အပိုင်း၂၀
Viewers 28k

Chapter 20


ဈေးဝယ်လို့ပြီးကြချိန်တွင် လူတိုင်းနောက်ထပ်သွားရမည့်ခရီးစဉ်အတွက် စုမှတ်တွင် လူစုလိုက်ကြသည်။


လေဆိပ်သို့သွားသည့်လမ်းတွင် ဒါရိုက်တာကျောက်မှ ပြုံးလျက်ပြောလာသည် 


" မင်းတို့ကို သတင်းကောင်းလေးနည်းနည်းပြောရဦးမယ်… ငါတို့ရဲ့နောက်ထပ်ခရီးစဉ်ကတော့ ပြည်တွင်းမှာပဲဖြစ်လိမ့်မယ်…"


" နောက်ဆုံးတော့ ပြန်နိုင်ခဲ့ပြီပဲ… နိုင်ငံခြားသွားရတာ ဘာသာစကားအခက်အခဲတွေနဲ့ တကယ်ကိုအဆင်မပြေလှဘူး…ဒါဆို ကျွန်တော်တို့ ဘယ်ကိုသွားကြမှာလဲ…."


" အံ့ဩစရာကောင်းလောက်တဲ့ရှုခင်းတွေရှိတဲ့တောင်တန်းနဲ့မြစ်ပြင်တွေစီကိုလေ…" ဒါရိုက်တာမှ ပြောလိုက်သည် " ချမ်ကျိုးကိုသွားကြမှာ…"


ဧည့်သည်အများစုမှာ ချမ်ကျိုးတွင် ရုပ်ရှင်ရိုက်ဖူးကြခြင်း သို့မဟုတ် ပွဲတက်ဖူးကြခြင်းကြောင့် စိတ်သက်သာရာရသွားကြသည်။ တကယ့်ကို သူတို့၏အမိမြေမှာရိုက်ကူးရခြင်းမှာ နိုင်ငံရပ်ခြားတိုင်းတပါးသို့သွားရခြင်းထက် ပို၍လုံခြုံသောခံစားချက်ကို ပေးစွမ်းနိုင်သည်ပင်။ အဆုံး၌ သူတို့နိုင်ငံ၏ကျန်းမာရေးနှင့်လုံခြုံရေးမှာ နိုင်ငံခြားထက်စာလျှင် ချီးကျူးစရာကောင်းနေသည်လေ…


ထောင်ထောင် ပျော်သွားပြီးနောက် အရေးအကြီးဆုံးမေးခွန်းကို မေးလိုက်လေသည် " ဒါရိုက်တာကျောက် ကျွန်မတို့ရဲ့နောက်ခရီးအတွက် ခရီးစရိတ်ကိုကော ဘယ်လောက်ပေးမှာလဲ…"


ဒါရိုက်တာမှ လက်ငါးချောင်းထောင်ပြလာသည်။


ချီရှင်းချန်၏နှလုံးသားလေးမှာ လည်ချောင်းထဲမှခုန်ထွက်လာမလိုပင်ဖြစ်နေခဲ့သည် " ငါးထောင်တော့မဟုတ်ဘူးမလား…"


ပရိုဂရမ်အဖွဲ့၏အထူးသဘာဝအရဆိုလျှင် ခရီးစရိတ်ကို ငါးထောင်အထိလျော့ချခြင်းမှာ အတော်လေးဖြစ်နိုင်သောကိစ္စဖြစ်သည်။


" မဟုတ်ဘူး…" ဒါရိုက်တာကြီးမှာ ယခင်ကဲ့သို့ ပြုံးနေဆဲပင် " ငါးသောင်းပါ…"


ငါးသောင်းလား…


ဧည့်သည်များမှာ ထိုခဏအတွင်းမယုံနိုင်ဖြစ်သွားရသည်။ အကယ်၍သာ ခရီးစရိတ်ယွမ်ငါးသောင်းရမည်ဆိုပါက သူတို့ခုနစ်ရက်တာလုံး သက်တောင့်သက်သာနေနိုင်ကြပြီဖြစ်သည်။


" စကားမဆုံးသေးဘူးလေ…" ဒါရိုက်တာမှ ဆက်ပြောလာသည် " ဒီတစ်ခေါက်က ချမ်ကျိုးကိုသွားမဲ့လေယာဉ်ခတွေအပါမှ ခရီးစရိတ်ငါးသောင်းပါ…"


ဧည့်သည်များ : "....."


သောက်ကျိုးနည်း ဒီခွေးပရိုဂရမ်ကစိတ်ကောင်းမရှိမှန်းသိထားပြီးသားပဲကို…


သေချာပေါက်ပင် စောဒကတက်နေကြမည့်အစား ကားပေါ်မှဆင်းသည်နှင့် လူတိုင်းလေယာဉ်လက်မှတ်ဝယ်ရန် ပြင်လိုက်ကြသည်။


" ကျွန်တော်စစ်ကြည့်ပြီးပြီ…" ချီရှင်းချန် ဖုန်းကိုထုတ်ကာပြောလိုက်သည် " ကျွန်တော်တို့သာ မိုင်နဲ့ပိုက်ဆံတွက်ရမယ်ဆိုရင် ဒိန်းမတ်ကနေ တရုတ်ပြည်ကိုပြန်ဖို့အတွက် အထက်တန်းလက်မှတ်တစ်စောင်ကို ၆၄၀၀ကျပြီး နိုင်ငံတကာလေဆိပ်ကနေ ချမ်ကျိုးအထိဆိုရင် အထက်တန်းလက်မှတ်တစ်စောင်ကို ၂၀၀၀ကျမယ်…"


" ဒီလိုဆိုရင် လူတစ်ယောက်ကို ၈၄၀၀ဆိုတော့ ခြောက်ယောက်စာဆို ၅၀၄၀၀တောင်ဖြစ်နေမှာပဲ… ဟစ်…" ကျန်းယွင်ဖေး တွက်ချက်ကာ သက်ပြင်းတစ်ချက်ချလိုက်ရသည် " ငါတို့တွေ ၄၀၀တောင်ထပ်လိုနေဦးမှာမဟုတ်လား…"


" ခြောက်ယောက်မတွက်ပါနဲ့ ငါးယောက်ပဲထားပါ… ကျွန်တော်ကရိုးရိုးတန်းကနေ ဈေးချထားတဲ့လက်မှတ်ဝယ်လိုက်လို့ရပါတယ်…" ချီရှင်းချန် ခေါင်းကိုယမ်းကာပြောလိုက်သည်။


ရိုးရိုးတန်းမှဆိုပါက ဒိန်းမတ်မှတရုတ်အထိ ၃၀၀၀အထိသာ ကျသင့်မည်ဖြစ်ကာ ချမ်ကျိုးအထိဆိုလျှင် အထူးဈေးဖြင့် ၉၀၀သာကုန်မည်ဖြစ်ရာ ခရီးစရိတ်ပေါင်း ၄၅၉၀၀သာကုန်မည်ဖြစ်ပြီး ၄၁၀၀သက်သာနိုင်သည်။ ၎င်းမှာ မများလှသော်လည်း ဘာမှမကျန်‌သည်ထက်တော့ ကောင်းမွန်နေသေးသည်လေ….


သို့သော်လည်း ကျန်းယွင်ဖေးမှာ မတရားလုပ်မိသလို ခံစားလိုက်ရပြီး " ဒီလောက်ပင်ပန်းတာလေး‌ကိုတော့ ခံနိုင်ပါတယ်ကွာ ငါလည်းရိုးရိုးတန်းမှာလိုက်စီးပေးမယ်လေ… …"


" ပင်ပန်းတာ မပင်ပန်းတာက ပြသနာမဟုတ်ဘူး…" ချီရှင်းချန် သူ၏ရင်ဘတ်ကိုဖိကာ နောက်ပြောင်လိုက်သည် " အစ်ကိုတို့ထဲက ဘယ်သူပဲဖြစ်ဖြစ် ရိုးရိုးတန်းကိုလိုက်စီးမိတာနဲ့ ခရီးသည်တွေကို နှလုံးဖောက်အောင်လုပ်မိသွားမှာလေ…အထူးသဖြင့် ထိပ်တန်းကြယ်ပွင့်တွေပေါ့…လေယာဉ်ပျံပေါ်မှာ လူပိတယ်ဆိုတာက အလွယ်တကူဖြေရှင်းလို့ရတဲ့ပြသနာမဟုတ်ဘူး…

ဒါကြောင့် အပြစ်မဲ့လူထုကို ဒုက္ခမပေးရအောင်ပါ.."


အမှန်ကိုပင် ရှိုးမှဧည့်သည်များ၏ကျော်ကြားမှုကြောင့် ခရီးသည်များစွာရှိသည့်နေရာသို့သွားခြင်းမှာ လေယာဉ်ပေါ်တွင် လူအုံလာစေနိုင်သည်။ အထူးသဖြင့် ပိုင်ရဲ့ပင်…


" ကျွန်တော်ကတော့ မလိုဘူးလေ… ကျွန်တော့်ကို ဘယ်သူမှမသိတဲ့အတွက် သွားလည်းပြသနာရှိမှာမဟုတ်ဘူး… ဒါကိုဘာလို့ခေါ်ပါလိမ့်…"


" ဘာခေါ်တာလဲ…" ကင်မရာမန်းမှ ချီရှင်းချန်ပြော‌ဆိုနေပုံကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်မိသည်။


" လူမသိတာကို အခွင့်ကောင်းယူပြီး ပြစ်မှုကျူးလွန်လို့ရတယ်တဲ့…ဟုတ်တယ်…" ချီရှင်းချန် အတည်ပြုလိုက်သည် " အဲဒီစကားပဲ…"


" လူမသိတာကို အခွင့်ကောင်းယူပြီး ပြစ်မှုကျူးလွန်လို့ရတယ်… ဟားဟားဟား…" 


သူတို့အားလုံးချီရှင်းချန်၏အလွန်ဝတ္ထုဆန်သောအသုံးအနှုန်းကြောင့် မ‌ရယ်ဘဲမနေနိုင်ကြပေ။ လောချိုးမန်မှာမူ မျက်ရည်များပင် ထွက်ကျသည်အထိ အူလှိုက်သည်းလှိုက်ရယ်မောနေရသည်။ လူတိုင်းရယ်မောနေကြသည့်လေထုထဲတွင် ပိုင်ရဲ့မှ တိတ်တဆိတ်ပြောလာခဲ့သည်။


" အထက်တန်းကိုပဲလာခဲ့ပါ…" သူ၏အသံမှာနိမ့်ကာ တိုးနေခဲ့သည် " ရိုးရိုးတန်းကနေ ဆယ်နာရီအထက်လေယာဉ်စီးဖို့ဆိုတာ မလွယ်ဘူးလေ…"


ချီရှင်းချန်ကိုယ်တိုင်လည်း မသွားချင်သည့်တိုင် အခြေအနေမှာမူ သူ့ကိုခွင့်မပြုနေခဲ့ချေ " ကျွန်တော်တို့သာ ပိုက်ဆံတွေအကုန်သုံးလိုက်ရင် ဟိုမှာဘယ်လိုသွားနေကြမှာလဲ…လေပေါ်မှာနေကြတော့မလို့လား…"


ပိုင်ရဲ့၏ကြည့်ကောင်းသည့်မျက်ခုံးမှာ တခဏအတွင်း တွန့်ချိုးသွားခဲ့သည်။


ထိုသို့ပြောပြီးနောက် ချီရှင်းချန် သူ့အတွက်ကိုယ်တိုင်သာ လက်မှတ်ဖြတ်လိုက်သည်။ လူတိုင်းမှာ အငယ်ဆုံးလေးကို ခက်ခဲစေမိခြင်းကြောင့် စိတ်မကောင်းဖြစ်နေကြရသော်လည်း ပြသနာကိုဖြေရှင်းရန် အခြားနည်းလမ်းရှိမနေခဲ့ချေ။ လေဆိပ်မှစောင့်ဆိုင်းဧရိယာအတွင်းရှိနေကြစဉ် သူတို့ပျင်းရိနေခြင်းနှင့် ဂရုစိုက်မှုကိုဖော်ပြရန်အတွက် ချီရှန်းချန်နှင့်စကားအနည်းငယ်ပြောဆိုနေကြရသည်။


ခဏမျှ စကားပြောပြီးနောက် သွယ်လျသောလက်‌တစ်ဖက်မှာ ရုတ်တရက်ချီရှင်းချန်၏ရှေ့သို့ရောက်လာခဲ့ကာ အချိုးကျသောလက်ဆစ်များဖြင့်  ဝက်ဝံရုပ်ပုံသဏ္ဍာန်ရေခဲမုန့်ကတော့ချွန်တစ်ခုကိုကိုင်ထားခဲ့သည်။


" ဝိုးးး ဘယ်လိုတောင်ချစ်ဖို့ကောင်းတာလဲ…" လျိုကျီယုမှာ အံ့ဩနေခဲ့သည် " ပိုင်ရဲ့ ရှင်ခုနထွက်သွားတာ ရေခဲမုန့်သွားဝယ်ဖို့ပေါ့လေ…ဒါ ဟိုနားမှာရှိတဲ့အအေးဆိုင်က ဆယ်ပေါင်တန်တဲ့ရေခဲမုန့်မလား…"


" အင်း…."


" ဘယ်လိုတွေးပြီး ရှင်းရှင်းအတွက် ဝယ်လာပေးဖြစ်သွားတာလဲ…"


အဟွတ်… ပိုင်ရဲ့ လက်ကိုအုပ်ကာ ချောင်းအသာဟန့်လိုက်ပြီး " ကလေးတွေအားလုံးက ဒါစားရတာကြိုက်ကြတယ်မဟုတ်ဘူးလား…"


ချီရှင်းချန် အစော်ကားခံလိုက်ရသလို ခံစားလိုက်ရသည်။


သူကအရမ်းကြီးနေပါပြီနော် ဟုတ်ပြီလား…အသက်ပြည့်တာဖြင့် အခုဆိုသုံးနှစ်တောင်ဖြစ်နေပြီ… ဘယ်လိုလုပ်ပြီး သူ့ကိုကလေးလို့လာခေါ်နေရတာလဲ … အားးးးး ဒါပေမယ့်ဒီဝက်ဝံလေးက အရမ်းချစ်ဖို့ကောင်းတာပဲ…


တစ်ချက်လျက်ကြည့်လိုက်ချိန်တွင် ဝေဖာကတော့ချွန်၏အရသာနှင့်အခြားအသီးအရသာများမှာ သူ၏လျှာပေါ်တွင် ပေါက်ကွဲထွက်လာခဲ့ကာ ချိုမြိန်သော်လည်း အရမ်းအချိုကဲနေခြင်းမျိုးမဟုတ်ပေ။ ၎င်းမှာ အလွန်အရသာရှိပုံပင်။


ချီရှင်းချန် ဝိုးတဝါးပြန်လည်သတိရသွားရသည်မှာ သူအသက်သုံးလေးနှစ်ခန့်က မကြာခဏဆိုသလို မုန့်ဆိုင်များကြားလျှောက်သွားကြည့်ပြီး အရောင်စုံရေခဲမုန့်များကို ငေးကြည့်ကာ သွားရည်ကျတတ်သည်။


ထိုအချိန်မျိုးတွင် မိဘမဲ့ဂေဟာအုပ်ချုပ်သူမှ သူ့ကိုဆွဲခေါ်ကာ ချော့မော့လေ့ရှိသည် " ရေခဲမုန့်ကလေ လုံးဝကို အရသာရှိတာမဟုတ်ဘူး…ငါတို့ရဲ့ရှင်းရှင်းလေးက လိမ္မာတဲ့ကလေးမလို့ ရေခဲမုန့်မစားဘူးနော် ဟုတ်တယ်မလား…"


သို့ဖြစ်ရာ အချိန်ကြာလာသည်နှင့်အမျှ ချီရှင်းချန် ရေခဲမုန့်ဟူသောအရာမှာ စားမကောင်းအရသာမရှိသောအရာဟူ၍ မှတ်ယူမိနေပြီး သူ၏ကိုယ်ပိုင်ဖျော်ဖြေမှုများမှ ပိုက်ဆံရှာနိုင်လာသည့်အချိန်များတွင်ပင် နွေရာသီအပူကိုငြိမ်းသတ်ရန်အတွက် ရေခဲမုန့်ဝယ်စားရန် မစဉ်းစားမိခဲ့ပေ။


၎င်းမှာထိုကဲ့သို့အရသာမျိုးရှိမည်ဟု သူမထင်ထားမိပါချေ။ သူ၏နှလုံးသားထဲတွင် ရေခဲမုန့်၏ချိုချိုချဉ်ချဉ်အရသာများနှင့်ပြည့်နှက်နေပြီး ချီရှင်းချန် ဖုန်းကိုထုတ်ကာ ပိုင်ရဲ့ထံစာပို့လိုက်သည်။


ရှင်းရှင်း : " ကျေးဇူးတင်ပါတယ်…"


ရှင်းရှင်း : " ခုနတုန်းက ပြောဖို့မေ့သွားလို့ပါ…"


လေယာဉ်‌စောင့်နေကြစဉ် ဧည့်သည်ခြောက်ဦးမှာ တစ်တန်းတည်းထိုင်နေကြပြီး လောချိုးမန်မှာမူ သူ၏အနှိပ်စက်ကို အသုံးပြုလျက်ဖြင့် သူဘေးဘယ်ဘက်နေရာတွင် ထိုင်နေခဲ့သည်။


ပိုင်ရဲ့၏နေရာမှာ ညာဘက်ခပ်လှမ်းလှမ်းတွင်ဖြစ်သည်။ ဖုန်းမှအသိပေးချက်တစ်စောင် တုန်ခါသွားချိန်တွင် ပိုင်ရဲ့ယူကာ တစ်ချက်ကြည့်လိုက်ပြီးနောက် ဖုန်းကိုပြန်ပိတ်ထားလိုက်သည်။


ချီရှင်းချန် စောင့်ဆိုင်းနေသော်လည်း စာပြန်မလာသည့်အတွက် ညာဘက်သို့စောင်းကြည့်လိုက်ချိန်တွင် ပိုင်ရဲ့မှာ Headphoneဖြင့် သီချင်းနားထောင်နေသည့်အတွက် အသံမကြားလိုက်နိုင်သည်မှာ ဖြစ်နိုင်ပေမည်။ ထို့ကြောင့် သူထပ်မံ၍စာရိုက်လိုက်လေသည် " ဒါနဲ့ အစ်ကိုဒီဟာအတွက် ဘာနဲ့ဝယ်လာတာလဲ…ဒိန်းမတ်မှာ ဘာပိုက်ဆံမှမကျန်တော့ဘူးမလား…"


ရိုက်ကူးရေးလုပ်နေစဉ် ကင်မရာမန်းမှာ ပိုင်ရဲ့၏နောက်သို့တကောက်ကောက်လိုက်ကာ ရိုက်ကူးနေသည့်အတွက် သူ၏ကိုယ်ပိုင်ပိုက်ဆံကိုထုတ်သုံးကာ လှည့်ဖြားနိုင်မည့်အခွင့်အရေးမျိုးရှိမည်မဟုတ်ချေ။


ပိုင် : " ဒီတိုင်းသာစားပါ…"


ရှင်းရှင်း : "... အိုးးး " 


ဘယ်လောက်တောင် ကြမ်းတမ်းနေတာလဲ…ချီရှင်းချန် ဖုန်းကိုမကျေမနပ်ဖြင့် ပြန်ချထားလိုက်သည်။ ဤသည်မှာ သူ၏ပထမဆုံးအကြိမ်အဖြစ် ထိုမျှအရသာရှိသည့်ရေခဲမုန့်ကို စားဖူးသည်ဖြစ်ခြင်းကြောင့် ခဏလေးနှင့်ကုန်သွားမည်စိုးသဖြင့် တစ်ကြိမ်တွင် အနည်းငယ်စီသာ ယူ၍စားနေခဲ့သည်။


ပိုင်ရဲ့မှာမူ ယခင်လက်စွပ်ရှိခဲ့ဖူးသောသူ၏လက်ညှိုးမှ နေရာလွတ်ကိုသာ မသိစိတ်မှ ပွတ်နေမိသည်။


ဆယ်နာရီကျော်ကြာ လေယာဉ်စီးပြီးနောက် သူတို့ချမ်ကျိုးသို့ရောက်ချိန်တွင် တင်္နလာနေ့၏နေ့လည်ခင်းပိုင်းသို့ ရောက်နေပြီဖြစ်သည်။


ဒါရိုက်တာကျောက်မှာ အတော်လေးပြတ်သားလှသည် " ဒီတစ်ခါတော့ သွားရမဲ့နေရာအတွက်ခရီးစရိတ်ကို ကျွန်တော်တို့ဘက်ကပေးမှာမလို့ မင်းတို့ပိုက်ဆံသုံးဖို့အတွက် စိတ်ပူစရာမလိုတော့ပါဘူး…"


" အာ…." ကျန်းယွင်ဖေးမှာ ပင်ပန်းလှသဖြင့် သူ၏မျက်လုံးအောက်တွင် အစိမ်းရောင်နှင့်အနက်ရောင်စက်ဝိုင်းများပင် ပေါ်နေပြီဖြစ်သည် " ကျွန်တော့်မသိစိတ်ကပြောနေတာတော့ မင်းတို့တွေသေချာပေါက်ကို ကောင်းတဲ့ရည်ရွယ်ချက်ရှိမှာ မဟုတ်ဘူးတဲ့…"


အသေအချာပင် ကျန်းယွင်ဖေး၏မသိစိတ်မှာ တိကျလှသည်။ လူတိုင်းမှာ ဘက်စုံသုံးကားပေါ်သို့တက်ကာ ခဏမျှမှေးလိုက်ကြပြီးနောက် သူတို့၏မျက်လုံးများကိုပြန်ဖွင့်လိုက်ချိန်တွင် အစိမ်းရောင်လွင်ပြင်ကြီး၏အလယ်သို့ ရောက်ရှိနေသည်ကို မြင်လိုက်ကြရသည်။


ချီရှင်းချန် ကားပေါ်မှခုန်ဆင်းကာ ခြေဖျားထောက်၍ မျက်ခုံးပေါ်သို့လက်တင်ကာ ကြည့်လိုက်သည်။ သူမြင်လိုက်ရသည်မှာ မိုးထိတက်နေသောတောင်တန်းကြီးများနှင့် အစိမ်းရောင်တောတောင်များမှာ မြင်ကွင်းတဆုံးထိ အဆုံးအဆမဲ့ကာ တောင်တန်းများ၏အဆုံးသည် သူတို့ လုံးဝလက်လှမ်းမမီနိုင်မည့် ကမ္ဘာကြီး၏အဆုံးသတ်နေရာတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။


" အရမ်းလှတာပဲ…" ထိုကဲ့သို့မြင်ကွင်းမျိုးကို မြင်လိုက်ရချိန်၌ လူတိုင်းမှာ မနေနိုင်မထိုင်နိုင် ချီးကျူးမိသွားကြသည်။


ထိုအချိန်တွင် နွားလှည်းများဖြင့်လာသည့်ရွာသားဆယ်ဦးကျော်မှာ ဘက်စုံသုံးကားများသူတို့အနားသို့ ရောက်လာသည်အား မြင်လိုက်သည်နှင့် စတင်၍လက်ခုပ်လက်ဝါးတီးကာ ဒေသနိယအသံများဖြင့် အော်ဟစ်ကြိုဆိုလိုက်ကြသည် 


" တာ့မိုင်တီဗွီမှ နျိုပမ်းမြို့ရဲ့ယန်ရှန်းရွာကို ရုပ်ရှင်လာရောက်ရိုက်ကူးတာကို ကြိုဆိုပါတယ်…"


".... မိုင်မန့်တီဗွီပါ တာ့မိုင်မဟုတ်ပါဘူး…" ဒါရိုက်တာကျောက်မှာ ကားထဲမှနောက်ဆုံးထွက်လာသူဖြစ်ကာ အလွန်စိတ်ညစ်နေသည့်ပုံစံဖြင့် စကားကိုပြန်ပြင်ပေးလိုက်သည် " ပြီးတော့ ရုပ်ရှင်လာရိုက်တာမဟုတ်ပါဘူး… ရသစုံရှိုးလာရိုက်တာပါ…"


" တောင်းပန်ပါတယ် တောင်းပန်ပါတယ် ကျွန်တော်မှားပြောမိတာပါ…" ရွာသားအုပ်စု၏ခေါင်းဆောင်ဖြစ်ပုံရသောသူမှ ရှက်ရွံ့စွာပြန်ပြောလိုက်သည် " ကျွန်တော်ကတော့ ဒုတိယကျန်းပါ… လောင်ကျန်းလို့ခေါ်လို့ရပါတယ်… ဒီရွာမှာမွေးပြီး ဒီမှာပဲကြီးလာတဲ့သူဖြစ်တာမလို့ မသိတာရှိရင် မေးပါနော်.. ကျွန်တော်ကစကားပြောတော့သိပ်မကောင်းဘူးဗျ ခေါင်းဆောင် အရမ်းတော့စိတ်ထဲမထားပါနဲ့နော်…"


ထိုသို့ပြောရင်းဖြင့် သူ၏‌ဘောင်းဘီအိတ်ကပ်ထဲမှ ပဝါကိုထုတ်ကာ နွားလှည်းကို ကြိမ်တစ်ချက်တို့လိုက်ပြီး " တက်လေ ခေါင်းဆောင်တို့ လွန်ခဲ့တဲ့ရက်တွေတုန်းက မိုးရွာထားတော့ လမ်းတွေအကုန်ရွှံ့ဖုံးနေတာ ကား‌ဝင်လို့မရဘူး…ဒီတစ်နည်းပဲရှိတာမလို့ လူတိုင်းကိုနည်းနည်းဒုက္ခခံခိုင်းရတော့မှာပဲ…"


လျိုကျီယု : "...."


သူမယခင်တုန်းက ဤဘတ်ဂျက်ခရီးသွားကြမယ်အစီအစဉ်တွင်ပါမည့်အစား ဘဝခြင်းလဲလှယ်သည့်အစီအစဉ်သာ သွားရောက်ရိုက်ကူးမည်ဟု ပြောခဲ့ဖူးသည်။ သို့သော်လည်း သူမ၏ရှေ့ဖြစ်ဟောမှာ ထိုမျှမှန်ကန်နေလိမ့်မည်ကိုမူ သူမမထင်မိထားခဲ့ချေ။ ယခုအခြေအနေနှင့်ဆိုပါက ထိုသောက်ကျိုးနည်းဘဝခြင်းလဲလှယ်သည့်အစီအစဉ်နှင့် မည်မျှကွာခြားနေတော့မည်နည်း….


လူတိုင်းမှာ နွားလှည်းပေါ်သို့ တောင့်တင်းနေသောမျက်နှာများဖြင့် တက်လိုက်ကြသည်။ ချီရှင်းချန် သူ၏မျက်လုံးထောင့်မှာ တစ်ချက်လှမ်းကာခိုးကြည့်လိုက်ချိန်တွင် ပိုင်ရဲ့၏မျက်နှာအမူအယာမှာလည်း များစွာကောင်းမွန်မနေခဲ့ပေ။


ပိုင်ရဲ့ထံတွင် ပြင်းထန်သောဖုန်နှင့်ဓာတ်မတည့်သည့်ပြသနာရှိပြီး ၎င်းကိုညဉ့်ကောင်းကင်များအားလုံး သိကြပြီးဖြစ်သည်။ ဤကဲ့သို့ဖုန်အပြည့်ပါသည့်နွားလှည်းနှင့်ကြုံရချိန်တွင် သူ၏ဓာတ်မတည့်မှုမှာ ထမဖောက်ပါဟု မည်သူကများဆိုနိုင်ပါမည်နည်း….


ချီရှင်းချန် သူ၏အပေါ်ဝတ်ဂျာကင်ကိုချွတ်ကာ မျက်တောင်တစ်ချက်မခတ်ဘဲ လှည်းပေါ်တွင်ခင်းလိုက်ပြီးနောက် " ပိုင်ရဲ့ကော ဒီမှာသစ်သားစလေးတွေရှိတော့ သတိထားထိုင်နော်…"


ချီရှင်းချန် သူ၏စကားကို ရွာသားများကြားသွားချိန်တွင် သူတို့၏မာနများ နာကျင်သွားမည်ကိုစိုးသဖြင့် ဖုန်များရှိနေသည်ဟု မပြောခဲ့ချေ။ ထိုအတွက်ကြောင့်ပင် ပိုင်ရဲ့သည်လည်း တိတ်တဆိတ်သာနေခဲ့သည်။ ကံကောင်းစွာဖြင့် ချီရှင်းချန် အကြောင်းပြချက်တစ်ခုရှာနိုင်သွားသောကြောင့် ပိုင်ရဲ့ အသိအမှတ်ပြုကာ ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ပြီး နေရာတွင်ဝင်ထိုင်လိုက်သည်။


ရွာသို့သွားသည့်လမ်းမှာ အလွန်ဆိုးဝါးလှပြီး တစ်နာရီကျော်မျှ ထပ်ခါတလဲလဲသွားလာပြီးနောက်တွင် ဧည့်သည်တိုင်းမှာ ရွာသူကြီး၏ရုံးခန်းသို့ ကျန်းဒုတိယမှ လိုက်ပို့ချိန်တွင် သူတို့၏တင်ပါးများကိုသာ ကိုင်ထားကြရသည်။ ရွာသူကြီး၏ရုံးမှာ ရွာအဝင်ဝတွင်တည်ရှိပြီး စတုရန်းပေအနည်းငယ်သာကျယ်ဝန်းသည့်အတွက် သူသာအိမ်သို့မပြန်ပါက ဤလူအုပ်ကြီးမှာအခန်းထဲတွင် ဆန့်နိုင်မည်မဟုတ်ချေ။


ဒါရိုက်တာကျောက်မှ ဧည့်သည်များကိုတန်းစီခိုင်းလိုက်ပြီး " ယန်ရှန်းရွာရဲ့ ပတ်ပတ်လည်တောင်တန်းနဲ့ကျေးရွာတွေက ဒီတစ်ခေါက်ခရီးစဉ်ရဲ့ အဓိကလည်ပတ်ရမဲ့ခရီးသွားနေရာတွေပဲ… အခုချိန်ကစပြီး မနက်ခင်းတိုင်းကို မစ်ရှင်တွေထုတ်ပြန်သွားမှာပါ…မစ်ရှင်တစ်ခုပြီးရင်တော့ စိန်ခေါ်မှုကအောင်မြင်တယ်ပေါ့… ကျဆုံးမယ်ဆိုရင်တော့ ခရီးစရိတ်ထဲကနေယွမ်နှစ်ထောင်နုတ်သွားပါလိမ့်မယ်…"


" နှစ်ထောင်လား…" ဒါရိုက်တာ၏စည်းမျဉ်းများကို နားထောင်ပြီးနောက် ထောင်ထောင်မနေနိုင်တော့ဘဲ ဆန္ဒပြလိုက်မိသည် " ကျွန်မတို့မှာ အခုဆိုယွမ်လေးထောင်ကျော်လေးပဲရှိတော့တာ…နှစ်ခါအနှုတ်ခံရပြီးတာနဲ့ အားလုံးဆုံးရှုံးကုန်မှာမဟုတ်ဘူးလား…"


ဒါရိုက်တာကျောက်မှ ပုခုံးတွန့်ကာပြောလိုက်သည် " မင်းတို့အားလုံးမစ်ရှင်တွေကို ရွေးချယ်လို့ရတယ်လေ…"


" အဲဒါတွေက ဘယ်လောက်ခက်မလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ…"


" ဘယ်လောက်ပဲခက်ခက်ပါ ဒီ‌တစ်ခေါက်တော့ မင်းတို့ကိုအကူအညီခေါ်ပေးထားပါတယ်လေ…" ဒါရိုက်တာမှ ရယ်လျက် " ငါတို့ရဲ့ယာယီဧည့်သည်ကတော့… အိုးး ပြောရင်းဆိုရင်းနဲ့ အချိန်ကိုက်ရောက်လာတာပဲ…"


မှန်ပြတင်းပေါက်လေးမှနေ၍ ပိန်ပါးသောအမျိုးသားတစ်ဦးမှာ ဗီဒီယိုကင်မရာများစီသို့ စကားပြောနေသည်ကို မြင်လိုက်ရသည့်အတွက် လူတိုင်းမှာလည်ပင်းကိုဆန့်ကာ အပြင်ဘက်သို့ကြည့်လိုက်ကြသည်။


ထိုအချိန်၌ ချီရှင်းချန်တစ်ဦးတည်းသည်သာ ခေါင်းပေါ်မှ ရေအေးများလောင်းချခံရသကဲ့သို့ စကားတစ်လုံးမှ မပြောနိုင်အောင် ဖြစ်သွားရလေသည်။