Chapter 17
ချီရှင်းချန် စကားပြောခန်းမျက်နှာပြင်ကို သူ၏ဂျာကင်ကိုယူကာ တံခါးထမဖွင့်ခင်အချိန်အထိ အချိန်အတန်ကြာအောင် စိုက်ကြည့်နေမိသည်။
ပိုင်ရဲ့မှာ တံခါးရှေ့တွင် အထုပ်တစ်ထုပ်ကို ကိုင်ကာ ရပ်နေခဲ့သည်။ ဒိန်းမတ်၏နွေဦးလေမှာ အတန်ငယ်ပြင်းထန်လှသဖြင့် ချီရှင်းချန် ပိုင်ရဲ့၏ပုံရိပ်တွင် အေးစက်မှုအနည်းငယ်ကျန်ရစ်နေသည်ကို ခံစားလိုက်ရလေသည်။
ဖုန်းကိုအနောက်တွင် ဖွက်လိုက်ပြီးနောက် တံခါးကြားရှိအဟကို သူ၏ကိုယ်ဖြင့်ကွယ်ကာ ပျင်းတိပျင်းရွဲ့ပြောလိုက်သည်
" တစ်ခုခုရှ်ိလို့လားဟင်…"
ပိုင်ရဲ့မှ " ဝင်ခွင့်ပြုဖို့ အဆင်ပြေမယ်မလား…"
ဤသူမှာ မေးမြန်းဟန်ဖြင့် ပြောနေသည့်တိုင် သူ၏အသံထဲတွင် ငြင်းပယ်ခွင့်မပြုသည့်သဘောမျိုးပါဝင်နေခဲ့သည်။ အကယ်၍သာ သူအဆင်မပြေပါဟု ပြောလိုက်ပါက အမှန်တကယ် သက်ရောက်မှုရှိနိုင်မည်လား…
" ဝင်လာခဲ့ပါ…"
ချီရှင်းချန် ခြေတစ်လှမ်းဆုတ်၍ အရှုံးပေးလိုက်ရကာ တစ်ဖက်သူမှ မြန်မြန်ဆန်ဆန်မေးခွန်းမေး၍ မြန်မြန်ဆန်ဆန်ပြီးဆုံးနိုင်မည်ကို မျှော်လင့်နေမိသည်။
ပိုင်ရဲ့ အခန်းတွင်းသို့ရောက်သွားသည်နှင့် တံခါးကိုလော့ချလိုက်သောကြောင့် ချီရှင်းချန်အံသြသွားရသည်။
မေးမယ်ဆိုရင်လည်း မေးလေ တံခါးနဲ့ဘာဆိုင်လို့လဲ….
ချီရှင်းချန်၏အပေါ်သို့ ပုံရိပ်တစ်ခုမှာ အုပ်မိုးသွားပြီး ပိုင်ရဲ့အရှေ့သို့လျှောက်လာကာ နူးညံ့စွာပြောလိုက်သည်
" လက်ကိုဆန့်လိုက်…"
ချီရှင်းချန် ယခုအချိန်တွင် မကောင်းသောခံစားချက်များ ရရှိနေပြီဖြစ်သည်
" လက်ကိုဆန့်ရမယ်…ဘယ်လက်ကိုလဲ.."
" ဘယ်ဘက်လက်…" ပိုင်ရဲ့ ခဏမျှရပ်တန့်သွားပြီး " မင်းဒဏ်ရာရခဲ့တဲ့ဖက်…"
"....." ချီရှင်းချန်၏အသံမှာ တိတ်ဆိတ်သွားရသည်။
အစောပိုင်းတွင် ထိုဓားပြထွက်ပြေးရန် စီစဉ်နေခဲ့ကာ ဓားဖြင့်ယမ်းခဲ့ချိန် ချီရှင်းချန် သူ၏လက်မောင်းဖြင့် ကာမိသွားသောကြောင့် ဓားထိပ်ဖြင့် ခြစ်မိသွားသည့် မတော်တဆခြစ်ရာတစ်ခုဖြစ်သွားခဲ့လေသည်။
သို့သော်လည်း ချီရှင်းချန် အခြားသူများကို အသိမပေးခဲ့ပေ။ ဤသည်မှာ ငယ်စဉ်ကတည်းကပင် လုပ်လေ့မရှိသောအရာဖြစ်သည့်အတွက်ကြောင့် ဖြစ်ပေမည်။
ဆက်ကပ်ဆိုသည်မှာ သွေးချွေးများရင်းနှီးရသော အနုပညာတစ်မျိုးဖြစ်ပြီး အခြေခံများကို လေ့လာစဉ်တွင် လွယ်ကူနိုင်သော်လည်း ထဲထဲဝင်ဝင်သင်ယူရချိန်၌ လွန်စွာမှခက်ခဲကြမ်းတမ်းလိမ့်မည်ဖြစ်ကာ လေ့ကျင့်စဉ်အချိန်အတွင်း ပြုတ်ကျခြင်းနှင့်အခြားသောပစ္စည်းများဖြင့် ထိမိခိုက်မိခြင်းမျိုးမှာ ဖြစ်လေ့ဖြစ်ထရှိသောအရာများပင်ဖြစ်သည်။
သူဆက်ကပ်အဖွဲ့သို့ဝင်သည့် ပထမဆုံးနေ့မှာပင် ခေါင်းဆောင်ဖြစ်သူမှ တစ်ခါတည်းပိတ်ပြောထားခဲ့သည် " မင်းသာထိပ်ဆုံးကခွေးတစ်ကောင်ဖြစ်ချင်တယ်ဆိုရင် ဖြစ်လာမဲ့အနှောင့်အယှက်တွေခက်ခဲမှုတွေအားလုံးကို ကြံ့ကြံ့ခံထားရမှာပဲ… ဒီမှာက ငိုဖို့ခွင့်ပြုထားတယ်ဆိုပေမယ့် ငါ့ဆီတော့လာမငိုနဲ့ ငါနားထောင်ပေးမှာမဟုတ်ဘူး…"
သို့ဖြစ်ရာ ထိုအချိန်မှစ၍ ချီရှင်းချန် သတိလစ်သွားလောက်အောင် ဖျားနာနေသည့်အချိန်မှစ၍ သူ၏ပင်ပန်းမှုများကို တစ်ပါးသူအား ပြောပြခြင်းမျိုး မရှိတော့ချေ။
ပိုင်ရဲ့မှာ သူ၏ဒဏ်ရာအကြောင်းကို ရှာတွေ့သွားပြီဖြစ်သောကြောင့် ချီရှင်းချန် ဆက်လက်ဖုံးကွယ်မနေဘဲ နှုတ်ခမ်းကိုကိုက်ကာ ဖြေသိမ့်လိုက်သည်။
" ရပါတယ် ဘာမှဖြစ်သွားတာမှမဟုတ်တာ…."
ပိုင်ရဲ့၏အသံမှာ ဆွေးနွေးချင်နေပုံမရပေ " လက်ကိုဆန့်လိုက်ပါ…"
" တကယ်အဆင်ပြေပါတယ်ဆို…"
" ဘာလို့ဒီလောက်ပြောရခက်နေဝာာလဲ…" ပိုင်ရဲ့ စိတ်ထဲတွင် သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ၏အသံကို ဖျော့လိုက်ကာ " ရှင်းရှင်း လက်ကိုဆန့်လိုက်ပါကွာ…"
ရှင်းရှင်း လက်ကိုဆန့်လိုက်ပါကွာ…
ဤသည်မှာ ပိုင်ရဲ့၏ပထမဆုံးအကြိမ်အဖြစ် သူ၏နာမည်ပြောင်ကို ခေါ်ဆိုခြင်းဖြစ်သည်။ ၎င်း၏သံလိုက်ကဲ့သို့ အသံနိမ့်နိမ့်ဖြင့် နူးညံ့စွာခေါ်ဆိုလိုက်သံမှာ ချီရှင်းချန်၏နှလုံးသားထဲတွင် ငှက်မွေးတစ်ခုကျဆင်းလာသကဲ့သို့ ယားကျိယားကျိဖြစ်လာစေသည်။
ထို့ကြောင့် သူပူးကပ်ခံရသူတစ်ဦးကဲ့သို့ လက်ကိုဆန့်ပေးလိုက်မိသည်။
ပိုင်ရဲ့ ချီရှင်းချန်၏လက်ကို အသာအယာဆွဲယူကာ အင်္ကျီလက်ကို ခေါက်တင်ပေးလိုက်ချိန်တွင် သူ့ဖန်လေး၏ သေးသွယ်ကာ နှင်းကဲ့သို့ဖြူဖွေးလှသည့် လက်မောင်းပေါ်၌ မြွေတစ်ကောင်ပတ်နေသကဲ့သို့ အနီရောင်အကြောင်းကြီးဖြစ်နေခဲ့သည်။
ဒဏ်ရာမှာမနက်သော်လည်း ရှည်လှပြီး ပိုင်ရှင်မှာ သွေးများကိုဆေးကြောထားပြီးပြီဖြစ်သောကြောင့် ဖြစ်နိုင်ပေမည် အနာဖေးတက်နေခြင်းမရှိသေးသလို သွေးထွက်နေခြင်းလည်းမရှိချေ။
" ထိုင်…" ပိုင်ရဲ့ ကုတင်ဘေးရှိခုံကို ညွှန်ပြကာ ပြောလိုက်သည်။
ချီရှင်းချန် ထပ်မံ၍ပူးကပ်ခံရသူတစ်ဦးကဲ့သို့ ထိုင်ချလိုက်ပြီး ပိုင်ရဲ့မှ ပိုးသတ်ဆေးနှင့် ပတ်တီးများထုတ်လာသည်ကိုသာ ကြည့်နေမိသည်။
သူဝိုးတဝါးမှတ်မိထားသည်မှာ ရိုက်ကူးရေးအဖွဲ့တွင် ဆေးပစ္စည်းများပြင်ဆင်ထားခြင်းမျိုး မရှိသည့်အတွက် ချီရှင်းချန် ဆေးအိတ်ကို တစ်ချက်စိုက်ကြည့်ကာ မေးလိုက်သည် " ဒါတွေဘယ်ကရလာတာလဲ…"
" အိမ်နီးနားခြင်းတစ်ယောက်ဆီက…"
" ဘယ်မိသားစု… နေဦး ဒါကဈေးဝယ်ဖြတ်ပိုင်းကြီးမဟုတ်ဘူးလား…"
"...." ပိုင်ရဲ့ စကားဆက်မပြောတော့ပေ။
ဝယ်တယ်ဆိုလည်း ဝယ်တယ်ပေါ့ ဘာတွေများ လိမ်နေရသေးလဲ… ချီရှင်းချန် ယခုအချိန်မှသာ ပိုင်ရဲ့ကိုယ်ပေါ်မှ အေးစက်နေသည့်အငွေ့အသက်များ၏ရင်းမြစ်ကို သိရှိသွားပြီး ဖြတ်ပိုင်းကို သူ၏အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။ ပိုင်ရဲ့ကို စေ့စေ့မကြည့်ရဲဘဲ သူ၏အကြည့်ကို ဟိုဟိုဒီဒီဝေ့ဝဲကာ အဆုံး၌ ချီရှင်းချန်၏အကြည့်မှာ ပိုင်ရဲ့ပတ်တီးစီးပေးနေသည့် သူ၏လက်မောင်းပေါ်သို့ ကျရောက်သွားသည်။
အချိန်တစ်ခုကြာအောင် ဂရုတစိုက်ကြည့်ပြီးသည့်နောက် ချီရှင်းချန် မယုံနိုင်စရာကောင်းသည့် တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့သည်။ မမျှော်လင့်ပါဘဲနှင့် ပိုင်ရဲ့မှာ ပတ်တီးမည်သို့စီးရမည်ကို မသိနေချေ။
ဒါကတကယ့်ကိုပဲ… အနုပညာလောကရဲ့ ထိပ်သီးကြယ်ပွင့်…ဝေ့ပေါ်မှာ Follower သန်းရှစ်ဆယ်ကျော်ရှိတဲ့ ဧကရာဇ်ပိုင်က ဒဏ်ရာကို ပတ်တီးဘယ်လိုစီးရမလဲမသိဘူးတဲ့…
ပတ်တီးကို သုံးထပ်နှစ်ခါမျှရစ်ပတ်ထားကာ သူ၏လက်မောင်းကို မံမီတစ်ကောင်ကဲ့သို့ စည်းနှောင်ပေးထားသည်။
ရယ်ချင်စိတ်ကို လွန်စွာချိုးနှိမ်နေရသဖြင့် ချီရှင်းချန်၏နှုတ်ခမ်းမျှကော့တက်သွားချိန်တွင် ပိုင်ရဲ့သည်လည်း တစ်စုံတစ်ခုကို အာရုံခံမိသွားသောကြောင့် ခေါင်းကိုငုံ့ကာ ပတ်တီးစီးပေးနေသည့်ကိုယ်ဟန်မှာ ဆက်လက်ထိန်းထားသော်လည်း သူ၏မျက်ခွံများမှာမူ လှုပ်ရှားနေခဲ့သည်။
ပိုင်ရဲ့ထံတွင် ပါးလျကာ မျက်လုံးထောင့်များကော့တက်သွားချိန်၌ ပျောက်ကွယ်သွားတတ်သည့် မျက်ခွံများရှိသည်။ အထူးသဖြင့် လူများကို လက်ရှိရှုထောင့်မှကြည့်လိုက်ပါက အပြစ်တင်ခြင်းကိုပင် သိမ်မွေ့သောခံစားချက်မျိုးဖြင့် ယူဆောင်လာပေးနိုင်သည်။
ချီရှင်းချန် ခေါင်းကိုအမြန်ငုံ့ကာ နားရွက်ထောင့်များကို ပွတ်သပ်လိုက်ရသည်။
ဤသို့ဖြင့် အဆုံးတွင် မံမီထုတ်လုပ်သူပိုင်ရဲ့ထံမှ သတိပေးနေသည့်အကြည့်များပြန်ဆုတ်သွားကာ အသေချည်နှောင်ထားသောပတ်တီးလိပ်ကြီးဖြင့် ယနေ့၏လုပ်ငန်းဆောင်တာများကို ကျေကျေနပ်နပ်အပြီးသတ်သွားခဲ့သည်။
ထိုမျှသာမက ပိုင်ရဲ့မှာ အပြီးသတ်မိန့်ခွန်းကိုပင် ပြောကြားပေးသွားလေသည် " အခုက ညအရမ်းနက်နေပြီဆိုတော့ ဆေးရုံမှာဘယ်ဆရာဝန်မှရှိတော့မှာမဟုတ်ဘူး… မနက်ခင်းကြမှ မနက်စောစော မေးခိုင်ကာကွယ်ဆေးသွားထိုးကြတာပေါ့…"
" မလိုပါဘူး ဒီအတိုင်းခြစ်မိသွားရုံလေးပဲဟာ…"
ပိုင်ရဲ့မှ ဟမ့်ခနဲအသံပြုလာခဲ့သည်။
ထို့ကြောင့် ချီရှင်းချန် ကပျာကယာ သူ၏အသံကိုပြင်ကာ " ကောင်းပါပြီ…" ဟုသာပြောလိုက်ရသည်။
ပိုင်ရဲ့ သူ၏လက်ကောက်ဝတ်မှနာရီကိုကြည့်လိုက်ချိန်တွင် ညတစ်နာရီထိုးနေပြီဖြစ်သည့်အတွက် ပစ္စည်းများကိုယူကာ ထွက်သွားရန်ပြင်လိုက်သည်။ သူတံခါးမှ မထွက်လိုက်ခင်လေးမှာပင် ခြေလှမ်းများကို ခေတ္တရပ်တန့်ကာ မေးလာခဲ့သည်
" မင်းရဲ့နားရွက်တွေက ဘာလို့အရမ်းနီနေတာလဲ… အဖျားရှိနေတာတော့ မဟုတ်ဘူးမလား…"
" မ.. မဟုတ်ပါဘူး… ကျွန်တော်က မွေးကတည်းက နားရွက်နီတာပါ… မျောက်တွေလိုပဲလေ…"
"....."
ထိုနေ့ညတွင် ချီရှင်းချန် လွန်စွာမှ စိတ်ပျက်လက်ပျက်ဖြင့် အိပ်ရာဝင်ခဲ့သည်။ သူ၏အိုင်ကျူမှာ မည်သည့်အတွက်ကြောင့် လိုင်းပေါ်မှဆင်းသွားပြီး သူ့ကိုယ်သူမျောက်တစ်ကောင်ဟု ခေါ်ဆိုလိုက်မိခြင်းကို နားမလည်နေခဲ့ပေ။
မနက်ခင်းအိပ်ရာနိုးချိန်၌ လျိုကျီယုတို့ကို စောင့်အိပ်ပေးရသည့်ကျန်းယွင်ဖေးမှာ မျက်လုံးအောက်ရှိ အနက်ရောင်စက်ဝိုင်းကြီးများဖြင့် ဧည့်ခန်းတွင်ဒါရိုက်တာနှင့်အတူရပ်လျက် ယူနီဖောင်းဝတ်ထားသည့်ရဲဝန်ထမ်းနှစ်ဦးဖြင့် စကားပြောဆိုနေခဲ့သည်။
" ရှင်းရှင်း ကွက်တိရောက်လာတာပဲ…" ကျန်းယွင်ဖေးမှ အင်္ဂလိပ်ဘာသာဖြင့်ပြောလိုက်သည် " အရာရှိကြီး ဒါကမနေ့ညတုန်းက ဓားပြကိုလက်ဗလာနဲ့တိုက်ခိုက်ပေးခဲ့တဲ့သူပါ…"
" ဝိုးးး…" ရဲအရာရှိဖြစ်သူမှာ အံ့ဩသွားဟန်ဖြင့် " မထင်ထားမိလောက်အောင် အသက်ငယ်တာပဲ… ဒီလောက်ခန့်ညားပြီး သတ္တိရှိလှတာ ဘယ်လိုတောင် လိမ္မာတဲ့ကလေးတစ်ယောက်လဲ…"
ချီရှင်းချန် ပြုံးကာ ကျေးဇူးတင်လိုက်ပြီးနောက် ရဲဝန်ထမ်းများနှင့်ပူးပေါင်း၍ ယမန်နေ့ညမှအဖြစ်အပျက်များကို ပြန်လည်ပြောဆိုလိုက်သည်။
ရဲအရာရှိများကို ပြန်ပို့ပြီးနောက် မနက်စာစားချိန်တွင် ဒါရိုက်တာကျောက်မှ ဧည့်သည်များကို တတွတ်တွတ်တောင်းပန်နေခဲ့သည်။ အထူးသဖြင့် ထိတ်လန့်ခဲ့ရသောလျိုကျီယုနှင့် ဒဏ်ရာရရှိခဲ့သည့်ချီရှင်းချန်တို့ကို အထူးတလည် အချိန်အတော်ကြာသည်အထိ နှစ်သိမ့်ပေးနေခဲ့သည်။
ပရိုဂရမ်အဖွဲ့၏ ချို့ယွင်းချက်ရှိသောလုံခြုံရေးအစီအစဉ်များကြောင့်သာ ဓားကိုင်ထားသည့်ဓားပြမှ ဖောက်ထွင်းဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်လေရာ အကယ်၍ ဤအပိုင်းကိုသာ ထုတ်လွှင့်ပြသမိပါက ပရိဂရမ်မှာ ပရိသတ်များ၏တံတွေးခွက်တွင် ပက်လက်မျောရပေလိမ့်မည်။ ထို့ကြောင့်ပင် တောင်းပန်နေခြင်းထက် ဒါရိုက်တာမှ ဧည့်သည်များကို ရိုက်ကူးရေးလုပ်နေစဉ်အတွင်း ထိုအကြောင်းကို ဖုံးကွယ်ထားရန် အရိပ်အမြွက်ပေးနေခြင်းဆို ပို၍မှန်ပေလိမ့်မည်။
ချီရှင်းချန်နှင့်လျိုကျီယုတို့မှာ သူတို့၏ခံစားချက်များကို ဖိနှိပ်ကာ နားလည်သယောင်သာ နေလိုက်ကြရသည်။ အကယ်၍ သူတို့သာထိုကိစ္စအပေါ် ဆက်လက်ဆုပ်ကိုင်နေမည်ဆိုပါက အကျိုးအမြတ်မရရှိရုံသာမက မိုင်မန့်တီဗီကို စော်ကားမိသည့်အတွက် အရှုံးပင် ထွက်သွားနိုင်သည်။
အောင်းစလုဗ်ရွာရှိ လုပ်ဆောင်ရန်ကျန်ရှိသောအရာအားလုံး အခြေကျပြီးနောက် အနီးအနားရှိ ရွာသုံးရွာသို့ သွားလည်သည့်ခရီးမှာ ပြီးဆုံးသွားပြီဖြစ်ကာ သူတို့၏နောက်ထပ်နေရာတစ်ခုသို့ ရွှေ့ပြောင်းရန်အချိန်မှာ ကျရောက်လာပြီဖြစ်သည်။
လူတိုင်းမှာ သူတို့၏လက်ဆွဲသေတ္တာများကို အပေါ်ထပ်မှ အောင်အောင်မြင်မြင်ဆွဲယူလာကြပြီး ချီရှင်းချန်မှာမူ အထုပ်အပိုးပို၍နည်းပါးသည့်အတွင် တစ်ဖက်မှ သူ၏အိတ်ကိုကိုင်ကာ အခြားတစ်ဖက်မှ လောချိုးမန်၏လက်ဆွဲသေတ္တာကို ကူသယ်ပေးနေခဲ့သည်။
လောချိုးမန်လည်း ပထမထပ်ရှိ လူများအားလုံးကို ရေတွက်လိုက်ပြီးသည့်နောက် " ထောင်ထောင်ပေါ်မလာသေးဘူးပဲ… သူအထုပ်ပြင်လို့ မပြီးသေးတာပဲလား…"
" မပြောတတ်ဘူးရယ်…" လျိုကျီယုမှ ပြန်ဖြေလိုက်သည် " သူတစ်ခုခုရှာမတွေ့ဘူးလို့တော့ ပြောနေတာပဲ…"
" ဒါဆို အစ်မသူ့ကိုသွားကူ…"
လောချိုးမန်၏ ကူညီရန်သွားမည့်စကားတစ်ဝက်မှာပင် ထောင်ထောင်မှ သေလုမတတ်ဖြူဖျော့နေသည့်မျက်နှာဖြင့် ထွက်လာကာ လောချိုးမန်၏စကားကိုကြားဖြတ်ပြောလိုက်သည်။
" အားလုံးကို တောင်းပန်ပါတယ်…. ကျွန်မတကယ်တောင်းပန်ပါတယ်…"
လောချိုးမန်မှ " ဘာဖြစ်တာလဲ…"
" ပိုက်ဆံတွေက…" မျက်ရည်စီးကြောင်းနှစ်ခုမှ သူမမျက်လုံးထဲမှ တသွင်သွင်စီးကျနေပြီး သူမ၏အသံမှာ တုန်ယင်နေကာ " ကျွန်မတို့ခရီးစရိတ်တွေ အားလုံးပါသွားပြီ…"
ယမန်နေ့ည ဓားပြထွက်ပြေးသွားချိန်တွင် ကုတင်ဘေးရှိတစ်စုံတစ်ခုကို ဆွဲယူထွက်ပြေးသွားခဲ့သည်။ မီးများမှောင်နေသည့်အပြင် ချီရှင်းချန်လည်း ဒဏ်ရာရသွားသည့်အတွက်ကြောင့် ဓားပြမှမည်သည့်အရာယူသွားသည်ကို သူစစ်ကြည့်ချိန်မရလိုက်ချေ။
ယခုအချိန်၌ သူတို့အားလုံးသိသွားကြပြီဖြစ်သည်။ ဓားပြယူသွားသည့်အရာမှာ ထောင်ထောင်ထိန်းသိမ်းရန် တာဝန်ရှိသည့် ခရီးစရိတ်ထည့်ထားသော ပိုက်ဆံအိတ်ဖြစ်လေသည်။
ခရီးစဥ်မှာ သုံးရက်ကျန်ရှိနေပြီး သူတို့ထံတွင် ခြူးတစ်ပြားမှ မကျန်တော့သည်ဖြစ်ရာ ဧည့်သည်အားလုံးအတွက် ရိုက်ချက်ပြင်းပြင်းဖြစ်သွားစေပြီး ထောင်ထောင်၏ တအိအိငိုနေသံမှလွဲ၍ အိမ်တစ်ခုလုံးတိတ်ဆိတ်သွားခဲ့သည်။
ချီရှင်းချန် မူလဇာတ်ကြောင်းအကြောင်း ပြန်လည်စဉ်းစားကြည့်ချိန်တွင် မူရင်းဝတ္ထု၌ အမှန်တကယ်ပင် ပိုက်ဆံများအခိုးယူခံလိုက်ရပြီးနောက် အဓိကဇာတ်လိုက်မှ နှစ်သိမ့်ပေးနေသောဇာတ်ကွက်တစ်ခု ပါဝင်နေသည်ကို သိလိုက်ရသည်။ သို့သော်လည်း မူရင်းဇာတ်ကြောင်းတွင် ဇာတ်လိုက်မမှာ အပြစ်တင်မခံခဲ့ရချေ။ အဓိကဇာတ်လိုက်က အပေါ်ထပ်သို့သွား၍ သူမကို နှစ်သိမ့်ပေးခဲ့လေသည်
" မငိုပါနဲ့ မင်းအပြစ်မှမဟုတ်တာပဲကို…"
" ကျွန်မတာဝန်ကို ကျေပွန်အောင်မလုပ်နိုင်ခဲ့ဘူး…ခရီးစရိတ်တွေကို အပြင်မှာ သတိလက်လွတ်မထားခဲ့သင့်တာ… လုံခြုံအောင်လို့ ကိုယ်နဲ့မကွာသိမ်းထားရမှာကို မလုပ်ခဲ့မိဘူး…"
" အစ်မလည်း ဓားပြဝင်လာမယ်ဆိုတာ ကြိုသိခဲ့တာမှ မဟုတ်တာ ဟုတ်တယ်မလား…."
ချီရှင်းချန် နူးညံ့စွာပြောလိုက်သည် " ပိုက်ဆံပျောက်သွားပေမယ့်လည်း ကျွန်တော်တို့ အခြားနည်းလမ်းကို စဉ်းစားကြည့်လို့ရပါသေးတယ်… ဒါပေမယ့် အစ်မသာနေမကောင်းဖြစ်သွားရင် ကျန်တဲ့သုံးရက်လုံးကို ဆေးရုံမှာပဲအချိန်ကုန်သွားရမှာပေါ့…ဒီလိုဆို မစ်ရှင်လည်း ကျရှုံးသွားလိမ့်မယ်…"
မစ်ရှင်ကျရှုံးမည့်စကားကြောင့် ထောင်ထောင် တဖြည်းဖြည်းချင်း အငိုတိတ်သွားခဲ့သည်။ လောချိုးမန်သည်လည်း သူမကိုအနည်းငယ်နှစ်သိမ့်ပေးလိုက်ပြီးသည့်နောက် လူတိုင်းမှာ သူမကို အပြစ်မတင်လာသဖြင့် ထောင်ထောင်အဆုံး၌ ပို၍သက်သာလာခဲ့သည်။
ခရီးစရိတ်များမရှိတော့သော်လည်း ပရိုဂရမ်မှာမူ ဆက်လက်ရိုက်ကူးရဦးမည်ဖြစ်သည်။ ရိုက်ကူးရေးအဖွဲ့မှာမူ ဤတစ်ကြိမ်တွင် ပို၍ပင် တက်ကြွလာကြပြီး ပျောက်ဆုံးသွားသောပိုက်ဆံများအတွက် " ငွေများဓားပြတိုက်ခံရသည် " အစား " ခါးပိုက်နှိုက်ခံရသည် " ဟူသောဇာတ်ကွက်ကို အတင်းအကြပ်ပြောင်းလဲကာ အောင်းစလုဗ်ရွာမှာ ခွန်အားအပြည့်နှင့် သာသာယာယာထွက်လာခဲ့ကြသည်။
ရွာစွန်သို့ရောက်ချိန်တွင် ချီရှင်းချန် သူ၏အိတ်ကပ်တွင်းမှ အကြွေအချို့ကို ထုတ်ယူကာ " ကျွန်တော့်မှာ ၂၀၀လောက်တော့ ကျန်သေးတယ်…မနေ့က ဟင်းသီးဟင်းရွက်တွေ သွားဝယ်တုန်းက ကျန်သေးတဲ့ပိုက်ဆံဆိုတော့ အိုဒန်စ်(Odense) သွားဖို့အထိတော့ လောက်လောက်ပါတယ်…"
အိုဒန်စ်မှာ အန်ဒါဆန်၏နေအိမ်မူလနေရာဖြစ်သည့်အပြင် ဒိန်းမတ်၏နာမည်ကျော်ကြားသောခရီးသွားနေရာများထဲမှာ တစ်ခုလည်းဖြစ်ပေရာ လောချိုးမန် အံ့ဩသွားခဲ့ပြီး " ရှင်းရှင်း မနေ့ညက မင်းပိုက်ဆံယူသွားတယ်မဟုတ်ဘူးလား… ဘယ်လိုလုပ်ပြီး တပြားမှမကုန်ဘဲ ပြန်ယူလာနိုင်တာလဲ.."
" ဒါက ပိုင်ရဲ့… ကောကြောင့်လေ…"
ပိုင်ရဲ့၏နာမည်ကိုပြောမည့်ဆဲဆဲတွင် သူ့ကိုရှင်းရှင်းဟု ခေါ်ထားသည့်အသံမှာ ရုတ်တရက်သူ၏စိတ်ထဲတွင် ပေါ်လာခဲ့သောကြောင့် ချီရှင်းချန် နားရွက်ထိပ်လေးများပင် ထူပူလာရကာ တုန်ယင်နေသည့်အသံဖြင့် အခေါ်အဝေါ်ကို ပြောင်းလဲလိုက်သည် " ပိုင်ရဲ့ကောက သူ့ရဲ့ဆွဲဆောင်မှုစကေးတွေကို ထုတ်ပြပြီးတော့ ဟင်းသီးဟင်းရွက်တစ်ခြင်းနဲ့လဲပေးခဲ့လို့ပါ…"
" သိပြီ သိပြီ … ဒါဆိုလည်း အိုဒန်စ်သွားဖို့ ဒီပိုက်ဆံကိုပဲ အရင်သုံးလိုက်ကြတာပေါ့…" ကျန်းယွင်ဖေးမှ ပြောလိုက်သည် " ငါတို့ဟိုကိုရောက်မှ ဆုံးဖြတ်ချက်ချဖို့ အချိန်ပေးတာပေါ့လေ…"
ထောင်ထောင် ခေါင်းငြိမ့်ကာ ဖုန်းကိုထုတ်၍ ကားခေါ်တော့မည့်ဆဲဆဲတွင် ပိုင်ရဲ့မှ သူတို့ကို တားလိုက်သည် " ခဏနေဦး…"
" ဘာဖြစ်လို့လဲ.."
ပိုင်ရဲ့မှ ချီရှင်းချန် ဘက်သို့လှည့်ကာ " မင်းလက်မောင်းကို အခုထိမေးခိုင်ကာကွယ်ဆေးမထိုးရသေးဘူးလေ…"
ဤအချိန်တစ်လျောက်လုံးတွင် ချီရှင်းချန်မှ သူ၏ဒဏ်ရာအကြောင်းကို မဖော်ပြခဲ့သည်ဖြစ်ရာ ယနေ့မနက်ပိုင်ရဲ့ပြောသည့်အချိန်မှသာ သူတို့အားလုံးသိခဲ့ကြရပြီး ဓားပြ၏ဓားမှာ မသန့်နေလောက်ပေဟု ထင်မိကြသည့်အတွက် ချီရှင်းချန် မေးခိုင်ကာကွယ်ဆေးထိုးရန် လိုအပ်နေခဲ့သည်။
အဆုံး၌ ခရီးစရိတ်မှာ ပျောက်ဆုံးသွားပြီး လူတိုင်းမှာ ထောင်ထောင်ကို ချော့ရင်းဖြင့် အလုပ်များနေကြသည့်အတွက် ထိုအဖြစ်အပျက်ကို မေ့လျော့သွားကြခြင်းဖြစ်လေသည်။
ယခုပိုင်ရဲ့ထုတ်ပြောလာသည့်အချိန်မှသာ ကျန်းယွင်ဖေး ချီရှင်းချန်၏ခေါင်းကို ပုတ်ပေးလိုက်ပြီး " ဟုတ်သားပဲ… ငါဒါကိုဘယ်လိုမေ့သွားပါလိမ့်…ရှင်းရှင်းကို အရင်ခေါ်သွားပြီး ဆေးထိုးပေးကြစို့…"
" ဆေးထိုးဖို့က…" ထောင်ထောင်မှာ အနည်းငယ်တုန့်ဆိုင်းနေဟန်ရှိသည်။
ကျန်းယွင်ဖေးလည်း သေသေချာချာမကြားလိုက်ရသဖြင့် " ထောင်ထောင် ဘာပြောလိုက်တာလဲ…"
ထောင်ထောင် အောက်နှုတ်ခမ်းကို ကိုက်လိုက်သော်လည်း ပြန်မဖြေခဲ့ချေ။
ချီရှင်းချန်မှာ ထောင်ထောင်ဆိုလိုချင်သည်ကို သိနေသည့်အတွက် သက်ပြင်းတစ်ချက်ချလိုက်သည်။ ကျန်ရှိသည့်ပိုက်ဆံမှာ ခရိုနာ၂၀၀မျှသာကျန်ရစ်ခဲ့လေရာ ထိုငွေကို ဆေးထိုးရန်သာ သုံးလိုက်ရပါက သူတို့လေပေါ်ပျံတက်၍ သွားလာရတော့မည်လား…
ထို့ကြောင့် ချီရှင်းချန် ဦးစွာပြောလိုက်သည် " ရပါတယ် ဒဏ်ရာကလည်းအနာဖေးတောင်တက်နေပြီပဲကို…ဆေးထိုးဖို့မလိုပါဘူး…"
" မဖြစ်နိုင်တာ…" ပိုင်ရဲ့ ခေါင်းကိုယမ်းကာ ပြောလိုက်သည်။
" ဆေးသွားထိုးရင် ခရီးစဉ်ကို နှောင့်နှေးစေမှာပေါ့… ဒီလိုဆို ဒီနေ့အတွင်း အိုဒန်စ်ကို မရောက်တော့ဘူးလေ…"
ပိုင်ရဲ့ ဘေးကိုတစ်ချက်စောင်း၍ ကြည့်လိုက်မိသည်။ သူ၏ဖန်ကလေးမှာ ကင်မရာရှေ့တွင် တစ်ဖက်သူကို ကာကွယ်ပေးဖို့အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် ပိုက်ဆံကုန်မည့်အစား အချိန်မီမရောက်နိုင်မည်ဟူသော အကြောင်းပြချက်ကို အသုံးပြုနေသည့်ပုံပင်။
သို့သော်လည်း ဤကိစ္စကို အဆုံးထိသွားရန်မှာမဖြစ်နိုင်ချေ။ မဟုတ်ပါက ပရိုဂရမ်ထုတ်လွှင့်ချိန်တွင် ပရိသတ်များကြား အငြင်းပွားမှုများကို ဖြစ်ပွားစေနိုင်သည့်အတွက် ပိုင်ရဲ့ ဒါရိုက်တာကို ဘေးသို့ခေါ်ထုတ်၍ စကားအနည်းငယ်ပြောလိုက်လေသည်။
ခဏအကြာ သူတို့နှစ်ဦးပြန်ရောက်လာပြီးနောက် ဒါရိုက်တာကျောက်မှ ချီရှင်းချန်ကို ဦးစွာပြောလာခဲ့သည် " ရှင်းရှင်း မင်းရဲ့ဒဏ်ရာက ငါတို့ရဲ့လုံခြုံရေးပေါ့လျော့မှုကြောင့် ဖြစ်ရတာဆိုတော့ ငါကပဲ ဆေးထိုးဖို့ မင်းကိုဆေးရုံခေါ်သွားပေးပါ့မယ်ကွာ… သွားရေးလာရေးစရိတ်တွေနဲ့ ကုန်ကျစရိတ်ကိုတော့ ရိုက်ကူးရေးအဖွဲ့က ထုတ်ပေးပါ့မယ်…"
ချီရှင်းချန် ပိုင်ရဲ့မှာ ဒါရိုက်တာနှင့်သွားရောက်ဆွေးနွေးသည်ကို သဘောပေါက်သွားသည့်အတွက် အမ်းဟူ၍သာ အသံပြုလိုက်သည်။
စကန်ဒီနေးဗီးယား၏ဆေးကုသမှုမှာ သူတို့နိုင်ငံကဲ့သို့မဟုတ်ဘဲ ဆေးထိုးရန်အတွက် ဆရာဝန်နှင့်ရက်ချိန်းယူသည်ကပင် မနက်တစ်ခင်းလုံးကို ကုန်ဆုံးသွားစေခဲ့သည်။ ဒါရိုက်တာကျောက်မှာမူ ရိုက်ကူးရန် အချိန်အကန့်အသတ်နှင့်သာ ကျန်ရစ်သည်ဖြစ်သည့်အတွက် သေချာပေါက်စောင့်လိုစိတ်မရှိသော်ငြား ပိုင်ရဲ့မှကိုယ်တိုင်ကိုယ်ကျတောင်းဆိုထားသည်ဖြစ်လေရာ သူတို့မလိုက်နာရဲဘဲ မနေနိုင်ချေ။
ယမန်နေ့ည ဆေးဝယ်ပေးထားမှုအတွက် သူ၏အတုအယောင်အိုင်ဒေါကို မျက်နှာသာအချို့ပေးရမည်ဖြစ်လေရာ ချီရှင်းချန် သူ၏လေးလေးနက်နက်ကျေးဇူးတင်ကြောင်းကို စကားများဖြင့်ဖော်ပြတတ်သူမျိုးမဟုတ်သောကြောင့် ခေါင်းငြိမ့်လျက်သာ အမူအယာများဖြင့် ဖော်ပြနေရသည်။
ပိုင်ရဲ့မှာမူ ယခင်အချိန်တိုင်းပင် ထူးမခြားနားသောအမူအယာဖြင့် လက်ပိုက်ကာ မေးငေါ့ပြလိုက်ပြီး ပြောလာခဲ့သည်
" မျောက်ကလေး ကားထဲဝင်တော့…"