆန်ရဲ့အုတ်ဂူ..ဒိန်းမတ်ရဲ့အမျိုးသားပြတိုက်…ရေသူမရုပ်တုတို့တော့ရှိတယ်…ကိုပင်ဂေဂင်ပြဇာတ်ရုံနဲ့အန်ဒါဆန်ရဲ့အုတ်ဂူတို့က တစ်နေရာနဲ့တစ်နေရာနီးတယ်ဆိုတော့…ကျွန်တော်တို့ဒီနေရာကို တစ်ခါတည်းသွားလိုက်လို့ရမယ်…"
" ဒီလိုဆို အခြေကျသွားပြီ…" ကျန်းယွင်ဖေး လက်ခုပ်တစ်ချက်ထတီးလိုက်ပြီး " ရှင်းရှင်း မင်းရှိနေလို့တော်သေးတာပေါ့…ငါတို့အစီအစဉ်ချတဲ့နေရာမှာ အချိန်ကုန်သက်သာသွားပြီ…."
သူမဝင်မပြောနိုင်ခင်မှာပင် ယနေ့၏ခရီးသွားလမ်းကြောင်းကို စကားအနည်းငယ်ဖြင့် ဆုံးဖြတ်ပြီးသွားပြီဖြစ်သည့်အတွက် လျိုကျီယုတစ်ချက်ကြည့်လိုက်ပြီး ဤအတိုင်းမလွှတ်ပေးလိုက်နိုင်သဖြင့် " ရှင်းရှင်း မင်းကမလာခင်ကတည်းက သွားရမဲ့လမ်းကြောင်းကို တစ်ခါတည်းကြိုရှာထားတာပဲနေမယ် ဟုတ်တယ်မလား…ဘယ်လိုတောင်အလုပ်ကြိုးစားတာလဲနော်…."
ချီရှင်းချန် ဟမ့်ခနဲတစ်ချက်သာ ပြန်ဖြေလိုက်သည်။ ချီမိသားစုမှာ ဒိန်းမတ်တွင် ဝိုင်သိုလှောင်ခန်းဆယ်ခန်းကျော်မျှပိုင်ဆိုင်ထားသည့်အတွက် ချီယွမ်ရှောင်မှ မကြာခဏဆိုသလို ၎င်းတို့ကို လေ့လာရန်အတွက် မူလပိုင်ရှင်ကို ဒိန်းမတ်သို့ခေါ်လာလေ့ရှိသည်။ ထိုအတွက်ကြောင့်ပင် မူလပိုင်ရှင်၏မှတ်ဉာဏ်များထဲတွင် ဤနေရာအကြောင်းကို နက်နက်ရှိုင်းရှိုင်းမှတ်မိနေခြင်းဖြစ်သည်။
" သိသားပဲ…"
လျိုကျီယု နွားနို့တစ်ငုံ့ခန့်သောက်လိုက်ပြီးနောက် " မင်းကတော့ အရင်တုန်းက ဒီမှာအလုပ်လာမလုပ်ဖူးပေမဲ့ ငါကတော့ ဒိန်းမတ်မှာမဂ္ဂဇင်းတစ်ခါလာရိုက်ဖူးတယ်လေ…နှမြောစရာကောင်းတာက အချိန်ဇယားကအရမ်းကြပ်နေတော့ ကိုယ့်ဘာသာပျော်ဖို့တောင် အချိန်မရလိုက်ဘူး…"
ထိုအချိန်မှသာ ချီရှင်းချန် သူမပြောချင်သည့်အရာကို သဘောပေါက်သွားခဲ့သည်။ လျိုကျီယုမှာ သူ့ကိုဤနေရာသို့မရောက်ဖူးခြင်းကြောင့် မလုံမလဲဖြစ်စေရန် လှည့်ပတ်ပြောနေခြင်းပင်။
သူအနေဖြင့် ဤဘတ်ဂျက်ခရီးသွားကြမယ် အစီအစဉ်အတွင်း အဓိကဇာတ်လိုက်နှစ်ယောက်ရင်းနှီးမသွားစေရန်အတွက် ကောင်းစွာအားထုတ်နေရသည်ဖြစ်သောကြောင့် အခြားသူများကို အရေးစိုက်နေရန် စိတ်ပါဝင်စားခြင်းမရှိပေ။ သို့သော်လည်း လျိုကျီယုမှာ ဆက်လက်တိုက်ခိုက်နေမည်ဆိုပါက သူသည်လည်း သည်းခံနေမည်မဟုတ်ချေ။
" ဘေးဖယ်…"
ချီရှင်းချန် ပြန်ပြောမည်အလုပ်တွင် အေးစက်စက်အသံတစ်ခုမှာ သူ၏နောက်ဘက်မှထွက်လာခဲ့သည်။
ပိုင်ရဲ့မှာ မနက်ခင်းပြေးရာမှပြန်လာပုံရကာ သူ၏နောက်တွင်ရပ်နေပြီး လျိုကျီယုကို ပြောလိုက်သည် " မင်းကငါ့နေရာမှာ ထိုင်နေတာ…"
"... အိုးးးး တောင်းပန်ပါတယ် ကျွန်မသတိမထားမိလိုက်လို့ပါ…" လျိုကျီယု ကို့ရို့ကားယားနိုင်စွာပြုံးလျက် ထရပ်လိုက်ရပြီး ဆန့်ကျင်ဘက်နေရာရှိ ခုံကိုသာသွားလိုက်ရသည်။
ဘတ်ဂျက်ခရီးသွားကြမယ်အစီအစဉ် လေးခုမြောက်ရာသီ၏ အာမခံတစ်ဦးအနေဖြင့် ပိုင်ရဲ့ထံတွင် ကိုယ်ပိုင်နေရာရှိထားကာ ကင်မရာများမှာ သူ့ကိုသာတိုက်ရိုက်ချိန်ထားကြသည်။ ဤနည်းဖြင့် ပိုင်ရဲ့မှာ ရှိုးအတွင်းစကားများစွာမပြောခဲ့သည့်တိုင် တည်းဖြတ်သည့်အချိန်တွင် သူ့အတွက် ရိုက်ချက်အများဆုံးပါရန် အာမခံနိုင်မည်ဖြစ်သည်။
လျိုကျီယုဤနေရာသို့ မလာခင်က ထိုအသေချိန်ညှိထားသည့်ကင်မရာနေရာသို့ဝင်ကာ သူမအတွက် ရိုက်ချက်အနည်းငယ်ယူရန်ကြိုးစားချင်ခဲ့သည်။ သို့သော်လည်း ပိုင်ရဲ့မှာ အမှန်တကယ်ပင် သူမကိုမောင်းထုတ်လိမ့်မည်ကိုမူ မည်သို့ထင်မိပါမည်နည်း….
ကင်မရာများမရိုက်ကူးနိုင်သည့်စားပွဲအောက်တွင် လျိုကျီယုလက်သီးကိုတင်းတင်းဆုပ်ထားကာ သူမ၏ရှည်လျားသောလက်သည်းများမှာ လက်ဖဝါးကိုပင်ဖောက်လုမတတ်ဖြစ်နေခဲ့သည်။
......
ဒိန်းမတ်စံတော်ချိန် မနက်ဆယ်နာရီတွင် ဧည့်သည်တော်များမှာ သူတို့၏အိတ်များကို ဟိုတယ်ဧည့်ခန်းတွင်အပ်ကာ အန်ဒါဆန်၏အုတ်ဂူရှိရာသို့ ထွက်လာကြသည်။
အဖွဲ့ထဲမှအမျိုးသားအုပ်စုတွင် အသက်ကြီးဆုံးဖြစ်သောကျန်းယွင်ဖေးမှာ ဇာတ်ညွှန်းရေးသူ၏အလိုကျပင် အဖွဲ့၏ခေါင်းဆောင်နေရာကို အလိုအလျောက် တာဝန်ယူလိုက်သည်
" ဒိန်းမတ်က ကာဗွန်ထုတ်လုပ်မှုနည်းတဲ့ အစိမ်းရောင်နိုင်ငံပဲ… လမ်းမကြီးပေါ်မှာ သော့ဖွင့်လို့ရတဲ့စက်ဘီးမှန်သမျှကို အလကားစီးလို့ရတယ်…ပိုက်ဆံလည်းချွေတာလို့ရသလို ပတ်ဝန်းကျင်လည်းမညစ်ညမ်းတော့ဘူးပေါ့… ငါတို့အဲဒီကို စက်ဘီးစီးသွားကြရအောင်… ဘယ်လိုလဲ…"
မည်သို့များဖြစ်နိုင်ပါမည်နည်း… ဧည့်သည်များမှာ ကောင်းကင်ပေါ်မှ နေလုံးကြီးကို မော့ကြည့်လိုက်ကြပြီး အပြုံးတုများကိုယ်စီချိတ်ဆွဲလျက် " ဒါပေါ့ ငါတို့စီးသွားကြမယ်…"
" ဒီတိုင်းစက်ဘီးစီးကြမယ်ဆိုရင် ပျင်းစရာကြီး… ငါတို့ပြိုင်ကြမယ်ဆိုရင်ကော…" ကျန်းယွင်ဖေးမှ ထပ်မံ၍အဆိုပြုလိုက်သည်။
" ဘယ်လိုပြိုင်ကြမှာလဲ…"
" ငါတို့မှာ ယောင်္ကျားလေးသုံးယောက်နဲ့မိန်းကလေးသုံးယောက်ရှိတာပဲ…နှစ်ဖွဲ့ခွဲလိုက်ကြတာပေါ့… အနိုင်ရတဲ့အဖွဲ့ရဲ့ ယောင်္ကျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်က ပထမဆုအနေနဲ့အစားအသောက်ဝိုင်းကြီးကြီးတစ်ခုရလိမ့်မယ်…"
ဤသို့သေးငယ်သည့်ဘတ်ဂျက်ကလေးဖြင့် စားသောက်ပွဲမှာ မည်ကဲ့သို့မျှကြီးကျယ်နိုင်ပါမည်နည်း။ ဧည့်သည်များအားလုံး၏စိတ်ထဲတွင် ညည်းတွားနေကြသော်လည်း သူတို့၏လှုပ်ရှားမှုများမှာ မြန်ဆန်ကာစိတ်အားထက်သန်ပုံပေါ်နေကြပြီး သူတို့နှစ်သက်ရာစက်ဘီးများကို ရွေးချယ်နေကြသည်။
ကျန်းယွင်ဖေး၏ညွှန်ကြားချက်ကို စောင့်ဆိုင်းနေကြစဉ်အတွင်း ချီရှင်းချန် သူ၏နားကြပ်ကိုယူကာ တစ်ဖက်ကို နားထဲသို့ထည့်လိုက်ပြီး တစ်ဖက်ကို သူ၏စက်ဘီးလက်ကိုင်တွင် ရစ်ပတ်လိုက်သည်။
ထိုမြင်ကွင်းကို မြင်သွားသည့် ရိုက်ကွင်းလက်ထောက်မှာ အံ့အားသင့်သွားရကာ မေးလိုက်လေသည် " ရှင်းရှင်း ဘာတွေလုပ်နေတာလဲ…"
" စက်ဘီးကိုကျွန်တော့်အိုင်ဒေါရဲ့အသံနားထောင်ခိုင်းနေတာလေ… ဒါမှနောက်ကြရင် သူကမြန်မြန်ပြေးနိုင်မှာ…" ချီရှင်းချန် အခိုင်အမာပြောလိုက်သည်။
"….." မေးမိလိုက်သည့်ရိုက်ကွင်းလက်ထောက်မှာ ပြောစရာစကားများပျောက်ရှသွားရသည်။ ဤအဆင့်တစ်ဆယ်ရှိမြှောက်ပင့်တတ်သူကို မည်သူကမှသွားနောက်လို့မရပေ…
ငါးမိနစ်အကြာ လူတိုင်းပြင်ဆင်၍ပြီးသွားချိန်တွင် ကျန်းယွင်ဖေးမှ အော်ပြောလာခဲ့သည်
" အသင့် နေရာယူ…."
ရိုက်ကွင်းလက်ထောက်မှ မည်သည့်အသံမျှမထွက်နိုင်သည့်အချိန်တွင် ချီရှင်းချန် သူ၏ကိုယ်ကိုငုံ့ကိုင်းလိုက်သည်။
" သုံး နှစ် တစ်… သွားလို့ရပြီ…"
ဝှစ်ခနဲအသံနှင့်အတူ ချီရှင်းချန် အနီးအနားရှိလမ်းကြားတွင်းသို့ ပြေးဝင်သွားသည်။
ကင်မရာမန်းနှင့်ရိုက်ကွင်းလက်ထောက်မှာ အချိန်မီမတုံ့ပြန်လိုက်နိုင်ခဲ့ပေ။
" ရှင်းရှင်း ဖြည်းဖြည်း ဖြည်းဖြည်း…."
ကံမကောင်းစွာဖြင့် ချီရှင်းချန် အရှိန်မလျော့နိုင်ပေ။ သူအတွက် စက်ဘီးဖြင့် ကျောင်းနှင့်အေရိုးဗစ်အဖွဲ့တို့ကြား ကူးချည်သန်းချည်ပြေးလွှားနေရသည်မှာ ဆယ်စုနှစ်တစ်ခုခန့်အထိ ပုံမှန်လိုပင်ဖြစ်နေပြီဖြစ်ရာ စက်ဘီးစီးရာတွင် သူ၏ကျွမ်းကျင်မှုမှာ တစ်ဖက်ကမ်းခတ်အောင် ထူးချွန်နေပြီဖြစ်သည်။ ထို့အပြင် အေရိုးဗစ်ကစားရာတွင်သုံးသည့် တစ်ဘီးတည်းပါသောစက်ဘီးကိုပင် မည်သို့စီးရမည်ကို သိနေလေရာ တစ်ဘီးထပ်ပေါင်းလိုက်ပါက သူ့အတွက်နှစ်ဆကျွမ်းကျင်သွားသည်မဟုတ်ပါ၏လော…[ဒါလေးက mtl ကနေပြန်နေတာဖြစ်တဲ့အတွက် တချို့အသုံးနှုန်းနေရာလေးတွေ စမ်းတဝါးဝါးဖြစ်နေခဲ့တာပါ ဒီနေရာရောက်မှ သူပြောတဲ့ အေရိုးဗစ်ဆိုတာက ဆက်ကပ် ဖြစ်လိမ့်မယ်လို့ သဘောပေါက်မိတယ် 😁 ဒီတိုင်းပဲဆက်သွားလိုက်မယ်နော်]
ချီရှင်းချန် စက်ဘီးကို ပို၍မြန်မြန်နင်းနေသော်လည်း ရိုက်ကူးရေးလုပ်နေချိန်ဖြစ်သည့်အတွက် အားကုန်မသုံးထားခဲ့ချေ။
ဧည့်သည်များမှာ လမ်းကြားများကိုဖြတ်ကာ ပျောက်ကွယ်သွားမည်ကိုစိုးသည့်အတွက် ကင်မရာမန်းများအားလုံးနှင့် ရိုက်ကွင်းလက်ထောက်များမှာ လျှပ်စစ်စက်ဘီးများကို စီးထားကြပြီးဖြစ်သည်။ ယခုအချိန်၌ သူတို့၏မော်တာပါသောစက်ဘီးမှာ ခြေဖြင့်နင်းနေသောချီရှင်းချန်ကို မမှီနိုင်သည်အား သဘောပေါက်သွားသည့်အတွက် အဆုတ်ကွဲမတတ်သာ အော်ဟစ်လိုက်ကြရလေသည်
" ရှင်းရှင်း…."
ဒါရိုက်တာမှ ကင်မရာမန်း၏အော်သံကို မော်နီတာထဲတွင်ကြားလိုက်ရသောကြောင့် အခြားတစ်ဖက်တွင် တစ်စုံတစ်ရာမှားယွင်းသွားသည်ဟု ထင်လိုက်မိသည့်အတွက် ကပျာကယာလှမ်းမေးလိုက်သည်
" ဘာဖြစ်တာလဲ…"
" ကျွန်တော်တို့က ကင်မရာကိုင်ထားရတော့ လျှပ်စစ်စက်ဘီးကို အရမ်းမြန်အောင်စီးလို့မရဘူးဖြစ်နေတာ… ပြီးတော့ ချီရှင်းချန်ကိုလည်း လိုက်လို့မမီနေဘူး…"
ထိုစကားကိုကြားလိုက်ချိန်တွင် ဒါရိုက်တာကြီးမှာ ဦးဆုံးသက်ပြင်းတစ်ချက်ချလိုက်ရသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် ၎င်းမှာရယ်စရာကောင်းနေသည်ဟု ခံစားမိသွားသည့်အတွက် ချီရှင်းချန်၏အဖွဲ့ဖြစ်သောရိုက်ကွင်းလက်ထောက်ကို ညွှန်ကြားလိုက်လေသည်
" အခုကဘယ်လိုမြင်ကွင်းမျိုးလဲ… ငါ့အတွက်ရိုက်လာခဲ့ချည်…"
ဒါရိုက်တာ၏ညွှန်ကြားချက်ကြောင့် ရိုက်ကွင်းလက်ထောက်မှ ဖုန်းကိုထုတ်ကာ ရိုက်ကူးသည့်ခလုတ်ကိုဖွင့်လိုက်သည်။
ထို့နောက် ကင်မရာမန်းမှာ ချီရှင်းချန်ကို နောက်တစ်ကြိမ်အော်ခေါ်လာပြန်သည် " ရှင်းရှင်း…."
" အမ်…"
" စောင့်ပါဦး ငါတို့မင်းကိုလိုက်မမီတော့ဘူး…"
" မရဘူးလေ ကျွန်တော်ကပြိုင်နေရတာကို…"
လမ်းပေါ်တွင် လူနှစ်ယောက်ရှိနေပြီး တစ်ယောက်မှာလမ်းတစ်ဖက်တွင်ရှိနေကာ တစ်ယောက်မှာ အခြားတစ်ဖက်တွင်ရှိနေခဲ့သည်။ ချီရှင်းချန်၏အသံမှာ အလွန်ကျယ်လောင်သွားခြင်းကြောင့် ဖြစ်နိုင်ပေမည် ၎င်းမှာ လမ်းထောင့်ရှိခိုတစ်အုပ်ကို ခြောက်လှန့်မိသွားခြင်းကြောင့် ဒိန်းမတ်ဘာသာစကားဖြင့် " တောင်းပန်ပါတယ်…" ဟုပြောလိုက်လေသည်။
ကင်မရာမန်းမှာ ဆက်လက်သည်းမခံနိုင်တော့ပေ။ သူသက်ပြင်းရှည်တစ်ချက်ချကာ အော်ပြောလိုက်ရသည်
" ရှင်းရှင်း မင်းကပရိုဂရမ်ရိုက်နေတာလေ…စက်ဘီးနင်းပြိုင်ပွဲဝင်နေတာမဟုတ်ဘူး…ငါတို့မင်းကို မရိုက်နိုင်လိုက်ဘူးဆိုရင် လွှင့်တဲ့အခါကြ မင်းအပိုင်းတစ်ပိုင်းမှ ပါမှာမဟုတ်ဘူးနော်…"
" ရပါတယ် ပြိုင်ပွဲက နံပါတ်တစ်… ပရိုဂရမ်က နံပါတ်နှစ်ပဲလေ.." ချီရှင်းချန် အလေးအနက်ကြေငြာလိုက်သည်
" ကော...လေ့ကျင့်ခန်းပိုလုပ်ဖို့လိုတယ်နော်…."
ပြောပြီးသည်နှင့် အရှိန်ကိုမြှင့်ကာ တစ်ကြိမ်ထပ်မံ၍ပြေးထွက်သွားခဲ့သည်။
"…."
ကင်မရာမန်း၏မျက်နှာပေါ်တွင် စိတ်ညစ်မှုများဖြင့် ပြည့်နှက်သွားခဲ့ပြီး နဖူးကိုရိုက်ကာ အပြေးလိုက်သွားလိုက်ရသည်။
ရိုက်ကွင်းလက်ထောက်မှ ရိုက်ကူးပြီးစီးသွားသည့်ဗီဒီယိုအား ဒါရိုက်တာထံပို့ပေးလိုက်သည်။ ဒါရိုက်တာနှင့်လက်ထောက်ဒါရိုက်တာတို့မှာ ထိုဗီဒီယိုကို မျက်ရည်များပင်ထွက်ကျလုမတတ် ရယ်မောရင်းဖြင့် ကြည့်လိုက်ကြပြီးနောက် ဒါရိုက်တာမှ နောင်တရဟန်ဖြင့် အံ့ဩတကြီးပြောလာခဲ့သည် " ဒီဟာတစ်ခုလုံးက ရယ်စရာတွေကြီးပဲ…ကံဆိုးတာက ဖုန်းနဲ့ပဲရိုက်လာခဲ့ရတယ် နှမြောဖို့ကောင်းလိုက်တာနော်…."
" လုံးဝအသုံးမဝင်တာကြီးတော့ မဟုတ်ပါဘူး…" လက်ထောက်ဒါရိုက်တာမှ ပြန်ပြောလိုက်သည် " ကျွန်တော်တို့စီမှာ အရှိန်ကိုထိန်းထားဖို့အတွက် အမြည်းလွှင့်ပေးဖို့ ဗီဒီယိုလိုနေတာမဟုတ်ဘူးလား…ကျွန်တော်တို့သာ ပိုင်ရဲ့ဘက်ကိုကြီးအားစိုက်နေရင် စိုက်ထုတ်ရမဲ့အားကလည်း အရမ်းကြီးသွားလိမ့်မယ်လေ…ဒီလိုဆို ဒီဗီဒီယိုကို သုံးလိုက်လို့ရတာပေါ့…"
ဒါရိုက်တာမှ ပြန်တွေးကြည့်လိုက်ပြီး ဤသည်မှာ အမှန်ဖြစ်ကြောင်းကို ခံစားမိလိုက်သည်။ ထို့ကြောင့် အဆုံးနားတွင်ထည့်ရန်အတွက် ရိုက်ကွင်းလက်ထောက်ကို နောက်ထပ်ဗီဒီယိုတစ်ခုထပ်ရိုက်ရန်ပြောလိုက်ပြီး ၎င်းကို ဖြတ်တောက်ပေးရန်အသင့်ပြင်ထားဖို့ တည်းဖြတ်အဖွဲ့ကိုအသိပေးလိုက်သည်။