Chapter 19
ချီရှင်းချန် ထိုမိန်းကလေးကိုရှာဖွေနိုင်ရန်အတွက် သူမ၏ Facebook ကို ချန်ထားပေးခဲ့သည်။ ကျန်းယွင်ဖေးလည်း တစ်ချက်လှမ်းကြည့်ချိန်တွင် အံ့ဩမှုကြောင့် ဆွံ့အသွားခဲ့ရသည်။ ထိုတရုတ်လူမျိုးမိန်းကလေးမှာ အမှန်တကယ်ပင် ဖန်သုံးသန်းရှိသည့်ဘလော့ဂါတစ်ယောက် ဖြစ်နေခဲ့သည်ပင်။
တရုတ်လူမျိုးမိန်းကလေးပြန်သွားပြီးနောက် ဧည့်သည်အုပ်စုမှာ ပျော်ရွှင်မှုများကို ထိန်းမရနိုင်ဖြစ်နေကြသော်လည်း သူတို့၏တည်ငြိမ်မှုများကိုညှစ်ထုတ်ကာ ကြည့်ရှုနေသည့်ပရိသတ်များကို နှုတ်ဆက်လိုက်ကြသည်။ ပရိသတ်များထံမှ လုံးလုံးလျားလျားထွက်လာနိုင်ပြီးနောက် ချက်ချင်းဆိုသလိုပင် ခေါင်းခြောက်ခေါင်းမှာ ပူးကပ်သွားခဲ့သည်။
" ထောင်ထောင် မြန်မြန်ရေကြည့်…" ကျန်းယွင်ဖေးမှ တက်ကြွစွာပြောလိုက်သည် " အဲဒီမှာ ပိုက်ဆံဘယ်လောက်ရလိုက်လဲ…"
" ကြည့်ရအောင် ၁၀၀ ၂၀၀ ၃၀၀… " ရေတွက်လေလေ ထောင်ထောင်၏အသံမှာ မြင့်လာလေလေဖြစ်နေခဲ့သည် " ၃၂၀၀တောင် ကျွန်မတို့ ၃၂၀၀တောင်ရခဲ့တာ…"
လောချိုးမန် ပိုက်ဆံမည်မျှရှိသည်ကို ကြားလိုက်ရချိန်တွင် သူမ၏မျက်လုံးများမှာ ဝိုင်းစက်သွားခဲ့သည်
" ဘုရားရေ တကယ်ကြီးဒီလောက်ရခဲ့တာလား…ဒါကငါတို့ခရီးစရိတ်ရဲ့ တဝက်စာလောက်တောင်ရှိတာလေ…"
" အမှန်ပဲ…" လျိုကျီယုလည်း သံယောင်လိုက်ကာ ပြောလိုက်သည် " ရှင်းရှင်း နင်ကတော့ တကယ့်ကိုငါတို့အတွက် ကောင်းချီးလေးပဲ…"
ချီရှင်းချန် သူ၏လက်ကိုအနောက်သို့ပစ်ကာ နှစ်ချက်ခန့် ဆိတ်ကြည့်လိုက်ပြီး ၎င်းမှာ လွန်စွာထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။
လျိုကျီယု၏ပုံစံနှင့်ဆိုပါက ထိုစကားမှာ အလိမ်အညာတစ်ခုဟုမှတ်ယူနိုင်မည်ဖြစ်သော်လည်း လက်ရှိသူမ၏အသံမှာ အမှန်တကယ်ပင် သူ့ကိုကောင်းချီးတစ်ခုဟု မှတ်ယူထားသကဲ့သို့ ပုံမှန်ဖြစ်နေခဲ့သည်။
ချီရှင်းချန် အသင်းဖော်များထံမှ ချီးကျူးခံရခြင်းမျိုးကို အသားမကျနေခြင်းကြောင့် အလျင်အမြန်စကားစကို ဖြတ်လိုက်ရသည် " နေဖို့နေရာပဲ အရင်သွားရှာကြတာပေါ့… ခဏနေကြရင်လည်း မှောင်လာတော့မှာပဲဟာ…"
" ဒါပေါ့ အမှန်ပဲ အမှန်ပဲ…" လူတိုင်းလည်း ပြန်ဖြေလိုက်ကြပြီး ဖုန်းကိုထုတ်ကာ ဟိုတယ်ရှာလိုက်ကြသည်။
ချီရှင်းချန်လည်း အများနှင့်အတူ လိုက်ရှာလိုက်သည်။ ထိုစဉ် သူ၏နောက်ကျောတွင် တစ်စုံတစ်ယောက်မှ စိုက်ကြည့်နေသည့် အလွန်ဖျော့တော့သောခံစားချက်မျိုးကို ရရှိလိုက်လေသည်။
.......
အိုဒန်စ်၏အခန်းငှားခများမှာ ကိုပင်ဟေဂင်ထက် အနည်းငယ်သက်သာလေသည်။ သူတို့ထံတွင်လက်ရှိရှိနေသည့်ပိုက်ဆံများဖြင့် ဧည့်သည်များမှာ အဆုံးတွင် လမ်းဘေးတွင်အိပ်ရမည့်သနားစဖွယ်ကံကြမ္မာမှ လွတ်မြောက်သွားနိုင်ပြီဖြစ်ကာ မိန်းကလေးသီးသန့် ယောင်္ကျားလေးသီးသန့်နေရန်အတွက် အခန်းကျယ်နှစ်ခန်းယူလိုက်ကြသည်။
ရက်ပေါင်းများစွာ အတူရှိခဲ့ကြပြီးဖြစ်သဖြင့် လူတိုင်းမှာ အချင်းချင်းရင်းနှီးနေကြပြီဖြစ်သည်။ ချီရှင်းချန် အခန်းတွင်းသို့ ဝင်လိုက်သည်နှင့် ချက်ချင်းဆိုသလို ရေချိုးခန်းရှိရာသို့ အပြေးသွားလိုက်ပြီး တံခါးဝတွင်ပိတ်ရပ်ကာ ပြောလိုက်သည်
" အစ်ကိုတို့ ကျွန်တော်အရင်ချိုးလိုက်မယ်နော်…"
" ဒါပေါ့ ဒါပေါ့ …" ကျန်းယွင်ဖေးမှာမူ စိတ်ထဲမထားချေ " ဒါပေမယ့် မြန်မြန်တော့လုပ်နော်…ကားထဲတစ်နေကုန်ကြပ်ညပ်ပြီး ဖိသိပ်ခံထားရတော့ ငါ့တစ်ကိုယ်လုံးလဲ တော်တော်အနံ့ထွက်နေလောက်ပြီ…"
" သိပါပြီ…" ချီရှင်းချန် အထဲမှနေ၍ လှမ်းအော်လိုက်သည်။
ကံကောင်းစွာဖြင့် ဝင်လိုက်သည်နှင့်အခန်းဝတွင် မှန်တစ်ချပ်ရှိပြီး သူ၏အင်္ကျီကိုချွတ်ကာ မှန်ထဲတွင် တစ်ချက်ကြည့်လိုက်သည်။
မှန်ထဲတွင် သူ၏နောက်ကျော၌ ခရမ်းရောင်ဖြစ်နေပြီဖြစ်သည့်အညိုမဲကွက်များ လေးငါးဆယ်ကွက်ခန့်ကို မြင်လိုက်ရပြီး ၎င်းတို့မှာ အစောပိုင်းကြမ်းပေါ်တွင် ဖျော်ဖြေစဉ်အခါက လမ်းခင်းကျောက်များကြောင့် ရခဲ့ခြင်းဖြစ်ပေမည်။
ခန္ဓာကိုယ်ကိုငြိမ်ငြိမ်ထားနိုင်ရန်အတွက် သူ၏အာရုံအလုံးစုံကို ထီးကိုမြောက်တင်ရာတွင်သာ စုစည်းထားခဲ့သဖြင့် ပိုက်ဆံစတင်မရေတွက်ခင်အထိ ချီရှင်းချန်နာကျင်မှုကို မခံစားမိသေးပေ။ ကြမ်းပေါ်တွင် အချိန်အတော်ကြာလှဲနေခဲ့ရပြီး လမ်းခင်းကျောက်များဖြင့် အလွန်ဖိထားခံခဲ့ရသောကြောင့် ၎င်းဒဏ်ရာများမှာ လွန်စွာမနာကျင်စေကာမူ အိပ်သည့်အချိန်၌ သူသက်တောင့်သက်သာဖြစ်နေမည်မဟုတ်ချေ။
ချီရှင်းချန် ရေပန်းအောက်သို့သာ အမြန်ပြေးဝင်သွားပြီး ရေခပ်မြန်မြန်ချိုးလိုက်သည်။ သူ၏ဘောင်းဘီများကို လဲလှယ်ပြီးနောက် လက်မောင်းကို အနောက်သို့ဆန့်၍ အညိုမဲစွဲနေသည့်နေရာများကို နှိပ်နယ်ရန် ပြင်လိုက်လေသည်။
" ဒေါက် ဒေါက် ဒေါက်…" ရုတ်တရက် တံခါးခေါက်သံတစ်ချက်ထွက်ပေါ်လာသည်။
" ယွင်ဖေးကောလား …. ခဏလေးနော် ကျွန်တော်ပြီးဖို့နည်းနည်းလိုသေးလို့…"
" မဟုတ်ဘူး…" သံလိုက်ကဲ့သို့ ယောင်္ကျားလေးအသံနိမ့်နိမ့်တစ်ခုထွက်ပေါ်လာသည်
" ငါပါ… ပိုင်ရဲ့…"
အဓိကဇာတ်လိုက်လား… သူကဘာလိုချင်ရတာလဲ…ဟိုတယ်ရေချိုးခန်းတွေက အစိုပိုင်းနေရာနဲ့အခြောက်ပိုင်းနေရာတွေကို ခွဲခြားထားတာပဲကို အိမ်သာသွားချင်တယ်ဆို အပြင်မှသွားလို့ရတာပဲကို… သူသာ မျက်နှာသစ်ဖို့ အလျင်မလိုနေဘူးဆိုရင်ပေါ့…
" ခဏလောက်စောင့်ပါဦး…ကျွန်တော် မပြီးသေးလို့ပါ…"
အသံမှတစ်ဆင့် ပိုင်ရဲ့ ချီရှင်းချန် ရေချိုးပြီးသွားသောကြောင့် အင်္ကျီများဝတ်ပြီးပြီဟု ခန့်မှန်းမိသည့်အတွက် ကွေ့ပတ်မနေဘဲ တိုက်ရိုက်ပြောချလိုက်သည်
" ဝင်လာပြီနော်…"
ပြောပြီးပြီးချင်းပင် တံခါးလက်ကိုင်ဘုမှ လှည့်ဖွင့်လိုက်သည့်သတ္တု၏အသံမြည်လာခဲ့သည်။ ၎င်းအသံနှင့်အတူ ချီရှင်းချန်၏အာရုံကြောများသည်လည်း တွန့်လိမ့်သွားရကာ ချက်ချင်းဆိုသလိုပင် သူ၏ဂျာကင်ကိုပြေးယူ၍ ရင်ဘတ်ကို ဖုံးကွယ်လိုက်ရသည်။
အခန်းတွင်းဝင်လာသည့်ပိုင်ရဲ့ : "...."
ရေချိုးခန်း၏ အေးစက်စက်အဖြူရောင်မီးရောင်အောက်တွင် ကောင်ငယ်လေး၏နှင်းဖြူရောင်အသားအရေမှာ ဖောက်ထွင်းမြင်ရမတတ်ဖြစ်နေပြီး သူ၏သွယ်လျသောမေးရိုးမှာ ကျက်သရေရှိစွာ ထင်းထွက်နေကာ ရေစိုနေသည့်ခပ်သွယ်သွယ်လည်ပင်းအောက်တွင် သူ၏ညှပ်ရိုးများကို သိသိသာသာမြင်နေရသည်။
ပေါ်ထွက်နေသည့်လက်မောင်းများမှာ အလွန်သွယ်လျနေသော်လည်း ထင်းချောင်းများကဲ့သို့ ကို့ရို့ကားယားနိုင်စွာ ပိန်ပါးနေခြင်းမျိုးမဟုတ်ချေ။ လက်မောင်းကြွက်သားများမှာ ချောမွေ့စွာ ထွက်ပေါ်နေကာ လေ့ကျင့်ခန်းပုံမှန်လုပ်ခဲ့ခြင်းကို သိသိသာသာဖော်ပြနေသည်။
သူ့ကိုမြင်လိုက်သည့်အချိန်၌ ကောင်ငယ်လေး၏ပါးပြင်ပေါ်တွင် ရှက်သွေးဖြာသွားခဲ့ပြီး လည်ပင်းအထိတိုင်အောင် တဖြည်းဖြည်းနီမြန်းလာခဲ့သည်။
" အစ်ကို ဘာပဲလုပ်လုပ် မြန်မြန်လုပ်ပေးပါနော်…" ချီရှင်းချန် အနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး " ကျွန်တော်အခုထိ ဆံပင်အခြောက်မခံရသေးလို့ပါ…"
ပိုင်ရဲ့ မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီး " မင်းပဲတခြားသူမြင်မှာကို အရေးမစိုက်ဘူးမဟုတ်လား…"
ပိုင်ရဲ့ သူ့ကိုကူညီပြီး အင်္ကျီဆွဲချပေးခဲ့စဉ်က " ယောင်္ကျားလေးဖြစ်သည့်အတွက် တခြားသူမြင်လည်း ပြသနာမဟုတ်ပါ …" ဟုပြောခဲ့မိသည်။ သူအမှန်တကယ်ပင် မမျှော်လင့်ခဲ့သည်မှာ ပိုင်ရဲ့သည် ၎င်းကိုယခုထိ အညှိုးအတေးထားလိမ့်မည်ကိုပင်။ ချီရှင်းချန် အံသာတင်းတင်းကြိတ်ထားလိုက်ရသည်။
အတင်းအကြပ်ဖိအားပေးကာ အညံ့ခံခိုင်းလိုက်သည့်အတွက် ပိုင်ရဲ့၏နှုတ်ခမ်းပေါ်မှအပြုံးမှာ ကြီးမားလာပြီးနောက် အဆုံးတွင် သူထိုကောင်ငယ်လေးကို လွှတ်ပေးလိုက်သည်
" မင်းရဲ့နောက်ကျောဒဏ်ရာက ပြင်းထန်လား…"
".... ဘယ်လိုသိတာလဲ.."
" ဒါကအရေးမကြီးပါဘူး…" ပိုင်ရဲ့ လက်ပိုက်ထားရာမှာ ဖြေချလိုက်ပြီး သူ၏လက်ထဲမှ ဆေးပုလင်းလေးကို လှုပ်ယမ်းပြလိုက်ကာ " အရေးကြီးတာက မင်းဘာသာဆေးလိမ်းလို့မရဘူးဆိုတာပဲ…"
ချီရှင်းချန် တစ်ချက်ကြည့်လိုက်ချိန်တွင် ထိုပုလင်းလေးကို မြင်ဖူးသလိုလိုဖြစ်နေသည်။ ဖြစ်နိုင်သည်မှာ ယမန်နေ့ည ပိုင်ရဲ့ဆေးများဝယ်လာပေးစဉ်က ပါလာခြင်းဖြစ်နိုင်ပေမည်။ ထိုညတွင် ပိုင်ရဲ့မှာ ချီရှင်းချန် မည်သို့ ထိခိုက်ခဲ့မည်ကိုမသိနေသည့်အတွက် ထိခိုက်ရှနာအတွက်ရော ဒဏ်ကြေလိမ်းဆေးပါ နှစ်မျိုးစလုံးဝယ်လာပေးခဲ့ခြင်းဖြစ်လေသည်။
" လှည့်လိုက်… ငါမင်းကို လိမ်းပေးမယ်…"
ချီရှင်းချန်၏နားရွက်များမှာ မီးပွင့်လုမတတ်ပူလောင်လာခဲ့သည် " ကျေးဇူးတင်ပါတယ်… ဒါပေမယ့် မလိုပါဘူး ကျွန်တော့်ဘာသာပဲ လိမ်းလိုက်လို့ရပါတယ်…"
" ယွင်ဖေးကော ရေချိုးမှာကို မနှောင့်နှေးစေချင်ဘူးမလား…."
ချီရှင်းချန် : " အမ်းးးး "
" ဒါဆိုရင် ပြောတဲ့အတိုင်းသာ လုပ်ပါ…"
ချီရှင်းချန် ပိတ်မိသွားခဲ့သည်။ သို့သော်လည်း အမှန်တကယ်ပင် သူတို့နှစ်ယောက်လုံး ဤနေရာတွင် အချိန်ကြာကြာနေခြင်းမှာ ကောင်းကျိုးမရှိပေ။ ထို့အတူ ပိုင်ရဲ့ပြောသည်မှာလည်း မမှားပေ။ သူ၏ဒဏ်ရာမှာ နောက်ကျောတွင်ရှိသည်ဖြစ်ရာ ချီရှင်းချန် သူ့ဘာသာဆေးလိမ်းပြီး နှိပ်နယ်နိုင်မည်မဟုတ်ချေ။
ထို့ကြောင့် ချီရှင်းချန် အဝတ်များကို လက်တစ်ဖက်ဖြင့်ကာ ဘေစင်ပေါ်တွင်လက်ထောက်၍ ဟိုဟိုဒီဒီသာလျောက်ကြည့်နေလိုက်ရသည်။
ပိုင်ရဲ့မှာ တိုက်ပွဲတွင်အောင်နိုင်သွားပြီဖြစ်သည်။ ထို့နောက် ဆေးအဆီကို သူ၏လက်ဖဝါးပေါ်သို့ လောင်းချလိုက်ပြီး ခဏမျှလက်ဖဝါးနှစ်ခုကိုပွတ်ကာ ချီရှင်းချန်၏ပုခုံးပေါ်သို့ ဖတ်ခနဲရိုက်ချလိုက်သည်။
ချီရှင်းချန် : "...."
ဒီသခင်ငယ်လေးက တခြားဘယ်သူ့ကိုမှ ဆေးမလိမ်းပေးဖူးဘူးလားဟေ…
ပိုင်ရဲ့၏မိခင်ဖြစ်သူမှာ စီးပွားရေးလောကမှဖြစ်ပြီး ဖခင်မှာမူ နိုင်ငံရေးသမားတစ်ယောက်ဖြစ်လေရာ ငယ်ရွယ်စဉ်ကလေးဘဝတည်းက သူ့ထံတွင်အမြဲလို ပြုစုစောင့်ရှောက်မည့်သူ တစ်ဦးမဟုတ်တစ်ဦးရှိနေခဲ့သည်။ အသက်၁၇နှစ်အရွယ် ပွဲဦးထွက်စဉ်အချိန်ကလည်း အယ်ဘမ်တစ်ချပ်တည်းဖြင့်ပင် မျက်နှာသစ်ဆုကို တစ်ခါတည်းဆွတ်ခူးနိုင်ခဲ့ရာ အလွန်အောင်မြင်နေသည့်ကြယ်ပွင့်တစ်ဦးအနေဖြင့် မန်နေဂျာများ၊လက်ထောက်များနှင့် သက်တော်စောင့်များထံမှ ဗုဒ္ဓတစ်ပါးကဲ့သို့ လွန်လွန်မင်းမင်းကိုးကွယ်ကြမည် မဟုတ်ပါ၏လော…
အခြားသူများကို ဆေးလိမ်းပေးဖို့အသာထား သူ့ကိုယ်တိုင်၏ဒဏ်ရာများကိုပင် အခြားသူများမှ ကုသပေးကြမည်ဖြစ်ရာ ဤပုံစံအရ ပိုင်ရဲ့ထံတွင် အခြားသူများကို ပြုစုပေးဖူးသည့်အတွေ့အကြုံနည်းနည်းမျှကို ရှိနေမည်မဟုတ်ချေ။
သို့သော်လည်း ပိုင်ရဲ့ သူ၏နည်းလမ်းမှားယွင်းနေပုံကို သတိပြုနိုင်ခဲ့ပုံပင်။ သူ၏အားမှာ တဖြည်းဖြည်းလျော့ကျသွားကာ ဖြည်းဖြည်းချင်းသာ ပွတ်ပေးနေခဲ့သည်။ ဤကောင်ငယ်လေး၏ကျောရိုးမှ အဖုအထစ်များမှာ ခုန်ထွက်လာသောဂီတနုတ်များကဲ့သို့ စည်းချက်ကျစွာ လှပနေခဲ့သည်။
ပိုင်ရဲ့ သူ၏အားကို ထပ်မံဖြေ
လျော့လိုက်ပြီး ဆယ်မိနစ်ခန့်မျှ ဆက်လက်နှိပ်နယ်ပေးလိုက်သည်။
ဆေးအဆီမှာ အလွန်အကျိုးသက်ရောက်မှုရှိသည်ဟု ဆိုရပေမည်။ ညအိပ်ချိန်တွင် ချီရှင်းချန်၏နောက်ကျောမှ နာကျင်မှုအနည်းငယ်ကိုမျှပင် မခံစားခဲ့ရချေ။
ချီရှင်းချန် အိပ်ရာထဲတွင် ဟိုဘက်လှည့် ဒီဘက်လှည့်ဖြင့် အိပ်မပျော်နိုင်ခဲ့ပေ။ သူ ပိုင်ရဲ့အား တစ်ခုခုပြောသင့်သကဲ့သို့ခံစားချက်မျိုးဖြင့် နှလုံးသားထဲတွင် ခဲဆွဲထားရသကဲ့သို့ ဖြစ်နေခဲ့သည်။
သို့သော်လည်း မည်သို့စပြောရမည်ကို သူသိမနေခဲ့ချေ။ ကျေးဇူးတင်ကြောင်းကိုပြသသည့်စကားမျိုးမှာလည်း ယခင်ကတည်းက ပြောထားခဲ့ပြီးပြီဖြစ်လေရာ ထပ်ပြောပါက များစွာအကျိုးသက်ရောက်နိုင်မည်မဟုတ်ချေ။
ချီရှင်းချန် ခေါင်းအုံးအောက်မှ ဖုန်းကိုထုတ်၍ ပိုင်ရဲ့၏ဝီချက်ပရိုဖိုင်ကိုကြည့်ကာ အချိန်အတန်ကြာတွေဝေနေမိသည်။ သူစာတစ်ကြောင်းကိုရိုက်လိုက်သည်။ ထို့နောက်ပြန်ဖျက်ကာ နောက်ထပ်တစ်ကြောင်းရိုက်လိုက်သည်။ ပြီးနောက် ပြန်ဖျက်လိုက်ပြန်သည်။
......
မန်နေဂျာဖြစ်သူနှင့် နောက်သွားမည့်ခရီးစဉ်အကြောင်းကို အပြီးသတ်ဆွေးနွေးလိုက်ကြပြီးနောက် ပိုင်ရဲ့ သူ၏ဖန်ကလေးကို ပုခုံးပေါ်တွင် တစ်ယောက်တည်းတာဝန်များစွာ ထမ်းပိုးမထားရန် အိပ်နေစဉ်အတွင်း အသိပေးချင်သည့်အတွက် စကားပြောခန်းကို ဖွင့်လိုက်ချိန်တွင် " တစ်ဖက်သူမှ စာရိုက်နေပါသည် " ဟူသောစာကို မြင်လိုက်ရလေသည်။
သုံးမိနစ်ကြာပြီးနောက် : " တစ်ဖက်သူမှ စာရိုက်နေပါသည် "
ရှစ်မိနစ်ကြာပြီးနောက် : " တစ်ဖက်သူမှ စာရိုက်နေပါသည် "
"...." ပိုင်ရဲ့ ဆွံ့အသွားရသည်။ တစ်ဖက်လူမှ သူ့ထံကျေးဇူးတင်ကြောင်းစာအရှည်ကြီးရေးနေသည်တော့ မဟုတ်နိုင်လောက်ဘူးမလား…
ဤသို့သာဖြစ်နေပါက သူ့ကိုခွင့်မပေးလိုက်သည်က ပိုကောင်းပေလိမ့်မည်။ ပိုင်ရဲ့ တိုက်ရိုက်သာ စာတစ်လုံးရိုက်ထည့်လိုက်သည် " ပြော …"
ရှင်းရှင်း : " အိုးးး "
ရှင်းရှင်း : " ကျွန်တော်ကလေ… အစ်ကိုသိပါတယ်…ကျေးဇူးတင်ပါတယ်လို့ ပြောချင်လို့ပါ…"
ပိုင် : " ရပါတယ်…"
ရှင်းရှင်း : " ကောင်းပါပြီ ဒါဆိုလည်း အစ်ကိုအနားယူနေတာကို မနှောင့်ယှက်တော့ပါဘူး… ကောင်းသောညပါ…"
ပိုင်ရဲ့ ကောင်းသောညပါဟူသောစာကိုဖတ်လိုက်ရချိန်တွင် သူ၏စိတ်ခံစားချက်များမှာ များစွာသက်တောင့်သက်သာဖြစ်သွားခဲ့ကာ ဖုန်းကိုပိတ်၍ အိပ်ရန်ပြင်လိုက်သည်။
ရှင်းရှင်း : " ခဏလေး…"
ပိုင်ရဲ့ : " ? "
ရှင်းရှင်း : " အစ်ကို ကျွန်တော့်ကို ဘာလို့ကောင်းကောင်းဆက်ဆံပေးတာလဲဆိုတာ မေးလို့ရမလားဟင်…"
ဘာလို့လဲ….
ဖျော်ဖြေနေစဉ်အတွင်း သူ၏လက်ကိုမဆန့်လိုက်မိရန်အတွက် နှုတ်ခမ်းကိုကိုက်ကာ တောင့်ခံနေသည့်ကောင်လေးတစ်ယောက်၏ပုံရိပ်မှာ ထွက်ပေါ်လာခဲ့သည်။ ဆပ်ကပ်ပြပွဲအတွင်း ထိုကောင်ကလေး၏မျက်လုံးများမှာ တောက်ပနေခဲ့ကာ ပြန်ဆင်းလာချိန်တွင် မရည်ရွယ်ဘဲ ထုတ်ဖော်မိသွားသည့်ခါးသွယ်သွယ်လေးကို ပိုင်ရဲ့၏မျက်လုံးထဲတွင် ပြန်လည်မြင်ယောင်လာမိသည်။
ကျစ်… ဒါကတကယ်ကို ဖြူဖွေးနေတာပဲ…
" ဘာကြောင့်မှမဟုတ်ဘူး…" ပိုင်ရဲ့စာပြန်လိုက်သည် " ငါကဖန်တွေကိုအလိုလိုက်တတ်တယ်…"
ချီရှင်းချန်ရှာခဲ့ပေးသည့်ပိုက်ဆံများဖြင့် ကျန်ရှိသည့်သုံးရက်အတွင်း ဧည့်သည်များမှာ အခြေအနေအရမ်းမကောင်းနေသည့်တိုင် ယခင်အချိန်များကဲ့သို့လည်း ဆိုးရွားမနေခဲ့ပေ။ နေ့တိုင်းလိုပင် လူတိုင်းမှာ စည်းချက်ညီစွာ ပျော်ပျော်ရွှင်ရွှင် လျောက်လည်နိုင်ခဲ့ကြသည်။
ခရီးစဉ်၏နောက်ဆုံးနေ့ ပရိသတ်များအတွက် လက်ဆောင်ဝယ်ရမည့်အချိန်တွင် ကျန်းယွင်ဖေးမှ ပြောလာသည် " ရှင်းရှင်း မင်းအရင်ရွေးချည်…"
သူတို့ရွေးချယ်ထားသည့်လက်ဆောင်၏တိုက်ရိုက်မဲအရေအတွက်မှ အများဆုံးမဲရရှိသူကို နောက်လာမည့်ခရီးစဉ်အတွင်း သီးသန့်ဆုအဖြစ်ပေးသွားမည်ဖြစ်သည်။ လက်ဆောင်များဝယ်ယူရန်အတွက်ပိုက်ဆံမှာ ချီရှင်းချန်မှာရှာလာပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူ့ကိုဦးစွာရွေးခိုင်းခြင်းမှာ အကျိုးအကြောင်းသင့်နေသည့်အတွက် လူတိုင်းကလည်း သဘောကျကြလေသည်။
သို့သော်လည်း ချီရှင်းချန် ခေါင်းကိုယမ်းကာပြောလိုက်သည် " ကျွန်တော်က ဘာမှမဝယ်ပါဘူး… ကျွန်တော်ဖျော်ဖြေတုန်းကသုံးခဲ့တဲ့ ထီးနဲ့ပန်းကန်ပြားတွေကိုပဲ လက်ဆောင်အဖြစ်ပေးမှာပါ… ချိုးမန် ကျဲ မရယ်နဲ့လေ…. ဒါကလည်း ကျွန်တော်ပိုက်ဆံရှာခဲ့ရတဲ့ပစ္စည်းတွေပဲဟာကို…"
" ကောင်းပြီ ကောင်းပြီ ကျဲထပ်မရယ်တော့ပါဘူး…" ချီရှင်းချန်မှ ထိုဈေးချထားသည့်ထီးနှင့်ထောင့်တစ်ဖက်ကွဲနေသည့်ပန်းကန်များကို လက်ဆောင်အဖြစ်ပြန်ပေးမည်ကို ကြားလိုက်ရချိန်၌ ဖန်အတော်များများမှာ ထိုပစ္စည်းကို မလိုချင်လောက်ပေဟု တွေးမိသွားသဖြင့် လောချိုးမန် မရယ်ဘဲမနေနိုင်ခဲ့ပေ။
အမှန်တကယ်တော့ ထိုပစ္စည်းများကို လက်ဆောင်အဖြစ်ပေးခြင်းမှာ အလေးမထားသည့်ပုံပေါ်နေသည့်တိုင် ချီရှင်းချန်က သူ့ထံတွင် ကိုယ်ပိုင်စဉ်းစားထားခြင်းရှိနေခဲ့သည်။
အကယ်၍သာ ပိုက်ဆံကိုယူ၍ သူ၏စီနီယာများကို မလေးစားဘဲ လက်ဆောင်အတွက်ဦးဆုံးရွေးချယ်လိုက်ပြီးနောက် သူ၏လက်ဆောင်မှာ မဲပေးသူများ၏ ထိပ်ဆုံးသုံးခုနေရာသို့ ရောက်သွားပါက အလွန်ရှိုးထုတ်မိသလို ဖြစ်သွားပေလိမ့်မည်။ သူ အချိန်တိုအတွင်း နာမည်ကျော်ကြားချင်သော်လည်း ပထမဆုံးအပိုင်းတွင် လုံလောက်အောင် မီးထိုးပြခံခဲ့ရပြီဖြစ်သောကြောင့် ယခုအချိန်၌ အခြားသူများကို အကျိုးအမြတ်ပေးခံစားစေရမည်ဖြစ်သည်။ သူသာအခြားဧည့်သည်များကို အပြစ်ပြုမိသွားပြီး ထိုသူများမှ သူ့ကိုနှိမ်နင်းရန် ရေတပ်များကို တိတ်တဆိတ်ပို့လွှတ်လိုက်ပါက ယခုအချိန်တွင် သူ၏အမည်ကိုရှင်းလင်းရန် လုံလောက်သည့်အာဏာလည်းရှိနေသည်မဟုတ်ရာ ပြသနာများသွားနိုင်သည်။
သို့ဖြစ်ရာ ဆုပ်ကိုင်ထားရမည့်အချိန်တွင် ဆုပ်ကိုင်ထားပြီး လွှတ်ချရမည့်အချိန်တွင် လွှတ်ချနိုင်ရမည်။ ဤသည်မှာ သူအကြိမ်ပေါင်းများစွာ ခံစားခဲ့ရခြင်းမှ ရရှိလာသည့်အတွေ့အကြုံပင်ဖြစ်လေသည်။
ချီရှင်းချန် လက်ဆောင်မဝယ်ရန် ဆုံးဖြတ်ချက်ချထားပြီးသည်ကို မြင်နေရသဖြင့် လူတိုင်းလည်း သူ့ကိုထပ်မံ၍နားမချတော့ဘဲ လက်ဆောင်ဝယ်ရန်အတွက် ဈေးဝယ်စင်တာသို့သာ အပြေးသွားလိုက်ကြသည်။
ပိုက်ဆံမှာများစွာ မကျန်သည်ဖြစ်ရာ လူတိုင်းမှာ ခရိုနာရာကျော်သာရရှိကြမည်ဖြစ်သောကြောင့် မည်သူ၏လက်ဆောင်က ပို၍ဖန်တီးနိုင်စွမ်းရှိ မရှိမှာ အတွေးကောင်းပုံကိုသာ မှီခိုနိုင်ကြတော့မည်။
လူတိုင်းရွေးချယ်နေကြချိန်တွင် ချီရှင်းချန်လည်း အနားမနေခဲ့ရချေ။ ယမန်နေ့တွင် ချီယွီကျီးမှ သူ့ထံဖုန်းခေါ်လာပြီး ဒိန်းမတ်မှအထိန်းအမှတ်ပစ္စည်းမျိုး လိုချင်ကြောင်း ပြောလာခဲ့လေသည်။
အမှန်တကယ်မှာတော့ သူမထံတွင် မည့်သည့်အထိန်းအမှတ်ပစ္စည်းများပြတ်လပ်နေမည်နည်း။ သူမလိုချင်သည်မှာ မောင်ငယ်လေးမှဝယ်လာပေးမည့် အထိန်းအမှတ်ပစ္စည်းသာ ဖြစ်သည်။
ချီရှင်းချန် အစ်မဖြစ်သူအတွက် သေးငယ်သောအလှဆင်ပစ္စည်းတစ်ခုဖြစ်သည့်ပန်းချီကားတစ်ချပ်ကို ဝယ်ယူလိုက်ပြီး အဆုံးတွင် ၎င်းမှာ များစွာအသုံးမဝင်ဟု ခံစားနေရသည့်အတွက် ထိပ်တန်းတံဆိပ်တစ်ခုမှ လက်ကိုင်အိတ်တစ်လုံးကို ထပ်ဝယ်လိုက်သည်။
သူဝေခွဲမရဖြစ်နေသည့်အချိန်မှာပင် ချီယွီကျီးမှ သူ့ထံဖုန်းခေါ်လာသည် " ရှင်းရှင်း ကျဲကျဲရဲ့လက်ဆောင်ကိုတော့ မမေ့ဘူးမဟုတ်လား…"
" မမေ့ပါဘူး ကျွန်တော်အခုပဲဝယ်လို့ပြီးတာ…"
" ယွီကျီး ဘာပြောလိုက်တာလဲ…" ဖုန်းတဖက်မှ အဖေချီ၏အသံထွက်ပေါ်လာခဲ့သည်။
ချီယွီကျီး ဖုန်းမိုက်ခရိုဖုန်းကို လက်ဖြင့်ကွယ်လိုက်ပြီး " ရှင်းရှင်းက သမီးဖို့လက်ဆောင်ဝယ်လာပေးတယ်တဲ့ ဟီးဟီးဟီး … အိုးး အဖေကတော့ ဘာမှမရလိုက်ဘူးပဲနော်…"
ချီယွီကျီးမှာ လွန်စွာကျေနပ်နေသည့်အတွက် သူမ၏အသံမှာ ပုံမှန်ထက်ပိုကျယ်နေပြီး ထိုစကားအားလုံးမှာ ချီရှင်းချန်၏နားထဲသို့ ဝင်ရောက်လာခဲ့သည်။ ရုတ်တရက်ဆိုသလို အဖေချီမှ သူမလာခင် လိမ်လည်၍လိုက်ပို့ခဲ့သည်ကို အမှတ်ရသွားခြင်းကြောင့် ချီရှင်းချန် ဖခင်ဖြစ်သူအတွက် နက်တိုင်တစ်ခုဝယ်ကာ ချီယွင်ရှောင်အတွက်ကိုမူ ရှပ်အင်္ကျီလက်ကြယ်သီးတစ်စုံကို ရွေးချယ်ဝယ်ယူလိုက်သည်။
၎င်းတို့ကို ဝယ်ယူပြီးနောက် သူ့ထံတွင် လူမှုရေးကိစ္စများတွင် ကူညီပေးမည့်မန်နေဂျာမရှိသည့်အတွက် ချီရှင်းချန် ရိုက်ကွင်းမှ လူတိုင်းကိုလက်ဆောင်ပေးရန် စဉ်းစားလိုက်သည်။ ဒါရိုက်တာ၏လက်ဆောင်မှာ ဈေးအကြီးဆုံးဖြစ်ပြီး ၎င်းနောက်မှ လက်ထောက်ဒါရိုက်တာနှင့် ကင်မရာအဖွဲ့၏ခေါင်းဆောင်တို့အပြင် ရိုက်ကွင်းလက်ထောက်အသေးအမွှားများပင် မကျန်စေရပေ။
အမျိုးသမီးများအတွက် ဒေသခံပုံစံဖော်ထားသည့်အရုပ်ကလေးများကို ရွေးချယ်လိုက်သည်။ ကျန်းယွင်ဖေးအတွက်ကိုမူ ဆီဆေးအယ်ဘမ်တစ်ချပ်ရွေးချယ်လိုက်ပြီး ပိုင်ရဲ့အတွက်ရောက်လာချိန်တွင် သူကို့ရို့ကားယားနိုင်သည့်အခြေအနေသို့ ကျဆင်းသွားရသည်။
ပိုင်ရဲ့၏စိတ်ထဲတွင် သူသည်ပိုင်ရဲ့၏ဖန်ဖြစ်နေခြင်းကြောင့် ကောင်းမွန်စွာဆက်ဆံပေးခြင်းဖြစ်သော်လည်း သူ၏စိတ်ထဲတွင်မူ သူပိုင်ရဲ့အပေါ်ကျေးဇူးကြွေးနှစ်ခုတင်နေသေးသည်ဖြစ်ရာ မစဉ်းစားဘဲနှင့် တစ်ခုခုဝယ်လိုက်ဖို့ရန် အဆင်မပြေနေချေ။
ချီရှင်းချန် ဈေးအတွင်းနှစ်ခေါက်မျှပတ်သွားလိုက်ပြီးနောက် အဆုံးတွင် လက်ဖြင့်ရေးဆွဲထားသောပစ္စည်းများရောင်းသည့်ဆိုင်တစ်ဆိုင်မှာ သူ၏မျက်လုံးများကို ဖမ်းစားနိုင်သွားသည့်အတွက် နားကြပ်ကိုချွတ်ကာ ဆိုင်တွင်းသို့ဝယ်သွားလိုက်သည်။
......
စာရေးသူမှာ ပြောစရာတစ်ခုရှိပါတယ် :
ရှင်းရှင်း : " အစ်ကိုဘာပဲလုပ်ချင်လုပ်ချင် မြန်မြန်လေးလုပ်ပေးပါ…"
ပိုင်ရဲ့ : " အိုးး ဒီထက်မြန်အောင်လုပ်လို့မရတော့ဘူးလေ…"