အပိုင်း၂၅
Viewers 26k

Chapter 25

" ငါကအလျော့ပေးနေတာမဟုတ်ဘူး… ဒါကရှင်းရှင်းထိုက်တန်တဲ့အရာပဲ…"

 ပိုင်ရဲ့စိတ်မရှည်သည့်အသံဖြင့် ပြောလိုက်သည် " ပြီးတော့ ဒါက ငါနဲ့ငါ့ရဲ့…"

ဖန်ဟူသောစကားလုံးမှာ သူ၏လျှာဖျားပေါ်တွင်ရောက်ရှိလာခဲ့သော်လည်း ချီရှင်းချန်မှာ သူ၏ကျော်ကြားမှုကိုမှီခို၍နာမည်တက်လာခြင်းမျိုးမဖြစ်စေရန်အတွက် ကင်မရာရှေ့တွင် ပိုင်ရဲ့၏ပရိသတ်ဟုပြောရန်တွန့်ဆုတ်နေကြောင်းကို ပြန်လည်သတိရသွားသောကြောင့် ပိုင်ရဲ့ သူငယ်ချင်းဟူသောစကားလုံးကို အလျင်စလို ပြောင်းလဲလိုက်ရသည်။

" ဒါကငါနဲ့ငါ့သူငယ်ချင်းရဲ့ကြားထဲကကိစ္စပါ… ငါတို့ဘာသာဆက်ပြီးဆွေးနွေးလိုက်လို့ရပါတယ်…"

ဤသည်မှာ ပိုင်ရဲ့ထံမှ အလွန်ပင်တည့်တိုးဆန်လှသော စကားတစ်ခွန်းဖြစ်ပြီး အဓိပ္ပါယ်နှစ်မျိုးပါရှိနေခဲ့သည်။ ပထမတစ်ခုမှာ " မင်းသောက်ပူတပြားမှမပါဘူး…" ဟုအဓိပ္ပါယ်ရပြီး ဒုတိယတစ်ခုမှာမူ " ရှင်းရှင်းကငါ့သူငယ်ချင်း‌ဆိုပေမဲ့ မင်းကတော့ဟုတ်‌မနေဘူး…" ဟူ၍ အဓိပ္ပါယ်ပေါ်နေခဲ့သည်။

ကျိုးယွီ၏မျက်နှာမှာ ကောင်းမွန်နေသည်ဟု အနည်းငယ်မျှပင် ဖော်ဆောင်၍မရနိုင်တော့ဘဲ ခေါင်းမှခြေဖျားအထိ သူ၏‌ချွေးပေါက်များမှပင် အရှက်ရမှုများပေါ်ထွက်နေခဲ့သည်။

ချီရှင်းချန်မှာမူ ပိုင်ရဲ့၏စကားကြောင့် ကြက်သီးများပင်ထလာရကာ ချက်ချင်းဆိုသလို ပိုင်ရဲ့အနားသို့တိုးကပ်သွားပြီး သူ၏အသံမှာအလွန်ပင်သေးငယ်နေခဲ့သည်

 " ကင်မရာတွေရှိနေသေးတယ်လေ…"

" အင်း…"

" စိတ်မတိုပါနဲ့တော့နော်…"

" အင်း…" 

မည်မျှပင်ပြောနေပါစေ ပိုင်ရဲ့၏အသံမှာ စိတ်လျော့သွားပုံမပေါ်နေပေ။ ချီရှင်းချန် ဆက်ပြောချင်မိသော်လည်း ကင်မရာများရှိနေသေးသည့်အတွက် ညအထိစောင့်ပြီးမှသာ ဤအဓိကဇာတ်လိုက်ကို သွားချော့မည်ဟု ဆုံးဖြတ်လိုက်လေသည်။

ဧည့်သည်နှစ်ဦးကတောက်ကဆဖြစ်နေသည့်ရိုက်ချက်မှာ အချီကြီးတစ်ခုဖြစ်နိုင်သော်လည်း တစ်ဖက်သူမှာ ပိုင်ရဲ့ဖြစ်နေသည့်အတွက် ထိုကလစ်ကို ဖြတ်ထုတ်ပစ်ရလိမ့်မည်ပင်။ အကယ်၍သာ ရိုက်ကူးရေးအဖွဲ့မှာ ထိုအပိုင်းကို ထုတ်လွှင့်မိပါက ပိုင်ရဲ့အပေါ်မကောင်းသောမှတ်ချက်များပေးလာကြမည်ဖြစ်ကာ ပိုင်ရဲ့၏အဖွဲ့မှလည်း မိုင်မန့်အပေါ်   သေချာပေါက်ချမ်းသာပေးမည်မဟုတ်ချေ။

လူအများရှေ့တွင် သူ၏ဇာတ်ကွက်မှာ တစ်စွန်းတစ်စမျှမကျန်သည့်အထိ ဖြိုဖျက်ခံလိုက်ရခြင်းကြောင့် ကျိုးယွီ သူ၏မျက်နှာကိုဆက်ထိန်းမထားနိုင်တော့ဘဲ နေမကောင်းပါဟု ဆင်ခြေပေးကာ လက်သီးတင်းတင်းဆုပ်၍ သူ၏အခန်းစီသို့ ပြန်သွားခဲ့ရသည်။

ထမင်းစားချိန်တွင် ထမင်းဝိုင်းမှလူအရေအတွက်မှာ မူလအတိုင်းခြောက်ဦးအဖြစ် ပြန်လည်ပြောင်းလဲသွားခဲ့သည်။

ပို၍ရယ်စရာကောင်းသည့်အချက်မှာ ထမင်းစားကြချိန်တွင် လမ်းတစ်ဝက်ခန့်မှသာ လောချိုးမန်မှ ရုတ်တရက်သတိရသွားလေသည်

 " ရှောင်ယွီကမစားရသေးဘူးဆိုတော့ ငါတို့သူ့ကိုနည်းနည်းလောက်သွားပေးလိုက်ကြမလား…"

" အမ်းးး ဒါဆိုလည်းပေးလိုက်မယ်လေ…" ကျန်းယွင်ဖေး ခေါင်းငြိမ့်ကာပြောလိုက်သော်လည်း များစွာစိတ်ဝင်စားပုံမရချေ " ဒါပေမယ့် သူကနေမကောင်းဘူးဆိုတော့ စားလို့ရပါ့မလားတော့မသိ…"

" ဒါဆိုလည်း သူ့အတွက်ဟင်းနည်းနည်းလောက်ပဲ ထည့်သွားကြတာပေါ့… ကျီယုရေ အစ်မဒါတွေအကုန်မသယ်နိုင်လို့ အတူလိုက်ခဲ့ပေးပါဦး…"

" ညီမကထမင်းစားရင်းတန်းလန်းရပ်လိုက်ရင် ဗိုက်အောင့်တတ်လို့ပါ…" ‌လျိုကျီယုမှ ငြင်းပယ်လိုက်သည်

 " ချိုးမန်ကျဲ တခြားသူကိုပဲ ခေါ်သွားလိုက်ပါနော်…"

ထမင်းစားရင်းရပ်လိုက်လျှင် ဗိုက်အောင့်တတ်သည်ဟူသောအကြောင်းပြချက်မှာ သိသိသာသာပင် အဓိပ္ပါယ်ရှိမနေခဲ့ချေ။ ချီရှင်းချန် လျိုကျီယုကိုကြည့်ကာ တစ်ချက်တွေးလိုက်မိသည်။ ယခင်အဖြစ်အပျက်ပြီးနောက်တွင် လျိုကျီယုမှ သူ့ကိုတိတ်တဆိတ်ကာကွယ်ပေးနေသည်အား သူခံစား‌မိနေခဲ့သည်။

သူမ၏စိတ်ထားပြောင်းလဲသွားမှုမှာ မည်သည့်အကြောင်းကြောင့်ပင်ဖြစ်နေပါစေ သူမ သူ့အပေါ်အမှားလိုက်ရှာမနေသရွေ့ ချီရှင်းချန်ကျန်သည့်အရာများကို အရေးစိုက်နေမည်မဟုတ်ချေ။

သို့သော်လည်း ယနေ့တွင် ပိုင်ရဲ့မှာဒေါသထွက်သွားခဲ့ရခြင်းမှ ချီရှင်းချန်ကို တစ်ချက်သတိပေးနေခဲ့သည်။ ဤကျိုးယွီက ဆက်ရှိနေလို့ မရတော့ဘူးပဲ…

သူယခင်က ကပ်ဆိုးကြီးကိုကျော်လွှားနိုင်ပြီဟု တွေးနေမိခဲ့သော်လည်း ကျိုးယွီမှာ ယခုလိုတိုးဝင်လာမည်ဟု မည်သူကများကြိုသိထားနိုင်မည်နည်း…လက်ရှိအချိန်တွင် ချီကျီယွီး၏အန္တရာယ်ပြုတတ်သော အမြောက်စာဇာတ်ကောင်အဖြစ် ပြောင်းလဲသွားရမည့်အရေးမှာ သူ၏ခေါင်းပေါ်တွင် ချိန်ကိုက်ဗုံးတစ်လုံးတင်ထားရသကဲ့သို့ဖြစ်နေပြီး မည်သည့်အချိန်တွင် ဘမ်းခနဲထပေါက်ကွဲမည်ဟု ကြိုပြောနိုင်မည်မှာ မဖြစ်နိုင်သောအရာပင်။

နောက်ဆက်တွဲရလဒ်များမှာ သူ၏ခံနိုင်ရည်စွမ်းကို များစွာ‌ကျော်လွန်နေသည့်အတွက် ချီရှင်းချန် ထမင်းကိုနှစ်လုတ် သုံးလုတ်ခန့် ထိုးသွင်းကာလက်စသတ်လိုက်ပြီးနောက် စားလို့မပြီးသေးသူများကို လမ်းခဏလျှောက်မည်ဟုခွင့်တောင်း၍ ယန်ရှန်းရွာသို့ဦးတည်နေသည့် လမ်းတိုလေးစီသို့ ထွက်လာခဲ့လိုက်သည်။ ထို့နောက် လမ်းတိုလေး၏ဘေးရှိ ပစ္စည်းများကိုအခြောက်ခံသောခြံဝန်းလေးမှာ မဆိုးလှကြောင်းကို သူရှာတွေ့သွားခဲ့သည်။

ချီရှင်းချန် အခြောက်ခံသည့်ခြံဝန်း၏တည်နေရာကို မှတ်သားလိုက်ပြီးနောက် တိုက်ရိုက်ထုတ်လွှင့်သည့်ပလက်ဖောင်းကို ဒေါင်းလုတ်ဆွဲလိုက်လေသည်။

ချီရှင်းချန် ညနက်သည်အထိစောင့်ဆိုင်းနေသော်လည်း ကျိုးယွီမှာ သူ၏အခန်းတွင်းမှ လုံးလုံးထွက်မလာခဲ့ချေ။

ထို့ကြောင့် ချီရှင်းချန် သူ့ကိုယ်သူစောင်များဖြင့် ဖုံးကွယ်ကာ ချီယွီကျီးထံဖုန်းခေါ်နေစဉ် အသံတိုးတိုးဖြင့် ပြောလိုက်လေသည် " ကျွန်တော်လက်ဆောင်တွေ ဝယ်လာခဲ့တာ မနေ့တုန်းက လေယာဉ်ပေါ်မှာဆိုတော့ အစ်မကိုအသိပေးဖို့ အချိန်မရှိလိုက်ဘူး…"

" အားးးးး ရှင်းရှင်း မင်းဘယ်နေ့အိမ်ပြန်လာမှာလဲ…"

ချီရှင်းချန် မတတ်နိုင်ဟန်ဆောင်ကာ ပြောလိုက်သည် " တစ်လထက်တော့ပိုကြာဦးမယ်…ရိုက်ကူးရေးလုပ်နေတဲ့အချိန်အတွင်းတော့ ကျွန်တော်ပြန်လာလို့်မရဘူးလေ…"

ချီယွီကျီး ခဏမျှတိတ်ဆိတ်သွားပြီးနောက် အားမရှိသည့်အသံဖြင့်ပြောလိုက်သည် " ဒါ.. ဒါပေမယ့် ကျဲကမင်းရဲ့လက်ဆောင်တွေကို တကယ်ကြည့်ချင်နေပြီရယ်.. ဟင့်…"

" ဒါဆိုလည်း ကျွန်တော်ပစ္စည်းပို့တဲ့သူတစ်ယောက်ရှာပြီး အစ်မစီပို့ခိုင်းလိုက်မယ်လေ…"

" မဖြစ်နိုင်တာ…တကယ်လို့သာ ပစ္စည်းပို့တဲ့သူက ဖျက်စီးမိတာတို့ ပျောက်သွားတာတို့ ဖြစ်သွားရင်ကော…"

" ဒါမှမဟုတ်…" ချီရှင်းချန် အကြံပေးလိုက်သည် " အစ်မကျွန်တော့်စီလာယူလို့ရတာပဲ… တလက်စတည်း လမ်းကြုံဝင်တွေ့သွားပေါ့…"

ချီယွီကျီး : "..."

သူမ၏မောင်ငယ်လေးနှင့်ဆယ်ရက်တာခွဲခွာနေရခြင်းကြောင့် ချီယွီကျီးအပြေးလာကာ တွေ့ချင်မိသော်လည်း ချီရှင်းချန်မှငြင်းပယ်လာမည်ကို ကြောက်ရွံ့သောကြောင့်သာ မပြောရဲခဲ့ခြင်းဖြစ်သည်။

သူမ၏မောင်ငယ်လေးမှ ဖိတ်ခေါ်လာမည်ဟု မည်သူကများသိနိုင်ပါမည်နည်း။ သူမယခုအချိန်တွင် မည်မျှပျော်ရွှင်နေမိသည်ကိုအသာထား ချီရှင်းချန်ရှိနေသည့်နေရာသို့ ယခုချက်ချင်း အပြေးလိုက်သွားချင်လွန်း၍ ယားယံနေပြီဖြစ်သည်။

" တကယ်လား… ကျဲကိုတကယ်လာခွင့်ပြုတာလား…"

" တကယ်ပါ…အခုချက်ချင်းတော့မဟုတ်ဘူးပေါ့..မနက်ဖြန်ကြရင်လာခဲ့လေ…ကျွန်တော် အခုအစ်မအတွက် လက်မှတ်ဘိုကင်တင်ထားလိုက်မယ်…"

ချီယွီကျီးမှ လေယာဉ်လက်မှတ်များကိုငြင်းပယ်လိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ချီမိသားစု၏ကိုယ်ပိုင်လေယာဉ်ကို ပြုပြင်မွမ်းမံနေခြင်းမှာလည်း အချိန်ကိုက်ပြီးစီးသွားပြီဖြစ်သောကြောင့် လေဆိပ်သို့သွားသည်ထက် ကိုယ်ပိုင်လေယာဉ်ဖြင့်သွားသည်က ပို၍အဆင်ပြေလေသည်။

ချီယွီကျီး၏ဖုန်းကိုချလိုက်ပြီးနောက် ယမန်နေ့ကကဲ့သို့ပင် ချီရှင်းချန် သေတ္တာငယ်တစ်ခုကိုယူကာ ပိုင်ရဲ့၏တံခါးကို ခိုးကြောင်ခိုးဝှက်ဖြင့်ခေါက်လိုက်သည်။

သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ သူပို၍ဉာဏ်ကောင်းနေပြီဖြစ်ကာ အခန်းတွင်းသို့ဝင်လိုက်သည်နှင့် သူပထမဆုံးပြုလုပ်သည်မှာ ပိုင်ရဲ့၏အခန်းမှ ကင်မရာကိုဦးစွာဖုံးအုပ်လိုက်ခြင်းပင်ဖြစ်သည်။

ထို့နောက် ချီရှင်းချန် ပြန်လှည့်လာချိန်တွင် တံခါးဘောင်ကိုမှီကာ ထိုင်နေသည့်ပိုင်ရဲ့ကို မြင်လိုက်ရပြီး ထိုသူ၏ရှည်လျားသော ခြေထောက်နှစ်ချောင်းမှာ နေရာလပ်မရှိသည်အထိ ဆန့်ထားခဲ့ကာ မေးကိုအနည်းငယ်မော့၍ သူ့ကိုစိုက်ကြည့်နေခဲ့သည်။

ဤအခိုက်အတန့်ကလေးတွင် ချီရှင်းချန် ပြောချင်နေသည့်စကားများမှာ သူ၏လည်ချောင်းဝတွင် တစ်ဆို့သွားရသည်။

လူအများက အမြဲလိုပြောလေ့ရှိကြသည်မှာ အလင်းရောင်အောက်တွင် အလှအပကို သေချာဆန်းစစ်ပါဟူသောစကားဖြစ်သော်လည်း သူ၏အတုအယောင်အိုင်ဒေါမှာမူ သူ၏အစစ်အမှန်အိုင်ဒေါ၏လှပမှုအားလုံးကို အမွေရထားခဲ့သည်။ ဖြူဖွေးသောအသားအရေ၊ ချောမောသောရုပ်ရည်၊ ခြေတံရှည်များနှင့် သင့်ကိုကြည့်လိုက်ချိန်တိုင်း သူ၏နက်ရှိုင်းသောမျက်လုံးများထဲတွင် စုပ်ယူဖမ်းစားနိုင်သည့်ရေဝဲများပါဝင်နေခဲ့လေသည်။

ချီရှင်းချန်မှာ ပိုင်ရဲ့၏ဆွဲဆောင်မှုထဲတွင် နစ်မြုပ်လုမတတ်ဖြစ်နေခဲ့ပြီး ပိုင်ရဲ့သည်လည်း အလျင်မလိုနေသည့်အတွက် တိတ်တဆိတ်သာစောင့်ဆိုင်းပေးနေခဲ့သည်။

ချီရှင်းချန် ပြန်လည်ရုန်းမထွက်နိုင်ခင်အထိ အချိန်အတော်ကြာ နစ်မြုပ်နေခဲ့ရကာ ထို့နောက် ကယောင်ကတမ်းဖြင့် ထပြောမိသွားခဲ့သည်

 " ဒါ… ဟို..အာ အစ်ကို အခုထိမအိပ်သေးဘူးလား…"

" ဟမ်…"

" ဒီလောက်တောင်နောက်ကျနေပြီကို အိပ်မပျော်လို့လား…"

" မင်းဒီမှာရောက်နေလို့လေ…" ပိုင်ရဲ့မျက်နှာသေဖြင့်သာပြောလိုက်သည် " လိုရင်းကိုပြော…"

ပိုင်ရဲ့မှာစကားဆုံးသွားသည်အထိ စိတ်တိုနေသေးသည့်ပုံပေါ်နေသောကြောင့် ချီရှင်းချန်သက်ပြင်းတစ်ချက်ချလိုက်ပြီး " ဒေါသမထွက်ပါနဲ့တော့နော်…နေ့လည်တုန်းက ကျွန်တော်အမှားလုပ်မိတာပါ…"

" ဘာအမှားလဲ…"

ချီရှင်းချန် : "....."

အမှန်ပဲ သူဘာအမှားလုပ်မိတာပါလိမ့်…

" ဘယ်လိုပဲဖြစ်ဖြစ် အကုန်ကျွန်တော့်အမှားပါ.."ချီရှင်းချန် သတ္တိမွေးကာ လက်တန်းခန့်မှန်းကြည့်လိုက်သည်

 " ကျွန်တော်ဖြတ်ကျော်ကဒ်ကို မငြင်းပယ်လိုက်သင့်ဘူး… တောင်းပန်ပါတယ် ကျွန်တော့်ကိုခွင့်လွှတ်ပေးပါနော်…"

" ငါကဘယ်တုန်းကဒီကိစ္စအတွက် စိတ်တိုနေလို့လဲ…"

" ဒါဆိုရင် ဘယ်သူ့ကိုစိတ်တိုနေတာလဲ… ကျိုးယွီလား…သူ့ကြောင့်ဆိုရင်တော့ ပိုပြီးတော့တောင် မလိုအပ်ဘူးလေ…"

" သူ့ကြောင့်မဟုတ်ဘူး…" ပိုင်ရဲ့ဆွံ့အသွားရသည်။ ထို့နောက် ခဏအကြာတွင် သူ၏အကြည့်မှာ ချီရှင်းချန်၏လက်ပေါ်သို့ကျရောက်သွားပြီး " လက်ထဲမှာဘာကိုင်လာတာလဲ…"

ပထမခရီးစဉ်ပြီးဆုံးသွားစဉ်ကတည်းက ချီရှင်းချန် ပရိုဂရမ်အဖွဲ့တစ်ခုလုံးအတွက် လက်ဆောင်များဝယ်ယူလာခဲ့ပြီး ယမန်နေ့ညတွင် သူ ပိုင်ရဲ့၏အိပ်ရာခင်းအတွက် ပူပန်နေရခြင်းကြောင့်သာ လက်ဆောင်ကိစ္စကို မေ့လျော့သွားရခြင်းဖြစ်သည်။

ထို့ကြောင့် ယနေ့ည သူပိုင်ရဲ့ထံသို့လာချိန်တွင် လက်ဆောင်ကိုပါ တစ်ပါတည်းယူလာခဲ့သည်။

ချီရှင်းချန် လက်ကိုဖွင့်ပြလိုက်ချိန်တွင် သူ၏လက်ဖဝါးပေါ်၌ ကြိုးမဲ့နားကြပ်၏အားသွင်းဘူးအဖုံးတစ်ခုရှိနေပြီး ဒီဇိုင်းမှာ မှင်ပြာရောင်ညကောင်းကင်သည် လရောင်အောက်တွင် နဂါးငွေ့တန်းနှင့်အတူစီးဆင်းနေသောမြင်ကွင်းဖြစ်ကာ လျို့ဝှက်ဆန်းကြယ်စွာ လက်ရာမြောက်လှသည်။

" အစ်ကို့အတွက်ပါ…" ချီရှင်းချန်မှပြောလိုက်သည်။

" ငါ့အတွက်လား…" ပိုင်ရဲ့ မျက်ခုံးတစ်ချက်ပင့်ကြည့်ကာ အားသွင်းဘူးအဖုံးကို လှမ်းယူလိုက်သည်။

ပိုင်ရဲ့ အရှေ့မှအနောက်သို့ နှစ်ခေါက်ခန့်ကြည့်လိုက်ပြီးနောက် ရုတ်တရက်ပြုံးလျက် ပြောလိုက်လေသည် " ကိုယ်တိုင်ဆွဲခဲ့တာလား…"

ချီရှင်းချန် : " ဟုတ်ကဲ့…"

" မင်းကောငါကောပါတယ်ဆိုတော့ ဖော်ပြထားတာက မဆိုးဘူးပဲ…ကျေးဇူးပါ ဒါဆိုလည်း လက်ခံလိုက်ပါ့မယ်…"

" ရပါတယ်…" ချီရှင်းချန်မှာ သိချင်သွားပြီး " ဒါပေမယ့် အဲဒီမှာ ညကောင်းကင်ပုံပဲဆွဲထားတာလေ ဘာလို့ကျွန်တော်ကပါလာတာလဲ…"

ပိုင်ရဲ့မှ တောက်ပနေသည့်ကြယ်ကလေးများကို လက်ညှိုးထိုးပြလိုက်ပြီး " ဒါတွေကမင်းမဟုတ်ဘူးလား…"

ချီရှင်းချန် ကြောင်အသွားရသည်။

သူသည် မွေးစကပင် မိဘမဲ့ဂေဟာ၏တံခါးဝ၌စွန့်ပစ်ခဲ့ရသူဖြစ်လေရာ သူ၏နာမည်ကိုပင် မိဘမဲ့ဂေဟာအုပ်ချုပ်သူမှ ဒီအတိုင်းသာမန်ကာလျှံကာ ပေးထားခြင်းဖြစ်သည်။ သူ၏မျိုးရိုးနာမည်ဖြစ်သောချီဆိုသည်မှာ စွန့်ပစ်ခံရသည်ဟူသောချီမှလာခြင်းဖြစ်ပြီး ရှင်းချန်ဆိုသောစကားလုံးမှာမူ အလွန်ပင်သာမန်ဆန်လှကာ ထို့ထက်ပို၍သာမန်ဆန်သောအရာမရှိတော့ပေ။ မွေးစားခံရပြီးနောက် တစ်နှစ်တာမျှတိုတောင်းသောအချိန်တွင် သူ၏မွေးစားမိဘများမှ ချီရှင်းချန်ကို ဆက်ကပ်အဖွဲ့ထဲသို့ တစ်ခါပို့လိုက်ပြန်သည်။ သူကလွဲ၍ မည်ကဲ့သို့သောကလေးမျိုးမှာ နှစ်ကြိမ်နှစ်ခါစွန့်ပစ်ခံရမည်နည်း…

သို့သော်လည်း ဤအမျိုးသားဇာတ်လိုက်ပေါ်လာသည့်အချိန်တွင် သူ၏နာမည်မှာစွန့်ပစ်ခံရသည်ဟူသောစကားလုံးမှ ညဘက်ကောင်းကင်ယံထဲမှ ကြယ်ပွင့်ကလေးဟူ၍ ဖြစ်သွားခဲ့လေသည်။ ချီရှင်းချန်မှာ အလွန်သေးငယ်သော မထင်မရှားဖုန်မှုန့်လေးမျှသာဖြစ်လေရာ သူ၏အိုင်ဒေါနှင့်အတူ တစ်တန်းတည်းရပ်နိုင်လောက်သည်အထိ ထိုက်တန်ပါ့မည်လော…

 " မဟုတ်ပါဘူး… မဟုတ်ဘူး…" ချီရှင်းချန် ချက်ချင်းဆိုသလို ရှင်းပြလိုက်သည် " ကျွန်တော်ဒါကိုဆွဲခဲ့တုန်းက ညဉ့်ကောင်းကင်ကိုပဲတွေးပြီးဆွဲခဲ့တာ… ကျွန်တော့်ကိုယ်ကျွန်တော် ထည့်မစဉ်းစားထားဘူး…"

ဤတစ်ကြိမ်မှာ ပိုင်ရဲ့ကြောင်အသွားရမည့်အလှည့်ပင်ဖြစ်မည်။ သူသည် တစ်စုံတစ်ရာကို ဒီအတိုင်းပေါ့ပေါ့ပါးပါးသာ ပြောလိုက်မိသော်လည်း တစ်ဖက်မှ ထိုကဲ့သို့လေးလံသောတုံ့ပြန်မှုဖော်ဆောင်လာမည်ကိုမူ ပိုင်ရဲ့မျှော်လင့်မထားမိခဲ့ပါချေ။ ထို့ကြောင့် ပိုင်ရဲ့ ချက်ချင်းဆိုသလို ယခင်အချိန်များမှ ချီရှင်းချန်၏ဖျော်ဖြေမှုနှင့်စိတ်နေစိတ်ထားများအကြောင်းကို ပြန်လည်တွေးတောမိသွားသည်။

ပိုင်ရဲ့ထံမှ စကားပြန်မပြောလာသည့်အတွက် ချီရှင်းချန် အစမ်းသဘော‌ဖြင့် မေးလိုက်လေသည် 

" ဒီလိုဆိုရင် အခုစိတ်လျော့နိုင်သွားပြီလားဟင်…"

"....." ပိုင်ရဲ့ ချီရှင်းချန်ကို အဖြေအတိအကျပြန်မပေးဘဲ အနောက်သို့သာ ခြေတစ်လှမ်းဆုတ်လိုက်သည်။

ပိုင်ရဲ့ လက်ကိုမြောက်ကာ ခဏမျှတောင့်တင်းနေပြီးနောက် အ‌ဆုံးတွင် သူ၏လက်ဖဝါးမှာ ချီရှင်းချန်၏ခေါင်းပေါ်သို့ ရောက်ရှိသွားခဲ့သည်။

ပိုင်ရဲ့ထံမှထွက်လာသည့်အေးမြသောရနံ့နှင့်မတူဘဲ သူ၏လက်မှာ ရှည်လျားသော အမှောင်ည၏အအေးဓာတ်ကို မောင်းထုတ်ရန် လုံလောက်သည်အထိ နွေးထွေးကာ ပြသနာများကိုဖြေရှင်းနိုင်စွမ်းရှိနေခဲ့သည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် ချီရှင်းချန် ပိုင်ရဲ့ပြောသံကိုကြားလိုက်ရသည်

 " ကိုယ့်ကိုစိတ်မတိုစေချင်ရင် နောက်တစ်ခေါက်ကျ နည်းနည်းပိုပြီးနာခံပေါ့…"

နောက်ဆုံးတော့ ပရိုဂရမ်အဖွဲ့မှာ တစ်ကြိမ်တစ်ခါမျှ လူသားဆန်ခဲ့ပြီဖြစ်သည် သူတို့၏နောက်ထပ်လုပ်ရမည့်မစ်ရှင်မှာ အလွန်ရိုးရှင်းနေသောကြောင့် ဧည့်သည်များမှာ ပူးပေါင်းကာ မနက်ခင်းပိုင်းတွင်ပင် အပြီးသတ်လုပ်ဆောင်လိုက်ကြပြီး ရှားရှားပါးပါးအနားရသည့်အချိန်လေးကို ပျော်မွေ့ရန်အတွက် သူတို့၏အခြေချစခန်းဖြစ်သောကျန်းမိသားစုနေအိမ်သို့ ပြန်သွားလိုက်ကြသည်။

၎င်းမှာ ချီရှင်းချန်အတွက်လည်း အဆင်ပြေ‌သွားစေခဲ့သောကြောင့် ချီရှင်းချန် ဒါရိုက်တာများ၏တည်းခိုနေအိမ်သို့ အပြေးသွားကာ ပြောလိုက်သည်

 " ဒါရိုက်တာကျောက် ကျွန်တော့်မိသားစုက နေ့လည်ခင်းကြရင် ဒီကိုလာလည်ပြီးတော့ ကျွန်တော်တို့နဲ့တစ်ညလောက်တည်းချင်လို့တဲ့…အဲဒါအဆင်ပြေနိုင်မလားလို့မေးချင်လို့ပါ…"

ဒါရိုက်တာကျောက်မှ မပွင့်မလင်းဟန်ဖြင့်မေးလိုက်သည် " မိသားစုဝင်က မိန်းကလေးလား…"

" သူကတကယ်ပဲမိသားစုဝင်ပါ…" ချီရှင်းချန်မှာ အံ့ဩနေခဲ့ရသည် " ကျွန်တော့်အစ်မအရင်းလာမှာ ပြီးတော့ သူ့မျိုးရိုးနာမည်ကလည်းချီပဲ…"

ဘတ်ဂျက်ခရီးသွားကြမယ်အစီအစဉ် ရိုက်ကူးရေးမစတင်မီက ဒါရိုက်တာကျောက်မှာ ပုံသေဧည့်သည်တိုင်း၏ကိုယ်ရေးရာဇဝင်ကို စစ်ဆေးကြည့်ခဲ့သောကြောင့် ဤရှိုးမှာ ချီရှင်းချန်၏ပထမဆုံးအကြိမ်အဖြစ် အိမ်မှအချိန်အတော်ကြာထွက်ခွာပြီး ရိုက်ကူးရေးလုပ်ဖူးခြင်းဖြစ်သည်ကို သိရှိနေခဲ့သည်။ ယခုလိုအခြေအနေမျိုးတွင် မိသားစုဝင်များမှ သူ့အပေါ်စိတ်ပူကာ လာရောက်လည်ပတ်ကြည့်ရှု ကြမည်မှာ အလွန်ပုံမှန်သာဖြစ်သည့်အတွက် ဒါရိုက်တာကျောက်မှ ချီရှင်းချန်အား မလုပ်ရမည့်အရာသုံးခုကို မှာကြားလိုက်ပြီးနောက် ခွင့်ပြုပေးလိုက်သည်။

ချီရှင်းချန် ဒါရိုက်တာကျောက်ကို ကျေးဇူးတင်လိုက်ပြီးနောက် ချီယွီကျီးအား အခြေအနေမေးရန်အတွက် မည်သူမှမရှိသည့်နေရာသို့ ပြေးထွက်လာခဲ့သည်။

" ရှင်းရှင်း…." ချီယွီကျီးမှာ ငိုကြွေးတတ်သောမကောင်းဆိုးဝါးအသွင်ပြောင်းသွားခဲ့သည်

 " အစ်မခဏနေထွက်လာတော့မယ်နော်…မင်းအတွက်ငါးဆားနယ်နဲ့ အန်တီကျန်းရဲ့ အိမ်လုပ်အမဲသားဆော့စ်ယူလာခဲ့ပေးတယ်… ဘာထပ်ယူချင်သေးလဲ…"

" ဒီလောက်ဆို လုံလောက်နေပါပြီ…ဒါနဲ့ ကျွန်တော်ရိုက်ကူးရေးလုပ်နေနဲ့နေရာက လမ်းပန်းမကောင်းတော့ အစ်မကိုပဲဒုက္ခဖြစ်စေတော့မှာပဲ…အစ်မနဲ့သက်တော်စောင့်တွေ ဒီကိုနွားလှည်းနဲ့လာရလိမ့်မယ်နော်…ဘယ်အချိန်လောက်ရောက်ကြမှာလဲ…ကျွန်တော် ဒီကရွာသားတစ်ယောက်ကို လာကြိုခိုင်းဖို့ လွှတ်ပေးရမှာမလို့လေ…"

" ရတယ် ရတယ် ပြသနာမရှိပါဘူး …ငါတို့အိမ်ကရှင်းရှင်းလေးနဲ့တွေ့နိုင်မယ်ဆိုရင် အဲဒီကိုတွားပြီးလာရမယ်ဆိုတောင် ပြသနာမရှိဘူး…ကျဲ နျိုပမ်းမြို့ကို ငါးနာရီလောက်ရောက်လာမှာဆိုတော့ ခန့်မှန်းခြေအရဆို ယန်ရှန်းရွာကို ငါးနာရီလေးဆယ်လောက်ကြ ရောက်လိမ့်မယ်…"

" ကောင်းပါပြီ ခဏနေတွေ့ကြတာပေါ့… ဒါနဲ့…" ချီရှင်းချန် ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားသဖြင့် " ဒီမှာက တောင်‌တန်းတွေဆိုတော့ ညဆိုအေးတယ်နော် အနွေးထည်ထူထူယူခဲ့ဦး…"

ဖုန်း၏တစ်ဖက်တွင် အချိန်ခဏမျှတိတ်ဆိတ်သွား‌ပြီးနောက် ပေါက်ကွဲသံကြီး‌ထွက်ပေါ်လာခဲ့သည် " အားးးးးးးးးး ရှင်းရှင်းက အခုတော့ကျဲကိုဘယ်လိုဂရုစိုက်ပေးရမယ်ဆိုတာ သိနေပြီပဲ…ကျဲတော့အခုတောင် ပျော်ပျော်ကြီးသေလို့ရပြီ ဝူး ဝူး…."

ချီရှင်းချန် ကပျာကယာဖုန်းကို နားနားမှဆွဲခွာလိုက်ရကာ ချီယွီကျီး၏စိတ်အခြေအနေပုံမှန်ပြန်ဖြစ်လာသည်အထိ စောင့်လိုက်ပြီးနောက် စကားအနည်းငယ်ထပ်မံပြောဆို၍ ဖုန်းချလိုက်လေသည်။

....

စာရေးသူမှာ ပြောစရာရှိပါတယ် : " လာမည့်အပိုင်းတွင် အမှိုက်ကောင်ကို လက်ဗလာနဲ့ အရေခွံနွှာပါတော့မယ်…"