အပိုင်း၁၆
Viewers 26k

ကင်မရာမန်းနှင့်ရိုက်ကွင်းလက်ထောက်တို့မှာ ဖူးခနဲ ရယ်ချင်သွားခဲ့သည်။ ဤသည်မှာ ပထမဆုံးအကြိမ်အဖြစ် လယ်သမားဇနီးမောင်နှံမှာ သူတို့၏မုန်လာဥနီများကို ချစ်ဖို့ကောင်းသည်ဟု အပြောခံရခြင်းကြောင့်နှင့် ချီရှင်းချန်ကြောင့် ကျေနပ်သွားကြကာ ရယ်လိုက်မိကြသည်။


ဇနီးဖြစ်သူမှ ပေါက်ပြားကိုထုတ်ကာ မုန်လာဥနီဆယ်ဥခန့်ထပ်တူးလိုက်ပြီး ခြင်းထဲထည့်၍ ချီရှင်းချန်ထံပေးလိုက်လေသည်


" မင်းအတွက်ပါ…"


သူ၏ပန်းတိုင်မှာ ပြီးမြောက်သွားပြီဖြစ်ရာ ချီရှင်းချန် အပျော်လွန်သွားပြီး " သူတို့က ဘယ်လောက်လဲ…" ဟုမေးလိုက်မိသည်။


" အလကားပေးတာပါ… မင်းအတွက်လက်ဆောင်လေ…" လယ်သမားကြီးမှ ပြောလာခဲ့သည် " သူကလည်းအရမ်းချောတာဆိုတော့ ဒီချစ်ဖို့ကောင်းတဲ့မုန်လာဥတွေနဲ့ ကွက်တိကိုလိုက်ဖက်တယ်…"


သဘာဝကျစွာပင် သူဆိုသည်မှာ ပိုင်ရဲ့ကိုရည်ညွန်းခြင်းဖြစ်သည့်အတွက် ချီရှင်းချန် ကျေနပ်သွားသည့်သက်ပြင်းတစ်ချက်ချလိုက်လေသည်။ လက်သမားဇနီးမောင်နှံကို ကျေးဇူးတင်လိုက်ကြပြီးနောက် ခြင်းတောင်းကိုကိုင်ကာ ‌သီချင်းညည်းရင်းဖြင့် နောက်တစ်အိမ်သို့ သွားလိုက်ကြသည်။


သူတို့လမ်းလျှောက်နေစဉ်မှာပင် ချီရှင်းချန်ကင်မရာကိုကြည့်၍ ကြွားဝါနေဆဲပင် " စီနီယာပိုင်နဲ့ တကယ်ကြီးကိုအလုပ်ဖြစ်သွားတာပဲ… မဟုတ်ရင် ကျွန်တော်တို့ဘယ်လိုလုပ်ပြီး ဒီလောက်များတဲ့မုန်လာဥတွေ အလကားရမှာလဲ…"


ပိုင်ရဲ့ : "...."


သူ၏ဖန်လေးရဲ့နှလုံးသားထဲမှာ သူကအရမ်းချစ်ဖို့ကောင်းတဲ့ မုန်လာဥနီတစ်ခြင်းစာလောက်ပဲ တန်ဖိုးရှိတာလား…


သခွားမွှေးသီးလေးပိုင်ရဲ့ကိုမှီခိုကာ ချီရှင်းချန် ဟင်းသီးဟင်းရွက်အချို့ကို အောင်အောင်မြင်မြင် ယူလာနိုင်ခဲ့သည်။


အစပိုင်းတွင် လောချိုးမန် မီးဖိုချောင်ထဲတွင် ကူညီပေးရန် နေချင်ခဲ့သော်လည်း ချီရှင်းချန် သူမကို အပြင်သို့ပို့ကာ ပြောလိုက်သည်


" ချိုးမန်ကျဲ အစ်မက နှစ်ရက်တောင် အလုပ်ကြိုးစားပေးခဲ့တာလေ ဒီနေ့တော့ ကျွန်တော်ပဲချက်ပါ့မယ်…"


" ကောင်းပါပြီ ဒါဆိုလည်း မင်းဘာသာကိုင်တွယ်နိုင်တယ်မလား…"


" ဒါပေါ့ စိတ်မပူပါနဲ့ ပြသနာမရှိပါဘူး…"


အေရိုးဗစ်အဖွဲ့တွင် သူတို့၏ခေါင်းဆောင်အပါအဝင် လူအယောက်နှစ်ဆယ်ခန့်ရှိလေရာ ဖျော်ဖြေရန်မလိုသည့်နေ့များတွင် လူတိုင်းမှာ မလိုအပ်သောအသုံးအနှုန်းအချို့ကို ချွေတာရန်အတွက် နေ့စဉ်နေ့တိုင်း အလှည့်ကျစီ ချက်ပြုတ်ကြရသည်။ ထို့ကြောင့်ပင် အသက်ရှစ်နှစ် ကိုးနှစ်အရွယ် ထန်ခေတ်ကဗျာသုံးထောင်ကို မမှတ်နိုင်သေးသည့်အရွယ်မှာပင် ချီရှင်းချန်အာလူးနှစ်လုံးကို ငါးမိနစ်အတွင်း အခွံခွာကာ လှီးနိုင်နေပြီဖြစ်သည်။


သူ၏ဓားတစ်ချက်ဝေ့သွားသည်နှင့် ဟင်းသီးဟင်းရွက်များကို လှီးဖြတ်ရန် အချိန်များစွာ မယူလိုက်ရချေ။ တစ်နာရီကြာပြီးနောက် ဟင်းလေးမျိုးနှင့်စွပ်ပြုတ်တစ်ခွက်မှာ လူရှစ်ယောက်စားသောက်ရန်အတွက် စားပွဲပေါ်တွင် တည်ခင်းပြီးပြီဖြစ်သည်။


လူတိုင်းမှာ ပျော်ရွှင်မှုကြောင့် လျှာသပ်၍ ချီးကျူးလိုက်ကြသော်လည်း စားပွဲကိုစိုက်ကြည့်နေသည့်ပိုင်ရဲ့တစ်ဦးတည်းသည်သာ မည်သည့်စကားမှမပြောလာခဲ့ချေ။ သူ၏ပရိသတ်ကလေးမှာ ဤမျှအသက်ငယ်ငယ်ကလေးဖြင့် ထိုဟင်းအားလုံးကို ချက်ပြုတ်နိုင်သည်အထိ မည်သည့်အရာများကို ကြုံတွေ့ခဲ့ရသည်နည်းကို စဉ်းစားနေမိသည်။


ချီရှင်းချန်ချက်ခဲ့သည်မှာ အိမ်ထမင်းဟင်းများသာဖြစ်နေသော်လည်း ယခုကဲ့သို့အခြေအနေအောက်တွင် အတော်အတန်ကောင်းမွန်နေပြီဖြစ်သည်။


လူတိုင်းမှာ စကားပြောရင်းဖြင့် စားသောက်လိုက်ကြသည်။ သူတို့၏ဗိုက်များပြည့်သည်အထိ စားလိုက်ကြသည် နှလုံးသားထဲတွင် လျှံသွားသည်အထိသောက်စားလိုက်ကြပြီးနောက် သက်ဆိုင်ရာအခန်းထဲသို့ ပြန်ဝင်လိုက်ကြသည်။ အခန်းတွင်းငြိမ်သက်သွားသည့်အချိန်တွင် ချီရှင်းချန်. ပိုင်ရဲ့၏ပုံအကြောင်းကို ပြန်လည်စဉ်းစားနေမိသည်။


သူ၏အိပ်ချင်စိတ်မှာ လုံးလုံးပျောက်ကွယ်သွားပြီး သူ၏ဟိုဘက်ဒီဘက်လှည့်သံမှ ကျန်းယွင်ဖေးကို အနှောင့်အယှက်ပေးမိသွားမည်စိုးသည့်အတွက် ချီရှင်းချန် အင်္ကျီကောက်ဝတ်ကာ ကြယ်ကြည့်ရန်အတွက် အောက်သို့ဆင်းလာလိုက်သည်။


ချီရှင်းချန် လှေကားမှဆင်းလာချိန်တွင် ထောင်ထောင်နှင့်လျိုကျီယုတို့၏အခန်းတွင်းမှ တစ်စုံတစ်ယောက်၏အကူအညီတောင်းသံကဲ့သို့ အသံမျိုးကို ကြားလိုက်ရသည်။


ဤမျှညနက်နေသည့်အချိန်တွင် သူတို့မအိပ်‌ကြသေးတာ ဖြစ်နိုင်ပါ့မလား…


ချီရှင်းချန် မိန်းကလေးများအပေါ်တွင် နားမလည်နိုင်သည့်အတွက် ဆက်သွားမည်အပြုတွင် သူ၏ခြေတစ်လှမ်းပင် မလှမ်းရသေးသည့်အချိန်၌ အသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။


" အာ့…"


ထိတ်လန့်နေသည့်အသံမှာ အခန်းတွင်းရုတ်တရက်ထွက်ပေါ်လာခဲ့သည်။


ဤသည်မှာ လျိုကျီယု၏အသံပင်။


တခဏအတွင်း ချီရှင်းချန် မည်သည်ကိုမှမစဉ်းစားနေတော့ဘဲ ပြန်လှည့်လိုက်ပြီး လျိုကျီယု၏အခန်းတံခါးကို ခြေထောက်တစ်ဖက်ဖြင့် ကန်ဖွင့်လိုက်သည်။


တစ်ခန်းလုံးမှောင်မဲနေပြီး ပြတင်းပေါက်တစ်ခုတည်းသာ ကျယ်ဝန်းစွာပွင့်နေကာ လရောင်၏ပံ့ပိုးမှုအောက်တွင် လျိုကျီယုမှာ အိပ်ရာပေါ်တွင် ဒူးထောက်ကျနေကာ တံခါးထံသို့သွားနိုင်ရန်အတွက် အပူတပြင်းတွားသွားနေသည်။


သူမ၏အနောက်မှ ကုတင်ဘေးရှိဗီဒိုအနားတွင် မျက်နှာစည်းထားသည့်လူတစ်ဦးရှိနေကာ အကြည့်တစ်ချက်နှင့်ပင် ထိုသူမှာ အရွယ်ရောက်ပြီးသည့် ယောင်္ကျားတစ်ယောက်‌ဖြစ်ကြောင်းကို ပြောနိုင်သည်။


ချီရှင်းချန် ချက်ချင်းဆိုသလို သူတို့ဓားပြတိုက်ရခံပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။


" ကယ် ကယ်ကြပါဦး…"


တံခါးမှ လူဝင်လာသည့်အတွက် လျိုကျီယုစတင်၍ အကူအညီတောင်းရန် အော်ဟစ်လိုက်သည်။ ဓားပြမှာမူ မူလအစက ပစ္စည်းကိုခိုးယူ၍ လူရိုက်ရန် ပြင်ထားသော်လည်း အသံကိုကြားချိန်၌ စတင်၍ ထိတ်လန့်လာကာ တခဏအတွင်း အပူတပြင်း လျိုကျီယု၏ဆံပင်ကိုဆွဲ၍ အနောက်သို့ပြန်ဆွဲခေါ်လိုက်သည်။


ထိတ်လန့်မှုများကြားတွင် ဓားပြမှာ သူ၏အိတ်ထဲမှတစ်စုံတစ်ရာကို ထုတ်ယူလိုက်ပြီး လရောင်မှရောင်ပြန်ဟပ်လာချိန်တွင် အေးစက်သောငွေရောင်အလင်းတစ်ခုထွက်ပေါ်လာသည်။


ဤသည်မှာ ဓားတစ်ချောင်းပင်။


" ကယ်ကြပါဦး… ဝူး ဝူးးး ငါမသေချင်သေးဘူး…"


လျိုကျီယုမှာ ဆံပင်ကိုဆွဲ၍ အနောက်သို့ဆွဲခေါ်ခံလိုက်သည့်အတွက် နာကျင်မှုကြောင့်အော်ဟစ်နေပြီး ဆက်ဖြစ်လာမည့်အရာကို သတိမမူမိသေးချေ။ အလွန်ထိတ်လန့်နေရသည့်အတွက် သူမ၏ခြေထောက်များတုန်ယင်နေကာ ခေါင်းကိုမော့၍ တံခါးဆီသို့သာ အော်ဟစ်အကူအညီတောင်းနေခဲ့သည်။


ထို့နောက် ချက်ချင်းဆိုသလိုပင် ဝင်လာသည့်သူမှာ ချီရှင်းချန်ဖြစ်နေသည်ကို မြင်လိုက်ရပြီးနောက် သူမ၏နှလုံးသားမှာ ပြောင်းပြန်လန်သွားပြီး အတွေးတစ်ခုသာ ကျန်ရစ်ခဲ့လေသည်။


သူမတော့ ပွဲသိမ်းပြီပဲ…


ဤအချိန် ပြေးဝင်လာသူမှာ ချီရှင်းချန်မဟုတ်ဘဲ အခြားသူများဖြစ်နေပါက ပြသနာမရှိနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ဤနှစ်ရက်အတွင်း သူမချီရှင်းချန်ကို များစွာစော်ကားခဲ့မိသည်ဖြစ်သောကြောင့်ပင်။


အမျိုးသမီးအနုပညာရှင်များမအိပ်ခင် ကင်မရာများကို ပိတ်ထားပေးမည်ဖြစ်သည့်အတွက် ချီရှင်းချန် သေချာပေါက် ဤအခွင့်အရေးကိုယူ၍ အချိန်မီမပြုလိုက်နိုင်သလို သို့မဟုတ် ဓားပြကြောင့် သူမထိခိုက်သွားချိန်တွင် မည်သို့မျှမနေသလိုကြည့်နေကာ သူမကို လက်စားချေလိမ့်မည်ပင်။ 


ဤသို့ဖြင့် သူမအမှန်တကယ်ပင် ပွဲသိမ်းသွားနိုင်သည်။


လျိုကျီယုမှာ ကြောက်လန့်ကာ နောင်တရနေပြီဖြစ်သည်။ သူမအံတင်းတင်းကြိတ်၍ ချီရှင်းချန်အပေါ်သာ ဦးစွာကောင်းကောင်းပြုမူနိုင်အောင် ကြိုးစားလိုက်ရသည်။ အဆုံး၌ လက်ရှိအချိန်တွင် သူမ၏သေးငယ်သောအသက်ကလေးသည်သာ အရေးအကြီးဆုံးဖြစ်နေသည်လေ…


မည်သို့ပင်ဆိုစေကာမူ သူမပါးစပ်မဖွင့်လိုက်ခင်မှာပင် ချီရှင်းချန် ရုတ်တရက်သူတို့ထံပြေးဝင်လာခဲ့သည်။ သူ၏ခြေထောက်မှ လွင့်ပျံသွားပြီး ကန်ချက်မှာ လျိုကျီယုကိုကိုင်ထားသည့် ဓားပြ၏လက်မောင်းပေါ်သို့ ကျရောက်သွားခဲ့သည်။


" ဟစ်…." နာကျင်မှုကြောင့် ဓားပြ၏ပါးစပ်မှအသံတစ်ချက်ထွက်သွားကာ လက်ကိုလွှတ်လိုက်သည်။


ဖမ်းချုပ်ထားမှုမှာ လွတ်မြောက်သွားသည့်အတွက် လျိုကျီယုတုန်ယင်လျက် အိပ်ရာပေါ်သို့ လိမ့်ကျသွားခဲ့သည်။


လုပ်ငန်းစဉ်များမှာ ရှုပ်ထွေးပုံရသော်လည်း လက်တွေ့တွင် ချီရှင်းချန် ပြေးဝင်လာချိန်မှစ၍ လျိုကျီယုကို ကယ်တင်သည်အထိ နှစ်မိနစ်ခန့်သာ ကုန်လွန်သေးသည်။ တစ်ခန်းထဲတွင်ရှိနေသည့်ထောင်ထောင်မှာ လျိုကျီယုကို ကပျာကယာပြေးခေါ်ထားလိုက်ပြီး ဒုတိယမှကျန်းယွင်ဖေးနှင့် ပထမထပ်မှပိုင်ရဲ့တို့သည်လည်း ထိုအချိန်၌ အခင်းဖြစ်နေရာသို့ ရောက်နေကြပြီဖြစ်သည်။


" ဖာ့ခ် " နေရာတွင် ကူညီသည့်လူများလာသည့်အတွက် သဘာဝကျစွာပင် ဓားပြမှာ ကြာကြာမနေရဲတော့ချေ။ ချီရှင်းချန်ကို အင်္ဂလိပ်ဘာသာဖြင့် ဆဲဆိုကာ ဘေးသို့တွန်းထုတ်လိုက်ပြီး ကုတင်ဘေးရှိနေရာမှ ပစ္စည်းတစ်ခုကို ကောက်ယူ၍ အလျင်စလို ပြတင်းပေါက်မှ ခုန်ချထွက်ပြေးသွားခဲ့သည်။


လေတိုက်မှုကြောင့် လွင့်နေသည့်ခန်းစီးလိုက်ကာစများသာ ကျန်ရစ်ခဲ့လေသည်။


" ရှင်းရှင်း…" ကျန်းယွင်ဖေး ကပျာကယာမီးခလုတ်ကိုဖွင့်၍ ပြတင်းပေါက်မှ ခေါင်းထွက်ကာ နောက်ဖက်ခြံဝန်းထဲတွင် လူရှိမရှိကို ထွက်ကြည့်လိုက်သည်။


" ကျွန်တော်အဆင်ပြေပါတယ်…" ချီရှင်းချန် သူ၏လက်မောင်းကို ဖုံးကွယ်ကာ ခေါင်းယမ်းပြလိုက်သည်။


ကျန်းယွင်ဖေးမှ " ဒါဆိုလည်း နည်းနည်းလောက်နားလောက်ဦး… ပိုင်ရဲ့ကတော့ လန့်နေတဲ့ထောင်ထောင်နဲ့ကျီယုအတွက် ရေထည့်ပေးဖို့ ကူညီ‌ပါဦး… အစ်ကိုကတော့ ဘေးအိမ်က ဒါရိုက်တာလျိုကို ရဲဆီသတင်းပို့ဖို့အတွက် သွားပြောလိုက်ဦးမယ်…"


ဒါရိုက်တာများသည်လည်း သူတို့၏ဘေးခြံမှာ လယ်တောအိမ်ကို ယာယီအလုပ်လုပ်ရန်နှင့်အနားယူရန်အတွက် ငှားယမ်းခဲ့ကြသည်ဖြစ်လေရာ ခြံနှစ်ခြံမှာ ဆယ်မီတာမျှသာ ကွာခြားလေသည်။ ထို့ကြောင့် ကျန်းယွင်ဖေးအပြေးထွက်သွားလိုက်ကာ တစ်ချိန်တည်းမှာပင် ဓားပြထံမှ ခြေရာလက်ရာများ ကျန်မကျန်ကို စစ်ဆေးလိုက်သည်။


ကျန်းယွင်ဖေးပြောသည့်အတိုင်း ပိုင်ရဲ့ပထမထပ်မှ မီးဖိုချောင်သို့သွားကာ ရေသုံးခွက်ထည့်လိုက်သော်လည်း သူပြန်ရောက်ချိန်တွင် ချီရှင်းချန်မှာ အခန်းထဲတွင် ရှိမနေခဲ့ပေ။


" သူဘယ်သွားတာလဲ…" ပိုင်ရဲ့ မေးလိုက်သည်။ 


ထို့ကြောင့် လျိုကျီယုကို ချော့မော့နေသည့်ထောင်ထောင်မှ ပြန်ဖြေလာသည် " သူ့အခန်းကို ပြန်သွားတာပဲ…"


ပိုင်ရဲ့မျက်ခုံးကိုကြုတ်လိုက်ချိန်တွင် ချီရှင်းချန်၏ လက်မောင်းကိုအုပ်ကိုင်ထားသည့်မြင်ကွင်းမှာ သူ၏မျက်လုံးထဲသို့ ပြန်ရောက်လာခဲ့သည်။


မကြာခင်မှာပင် ကျန်းယွင်ဖေးပြန်ရောက်လာပြီး မိန်းကလေးနှစ်ယောက်မှာ ပုံမှန်အနေအထားသို့ပြန်ရောက်သွားပြီဖြစ်သည့်အတွက် ပိုင်ရဲ့ သူမတို့ကို ကျန်းယွင်ဖေးနှင့်ထားခဲ့လိုက်ကာ ဂျာကင်ကိုကောက်ကိုင်၍ ထွက်သွားလိုက်သည်။


မိနစ်လေးဆယ်အကြာတွင် တစ်ညတည်းရေနှစ်ခါချိုးလိုက်ရသည့်ချီရှင်းချန်မှာ လက်တစ်ဖက်တည်းဖြင့် တီရှပ်ကိုခက်ခက်ခဲခဲဝတ်နေသည့်အချိန်တွင် သူ၏ဖုန်းမှာ နှစ်ခါမျှ တုန်သွားသည်ကို ကြားလိုက်ရသည်။


၎င်းမှာ ဝီချက်မှ စာဝင်လာခြင်းပင်။


ပိုင်ရဲ့ : [ အိပ်နေပြီလား ]


အဝတ်များဖြင့်ရုန်းကန်နေရသည့်လက်များမှာ ရပ်တန့်သွားခဲ့သည်။ အဘယ့်ကြောင့် ပိုင်ရဲ့မှ သူ့ကိုအိပ်ပြီလားဟု မေးလာရသည်နည်း။


ခုနကဖြစ်ခဲ့တဲ့အခြေအနေကို သိချင်နေတာ မဟုတ်ဘူးလား….


ထိုအရာမှလွဲ၍ ပိုင်ရဲ့မှာ စပ်စုတတ်သူမျိုးမဟုတ်ချေ။


ချီရှင်းချန်၏လက်များမှာ တဆတ်ဆတ်တုန်ယင်နေပြီး ရေချိုးအပြီးတွင် သူလွန်စွာမောပန်းသွားပြီဖြစ်သည်။


[ အိပ်ရာပေါ်မှာ လဲနေပြီးပါပြီ…]


ဤစာသားမှာ သိသိသာသာပင် လောင်ဇီအိပ်ချင်နေတာမလို့ မနက်ဖြန်မှစကားပြောကြမယ် ဟူသည့်အဓိပ္ပါယ်ကို ဖော်ဆောင်နေသည်မလို့ ပိုင်ရဲ့သူ့ကို ဆက်မနှောင့်ယှက်လောက်ဘူးမလား…


အဆုံးတွင် တစ်ဖက်သူမှ စာပြန်လာခဲ့သည်။


[ တံခါးဖွင့်လိုက် ]




[စာရေးသူတွင် ပြောစရာရှိပါသည် : လာမည့်အပိုင်း၏ အလွန်အမင်းမြင့်မားမည့်အချိုများအတွက် စောစောသတိပေးလိုက်ပါတယ်။]