အပိုင်း၁၄
Viewers 26k

Chapter 14




ခရီးစဉ်၏ဒုတိယတစ်ဝက်တွင် ကင်မရာမန်းမှာ အမောဆို့ကာ အသက်ထွက်လုမတတ်ဖြစ်နေသောကြောင့် ချီရှင်းချန် သူ၏အရှိန်ကို အနည်းငယ်လျော့ချပေးလိုက်သည်။ သို့တိုင်အောင် နောက်ဆုံးရလဒ်မှာ သိသိသာသာပင် သူ၏တိုတောင်းသောလမ်းကြောင်းရွေးချယ်မှုနှင့် လျှင်မြန်သောအရှိန်ကြောင့် ချီရှင်းချန်မှာ ပထမဆုံးရောက်ရှိသူဖြစ်နေခဲ့လေသည်။


အဆုံးတွင် ရပ်နိုင်လိုက်ပြီဖြစ်သည့်ကင်မရာမန်းမှာ သူ၏ဝိညာဉ်ပင် ကောင်းကင်ပေါ်သို့ ‌တက်လုမတတ်ဖြစ်နေပြီဟု ခံစားလိုက်ရသည်။ သူ၏မျက်လုံးများမှာ ရှုပ်ထွေးမှုများကိုသာ ပြသနေပြီး ယနေ့မှာ မည်သည့်နေ့ဖြစ်သည် သို့မဟုတ် မည်သည့်နေရာတွင်ရောက်ရှိနေသည်ကိုပင် မေ့လျော့သွားပြီဖြစ်ကာ သူ၏ပါးစပ်မှာ တစ်စုံတစ်ခုကို တောက်လျောက်ရေရွတ်နေခဲ့သည်။


ဒါရိုက်တာ၏ညွှန်ကြားချက်ကြောင့် ရိုက်ကွင်းလက်ထောက်မှ ဖုန်းကိုထုတ်ကာ ကင်မရာမန်းကိုမေးလိုက်သည်


" လီကော ဘာတွေပြောနေတာလဲ…"


" ဒီနယ်ပယ်ထဲဝင်လာမိဖို့ကို ငါ့အရင်ဘဝတုန်းက ဘယ်လောက်တောင် မကောင်းမှုတွေကျူးလွန်ခဲ့လို့လဲမသိ…."


ကင်မရာမန်းမှာ သူ၏ရှုပ်ပွခါးသီးနေသောမျက်ရည်များကို သုတ်လိုက်ပြီး " နောက်ဘဝသာရှိမယ်ဆိုရင် လောင်ဇီက သေချာပေါက် မီဒီယာလောကထဲကို လုံးဝမဝင်တော့ဘူးပဲ…"


ထိုအချိန်၌ မီဒီယာလောက၏ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးကို သူ၏ခွန်အားသက်သက်ဖြင့် အနားယူရန် လှုံ့ဆော်ပေးနိုင်ခဲ့သောချီရှင်းချန်မှာမူ ဤအကြောင်းကို သိမနေချေ။ သူ၏စက်ဘီးလက်ကိုင်တွင်ပတ်ထားသောနားကြပ်ကိုဖြုတ်ကာ သူ့အိုင်ဒေါ၏အသံမှာ မည်မျှကောင်း‌မွန်ကြောင်းကိုသာ ကြွားဝါနေခဲ့သည်။ သူ့အိုင်ဒေါ၏အသံကိုကျေးဇူးတင်‌ရပေမည် သူ၏စက်ဘီးမှာ မိုးပေါ်ပျံတက်လုမတတ် လျင်မြန်နေခဲ့လေသည်။


လမ်းကြားလေးထဲတွင် ချီရှင်းချန် ပန်းဝင်နိုင်ရန်အတွက် ခြေနင်းကိုဆက်မနင်းသေးဘဲ ငါးမိနစ်မျှစောင့်ဆိုင်းနေသည့်ပိုင်ရဲ့၏မျက်နှာပေါ်တွင် ပဟေဠိဖြစ်နေသောအမူအယာတစ်ခုပေါ်လာခဲ့သည်။


သူ့ရဲ့စွမ်းဆောင်ရည်က ဒီလောက်တောင်တိုးတက်နေတာလား…


မိန်းကလေးများဘက်တွင်မူ ပထမဆုံးပန်းဝင်သူမှာ ထောင်ထောင်ဖြစ်ပြီး အနိုင်ရသူများဖြစ်ကြသည့် ချီရှင်းချန်နှင့်ထောင်ထောင်တို့မှာ နေ့လည်စာဆုကြီးကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။


သူတို့အားလုံး အတော်လေးကြည့်ကောင်းသည့်စားသောက်ဆိုင်တစ်ခုကို ရွေးချယ်လိုက်ပြီးနောက် ဟင်းများမမှာခင် ချီရှင်းချန် လက်ဆေးရန် ထသွားလိုက်သည်။


ချီရှင်းချန် သန့်စင်ခန်းတံခါးကို တွန်းလိုက်ချိန်မှာပင် ရင်းနှီးနေသောမျက်နှာနှစ်ခုနှင့် ဝင်တိုးမိသွားသည်။ ချီမိသားစုပိုင်ဝိုင်သိုလှောင်ခန်း၏မန်နေဂျာနှင့်လက်ထောက်မန်နေဂျာတို့မှာ နေ့လည်စာစားပြီးပြီဖြစ်၍ မှန်ရှေ့တွင် စကားပြောရင်းဖြင့် အဝတ်အစားများကို သပ်ရပ်အောင် ပြန်လည်ပြင်ဆင်နေကြသည်။


" ဒုတိယသခင်လေး…"


တစ်ချိန်တည်းမှာပင် ထိုသူနှစ်ဦးမှာလည်း သူ့ကိုမြင်သည်နှင့် အံ့ဩကာ စိတ်လှုပ်ရှားလာကြပြီး အမြန်ပြေး၍ နှုတ်ဆက်လာကြသည်


" ဘယ်လိုဖြစ်လို့ ဒီကိုရောက်လာတာလဲ…"


အသုံးအနှုန်းကို ကြားလိုက်ချိန်၌ ချီရှင်းချန်ကပျာကယာ ပြောလိုက်ရသည်


" ရှူးးးး တိုးတိုး…"


" အိုး အိုးး တောင်းပန်ပါတယ် ဒုတိယသခင်လေး…" မန်နေဂျာမှာ သူ၏အသံကိုနှိမ့်၍ " ဒီနေရာကိုစစ်ဆေးဖို့အတွက် လာခဲ့တာလား…"


ချီရှင်းချန် ဘေးဘီဝဲယာကို ကြည့်လိုက်ချိန်၌ ကံကောင်းစွာဖြင့် ကင်မရာမန်းမှာ သူ၏အနားတွင် ရှိမနေသည့်အတွက် ထိုမြင်ကွင်းကို မရိုက်မိသွားခဲ့ပေ။ ထို့ကြောင့် စိတ်သက်သာရာရသွားသည့်အတွက် သက်ပြင်းတစ်ချက်ချကာ ပြောလိုက်လေသည်


" မဟုတ်ဘူး ဒီကိုပရိုဂရမ်ရိုက်ကူးဖို့ လာတာပါ…"


ပြောနေရင်းမှ ခဏရပ်လိုက်ပြီးနောက် ချီရှင်းချန် ယောင်ဝါးဝါးဖြင့် ထပ်ပေါင်းပြောဆိုလိုက်သည် " ကျွန်တော်ရဲ့အထောက်အထားအမှန်ကို ဘယ်သူမှမသိစေချင်တဲ့အတွက် အခုကစပြီး မမြင်သလိုပဲ ဟန်ဆောင်နေပေးပါ စကားလည်းလာမပြောပါနဲ့…"


ချီရှင်းချန်မှာ ချီအဖွဲ့အစည်းတွင် မည်သည့်အာဏာမျှမရှိသေးသော်လည်း အဖွဲ့မှအလုပ်သမားတိုင်းမဆို ပြည်တွင်းမှဖြစ်စေ ပြည်ပမှဖြစ်စေ ချီဒုတိယသခင်လေးမှာ ချီမိသားစု၏မျက်လုံးထဲမှ ပန်းသီးလေးဖြစ်ကြောင်းကို သိထားခဲ့ပြီးဖြစ်သည်။ ချီရှင်းချန်မှာ မိသားစု၏လက်ဖြင့်ကိုင်တွယ်လျှင်ပင် ကွဲသွားနိုင်လောက်သည်အထိ သို့မဟုတ် ပါးစပ်ထဲတွင်အရည်ပျော်ကျနိုင်သည်အထိ အဖိုးထိုက်တန်သောရတနာလေးလည်းဖြစ်လေသည်။


ထိုကြောင့် မန်နေဂျာနှင့်လက်ထောက်မန်နေဂျာတို့မှာ မနာခံဘဲ မနေရဲကြချေ။ နှစ်ဦးစလုံး သူတို့၏ပါးစပ်ကိုအုပ်ကာ အသံမထွက်စေရန်သာ လုပ်ဆောင်လိုက်ကြသည်။ ချီရှင်းချန်လည်း ကျေနပ်သည့်အကြည့်တစ်ချက်ပေးလိုက်ပြီးနောက် လက်ဆေးရန်အတွက် ထွက်သွားလိုက်သည်။


သူသွားပြီးသည်နှင့် လက်ထောက်မန်နေဂျာမှ မန်နေဂျာကြီးကိုကြည့်ကာ ပြောလာခဲ့သည် " ဒုတိယသခင်လေးက အမိန့်ပေးသွားတယ်ဆိုပေမယ့် ကျွန်တော်တို့ တကယ်ပဲသူ့ကိုမမြင်သလို ဟန်ဆောင်ကြတော့မလို့လား…"


" မင်းကတုံးအသွားရတဲ့အထိ သောက်ကြက်သွန်နီတွေပဲ စားနေတာလားကွ…"


မန်နေဂျာကြီးမှ လက်ထောက်မန်နေဂျာ၏ခေါင်းကို ခပ်ပြင်းပြင်းတစ်ချက်ပုတ်လိုက်ပြီး " ဥက္ကဋ္ဌချီသာ ဒီအကြောင်းကိုသိသွားခဲ့ရင် သခင်လေးကိုကောင်းကောင်းဂရုမစိုက်လို့ဆိုပြီး ငါတို့ကိုဆူမှာပေါ့…သွားရအောင် ဒုတိယသခင်လေး ဘာစားလဲဆိုတာ သွားကြည့်ကြမယ်…"


ထိုသူနှစ်ဦးမှာ တံခါးဝမှ ခြေဖျားထောက်၍ မျက်လုံးတစ်ဖက်ထဲဖြင့် ချောင်းကြည့်လိုက်ကြစဉ် ‌ချီရှင်းချန်နှင့်ထောင်ထောင်တို့မှာ ဈေးသိပ်မကြီးသည့်မီနူးရှေ့တွင်ရှိနေကြပြီး အခြားသူများမှာမူ ပို၍ပင်ဆိုးရွားကာ ဟင်းတစ်မျိုးတည်းရှိနေသည်ကို မြင်လိုက်ရသည်။


" ဘယ်လိုတောင် စုတ်ပဲ့တဲ့ရှိုးလဲ…" မန်နေဂျာကြီးမှာ ထိတ်လန့်သွားပြီး " သခင်လေးကို ဒါတွေစားခိုင်းလို့ ဘယ်ဖြစ်မလဲ… မင်းသွားပြီး ဒီစားသောက်ဆိုင်ရဲ့ပိုင်ရှင်ကို အမြန်ပြေးခေါ်လိုက်ချည်…"


လက်ထောက်မန်နေဂျာမှ ပိုင်ရှင်ကို သွားခေါ်လိုက်ပြီးနောက် မန်နေဂျာကြီးမှ ပိုင်ရှင်၏နားထဲသို့ တစ်စုံတစ်ရာကို တီးတိုးပြောကာ လက်ထဲသို့ ပိုက်ဆံအထပ်လိုက်ထည့်ပေးလိုက်သည့်အတွက် စားသောက်ဆိုင်၏ပိုင်ရှင်မှာ ပျော်ရွှင်မှုကြောင့် ခေါင်းတဆတ်ဆတ်ငြိမ့်နေခဲ့သည်။


မနက်တစ်ခင်းလုံး စက်ဘီးနင်းနေရသည့်အတွက် လူတိုင်းမှာ မောပန်းနေကြပြီဖြစ်သည်။ ပရိုဂရမ်အဖွဲ့နှင့်ပူးပေါင်းကာ အောင်ပွဲခံသည့်မျက်နှာကိုထုတ်ပြရန်အတွက် ချီရှင်းချန်မှ ပြုံးလျက်ပြောလိုက်သည် " လာပါ အတူစားကြတာပေါ့…"


ဒိန်းမတ်နိုင်ငံတွင် အစားအသောက်မှာ ဈေးကြီးလှသဖြင့် ပိုက်ဆံချွေတာရမည့်အပြင် အရှုံးသမားများလည်းဖြစ်ကြသော ကျန်လူအုပ်စုမှာ အသီးအရွက်များကိုသာ မှာလိုက်ကြရသည်။


လောချိုးမန်မှ ပြောလာသည် " ငါတို့တကယ်ဒီလိုလုပ်လို့ရလို့လား…"


ချီရှင်းချန်နှင့်ထောင်ထောင်တို့မှ တညီတညွတ်တည်းအကြံပြုလာသည့်အတွက် ကျန်သူများမှ ချီးကျူးကာ ရွှင်မြူးစွာစားသောက်လိုက်ကြသည်။


သူတို့စားသောက်ပွဲမှာ တစ်ဝက်ခန့်ကျိုးချိန်၌ စားသောက်ဆိုင်၏ပိုင်ရှင်နှင့်စားပွဲထိုးမှ ရုတ်တရက်ဆိုသလို ဗန်းကြီးတစ်ဗန်းကိုသယ်လာကာ အသာအယာချောင်းဟန့်လိုက်ပြီး " အဟမ်းးး ခွင့်ပြုပါဦး လူကြီးမင်းကို ခဏလောက်နှောင့်ယှက်လို့ ရနိုင်မလား…"


ပိုင်ရှင်၏အင်္ဂလိပ်အသံထွက်မှာ အလွန်ဝဲနေသည့်အတွက် ဧည်သည့်များမှာ ပြန်မဖြေနိုင်ခင်အထိ အချိန်အနည်းငယ်ယူလိုက်ရသည် " ရပါတယ် ဘာများလိုအပ်လို့ပါလဲ…"


" ဒီနေ့က ကျွန်တော်တို့ဆိုင်ရဲ့နှစ်ပတ်လည်နေ့ဆိုတော့ လူကြီးမင်းတို့ကို ဈေးအကြီးဆုံးဟင်းပွဲလေး လက်ဆောင်ပေးချင်လို့ပါ…" ပိုင်ရှင်မှ ‌ဗန်းစီသို့ ညွှန်ပြလိုက်ပြီး " ဒီဆိုင်ထဲက ရုပ်အချောဆုံးသူကိုပေါ့…"


ဧည့်သည်များမှာ အစပိုင်းတွင် ဖြတ်သွားဖြတ်လာတစ်ဦးမှ သူတို့ကိုမှတ်မိသွားပြီး လက်မှတ်ထိုးခိုင်းမည်ဟု ထင်မိလိုက်ကြသော်လည်း အမှန်တကယ်ပင် ဟင်းတစ်ပွဲပေးလာမည်ကိုမူ မျှော်လင့်မထားမိလိုက်ကြချေ။ သူတို့အားလုံး၏မျက်လုံးများမှာ ဟင်းပွဲပေါ်သို့ ကျရောက်သွားလေသည်။ အကြည့်တစ်ချက်နှင့်ပင် ထိုအရာမှာ ဈေးအမြင့်ဆုံးဟင်းပွဲဖြစ်ပြီး လတ်ဆတ်သောငါးဥနှင့်ပင်လယ်စာတို့အပြင် အပြာရောင်ကျောက်ပုစွန်နှစ်ကောင်လည်း ပါရှိနေသေးသည်။


ပိုင်ရှင်မှာ လျိုကျီယု၏အနားတွင်ရပ်နေသည့်အတွက် သူမအလောတကြီး သုံးသပ်လိုက်မိသည်။


ပိုင်ရှင်မှာ ယောင်္ကျားတစ်ယောက်ဖြစ်လေရာ ထိုဟင်းမှာ မိန်းကလေးတစ်ယောက်အတွက် ဖြစ်နိုင်ပေမည်။ ဧည်သည့်များထဲမှ အမျိုးသမီးသုံးဦးတွင် လောချိုးမန်မှာ အသက်ကြီးလွန်းနေပြီး ထောင်ထောင်မှာမူ အသက်ငယ်ကာ ဖြူစင်ရိုးသားမည့်ပုံရှ်ိနေကာ သူမတစ်ယောက်တည်းသည်သာ ဆွဲဆောင်မှုရှိပြီး လှပသောရုပ်ရည်ရှိသူဖြစ်သည့်အတွက် ဤဟင်းပွဲများမှာ သူမအတွက် ပေးလာခြင်းမှာ အဖြစ်နိုင်ဆုံးပင်။


လျိုကျီယုခါးမတ်မတ်ထိုင်ကာ နှုတ်ခမ်းနီအချို့စွန်းထင်းနေဆဲဖြစ်သောနှုတ်ခမ်းကို တင်းတင်းဖိကာ ပြောလိုက်သည် " ကျွန်မသိပြီ… ဒီလိုဆိုရင် ကြည့်အကောင်းဆုံးလူက ကျွန်မတို့စားပွဲမှာရှိနေတာပဲ… ရှင်တို့ရဲ့ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးပါပဲနော်…ပြီးတော့ ဒီဟင်းပွဲအတွက် ကြည့်ကောင်းတဲ့ရုပ်ရည်နဲ့အလဲအလှယ်လုပ်ပေးတဲ့သူကိုလည်း ကျေးဇူးတင်ရမယ်ထင်တယ်…"


" ကိစ္စမရှိပါဘူး…" ပိုင်ရှင်မှ ယဉ်ကျေးစွာ အရိုအသေပေးလိုက်ပြီး စားပွဲထိုးကို ဟင်းပွဲချပေးရန် မှာကြားလိုက်ကာ " မင်းကို တည်ခင်းခွင့်ရတာ ကျွန်တော်တို့က ဂုဏ်ယူရမှာပါ မစ်စတာချီရှင်းချန်…"


လျိုကျီယု၏အပြုံးမှာ ချက်ချင်းဆိုသလို တောင့်ခဲသွားရသည်။


သူမ၏မျက်နှာခြင်းဆိုင်မှကင်မရာမန်းမှာ ပါးစပ်ကိုအုပ်ကာ ပုခုံးများတသိမ့်သိမ့်တုန်နေပြီး ရယ်ချင်စိတ်ကို အလွန်အမင်းထိန်းချုပ်နေရသည့်ပုံပင်။


အမှန်တကယ်ကိုပင် ကင်မရာမန်းကို မည်သူကမျှ အပြစ်မတင်နိုင်ပေ။ လျိုကျီယု၏ အတွေးမှားကြီးဖြင့် ဟန်ဆောင်လိုက်သည့်အခြေအနေမှာ လွန်စွာထင်ရှားနေလေရာ မမြင်လိုက်သည့်သူ မရှိလိုက်ပေ။


ဘေးတွင်ရပ်နေသည့်ဆိုင်ပိုင်ရှင်သည်သာ လျိုကျီယု၏ အခြေအနေကို သတိမထားမိဘဲ ချီရှင်းချန် မည်မျှကြည့်ကောင်းကြောင်းနှင့် သူမည်မျှသဘောကျကြောင်းကို တရစပ်အမွှန်းတင်နေခဲ့သည်။


ချီရှင်းချန်မှာ အစပိုင်းတွင် နားထောင်နေနိုင်သေးသော်လည်း အချိန်ကြာလာသည်နှင့် မည်သို့မျှ သူ၏မျက်နှာအမူအယာကို ထိန်းမထားနိုင်တော့သဖြင့် အပြုံးတုတစ်ခုကို ညှစ်ထုတ်လိုက်ရကာ " ကျွန်တော်အရမ်းပဲဂုဏ်ယူမိပါတယ်… လူကြီးမင်းရဲ့ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးပါနော်…"


" မင်းကအရမ်းနိမ့်ချလွန်းနေပါပြီ ငါ့ကောင်လေးရဲ့…မင်းနဲ့နောက်တစ်ခေါက်ပြန်တွေ့ရဖို့ မျှော်လင့်နေပါမယ်နော်…"


[ My boyဟူသည်မှာ အင်္ဂလိပ်အသုံးအနှုန်းဖြစ်ပြီး My dear, Sweety, Honey တို့ကဲ့သို့ ချစ်ခင်သမှုဖြင့်ခေါ်ဆိုသောအမည်ဖြစ်သည် ]


သေချာပေါက် ပြန်တွေ့ချင်နေမှာပေါ့… ငါ့ကိုတစ်ခါတွေ့ရရုံလေးနဲ့တင် အချီကြီးထောထားတာကို… ချီရှင်းချန်၏စိတ်ထဲတွင်တွေးနေမိသည်။ ဤသည်မှာ မန်နေဂျာကြောင့် ဖြစ်ကြောင်းကို သူခန့်မှန်းနိုင်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် အကယ်၍ ဆိုင်ပိုင်ရှင်သည်သာ အမှန်တကယ်ကြည့်အကောင်းဆုံးသူကို ထိုဟင်းပွဲကိုပေးချင်ပါက သိသိသာသာပင် စားပွဲတစ်ခုလုံး၏ကြည့်အကောင်းဆုံးသူမှာ သူ၏ဘေးတွင်ထိုင်နေသည်ဖြစ်ရာ သူ့ထံမည်သို့မျှရောက်မည်မဟုတ်ချေ။ 


ချီရှင်းချန် ပို၍ကြည့်ကောင်းသူပိုင်ရဲ့ကို တစ်ချက်ခိုးကြည့်လိုက်ရာ ထိုသူ၏နှုတ်ခမ်းထောင့်များမှာ အနည်းငယ်ကော့တက်နေပြီး ပျော်ရွှင်နေခြင်းကြောင့်လား လှောင်ပြောင်နေခြင်းကြောင့်လားကို သူသေသေချာချာမသိရပေ။


" ဝပြီလား…"


တစ်စုံတစ်ယောက်မှ သူ့ကိုကြည့်နေသည်ကို ခံစားမိလိုက်သည့်အတွက် ပိုင်ရဲ့မျက်ခုံးတစ်ဖက်ပင့်ကာ ပြောလိုက်ချိန်တွင် သူ၏မျက်လုံးထောင့်များမှာလည်း ကွေးသွားခဲ့သည်


" စားနေတဲ့အချိန်မှာ ပိုပြီးအာရုံစိုက်ရမယ်လေ… ရုပ်အချောဆုံးသူရဲ့…"


ချီရှင်းချန် : "...."

သူ့မျက်နှာတစ်ခုလုံးမှာ ပြာအဖြစ်သို့ လောင်ကျွမ်းသွားလေပြီ။  


......


နေ့လည်ခင်းတွင် အဓိကလုပ်ဆောင်ရန်မှာ ရှုခင်းကြည့်ရန်ဖြစ်လေရာ ကိုပင်ဟေဂင်မှာလည်း လွန်စွာကြီးမားလှသည်မဟုတ်သည့်အတွက် သူတို့အားလုံး စကားပြောနေစဉ်မှာပင် မြန်မြန်ဆန်ဆန်ပတ်ကြည့်နိုင်ခဲ့သည်။


အိတ်များယူရန် ဟိုတယ်သို့ပြန်သွားလိုက်ကြပြီးနောက် လောချိုးမန်အကြံပေးသည့်အတိုင်း ရွာဘက်တွင် အိမ်တစ်လုံးငှားရန် ဆုံးဖြတ်လိုက်ကြသည်။ ဈေးမှာသက်သာသည့်အပြင် အရေးကြီးအချက်မှာ ပတ်ဝန်းကျင်အနေအထားကလည်း ကောင်းမွန်လှသည်။


အောင်းစလုဗ်(Aunslev)ရွာသို့သွားသည့်လမ်းတွင် ချီရှင်းချန် သူ၏ကိုယ်ကိုလိမ်ကာ နောက်ခုံကိုဖက်လိုက်ပြီး ဒါရိုက်တာကျောက်ကိုသာ မျက်တောင်တဖြတ်ဖြတ်ခတ်လျက် ကြည့်နေခဲ့သည်။


ထိုမျက်တောင်ခတ်လျက်ကြည့်နေခြင်းမှာ ဒါရိုက်တာကျောက်ကို ကြက်သီးထစေမိသည့်အတွက် " ရှင်းရှင်း ဘာဖြစ်လို့လဲ…" ဟု မေးလိုက်ရသည်။


" ကျွန်တော်မေးချင်တာလေးရှိလို့… ကျွန်တော်တို့ရဲ့လိုအပ်ချက်က မတူတဲ့နေရာတွေကို နေ့တိုင်းသွားကြဖို့ပဲ ဟုတ်တယ်မလား…"


ဒါရိုက်တာကျောက် : " အမှန်ပါပဲ…"


" ဒါဆိုရင် ခရီးသွားနေရာတိုင်းက မတူညီရမယ်ဆိုတဲ့လိုအပ်ချက်မျိုးမရှိဘူးဆိုတာ အမှန်ပဲလား…"


" အမှန်ပါ…." ဒါရိုက်တာကျောက်မှ သူ၏သတိထားမှုကို မြှင့်တင်လိုက်ပြီး " ဒါပေမယ့် နေရာတစ်ခုတည်းဖြစ်နေမယ်ဆိုရင်တော့… ဥပမာပြောရရင် အောင်းစလုဗ်ရွာပေါ့… ရွာထိပ်သစ်ပင်ကြီးကနေ ရွာအဆုံးကသစ်ပင်ကြီးထိ လမ်းလျှောက်သွားတာမျိုးကိုတော့ ခရီးသွားနေရာနှစ်ခုလို့ ဘယ်မှတ်ယူပါ့မလဲ…"


သူ၏ဘေးတွင်ထိုင်နေသောပိုင်ရဲ့မှာ သူ၏မျက်လုံးများကိုမှိတ်ထားသည့်အတွက် ချီရှင်းချန် နှိုးမိသွားမည်စိုးသောကြောင့် သူ၏လက်များကို အတည်ပေါက်နှင့်နောက်ပြောင်သည့်သဘောဖြင့် ဝှေ့ယမ်းလိုက်ကာ တိုးတိုးပြောလိုက်သည်


" မလုပ်ပါဘူး… ကျွန်တော်တို့က ကြည့်ရှုသူတွေအတွက် တာဝန်ယူမှုရှိရမယ်လေ…သေချာပေါက် တစ်ရွာတည်းကို နေရာနှစ်ခုအဖြစ် မသုံးပါဘူး…"


ထိုသို့ပြောပြီးသည်နှင့် ဖုန်းတွင်းမှမြေပုံကို ဖွင့်ကာပြောလိုက်သည်။


" အောင်းစလုဗ်ရွာရဲ့အနီးအနားမှာ အရမ်းမိုက်တဲ့ရှုခင်းတွေနဲ့ တစ်ခုနဲ့တစ်ခုထူးခြားတဲ့ရွာနှစ်ရွာလည်းရှိသေးတယ်ဆိုတော့ ဒါကိုတော့ မတူညီတဲ့ခရီးသွားနေရာတွေလို့ မှတ်ယူလို့ရမယ်မလား…"


ဒါရိုက်တာကျောက် : " မင်းခေါင်းထဲမှာ အကြံတွေကြီးပဲ ပြည့်နေတာလားကွာ…"


ဒါရိုက်တာကျောက်မှာ သဘောမတူချင်သော်လည်း စကားများမှာ ပြောထွက်ပြီးပြီဖြစ်သည့်အတွက် မတတ်နိုင်ဘဲ သဘောတူလိုက်ရလေသည်။


ရွာသို့ရောက်ချိန်တွင် သူတို့ဒေသခံလယ်သမားတစ်ဦးထံမှ အိမ်တစ်လုံးအမြန်ငှားလိုက်ကြသည် အိမ်လေးတွင် အထပ်နှစ်ထပ်ပါကာ အိမ်ခန်းလေးခန်းပါဝင်ခဲသည်။


ယခင်တစ်ကြိမ်ဖြစ်ပျက်ခဲ့သည့်ကို့ရို့ကားယားနိုင်သော မတော်တဆကို မဖြစ်စေရန်အတွက် သူတို့အားလုံးထဲတွင်အကြီးဆုံးဖြစ်သည့်လောချိုးမန်ကို တစ်ခန်းသီးသန့်ပေးရန် ဆုံးဖြတ်လိုက်ကြသည်။ ထောင်ထောင်နှင့်လျိုကျီယုတို့နှစ်ဦးမှာမူ တစ်ခန်းတည်းကို မျှသုံးကြရမည်ဖြစ်သည်။


အမျိုးသားများအလှည့်သို့ရောက်ချိန်တွင် ချီရှင်းချန် ပြိုင်ပွဲအကြောင်းကို သင်ယူလိုက်ကာ ဦးဆုံးဖြေလိုက်လေသည် " စီနီယာပိုင်ရဲ့က အအိပ်ဆတ်တယ်ဆိုတော့ သူ့ကိုသီးသန့်တစ်ခန်းပေးလိုက်ရအောင်လေ… ယွီဖေးကော ကျွန်တော်တို့ကတော့ နည်းနည်းလောက် ကျပ်ကျပ်သပ်သပ်နေရမှာပေါ့ အဆင်ပြေတယ်မလား…"


ကျန်းယွင်ဖေး ရယ်လျက်သဘောတူလိုက်ပြီး လူတိုင်းမှာ သက်ဆိုင်ရာအခန်းများစီသို့ ပြန်သွားလိုက်ကြသည်။ ချီရှင်းချန် သူ၏ပစ္စည်းများကို နေရာချလိုက်ပြီးနောက် အိပ်ရာပေါ်တွင် ပြေးလဲကာ ဝီချက်ကို ဖွင့်ကြည့်လိုက်သည်။


သူ၏ယမန်နေ့က ပိုင်ရဲ့ထံပို့ထားသော သူငယ်ချင်းအဖြစ်တောင်းဆိုခြင်းမှာ လက်မခံထားသေးပေ။


ပိုင်ရဲ့၏ပရိုဖိုင်ပုံမှာ နားကြပ်(in-ear monitor )တစ်ခု၏ပုံဖြစ်ပြီး မှိန်ဖျော့ဖျော့အလင်းရောင်နှင့်အတူ အလင်းအမှောင်ကြားတွင် လက်တစ်ဖက်မှာ နားကြပ်ဆီသို့ လက်လှမ်းနေခဲ့သည်။


ထိုလက်မှာ ပိုင်ရဲ့၏လက်ဖြစ်သည်ကို ချီရှင်းချန် မှတ်မိနေခဲ့ပြီး ထိုနားကြပ်မှာလည်း အမှန်တကယ်မှာတော့ ပိုင်ရဲ့ပွဲဦးထွက်သည့်ငါးနှစ်ပြည့်အထိမ်းအမှတ်အဖြစ် သူပေးထားခဲ့ခြင်းဖြစ်လေသည်။


၎င်းမှာ သီးသန့်လုပ်ထားသည့်အရာတစ်ခုဖြစ်ကာ ချီရှင်းချန် တစ်နှစ်တာလုံးစုဆောင်းခဲ့သမျှတန်ဖိုးကို ကုန်ကျစေခဲ့သည်။


နားကြပ်၏အတွင်းထဲတွင်မူ " ငါမင်းကိုချောက်နက်ထဲက ‌မော့ကြည့်နေမယ် …" ဟူ၍ ထွင်း‌ထားသောစာသားတစ်ကြောင်းရှိနေ‌သည်။


ဤသည်မှာ ချီရှင်းချန် ပြုလုပ်သူကို ထွင်းထားသည့်စာသားကို အနည်းငယ်ဖုံးကွယ်ပေးရန်အတွက် အထူးတလည်တောင်းဆိုထားခြင်းဖြစ်ကာ ထို့မှသာ ပိုင်ရဲ့၎င်းကို မမြင်တွေ့နိုင်မည်ဖြစ်သည်။ သူမသိနိုင်သောအကြောင်းပြချက်များဖြင့် ပိုင်ရဲ့ထံတွင် သူ၏ပုံရိပ်တိုင်းနှင့်လိုက်ဖက်သည့်နားကြပ်များစွာရှိသော်လည်း ချီရှင်းချန်လက်ဆောင်ပေးထားသည့်တစ်ခုကိုသာ သူ၏ပရိုဖိုင်ပုံအဖြစ်တင်ထားခဲ့သည်။


ချီရှင်းချန် အချိန်အတော်ကြာမျှ အတွေးလွန်နေပြီးနောက် ခေါင်းကိုယမ်းကာ ဝေ့ပေါ်ကိုဖွင့်လိုက်ချိန်၌ သူ့ကိုမန်းခေါ်ခေါ်ထားသည့်@များမှာ သူ၏မျက်နှာသို့တိုက်ရိုက်မှန်ကာ ထိတ်လန့်သွားစေခဲ့သည်။


၎င်းတို့မှာ အခါနှစ်သောင်းထက်ပင် ပိုနေသေးသည်။


မည်သည့်အရာများဖြစ်နေသည်နည်း။ သူတစ်ယောက်ယောက်ထံကများ လှည့်စားခံ‌ရသည်လား…


ချီရှင်းချန် ကပျာကယာဖြန့်ဝေထားသည့်ဝေ့ပေါ်ပို့စ်ကို နှိပ်ကြည့်လိုက်ရာ ဘတ်ဂျက်ခရီးသွားကြမယ်အစီအစဉ်၏ ဗီဒီယိုအတိုလေးပေါ်လာခဲ့သည်။


[စာရေးသူမှာ ပြောစရာရှိပါတယ် :


ချီရှင်းချန် : ငါ့အိုင်ဒေါက အိပ်မွေ့ချနိုင်တယ်… ပြီးတော့ စက်ဘီးကိုတောင် ပိုအရှိန်မြင့်အောင် အားပေးနိုင်သေးတယ်…


အရေးစိုက်မခံရသည့်ပိုင်ရဲ့ : အိုးး ဒါဆိုလည်း မင်းဘာလို့ ကိုယ်နဲ့တစ်ခန်းတည်းမအိပ်ရမှာလဲ…]