အပိုင်း၁၅
Viewers 28k

Chapter 15





ဘတ်ဂျက်ခရီးသွားကြမယ်အစီအစဉ် ရာသီ၄၏တရားဝင်ဝေ့ပေါ် : #ဘတ်ဂျက်ခရီးသွားကြမယ် #ရာသီ၄ ပြီးခဲ့တဲ့ရာသီသုံးခုစလုံးမှာ အန္တရာယ်ကင်းကင်းနေနိုင်ခဲ့ပေမယ့် ဒီရာသီ၄မှာတော့ ကျွန်တော်တို့ဘယ်နားကို ခြေထောက်မှားချမိလဲ မသိတော့ပါဘူး…ပထမဆုံးအပိုင်းမှာတင်ပဲ ကျွန်တော်တို့ရဲ့ ထူးချွန်လှတဲ့ကင်မရာမန်းကို စတေးလိုက်ရပါပြီ @ချီရှင်းချန် [ဗီဒီယို]



ဗီဒီယိုကိုဖွင့်လိုက်သည်နှင့် ဒိန်းမတ်နိုင်ငံ၏လမ်းမပေါ်တွင် စက်ဘီးခြေနင်းကိုမီးပွင့်မတတ်နင်းနေသည့်‌ချီရှင်းချန်ကို မြင်ကြရမည်ဖြစ်ပြီး ထိုအချိန်တွင် ကင်မရာမန်းမှာမူ ဗီဒီယိုကင်မရာကြီးကို သူ၏ပုခုံးပေါ်တွင်ထမ်းကာ လျှပ်စစ်စက်ဘီးပေါ်မှ အကောင်းဆုံးကြိုးစားလျက် ပြေးလိုက်နေရသည်။ ကင်မရာမန်းမှာ သူ၏ကန့်သတ်ချက်ကို‌ ကျော်လွန်နေခဲ့ကာ အားနည်းပြီး သနားစွာကောင်းစွာ အကူအညီ‌ကင်းမဲ့နေသည့်အပြင် ကောင်းကင်ဘုံကိုပင် ငါဘယ်သူလဲ ဘယ်ကလဲ ဒီမှာ ဘာလာလုပ်နေတာလဲ ဘာလို့ဒီလိုသောက်ကျိုးနည်းနေအောင် ခံစားနေရတာလဲဟုပင် မေးခွန်းထုတ်နေသယောင်ရှိသည်။



ဗီဒီယို၏အောက်တွင် ၃သောင်းကျော်မျှပြန်ဖြေထားပြီး ၂သောင်းကျော်မျှဖြန့်ဝေထားကာ မျက်စိတဆုံး မျက်နှာပြင်တစ်ခုလုံးတွင် [ဟားဟားဟားဟား]ဟူသော ရယ်သံများဖြင့်သာ ပြည့်နှက်နေခဲ့သည်။



ထိုမျှသာမက ဗီဒီယို၏အပူရှိန်အောက်တွင် #ဘတ်ဂျက်ခရီးသွားကြမယ်ရာသီ၄ ဟူသောခေါင်းစီးမှာ ရေပန်းစားမှုအသစ်စာရင်း၏နံပါတ်နှစ်နေရာတွင် ချိတ်နိုင်ခဲ့လေသည်။



ကျော်ကြားမှုစာရင်းကို ဖွင့်လိုက်ချိန်၌ " ကင်မရာမန်းကို သေလောက်အောင်ပင်ပန်းစေခဲ့သည့် ဧည့်သည်ချီရှင်းချန် " ဟူသောခေါင်းစီးမှာ ရေပန်းစားမှုစာရင်း၏အပေါ်တစ်ဝက်ကျော်မျှကိုပင် နေရာယူထားကာ မရပ်မနားဖြန့်ဝေခြင်းနှင့်မန့်များအောက်တွင် သူတို့၏ကျော်ကြားမှုအဟုန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည်။



ထိပ်တန်းစာရင်းနှင့်ရေပန်းစားမှုခေါင်းစီးတို့၏ ဆတိုးပံ့ပိုးမှုကြောင့် သူ၏အဓိကအကောင့်ကို follow လုပ်ထားသူများမှာ ငါးသိန်းအထိတိုက်ရိုက်မြင့်တက်သွားလေသည်။



မေးခွန်းမရှိ ဤသည်မှာ ပရိုဂရမ်အဖွဲ့မှ သူတို့ကိုယ်သူတို့ပေါက်အောင်လုပ်ထားသည့်ခေါင်းစီးဖြစ်နေခြင်းကြောင့် ချီရှင်းချန်များစွာ မျှော်လင့်မထားခဲ့ပေ။ သူ၏ဝီချက်သို့ ပြန်ပြောင်းကာ ဒါရိုက်တာကို စကားဖြင့် ကျေးဇူးတင်လိုက်ပြီး မြို့တော်သို့ပြန်ရောက်ချိန်ကိုသာ စောင့်ဆိုင်း၍လက်ဆောင်တစ်ခုခုဝယ်ပေးလိုက်မည်ဖြစ်သည်။



ကျန်သည့်တစ်ညလုံးမှာ တိတ်တဆိတ်သာကုန်ဆုံးသွားခဲ့သည်။ သို့သော်လည်း ဒုတိယမြောက်နေ့တွင် ချီရှင်းချန် ကျန်းယွင်ဖေး၏တက်ကြွနေသည့်အသံကြောင့် အနှိုးခံလိုက်ရလေသည်။



" ရှင်းရှင်း ..  မြန်မြန်ထကြည့်ကြည့် … မင်းရေပန်းစားမှုစာရင်းထဲ ရောက်နေပြီ…"



" ကော မနေ့က ဝေ့ပေါ်ကိုမကြည့်မိဘူးလား…" 



ချီရှင်းချန် သူ၏တစ်ထပ်တည်းသောမျက်ရစ်မှ နှစ်ထပ်ဖြစ်လာလုမတတ် ကြမ်းတမ်းစွာ မျက်လုံးကိုပွတ်လိုက်ပြီး " ကျွန်တော်မနေ့က ဝင်ခဲ့တာလေ…"



ကျန်းယွင်ဖေး သူ၏ခေါင်းအုံးကို ဆွဲထုတ်ကာ ပစ်ပေါက်လိုက်ပြီး " ဘယ်လိုလုပ် တူမှာတုန်း…မြန်မြန်သာ ထကြည့်စမ်းပါကွာ…"



ဘယ်လိုလုပ် မတူဘဲနေမှာလဲ..  ချီရှင်းချန် အံ့ဩနေမိသည်… အလွန်ဆုံးမှ စာရင်းထဲတွင် အောက်သို့ကျသွားသည်သာ ဖြစ်နိုင်ပေမည်။ အဆုံး၌ ပေါက်ကွဲတတ်သည့်ပွဲကြီးကြီးများမှလွဲ၍ အလွန်နည်းသောကျော်ကြားမှုခေါင်းစီးအချို့သည်သာ တစ်ညလုံးရှိနေတတ်စမြဲပင်။



ချီရှင်းချန် ထရပ်ကာ ဤတစ်ကြိမ်တွင်မူ ကင်မရာကို အုပ်ရန်မမေ့ဘဲ အေးအေးဆေးဆေး ရေမိုးချိုးအဝတ်လဲလိုက်ပြီးနောက် ဝေ့ပေါ်ကို ဖွင့်ကြည့်လိုက်သည်။



ဖတ် … သူ၏လက်ထဲမှ မျက်နှာသုတ်ပဝါမှာ လက်ထဲမှအောက်သို့ ပြုတ်ကျသွားခဲ့သည်။



သူ သူ သူ… သူတကယ်ကြီး ရေပန်းစားမှုစာရင်းရဲ့နံပါတ်လေးနေရာကို တက်သွားတာလား….



ကျော်ကြားမှုအချို့ရှိသည့်ကြယ်ပွင့်အချို့နှင့် တက်သစ်စအသစ်လေးအချို့မှလွဲ၍ အလွန်နည်းပါးသောလူအစုသည်သာ ထိုနေရာသို့ ရောက်နိုင်မည်ဖြစ်သည်။ ထိုမျှသာမက အင်တာနက်အသုံးပြုသူများစွာ၏ ပြန်လည်ဖြန့်ဝေခြင်းသာ မရှိပါက သူထိုစာရင်း၏နံပါတ်လေးနေရာတွင် သံရိုက်ထားသကဲ့သို့ မြဲမြံစွာရှိနေမည်မဟုတ်ချေ။



ချီရှင်းချန် သူ၏ရေပန်းစားမှုမှာ ထိုမျှမဟုတ်ကြောင်း ယုံကြည်ချက်ရှိနေသည့်အတွက် ရေချိုးခန်းထဲတွင် ဖုံးကွယ်ကာ ချီယွီကျီးထံသို့ ဖုန်းခေါ်လိုက်လေသည်။



" ဟင့် ဟင့် ဟင့်… ရှင်းရှင်း…" ချီယွီကျီး ဖုန်းကို တစ်စက္ကန့်ပင်မကြာလိုက်ဘဲ ကိုင်လာခဲ့ကာ " နောက်ဆုံးတော့ မင်းရဲ့ကျဲကျဲကို သတိရလာပြီလား…"



ချီရှင်းချန် ထိုစကားကြောင့် အနည်းငယ်အာရုံပျံ့လွင့်သွားရသည်



 " ကျွန်တော်သွားတာ နှစ်ရက်ပဲရှိသေးတယ်မဟုတ်လား…"



" ဒါပေမယ့် ကျဲကမင်းနဲ့ခွဲရတာ တစ်ကမ္ဘာလောက်ကြာနေပြီလို့ အမြဲခံစားနေရတာလေ…"



ချီရှင်းချန်၏ယခင်ဘဝတွင် ညီအစ်ကိုမောင်နှမများ မရှိခဲ့ဘဲ မိဘဟုခေါ်နိုင်လောက်သည့်သူနှစ်ဦးသာ ရှိရုံမျှရှိခဲ့သည်ဖြစ်သောကြောင့် ထိုကဲ့သို့သော ခံစားချက်များကို နားမလည်နိုင်သည့်အတွက် သူမစဉ်းစားဘဲ ပြောလိုက်လေသည်



 " ဒါဆိုလည်း အခုကစပြီး ကျွန်တော်နေ့တိုင်းဖုန်းခေါ်ပါ့မယ်…"



ချီယွီကျီး ပျော်ရွှင်မှုဖြင့် တစ်ကြိမ်ငိုကြွေးလိုက်ပြီးနောက် သူမ၏အသံကို သနားစရာကောင်းနေသည့်ဟန်မှ ပုံမှန်အသံသို့ ပြန်ပြောင်းလိုက်သည်။



ချီရှင်းချန် ‌ကြိုးစားခဲ့ဖူးသော်လည်း ကျဲကျဲဟု မပြောထွက်သေးသည့်အတွက် ၎င်းအသုံးအနှုန်းကို ပယ်ချလိုက်ကာ အခြားအရာကိုသာ ပြောလိုက်သည်



 " အာ ဒါနဲ့ ရေပန်းစားမှုစာရင်းနဲ့ရေတပ်တွေဝယ်လိုက်တာလား…"



" ကျဲမဟုတ်ဘူး အစ်ကိုကြီးဝယ်လိုက်တာ…ဒီတစ်ခါတော့ ကျဲ‌ကိုအပြစ်မတင်ရဘူးနော်…"



အမှန်တကယ်ပင် သူ၏မိသားစုမှ ဝယ်ယူခဲ့သည့်ဖြစ်ခြင်းကြောင့် မည်သူဝယ်ခဲ့သည်ဖြစ်စေ တူညီသည်မဟုတ်ပေဘူးလော… 



ချီရှင်းချန် ခဏမျှဆွံ့အသွားရပြီးနောက် " ဒီလောက်အစောပိုင်းမှာ ရေပန်းစားမှုဝယ်ဖို့က ဈေးအရမ်းကြီးတယ်လေ…ပြီးတော့ ပြန်ဖြန့်ဖို့ရေတပ်တွေလည်း အများကြီးသုံးထားသေးတယ်… နောက်ကြရင် ထပ်မဝယ်ဖို့ အစ်ကိုကြီးကိုပြောပေးပါနော်…"



" မင်းဘာမင်းသာပြောချည် ကျဲသူ့ကိုနားချလို့မရဘူး…" ချီယွီကျီး ခဏရပ်လိုက်ပြီးနောက် " ပြီးတော့ ဒါကသုံးစားလို့မရတာမှမဟုတ်တာ…ကိုယ့်အကောင့်ကိုလည်း ပြန်ကြည့်လိုက်ဦး မင်းရဲ့Followerက တစ်သန်းနားကပ်သွားပြီလေ…"



ချီရှင်းချန် တစ်ချက်ကြည့်လိုက်ချိန်တွင် ယမန်နေ့ညမှ လူဦးရေမှာနှစ်ဆခန့်ထိုးတက်သွားပြီး ယခုအချိန်၌ သူ၏ Followerမှာ ၉၂၀၀၀၀ ခန့်ရှိနေသည်ကို မြင်လိုက်ရသည်။



" နည်းနည်းထပ်ရလာရင် တစ်သန်းက ဖြတ်ခနဲပြည့်သွားလိမ့်မယ်…" ချီယွှီကျီးအားပေးလိုက်သည် 



" ရှင်းရှင်း မင်းရဲ့ Followerတွေက ကျဲကျဲဟာကိုတောင် ကျော်တော့မှာပဲ…"



တက္ကသိုလ်မှ ဘွဲ့ရပြီးချိန်ကတည်းက ချီယွီကျီး ရံဖန်ရံခါသီးသန့်ဒီဇိုင်းအလုပ်အချို့ကို လက်ခံသည်မှလွဲ၍ အလုပ်မည်မည်ရရမရှိခဲ့ချေ။ ထို့ကြောင့် သူမပျင်းရိနေသည့်အချိန်တိုင်းတွင် ဝေ့ပေါ်၌ သူမ၏ဓာတ်ပုံများနှင့်ဘဝအကြောင်းကို တင်လေ့ရှိသည်။ သူမ၏ရုပ်ရည်မှလှပသည့်အပြင် လူအများမှာလည်း အထက်တန်းစားဘဝမှာ စိတ်ဝင်စားစရာကောင်းသည်ကို ရှာတွေ့သွားကြသည့်အတွက် ချီယွီကျီး၏ဝေ့ပေါ်တွင် ပရိသတ်များစွာရှိနေခဲ့သည်။



ချီရှင်းချန်စကားအနည်းငယ်မျှပြောလိုက်ပြီးနောက် ဖုန်းမချခင် ချီယွီကျီ၏အသံတိုးတိုးဖြင့် ပြောလာသည်ကို ကြားလိုက်ရသည်



 " ရှင်းရှင်း အဖေနဲ့အစ်ကိုကြီးက မင်းကိုအရမ်းလွမ်းနေကြတာလေ… အဲဒါ သူတို့ကြည့်ဖို့အတွက် နည်းနည်းပါးပါးဓာတ်ပုံလေးရိုက်ပေးလို့ရနိုင်မလားဟင်…"



ချီယွီကျီး၏အလွန်သတိထားနေသည့်အသံကို နားထောင်လိုက်ရသည့်အတွက် ချီရှင်းချန်၏နှလုံးသားထဲတွင် ဝမ်းနည်းမှုပူဖောင်းအချို့ဖြစ်ပေါ်လာခဲ့သည်။ မူလကိုယ်မှာ အလွန်ကောင်းသောဘဝဖြင့် ချီးမြောက်ခြင်းခံရသော်လည်း တန်ဖိုးထားရန် ပျက်ကွက်ခဲ့သည်။



 အကယ်၍သာ ကံကြမ္မာမှ သူ့ကို ထိုကဲ့သို့မိသားစုမျိုး ပေးလာခဲ့ပါက…



ထားလိုက်ပါတော့လေ..  ထပ်တွေးမနေနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒါကသူ့အပိုင်မှမဟုတ်တာပဲ… ချီရှင်းချန် ဖုန်းချလိုက်ပြီးနောက် အိမ်ပုံကိုသာ ရိုက်ယူလိုက်သည်။



ထို့နောက် ချက်ချင်းဆိုသလိုပင် သူ၏ဖုန်းမှ တုန်ခါလာခဲ့သည်။



ပိုင်ရဲ့၏ဝီချက် : [ သူငယ်ချင်းအဖြစ်တောင်းဆိုမှုကို လက်ခံလိုက်ပြီဖြစ်သည့်အတွက် ယခုကစ၍ စာပို့လို့ရပါပြီ ]



[စာရေးသူတွင်ပြောစရာရှိပါတယ် : မင်းရဲ့အိုင်ဒေါက မကြာခင်ဇာတ်ကွက်ထဲရောက်လာပါတော့မယ်…]



စကားပြောခန်း၏မျက်နှာပြင်တွင် ထိုစာတစ်ကြောင်းတည်းသာရှိပြီး ပိုင်ရဲ့ထံမှ မည်သည့်စာမှ ဝင်မလာသေးပေ။



ထိုအချိန်တွင် ပုံရသွားသည့်ချီယွီကျီးမှာမူ ပျော်ရွှင်မှုများဖြင့် ပေါက်ကွဲသွားကာ ချီယွင်ရှောင်ကို တိုက်ရိုက်ဖုန်းခေါ်လိုက်သည်။



" ကိုကြီး ရှင်းရှင်းရဲ့ပုံကို မြင်ပြီးသွားပြီမလား…"



" အမ်…" ချီယွင်ရှောင် မေးလိုက်ရသည် " ဘာဖြစ်လို့လဲ…"



" အဲဒီဆင်းရဲသားအိမ်က ပရိဘောဂတွေက ၉၀ပြည့်နှစ်လောက်တည်းကဟာတွေလေ…ရှင်းရှင်းက အဲဒီမှာဘယ်လို‌လုပ်အသားကျမှာလဲ…"



ချီယွင်ရှောင် သက်ပြင်းတစ်ချက်ချလိုက်ပြီး " သူအသားမကျဘူးဆိုရင်တောင်မှဘဲ တတ်နိုင်သမျှ အသားကျအောင်ကြိုးစားရမှာပေါ့…ယောင်္ကျားလေးဆိုတာက အမြဲတမ်းကမ္ဘာပတ်ပြီးတော့ နည်းနည်းလောက်အပင်ပန်းခံရဖို့လိုတယ်လေ…မဟုတ်ရင် နောက်ကြ မတော်တဆများ တစ်ခုခုဖြစ်လာခဲ့ရင် သူဘယ်လိုနေမလဲ…"



ချီယွီကျီး နှုတ်ခမ်းကိုသာ ကိုက်ထားလိုက်ရသည်။ ချီယွင်ရှောင်ပြောသည်မှာ အကျိုးအကြောင်းသင့်ပြီး သူမအချိန်တိုင်းမောင်ငယ်လေးကို ကာကွယ်နေ၍မရသလို သူ၏လက်ကို မလွှတ်တမ်းကိုင်ထား၍လည်း မရပါချေ။ သို့တိုင်အောင် သူမအနည်းငယ်စိတ်ညစ်သွားသည့်အတွက် အတွေးတချို့ကို ထုတ်ပြောလိုက်မိသည်



 " ဒါဆိုလည်း မိုင်မန့်မှာ နည်းနည်းလောက်ရင်းနှီးမြုပ်နှံလိုက်ကြတာပေါ့…ဒီလိုဆိုရင် ရှင်းရှင်းလည်းအရမ်းဒုက္ခခံနေစရာမလိုတော့ဘူး…နောက်ပြီး တည်းဖြတ်တဲ့အချိန်ကြ မိုင်မန့်ကရှင်းရှင်းရဲ့အပိုင်းနည်းနည်းပိုထည့်ပေးလိမ့်မယ်…"



" မင်းသတိပေးဖို့တောင်မလိုဘူး…" ချီယွင်ရှောင်၏အသံတွင် အတက်အကျရှိမနေချေ



 " လုပ်ပြီးတာဖြင့် ကြာပြီ… ဒီအစ်ကိုကြီးက ရေပန်းစားမှုစာရင်းရဲ့ နံပါတ်လေးနေရာကို အလကားဝယ်လိုက်တယ် ထင်နေတာလား…"



ချီယွီကျီး ခဏမျှ အံ့ဩသွားပြီးနောက် အလျင်အမြန်ပင် အလင်းပွင့်သွားခဲ့သည်



 " အိုးး ညီမသိပြီ… ရှင်းရှင်းရဲ့လက်ရှိကျော်ကြားမှုအဆင့်နဲ့ဆိုရင် စာရင်းရဲ့နံပါတ်လေးနေရာရောက်နေဖို့က သေချာပေါက်ကို နောက်ကွယ်ကလူရှိဖို့လိုတာပဲ…မိုင်မန့်က ဒါကိုတစ်ခါလောက် သတိပြုမိသွားတာနဲ့ သူတို့ရှင်းရှင်းအပေါ် ပိုပြီးကောင်းကောင်းဆက်ဆံပေးကြမှာပဲ… ဖြစ်နိုင်တာက ညီမတို့ရေတပ်တွေဝယ်လေလေ သူတို့ရှင်းရှင်းရဲ့ဇာတ်ကွက်တွေ များများထည့်ပေးလေလေတောင် ဖြစ်နိုင်သေးတယ်…"



ချီယွင်ရှောင်၏နှုတ်ခမ်းမှာ ကော့တက်သွားပြီး " အမှန်ပဲ… ရှင်းရှင်းက ငါတို့ကိုကျောထောက်နောက်ခံအဖြစ်မနေစေချင်တော့လည်း တခြားနည်းလမ်းကိုပဲ စဉ်းစားလိုက်ရတာပေါ့…"



ချီယွင်ရှောင်ခန့်မှန်းထားသည့်အတိုင်းပင် ဒါရိုက်တာများမှာ အနုပညာနယ်ပယ်တွင် အချိန်အတော်ကြာကြာကျင်လည်ကျက်စားခဲ့သည့် ငှက်အိုကြီးများဖြစ်ကြလေရာ အနည်းငယ်မျှ ဆွေးနွေးလိုက်ပြီးနောက် ချီရှင်းချန်တွင် လျို့ဝှက်နောက်ခံရှိကြောင်းကို မှန်းဆနိုင်ခဲ့ပေရာ ချီရှင်းချန်အပေါ် သူတို့၏ဆက်ဆံပုံများမှာလည်း ပို၍ကောင်းမွန်လာကြသည်။



ဒါရိုက်တာအတွက် ချီရှင်းချန်တူးပေးခဲ့သည့် ကျင်းအကြီးကြီးကြောင့် သူတို့အားလုံးရွာထဲတွင် ဆက်လက်နေထိုင်နိုင်ခဲ့ကြသည်။ နေ့လည်ခင်းအချိန်များတွင် ရွာအနီးတဝိုက်လှည့်လည်သွားလာကာ စကားပြောဆိုရင်းမှ ရိုက်ကူးကြပြီး ညအချိန်တွင်မူ လယ်တောအိမ်သို့ပြန်ကာ ပိုက်ဆံချွေတာရန်အတွက် အနီးအနားမှ အသီးအရွက်များကိုသာ ဝယ်ယူ၍ ချက်ပြုတ်စားသောက်ကြသည်။



ဧည့်သည်များထဲတွင် လောချိုးမန်နှင့်ထောင်ထောင်သည်သာ ချက်ပြုတ်တတ်ကာ ကျန်းယွင်ဖေးမှာမူ ငယ်ရွယ်စဉ်ကပင် ပွဲဦးထွက်ကာ ကျော်ကြားခဲ့သည့်အပြင် သူ့ကိုစောင့်ဆိုင်းပေးရသည့်လက်ထောက်များစွာရှိသူဖြစ်သည်။ လျိုကျီယုထံတွင် အလိုလိုက်ခံရသောဘဝတစ်ခုရှိကာ ပိုင်ရဲ့အတွက်မူ ပို၍ပင်ဆိုးသေးသည်။ သူ၏ဖခင်ဖြစ်သူမှာ နိုင်ငံရေးအသိုင်းအဝိုင်းမှဖြစ်ပြီး မိခင်ဖြစ်သူမှာစီးပွားရေးလောကမှဖြစ်လေရာ ငယ်ရွယ်သောသခင်လေးဖြစ်သည့်ပိုင်ရဲ့သည် အိမ်မှုကိစ္စမျိုးကို တစ်ခါမျှလုပ်ဖူးမည့်သူမဟုတ်ချေ။



လောချိုးမန်သည်သာ နှစ်ရက်ဆက်တိုက် ချက်ပြုတ်ပေးနေရခြင်းကြောင့် ချီရှင်းချန် စိတ်မသက်မသာဖြစ်လာရကာ သူ့ကိုယ်သူ လုပ်အားပေးရန်ပြောဆိုလိုက်သည် " ချိုးမန်ကျဲ..ဒီနေ့ညတော့ ကျွန်တော်ပဲ ညစာချက်လိုက်ပါ့မယ်…"



" မင်းကဒီလောက်ငယ်ငယ်လေးရှိသေးတာ ချက်တတ်ပါ့မလား…" လောချိုးမန် သူ့ကိုမယုံကြည်ခဲ့ပေ။



ချီရှင်းချန် အံတင်းတင်းကြိတ်လိုက်ပြီး " အရသာအရမ်းမရှိလောက်ဘူးဆိုပေမယ့် စားလို့တော့ရမှာပါ…"



ထိုသို့ပြောပြီးနောက် အိတ်ကိုကောက်ကိုင်ကာ အပြင်ထွက်ရန် ပြင်လိုက်သည်။ ပိုင်ရဲ့မှာလည်း အပြင်ဘက်မှပြန်လာပုံရကာ အိတ်အနည်းငယ်ဆွဲလာသည့်ချီရှင်းချန်ကို မြင်လိုက်ရသည့်အတွက် မေးလာခဲ့သည် " မင်းဘယ်သွားမလို့လဲ…"



" ဟင်းချက်စရာတွေ သွားဝယ်မလို့ပါ…"



" တစ်ယောက်တည်း နိုင်တယ်လား…"



"... မနိုင်ပါဘူး…" ချီရှင်းချန်၏ မျက်လုံးမှာ လျင်မြန်စွာ လှုပ်ရှားသွားပြီးနောက် သနားစဖွယ်ပြောလိုက်ရသည်



 " ဒါဆိုလည်း စီနီယာပိုင်ပဲ အဖော်လုပ်ပေးပါဦး…"



ချီရှင်းချန် ဤနှစ်ရက်အတွင်း ပိုင်ရဲ့ ဘယ်နေရာတွင် ဘာလုပ်နေသည်ကို သိသည်အထိ အဓိကဇာတ်လိုက်နှင့်ဇာတ်လိုက်မတို့ကို ဇွဲကောင်းကောင်း‌နှင့်စောင့်ကြည့်နေခဲ့သည်။ သို့သော်လည်း သူ့ကိုစိတ်အေးစေသည့်အရာမှာ အဓိကဇာတ်လိုက်တွင် ဇာတ်လိုက်မထံသို့ တိုးတက်လာသည့်ခံစားချက်မျိုး ရှိမနေခဲ့ချေ။ သို့မဟုတ် အဓိကဇာတ်လိုက်မှာ ဆွဲဆောင်ခံရပြီးဖြစ်သော်လည်း ထုတ်မပြခြင်းမျိုး ဖြစ်နိုင်ပေမည်။ 



ထို့အတွက်ကြောင့် သူအပြင်သွားချိန်တိုင်း ပိုင်ရဲ့ကိုပါ ဆွဲခေါ်သွားရန်လိုအပ်သည်။ မဟုတ်ပါက သူအနားတွင်မရှိချိန် ဇာတ်လိုက်နှစ်ဦး၏အချစ်များပေါက်ဖွားကုန်ပါက သူမည်သို့တတ်နိုင်ပါမည်နည်း။



ပိုင်ရဲ့မှာမူ ချီရှင်းချန်၏တောင်းဆိုမှုအပေါ် အံ့ဩမနေဘဲ လက်ထဲရှိအိတ်အကုန်လုံးကိုယူကာ ဦးဆောင်၍ ထွက်သွားလိုက်သည်။



လယ်သမားတစ်ဦး၏အိမ်သို့ သွားနေသည့်လမ်းတွင် ချီရှင်းချန်မှ သူ့ကိုခေါ်လာခဲ့သည် " စီနီယာ…"



ပိုင်ရဲ့ ထိုအသုံးအနှုန်းမှာ အနည်းငယ်တစ်မျိုးဖြစ်နေသည်ဟု ခံစားလိုက်ရပြီး ပြန်ဖြေလိုက်သည် " အင်း ..."



" ဒီမိသားစုမှာက မုန်လာဥနီကောင်းကောင်းတွေရှိတယ်…. တစ်ချက်လောက်သွားကြည့်ရအောင်…"



လယ်သမားကြီးနှင့်သူ၏ဇနီးမှာ သစ်ပင်အောက်တွင် အပင်ကိုမှီလျက်ဖြင့် စကားပြောကာ ထိုင်နေကြသည်။ ချီရှင်းချန် သူတို့ကို ဒန်းနစ်ဘာသာစကားဖြင့် နှုတ်ဆက်လိုက်ပြီးနောက် အင်္ဂလိပ်ဘာသာဖြင့် မေးလိုက်လေသည် " ဒီမုန်လာဥနီတွေက ဘယ်လိုရောင်းလဲမသိဘူး…"



လယ်သမားကြီးမှ သူ့ကိုဒန်းနစ်စကားဖြင့် ပြန်ဖြေလာသည်။



ချီရှင်းချန်မှာ ရိုးရှင်းသောဒန်းနစ်စကားအနည်းငယ်ကိုသာ သိသူဖြစ်သည့်အတွက် ထိုစကားကို နားမလည်နိုင်ခဲ့ချေ။ ထို့ကြောင့် ပိုင်ရဲ့ကို တိုးတိုးကပ်မေးလိုက်ရသည်



 " သူဘာပြောတာလဲ…"



" မုန်လာဥတွေက သူတို့စားဖို့အတွက်ပဲ စိုက်ထားတာတဲ့…ရောင်းဖို့မဟုတ်ဘူး…"



" အာ… ဒါဆိုလည်း ကျွန်တော်တို့က နည်းနည်းလောက်ပဲ လိုချင်တာမလို့… တချို့တဝက်လောက်ခွဲပေးဖို့ အကူအညီတောင်းကြည့်ရင်ကော…"



ပိုင်ရဲ့ : "...."



ပိုင်ရဲ့၏မျက်နှာမှာ ခဏမျှတောင့်ခဲသွားပြီးနောက် ချီရှင်းချန်ပြောချင်သည့်စကားကို ဘာသာပြန်ပေးလိုက်သည်။



လယ်သမားကြီးနှင့် သူ၏ဇနီးမှာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသော်လည်း မည်သည့်စကားမှမပြောခဲ့ပေ။ ဤနှစ်များအတွင်း သူတို့စားရန်အတွက်သာ ဟင်းသီးဟင်းရွက်များကို ကိုယ်တိုင်စိုက်ပျိုးခဲ့ကြသော်လည်း ယခင်ကတစ်ခါမှ မရောင်းချခဲ့ဖူးချေ။



ချီရှင်းချန် ထိုသူနှစ်ဦး၏တုန့်ဆိုင်းနေခြင်းကို မြင်လိုက်ရသည့်အတွက် သူ၏လက်နှစ်ဖက်ကို အတူပူးကာ ပြောလိုက်သည်



 " ဦးလေးတို့ခြံရဲ့မုန်လာဥတွေက ချစ်ဖို့အကောင်းဆုံးနဲ့ အလတ်ဆတ်ဆုံးမလို့ပါ… တကယ်လို့သာ နည်းနည်းလောက်ရောင်းပေးဖို့ဆန္ဒရှိမယ်ဆိုရင်…"



ချီရှင်းချန် ပိုင်ရဲ့ကို ညွှန်ပြကာ ပြောလိုက်သည်။



 " ကျွန်တော် သူ့ကိုဦးလေးတို့အတွက် သီချင်းဆိုပြခိုင်းလိုက်မယ်လေ…သူကတရုတ်မှာ အရမ်းကြီးတဲ့ကြယ်ပွင့်နော်… တအားနာမည်‌ကြီးတာ…"



ပိုင်ရဲ့ အေးခဲသွားခဲ့သည်။ သူ့ကိုယ်သူ ခြင်းထဲတွင်ထည့်ထားသည့်သခွားမွှေးတစ်လုံးကဲ့သို့ အလဲအလှယ်လုပ်ရန် ပစ္စည်းအဖြစ်ပြောင်းလဲသွားမည်ဟု သူမထင်မိခဲ့ချေ။ လက်ရှိတွင် သူ၏ဖန်မှရောင်းစားခြင်းကို ခံလိုက်ရလေပြီ။



ချီရှင်းချန်မှာမူ ၎င်းကိုလုံးလုံးပင် သတိမပြုမိဘဲ သူ၏ကုန်ပစ္စည်းကိုသာ ဆက်၍ကြော်ငြာနေခဲ့သည် 



" ဦးလေးတို့ ကြည့်ရုံနဲ့တင် သူ့မှာ ရုပ်ရည်ချောချောနဲ့ ခန္ဓာကိုယ်ကောင်းကောင်းရှိတာကို မြင်နိုင်တယ်နော်… တကယ်လို့ သီချင်းဆိုပြတာနဲ့ အားမရရင် ကျွန်တော်သူ့ကို ကခိုင်းလိုက်မယ်လေ…"



"....."



ပိုင်ရဲ့ အသံကိုနှိမ့်၍ ပြောလိုက်သည် " ဘာလို့မင်းကိုယ်တိုင်မကတာလဲ…"



" ကျွန်တော်က နာမည်ကြီးမဟုတ်လို့လေ…" 



ချီရှင်းချန် သူ၏ခံယူချက်ကို ခိုင်ခိုင်မာမာ ကြေငြာလိုက်သည်။