အပိုင်း၂၁
Viewers 38k

Chapter 21


ကျိုးယွီကို ရိုက်ကူးရေးထဲမှ ဖယ်ထုတ်ထားနိုင်ဖို့ သူများစွာညှစ်ထုတ်၍ ကြိုးစားထားခဲ့ရသော်လည်း သူတားဆီးချင်သည့်အရာများမှာ ကျရှုံးနေမြဲဖြစ်ကာ ဖြစ်လာရမည့်အရာများမှာ ဖြစ်လာနေဆဲပင်ဖြစ်သည်။


သူဘယ်လိုပဲလုပ်လုပ် မူရင်းဇာတ်ကြောင်းကို မပြောင်းလဲနိုင်သည်မှာ ဖြစ်နိုင်မလား…


ကျိုးယွီ သူ၏ဘယ်လက်လက်တွင် အနီရောင်ရီမိုဝတံဆိပ်လက်ဆွဲသေတ္တာကိုဆွဲလာပြီး ညာဘက်ပုခုံးတွင် ဂူချီအိတ်ကိုလွယ်ကာ ခေါင်းအစခြေအဆုံးဘယ်လန်စီယာဂါ၏အမျိုးသားဝတ်များကို ဝတ်ဆင်ထားပြီး သူ၏ခြေထောက်တွင် ညစ်ပတ်နေသည့်ရှိုးတစ်ရံဖြင့် လိုက်ဖက်ညီစွာတွဲစပ်ထားခဲ့သည်။


ကျိုးယွီ၏ရုပ်ရည်နှင့်ကိုယ်ဟန်မှာ မဆိုးလှကြောင်း ချီရှင်းချန် ဝန်ခံရပေမည်။ မဟုတ်ပါက ချီယွီကျီးတစ်ယောက် ကျိုးယွီကို ကြွေသွားလိမ့်မည်မဟုတ်ချေ။


ကျိုးယွီ ခြံဝန်းထဲသို့ဝင်လာပြီးနောက် ပြုံးနေသည့်ဒါရိုက်တာကျောက်နှင့် ရိုရိုသေသေလက်ဆွဲနှုတ်ဆက်လိုက်သည်။


ဒါရိုက်တာကျောက်မှ " သူ့နာမည်ကတော့ ကျိုးယွီတဲ့… နော်ရာအင်တာတိန်းမန့်က မော်ဒယ်တစ်ယောက်ပဲ ပိုင်ရဲ့နဲ့ရှင်းရှင်းကတော့ သူ့ကိုသိတယ်မလား…"


" အိုးးး ဟုတ် ဟုတ်တာပေါ့…"


ပိုင်ရဲ့မှာ ပြန်မဖြေခဲ့ပေ။ ချီရှင်းချန်သည်သာ စက်ရုပ်တစ်ရုပ်ကဲ့သို့ ဝတ်ကျေတန်းကျေပြန်ဖြေပေးလိုက်ရသည်။


" တစ်ချိန်တည်းမှာပဲ သူက ချမ်ကျိုးကလာတဲ့သူတစ်ယောက်ဖြစ်နေတယ်လေ…" ဒါရိုက်တာမှဆက်ပြောလိုက်သည် " သူကနိုင်ငံရဲ့ဒီဘက်အပိုင်းနဲ့ပိုရင်းနှီးတာမလို့ ဒီကဓလေ့ထုံးတမ်းတွေကို နားမလည်တဲ့သူရှိရင် သူ့ကိုမေးလို့ရတယ်…"


" ဒါပေါ့ ဒါပေါ့… ကျေးဇူးပြုပြီး ဒီတစ်ပတ်အတွင်း ကြည့်ရှုစောင့်ရှောက်ပေးကြပါဦး…" ကျိုးယွီမှ သံယောင်လိုက်ကာ ပြောလိုက်သည်။


ပရိုဂရမ်၏ပထမအပိုင်းတွင် ပရိသတ်များမှ ဧည့်သည်များကို သေသေချာချာသိသွားချိန်တွင် ဒုတိယအပိုင်းတွင် ထိုဧည့်သည်များကိုထပ်ခါတလဲလဲမြင်နေရခြင်းကြောင့် ကြည့်ရှုသူများမငြီးငွေ့နိုင်စေရန်အတွက် လူသစ်များထည့်ကြစမြဲပင်ဖြစ်သည်။


ယာယီဧည့်သည်ရွေးချယ်ရာတွင် ပုံမှန်အားဖြင့် နာမည်ကျော်တစ်ဦးကို ရွေးချယ်ကြမည်ဖြစ်သော်လည်း ကျိုးယွီဤနေရာသို့ရောက်လာနိုင်ခြင်းမှာ ချီယွီကျီး၏ထောက်ပံ့ပေးမှုကြောင့်ပင် ဖြစ်ရပေမည်။


ဒါရိုက်တာ၏ညွှန်ကြားမှုအပြီးတွင် ဧည့်သည်များမှ ပျော်ရွှင်စွာဖြင့် တစ်ယောက်ပြီးတစ်ယောက်မိတ်ဆက်လိုက်ကြပြီး ကျိုးယွီလူတိုင်းကို အလွန်‌ယဉ်ကျေးစွာလက်ဆွဲနှုတ်ဆက်နေကာ ထောင်ထောင်၏အလှည့်သို့ရောက်လာခဲ့သည်။


ထောင်ထောင်ပေါ့ပေါ့ပါးပါးပြုံးလျက် " ကျွန်မကိုဒီအတိုင်းထောင်ထောင်လို့ပဲခေါ်လို့ရပါတယ်…"


[ လျှပ်စီးတစ်ချက်လက်သွားချိန်၌ ကျိုးယွီ ထောင်ထောင်၏အပြုံးကြောင့် မိန်းမောသွားခဲ့ရသည်…ထိုအချိန်မှာပဲ အချစ်ဆိုသည့်အရာမှာပေါ်ထွက်လာကာ ကျိုးယွီ ထောင်ထောင့်ကို ချစ်မိသွားလေပြီ…]


ဤသည်မှာ ည၏မက်မွန်ဝတ္ထုမှ မူရင်းစာကြောင်းဖြစ်ပြီး ချီရှင်းချန် ၎င်းကိုအပြည့်အဝမှတ်မိနေခဲ့သည်။


မူရင်းဇာတ်ကြောင်းမှပုံရိပ်များ ချီရှင်းချန်၏မျက်လုံးထဲတွင်ဖြတ်ပြေးနေစဉ် ကျိုးယွီမှာမူ ထောင်ထောင်ကိုကြည့်ကာ လုံးဝအသိစိတ်ကင်းမဲ့နေပြီဖြစ်သည်။ ထိုအရာမှာ ဝတ္တုထဲတွင် ပရိုဂရမ်၏ပထမဆုံးအပိုင်း၌ ဖြစ်ပေါ်လာရမည့်အရာဖြစ်သော်လည်း ယခုအချိန်တွင် ဘတ်ဂျက်ခရီးသွားကြမယ်အစီအစဉ်၏ဒုတိယပိုင်းတွင် ဖြစ်ပေါ်လာခဲ့သည်။


ချီရှင်းချန် အံတင်းတင်းကြိတ်ကာ သူ့ကိုယ်သူလူနှစ်ယောက်အကြားအလျင်အမြန်ဝင်ရပ်လိုက်ပြီးနောက် ရင်းနှီးချင်ယောင်ဆောင်၍ ကျိုးယွီ၏လက်မောင်းကိုပုတ်ကာ ပြောလိုက်သည် 


" ယွီကော… အစ်ကို ဒီကိုမလာခင်မှာတောင်ကျွန်တော့်ကို ကြိုမပြောဘူးနော်…"


ကျိုးယွီ အံ့ဩသွားရသည်။ သူ့ထံတွင်ချီရှင်းချန်ကိုဆက်သွယ်နိုင်မည့်အချက်အလက်များမှ ရှိမနေဘဲ မည်ကဲ့သို့များ ကြိုပြောနိုင်မည်နည်း…


ထို့နောက်ချက်ချင်းဆိုသလိုပင် အတွေးတစ်ချက်လက်သွားခဲ့သည်။ ချီရှင်းချန်မှာ သူနှင့်ရင်းနှီးချင်ယောင်ဆောင်နေပုံပင်…


ဘတ်ဂျက်ခရီးသွားကြမယ်အစီအစဉ်တွင် ပါဝင်ပြီးနောက် ချီရှင်းချန်၏ကျော်ကြားမှုမှာ မိုးထိအောင်ထောင်တက်သွားခဲ့လေရာ ကျိုးယွီညဘက်အိမ်မက်များထဲတွင်ပင် ထည့်မက်ပြီးကူကယ်ရာမဲ့စွာ နိုးထခဲ့ရလေသည်။ အကယ်၍သာ ချီရှင်းချန်၏နေရာတွင် သူသာဖြစ်ခဲ့ပါမူ အခြေအနေမှာ မည်သို့များဖြစ်‌နိုင်ပါမည်နည်း….


သူသေချာပေါက် ချီရှင်းချန်ထက်ပိုကောင်းအောင် ဖျော်ဖြေနိုင်မယ်မလား…


ယခုအချိန်တွင် သူ့ထံ၌ ဖန်အရေအတွက်အားဖြင့် သန်းအချိုးလည်းရှိနေပြီဖြစ်ကာ ပလက်ဖောင်းအကြီးစားမှ ဝဘ်ဒရမ်မာတစ်ခုကိုလည်း ကိုင်ထားရပြီ ဖြစ်သောကြောင့် ဂြိုလ်တုမှလွှင့်သည့်ရှိုးတွင်လည်း ပါနိုင်နေပြီ ဖြစ်နိုင်လေမလား…


ချီရှင်းချန်သည်သာ သူ၏လမ်းကြောင်းကိုပိတ်ဆို့ခဲ့သူဖြစ်သည်။ သို့သော်လည်းကံကောင်းစွာဖြင့် လွန်ခဲ့သောရက်အနည်းငယ်အတွင်း သူချီယွီကျီးကို ဆက်တိုက်ပူဆာကာ သူမ၏အဆက်အသွယ်ကိုသုံး၍ သူ့ကိုထည့်ပေးရန်တောင်းဆိုနိုင်ခဲ့သည်။


ယခုအချိန်မှာ သူ၏လက်စားချေရမည့်အချိန်ဖြစ်‌သည့်အတွက် ကျိူးယွီပြန်လည်တိုက်ခိုက်ရပေတော့မည်။ ကျိုးယွီ နှုတ်ခမ်းတစ်ချက်တွန့်ကာ မြွေတစ်ကောင်ကဲ့သို့ပြုံးလျက် ပြန်ဖြေလိုက်သည် 


" အစ်ကိုကလည်း မင်းအလုပ်များနေမှာစိုးလို့ မဆက်သွယ်ရဲတာပါ…ရှင်းရှင်း မတွေ့တာကြာပြီနော်…."


ယာယီဧည့်သည်ကို ကြိုဆိုလိုက်ကြပြီးနောက် ဘတ်ဂျက်ခရီးသွားကြမယ်အစီအစဉ်၏ဒုတိယအပိုင်းမှာ တရားဝင်စတင်ပြီဖြစ်သည်။ ထို့အတူပင် သူတို့၏ပထမဆုံးဦးစားပေးဆောင်ရွက်ရန်မှာလည်း ယခင်တစ်ခေါက်ကဲ့သို့ တည်းခိုရန်နေရာရှာဖွေခြင်းဖြစ်လေသည်။


ကျန်းယွင်ဖေး ယခင်အောင်းစလုဗ်ရွာကကဲ့သို့ပင် ရွာထဲမှလယ်တောအိမ်တစ်လုံးငှားလိုက်မည်ဟု တွေးနေသော်လည်း ချီရှင်းချန်မှ သူ့ကိုတားဆီးလိုက်သည် " ယွင်ဖေးကော ကျွန်တော့်ကို တစ်ချက်ကြိုးစားခွင့်ပေးပါလား… ဘယ်သူပြောနိုင်မလဲ ကျွန်တော်တို့ပိုက်ဆံချွေတာလို့ရရင်ရမှာပေါ့…"


" မင်းကဘယ်လိုလုပ်မလို့တုန်း…"


" ကျွန်တော် ကျန်းဒုတိယစီ စကားသွားပြောတာကိုပဲ စောင့်နေပေးပါ…"


ထို့နောက် ချီရှန်းချန် ကျန်သည့်လူများကိုဘေးတွင်ခဏစောင့်ခိုင်းလိုက်ကာ ကျန်းဒုတိယ၏အိမ်ခြံဝန်းထဲသို့ ပြေးဝင်သွားလိုက်သည်။


ရွာသားများထဲတွင် ရွာသူကြီးမရှိချိန်၌ အရေးကြီးဧည့်သည်များကို ကြိုဆိုရလောက်အောင် ယုံကြည်စိတ်ချနိုင်သူတစ်ဦးဖြစ်သည့်လောင်ကျန်း၏မိသားစုမှာ ယန်ရှန်းရွာထဲတွင် အချမ်းသာဆုံးဖြစ်သည်။


တောက်ပနေသည့်အလင်းရောင်အောက်တွင် ခြံဝန်းမှာကျယ်ဝန်းပြီး အသစ်စက်စက်အုတ်အိမ်ကို မြောက်၊တောင်နှင့်အနောက်ဘက်တည်နေရာအတိုင်း ဆောက်လုပ်ထားကာ အရှေ့ဘက်တွင်တံခါးများကို ဖွင့်လှစ်ထားပြီး တံခါးဝတွင်မူ ကောင်းမွန်စွာကျွေးမွေးထားသောအဝါရောင်ခွေးကြီး‌နှစ်ကောင်စောင့်နေခဲ့သည်။


ချီရှင်းချန် ခြံဝန်းထဲသို့ဝင်လာပြီးနောက် မအော်ပြောခင် သဘောကျစွာခေါင်းငြိမ့်လိုက်ကာ " ဦးလေးကျန်း…"


" အိုက်ယိုး…" ကျန်းဒုတိယမှာ ဧည့်သည်များကိုခေါ်ဆောင်ကာ ရွာသူကြီးရုံးထဲသို့ပို့ပေးပြီးနောက် အိမ်ပြန်လာ၍ မြင်းများကိုအစာကျွေးနေခြင်းဖြစ်သည်။ ချီရှင်းချန်နှင့်ကင်မရာမန်းအုပ်လိုက်ကြီးဝင်လာသည်ကို မြင်လိုက်ရချိန်တွင် ချက်ချင်းဆိုသလို သူ၏လက်ထဲမှမြင်းစာများကို ဘေးသို့ပစ်ချလိုက်ပြီး " လူကြီးမင်းရောက်လာတာပဲ…"


" ကျွန်တော်က လူကြီးမင်းမဟုတ်ပါဘူး… ဒီအတိုင်းရှင်းရှင်းလို့ပဲ ခေါ်လို့ရပါတယ်…" ချီရှင်းချန် ရိုးသားစွာပြုံးလျက်ဖြင့် " ဦးလေးကျန်း ကျွန်တော်ဦးလေးနဲ့တစ်ခုလောက်ဆွေးနွေးချင်လို့ပါ…"


" ဘာပြသနာလဲဟ…"


" ကျွန်တော်တို့ဧည့်သည်ခုနစ်ယောက်က ဒီကိုအလျင်စလိုလာခဲ့ရတော့လေ… တည်းခိုဖို့နေရာမရှိတာနဲ့ အဲဒါ ဦးလေးတို့စီမှာပဲ ရက်နည်းနည်းလောက် တည်းလို့ရနိုင်မလား…"


ကျန်းဒုတိယ၏မျက်နှာမှာ ချက်ချင်းဆိုသလို ဆုံးရှုံးသွားမည့်ပုံပေါ်နေခဲ့သည်။ သူ၏ခြံဝန်းမှာ ကြီးမားလှသော်လည်း သားနှင့်ချွေးမဖြစ်သူတို့မှာလည်း အတူတကွနေထိုင်နေကြသည်ဖြစ်ရာ ဤမျှလူအုပ်ကြီးသာရုတ်တရက်ထပ်တိုးလာပါလျှင် နေရာထိုင်ခင်းအတွက် အဆင်မပြေရုံသာမက ကျွေးမွေးရန်ပါးစပ်ပေါက်များလည်းတိုးလာမည်ဖြစ်သောကြောင့် သူ့အတွက်ဒုက္ခများစေလိမ့်မည်။


ချီရှင်းချန် ကျန်းဒုတိယ၏အတွေးများကို မြင်နေရသောကြောင့် ခေါက်ထိုင်ခုံလေးကိုယူကာ သူ၏အနားတွင်ထိုင်ချလိုက်ပြီး ရိုးသားမှုအပြည့်နှင့် ရင်ဖွင့်သည့်အမူအယာကို ဖော်ဆောင်လိုက်သည် " ဦးလေးကျန်း ကျွန်တော်တို့ဒီမှာဘာလာလုပ်လဲဆိုတာ သိတယ်မလား…"


" သိတယ်လေ အစီအစဉ်တစ်ခုလာရိုက်ကြတာမဟုတ်လား…"


" ဒါဆိုရင် ရွာသူကြီးက ဦးလေးတို့ကို ဘာလို့လူစုလူဝေးနဲ့လာကြိုခိုင်းလဲဆိုတာ သိမှာပဲ…"


ကျန်းဒုတိယမှ ခေါင်းငြိမ့်လိုက်ပြီး " ပြောတာတော့ မင်းတို့နဲ့လက်တွဲပြီး ဒီကခရီးသွားနေရာတွေကို ကြော်ငြာပေးလို့ရမယ်တဲ့…ပိုက်ဆံပိုရဖို့အတွက် လယ်တောအိမ်တွေကို စပြီးမြှင့်တင်ပေးလို့ရတာပေါ့… ပြီးတော့ ဟိုဟာဒီဟာလေးတွေလဲပါမှာပေါ့…"


" ဒါကအမှန်ပဲလေ ဦးလေးကျန်းရဲ့…" ချီရှင်းချန် ကျန်းဒုတိယ၏အနားသို့ကပ်သွားကာ အသံကိုနှိမ့်ကာပြောလိုက်သောကြောင့် သူနှင့်အတူပါလာသည့်ကင်မရာမန်းမှာလည်း မကြားရသည့်အတွက် ကျန်းဒုတိယ၏အနားသို့ တိုးကပ်သွားလိုက်ရသည်။


ချီရှင်းချန် အသံတိုးတိုးဖြင့် အနားကပ်၍ ပြောလိုက်လေသည် " ဒါဆိုရင် ဒီလိုအရေးကြီးဧည့်သည်တွေကို ရွာသူကြီးရုံးခန်းထဲမှာ ဒီအတိုင်းပစ်ချထားလိုက်တာက သင့်တော်မယ်လို့ဦးလေးထင်လား…"


ကျန်းဒုတိယမှ ခေါင်းခါလိုက်ပြီး ခိုင်မာစွာငြင်းဆိုလိုက်သည် " ဘယ်‌သင့်တော်ပါ့မလဲ…"


" ဒါဆို နည်းနည်းလောက်တွေးကြည့်ပါဦး… ဘာလို့ရွာသူကြီးကကျွန်တော်တို့ကို ဦးလေးအိမ်ကိုခေါ်သွားခိုင်းတာထက် ရွာရုံးခန်းမှာပဲ ထားထားရတာလဲလို့…ဦးလေးရဲ့အိမ်က သေချာပေါက်ကို ရွာထဲကအကောင်းဆုံးအိမ်ပဲလေ…ပြီးတော့ ရွာသူကြီးရဲ့ခြံဝန်းထက်လည်း ကျယ်သေးတယ်…တကယ်ဆို ဧည့်သည်တွေတည်းခိုဖို့အတွက်အသင့်တော်ဆုံးနေရာတစ်ခုဖြစ်နေတာလေ…နောက်ပြီး ငွေရှာဖို့အတွက် လယ်တောအိမ်ပြန်ပြင်ဆောက်ဖို့လည်း အကောင်းဆုံးဖြစ်နေသေးတာ…"


ချီရှင်းချန် ငွေရှာရန် ဟူသောနောက်ဆုံးစကားလုံးနှစ်လုံးကို အလေးပေးပြောလိုက်လေသည်။


ချီရှင်းချန်နှင့်အတူလိုက်ပါလာသည့်ရိုက်ကွင်းလက်ထောက်မှာ ကိုယ့်ဘာသာတွေးတောနေမိသည်။ ပရိုဂရမ်တွင်ပါဝင်သည့်ဧည့်သည်များကို ကြုံရာနေရာတွင်ချထားပေးရန်မှာ သူတို့ရိုက်ကူးရေးအဖွဲ့မှတောင်းဆိုထားခြင်းဖြစ်ပြီး အကယ်၍သာ သူတို့ရွာသားတစ်ဦး၏အိမ်ကိုလက်ခံလိုက်ပါက ခရီးစရိတ်များကို တိုက်ရိုက်ပင်ချွေတာနေသလို ဖြစ်သွားပြီမဟုတ်လား…ဤသို့ဆိုလျှင် သူတို့၏ရိုက်ကူးမှုပုံစံနှင့်ကိုက်ညီတော့မည်မဟုတ်ချေ။


သို့သော်လည်း လောင်ကျန်းမှာမူ အတွင်းထဲမှပုံပြင်ကို သတိမထားမိသေးချေ။ သူ၏အိုမင်းနေသည့်မျက်နှာကြီးကိုရှုံ့တွလျက်သာ အတွေးလွန်နေခဲ့သည်။


" အိုးးးး ငါသိပြီ…"


ခဏအကြာတွင် လောင်ကျန်းမှ ပေါင်ကိုရိုက်ကာ အံကြိတ်၍ပြောလိုက်သည်


 " ဘယ်လိုရွာသူကြီးလဲ…သူမင်းတို့အားလုံးကိုသူ့အိမ်မှာသွားနေခိုင်းတာက ကိစ္စပြီးတာနဲ့ သူကဒီလယ်တောအိမ်ကိုနာမည်ကြီးအောင်လုပ်ပြီး နောက်ပိုင်းကြရင် ဒါနဲ့ပိုက်ဆံရှာတော့မှာ…"


" အိုက်ယိုးးး ဦးလေးကျန်း အသံနည်းနည်းလျော့ပါ စိတ်လျော့ပါဦး…" ချီရှင်းချန် ပဟေဠိဆန်စွာပြုံးလိုက်ပြီးနောက် မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် " ဒါကဦးလေးပြောတာနော်…ကျွန်တော်ပြောတာမဟုတ်ဘူး… ဟီးဟီး ကျွန်တော်ဘာမှမပြောဘူးနော်…"


ကျန်းဒုတိယမှ ခေါင်းငြိမ့်ပြလိုက်ပြီး ဒေါသတကြီးဖြင့် ဟောဟဲလိုက်နေခဲ့သည်။ သူမထင်ထားမိသည့်အချက်မှာ ရွာမှာထိုခွေးအိုကြီးမှာ ဤမျှသစ္စာဖောက်မည်ကိုပင်။ ကောင်းသည့်အရာတစ်ခုပေါ်လာသည်နှင့် သူ့အတွက်သာတကယ်ကြီးယူထားရဲလေသည်။


ထို့နောက် သူချီရှင်းချန်၏ပုခုံးကိုပုတ်ကာ ပြောလိုက်သည် " ရှောင်ရှင်းရှင်း ဘာမှစိတ်မပူနဲ့… မင်းကဦးလေးအပေါ်အရမ်းကောင်းတော့ ဦးလေးလည်းမျက်နှာလွှဲခဲပစ်မလုပ်ပါဘူး…မင်းတို့ ဒီမှာပဲကြိုက်သလောက်နေလို့ရတယ်…ဦးလေးက မင်းတို့စားဖို့နေ့တိုင်းဝက်တစ်ကောင်သတ်ပေးဦးမှာ…"


" မလို… မလိုပါဘူး…ကျွန်တော်တို့အားလုံးက အနုပညာရှင်တွေဆိုတော့ ဝိတ်ချရတယ်လေ အသားများများမစားကြပါဘူး…" ကျန်းဒုတိယကို လိမ်ညာပြောပြီးနောက် ချီရှင်းချန် အနည်းငယ်ရှက်နေမိသည်။ သူမည်သည့်စိတ်ဖြင့် တစ်စုံတစ်ယောက်၏ဝက်ကိုစားရဲမည်နည်း။


 " ကျွန်တော်တို့ကို ဒီအတိုင်းလယ်ထဲကထွက်တဲ့အသီးအရွက်တွေနဲ့ဟင်းနည်းနည်းလုပ်ပေးရင် ရပါပြီ…"


" ဒါလေးနဲ့ဘယ်ရပါ့မလဲ… မဟုတ်လည်း မင်းတို့ကြက်သားနဲ့ငါးတော့စားလို့ရမှာပါ… ဦးလေးအိမ်မှာငါးကန်ရှိတယ်လေ…"


" ဟုတ်ပါပြီ ဟုတ်ပါပြီ… ဒါပေမယ့် ဦးလေးအရမ်းတော့မရက်ရောပါနဲ့နော်…ဟဟ…"


ချီရှင်းချန်နှင့်ကျန်းဒုတိယတို့နှစ်ဦး ပုခုံးချင်းတိုက်ကာ ကြင်နာတတ်သောဦးလေးနှင့်တူအရင်းကဲ့သို့ သံယောင်လိုက်၍ပြောနေသည်ကို မြင်နေရချိန်တွင် ရိုက်ကွင်းလက်ထောက်မှာ အမှန်တကယ်ကို ရယ်ချင်နေမိသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့အားလုံးမှာ ပရော်ဖက်ရှင်နယ်ဆန်မှုကိုတွေးကာ ရယ်ချင်စိတ်ကို အတင်းအကြပ်ဖိနှိပ်ထားရသည့်အတွက် လူတိုင်းမှာ မျက်နှာများနီမြန်းနေခဲ့သည်။


မော်နီတာအခန်းတွင်းရှိ ဒါရိုက်တာနှင့်လက်ထောက်ဒါရိုက်တာတို့မှာမူ ရယ်ချင်စိတ်ထက် ငိုချင်စိတ်မှာပို၍များနေလေသည်။


" လက်ထောက်ဒါရိုက်တာလီ…" ဒါရိုက်တာကျောက်မှာ သူ၏ဆံပင်များကို ဒေါသတကြီးဆုပ်ကိုင်လိုက်ပြီး " ဒီကလေးက ငါ့ကိုဒုက္ခပေးဖို့ကောင်းကင်ဘုံ‌ကပို့ပေးလိုက်တာပဲဖြစ်ရမယ် ဟုတ်တယ်မလား…သူတကယ်ကြီးကို လူတွေကြားသွေးခွဲတဲ့နည်းလမ်းကို သိနေတာပဲ…"


လက်ထောက်ဒါရိုက်တာလီမှာမူ ဆက်လက်၍ရှင်သန်ရန်အသက်မကျန်တော့သကဲ့သို့ကြည့်ကာ " မိုက်တယ်ကွာ… တကယ်ကိုသောက်ရမ်းမိုက်လွန်းနေတာ…ဒီလူကြီးက အဲဒီကလေးစားခဲ့တဲ့ထမင်းထက်တောင် ဆားပိုစားခဲ့တာကို ဘယ်လိုလုပ်ပြီး အလွယ်တကူလှည့်စားခံလိုက်ရတာလဲ…သူကကျန်းမိသားစုကို မျက်နှာပေးသလိုလုပ်နေတာကိုတောင် အခုထိမြင်ယောင်နေသေးတယ်…. သူကဝက်တွေကိုသတ်ပြီး ငါးတောင်စားချင်သေးတာ…ဒါကြီးက သောက်ကျိုးနည်းကို…. မင်းကိုရောင်းမဲ့လူအတွက် ငွေကူရေပေးတာမျိုးဖြစ်နေပြီမဟုတ်ဘူးလား…"


" အိုက်ယားးး သူတို့ကိုရွာခံတွေရဲ့အိမ်မှာ အလကားနေလို့မရဘူးလို့ သတိမပေးခဲ့မိတဲ့ငါ့ကိုပဲအပြစ်တင်လိုက်ပါတော့ကွာ…"


" ဒါရိုက်တာကြီးကိုအပြစ်မတင်ပါဘူးဗျာ… ဘယ်သူကများ အဲဒီသောက်စွန်းဝူခုံးလေးက ဒီလိုလုပ်မယ်လို့ထင်မိမှာလဲလို့…"


ဒါရိုက်တာများ၏မိမိကိုယ်ကိုနက်နက်ရှိုင်းရှိုင်းအပြစ်တင်နေချိန်တွင် ကျန်းဒုတိယမှာမူ အိမ်၏အနောက်နှင့်မြောက်ဘက်ရှိနေရာလွတ်များကို ဧည့်သည်များတည်းခိုရန်အတွက် တက်ကြွစွာသန့်ရှင်းရေးလုပ်နေပြီဖြစ်သည်။


လူတိုင်းမှာ အခန်းထဲတွင် နေနိုင်ရန်အတွက် သန့်ရှင်းရေးလုပ်နေကြပြီး မိန်းကလေးများကိုမူ မီးဖိုချောင်သုံးပစ္စည်းများဆေးကြောရန်အတွက် စေလွှတ်လိုက်သည်။ ကျန်းယွင်ဖေး အိမ်ထဲရှိကြမ်းပြင်ကို တံမြက်စည်းလှည်းနေချိန်အတွင်း အံ့ဩတကြီးဖြင့် ချီရှင်းချန်ကို မေးလိုက်မိသည်


 " ရှင်းရှင်း မင်းဘယ်လိုလုပ်ပြီး ဦးလေးကျန်းကို စည်းရုံးနိုင်သွားတာလဲ…"


" ကျွန်တော်မကောင်းတဲ့အရာတစ်ခုလုပ်ခဲ့မိတာ…" 


ချီရှင်းချန် ကင်မရာဘက်သို့လှည့်ကာ လူထု၏ရှေ့တွင်ဝန်ခံလိုက်သည်


 " ကျွန်တော်ဒါကို ရှိုးရဲ့အကျိုးသက်ရောက်မှုအတွက် စဉ်းစားပြီးလုပ်မိခဲ့တာဆိုပေမယ့် မင်းတို့ကတော့ ကျွန်တော့်ကိုဥပမာယူပြီး ဒီကရွာသားတွေကို လှည့်စားလို့မရဘူးနော်…ဒီအပိုင်းရိုက်ပြီးသွားရင်လည်း ကျွန်တော်က ရွာသူကြီးနဲ့ရွာသားတွေစီသွားပြီး အရာအားလုံးကိုရှင်းပြမှာပါ… သူတို့ကိုလျော်ကြေးပေးပြီး ခွင့်လွှတ်မှုကိုလည်း တောင်းခံသွားပါမယ်…"


ထိုသို့ပြောလိုက်ပြီးနောက် ချီရှင်းချန် သူ၏မျက်လုံးကို ပိုင်ရဲ့ထံသို့တစ်ချက်ခိုးကြည့်လိုက်သည်။


ပိုင်ရဲ့မှာ အိပ်ရာများကိုပြင်ဆင်ရန်အတွက် တာဝန်ကျပြီး လက်ရှိတွင်အိပ်ရာခင်းထည့်ထားသည့်ဗီဒိုများကို ရှင်းလင်းနေခဲ့သည်။ စောင်နှင့်ထိနေသည့်သူ၏လက်မောင်းမှာ တောင့်တင်းနေကာ ပိုင်ရဲ့၏မျက်ခုံးများမှာ မသိမသာတွန့်ချိုးနေသည်။


ချီရှင်းချန် တိတ်တဆိတ်သာသက်ပြင်းချလိုက်ရသည်။ ကျန်းမိသားစုအိမ်၏အခန်းနှစ်ခန်းမှာ အချိန်အတော်ကြာမည်သူကမျှအသုံးမပြုခဲ့ကြခြင်းကြောင့် အိပ်ရာခင်းများမှာ စိုစွတ်နေနိုင်သည်။


သူ၏အတုအယောင်အိုင်ဒေါမှာ အစစ်အမှန်အိုင်ဒေါကဲ့သို့ပင် အထိမခံနိုင်သည့်အသားအရေရှိနေခြင်းကြောင့် အိပ်ချိန်တွင် အဖုများမထပါဟု မည်သူမှမပြောနိုင်ပေ။


ချီရှင်းချန် သန့်ရှင်းရေးပစ္စည်းများကိုပစ်ချကာ ခြေဖျားထောက်၍ ခိုးထွက်လာခဲ့သည်။ ကင်မရာမန်းမှာမူ ယခုမှတင်ပါးပူရုံသာထိုင်ရသေးသော်လည်း ရွေးချယ်စရာမရှိဘဲ ချီရှင်းချန်၏နောက်သို့ မျက်ရည်များဖြင့် ပြေးလိုက်သွားရလေသည်။