အပိုင်း၂၂
Viewers 38k

Chapter 22

ခြံဝန်းထဲတွင် သန့်ရှင်းရေးလုပ်နေသည့်ကျိုးယွီမှ သူ့ကို‌မြင်လိုက်ချိန်တွင် ချက်ချင်းဆိုသလို ပြေးလာခဲ့သည် " ရှင်းရှင်း ဘယ်သွားမလို့လဲ…"

" ကျွန်တော်တစ်ချက်လောက်ပတ်ကြည့်မလို့ပါ…"

ယခုလေးတင် ချီရှင်းချန်မှာ နေရာထိုင်ခင်းအတွက် မျက်နှာကောင်းရအောင် လုပ်ခဲ့ပြီးပြီဖြစ်သောကြောင့် ဤတစ်ကြိမ်တွင်လည်း ထိုသို့ထပ်လုပ်၍ မျက်နှာသာရလိုခြင်းဖြစ်နိုင်ပေမည်။ သို့ဖြစ်ရာ ကောင်းသည့်အရာအားလုံးကို ချီရှင်းချန်ထံသို့သာ ဤအတိုင်းမပေးလိုက်နိုင်ပေ။ ကျိုးယွီအလျင်အမြန်တွေးတောလိုက်ပြီးနောက် ပြုံးလျက်ပြောလိုက်သည် 

" ဒီလိုဆိုရင် ငါလည်းမင်းနဲ့အတူလိုက်ခဲ့‌မယ်လေ…အတော်ပဲ ဒီရွာရဲ့ဓလေ့ထုံးတမ်းတွေကို တစ်ချက်ကြည့်‌ချင်နေတာ…"

ချီရှင်းချန် ကျိုးယွီကိုကြည့်ကာ ပြုံးလျက် ‌" ကောင်းပါပြီ…" ဟုသာပြောလိုက်ရသည်။ သူဤပြသနာကောင်ကို ဖယ်ထုတ်ရမည်ဆိုသော်ငြား သင့်တော်သည့်နည်းဗျူဟာတစ်ခုမရှိသေးသည်ဖြစ်ရာ ယခုအချိန်တွင်မူ စောင့်ဆိုင်းနေရန်သာ တတ်နိုင်လေသည်။

သူတို့နှစ်ဦးသား ရွာလယ်လမ်းမလမ်းလျှောက်ထွက်လာခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော် အချို့သောလူများမှာ တောင်အနီးတွင်နေထိုင်ကြကာ အချို့မှာမူ တောင်နှင့်အဝေးတွင်နေထိုင်ကြခြင်းကြောင့်ပင်။ ဤနေရာရှိရွာသားများမှာမူ ကြွက်နားရွက်မှိုများ၊မှိုများနှင့် အခြားသောတောင်ပေါ်မှရသည့်ပစ္စည်းများကို နေခြောက်လှန်းနေကြသည်။ ချီရှင်းချန်မှာ ထိုသူများကိုကြည့်ကာ လျောက်သွားနေပြီး တစ်စုံတစ်ရာကို ရှာဖွေနေပုံပင်။ ကျိုးယွီ သူ၏စိတ်ထဲတွင် နှာခေါင်းရှုံ့မိသည်။ ထင်ထားတဲ့အတိုင်းကို ဒီကောင်ရဲ့ရည်ရွယ်ချက်က ဖြူစင်မနေဘူးပဲ…

သူတို့ရွာ၏အရှေ့ဘက်အဆုံးထိလျှောက်ကြပြီးနောက် ချီရှင်းချန် သူ၏ခြေလှမ်းများကိုရပ်တန့်လိုက်ကာ ရွာလမ်း၏နောက်ဆုံးခြံဝန်းထဲသို့ ဝင်သွားလိုက်သည်။

သိသိသာသာပင် ၎င်းခြံဝန်းမှာ အလွန်သန့်ရှင်းသပ်ရပ်နေပြီး စိုက်ပျိုးရေးသုံးပစ္စည်းများကို အသေအချာစီရီထားသည်။ ခြံဝန်း၏ဘယ်ဘက်မှညာဘက်အထိ ရှည်လျားသောအဝတ်တန်းကြီးကို ချိတ်ဆွဲထားကာ သိသိသာသာတောက်ပြောင်နေသည်အထိ လျှော်ဖွတ်ထားသော မွေ့ယာအချို့၊မွေ့ယာခင်းများနှင့် အိပ်ရာခင်းများကို လေထဲတွင်အခြောက်ခံထားခဲ့သည်။

ချီရှင်းချန် အထဲသို့ဝင်သွားချိန်တွင် ၎င်းအိပ်ရာခင်းများမှာ နေရောင်အောက်တွင် ခြောက်နေပြီးပြီဟု ခံစားမိလိုက်ရသဖြင့် အိမ်ထဲသို့ လှမ်းခေါ်လိုက်သည် " ဟယ်လို လူရှိလားဗျ…"

ခဏအကြာတွင် အသက်ငါးဆယ်ခန့်ရှိမည့်အမျိုးသမီးမှ ‌ဟင်းချက်ယောက်မကြီးကိုကိုင်ကာ ထွက်လာခဲ့သည်

 " ဘယ်သူ့ကိုရှာနေတာပါလဲ…"

" မင်္ဂလာပါ အန်တီရေ…ကျွန်တော်တို့က ဒီမှာရိုက်ကူးရေးလာလုပ်တဲ့သူတွေပါ…" ထိုအမျိုးသမီးမှာ ဟင်းချက်ရင်းတန်းလန်းဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ချီရှင်းချန် အချိန်မဖြုန်းတော့ဘဲ တိုက်ရိုက်သာပြောလိုက်သည်

 " ဒီအိပ်ရာခင်းကို ရောင်းနိုင်မလားလို့ မေးချင်လို့ပါ…"

၎င်းမှာ ရုတ်တရက်ဆိုသလို ကျိုးယွီကို ဉာဏ်အလင်းပွင့်သွားစေသည်။ ကြည့်ရသည်မှာ ချီရှင်းချန် ကျန်းမိသားစုအိမ်မှအိပ်ရာခင်းကို သဘောမတွေ့ခြင်းကြောင့် စောင်ရှာရန်ထွက်လာပုံပင်။

" ရှင်းရှင်း…" ကျိုးယွီ နောက်ဆုံးတွင် အခွင့်အရေးတစ်ခုကို ဖမ်းဆုပ်နိုင်သွားပြီဖြစ်ခြင်းကြောင့် ကပျာကယာပြောလိုက်သည်

 " ဘာလို့ရုတ်တရက်ကြီးစောင်ဝယ်ချင်တာလဲ…ဦးလေးကျန်းရဲ့အိမ်ကစောင်တွေကို ညစ်ပတ်တယ်လို့ ခံစားရလို့လား…"

" မဟုတ်ပါဘူး… ဦးလေးကျန်းအိမ်ကစောင်တွေကသိမ်းထားတာကြာပြီဆိုတော့ စိုထိုင်းထိုင်းဖြစ်နေမှာစိုးလို့ပါ…"

" တောင်ပိုင်းမှာ ဒီလိုခပ်ထိုင်းထိုင်းဖြစ်တာက ထုံးစံပါပဲ…ဘာလို့မင်းလိုအရွယ်ရောက်နေတဲ့ ယောင်္ကျားလေးကဒီလောက်ပျော့ဖတ်နေရတာလဲ…ငါ့ကိုပဲကြည့်လေ.. ဒီမှာမွေး ဒီမှာပဲကြီးလာပေမယ့် ‌အခုထိကောင်းကောင်းရှင်သန်နေတယ်မလား…အိပ်ရာခင်းကတစ်စုံလုံးဆို အရမ်းဈေးကြီးမှာနော်… ငါတို့မှာခရီးစရိတ်လည်းအကန့်အသတ်ရှိနေတာ မလိုတာတွေကို မသုံးပဲနေရအောင်လား…"

ချီရှင်းချန်မှာ ကိုးရိုးကားယားနိုင်သည့်အခြေအနေအတွင်း ကျရောက်သွားရသည်။ ယခုအချိန်တွင် ကျိုးယွီမှာ အဖွဲ့အတွက်စဉ်းစားပေးနေဟန်ဆောင်နေသည့်အတွက် သူသာ‌စောင်ဝယ်ရန် ဆက်လက်ခေါင်းမာနေခဲ့ပါက သူ့ကိုဆန့်ကျင်သူများထံမှ အပိုင်းပိုင်းဆုတ်ဖြဲခံရပေလိမ့်မည်ပင်။

သို့သော်လည်း သူပိုင်ရဲ့အတွက်အိပ်ရာခင်းရှာဖွေနေသည့်အချက်ကိုမူ မဖော်ထုတ်လိုက်နိုင်ပေ။ ဤနေရာတွင် ပိုင်ရဲ့၏အမှားကိုစောင့်ကြည့်နေကြသူအများအပြားလည်းရှိနေလေရာ ပိုင်ရဲ့မှ သူ၏အကျိုးအတွက် အခြားသူများကိုခိုင်းစေနေသည်ဟူသောကောလဟာလမျိုးထွက်မလာပါဟု မည်သူမှမပြောနိုင်ပေ။

ချီရှင်းချန်တို့နှစ်ဦးမှာ နေရာတွင်အချိန်တစ်ခုမျှ ရပ်နေမိကြသည်။ သူတို့နှစ်ဦးကိုကြည့်နေသည့်အမျိုးသမီးကြီးမှာ အခြေအနေကို သဘောပေါက်သွားသဖြင့် လက်ကိုယမ်းကာ ပြုံးလျက်ပြောလိုက်သည် 

" ကလေး ဘယ်အိပ်ရာခင်းပဲကြိုက်ကြိုက် ဒီအတိုင်းသာယူသွားချည်…အန်တီကပိုက်ဆံမလိုချင်ပါဘူး…မင်းမပြန်ခင် လာပြန်ပို့ပေးနိုင်နေသရွေ့ အဆင်ပြေပါတယ်…"

" ဒါပေမယ့်လည်း…"

" ဘာမှမဖြစ်ဘူး… ဘယ်လိုပဲဖြစ်ဖြစ် ငါတို့မိသားစုမှာလည်း လူနှစ်ယောက်ပဲရှိတာ ဒီလောက်အိပ်ရာခင်းတွေမလိုပါဘူး…ဒီအတိုင်းလိုချင်တာသာ ယူသွားပါ…"

ပိုက်ဆံမကုန်ဘဲ စောင်တစ်ထည်ရလိုက်ခြင်းမှာ ပို၍ကောင်းမွန်နေသည့်အပြင် ကျိုးယွီ၏ပါးစပ်ကိုလည်း ပိတ်လိုက်နိုင်ပြီဖြစ်သည်။ ချီရှင်းချန် ကျိုးယွီကို ဆက်လက်၍အဖက်လုပ်မနေဘဲ နေရောင်အောက်တွက်လှန်းထားသည့်စောင်များထဲမှ အခြောက်ဆုံးတစ်ထည်ကိုသာ ရွေးယူလိုက်သည်။ သူစောင်ကို အောက်သို့ဆွဲချကာယူနေစဉ်အတွင်း အမျိုးသမီးကြီးကို လှမ်း၍စကားပြောလိုက်လေသည် 

" ကျွန်တော်ယူသွားပြီး ပြန်မပေးမှာကော မစိုးရိမ်ဘူးလားဗျ…"

" မစိုးရိမ်ပါဘူး…မင်းရဲ့မျက်လုံးတွေက ကြည်လင်ပြီးတောက်ပနေတာ…တစ်ချက်ကြည့်ရုံနဲ့တင် မင်းကကြင်နာတတ်တဲ့ကလေးတစ်ယောက်မှန်း သိသာပါတယ်…"

ချီရှင်းချန် သူ၏ပယင်းရောင်မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ရှက်ရွံ့နေသည့်အပြုံးတစ်ခုပြန်ပေးလိုက်ချိန်တွင် သူ၏မျက်လုံးများမှာ တလက်လက်တောက်ပနေခဲ့သည်။

သူနှင့်လိုက်ပါလာသည့်ရိုက်ကွင်းလက်ထောက်မှ ရင်ဘတ်ကိုအုပ်ကာ တီးတိုးရေရွတ်လိုက်ရသည် " သောက်ကျိုးနည်း ဒီစွန်းဝူခုန်းကတော့ သူ့ရဲ့ဆွဲဆောင်မှုတွေကို ဖွင့်ထုတ်နေပြန်ပြီ… ဒီတစ်ခါလည်း ရည်ရွယ်ချက်ကောင်းမဲ့ပုံတော့မရဘူး…"

သို့သော်လည်း ဤတစ်ကြိမ်တွင်မူ သူ၏ခန့်မှန်းချက်မှာ မှားယွင်းခဲ့သည်။ ချီရှင်းချန်မှ စောင်ကိုခေါက်ကာ သူ၏ပုခုံးပေါ်တွင်တင်လိုက်ပြီးနောက် ယဉ်ကျေးစွာမေးလာခဲ့သည် 

" အန်တီ ကျွန်တော့်နာမည်က ချီရှင်းချန်ပါ… ရှင်းရှင်းလို့ခေါ်လို့ရပါတယ်…အန်တီ့ကိုကော ဘယ်လိုခေါ်လို့ရမလဲဗျ…"

" ဒါဆိုလည်း အန်တီစွန်းလို့ပဲခေါ်ပါကွယ်…" မုဆိုးမစွန်းမှပြောလိုက်သည်။

ချီရှင်းချန်မှ " ကောင်းပါပြီ… အန်တီစွန်းရဲ့ စောင်အတွက် ကျေးဇူးတင်ပါတယ်နော်…ကျွန်တော်တို့က ဒီမှာခုနစ်ရက်နေမှာပါ…ဒီခုနစ်ရက်အတွင်း အကူအညီလိုအပ်မယ်ဆိုရင် အားနာမနေဘဲ လိုက်ရှာလို့ရပါတယ်…ကျွန်တော်က ဖရဲသီးခူးတာတို့ အသီးအရွက်လှီးတာတို့ မီးလုံးလဲတာတို့ အိမ်သာသန့်ရှင်းရေးလုပ်တာတို့ကို ဘာပဲဖြစ်ဖြစ်  လုပ်တတ်ပါတယ်…"

" အိုက်ယိုး အရမ်းတော်တာပဲ ကောင်းတယ် ကောင်းတယ်…"

မုဆိုးမစွန်းမှာ ဟင်းချက်၍မပြီးသေးသည့်အတွက် ချီရှင်းချန် သူမကိုဆက်လက်၍ဒုက္ခမပေးတော့ချေ။ သူ သူမကိုကျေးဇူးတစ်ခေါက်ထပ်တင်လိုက်ပြီး စောင်ကိုသယ်ကာ ထွက်လာလိုက်သည်။

သူခြေနှစ်လှမ်းမျှသာ လှမ်းရသေးသော်လည်း အနောက်မှ လိုက်လာသံကို မကြားရသေးချေ။

သူအမှန်တကယ်ပင် တစ်ယောက်တည်းပြန်သွားချင်မိသော်လည်း လက်ရှိတွင် ကင်မရာများရှိနေသေးသည်ဖြစ်ရာ သူတုန့်ဆိုင်းတုန့်ဆိုင်းဖြင့်သာ ရင်းနှီးချင်ယောင်ဆောင်လိုက်ရပြီး ကျိုးယွီကို လှမ်းကြည့်လိုက်သည် " ယွီကော…"

ထိုအချိန်မှသာ ကျိုးယွီ သူခံစားနေရသောအရှက်ရမှုမှ ရုန်းထွက်လာနိုင်ပြီး သူ၏မျက်နှာအမူအယာမှာ ဝမ်းချုပ်ထားသလိုဖြစ်နေခဲ့သည်။

ချီရှင်းချန် ကျန်းမိသားစုအိမ်သို့ပြန်ရောက်ချိန်တွင် လူတိုင်းမှာသန့်ရှင်းရေးလုပ်ပြီးကြပြီဖြစ်ကာ ဧည့်ခန်းတွင်ထိုင်၍ ယနေ့ညတွင် ဘာစားကြမလဲဆိုသည်ကို စဉ်းစားနေကြသည်။

ပိုင်ရဲ့မှာမူ ထိုသို့သောအရာမျိုးတွင် စိတ်မဝင်စားသည့်အတွက် ပျင်းရိမှုကြောင့် ပြတင်းပေါက်ဘောင်ကိုမှီကာ အပြင်ဘက်သို့သာ ကြည့်နေခဲ့သည်။

ရုတ်တရက်‌ဆိုသလို တံခါးဝတွင် လူတစ်ယောက်ပုန်းလျိုးဝှက်လျိုးဖြင့် ဝင်လာသည်ကို မြင်လိုက်ရပြီး ထိုသူမှာ တောက်ပသည့်အဖြူရောင်အစကြီးကို ပုခုံးပေါ်တွင်ထမ်း၍ အပေါက်ဝမှ အဝါရောင်ခွေးကို မျက်စိမှိတ်ပြလိုက်ကာ ရှူးတိုးတိုးဟု လက်ဟန်ခြေဟန်ဖြင့်ပြောလိုက်သည်။

ထိုသူ၏လှုပ်ရှားပုံများမှာ သံသယဝင်စရာကောင်းလှပြီး အကြည့်တစ်ချက်နှင့်ပင် လူကောင်းတစ်ယောက်ဟုတ်ပုံမရချေ။

ယခင်ခရီးစဉ်ကဲ့သို့ သူခိုးဖြစ်နေမည်ကို စိုးသဖြင့် ပိုင်ရဲ့အပြင်ထွက်ကာ တစ်ချက်ကြည့်လိုက်သည်။ သို့သော်လည်းအဆုံးတွင် ထိုသူမှာ ခွေးဝါကြီးနှင့် ညှိနှိုင်းဆွေးနွေးပြီးနောက် အပေါ်သို့မော့ကြည့်လာခဲ့လေသည်။

လက်တစ်ဝါးစာပဲရှိတဲ့မျက်နှာသေးသေးလေးရယ် ဖြူဖျော့ဖျော့အသားအရေနဲ့မျက်ရစ်တစ်ထပ်… ဒါကချီရှင်းချန်မဟုတ်ဘူးလား…

ပိုင်ရဲ့မျက်နှာသေဖြင့်ကြည့်နေစဉ်အတွင်း ချီရှင်းချန် စောင်ကိုပုခုံးပေါ်တွင်ထမ်းကာ သူ၏အခန်းထဲသို့ လှစ်ခနဲပြေးဝင်သွားပြီးနောက် ငါးမိနစ်အကြာတွင် ဧည့်ခန်းထဲ၌ မည်သည့်အရာမှမဖြစ်ပျက်ခဲ့သည့်ပုံဖြင့် ပြန်ပေါ်လာခဲ့သည်။

ကျန်းယွင်ဖေးမှ မေးလာခဲ့သည် " ရှင်းရှင်း ခုနကသန့်ရှင်းရေးလုပ်နေတုန်းတန်းလန်းကြီး ပြေးထွက်သွားတာ ဘယ်သွားတာလဲ…"

" အိမ်ထဲမှလှောင်ပိတ်နေလို့ လေနည်းနည်းရှုရအောင်လို့ပါ…"

" ကောင်းပါလေ့ ဘယ်လိုတောင်သန့်စင်တဲ့လေလဲနော်…" ကျိုးယွီမှနှာခေါင်းရှုံ့လိုက်ပြီး " မင်းကသိသိသာသာကြီးကို စောင်သွားရှာတာလေ…"

လျိုကျီယုလည်း သိချင်သွားသည် " စောင်သွားရှာတာလား… ဘာလို့စောင်သွားရှာရတာလဲ…"

ကျိုးယွီ ဟမ့်ခနဲနှာမှုတ်လိုက်ပြီး " ဘာဖြစ်လို့လဲ‌ဆိုတော့ သူကအထိမခံရွှေပန်းကန်လေးဖြစ်နေတာမလို့လေ…"

ကျိုးယွီ၏ပြောဟန်မှာ ထူးဆန်းကာရက်စက်နေပုံပေါ်သည့်အတွက် နေရာတွင်ရှိနေသည့်လူတိုင်းမှာ တစ်စုံတစ်ရာမှားယွင်းနေသည်ကို သိနိုင်ခဲ့သည်။ ထို့ကြောင့် လောချိုးမန်လည်း စကားလမ်းကြောင်းကို တမင်တကာ လွှဲလိုက်လေသည် 

" ငါတို့ဘာလို့လောင်ကျန်းရဲ့ဥယျာဉ်ခြံထဲကို တစ်ချက်လောက်သွားမကြည့်ရမှာလဲ… ဟင်းသီးဟင်းရွက်နည်းနည်းလောက် ကိုယ်တိုင်သွားခူးလို့ရတာပေါ့…"

နာမည်ကျော်အများစုမှာ ဤကဲ့သို့လယ်ယာစိုက်ပျိုးရေးရှိုးများတွင် ပါဝင်ခဲလှသဖြင့် လောချိုးမန်ပြောသည်ကို ကြားလိုက်ရချိန်တွင် လူတိုင်းမှာ ပျော်ရွှင်စွာဖြင့် ကိုယ်စီကိုယ်စီအခန်းသို့ပြန်သွားကြကာ ခြံထဲနှင့်သင့်တော်မည့်ဘောင်းဘီရှည်များကို လဲလှယ်လိုက်ကြသည်။

ပိုင်ရဲ့၏အကြည့်မှာမူ သူ၏အခန်းစီသို့ သုတ်ခြေတင်သွားနေသည့်ချီရှင်းချန်၏အပေါ်တွင်သာ ကျရောက်နေခဲ့သည်။

ဒဏ်ရာရနေသည်ကိုပင် ဖွင့်မပြောသည့် သူ၏ဖန်ငယ်လေး၏စိတ်ထားအရဆိုလျှင် အိပ်ရန်လိုအပ်သော သန့်ရှင်းသည့်စောင်ကို သီးသန့်သွားရှာရလောက်သည်အထိ ဆတ်ဆတ်ထိမခံဖြစ်နေမည်လော…

ထို့နောက် ချက်ချင်းဆိုသလိုပင် သူ့ကိုယ်သူအဖြေပြန်ပေးလိုက်သည်… အင်းး ဒီလောက်နူးညံ့နေတဲ့နောက်ကျောကအသားအရေနဲ့ဆိုရင်တော့ ဖြစ်နိုင်လောက်ပါတယ်လေ…

လက်ရှိအချိန်မှာ အသီးအနှံများ၏အကောင်းဆုံးရင့်မှည့်ချိန်ဖြစ်ခြင်းကြောင့် လူတိုင်းမှာ ပျော်ရွှင်‌စွာခူးဆွတ်နေကြသည်။ လောင်ကျန်းမှ ထမင်းစားရန်လှမ်းခေါ်လာချိန်တွင် သူတို့ခူးဆွတ်ထားသောအရာများနှင့် အားလုံးမှာတုန့်ဆိုင်းစွာ ပြန်လာကြရလေသည်။

အမျိုးသမီးကြယ်ပွင့်များ၏ခူးဆွတ်မှုများမှာ တည်သီးများ၊သခွားသီးများနှင့် အခြားဟင်းသီးဟင်းရွက်များဖြစ်ကြပြီး ညစာအတွက်အသင့်တော်ဆုံးပင်ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ လက်ဗလာနှင့်ချီရှင်းချန်မှာ လောင်ကျန်း၏အနီးတွင်ထိုင်ကာ ရင်းနှီးစေရန်အတွက် အရက်ငှဲ့ပေးရင်းစကားစမြည်ပြောဆိုနေခဲ့သည်။ ထိုအမူအရာဖြင့်ဆိုပါက ချီရှင်းချန်မှာ လောင်ကျန်း၏သားအရင်းထက်ပင် ပို၍နီးစပ်ပုံပေါက်နေခဲ့သည်။

လူတိုင်းမှာ ကြည်နူးစွာကြည့်နေကြသော်လည်း ဒါရိုက်တာကြီးနှင့်လက်ထောက်ဒါရိုက်တာတို့မှာမူ ဦးရေပြားများထုံကျင်သွားသည်အထိ တဗျင်း‌ဗျင်းကုတ်ကာ ထိုစွန်းဝူခုန်းလေးမှ မည်သည့်မကောင်းသောအရာထပ်မံ၍ကြံစည်ဦးမလဲဆိုသည်ကို တွက်ချက်ကြည့်နေကြသည်။

ကံကောင်းစွာဖြင့် ချီရှင်းချန်မှာ ရွာ၏အခြေအနေကို နားလည်စေရန် ကြိုးစားနေခြင်းသာဖြစ်နေခဲ့သည်။ ထိုထမင်းတစ်ခါစားစာအချိန်လေးအတွင်းမှာပင် ချီရှင်းချန် ယန်ရှင်းရွာအကြောင်းကို နှံ့နှံ့စပ်စပ်သိရှိသွားရပြီဖြစ်ကာ ရွာသူကြီးမိသားစုမှခွေးသည် တောရိုင်းခွေးနှင့်စပ်မွေးထားသည်ကိုပင် သိရှိသွားခဲ့သည်။

လောင်ကျန်း၏အိမ်မှာ ကျယ်ဝန်းတွင် တစ်ဖြတ်စီတွင် သုံးလေးခန်းမျှဆောက်လုပ်ထားသည်ဖြစ်ရာ ဤတစ်ကြိမ်တွင်မူ လူတိုင်းမှာ အခန်းမျှသုံးရန်မလိုတော့ချေ။

ညအချိန်တွင် ချီရှင်းချန် ခြံဝန်းထဲမှအသံများကိုကြားနိုင်ရန်အတွက် နားကျယ်ကျယ်စွင့်ထားခဲ့သည်။ ခြံထဲတွင် အော်မြည်နေသောပုရစ်သံများသာ ကြားရသောအချိန်၌ ချီရှင်းချန်ထ၍ ယနေ့ငှားရမ်းလာသောစောင်ကိုယူကာ ပိုင်ရဲ့၏အခန်းကို တံခါးခေါက်လိုက်သည်။

ပိုင်ရဲ့တံခါးဖွင့်လိုက်ချိန်တွင် ရှည်လျား‌သောအဖြူစောင်ပုံကြီးကို မြင်လိုက်ရပြီး သေးငယ်သောခေါင်းကလေးမှာ စောင်ကြားထဲမှ ပြူထွက်နေသည်ကို တွေ့လိုက်ရသည်။

ထိုခေါင်းကလေးမှ အသံတိုးတိုးဖြင့် ပြောလာခဲ့သည်
 " ဘာမှမမေးဘဲ ကျွန်တော့်ကို အရင်ပေးဝင်ပါဦး…"

"... အမ်း…"

ပိုင်ရဲ့ကိုယ်ကိုစောင်းပေးလိုက်ပြီး ချီရှင်းချန်အတွက်လမ်းဖယ်ပေးလိုက်သည်။

ချီရှင်းချန်စောင်ကိုယူကာ တစ်ယောက်အိပ်ကုတင်စီသို့ သွားလိုက်သည်။ ထို့နောက် ကုတင်ပေါ်မှအိပ်ရာခင်းများကိုဆွဲမကာ ဘေးတွင်စုပုံလိုက်ပြီး အောက်ခြေမှမာကျောသောအိပ်ရာကို ထုတ်ဖော်လိုက်လေသည်။

ချီရှင်းချန်စောင်အသစ်ကို ကုတင်ပေါ်တွင်ထိုးသိပ်ကာ နေရာချလိုက်ပြီး စိုထိုင်းနေသောစောင်အဟောင်းကိုခေါက်လိုက်သည်။ ထို့နောက် သူ၏လက်မှဖုန်များကိုခါလိုက်ပြီး " ကျွန်တော်က အဖြူရောင်စောင်တွေမကြိုက်လို့လေ…အဲဒါကဆေးရုံကအိပ်ရာခင်းကြီးလိုပဲ…ဒီအပြာလေးကမှပိုကောင်းသေးတယ်…ပိုင်ရဲ့ကော ကျွန်တော်တို့လဲကြရအောင်လား…"

ကြည့်ရသည်မှာ သူ၏ဖန်ငယ်လေးစောင်အပြေးသွားရှာရသည့်အကြောင်းသည် သူ့ကြောင့်ပင်ဖြစ်နိုင်ပေမည်။ ပိုင်ရဲ့ခဏမျှတောင့်ခဲသွားပြီးနောက် မျက်ခုံးတစ်ဖက်ကိုပင့်ကာ ပြောလိုက်သည် 

" မင်းလဲပြီးနေပြီပဲ မဟုတ်ဘူးလား…"

ချီရှင်းချန် : "...."

ချီရှင်းချန် သူ့ကိုရှာတွေ့သွားကြမည်စိုးသဖြင့် ဝင်လာလာခြင်းမှာပင် စောင်များကိုလဲလှယ်လိုက်ပြီး ပိုင်ရဲ့ကို ဦးစွာမေးရန်ကိုမူ မေ့လျော့သွားခဲ့သည်။ အကယ်၍သာ တစ်ဖက်လူမှ မလဲချင်ဘူးဆိုပါက သူ၏လုပ်ရပ်မှာ ကောင်းမွန်သောရည်ရွယ်ချက်ဖြင့်လုပ်ခဲ့သည်ဆိုသော်လည်း ထိုအစား မကောင်းသည့်အရာဖြစ်သွားပြီ မဟုတ်ပါ၏လော…

ချီရှင်းချန် အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်နေခဲ့သည်။ ချီရှင်းချန် ကျဆုံးသွားသည်ကို မြင်လိုက်ရသည့်အတွက် ပိုင်ရဲ့ ထိုကောင်ငယ်လေးကို လွှတ်ပေးလိုက်သည်။ သူ၏နှုတ်ခမ်းထောင့်မှ တစ်ချက်ကော့တက်သွားကာ အပြုံးဖျော့တစ်ချက်ကို ထုတ်ဖော်လိုက်ပြီး " ဘယ်လိုတောင်တိုက်ဆိုင်တာလဲ…ငါကလည်း အဖြူရောင်ကို ပိုသဘောကျတာလေ…"

ချီရှင်းချန် အဆုံးတွင် သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး လုံးလုံးစိတ်ချသွားနိုင်ပြီဖြစ်သည်။

" ဒါဆိုရင် ကျွန်တော်ဒီစောင်အပြာကိုယူသွားလိုက်မယ်နော်…" ချီရှင်းချန် လဲလှယ်ထားသည့်စောင်ကို ကောက်ယူလိုက်ပြီး " ဒါနဲ့ ဒီနေ့ညကိစ္စကို ဘယ်သူ့မှမပြောပါနဲ့နော်…"

ချီရှင်းချန်မှာ ဝင်လာသည်နှင့်လွန်စွာသတိကြီးကြီးထားနေပြီး အသံမထွက်စေရန် အကောင်းဆုံးကြိုးစားနေခဲ့သည်။ ထို့မှသာ ပိုင်ရဲ့၏အခြေအနေကို အခြားသူများမသိနိုင်မည်ဖြစ်ပြီး သူ၏ပြသနာကြောင့် လျောက်ပြီးဒုက္ခပေးနေသည်ဟု စွပ်စွဲခံရခြင်းကို ရှောင်ရှားနိုင်မည်ဖြစ်သည်။

ပိုင်ရဲ့သည်လည်း အလွန်ပင်ပူးပေါင်းနေပေးခဲ့ကာ ချီရှင်းချန်၏အသံတိုးတိုးကို သံယောင်လိုက်၍ " ကျေးဇူးပါ တခြားသူတွေကိုတော့ မပြောပါဘူး ဒါပေမယ့်…"

ပိုင်ရဲ့ သူ၏လက်ညှိုးကိုခေါက်ကာ ချီရှင်းချန်၏နဖူးကို ဖွဖွလေးခေါက်လိုက်သည် " ငါတို့အခန်းမှာက ကင်မရာတွေရှိနေတုန်းပဲလေ…မေ့သွားပြီလား…"

ထိုကဲ့သို့ရှိုးများတွင် ပထမဆုံးပါဝင်ဖူးသည့်သနားစဖွယ် လူငယ်လေးတစ်ဦးဖြစ်သောချီရှင်းချန်မှာ ကင်မရာများရှိနေသည်ဟူသောအရာကို မကြာခဏဆိုသလို မေ့လျော့သွားတတ်သည်။ ထို့ကြောင့် သူစူပုတ်ပုတ်နှင့် အိပ်မပျော််သွားခင်အထိ အိပ်ရာထဲတွင် ဟိုဟိုဒီဒီ လျောက်လိမ့်နေမိခဲ့သည်။

ထိုအစား သန့်ရှင်းသည့်စောင်အသစ်ပေါ်တွင် လဲလျောင်းနေသည့်ပိုင်ရဲ့မှာမူ စောင်ပေါ်မှ လယ်တောဘက်၏ထူးခြားသည့်မြက်ခင်းစိမ်းနံ့လေးကို ရှုရှိုက်ကာစောစီးစွာအိပ်ပျော်သွားခဲ့သည်။