အပိုင်း၂၄
Viewers 26k

Chapter 24

ချီရှင်းချန် ထပ်မစောင့်နိုင်တော့ဘဲ ပိုင်ရဲ့ရှေ့သို့ခုန်ထွက်ကာ နေကာမျက်မှန်ကို အတင်းအကြပ်ဆွဲတပ်ပေးလိုက်သည်။

ခဏကြာစိစစ်ပြီးနောက်တွင် ထိုသူ၏ထွက်ပေါ်နေသောမျက်ခုံးများ၊နှာခေါင်း၊ပါးစပ် စသည့်ဖြင့်အရာအားလုံးမှာ အလွန်အမင်းကြည့်ကောင်းနေကာ ဆွဲဆောင်မှုရှိလှသည်။

ဤသို့ဖြင့် ချီရှင်းချန် ‌ဦးထုပ်တစ်ခုကိုထုတ်ကာ ပိုင်ရဲ့၏ခေါင်းပေါ်သို့ ဖတ်ခနဲနေအောင် အတင်းအကြပ်ဆောင်းပေးလိုက်ပြန်သည်။

ပိုင်ရဲ့မှာမူ နေရာတွင်သာရပ်နေပြီး ချီရှင်းချန်လုပ်ချင်သမျှကို လုပ်ခွင့်ပေးထားကာ ကူကယ်ရာမဲ့ဟန်ဖြင့် ပြောလာခဲ့သည် 

" ကျေနပ်ပြီလား…"

" အရမ်း အရမ်းပဲ…" ချီရှင်းချန် လျှာထုတ်ပြလိုက်ပြီး " နှာခေါင်းစည်းရှိရင် ပိုပြီးတော့တောင် ကောင်းဦးမှာ…"

" ငါ့ကိုဘယ်လိုပုံစံပေါက်တဲ့အထိကို ဖုံးထားချင်နေတာလဲ…"

" ကျွန်တော့်ကိုအပြစ်မတင်ပါနဲ့.." ချီရှင်းချန် လက်နှစ်ဖက်ကို မြှောက်ပြလိုက်ပြီး " ဘယ်သူကဒီလောက်ကြည့်ကောင်းနေခိုင်းလို့တုန်း…"

ဖတ်ခနဲစကားထွက်သွားပြီးနောက်မှသာ ချီရှင်းချန် သူ၏ခံစားချက်အစစ်အမှန်များကို ပြောမိသွားသည်အား သတိပြုမိသွားသောကြောင့် ပါးစပ်ကို ကပျာကယာပိတ်ကာ မပြောခဲ့ဟန်သာဆောင်နေလိုက်သည်။

သို့သော်လည်း ပိုင်ရဲ့မှာမူ နားမကြားသူမဟုတ်နေပေ။ သူကင်မရာကို တစ်ချက်ကြည့်ကာ အသံနိမ့်နိမ့်ဖြင့် ပြန်မေးလိုက်သည် " မင်းအခုဘာပြောလိုက်တာလဲ…"

ချီရှင်းချန် : "...."

ပိုင်ရဲ့ : " မင်းကကိုယ့်ကိုကြည့်ကောင်းတယ်လို့ ထင်တာပေါ့…"

ချီရှင်းချန်၏မျက်လုံးများမှာ ဟိုဟိုဒီဒီလျောက်ကြည့်နေပြီးနောက် မေးခွန်းကိုရှောင်တိမ်းရန် ကြိုးစားလိုက်သည်

 " ကျွန်တော်က အမြဲအစ်ကို့ကိုကြည့်ကောင်းတယ်လို့ ပြောနေတာမဟုတ်ဘူးလား…"

ပိုင်ရဲ့တွေးကြည့်ပါမှ သူ၏ဖန်ငယ်လေးမှာ အမှန်တကယ်ပင် သူ့ကိုအတော်လေးမြှောက်ပင့်ပြောဆိုခဲ့ဖူးသည်။ သို့သော်လည်း ထိုသို့မြှောက်ပင့်ခြင်းမျိုးမှာ အတုအစစ်ခွဲခြားရန်ခက်ခဲပြီး ဤကဲ့သို့မရည်ရွယ်ဘဲ ပြောထွက်လာသည်နှင့် မည်သို့တူနိုင်ပါမည်နည်း။

ပိုင်ရဲ့မှာ နားမလည်နိုင်လောက်အောင် စိတ်ကောင်း‌ဝင်နေသည့်အတွက် ချီရှင်းချန် သူ၏မျက်လုံးထောင့်မှ တစ်ချက်ခိုးကြည့်လိုက်ပြီး မကျေမနပ်ဖြင့် ပြောလိုက်လေသည်

 " ဒီလောက်တောင်လုပ်ဖို့က တန်ရဲ့လားနော်…"

ချီရှင်းချန်၏ပုံစံကိုကြည့်ကာ ပိုင်ရဲ့မအောင့်နိုင်ဘဲ ရယ်မိသွားခဲ့သည်

 " မင်းရဲ့ချီးမွမ်းမှုအတွက် ကျေးဇူးပဲနော်… မင်းကလည်းပဲ အရမ်းကြည့်ကောင်းပါတယ်…"

ချီရှင်းချန် : "......"

ချီရှင်းချန် : " ဟင်း…ဟင်းးး "

ဒီလောက်ဆိုရပြီ… ဒါကအတော်ကိုတန်ပါတယ်…

ချီရှင်းချန်နှင့် လုံလောက်အောင်ဖုံးအုပ်ထားသည့်ပိုင်ရဲ့တို့ ဈေးတစ်ပတ်ပတ်ကြည့်ရာမှပြန်လာပြီးနောက် သူတို့၏မျက်နှာပေါ်တွင် အနည်းငယ်မသာမယာဖြစ်ဟန်ဖြင့် ပြန်လာခဲ့ကြသည် 

" ကျွန်တော်ရေကြည့်ပြီးပြီ… ဈေးထဲမှာ သံထည်ပစ္စည်းရောင်းတဲ့ဆိုင်စုစုပေါင်းသုံးဆိုင်ရှိတာ တစ်ဆိုင်ကတော့ လူသွားလူလာအများဆုံးလမ်းမကြီးမှာရှိနေတာ…နောက်တစ်ဆိုင်ကတော့ ဦးလေးထျဲလိုမျိုးနေရာမှာပဲ ဒါပေမယ့် သူ့ဆိုင်ကပစ္စည်းက သုံးယွမ်ကနေဆယ်ယွမ်လောက်အထိ ပိုသက်သာတော့ ဝယ်သူနည်းနည်းပါးပါးတော့ရှိတယ်…"

" အဲဒီလိုမျိုးပဲလေ… အိုက်ယိုး…" လောင်ထျဲမှသက်ပြင်းချလိုက်သည်။

" အရင်တုန်းကတော့ သံကခိုင်တာရယ် သုတ်ဆေးကောင်းကောင်းသုံးထားတာရယ်ကြောင့် ဒီကဝယ်တဲ့သူအတော်လေးများခဲ့တာ… ဒါပေမယ့် အဲဒီဆိုင်နှစ်ဆိုင်ဆီက အဖိခံရပြီးတော့ သုံးနေကျဖောက်သည်တွေလောက်ပဲ ဒီကိုပြန်လာဝယ်ကြတော့တယ်…"

ဧည့်သည်များမှာ ခက်ခဲသောအခြေအနေအတွင်း ကျဆင်းသွားခဲ့ရသည်။ လောင်ထျဲ၏အခြေအနေမှာ နေရာထိုင်ခင်းမကောင်းရုံသာမက ဈေးကလည်းမတော်လှချေ။ ပစ္စည်းများ၏အရည်အသွေးမှာ မဆိုးလှစေကာမူ သံထည်ပစ္စည်းတစ်ခု‌ဈေးမှာ ‌ယွမ်တစ်ဆယ် သို့မဟုတ်နှစ်ဆယ်မျှသာရှိလေရာ လေးငါးယွမ်သက်သာသွားပါက ပစ္စည်းတန်ဖိုး၏လေးပုံတစ်ပုံခန့် ဈေးသက်သာသည်ဟုဆိုနိုင်ပေမည်။ ထို့ကြောင့် သဘာဝကျစွာပင် ဝယ်သူများမှာ ဈေးသက်သာသည့်ဆိုင်သို့သာ သွားကြမည်ဖြစ်သည်။

လောင်ထျဲ၏စီးပွားရေးလုပ်နိုင်စွမ်းမှာ အလွန်ပင်ဆိုးရွားလှသည်ပင်။

လျိုကျီယု၏အသံထွက်ပေါ်လာခဲ့သည် " ဒါဆိုရင် ဦးလေးထျဲကများများရောင်းရအောင် ဈေးချလိုက်ရင်ကော…"

" ဒါကမဖြစ်နိုင်မှာစိုးမိတယ်…" လောင်ထျဲမှသနားစဖွယ်ကောင်းသောအမူအယာဖြင့် ပြောလာခဲ့သည် " ဒီသံဘေစင်ကိုပဲ ဥပမာထားပြောရရင် ဒါကိုလုပ်ဖို့ဦးလေးအတွက် ၁၂ယွမ်ကုန်ပြီးတော့ ‌၁၆ယွမ်နဲ့ပြန်ရောင်းတာလေ…လုပ်ခကိုလေးယွမ်ပဲယူထားတာကို တခြားသူတွေလို ၁၃ယွမ်နဲ့သာရောင်းရရင် လုပ်ခကို တစ်ယွမ်ပဲရတော့မှာပေါ့…"

တစ်နေ့လျှင်အများဆုံးမှာ ဘေစင်အခုသုံးဆယ်လေးဆယ်သာရောင်းရမည်ဖြစ်သောကြောင့် တစ်ခုလျှင် တစ်ယွမ်သာမြတ်မည်ဆိုပါက ယွမ်သုံးဆယ်လေးဆယ်ဖြင့် တစ်နေ့တာထမင်းနှစ်နပ်စာပင် ရနိုင်မည်မဟုတ်ချေ။

လောင်ထျဲမှာ ပွင့်လင်းရိုးသားသူတစ်ဦးဖြစ်လေရာ ဤနှစ်များအတွင်း တစ်ခါမှပစ္စည်းအရည်အသွေးကိုလျော့ချခြင်းနှင့်အတုလုပ်ခြင်းမျိုး မလုပ်ခဲ့ဖူးပေ။ ထို့ပြင်ဈေးတင်ရောင်းခြင်းလည်း မရှိခဲ့ချေ။

အဖြစ်အပျက်အစုံကို အားလုံးကြားလိုက်ရချိန်၌ သူတို့အားလုံးမှာ လောင်ထျဲကဲ့သို့ပင် သနားစရာကောင်းသည်ဟု ခံစားလိုက်ကြရသည်။ သူတို့ဈေးကိုလျော့ပစ်၍မရသလို နေရာချထားပြီးဖြစ်သည့်ဆိုင်ခန်းကိုလည်း မရွှေ့နိုင်ပေရာ မည်သည့်ဖြေရှင်းနည်းများ ကျန်နိုင်ပါဦးမည်နည်း…

ချီရှင်းချန် ခဏမျှတွေးတောလိုက်ပြီးနောက် ပြောလိုက်လေသည် " လက်ရှိအခြေအနေက ဒီလိုဖြစ်နေပြီဆိုတော့ ကျွန်တော်တို့မြင်းသေကို မြင်းရှင်လိုသဘောထားပြီး ကုရတော့မှာပဲ… ကျွန်တော့မှာတော့ဖြေရှင်းနည်းတစ်ခုရှိတယ်…"

ချီရှင်းချန် သူ၏အကြံကို လူတိုင်းအားအကြမ်းဖျင်းရှင်းပြလိုက်ပြီးနောက် ကျန်းယွင်ဖေးမှ နောက်ဆုံးဆုံးဖြတ်ချက်ကို ချရင်းဖြင့် ပြောလိုက်သည် " ငါတော့ဒါကဖြစ်နိုင်မယ်လို့ခံစားရတယ်…ဘာလို့မနက်တစ်ခင်းအတွက် မစမ်းကြည့်ရမှာလဲ…"

" အိုကေ…" လောချိုးမန်မှ စတင်၍ချီရှင်းချန်၏အကြံအတိုင်း ဆိုင်ကိုပြန်လည်ခင်းကျင်းလိုက်သည်။

နာရီဝက်ခန့်အကြာတွင် လက်တွန်းလှည်းကိုတွန်းလာသည့် လယ်သမားတစ်ဦးမှ လောင်ထျဲ၏ဆိုင်ရှေ့သို့ရောက်လာခဲ့သည်။ ထို့နောက် ဘယ်ဘက်နှင့်ညာဘက်ကို အပြန်ပြန်အလှန်လှန်စစ်ဆေးကြည့်ပြီး " တခြားသူတွေရဲ့ပန်းကန်ဆေးဘေစင်က ၁၃ယွမ်ပဲရှိတာကို ဘာလို့ဒီကဟာကြ၂၅ယွမ်တောင်ဖြစ်နေတာလဲ…"

ချီရှင်းချန်မှ အေးအေးဆေးဆေးသာ ပြန်ဖြေလိုက်သည် " ဈေးပိုကြီးတယ်ဆိုမှတော့ ပိုသာတဲ့အချက်လည်းရှိတာပေါ့…‌တကယ်လို့ဈေးသက်သာတာလိုချင်တယ်ဆိုရင်တော့ ဒီဘက်ခြမ်းကဟာတွေက ဈေးပိုသက်သာတဲ့ပစ္စည်းတွေပါ…"

ချီရှင်းချန် အခြားတစ်ဖက်ရှိဘေစင်များကို ညွှန်ပြလိုက်သည့်အတွက် လယ်သမားကြီးမှ သေသေချာချာစမ်းစစ်လိုက်ပြီးနောက် သံသယဖြစ်စွာ မေးလိုက်သည် " ဒါပေမယ့် ကြည့်ရသလောက်ဆိုရင် ဒီ၁၃ယွမ်ဟာကလည်း မင်းရဲ့၂၅ယွမ်နဲ့အတူတူလောက်ပဲရှိတာကို… အလှဆင်ထားတဲ့ပုံစံတောင် အတူတူပဲဟာ ဘာများကွာခြားလို့လဲ…"

" ဒါကလည်းမဆိုးလှပါဘူး… ကျွန်တော့်ကိုမယုံဘူးဆိုရင် စမ်းသုံးကြည့်လို့ရပါတယ်…" ချီရှင်းချန်မှာ အေးအေးလူလူရှိနေဆဲပင် " ဒါပေမယ့် ၂၅ယွမ်တန်လောက်တော့ မကောင်းဘူးပေါ့…"

လယ်သမားကြီးမှ ၁၃ယွမ်တန်ဘေစင်တစ်ခုကိုယူကာ ခေါက်ကြည့်လိုက်ရာ အမှန်တကယ်ပင် အသံမှာခိုင်မာလှပြီးကြည်လင်နေကာ အခြားဆိုင်များထက်ပိုကောင်းမည့်ပုံပေါ်နေခဲ့သည်။

အကယ်၍သာ ၁၃ယွမ်တန်မှာ ထိုမျှကောင်းနေခဲ့ပါလျှင် ၂၅ယွမ်တန်မှာ မည်မျှပိုကောင်းနိုင်ပါမည်နည်း။ လယ်သမားကြီးမှ ခဏတာတွေးလိုက်ပြီး အိတ်ထဲမှ၂၅ယွမ်ကိုထုတ်ကာ ပြောလိုက်သည် 

" ဒါဆိုလည်း ကောင်လေးကိုပဲ ယုံလိုက်ပါ့မယ်လေ… ဒီထဲကအကောင်းဆုံးတစ်ခုကို ရွေးပေးရမှာနော်…"

" ကောင်းပါပြီ…" ချီရှင်းချန်မှာ ပြုံးလျက်ဖြင့်သာ ပလတ်စတစ်အိတ်ကိုယူ၍ ဘေစင်ကိုထုတ်ပိုးပေးလိုက်ပြီး " ဦးလေး သုံးလို့ကောင်းရင် နောက်တစ်ခါပြန်လာခဲ့ရမှာနော်…"

" ကောင်းပါပြီကွာ…" လယ်သမားကြီးမှာ ဝယ်ယူထားသည့်ဘေစင်ဖြင့် ပျော်ရွှင်စွာထွက်သွားခဲ့ပြီး လောင်ထျဲနှင့်သူ၏‌နောက်မှဧည့်သည်များမှာလည်း ထိန်းမရနိုင်အောင် ပျော်မြူးနေခဲ့ကြလေသည်။

ဈေးနှစ်ဆတင်ထားသည့်ပန်းကန်ဆေးဘေစင်တစ်ခုမှာဤကဲ့သို့လွယ်လင့်တကူရောင်းထွက်သွားသောကြောင့် လောချိုးမန်ရယ်ရမည်လား ငိုရမည်လားကိုပင် မသိနိုင်တော့ပေ " ရှင်းရှင်း ဒီလှည့်ကွက်တွေကို မင်းကသင်လာတာလဲဟင်…"

" ကျွန်တော်အရင်က ဒီလိုတစ်ပုံစံတည်းတူတဲ့အဖြစ်မျိုးကို တွေ့ခဲ့ဖူးလို့လေ…"

" ငါ့မှာမေးခွန်းတစ်ခုရှိတယ်…" ကျိုးယွီမှ စတင်၍အမှားရှာလာပြန်သည် 

" တကယ်လို့သာဝယ်သူတွေအားလုံးက ဈေးသက်သာတဲ့ဟာကိုပဲ ဝယ်ကြမယ်ဆိုရင်ကော…"

" ပစ္စည်းနှစ်ခုကို နှိုင်းယှဉ်ကြည့်ပြီးတော့ သိချင်စိတ်ကြောင့် ဈေးပိုကြီးတာဝယ်မဲ့သူတွေက အများကြီးပါ…ပြီးတော့ ကျွန်တော်တို့ဈေးကြီးတဲ့ဟာတစ်ခုကိုရောင်းတဲ့ပိုက်ဆံက ဈေးနိမ့်ပြီးရောင်းထားတာလေးခုနဲ့ ပြန်မျှနိုင်တယ်လေ…လေးခုတစ်ခုဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် အရှုံးမရှိပါဘူး…"

" ဟိုးးး တကယ်ကိုဈေးကွက်စီးပွားရေးရဲ့ကဝေပဲ…"

ကျန်းယွင်ဖေးပြုံးလျက် လက်ညိုးကိုခေါက်၍ ချီရှင်းချန်၏နဖူးပေါ်သို့ ထုရန်ပြင်လိုက်သည် 

" မင်းရဲ့ဒီဦးနှောက်ကလေးနဲ့ ဘယ်လိုတောင်ထက်မြက်တာလဲနော်…"

သို့သော်လည်း သူ၏လက်မှာလမ်းတစ်ဝက်သာရှိနေသည့်အချိန်တွင် ပိုင်ရဲ့မှ ရုတ်တရက်လူနှစ်ယောက်ကြားဝင်ရပ်လာပြီး " ယွင်ဖေးကော အရှေ့ကသံဇွန်းတွေ ပစ္စည်းပြတ်သွားပြီ…"

" အိုး အိုး…" ကျန်းယွင်ဖေးမှာ မည်သို့မျှမတတ်နိုင်ဘဲ လက်ကိုပြန်ရုတ်လိုက်ရသည် " အစ်ကိုမင်းအတွက်သွားယူပေးမယ်…."

ပြောစရာမလိုအောင်ပင် ချီရှင်းချန်၏နည်းလမ်းမှာ အလွန်အကျိုးသက်ရောက်မှုရှိလေသည်။ မနက်ခင်းအဆုံးတွင် လူအများစုမှာ ဈေးမြှင့်ထားသည့်ပစ္စည်းများကိုသာ ဝယ်ယူခဲ့ကြပြီး ထို့ထက်ပိုသည်မှာ ဝယ်ယူသူများ၏သိချင်စိတ်ကြောင့် ရောင်းရမှုနှုန်းများ ယခင်နေ့ရက်များထက် အစပေါင်းများစွာ ထိုးတက်သွားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ လောင်ထျဲမှာ သူ၏နှလုံးသားထဲတွင် အားနာစိတ်များဖြစ်ပေါ်နေသည့်အတွက် ချီရှင်းချန်ကို ဘေးသို့ဆွဲကာ ပြောလိုက်သည် " ရှင်းရှင်း ပြောပါဦး ငါတို့လူတွေကို ဒီလိုနည်း‌နဲ့လိမ်ရောင်းနေမိတာလား…"

အမှန်တိုင်းဝန်ခံရမည်‌ဆိုလျှင် လောင်ထျဲ၏သံထည်ပစ္စည်းများမှာ ထိုထက်များစွာပို၍ထိုက်တန်နေသည့်တိုင်အောင် သူတို့၏ရောင်းချပုံနည်းလမ်းမှာ အနည်းငယ်သိက္ခာမဲ့ပုံပေါ်နေသဖြင့် ချီရှင်းချန် ခေါင်းသာညိတ်ပြလိုက်သည်။

ထို့ကြောင့် လောင်ထျဲမှ ညှိနှိုင်းလာခဲ့သည် " ဒါဆိုရင် နေ့လည်ခင်းကြ ပုံမှန်လိုပဲ ရောင်းကြရအောင်…."

လောင်ထျဲမှာ ပွင့်လင်းသောလူတစ်ယောက်ဖြစ်သည့်အတွက် ချီရှင်းချန်လည်း သူ့ကိုမရိုးသားသောစီးပွားရေးသမားတစ်ဦးဖြစ်လာရန် တွန်းအားမပေးချင်ပေ။ ထို့အပြင်ရှောင်ထျဲမှာလည်း သူတို့ဘေးတွင်ရှိနေပေရာ ဤအဖြစ်မှသင်ခန်းစာယူပြီး ရိုးသားသူတစ်ဦးဖြစ်လာနိုင်မည်ဟု သူမျှော်လင့်မိသည်။

လောင်ထျဲ၏တောင်းဆိုမှုကြောင့် နေ့လည်ခင်းတွင် လူတိုင်းမှာသူတို့၏ဈေးရောင်းသည့်ပုံစံကို ပြန်ပြင်လိုက်ကြသည်။ ချီရှင်းချန်မှာ သူ၏ယခင်အလုပ်ဟောင်းဖြစ်သော မီးဖိုချောင်သုံးပစ္စည်းများကို လေပေါ်ပျံဝဲစေလိုက်ပြီး ထောင်ထောင်နှင့်လျိုကျီယုတို့မှာမူ အရင်အချိန်များထက် ပို၍ချိုသာသောအပြုံးများကို ချိတ်ဆွဲထားသောကြောင့် လူငယ်လူရွယ်များကို ဘေစင်အချို့ဝယ်သွားအောင် လုပ်နိုင်ခဲ့သည်။

ခဏအကြာတွင် တစ်စုံတစ်ယောက်မှ ပိုင်ရဲ့ကိုမှတ်မိသွားချိန်၌ ဆိုင်ပေါ်ရှိပစ္စည်းများအားလုံး အပြောင်ရှင်းခံလိုက်ရလေသည်။ ဤသို့ဖြင့် ယနေ့မစ်ရှင်မှာ လုံးလုံးပြီးမြောက်သွားပြီဖြစ်ကာ လူတိုင်းမှာသုံးဘီးပေါ်တွင်ထိုင်၍ သူတို့၏ခါးပတ်အိတ်များကိုပုတ်ရင်း သီချင်းဆိုလျက် ပြန်လာနိုင်ခဲ့ကြသည်။

ကျန်းမိသားစုခြံဝန်းသို့ပြန်ရောက်ချိန်တွင် ဒါရိုက်တာကျောက်မှ ယနေ့အခြေအနေကိုမေးမြန်းရန်အတွက် လူစုလိုက်သည်။

" အားလုံးပဲ ပထမဆုံးမစ်ရှင်ကို ကောင်းကောင်းလုပ်ခဲ့ကြတဲ့အတွက် ကျွန်တော့်ဘက်ကလည်း ဒီအတိုင်းထားလိုက်လို့ဘယ်ရပါ့မလဲ… ဒါကြောင့် ပထမဆုံးမစ်ရှင်ရဲ့ဆုလာဒ်ကိုကြေငြာပါ့မယ်…ဒီဟာကတော့ ဖြတ်ကျော်ကဒ်တစ်ကဒ်ပါ…မင်းတို့လုပ်ရတာအရမ်းခက်ခဲနေတဲ့မစ်ရှင်ပဲဖြစ်ဖြစ် မလုပ်ချင်တာပဲဖြစ်ဖြစ် ကဒ်ကိုသုံးပြီးဖြတ်ကျော်လိုက်လို့ရပါတယ်… ခွဲတမ်းကတော့ တစ်ကဒ်ပါ…"

ဖြတ်ကျော်ကဒ်အကြောင်းကို ကြားလိုက်ရချိန်၌ လူတိုင်းမှာအပျော်လွန်သွားကြသော်လည်း ခွဲတမ်းမှာတစ်ခုသာရှိကြောင်းကို သိလိုက်ရချိန်တွင် အားလုံးညည်းညူလိုက်ကြသည် " ဒီမှာကခုနစ်ယောက်တောင်ရှိတာလေ…"

" ဟဲဟဲ ဘယ်လိုပဲဖြစ်ဖြစ် ဖြတ်ကျော်ကဒ်က တစ်ကဒ်ပဲရှိတာဆိုတေ့ာ မင်းတို့ကြိုက်သလိုခွဲကြပေါ့… ကျွန်တော်ကတော့အရင်သွားနှင့်ပါပြီ…" 

ဒါရိုက်တာကျောက်မှာ လူအုပ်ကြီးမှအရိုက်ခံရမည်ကိုစိုးသဖြင့် ကဒ်ကိုကပျာကယာပေးကာ အမြန်ပြေးထွက်သွားခဲ့သည်။

သူတို့လုပ်နိုင်သည့်အရာမှာ ဘာမှမရှိချေ။ တစ်စုံတစ်ယောက်၏ပရိုဂရမ်တွင် ပါဝင်လိုက်ပြီဆိုကတည်းက သူတို့၏စည်းမျဉ်းများကို လိုက်နာရမည်သာ ဖြစ်သည်။ ထို့ကြောင့် ကျန်းယွင်ဖေးမှ လက်ခုပ်တစ်ချက်တီးလိုက်ပြီး မည်သို့မျှမတတ်နိုင်သည့်ဟန်ဖြင့် ပြောလိုက်လေသည် 

" တစ်ကဒ်ရှိတာက ဘာမှမရှိတာထက်တော့ သာပါသေးတယ်လေ…ဒီလိုလုပ်ရအောင် ကျွန်တော်က ကဒ်ကိုဘယ်သူရသင့်တယ်ဆိုတာပြောမယ်… လူတိုင်းကလက်ထောင်ပြီး မဲပေးကြမယ်ဆိုရင်ကော ဘယ်လိုလဲ အဆင်ပြေရဲ့လား…"

" ပြေပါတယ်…"

" ဒါဆိုရင် ကျွန်တော်ကတော့ ပိုင်ရဲ့နဲ့ရှင်းရှင်းတို့က ကဒ်ကိုရသင့်တယ်လို့ထင်တယ်…ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ရောင်းရငွေတစ်ဝက်ကျော်က သူတို့နှစ်ယောက်ကြောင့်ပဲလေ… ငြင်းပယ်မဲ့သူရှိလား…"

လူတိုင်းခေါင်းကိုယမ်းကာ ပြောလိုက်သည် " ဟင့်အင်း…"

" ဒါဆိုရင် လက်ထောင်ပြီးမဲပေးကြတာပေါ့…" ကျန်းယွင်ဖေးမှပြောလိုက်သည် " ပါဝင်တဲ့သူနှစ်ယောက်ဖယ်ထုတ်ပြီးပြီဆိုတော့ ဒီမှာငါးယောက်ပဲကျန်တော့တယ်…မဲသုံးမဲနဲ့အထက်ရတဲ့သူကတော့ ကဒ်ကိုယူပေါ့…"

ထိုစကားကိုကြားလိုက်ချိန်တွင် ကျိုးယွီ၏မျက်လုံးများမှာ လျင်မြန်စွာလှုပ်ရှားသွားခဲ့သည်။ ဤပရိုဂရမ်တွင် ပိုင်ရဲ့သည်သာ ကျော်ကြားမှုအမြင့်ဆုံးဖြစ်သည့်အတွက် သူသာပိုင်ရဲ့နှင့်နီးစပ်ပြီး CP တစ်ခုဖန်တီးနိုင်ပါလျှင် သေချာပေါက်ကျော်ကြားမှုများဖြင့် ပြည့်လာနိုင်လိမ့်မည်ပင်။

ယခုအချိန်မှာ ပိုင်ရဲ့ကိုဖားယားရန်အကောင်းဆုံးအချိန်ဖြစ်သောကြောင့် ကျိုးယွီလက်ကိုထောင်ကာ ပြောလိုက်သည် " ကျွန်တော်ကတော့ ပိုင်ရဲ့ကို‌မဲပေးပါတယ်…"

" ကောင်းပါပြီ…" 

ကျန်းယွင်ဖေး လျိုကျီယုကိုညွှန်ပြလိုက်သည်

 " ကျီယုကကော…"

" ကျွန်မကတော့ရှင်းရှင်းကို မဲပေးပါတယ်…"

ကျန်းယွင်ဖေး : " နောက်တစ်ယောက်…"

" ထပ်ပြီးမဲပေးနေဖို့မလိုတော့ဘူး…" ပိုင်ရဲ့မှ ကျန်းယွင်ဖေးကိုကြားဖြတ်ပြောလိုက်သည်

 " ဒီအတိုင်းကဒ်ကိုရှင်းရှင်းကိုပဲ ပေးလိုက်ပါ…"

" ဘာ … ဘာလို့လဲ.." ယခုပင်ပိုင်ရဲ့ဘက်မှရပ်တည်ခဲ့သူကျိုးယွီ၏မျက်နှာမှာ ချက်ချင်းဆိုသလို မဲမှောင်လာပြီးနောက် စိတ်အားထက်သန်စွာ ပြောလာခဲ့သည်

 " ပိုင်ရဲ့ကနှိမ့်ချပြီးတော့ ငြင်းပယ်စရာမလိုပါဘူး…ဆုကိုခွန်အားနဲ့ပဲခွဲရအောင်ပါ…ရှင်းရှင်းကလည်းသဘောတူမှာပဲလေ… ဟုတ်တယ်မလား ရှင်းရှင်း…"

ကျိုးယွီပြောသည်မှာ မှန်နေသောကြောင့် ချီရှင်းချန်လည်း အမ်းးး ဟူ၍သာပြန်ဖြေလိုက်သည်။

ထိုအစား ပိုင်ရဲ့၏မျက်ခုံးများမှာ တွန့်ချိုးလာကာ " ‌ဒါကကဒ်တစ်ကဒ်ပဲလေ… ဒီမှာငါမဖြတ်ကျော်နိုင်တဲ့မစ်ရှင်ရှိမယ်လို့ ငါမယုံဘူး…"

" ဒါဆိုလည်း အနားယူချင်တဲ့အချိန်ကြရင် ဒီကဒ်ကို သုံးလို့ရတာပဲလေ…" ကျိုးယွီမှာ အရှုံးပေးမည့်ပုံမပေါ်ဘဲ ဆက်လက်နားချနေခဲ့သည်

 " တကယ်ကြီးကို နှိမ့်ချပြီးငြင်းလိုက်ဖို့မှ မလိုတာ…"

လူရွေးပွဲမှာကတည်းက ကျိုးယွီ၏ချီရှင်းချန်အပေါ်တိုက်ခိုက်မှုကို ကိုယ်တိုင်မြင်တွေ့ထားရသည့်အတွက် ပိုင်ရဲ့ ချီရှင်းချန်နှင့်ကျိုးယွီတို့အကြား ရန်လိုသည့်ဆက်ဆံရေးရှိသည်ကို သိ‌ရှိခဲ့ပြီးဖြစ်သော်လည်း ယခုအချိန်တွင်မူ ကျိုးယွီ၏မျက်နှာအစစ်ကို မြင်လိုက်ရပြီဖြစ်ရာ ပိုင်ရဲ့ သူ၏မျက်လုံးထဲမှစက်ဆုပ်မှုများကို ဆက်လက်ထိန်းမထားနိုင်တော့ပေ။

စာရေးသူမှာ ပြောစရာရှိပါတယ် :

ပိုင်ရဲ့ : ငါ့ရဲ့ဖန်ကို ဘယ်သူကမှထိလို့မရဘူး

ကျန်းယွင်ဖေး : ဝူးး ဝူးး ㅠ ㅠ