အပိုင်း၁၈
Viewers 33k

Chapter 18




မေးခိုင်ကာကွယ်ဆေးထိုးပြီးနောက် အိုဒန်စ်သို့ရောက်ချိန်တွင် ညနေစောင်းနေဝင်နေပြီဖြစ်သည်။


အချိန်မှာ လူတိုင်းအလုပ်ဆင်းချိန်ဖြစ်နေသောကြောင့် တိုင်းတစ်ပါး၏ပျားပန်းခတ်မတတ် လှုပ်ရှားသွားလာနေသော‌လမ်းမပေါ်တွင် ကောင်းမွန်စွာဝတ်စားထားပြီး ကင်မရာပစ္စည်းများဖြင့် ရုပ်ရည်ချောမောသောတရုတ်လူမျိုးတစ်စုမှာ တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်နေကြသည်။


" ကျွန်မတို့ ဘာလုပ်ကြမလဲ…" လျိုကျီယုမှ မေးလာသည် " နေလုံးဝမဝင်သွားခင်အထိ လေးနာရီ ငါးနာရီလောက်ပဲလိုတော့တာဆိုတော့… ဒီနေ့ည ဘယ်သွားနေကြမှာလဲ…"


ယမန်နေ့ညမှ ထိတ်လန့်နေခြင်းကြောင့် ဖြစ်နိုင်ပေမည် ယနေ့တစ်နေ့လုံး လျိုကျီယုကောင်းစွာ စကားမပြောသေးချေ။ ဤသည်မှာ ပထမဆုံးအဖြစ် သူမသေသေချာချာစကားပြောလာခြင်းဖြစ်ပေသည်။


ကျန်းယွင်ဖေးမှာမူ ထောင်ထောင်၏လက်ထဲမှ နှစ်ဆယ်ကျော်မျှသာကျန်သည့်ခရိုနာကိုကြည့်၍ " ငါတို့ပိုက်ဆံရဖို့ နည်းလမ်းတချို့စဉ်းစားရမယ်ထင်တယ်… မဟုတ်ရင်တော့ ဘူတာရုံမှာအိပ်ရင်အိပ် မအိပ်ရင် လမ်းဘေးပလက်ဖောင်းမှာ အိပ်သွားရလိမ့်မယ်…"


လူတိုင်းမှာ သူ၏ဆိုလိုရင်းကို နားလည်နေကြသည်။


" ဒါဆိုရင် ပိုက်ဆံဘယ်လိုရှာကြမလဲ…"


" ကိုယ်ပိုင်ပစ္စည်းတွေရောင်းရင်ကော…" ချီရှင်းချန် ဒါရိုက်တာကျောက်ထံသို့ လက်ယမ်းပြလိုက်ပြီး " ဒါကခွင့်ပြုထားတယ်မလား…"


" ခွင့်ပြုပါတယ်…"


ဧည့်သည်တိုင်းမှာ စိတ်သက်သာရာရသွားသောကြောင့် သက်ပြင်းတစ်ချက်စီ ချလိုက်ကြသည်။ သူတို့သာ ပစ္စည်းတွေရောင်းနိုင်သည်ကို ကြိုသိခဲ့ပါက ယခုလောက်ထိ ခံစားနေရန် လိုမည်မဟုတ်ချေ။ အနုပညာလောကပိရမစ်၏ထိပ်သီးမှ ပုဂ္ဂိုလ်များအနေဖြင့် မည်သူ့ထံတွင် တန်ဖိုးကြီးပစ္စည်းမရှိဘဲ နေမည်နည်း…


" ဒါပေမယ့်…" ဒါရိုက်တာမှ ခဏမျှရပ်တန့်လိုက်ပြီးနောက် ဆက်ပြောလိုက်သည် " မင်းတို့ရဲ့ဖန်တွေကိုပဲ ရောင်းလို့ရမယ်…"


" သိနေသားပဲ…" လူအုပ်ကြီးမှာ မကျေမနပ်ဖြင့် ညည်းညူလိုက်ကြသည်


" ဒီခွေးပရိုဂရမ်က ဒီလောက်ရိုးရှင်းမှာမဟုတ်ဘူးဆိုတာ သိသားပဲ…"


ဒိန်းမတ်မှာ ယူအက်စ်နှင့်ယူကေတို့နှင့်မတူဘဲ ဒေသခံတရုတ်လူမျိုးအလွန်နည်းပါးသောနိုင်ငံတစ်ခုဖြစ်သည်။ ဧည့်သည်တိုင်းမှာ အမိမြေတွင် အတော်အတန်နာမည်ကျော်ကြားသောသူများဖြစ်ကြသော်လည်း လက်ရှိစကန်ဒီနေးဗီးယားထိတော့ သူတို့၏ကျော်ကြားမှုလက်တံရှည်နိုင်လိမ့်မည်မဟုတ်ပေ။ ဤသို့သောနေရာတွင် သူတို့၏ဖန်များကို မည်သို့သွား၍ရှာဖွေရမည်နည်း။


လူတိုင်း စိတ်ညစ်ညူးစွာ သက်ပြင်းချလိုက်ချိန်တွင် ကျန်းယွင်ဖေးမှာ တစ်စုံတစ်ရာကို သတိရသွားသဖြင့် သူ၏ခေါင်းကို ပိုင်ရဲ့ဘက်သို့ လှည့်လိုက်သည်။


ကျန်သည့်လူများသည်လည်း တစ်ပုံတည်းတုန့်ပြန်လိုက်ကြပြီး လူတိုင်းပိုင်ရဲ့ထံသို့ တပြိုက်တည်း လှည့်ကြည့်မိလိုက်ကြသည် " ပိုင်ရဲ့က အရင်တုန်းက ကမ္ဘာလှည့်ဖျော်ဖြေပွဲလုပ်ဖူးတယ်မလား…"


ပိုင်ရဲ့ : " အင်း…"


" ဒါဆိုရင် မင်းရဲ့ဖန်တွေဒီမှာရှိမယ်လို့ ဆိုလိုနိုင်တယ်မလား…" ကျန်းယွင်ဖေး လွန်စွာစိတ်မကောင်းဖြစ်ဟန်ဆောင်လိုက်ပြီး " ဒီကောကောက မင်းကိုမကူတာတော့မဟုတ်ပါဘူးကွာ…ငါလည်း တကယ်ကူချင်ပေမယ့် အရင်းအမြစ်တွေက မရှိနေဘူးလေ… မင်းကိုပဲ နည်းနည်းလောက်ဒုက္ခပေးရတော့မယ်…"


"...."


ပိုင်ရဲ့အတွေးနက်သွားခဲ့သည်။ သူ၏ပစ္စည်းများကို ရောင်းချရမည့်မပေါ် မည်သို့တုံ့ပြန်ရမည်ကို မသိနေသော်လည်း ဖြစ်နိုင်ပါက သူ၏ပစ္စည်းများကို ဖန်များထံမရောင်းချင်ပေ။ ပုံမှန်အားဖြင့် များစွာအရေးမကြီးလှသောပစ္စည်းများအတွက် သူ၏ဖန်များသာလိုချင်ပါက တိုက်ရိုက်ပေးပစ်လိုက်မည်ဖြစ်ပြီး ဖန်များထံမှ ခြူးတစ်ပြားပင် လက်ခံမည်မဟုတ်ချေ။


လူအုပ်ကြီးမှာ ပိုင်ရဲ့အား မျှော်လင့်တကြီး စိုက်ကြည့်နေကြသည်။ ပထမအချက်အနေဖြင့် အမှန်တကယ်ပင် သူတို့အိပ်ရန်အတွက် ဟိုတယ်ခလိုချင်နေကြပြီး ဒုတိယအချက်အနေဖြင့် ပရိုဂရမ်၏ညွှန်ကြား‌ချက်ကြောင့် သက်ရောက်ခံနေရသည်ဖြစ်ရာ အကယ်၍ပိုင်ရဲ့သာ တစ်စုံတစ်ရာကို ထုတ်ရောင်းမည်ဆိုပါက ၎င်းကို သေချာပေါက်ပင် ဈေးကောင်းကောင်းဖြင့် ရောင်းချနိုင်လိမ့်မည်ဖြစ်သောကြောင့်ပင်။


" ဒါမှမဟုတ်လဲ ကျွန်တော်တို့ တခြားနည်းလမ်းသုံးလို့ရတယ်လေ…" ချီရှင်းချန် သူ၏မျက်လုံးထောင့်မှ ပိုင်ရဲ့ကို ခိုးကြည့်ကာ အကဲခတ်လိုက်ပြီး " ဒီသူစိမ်းတွေအပြည့်နဲ့ လူပင်လယ်ကြီးထဲမှာ ဖန်တွေလိုက်ရှာဖို့ဆိုတာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသလိုပဲလေ ဟုတ်တယ်မလား…"


" အမှန်ပဲ ဖန်တွေလိုက်ရှာရမယ်ဆိုတာက တကယ့်ကို ဉာဏ်ရှိတဲ့နည်းလမ်းမဟုတ်သေးဘူး… ဒါပေမယ့် တခြားနည်းလမ်းကကော ဘာရှိနိုင်ဦးမလဲ…"


လောချိုးမန်မှာ အနည်းငယ်ခေါင်းကိုက်နေပြီဖြစ်သည်။


လမ်းမပေါ်တွင် ကင်မရာများဖြင့် အာရှသားလူတစ်စုမှာ စကားပြောဆိုနေကြသောကြောင့် ဒိန်းမတ်နိုင်ငံသားအချို့လည်း သွားရာမှရပ်၍ သူတို့၏လည်ပင်းများကိုဆန့်ကာ သိချင်စိတ်ဖြင့် စောင့်ကြည့်နေကြသည်။


နေရာတိုင်းမှ လူများစောင့်ကြည့်နေကြသည်ကို မြင်လိုက်ပြီးနောက် ချီရှင်းချန် သူတို့စုဝေးကာဆွေးနွေးနေရုံဖြင့် များစွာအသုံးဝင်မည်မဟုတ်ကြောင်းကို သိလိုက်သည်အတွက် ခဏမျှ စဉ်းစားလိုက်ပြီး " ယွင်ဖေးကော လက်ကျန်ပိုက်ဆံကို ကျွန်တော့်ကို ပေးလို့ရမလား ..."


လက်ကျန်ပိုက်ဆံမှာ ထမင်းတစ်နပ်စာဖြင့် မရှိသည့်အတွက် ဆက်သိမ်းထားနေပါကလည်း အသုံးဝင်မည်မဟုတ်ချေ။ ကျန်းယွင်ဖေး လက်ကိုယမ်းကာ ထောင်ထောင်ကို ပိုက်ဆံပေးရန် ပြောလိုက်သည်။


" ခဏလောက်စောင့်ပေးပါဦး ကျွန်တော်ချက်ချင်းပြန်လာပါ့မယ်…"


ချီရှင်းချန် ထောင်ထောင်ပေးလာသည့်ပိုက်ဆံကိုယူလိုက်ပြီးနောက် ဘေးဘီဝဲယာကို တစ်ချက်စူးစမ်းလိုက်ကာ အနောက်ဘက်တွင်ရှိနေသောဈေးဆိုင်ထဲသို့ ပြေးဝင်သွားလိုက်သည်။


လူတိုင်းမှာ သူ၏စကားအတိုင်း မူလနေရာတွင် စောင့်ကျန်ရစ်ခဲ့ကြသည်။ ဆယ်မိနစ်မျှ မကြာလိုက်သည့်အချိန်တွင် ချီရှင်းချန် ကြိုတင်ပြင်ဆင်လာသည့် ဈေးပေါသောထီးတစ်လက်နှင့်အတူ တစ်ချက်ကြည့်ရုံဖြင့်ပင် ဈေးချထားသောပစ္စည်းများဖြစ်သည့်ကြွေပန်းကန်ပြားခြောက်ချပ်ကို သူ၏လက်ထဲတွင်ကိုင်ကာ ပြန်လာခဲ့သည်။


ကျန်းယွင်ဖေးမနေနိုင်ဘဲ ရယ်မိသွားခဲ့သည် " ရှင်းရှင်း ဒါတွေနဲ့ ဘာလုပ်မလို့လဲ…"


" လူတိုင်းတစ်ယောက်တစ်ချပ်စီယူပြီး ပိုက်ဆံကူတောင်းခိုင်းမလို့လေ…"


ကျန်းယွင်ဖေး၏မျက်နှာပေါ်တွင် သူ့ကို ရိုက်သတ်ချင်နေသည့်အမူအယာတစ်ချက် ထွက်ပေါ်လာခဲ့သည်။


" စနေတာပါ…" ချီရှင်းချန် ပြုံးနေသည်ကို ရပ်တန့်လိုက်ပြီး တည်တည်တံ့တံ့ပြောလိုက်သည် " ကျွန်တော့်မှာ ပိုက်ဆံရှာဖို့အတွက်နည်းလမ်း‌ရှိပြီးသားပဲ… ကဲ အစ်ကိုတို့အစ်မတို့ ကျွန်တော့်ကို နေရာလေးကူရှင်းပေးကြပါဦး…"


လူအုပ်ကြီးမှာ သံသယဖြစ်သွားပြီး ထောင်ထောင်မှ စပ်စုကာ မေးလာခဲ့သည် " ရှင်းရှင်းက ဖျော်ဖြေပြပြီး ပိုက်ဆံရှာဖို့လုပ်နေတာလား…"


" ဒီလိုမျိုးပါပဲ…" ချီရှင်းချန် သူ၏ဂျာကင်ကိုချွတ်ကာ ကြွက်သားများကို စတင်၍ ဖြေလျော့လိုက်သည်။


" သီချင်းဆိုပြီး အကကမလို့လား… ဒါပေမယ့် မင်းကသရုပ်ဆောင်တဲ့စီက လာတာမဟုတ်ဘူးလား…"


ဤသည်မှာ လျိုကျီယု၏ပထမဆုံးအကြိမ်အဖြစ် သူ့အပေါ်လှောင်ပြောင်သည့်အသံသုံးမလာခြင်းဖြစ်လေသည်။ ချီရှင်းချန် မျက်ခုံးတစ်ဖက်ကိုပင့်လိုက်ပြီး ကြည့်ရှုသူများအတွက် ဆက်လက်ပူးပေါင်းပေးလိုက်သည်


" ‌ဒီအတိုင်းပဲ စောင့်ကြည့်ပေးကြပါဗျာ…"


လူတိုင်းတွင် သံသယအချို့ရှိနေကြသေးသော်လည်း သူတို့၏ခန္ဓာကိုယ်ဖြင့် အနည်းငယ်နေရာတစ်ခုဖန်တီးလိုက်ကာ ချီရှင်းချန်အတွက် လူသွားလမ်းတွင် မရှုပ်နေစေရန် စက်ဝိုင်းသဏ္ဍာန် ဝိုင်းပတ်လိုက်ကြသည်။


ပိုင်ရဲ့ ချီရှင်းချန်အကြောလျော့နေပုံကိုကြည့်ကာ သူ၏နှုတ်ခမ်းထောင့်မှ တစ်ချက်ကော့တက်သွားခဲ့သည်။


" ဒီက အမျိုးကောင်းသားသမီးတို့…"


ချီရှင်းချန် အကြောလျော့ပြီးနောက် လည်ချောင်းကို‌ရှင်း၍ ကြည့်ရှုနေသည့်ဒိန်းမတ်လူမျိုးများကို အရိုအသေပေးကာ အင်္ဂလိပ်ဘာသာဖြင့် ပြောလိုက်သည်


" အားလုံးပဲ မင်္ဂလာပါ… ကျွန်တော်တို့ကတော့ တရုတ်ကနေ ဒီလာလည်ကြတဲ့ခရီး‌သွားတွေဖြစ်ပြီးတော့ လမ်းမှာ ပိုက်ဆံအိတ်ကျပျောက်သွားခဲ့တဲ့အတွက် ကျွန်တော်ကနေပြီးတော့ တရုတ်ရိုးရာရှိုးနှစ်ခုကို ဖျော်ဖြေပြမှာပါ… လူကြီးမင်းတို့ သဘောကျနှစ်သက်တယ်ဆိုရင် ခရီးစရိတ်အဖြစ် ပိုက်ဆံအနည်းငယ်ထောက်ပံ့ပေးလို့ရနိုင်မလားခင်ဗျ…."


ညနေခင်းနေဝင်ရီတရောအချိန်၏ လိမ္မော်ရောင်ရောင်ခြည်မှာ ချီရှင်းချန်၏ ‌သွယ်လျသော်လည်း မာန်အပြည့်နှင့် ကိုယ်ပေါ်သို့ဖြာကျနေပြီး သူ၏နူးညံ့သောမျက်နှာသွင်ပြင်ကိုလည်း အထောက်အပံ့ပေးနေခဲ့သည်။ သူ၏မျက်လုံးအလယ်ဗဟိုရှိ အနက်ရောင်မျက်ဆန်ထဲတွင် နေမင်းငယ်တစ်ခုပုန်းကွယ်နေသကဲ့သို့ ပြင်းထန်စွာ အလျှံတညီးညီးဖြင့် တောက်လောင်နေခဲ့သည်။


အိုဒန်စ်တွင် အာရှတိုက်သားမျက်နှာများမှာ မြင်ရခဲလှပြီး ချီရှင်းချန်ကဲ့သို့ ငယ်ရွယ်ချောမောသူများမှာ ပို၍ပင် ရှားပါးလှပေရာ လမ်းသွားလမ်းလာများမှာ သွားနေရာမှရပ်၍ သူတို့၏ရှေ့တွင် ရပ်ကာအားပေးနေကြသည်


" အိုကေ အလှလေးရေ လုပ်လိုက်တော့…"


" ကျေးဇူးတင်ပါတယ်… ဒါဆိုရင် ဒါကတော့ ကျွန်တော့်ရဲ့စိတ်လှုပ်ရှားစွာနဲ့ ကြိုးစားမှုလေးပါ…"


ချီရှင်းချန် ဖိနပ်ကိုချွတ်ကာ ငုံ့ကိုင်းလိုက်ပြီး ညာ‌ဘက်ခြေထောက်ကိုထောင်ကာ ခြေ‌တစ်ဖက်ဖြင့်သာ ခြေဖျားထောက်၍ ခန္ဓာကိုယ်တစ်ခုလုံးကို ထောက်ပံ့စေလိုက်သည်။ ထို့နောက် ထီးကိုဖွင့်၍ ညာဘက်ခြေထောက်၏ခြေမဖြင့် ထီးလက်ကိုင်ကို ညှပ်ကိုင်လိုက်လေသည်။


သူဘာတွေလုပ်နေတာလဲ… ဝိုင်းကြည့်နေသည့်လူအုပ်ကြီးမှာ ကြောင်အသွားရသည်။ ထီး၏ထိပ်မှာ လွန်စွာသေးငယ်လှပြီး ထိုကောင်ကလေး၏ခြေဖျားထိပ်မှာလည်း သေးငယ်လှပေရာ သူလွှတ်လိုက်သည်နှင့် ထီးမှာပြုတ်မကျနိုင်ပေဘူးလား…


သို့သော်လည်း မကြာမီအချိန်မှာပင် အံ့ဩဖွယ်ရာအဖြစ်အပျက်မှာ ဖြစ်ပွားလာခဲ့သည်။ ချီရှင်းချန် ခြေထောက်ကိုဆန့်လိုက်သော်လည်း ထီးမှပြုတ်ကျမလာခဲ့ပေ။


ပြုတ်မကျလာရုံသာမက သူ၏ခြေထောက်မှအင်အားကို အသုံးပြု၍ ထီးကို အပေါ်မြှောက်တင်လိုက်ကာ ပျံတက်သွားစေလိုက်သည်။


ထို့နောက် ထီးမှာ လေထဲတွင် တစ်ပတ်လည်၍ ထီးထိပ်မှာ အောက်သို့ပြန်ကျလာပြီး ချီရှင်းချန်၏ခြေချောင်းပေါ်သို့ ပြန်ရောက်လာခဲ့သည်။


ယခုထိတိုင်အောင် ထီးမှာပြုတ်မကျသေးပေ။


ဒါကဘယ်လိုတောင် အံ့ဩဖို့ကောင်းတာလဲ… ဖြတ်သွားဖြတ်လာများမှာ မိန်းမောနေကြကာ ထို့နောက်ဖုန်းကိုထုတ်၍ ဓာတ်ပုံနှင့်ဗီဒီယိုများ တဖြတ်ဖြတ်ရိုက်လိုက်ကြသည်။


ဗီဒီယိုမှတစ်ဆင့် ထီးမှာ လူငယ်လေး၏ခြေချောင်းပေါ်မှ ပျံတက်သွားပြီး ထီးလက်ကိုင်ပင်ဖြစ်စေ ထီး၏ထိပ်ပိုင်းပင်ဖြစ်စေ မည်သည့်အရာမဆို ပြီးပြည့်စုံစွာ သက်ဆင်းလာသည်ကို မြင်ရပေမည်။ ခဏအကြာ၌ လူငယ်လေးမှာ သူ၏ခြေထောက်ကို မြှောက်၍ ခြေချောင်းနှစ်ခုကြားတွင် လှည့်ကွက်တစ်ခုကို ပြုလုပ်လိုက်သည်။ ထီးကိုမြှောက်တင်လိုက်ပြီးနောက် ပြန်ကျလာချိန်တွင် ထီးမျက်နှာပြင်ပေါ်ရှိရေးဆွဲထားသော ပန်းနုရောင်ပန်းပွင့်များမှာ ဖြာကျသွားသကဲ့သို့ ဖြစ်သွားပြီး ရိုမန့်တစ်ဆန်သောပန်းချီကားတစ်ချပ်ကို ရေးဆွဲထားသကဲ့သို့ ဖြစ်နေခဲ့သည်။


တစ်နိုင်ငံထဲမှလာခဲ့ကြသော ဧည့်သည်များသာမက ယခင်ကဆပ်ကပ်ကြည့်ခဲ့ဖူးသော ရိုက်ကူးရေးအဖွဲ့သားများသည်ပင် ဒိန်းမတ်လူမျိုးများကဲ့သို့ ကြောင်အမ်းကာ ကြည့်နေမိကြသည်။


ထိုအချိန်မှသာ ကင်မရာမန်းမှာ သူ၏အလုပ်ကိုသတိရမိသွားပြီး ချီရှင်းချန်၏ဖျော်ဖြေမှုဘက်သို့ ကင်မရာကို ထိုးချိန်လိုက်ပြီးနောက် တစ်ဖက်တွင်မူ ကြည့်ရှုနေသူများ၏တုံ့ပြန်မှုများကို အချိန်နှင့်အမျှရိုက်ယူလိုက်သည်။


ဖျော်ဖြေမှု၏အဆုံးတွင် ချီရှင်းချန် သူ၏အင်္ကျီပေါ်မှ ဖုန်များကိုခါချလိုက်ပြီးနောက် ပန်းကန်ပြားများကို သွားယူလိုက်သည်။


ပန်းကန်ပြားများကို ကြမ်းပြင်ပေါ်တွင်ချထားသည်ဖြစ်ရာ ချီရှင်းချန် ငုံ့ကာကောက်ယူလိုက်ချိန်တွင် မရည်ရွယ်ဘဲ အင်္ကျီအဟတွင် သူ၏သေးသွယ်သောခါးကို ဖော်ပြမိသွားသည်။


ချက်ချင်းဆိုသလိုပင် ချီရှင်းချန် အနောက်မှ သူ၏အင်္ကျီကို တစ်စုံတစ်ယောက်ကပြန်ဆွဲချပေးသည်အား ခံစားလိုက်ရပြီးနောက် ပန်းကန်များကိုယူကာ ခါးပြန်ဆန့်လိုက်သည်။


" ကျေးဇူးပါ ပိုင်ရဲ့ကော…" သူတီးတိုးပြောလိုက်သည်


" ဒါပေမယ့် ကျွန်တော်က မိန်းကလေးမှမဟုတ်တာ ပြသနာမရှိပါဘူး… လူတွေကြည့်နေလည်း ရပါတယ်…"


ပိုင်ရဲ့၏အကြည့်မှာ တစ်နေရာသို့ရောက်နေကာ ခေါင်းကိုယမ်းနေပြီး မည်သည့်စကားမှမပြောခဲ့ချေ။


ထို့ကြောင့် ချီရှင်းချန်လည်း ဆက်လက်၍ဂရုမထားနေတော့ဘဲ ပန်းကန်ပြားများကို အရှေ့မှအနောက်သို့လှည့်၍ ပရိသတ်ထံ ၎င်းတို့မှာကြွေပန်းကန်ပြားများဖြစ်ကြောင်း ပြသလိုက်သည်။


" အချစ်ရေ ပန်းကန်ပြားတွေယူပြီး ကိုယ့်ဆီပဲလာခဲ့စမ်းပါကွာ အိမ်ကအစားအသောက်တွေ အကုန်ထည့်ပေးလိုက်ပါ့မယ်…."


ဒိန်းမတ်လူမျိုး လူငယ်လေးတစ်‌ဦးမှာ ချီရှင်းချန် ပန်းကန်များကိုပြ၍ စားစရာတောင်းသည်ဟုထင်မိ‌သွားသောကြောင့် ကျယ်လောင်စွာ အော်ပြောလိုက်သည်။


" ကျေးဇူးပါ…" ထိုကောင်လေးကြောင့် ချီရှင်းချန် ပြုံးမိသွားရသည်


" ခဏလောက်တော့ စောင့်ပေးပါဦးနော်…"


ချီရှင်းချန်မှာ ပြုံးလိုက်ချိန်၌ ပို၍ပင် ကြည့်ကောင်းသွားသောကြောင့် ထီးဖြင့်ဖျော်ဖြေမှုကြောင့် ရှော့ရနေသည့်သူများမှာ သတိပြန်ဝင်လာကြပြီး တစ်ယောက်ပြီးတစ်ယောက် အိတ်များကိုဖွင့်၍ ထောင်ထောင့်ထံ ပိုက်ဆံများထုတ်ပေးလိုက်ကြသည်။


ထောင်ထောင် လျှာကိုကိုက်၍ ပိုက်ဆံများကိုလက်ခံလိုက်သည်။ ပထမတစ်ကြိမ်ဖြင့်ပင် သူတို့ခရိုနာ ၇၀၀ ၈၀၀ ရနေပြီဖြစ်သည်။


ထီးဖြင့်ဖျော်ဖြေမှုမှာ ပို၍အနုပညာဆန်သည့်အတွက် ၎င်းပြီးနောက်တွင် ချီရှင်းချန် စိတ်ဝင်စားစရာကောင်းမည့် ဆော့ကစားခြင်းမျိုးကို ပြသရန်ပြင်ဆင်လိုက်သည်။ ထို့ကြောင့် ပန်းကန်များကိုယူကာ အရှေ့တန်း၍ မိန်းကလေးတစ်ယောက်ထံသို့ ပေးလိုက်သည်။


" ဝိုးးးး " ထိုမိန်းကလေး၏ပါးစပ်မှာ အံ့ဩမှုကြောင့် ပွင့်ဟသွားပြီး ချောမောသည့်တရုတ်‌လူမျိုးလူငယ်လေးမှ သူမကိုလက်ဆောင်ပေးလာသည်ဟု ထင်မိသွားသဖြင့် လက်ခံရန် လက်ကိုဆန့်လိုက်ချိန်တွင်….


ချီရှင်းချန် ပန်းကန်ပြားကို လေပေါ်မြောက်တင်လိုက်သည်။


မိန်းကလေးငယ်နှင့် လူအုပ်ကြီးမှာ သတိလက်လွတ်ခေါင်းမော့ကာ ကြည့်လိုက်မိကြသည်။ ပထမအချပ်ကိုပစ်လိုက်ပြီးနောက် ဒုတိယတစ်ချပ်ကို လေပေါ်သို့ပစ်လိုက်သည်။ တတိယအချပ်ကို ပစ်ထုတ်လိုက်ချိန်တွင်မူ ပထမအချပ်ကို အချိန်မီပြန်လည်ဖမ်းယူလိုက်သည်။ ပရိသတ်များ၏ခေါင်းများမှာမူ အပေါ်တက်လိုက် အောက်ဆင်းလိုက်ဖြစ်ကုန်ကြလေသည်။


ပန်းကန်ပြားများဖြင့် ပစ်ပေါက်ကစားပြခြင်းမှာ ဆပ်ကပ်တွင် အခြေခံအကျဆုံးကျွမ်းကျင်မှုဖြစ်ပြီး လေပေါ်မြှောက်တင်သည်မှာ မြင့်လေလေ ပန်းကန်ပြားအချပ်ရေများလေလေ ခက်ခဲမှုမှာ မြင့်မားလေလေဖြစ်သည်။ ထိုမျှသာမက ၎င်းတို့မှာ မြှောက်တင်လိုက်သည့်ပစ္စည်း၏အလေးချိန်နှင့်လည်း သက်ဆိုင်နေပြီး ပစ္စည်းမှာ ပို‌၍လေးလေလေ စီးချက်ကျအောင်ထိန်းရန်မှာ ခက်ခဲလာလေလေလည်းဖြစ်သည်။


သို့သော်လည်း ချီရှင်းချန်မှာမူ ၎င်းကိုအရေးစိုက်ခြင်းမရှိချေ။ လွယ်လွယ်ကူကူပင် ပန်းကန်ပြားမှာကို လေးချပ်မှ ငါးချပ်အထိ တိုးမြင့်လိုက်ပြီး ‌ထို့နောက် ဆက်လက်တိုးသွားလိုက်သည်။


ပိုက်ဆံသည် ပန်းကန်ပြားခြောက်ချပ်ဝယ်ရန်သာ အကန့်အသတ်ဖြစ်နေခြင်းမှာ ဆိုးလှ၏။ မဟုတ်ပါက ကြည့်နေသူများ လည်ပင်းအကြောညပ်သွားသည်အထိကို သူမြောက်တင်ကစားပြနိုင်သေးသည်။


ပန်းကန်ပြားများဖြင့်ကစားပြပြီးသည့်နောက် ထောင်ထောင် နောက်ထပ်ပိုက်ဆံတစ်သုတ်ကို လက်ခံလိုက်ရပြန်သည်။


ဖျော်ဖြေမှုနှစ်ကြိမ်ဖြင့်ပင် ကြည့်ရှုနေသူများ၏အိတ်ကပ်များကို အပြောင်ရှင်းလုမတတ်ဖြစ်သွားခဲ့ရသဖြင့် ချီရှင်းချန် နူးညံ့စွာပြုံးလျက် ပြောလိုက်သည်


" လူတိုင်းရဲ့ထောက်ပံ့ပေးမှုအတွက် ကျေးဇူးတင်ပါတယ်…နောက်လာမဲ့တစ်ခုကတော့ ကျွန်တော့်ရဲ့လက်ဆောင်ဖြစ်ပြီး ပိုက်ဆံပေးစရာမလိုပါဘူး…"


ဤသို့ပြော၍ သူယခင်ကကဲ့သို့ လှဲချလိုက်သည်။


ထို့နောက် ခြေတစ်ဖက်ဖြင့် ထီးကိုမြှောက်တင်လိုက်ကာ လက်များမှ ပန်းကန်ပြားများကို ကစားပြလိုက်သည်။


" ဝိုးးးးးးး " ဒါရိုက်တာကျောက်မှာမူ ဆက်၍ထိန်းမထားနိုင်တော့ချေ


" ဒီကောင်လေးက ထီးကိုလေပေါ်ပင့်တင်ပြတာနဲ့ပန်းကန်ပြားတွေကို မြှောက်ကစားပြတာအပြင် နှစ်ခုလုံးကို တစ်ချိန်တည်းမှာပဲ လုပ်ပြနိုင်သေးတယ်လား…"


" ဟားဟားဟားဟား…" လက်ထောက်ဒါရိုက်တာသည်လည်း ရယ်လိုက်ပြီး " လောင်ကျောက်ရေ ဒီကလေးကတော့ တကယ့်ကိုရတနာပဲ…မနက်ဖြန်ကြရင် ဒီဗီဒီယိုကလည်း ပေါက်ဦးမှာပဲဆိုတာ မင်းယုံတယ်မလား…"


နောက်ဆုံးဖျော်ဖြေမှုအတွက် ပိုက်ဆံပေးရန်မလိုကြောင်း ချီရှင်းချန်ပြောထားခဲ့သော်လည်း အချို့သောသူများမှာမူ ရက်ရောစွာပေးနေကြဆဲပင်။


ထိုစဉ် ဆံပင်အနက်ရောင်ရှိသည့်မိန်းကလေးတစ်ယောက်မှ သူတို့အားပိုက်ဆံအထပ်လိုက်ပေးကာ ချီရှင်းချန်နှင့်အတူ ဓာတ်ပုံတွဲရိုက်ရန် တောင်းဆိုလာခဲ့သည်။ ချီရှင်းချန်မှ သဘောကောင်းစွာဖြင့် ဓာတ်ပုံအတူရိုက်တော့မည်အချိန်တွင် ကောင်မလေးထံမှ ရုတ်တရက်မျက်ရည်များကျဆင်းလာသည်။


" ဘာဖြစ်တာလဲ…" ချီရှင်းချန် ဖုန်းကိုဘေးသို့ဖယ်လိုက်ပြီး " တစ်ခုခုများနေလို့မကောင်းလို့လား…"


" မ မဟုတ်ပါဘူး…" ထိုမိန်းကလေးမှ မပီကလာပီကလာ တရုတ်စကားသံဖြင့် ပြောလာသည် " ကျွန်မအမေက တရုတ်ကဆိုပေမယ့် ကျွန်မမွေးကတည်းက ဒိန်းမတ်ကိုပြောင်းလာခဲ့ရတာ… ငယ်ငယ်တုန်းကဆို အမေကအမြဲပြောပြတယ်… ကျွန်မတို့ရဲ့အမိမြေက အရမ်းစိတ်ဝင်စားဖို့ကောင်းပြီး ဆန်းကြယ်တဲ့အရာတွေနဲ့ တကယ်ကိုကြီးမြတ်တယ်တဲ့…ကျွန်မအခုချိန်ထိ အမိမြေကိုပြန်နိုင်ဖို့ ကြိုးစားနေခဲ့ပေမဲ့ အခွင့်အရေးမ‌ရနိုင်သေးဘူး… ကျေးဇူးတင်ပါတယ်နော်…အဝေးရောက်တရုတ်လူမျိုးတွေ ကိုယ့်နိုင်ငံရဲ့ရိုးရာကို နည်းနည်းလေးဖြစ်ဖြစ် ထိတွေ့နိုင်ဖို့အတွက် တရုတ်ပြည်ရဲ့ယဉ်ကျေးမှုတွေကို ဒီကိုယူလာ‌ပြပေးလို့ တကယ်ကျေးဇူးတင်ပါတယ်… ပြီးတော့ ဒိန်းမတ်ကိုယူလာပေးလို့လည်းကျေးဇူးတင်ပါတယ်… ရှင်တို့ကြောင့် ဒီကလူတွေက အရှေ့တိုင်းမှာ ဒီလိုလျို့ဝှက်ဆန်းကြယ်ပြီး အံ့ဩဖို့ကောင်းတဲ့နိုင်ငံ‌ရှိသေးတယ်ဆိုတာ သိသွားကြရတာပါ…"


သူမ၏အသံမှာ ဒိန်းမတ်စကားသံအလွန်ပီနေပြီး ကစဉ့်ကလျားဖြစ်နေခဲ့သည်။ ပို၍ဆိုးသည်မှာ စာရေးထားသကဲ့သို့ ဖြစ်နေသည့်အတွက် လူတိုင်းမှာနားလည်နိုင်ရန် အချိန်အတော်ကြာယူလိုက်ကြရသည်။


ချီရှင်းချန် သူ၏လမ်းပေါ်မှဆပ်ကပ်ကို ယဉ်ကျေးမှုပျံ့နှံစေခြင်းဟု ဖော်ပြလိုက်ရသည့်အတွက် အနည်းငယ်ရှက်ရွံ့သွားပြီး ချက်ချင်းဆိုသလိုသူ၏နှာခေါင်းထိပ်တွင် ချဉ်သွားရသည်။


ဆယ်စုနှစ်တစ်ခုကြာ အမိမြေမှထွက်ခွာလာရခြင်းကြောင့် သူမအတွက် ဤနေရာတွင် အမြစ်ရှာမတွေ့သည့်ဘဲစာပင်ကဲ့သို့ ဖြစ်နေမည်ဖြစ်ကာ သူမမည်မျှပင်အိမ်နှင့်နိုင်ငံကို လွမ်းဆွတ်နေမည်ကို မှန်းဆနိုင်သည်။


ထို့ကြောင့် ချီရှင်းချန် အိတ်ထဲမှ စာရွက်နှင့်ဘောပင်ယူကာ သူ၏လိပ်စာနှင့်ဖုန်းနံပါတ်ကို ချရေးပေးလိုက်ပြီး " တကယ်လို့ တစ်ချိန်ချိန်ကြ တရုတ်ကိုလာလည်နိုင်မယ်ဆိုရင် ကျွန်တော့်စီဆက်သွယ်လိုက်လို့ရပါတယ်… ကျွန်တော်တို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့တောတောင်နဲ့မြစ်ပြင်တွေကြည့်ဖို့အတွက် မင်းကိုခေါ်သွားပေးပါ့မယ်…"


" တကယ်လားဟင်…" မိန်းကလေးငယ်မှာ ပို၍ပင်သည်းထန်စွာ ငိုကြွေးလာသည် " ရှင်ကအရမ်းကြင်နာတတ်တာပဲ… ကျွန်မတို့စီကိုလည်း မကြာခဏလာလည်ဖို့အတွက် ဖိတ်ခေါ်ပါတယ်နော်…"


ချီရှင်းချန် တောက်ပစွာပြုံးလျက် " ကောင်းပါပြီ…" ဟုပြောလိုက်လေသည်။