အပိုင်း၂၃
Viewers 28k

Chapter 23

နောက်တစ်နေ့ မနက်ခင်းဝေလီဝေလင်းအချိန်တွင် ကြက်ဖတွန်သံက ငိုက်‌မြည်းနေသောဧည့်သည်များကို အော်နှိုးလာခဲ့သည်။ ထိုကြက်ဖကြီးထက်ပို၍ဆိုးသည်မှာ ဒါရိုက်တာကျောက်ပင်ဖြစ်သည်။ ကျန်းမိသားစု၏ခြံဝန်းထဲတွင် လော်စပီကာကြီးကိုကိုင်ကာ တစ်ဖက်မှအခြားသောသက်လတ်ပိုင်းအရွယ်ရှိသူတစ်ဦးကို လှမ်းခေါ်လိုက်ပြီး အော်ပြောလိုက်သည် 

" အားလုံးပဲ နိုးကြပြီလား…"

" အိုက်ယိုး အိုး အိုး…" ဧည့်သည်များမှာ ပျင်းတိပျင်းရွဲ့ဖြင့် ပြန်ဖြေလိုက်သည် 

" အခုပဲ နိုးပါပြီဗျို့…"

ဒါရိုက်တာကျောက် : " ကောင်းပြီလေ ဒါဆိုရင်ဒီနေ့ရဲ့ မစ်ရှင်ကိုကြေငြာပေးပါမယ်…"

" အခုကျွန်တော့်ဘေးမှရှိနေတဲ့သူကတော့ လောင်ထျဲတဲ့…ပန်းကန်ဆေးဘေစင်တွေ ဟင်းချက်ယောက်မတွေနဲ့ အခြားအိမ်သုံးပစ္စည်းတွေကို အထူးသီးသန့်ပြုလုပ်ပေးတဲ့ပန်းပဲဆရာတစ်ယောက်ပဲ…မင်းတို့ရဲ့ဒီနေ့မစ်ရှင်ကတော့..  လာပါ‌ဦး ရှောင်လီရေ…"

အသံကိုကြားလိုက်ရပြီးနောက် ရိုက်ကွင်းလက်ထောက်ဖြစ်သူရှောင်လီမှ ကားထားသည့်နေရာမှ သုံးဘီးဆိုင်ကယ်လေးတစ်စီးဖြင့် ဖြည်းဖြည်းချင်းမောင်းလာခဲ့သည်။ အပေါ်ဘက်ရှိပွင့်‌ဟနေသော သိုလှောင်နေရာတွင်မူ အမျိုးမျိုးသောသံနှင့်ပြုလုပ်ထားသည့်အိမ်သုံးပစ္စည်းများရှိနေခဲ့လေသည်။

" မင်းတို့ရဲ့ဒီနေ့မစ်ရှင်ကတော့ လောင်ထျဲနဲ့ဈေးကိုသွားပြီး ဒီသံထည်တွေကိုရောင်းချဖို့ပါပဲ…မင်းတို့များများရောင်းလေလေ မစ်ရှင်ပြီးမြောက်နှုန်းက ပိုမြင့်လေလေ ဖြစ်ပါလိမ့်မယ်…"

မစ်ရှင်ပြီးမြောက်မှုနှုန်းဟူသော မရင်းနှီးသည့်အသုံးအနှုန်းကြောင့် ကျိုးယွီမှ မေးလိုက်‌သည် " မြင့်တာနဲ့နိမ့်တာနဲ့က ဘာကွာသွားတာလဲ…"

" တကယ်လို့သာ မစ်ရှင်ပြီးမြောက်မှုနှုန်းက ၅၀ရာခိုင်နှုန်းအောင်ကို လျော့နေမယ်ဆိုရင်‌ မစ်ရှင်ကျရှုံးတယ်လို့ သတ်မှတ်မှာပါ… ၅၀ရာခိုင်နှုန်းကျော်မယ်‌ဆိုရင်တော့ ဘောနပ်ဖြတ်တာကော နှုတ်တာကောရှိမှာမဟုတ်ဘူး… တစ်ရာရာခိုင်နှုန်းအောင်နိုင်မယ်ဆိုရင်တော့ ပြောရရင် အကုန်လုံးရောင်းထွက်သွားမယ်ဆိုရင်ပေါ့ ဒီလိုဆိုရင် မင်းတို့ကလျို့ဝှက်ဆုတစ်ခုရနိုင်လိမ့်မယ်…"

အကုန်လုံးကို… ရောင်းထွက်ရမှာလား… ဒီလောက်ကြီးတဲ့သံထည်ပစ္စည်းပုံကြီးကို… အားးး သူတို့ဘယ်လိုလုပ်ပြီးရောင်းနိုင်မှာလဲ…

ခြံဝန်းထဲတွင် ညည်းတွားသံများဖြင့် ပြည့်သွားခဲ့သည်။ မည်သည့်မိသားစုမဆို သံထည်ပစ္စည်းများကိုလိုအပ်ကြမည်ဆိုလျှင်ပင် သူတို့၏လိုအပ်မှုမှာ အကန့်အသတ်ရှိလိမ့်မည်ပင်။ ဤမျှကြီးမားသောလှည်းကြီးဖြင့်ဆိုပါက တစ်ဝက်ရောင်းဖို့ပင် မဆိုထားနှင့် ဆယ်ပုံတစ်ပုံရောင်းထွက်ရန်မှာပင် ပြသနာကြီးတစ်ခုဖြစ်နေပြီဖြစ်သည်။

လူတိုင်းညည်းညူနေကြချိန်တွင် ချီရှင်းချန်၏အမူအယာမှာလည်းများစွာကောင်းမွန်မနေပေ။ အဘယ့်ကြောင့်ဆိုသော် ယမန်နေ့ည သူလောင်ကျန်းနှင့်စကားပြောဆိုခဲ့စဉ်က လောင်ကျန်းပြောပြခဲ့သည်မှာ ရွာထဲရှိအခက်ခဲဆုံးအခြေအနေရှိသူမှ ဘေးအိမ်မှပန်းပဲဆရာဖြစ်သည်ဟုပင်။ ကြည့်ရသည်မှာ ထိုသူသည် ဤလောင်ထျဲပင်ဖြစ်လိမ့်မည်။

အကယ်၍သာ သံထည်ပစ္စည်းများအတွက် ဈေးကွက်တစ်ခုရှိနေမည်ဆိုပါက သေချာပေါက် လောင်ထျဲမှာဤမျှခက်ခဲမည်မဟုတ်ချေ။

သိသိသာသာပင် လောင်ထျဲ၏ပစ္စည်းများမှ ထင်ထားသည်ထက်ရောင်းရခက်မည်ဟူသော သက်သေပင်ဖြစ်လေသည်။

သို့သော်လည်း မည်မျှပင်ရောင်းရန်ခက်ခဲနေပါစေ သူတို့ရောင်းချရန်သွားရမည်ပင်။ ပရိုဂရမ်အဖွဲ့၏နှိုးဆော်မှုအောက်တွင် ဧည့်သည်များမှာ ကိုယ့်အထုပ်ကိုယ်ဆွဲကာ မနက်ခင်း၏ပထမဆုံးထွက်လာသည့်နေရောင်အောင်တွင် ပစ္စည်းများရောင်းချရန် ထွက်လာခဲ့ကြသည်။

ဈေးထဲတွင် ဝယ်သူများစွာမရှိသေးသည့်အတွက် လောင်ထျဲမှာ အေးအေးဆေးဆေးပင် မောင်းနှင်လာပြီး ပြုံးလျက်ပင် ပြောလာခဲ့သည် 

" ငါတို့ဆိုင်နားနီးနေပါပြီ… ငါ့သားကတော့ မင်းတို့အတွက်အီကြာကွေးနဲ့ပဲနို့ဝယ်ပေးထားမယ်တဲ့… ဈေးကြီးတဲ့အရာတော့မဟုတ်ပေမယ့် ပူပူနွေးနွေးလေးဆိုတော့ စိတ်မရှိကြပါနဲ့နော်…"

လူတိုင်းမှာ သေချာပေါက်ပင် စိတ်ရှိကြမည်မဟုတ်ချေ။ ယနေ့တွင် ခရီးစရိတ်ထဲမှ ၂၀၀၀နှုတ်မယူခံရပါဟု မည်သူကမှမပြောနိုင်လေရာ သူတို့သာတစ်နပ်စာကို ပိုက်ဆံမပေးဘဲစားနိုင်မည်ဆိုပါက တစ်နပ်ဆိုလျှင် ဆိုသလောက်သက်သာပေမည်။

ဆယ်မီတာကျော်မျှသွားပြီးနောက် သံထည်ပစ္စည်းများ ဟူသောစာလုံးကြီးကြီးဖြင့် ဈေးဆိုင်ဆိုင်းဘုတ်မှာ မြင်ကွင်းထဲသို့ ဝင်လာခဲ့သည်။ ဆိုင်းဘုတ်၏အောက်တွင် ဝါးလုံးနှစ်လုံးဖြင့် အဝတ်တစ်စကို ချိတ်ဆွဲထားပြီး ဆိုင်ခန်းကို ခင်းကျင်းထားပြီးဖြစ်သည်။ ဆိုင်ခုံပေါ်တွင်မူ ပစ္စည်းများမရှိသေးဘဲ မနက်စာခုနစ်ယောက်စာကိုသာ ပြင်ထားခဲ့သည်။

ဆိုင်ခန်း၏‌အနောက်ဘက်တွင် အသက်ဆယ့်လေးနှစ် ဆယ့်ငါးနှစ်ခန့်ရှိမည့်ကောင်လေးတစ်ယောက်မှာ ဘောပင်ကိုကိုင်ကာ တစ်စုံတစ်ခုကို ရေးခြစ်နေပုံရသည်။

" ဦးလေးထျဲ…" ချီရှင်းချန်၏မျက်ခုံးမှာ ချက်ချင်းဆိုသလို တွန့်ချိုးသွားသည်

 " ဦးလေးရဲ့သားက ကျောင်းမသွားဘူးလား…"

" သူကကျောင်းသွားရမယ်ဆိုပေမယ့် ဆရာက သူ့မိသားစုမှာကိစ္စတစ်ခုဖြစ်လို့ ခဏလောက်ပိတ်ထားမယ်တဲ့…"

" ဆရာတစ်ယောက်က မိသားစုပြသနာဖြစ်တော့ ကျန်တဲ့ဆရာတွေကကော အစားထိုးမသင်ပေးဘူးလား…" လျိုကျီယုမှာနားမလည်ခဲ့ပေ " ဒါမှမဟုတ် တစ်နေ့ကိုသင်ခန်းစာတစ်ခုလောက်ပဲ အစားသင်ပေးရင်ကော…"

" အိုက်ယိုးး မိန်းကလေးက ဒီကအခြေအနေကို နားမလည်ဘူးပဲ…ရှောင်ထျဲတို့ကျောင်းမှာက သင်္ချာနဲ့တရုတ်စာသင်ပေးတဲ့ ဆရာကတစ်ယောက်ပဲရှိတာလေ…အခုအဲဒီဆရာက မိသားစုမှာအရေးပေါ်ကိစ္စပေါ်တော့ သေချာပေါက် တက်စရာဘယ်အတန်းမှမရှိတော့ဘူးပေါ့…"

လျိုကျီယု ထိုစကားကိုကြားလိုက်ရချိန်၌ သူမ၏မျက်နှာပေါ်တွင် ရှော့ရသွားသောအရိပ်အယောင်များပေါ်လာခဲ့သည်။ သို့သော်လည်း လက်တွေ့တွင် ယန်ရှန်းရွာကဲ့သို့တောင်တန်းနားတဝိုက် ဖွံ့ဖြိုး‌စနေရာများတွင် ဤသို့သာဖြစ်မြဲဖြစ်သည်။ သင်ကြားရေးအရင်းအမြစ်များမှာ ရှားပါးလှပြီး ဆရာတစ်ဦးတွင် အလုပ်ပေါင်းများစွာရှိနေခဲ့သည်။ သင်ကြားရေးအရည်အချင်းကိုအသာထား အကယ်၍သာ ထိုဆရာမှာတစ်ရက်ခန့်မလာနိုင်ခဲ့ပါက ကျောင်းတစ်ခုလုံးထိုအတိုင်းလိုက်၍ အတန်းများကိုပိတ်ထားရမည်ဖြစ်သည်။

" ကဲ ရောက်ပါပြီ…" လောင်ထျဲမှ ပွင့်နေသည့်သိုလှောင်နေရာသို့မောင်းကာ သုံးဘီးပေါ်မှခုန်ဆင်းလိုက်ပြီးအော်ပြောလိုက်သည်

 " ရှောင်ထျဲရေ ဒီကဧည့်သည်တွေကို လာပြီးနှုတ်ဆက်လိုက်ပါဦး…"

ရှောင်ထျဲမှာ ဘောပင်ကိုချလိုက်ပြီးနောက် ဧည့်သည်အားလုံးကို နှုတ်ဆက်လိုက်ပြီး အလွန်ဖော်ရွေစွာဖြင့် မနက်စာစားရန်ဖိတ်ခေါ်လိုက်သည်။

သူတို့စစားလိုက်ချိန်တွင် ချီရှင်းချန် သူ၏မျက်လုံးကိုအနည်းငယ်စွေ၍ ရှောင်ထျဲကိုကြည့်လိုက်သည်။ ထိုကေလးက မူရင်းနေရာသို့ပြန်သွားကာ တစ်စုံတစ်ရာကိုရေးခြစ်ရင်းဖြင့် သူ၏ပါးစပ်ကိုသုတ်နေလေသည်။

ချီရှင်းချန် : " ရှောင်ထျဲရေ ဒီကိုလာပါဦး…"

" ရှင်းရှင်းကောကော…" ခေါ်လာသည်နှင့် ရှောင်ထျဲမှာ ရောက်လာခဲ့သည်။

" ဘာတွေရေးနေတာလဲ…"

" မနေ့ကအိမ်စာတွေပါ.."

" ဒါတွေအားလုံးကို ဘယ်လို‌လုပ်ရမလဲ မင်းသိလား .."

ရှောင်ထျဲမှာ ခေါင်းကိုကုတ်လိုက်ပြီး " ကျွန်တော်မတွက်တတ်တဲ့ ပုစ္ဆာတချို့တော့ရှိတယ်…"

" ကောင်းပြီလေ အစ်ကိုမင်းကိုခဏနေကြရင် ကူတွက်ပေးမယ်လေ…" ချီရှင်းချန် သူ၏ပန်းကန်ထဲမှ အီကြာကွေးကိုယူကာ " ပုစ္ဆာအတွက် အလဲအလှယ်‌အနေနဲ့ ဒါလေးကူစားပေးပါလားဟင်… ကောကောကထပ်ပြီးမစားနိုင်တော့လို့ပါ…"

ရှောင်ထျဲ၏စိတ်နေစိတ်ထားမှာ ရိုးရှင်းကာပွင့်လင်းသန့်စင်သည့်အတွက် ချီရှင်းချန်၏အလိမ္မာသုံးကာ လိမ်ညာလိုက်သည့်စကားကို သိမနေခဲ့သောကြောင့် ပျော်ရွှင်စွာဖြင့် အီကြာကွေးကိုယူကာစားလိုက်သည်။

ရှောင်ထျဲမှ မုန့်ကိုထိုးသွပ်နေသည်အား ကြည့်နေရင်းဖြင့် ချီရှင်းချန် ပျော်ရွှင်မှုနှင့်စိတ်ပူပန်မှုနှစ်မျိုးစလုံးကို ခံစားလိုက်ရပြီး ပဲနို့ကိုပါလှမ်းပေးလိုက်သည် 

" ဖြည်းဖြည်းစားနော် မသီးစေနဲ့ဦး…"

ပဲနို့ကို လှမ်းပေးနေစဉ် ရုတ်တရက်ဆိုသလို သူ၏ပန်းကန်ထဲတွင် အီကြာကွေးအပိုတစ်ချောင်းရှိနေသည်ကို ချီရှင်းချန်သတိပြုမိသွားသည်။

ချီရှင်းချန် ခေါင်းကိုစောင်းကာကြည့်လိုက်စဉ် ပိုင်ရဲ့မှာ တစ်စုံတစ်ရာကို အလေးအနက်ထားကာ စားနေပုံရပြီး သူ့ကိုမြင်ပုံမရချေ။

မနက်စာစားပြီးနောက် ချီရှင်းချန် သူ့ကတိအတိုင်း ရှောင်ထျဲကို လေ့ကျင့်ခန်းစာအုပ်ယူလာခိုင်းလိုက်သည်။

" တွက်စာတွေလား…" ကျိုးယွီ ချီရှင်းချန်၏စကားကိုကြားလိုက်သောကြောင့် အနားသို့ရောက်လာခဲ့သည်။

" မင်းကအနုပညာအထူးပြုယူထားတာမဟုတ်ဘူးလား…" ချီရှင်းချန်၏လက်ထဲမှ လေ့ကျင့်ခန်းစာအုပ်ကို ကျိုးယွီ တစ်ချက်ကြည့်လိုက်ပြီး " ဒီလိုဟာတွေလည်းသိသေးတယ်ပေါ့…"

မူလကိုယ်တွင် ဂျူနီယာကောလိပ်ဘွဲ့သာရှိသည့်အခြေအနေမှာ ကုမ္ပဏီတစ်ခုလုံးသိကြသည့်အရာဖြစ်သည်။ ချီရှင်းချန်မှာ ကလေးဘဝတွင် အလွန်အမင်းအလိုလိုက်ခံထားရပြီး နေ့စဉ်နေ့တိုင်းဆော့ကစား၍သာ နေခြင်းကြောင့် ကောလိပ်ဝင်စာမေးပွဲတွင် အဆင့်များလွန်စွာဆိုးရွားခဲ့ရကာ အဖေချီမှ သူ့ကိုနိုင်ငံခြားပညာတော်သင်စေလွှတ်ပေးချင်ခဲ့သည်။ သို့သော်လည်း ချီရှင်းချန်မှာ ပုန်ကန်တတ်သောအရွယ်သို့ရောက်နေခဲ့ပြီး မိသားစု၏ရည်ရွယ်ချက်ကောင်းများကို ငြင်းပယ်ကာ သက်မွေးဝမ်းကျောင်းကောလိပ်သို့သာ ကိုယ်တိုင်အတင်းအကြပ်လျှောက်ထားခဲ့လေသည်။

သို့တိုင်အောင် သက်မွေးဝမ်းကြောင်းကောလိပ်မှလူတိုင်း စာညံ့မည်ဟု မည်သူကပြောနိုင်မည်နည်း။ ချီရှင်းချန် ကျိုးယွီ၏စကားကိုကြားလိုက်ရချိန်၌ အနည်းငယ်မသက်မသာခံစားလိုက်ရသဖြင့် ကျိုးယွီ၏စကားများကိုလျစ်လျူရှုလိုက်ကာ ရှောင်ထျဲ၏မေးခွန်းများကိုသာ ကြည့်လိုက်သည်။

ထို့နောက် ချီရှင်းချန် စာရွက်နှင့်ဘောပင်ကို ကောက်ယူလိုက်ပြီး " ရှောင်ထျဲ မင်းဒီပုစ္ဆာကိုဖြေရှင်းတဲ့နည်းလမ်းက လွဲနေလို့ဖြစ်ရတာ… ဒါကဒီလိုလုပ်ရမှာ…"

လူတိုင်းမှာ အသိပညာကိုလိုလားကြသူများ ဖြစ်ကြလေရာ ရိုက်ကွင်းလက်ထောက်မှာ ရှောင်ထျဲ၏လေ့ကျင့်ခန်းများကို တွေ့လိုက်ရချိန်၌ မည်ကဲ့သို့ ဖြေရှင်းမည်ကို အထူးပင်သိချင်နေခဲ့သည်။ ယခုအချိန်တွင်မူ ချီရှင်းချန်၏ဖြေရှင်းသောနည်းလမ်းကို မြင်လိုက်ရချိန်တွင် ရှောင်လီမနေနိုင်ဘဲ ဆွဲဆောင်ခံလိုက်ရလေသည်။

နာမည်ကျော်အနုပညာရှင်များအိမ်စာလုပ်နေသည့်မြင်ကွင်းများကို ရှားရှားပါးပါးမြင်တွေ့ဖူးသူ ကင်မရာမန်းသည်ပင် သူ၏လည်ပင်းကိုဆန့်ကာလှမ်းကြည့်နေမိသည်။ ချီရှင်းချန် မေးခွန်းတစ်ခုကို ဖြေရှင်းပြီးနောက် စာရွက်ပေါ်တွင် မျဉ်းကြောင်းအချို့ကိုချရေးလိုက်ပြီး " ဒီလိုဆိုရင် အဖြေက… အမ် ဘာလို့အားလုံးကကျွန်တော့်ကိုပဲ ကြည့်နေကြတာလဲ…"

" ဝိုးးးး ရှင်းရှင်း မင်းကဂျူနီယာတန်းကမေးခွန်းတွေကို မှတ်မိသေးတယ်လား…" ရိုက်ကွင်းလက်ထောက်မှာ သိချင်စိတ်ပြင်းပြနေခဲ့သည်။

" ဒါကအခြေခံအကျဆုံးတွက်နည်းမဟုတ်ဘူးလား…ဒါကိုတောင်မေ့သွားရင် အဆင့်မြင့်သင်္ချာကို ကျွန်တော်ဘယ်လိုတွက်မှာလဲ…"

အဆင့်မြင့်သင်္ချာဟူသောစကားလုံးကိုကြားလိုက်ရချိန်၌ ရိုက်ကွင်းလက်ထောက်မှာ အမြီးတက်နင်းခံလိုက်ရသကဲ့သို့ သုံးပေမျှထခုန်မိသွားသည် " ရှင်းရှင်းက အဆင့်မြင့်သင်္ချာတွေကို တွက်နိုင်ဖို့အထိတောင် လေ့လာခဲ့တာလား…"

ချီရှင်းချန် : "...."

သူသည်လက်ရှိတွင် တရုတ်ပြည်၏ထိပ်တန်းဆယ်ခုဝင်တက္ကသိုလ်တစ်ခုတွင် စာလေ့လာနေသူဖြစ်ရာ အဆင့်မြင့်သင်္ချာမှာ အလွန်ခက်သောအရာဖြစ်နေပါမည်လား…

မည်သို့ပင်ဖြစ်စေ မူလကိုယ်၏ပညာရေးပြသနာများကို မဖျက်ဆီးမိစေရန်အတွက် ချီရှင်းချန်ပြန်မဖြေခဲ့ချေ။ ရှောင်ထျဲကို တွက်နည်းအနည်းငယ်မျှဆက်လက်ရှင်းပြလိုက်ပြီးနောက် မေးလိုက်လေသည်

 " ဒီမေးခွန်းရဲ့အဖြေက အရေးကြီးတာမဟုတ်ဘူး… သူ့ထက်အရေးကြီးတာက ပုစ္ဆာကိုဖြေရှင်းတာရဲ့ နောက်ကွယ်ကရည်ရွယ်ချက်ပဲ…ဘယ်လိုရည်ရွယ်ချက်ရှိလဲဆိုတာကို မှတ်မိသွားပြီလား…"

ရှောင်ထျဲမှ ခေါင်းကိုကုတ်လိုက်ပြီး " ရှင်းရှင်းကော ကျွန်တော်နည်းနည်းပိုစဉ်းစားရဦးမယ်ထင်တယ်…"

မွေးရာပါ ခွဲခြမ်းစိတ်ဖြာတတ်ခြင်းမှာ ချက်ချင်းရသွားနိုင်သည့်အရာမဟုတ်ခြင်းကြောင့်  ချီရှင်းချန် ခေါင်းညိတ်ပြလိုက်သည်။

" ဒါဆိုရင် ရှင်းရှင်းကော…" ရှောင်ထျဲမှ သတိကြီးကြီးထား၍ ယဉ်ကျေးစွာမေးလာခဲ့သည်

 " နောက်ကျ ကျွန်တော်မဖြေရှင်းနိုင်တဲ့ပုစ္ဆာတွေရှိလာရင်ကော အစ်ကို့စီကို လာမေးလို့ရနိုင်မလား…"

" ဒါပေါ့..  အစ်ကိုက လောင်ကျန်းရဲ့အိမ်မှာနေနေတာလေ… ဘယ်အချိန်ဖြစ်ဖြစ်လာမေးလို့ရတယ်နော်…"

" ဒါဆိုရင်လေ… တကယ်လို့.. ကျွန်တော့်အတန်းဖော်တွေမှာ နားမလည်တာရှိရင်ကော အစ်ကို့ကိုလာမေးလို့ရလား…"

ယန်ရှန်းရွာတွင် ကလေးမည်မျှရှိနိုင်မည်နည်း… အရေအတွက်မှာ များလှမည်မဟုတ်ချေ။ ထို့ကြောင့် ချီရှင်းချန် အမှုမဲ့အမှတ်မဲ့ဖြင့် လက်ကိုယမ်းကာပြောလိုက်မိသည် 

" ခေါ်သာလာခဲ့…"

ရှောင်ထျဲ၏အိမ်စာကို ဖြေရှင်းပြီးနောက် ဈေးထဲတွင် ဝယ်သူများတဖြည်းဖြည်းတိုးလာခဲ့သည်။ လူတိုင်းလည်းစတင်၍ လောင်ထျဲ၏ပစ္စည်းများကို ရောင်းချရန် ကူညီလိုက်ကြသည်။

မြို့တော်ရှိဈေးဝယ်စင်တာများနှင့်မတူဘဲ နျိုပမ်းမြို့၏ဈေးမှာ အပြင်ဘက်တွင်ဖွင့်သောလေဟာပြင်ဈေးမျိုးဖြစ်သည်။ ရှည်လျားသောလက်ဝါးကပ်တိုင်ပုံသဏ္ဍာန်လမ်းမှာ အစမှအဆုံးထိ ဈေးဆိုင်များဖြင့်ပြည့်နှက်နေပြီး ခေါင်းစီးကြိုးမှသည် စက်မှုလက်မှုပစ္စည်းများနှင့်လယ်ယာသုံးပစ္စည်းများအထိ ရောင်းချသောဆိုင်များစုံလင်စွာရှိလေသည်။

ဈေးမှာ တစ်ပတ်လျှင်တစ်ကြိမ်သည်သာ ဖွင့်လှစ်ခြင်းကြောင့် ဈေးသည်ငယ်လေးများမှာ ထိုနေ့ကိုသာစောင့်ဆိုင်းနေရပြီး သူတို့၏မိသားစုဝင်များ ဆက်လက်အသက်ရှင်သန်နိုင်ရန်အတွက် အဆုတ်များပွင့်လုမတတ်ပင် အော်ဟစ်ရောင်းချနေကြသည်။

ဧည့်သည်ခုနစ်ယောက်မှာ တစ်ခါမှဈေးရောင်းဖူးသူများ မဟုတ်ကြသည့်အတွက် ဘေးဆိုင်မှဖရဲသီးရောင်းသူဦးလေးကြီးကိုသာအတုယူကာ အော်ဟစ်ရောင်းချလိုက်ကြသည်။

ချီရှင်းချန် အခြေအနေကိုအကဲခတ်လိုက်ပြီးနောက် သူတို့သာဤအတိုင်းဆက်သွားနေပါက သေချာပေါက်မစ်ရှင်ကျရှူံးလိမ့်မည်ဖြစ်ကြောင်း ခံစားနေရသည်။ ထို့ကြောင့် သူ၏လက်ထဲမှသံယောက်မကို ကျန်းယွင်ဖေးထံပေးကာ " ယွင်ဖေးကော ခဏလောက်ဆိုင်ကြည့်ပေးထားပါဦး… ကျွန်တော်ဈေးထဲ တစ်ချက်ပတ်ကြည့်မလို့…"

" ငါတို့ကမရင်းနှီးတဲ့နေရာကိုရောက်နေတဲ့သူစိမ်းတွေပဲလေ… တစ်ယောက်တည်းတော့မသွားပါနဲ့…" ကျန်းယွင်ဖေးမှ ချီရှင်းချန်နှင့်ကျိုးယွီတို့မတည့်ကြောင်းကို အနည်းငယ်ခံစားမိသည့်အတွက် ပိုင်ရဲ့ကိုသာပြောလိုက်သည်

 " ရှောင်ပိုင်ကပဲ ရှင်းရှင်းကို အဖော်လုပ်ပြီး လိုက်သွားပေးလိုက်နော်…"

ပိုင်ရဲ့သည်လည်း သူ၏ဖန်ငယ်လေးကို တစ်ယောက်တည်းသွားခိုင်းခြင်းမှာ အနည်းငယ်လွယ်ကူမည်မဟုတ်ကြောင်း ခံစားနေရသည်။ အဆုံး၌ ဤသခင်ငယ်လေးမှာ သူ၏လက် သို့မဟုတ်နောက်ကျောဒဏ်ရာရသွားသည်ကိုမူ ပြောသူမဟုတ်ချေ။ ထို့ကြောင့် သူ၏ခြေထောက်ရှည်ကြီးများကိုမကာ ဦးဆောင်လိုက်ပြီး ဈေး၏အခြားတစ်ဖက်စီသို့ထွက်သွားလိုက်သည်။

ချီရှင်းချန်မှာ ပိုင်ရဲ့၏အနောက်သို့သာ မတတ်နိုင်ဘဲ လိုက်သွားခဲ့ရသည်။

သူတို့ထွက်သွားပြီးနောက် ခဏအကြာတွင် ချီရှင်းချန် စတင်၍နောင်တရလာခဲ့သည်။ သူအဘယ့်ကြောင့်များ ပိုင်ရဲ့ကိုသူနှင့်လိုက်လာခိုင်းမိသည်နည်း။ ဒါကပိုတောင်အန္တရာယ်များတာ မဟုတ်နေဘူးလား…

သူမြင်နေရသမျှအားလုံးမှာ ပိုင်ရဲ့ဖြတ်သွားချိန်တိုင်း တစ်လမ်းလုံး၏အသက်ခုနစ်ဆယ်မှသည် သုံးနှစ်သမီးအရွယ်အထိ အမျိုးသမီးများ၏မျက်လုံးများမှာ ပိုင်ရဲ့ထံတွင် ပီကေလိုကပ်နေကြခြင်းဖြစ်သည်။ 

ထိုမျှသာမက " ဒီလူငယ်လေးကအရမ်းချောတာပဲ…" ၊ " သာ့ကောကောက တကယ်ကြည့်ကောင်းတယ်…" ၊ " အားး အရမ်းချောတာပဲ ဘာလို့သူ့ကိုရင်းနှီးနေပါလိမ့်…" စသည်ဖြင့်ချီးမွမ်းစကားများသည်လည်း အတူကပ်ပါလာခဲ့သည်။

ကံကောင်းစွာဖြင့် ပိုင်ရဲ့၏ထိပ်တန်းနာမည်ကျော်အိုင်ဒေါဟူသောအထောက်အထားမှာ ဈေးထဲတွင်လျောက်သွားနေသည့်လူငယ်‌ဟူသောအရာနှင့် လွန်စွာအလှမ်းဝေးနေသည့်အတွက် မည်သူကမှသူ့ကို သတိပြုမိခြင်းမရှိသေးချေ။ ချီရှင်းချန် ချက်ချင်းဆိုသလို သူ၏ကျောပိုးအိတ်ထဲမှ နေကာမျက်မှန်တစ်ခုဆွဲထုတ်လိုက်ရသည် 

" ဒါကိုတပ်ထားချည်…"

" အမ်…"

" မနက်ဖြန်သတင်းထဲမှာပါလာချင်လို့လား…" 

ချီရှင်းချန် ရင်ဘတ်ကိုကော့ကာ သတင်းကြေငြာသူ၏အသံကိုအတုခိုး၍ပြောလိုက်သည် " ယမန်နေ့တွင် နျိုပမ်းမြို့၌ ပြင်းထန်သောလူပိမှုဖြစ်ပွားခဲ့ပါတယ်… စုံစမ်းစစ်ဆေးပြီးနောက်မှာတော့ မတော်တဆမှုဖြစ်ပွားရသည့်အဓိကအကြောင်းအရင်းမှာ အိုင်ဒေါပိုင်ရဲ့လမ်းလျှောက်ထွက်ခြင်းနှင့်ဆက်စပ်နေပြီး သူ၏ချောမောသောမျက်နှာကို အမျိုးသမီးများအလုအယက်တိုးဝှေ့ကြည့်ရှုကြခြင်းမှ တစ်ဆင့်ဖြစ်လာခဲ့ရတာပါ…"

" ရပြီ ရပြီ ဆက်မပြောနဲ့တော့…" ပိုင်ရဲ့နှုတ်ခမ်းကိုကိုက်ကာ " မျက်မှန်တပ်လိုက်ပါ့မယ်…"

ပိုင်ရဲ့ ခေါင်းကိုလှည့်ကာ နေကာမျက်မှန်တပ်ရန် လုပ်နေချိန်တွင် သူ၏မျက်လုံးထောင့်များမှာ တွန့်ကွေးနေပြီး နှုတ်ခမ်းမှာကော့တက်သွားကာ ရယ်ချင်စိတ်ကို ထိန်းထားရပုံပေါ်နေခဲ့သည်။

ချီရှင်းချန်၏ ပထမဆုံးတုံ့ပြန်ချက် : သောက်ကျိုးနည်း သောက်ကျိုးနည်း သူကသောက်ရမ်းကိုချောမောနေတာပဲ…

ဒုတိယတုံ့ပြန်ချက် : သူ့ကိုပြုံးခိုင်းလို့မရဘူး… သူသာပြုံးလိုက်ရင် ဒီမိန်းမတွေက ပိုပြီးတောင်ရူးသွပ်လာလိမ့်မယ်…