အပိုင်း၂၆
Viewers 26k

Chapter 26

ဒါရိုက်တာကျောက်နှင့်ချီယွီကျီးကို ကိုင်တွယ်ပြီးနောက် အလှည့်ကျသူမှာ ကျိုးယွီပင်ဖြစ်သည်။ ချီရှင်းချန် ပြင်ဆင်ရန်အတွက် သူ၏အခန်းသို့ဦးစွာပြန်သွားလိုက်ပြီး လက်ဆွဲသေတ္တာကိုဖွင့်၍ အထဲမှလက်ဆောင်ဘူးလေးကိုမယူခင် လောင်ကျန်းထံသို့သွား၍ ချီယွီကျီးကိုသွားကြိုနိုင်မည်လားဟု မေးမြန်းလိုက်သည်။

ကျိုးယွီမှာမူ ခြံဝန်းထဲတွင် လောချိုးမန်၏နောက်ကျောကို အသာအယာနှိပ်နယ်ပေးခဲ့သည်။ လက်ဆောင်ဘူးကိုယူလိုက်ပြီးနောက် ချီရှင်းချန် ဖုန်းကိုထုတ်ကာ နားနားကပ်၍ သူတို့အနားမှ အေးအေးလူလူပင်ဖြတ်သွားဟန်ဆောင်လိုက်ကာ အသံကိုနှိမ့်၍ဆွေးနွေးနေလိုက်သည်

 " ဟုတ်တယ် ငါးနာရီလေးဆယ်နော်…အင်းးး အခြောက်ခံတဲ့ခြံဝန်းက ရွာကိုဦးတည်နေတဲ့လမ်းတိုလေးဘေးမှာပဲလေ…အိုက်ယားးး ထပ်မမေးပါနဲ့တော့ သေချာပေါက်ကောင်းတဲ့အရာပါ‌ဆို ဟဲဟဲဟဲဟဲ…"

ကျိုးယွီ နားစွင့်ကာ ခိုးနားထောင်လိုက်ချိန်တွင် သူ၏နှလုံးသားထဲ၌ သံသယများတရိပ်ရိပ်ထိုးတက်လာခဲ့သည်။

ရိုက်ကူးရေးစတင်သည်မှာ နှစ်ရက်ရှိပြီဖြစ်ရာ ဘတ်ဂျက်ခရီးသွားကြမယ်အစီအစဉ်၏ဧည့်သည်များထဲတွင် ကျန်းယွင်ဖေးမှာ အသက်အကြီးဆုံးယောင်္ကျားလေးဖြစ်ပြီး ဆုံးဖြတ်ချက်ချရသည့်နေရာကို ယူထားသူဖြစ်သည်။ ချီရှင်းချန်မှာမူ အငယ်ဆုံးဖြစ်ကာ အပါးနပ်ဆုံးသူလည်းဖြစ်သဖြင့် အဖွဲ့၏အချစ်တော်လေးဖြစ်မည်ဟူသောအရိပ်အယောင် ခပ်ဖွဖွပေါ်နေခဲ့သည်။

ချီရှင်းချန် ဘာသွားလုပ်မည်ကိုမပြောသွားသော်လည်း ကျိုးယွီမှာ ချီရှင်းချန်မှထပ်မံ၍အတန်းရှင်းယူရန် အခွင့်အရေးရှာနေကြောင်းကို ခန့်မှန်းမိနေခဲ့ပြီးဖြစ်သည်။ ထိုမျှသာမက ယမန်နေ့ညတွင် သူထိုသောက်ကလေးကြောင့် မျက်နှာပျက်ခဲ့ရသည်ဖြစ်လေရာ အဘယ့်ကြောင့်ချီရှင်းချန်လိုချင်သည့်အတိုင်း လွှတ်ထားပေးရမည်နည်း။

သူတစ်ချက်တော့ သွားကြည့်ရပေမည်…

ချီရှင်းချန် ကျိုးယွီ၏အမူအယာပြောင်းလဲသွားသည်ကို မြင်သည့်အချိန်မှသာ သူ၏နှလုံးသားမှကျောက်ခဲကြီးမှ ကျဆင်းသွားခဲ့သည်။

ချီယွီကျီးမှာ နာမည်ကျော်ဆယ်လီလုပ်ရန် ရည်ရွယ်ချက်မရှိဘဲ အပျော်တမ်းပုံတင်လေ့ရှိသူသာဖြစ်လေရာ သူမတတ်နိုင်သမျှကင်မရာထဲတွင် မပါသွားပါက အကောင်းဆုံးဖြစ်ပေလိမ့်မည်ပင်။ ချီရှင်းချန် ရွာထဲတွင်ရည်ရွယ်ချက်ရှိရှိဖြင့် နှစ်ခေါက်မျှပတ်သွားလိုက်ပြီး ကင်မရာမန်းများကိုချန်ထားရစ်လိုက်ကာ အခြောက်ခံသည့်ခြံဝန်းစီသို့ တိတ်တခိုးထွက်သွားလိုက်လေသည်။

ညနေလေးနာရီကျော်တွင် လောင်ကျန်းမှ ချီယွီကျီးကိုကြိုရန် အချိန်မီထွက်သွားခဲ့ပြီး ငါးနာရီခွဲအချိန်တွင်မူ ချီရှင်းချန် အခြောက်ခံသည့်ခြံဝန်းထဲသို့ရောက်ရှိနေပြီဖြစ်သည်။

ကံမကောင်းစွာဖြင့် ချီရှင်းချန် အကြိမ်ပေါင်းသန်းချီအောင် ကြိုတင်တွက်ချက်ထားခဲ့သည့်တိုင် သူ၏တွက်ချက်မှုများထဲမှ တစ်ခုမှာလွတ်ထွက်သွားခဲ့သည်။ ဤသည်မှာလူများ၏စပ်စုချင်စိတ်ပင်။ ကြည့်ရှူသူများမှာ နာမည်ကျော်ကြယ်ပွင့်များ၏မိသားစုအကြောင်းတူးဆွရခြင်းသည်ကို နှစ်သက်ကြတတ်ပေရာ ဒါရိုက်တာကျောက်မှ ကင်မရာမန်းတစ်ဦးကို ချီရှင်းချန်၏နောက်သို့ကပ်လိုက်သွားကာ သူ၏မိသားစုဝင်နှင့်ဆက်ဆံရေးကို အနည်းငယ်မျှသာရလျှင်ပင် ရသလောက်ရိုက်ကူးလာရန် အထူးမှာကြားထားခဲ့လေသည်။ နောက်ပိုင်းမှာတော့ သူတို့အစ်မဖြစ်သူ၏မျက်နှာကိုဖုံးကွယ်ကာ ပြသမည်ဖြစ်ပြီး တရားဝင်ဗီဒီယိုထဲတွင်လည်း သုံးနိုင်သည့်အပြင် အခြားရှုထောင့်တစ်ခုအဖြစ်လည်း အသုံးပြုနိုင်ပေမည်။

ထို့ကြောင့် ကင်မရာမန်းမှ ရည်ရွယ်ချက်ရှိရှိဖြင့် ချီရှင်းချန်နှင့်အကွာအဝေးကို တိုးမြှင့်လိုက်ပြီး တမင်တကာအနောက်ဘက်တွင် နေရစ်ခဲ့သည်။ ထိုကင်မရာမန်းမှာ ယခင်ကပါပါရာဇီတစ်ဦးဖြစ်ခဲ့ဖူးပြီး လူများကို သတိမထားမိစေဘဲ ဓာတ်ပုံရိုက်ယူရာတွင် အထူးကျွမ်းကျင်သူတစ်ဦးဖြစ်လေသည်။ ထိုမျှသာမက အခြောက်ခံသည့်ခြံဝန်းထဲတွင် တောင်မှရလာသည့်ပစ္စည်းများလည်း စုပုံနေခဲ့ပေရာ ပုန်းခိုရန်အတွက် လုံးလုံးသင့်တော်သောနေရာတစ်ခုဖြစ်သည်။

ထိုအချိန်၌ ချီရှင်းချန်မှာမူ သူ၏အနုပညာလုပ်ငန်းစတင်သည်မှာ မကြာသေးသည့်အတွက် ကင်မရာများကိုအာရုံခံနိုင်စွမ်းနိမ့်ပါးနေခြင်းကြောင့် ကပ်လိုက်ခံရသည်ကို သတိမမူမိသေးချေ။ ချီရှင်းချန် အချိန်ကိုတွက်ချက်ရင်းဖြင့် နောင်ကြလျှင်အစ်မဖြစ်သူကို မည်သို့ချော့ရမည်နည်းဆိုသည့်အကြောင်းကိုပါ တပြိုင်နက်တည်းစဉ်းစားနေမိခဲ့သည်။

သူ၏စဥ်းစားခန်းမှ အဖြေမထွက်လာခင်မှာပင် ရုတ်တရက်ဆိုသလို အနောက်ဘက်မှအဝတ်စဖြင့် ပွတ်တိုက်သွားသောအသံထွက်ပေါ်လာသည်။

ကျိုးယွီ လာချေပြီ…

အချိန်မှာ တင်းကြပ်နေသည့်အတွက် ချီရှင်းချန်အခြားသောအတွေးများကိုသာ မောင်းထုတ်ရန် တတ်နိုင်ခဲ့ပြီး အံ့ဩဟန်ဆောင်၍မေးလိုက်သည်

 " အယ် ယွီကော အစ်ကိုလည်း ဒီကိုလေကောင်းလေသန့်လာရှူတာလား…"

" အင်း…" ကျိုးယွီ ခေါင်းကိုဆန့်ကာ ချီရှင်းချန်၏အနောက်ဘက်ကို လှမ်းကြည့်လိုက်ပြီး " တခြားသူတွေကော ဘယ်မှာလဲ…"

" ဒီမှာကျွန်တော်ပဲရှိတာပါ အစ်ကိုကဘယ်လိုဖြစ်ပြီးရောက်လာရတာလဲ…"

" မင်းတစ်ယောက်တည်းပဲလား…"

ကျိူးယွီသံသယဝင်နေဆဲပင်။ သူ သေသေချာချာကို ချီရှင်းချန် တစ်စုံတစ်ယောက်နှင့်ဖုန်းပြောနေသည်အား ကြားခဲ့ရခြင်းဖြစ်သည်။

သို့သော်လည်း ကျိုးယွီထုတ်မမေးနိုင်ခဲ့ချေ။ အကယ်၍သာ ထုတ်မေးမိပါက သူ၏အတွေးများမှာ ထွက်ပေါ်သွားလိမ့်မည်ပင်။ ထို့ကြောင့် သူ ချီရှင်းချန်ကို မယဉ်ကျေးသောအမူအယာဖြင့်သာ ပေစောင်းစောင်းကြည့်နေလိုက်သည်။

ချီရှင်းချန်မှာမူ တစ်ဖက်သူ၏စိတ်အခြေအနေဆိုးရွားနေခြင်းကို သတိမမူမိသေးဘဲ နဖူးကိုရိုက်ကာ ပြောလိုက်သည် " ဟုတ်သားပဲ ယွီကောနဲ့တွေ့တာအတော်ပဲ ကျွန်တော်က အစ်ကို့‌ကိုတောင်းပန်ချင်နေတာ…ကျွန်တော်မနေ့တုန်းက တကယ်ပဲဖြတ်ကျော်ကဒ်ကို မလိုချင်ခဲ့ပါဘူး…"

ကျိုးယွီ၏မျက်နှာမှာ တောင့်တင်းသွားခဲ့သည် 

" တောင်းပန်တာလား… ဟမ့် ငါကတော့လုံးလုံးအရှက်ကွဲသွားရပြီးပြီလေ…အခုမှတောင်းပန်နေတော့ကော ဘာအကျိုးရှိမှာမလို့လဲ…"

ယ‌မန်နေ့ သူလူတိုင်း၏ရှေ့တွင်အရှက်ကွဲခဲ့ရခြင်းမှာ သူ၏ရှေ့မှာ ‌ထိုခွေးကောင်လေး၏အတွေးကောင်းများကြောင့်သာဖြစ်သည်။ ကျိုးယွီ ထိုခွေးကောင်လေးကို ယားယံလာရ‌လောက်အောင် ပျက်စီးစေချင်နေသည့်အတွက် ထပ်မံ၍စကားတစ်လုံးမှထပ်မပြောတော့ချေ။

ချီရှင်းချန် ကြိုတင်တွက်ချက်ထားသည့်အတိုင်းပင် တောင်းပန်ခြင်းတစ်ခုတည်းက အလုပ်မဖြစ်သည့်အတွက် သူ၏အိတ်ထဲမှဘူးတစ်ဘူးကို ဆွဲထုတ်လိုက်လေသည်။

ဘူးပေါ်တွင်ရိုက်နှိပ်ထားသည်မှာ ရစ်ချက်မိုင်လီတံဆိပ်ဖြစ်ပြီး ချီယွီကျီး ကျိုးယွိီကိုပေးခဲ့သောနာရီနှင့် တစ်ထပ်တည်းတူသည့်တစ်လုံးပင်ဖြစ်သည်။

ချီရှင်းချန် ထိုနာရီကိုမဝတ်သည်အား ချီယွီကျီးရှာတွေ့သွားပါက ဝမ်းနည်းသွားမည်စိုးသဖြင့် သူတိုက်ခန်းမှမထွက်လာခင်အချိန်တွင် အိတ်ထဲသို့ထိုးထည့်လာခဲ့ခြင်းဖြစ်သော်လည်း ယခုအချိန်တွင်မူ ကွက်တိအသုံးဝင်သွားခဲ့လေပြီ။

" ဒါကဒီနှစ်ရဲ့အသစ်ထုတ်ထားတဲ့ပစ္စည်းပဲ…" နာရီကိုမြင်လိုက်ရချိန်တွင် ကျိုးယွီ၏မျက်လုံးများမှာ တောက်ပသွားကာ " မင်းကဒါနဲ့ဘာလုပ်တာလဲ…"

" ယွီကော ကျွန်တော်တို့နှစ်ယောက်လုံးက ကုမ္ပဏီတစ်ခုတည်းကလူတွေ‌ပဲလေ ရန်သူတွေဖြစ်နေကြတာထက် ကျွန်တော်တော့ အစ်ကိုနဲ့သူငယ်ချင်းပိုဖြစ်ချင်တာ…ဒါကကျွန်တော့်ရဲ့သိတတ်မှုကိုပြတဲ့လက်ဆောင်သေးသေးပါရယ်… ကျွန်တော်ပြောခဲ့သမျှတွေကို အရမ်းကြီးအလေးအနက်မထားပါတော့နော် အဆင်ပြေမယ်မလား…"

သူပြောသမျှတွေကို အရမ်းအလေးအနက်မထားပါနဲ့ ဟုတ်လား… ကျိုးယွီစိတ်ထဲတွင်နှာခေါင်းရှုံ့နေမိသည်။ ရသစုံရှိုးက သူ့နေရာကိုလည်း ခိုးသေးတယ် ပြီးတော့ သူ့ကိုကောင်းကောင်းအရှက်ရအောင် လုပ်ခဲ့တာ‌ကို သူကဘယ်လိုလုပ်ပြီး ခွင့်လွှတ်ပေးလို့ရမှာလဲ…

သို့သော်လည်း ဤလက်ပတ်နာရီမှာမူ အတော်လေးကောင်းမွန်လှသည်။ Rတံဆိပ်မှာ ယခုနှစ်တွင် ပစ္စည်းနှစ်ခုကိုသာထုတ်ဝေထားခဲ့ပြီး တစ်ခုမှ ချီယွီကျီးသူ့ကိုပေးခဲ့ခြင်းဖြစ်သည်။ သူသာဤတစ်ခုကိုထပ်ရလိုက်ပါက friend circleသို့ပို့ကာထပ်မံကြွားဝါနိုင်လိမ့်မည်ပင်။

" ဒီတစ်ခုကိုတော့ လက်ခံပေးလိုက်တာပေါ့… ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့ရိုးသားတဲ့တောင်းပန်ခြင်းကတော့ ဒီအတိုင်းပဲထားထားလိုက်ဦးမယ်…"

ကျိုးယွီ လက်ပတ်နာရီကိုယူကာ လက်ပေါ်တွင်ပတ်ကြည့်ရန် မစောင့်နိုင်အောင်ဖြစ်နေရသည်။ ဘယ်ပြန်ညာပြန်ကြည့်ရင်းဖြင့်ပင် သူကြည့်လေလေ ပိုပိုပြီးကျေနပ်လာလေလေဖြစ်နေခဲ့သည်။ သို့သော်လည်း ရုတ်တရက်ဆိုသလို ကျိုးယွီတစ်စုံတစ်ခုကို သတိရသွားခဲ့လေသည်

 " မဟုတ်သေးပါဘူး… မင်းလိုဆင်းရဲသားက ဘယ်လိုလုပ်ပြီး နာရီတစ်လုံးဝယ်ဖို့ငွေရှိမှာလဲ…မင်းငါ့ကိုအရူးလုပ်ဖို့ အတုကြီးလုပ်လာတာတော့မဟုတ်ဘူးမလား…"

" မဟုတ်တာ ဘယ်လိုလုပ်ပြီး အတုဝယ်ရမှာလဲ… ကျွန်တော့်မှာအခုပရိသတ်တွေရှိလာပြီဆိုတော့ အလုပ်တချို့လက်ခံထားတာလဲရှိနေတယ်လေ…" 

ချီရှင်းချန်လိမ်ပြောလိုက်သည်" ကျွန်တော်ပိုက်ဆံရရခြင်း ပထမဆုံးလုပ်တာက အစ်ကို့အတွက် တောင်းပန်ဖို့လက်ဆောင်ဝယ်တာပါ…

" အိုးး ဒါဆိုရင် ငါဒီလိုနာမည်ကြီးတံဆိပ်တွေကြိုက်မှန်း မင်းဘယ်လိုသိတာလဲ…"

" ကျွန်တော်မသိပါဘူး…" ချီရှင်းချန် ညည်းတွားလိုက်သည် " အရင်တစ်ခါတုန်းက အစ်ကို့ကောင်မလေးက ဒီတံဆိပ်ထဲကဝယ်ပေးခဲ့ဖူးတယ်လေ…အစ်ကိုအတော်လေးသဘောကျနေတယ်ဆိုတာ ကျွန်တော်မှတ်မိနေတာနဲ့… ဝု အု…"

စကားတဝက်မှာပင် ကျိုးယွီ ချီရှင်းချန်၏ပါးစပ်ကို အတင်းအကြပ်ဆွဲပိတ်ကာ ဘေးဘီဝဲယာကို သူခိုးတစ်ယောက်ကဲ့သို့ ကြည့်လိုက်ပြီး " ငါတို့က အများပိုင်နေရာမှာလေ…ဒီလိုပေါက်ကရတွေမပြောစမ်းနဲ့…"

" ရပါတယ် ယွီကောရဲ့… ကျွန်တော်ဒီကိုလာတုန်းက ကင်မရာတွေကို ရှောင်ခဲ့ပါတယ်…"

" ဉာဏ်တော့ကောင်းသားပဲ…" ကျိုးယွီ ချီရှင်းချန်ကို ခြွင်းချက်မရှိယုံကြည်လိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ချီရှင်းချန်မှ အတန်းရှင်းယူရန် တစ်စုံတစ်ခုကို လုပ်ဆောင်လိုပါက ကင်မရာများကို ရှောင်ရှားရမည်ဖြစ်သောကြောင့်ပင်။

ကျိုးယွီ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်ပြီး " နောက်ကြရင် အနားမှာဘယ်သူမှမရှိလည်း သူ့အကြောင်းမပြောစမ်းနဲ့…"

" ဘယ်သူ့အကြောင်းမပြောရမှာလဲ…"

" သူကဒီအတိုင်းငါ့အပျော်ရည်းစားပါကွာ…"

မကြာသေးမီအချိန်ကပင် ကျိုးယွီမှာ ချီယွီကျီးကဲ့သို့ အထက်တန်းစားချစ်သူကောင်မလေးတစ်ယောက်ရထားခြင်းကြောင့် ဂုဏ်ယူမဆုံးဖြစ်နေခဲ့သော်လည်း အဓိကဇာတ်လိုက်မကို တစ်ခါတွေ့သွားသည်နှင့် သူ၏နှလုံးသားကို ထိုသူမှပိုင်ဆိုင်သွားပြီဖြစ်ရာ ချီယွီကျီး၏အဆင့်အတန်းကိုပင် အသိအမှတ်မပြုဘဲ သူမ ဟုသာသုံးနှုန်းလာခဲ့သည်။

ဒါကဘယ်လို‌တောင် အမှိုက်သရိုက်ဆန်တာလဲ…

ထင်းးခနဲ အသံနှင့်အတူ ချီရှင်းချန် သူ၏ကိုယ်တွင်းမှအပူများမှာ ခေါင်းထိ တခဏအတွင်း ထိုးတက်လာသည်ဟု ခံစားလိုက်ရသည်။ သူမူလကကျိုးယွီကို ဖြည်းဖြည်းချင်းဖြင့် အရာအားလုံးဖော်ထုတ်စေမည်ဟု စီစဉ်ထားခဲ့သော်လည်း အဆုံး၌ သူ၏စိတ်ရှည်မှုမှာ ဒေါသကြောင့် ကုန်ဆုံးသွားရလေပြီ " အပျော်တွဲရည်းစားဆိုတာ ဘာကိုဆိုလိုတာလဲ…"

ကျိုးယွီမှာ အရေးစိုက်ပုံမရချေ " ငါအခုကန်ထုတ်လိုက်ဖို့ စဉ်းစားနေတာမျိုးပေါ့…"

" သူကဟိုတလောကပဲ မင်းကိုဒီအစီအစဉ်ထဲ မရရအောင်ထိုးထည့်ပေးဖို့ လူရှာပေးခဲ့တာကို ခဏလေးနဲ့ ကန်ထုတ်လိုက်တော့မယ်ပေါ့… မြစ်ကိုကူးပြီးတံတားဖျက်တာတောင် ဒီလောက်မြန်မှာမဟုတ်ဘူး… ဟုတ်တယ်မလား…"

" ငါကသူ့ကိုအစကတည်းက သဘောမကျတာလေ… သူကသာအတင်းတွယ်ကပ်နေတာ… ဒါကြောင့်ပဲ ငါဘယ်လိုမှမတတ်နိုင်ဘဲ အလိုက်အထိုက်နေပေးလိုက်ရတာကို… ပြီးတော့…" ကျိုးယွီမှာ ကြောင်အသွားရသည် " ပြီးတော့ ငါ့ကိုဒီအစီအစဉ်မှာပါဖို့ လမ်းခင်းပြီးတံတားဆောက်ပေးခဲ့တဲ့သူက သူဆိုတာကို မင်းဘယ်လိုသိတာလဲ…"

ချီရှင်းချန် နားထောင်လေလေ ကျိုးယွီ၏ပေါက်ကရစကားများကြောင့် စိတ်တိုလာရလေလေဖြစ်ကာ သူ့စိတ်ကိုမထိန်းနိုင်တော့ဘဲ ကျိုးယွီ၏ အင်္ကျီကော်လာကို ကောက်ကိုင်လိုက်သည် 

" မင်းကသူ့ကိုမကြိုက်ဘူးဆိုရင် ဘာလို့သူ့စီကပစ္စည်းတွေကိုတော့ လက်ခံနေသေးလဲ…သူ့ကိုမကြိုက်ဘူးဆိုရင် ဘာလို့ လှည့်ဖျားဖို့ ပန်းပွင့်လိုစကားချိုချိုတွေကို သုံးနေသေးလဲ… သူ့ကိုမကြိုက်ဘူးဆိုရင် ဘာလို့မြောက်ဝင်ရိုးစွန်းက ရောင်စဉ်တန်းတွေသွားကြည့်ဖို့ လက်မှတ်ဖြတ်လိုက်မယ်လို့ လှည့်စားခဲ့တာလဲ…သူ့ကိုမကြိုက်ဘူးဆိုရင် ဘာလို့ ဒီအတိုင်းလမ်းမခွဲပဲနဲ့ ကြိုးရှည်ရှည်နဲ့လှန်ထားနေတာလဲ…"

ကျိုးယွီ လည်ပင်းအစ်သွားသဖြင့် ချောင်းအနည်းငယ်ဆိုးလိုက်ရသည်။ သို့သော်လည်း ချီရှင်းချန်မှာ သူ၏ချစ်သူနှင်လုံးလုံးမသက်ဆိုင်ကြောင်းကို မှတ်မိသွားခဲ့ပြီး အဘယ့်ကြောင့်အခုမှ ရုတ်တရက်ထ၍ သူမအတွက်တရားမျှတမှုယူပေးနေကြောင်းကို သူနားမလည်နေခဲ့ပေ။

သူ၏အတွေးများကို မှန်ကန်အောင်ခန့်မှန်းနိုင်သွားသောကြောင့် ကျိုးယွီ အရှက်ရမှုမှ ဒေါသများကန်ထွက်လာကာ ချီရှင်းချန်ထံသို့ နောက်လှည့်၍လက်သီးတစ်ချက်ပစ်သွင်းလိုက်သည် 

"ေ ခွးမသား မင်းကဘာမလို့ ငါတို့ရဲ့ဆက်ဆံရေးကြား အမြဲဝင်ပါနေရတာလဲ…  ဘာလဲ မင်းကသူ့ကိုကြိုက်နေတာလား…ငါကစားလို့ဝသွားရင် ကျန်ကောက်ကောက်ဖို့ ထိုင်စောင့်နေတာပေါ့လေ…"

ကျိုးယွီ၏လက်သီးမှာ ချီရှင်းချန်၏နှာရိုးပေါ်သို့ကျရောက်သွားခဲ့သော်လည်း သူ ကျိုးယွီမှ ထိုကဲ့သို့စက်ဆုတ်ဖွယ်စကားမျိုးပြောလာမည်ဟု မထင်ထားခဲ့သဖြင့် ချီရှင်းချန်လည်း ပြန်ထိုးလိုက်လေသည်

 " ကျိုးယွီ အဲဒါက မင်းရဲ့ချစ်သူကောင်မလေးနော်… မင်းက ယောင်္ကျားမှဟုတ်ရဲ့လား…"

ချီရှင်းချန်၏အားမှာ မပျော့လှသောကြောင့် ကျိုးယွီ ထိုးနှက်မှုကြောင့် တုန်လှုပ်သွားရသည်။ သူသည် ချီယွီကျီးထံမှ နေ့စဉ်နေ့တိုင်းလိုလို မြှောက်စားခံနေရပြီး ဤကဲ့သို့စော်ကားမှုမျိုးကို တစ်ခါမှမကြုံတွေ့ခဲ့ဖူးလေရာ သူ၏မျက်လုံးများပင် ပေါက်ထွက်လုမတတ် စိတ်တိုလာကာ ဒေါသတကြီးဆဲဆိုလိုက်သည် 

" ချီရှင်းချန် မင်းအမေသာသွား-ိုးလိုက်…"

ထိုသို့ပြောလိုက်ပြီးနောက် သွေးတစ်လုတ်ကိုထွေးချလိုက်ကာ ချီရှင်းချန်နှင့်သေသည်အထိတိုက်ရန်ပြင်လိုက်ပြီး ခြေထောက်ကိုဆန့်ကာ ကန်ထုတ်ရန်လုပ်လိုက်သည်။

သူ၏ခြေထောက်ကို ပြန်မချနိုင်ခင်မှာပင် လေထဲမှ အစိမ်းရောင်လေပွေတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

လေပွေငယ်လေးမှာ သူ၏ရှေ့သို့ရောက်လာကာ ဘမ်းခနဲအသံနှင့်အတူ ကျိုးယွီ သူ၏ညာဘက်မျက်နှာပေါ်တွင် နာကျင်မှုကို ခံစားလိုက်ရကာ အမဲသားအနံ့ထွက်ပေါ်နေသည့်ဟင်းရည်များမှာ သူ၏မျက်နှာပေါ်သို့ ကျဆင်းလာခဲ့သည်။

ချီယွီကျီး ပြေးဝင်လာကာ ဘယ်ဘက်လက်မှ ကျိုးယွီ၏ပါးကိုဖြန်းခနဲချလိုက်ပြီး ညာဘက်လက်မှ အမဲသားအစပ်ဆော့ဘူးဖြင့် ကျိုးယွီ၏ခေါင်းကို တိုက်ရိုက်ပင်ထုချလိုက်သည်။

" ဟင့်.. အားးးးး နာတယ် နာတယ်…"

မူလကိုယ်နှင့်ချီရှင်းချန်တို့နှစ်ဦးစလုံးမှာ အစပ်အတော်စားနိုင်ကြသူများဖြစ်လေရာ အန်တီကျန်းမှ အမဲသားဆော့စ်ထဲတွင် ငရုတ်သီးအများအပြားထည့်ပေးထားခဲ့သည်။ အနီရောင်ငရုတ်ရည်များမှာ သူ၏မျက်လုံးပေါ်မှစီးကျနေပြီး ကျိုးယွီ၏မျက်နှာပေါ်တွင် မျက်ရည်နှင့်နှာရည်များဖြင့် ချက်ချင်းဆိုသလို ပြည့်နှက်သွားကာ နာကျင်မှုကြောင့် ငိုကြွေးလိုက်မိသည်။

" နင်ကငါ့ဘလက်ကဒ်ကိုဖြတ်ပြီးတော့ ချမ်းသာတယ်လို့ ရှိုးပြဖို့အတွက် ငါ့ကားကိုမောင်းတယ်…ရတယ် ငါသည်းခံခဲ့တယ်…ဇိမ်ခံပစ္စည်းတွေမြင်တိုင်း ပီကင်းခွေးတစ်ကောင်လို ခေါင်းတလည်လည်နဲ့ ပူဆာတယ်… ဒါလည်းငါသည်းခံခဲ့တာပဲ… အခုတော့ နင်ကတကယ်ကြီး ငါ့…တခြားသူတွေကို စိတ်ရှိတိုင်း ရိုက်နှက်ရဲတယ်ပေါ့… ကျိုးယွီ ဒီသခင်မကြီးက နင့်ကိုပြောလိုက်မယ်… ငါလုံးဝသည်းမခံနိုင်တော့ဘူး…"

မောင်ငယ်ဖြစ်သူနှင့်ဆုံတွေ့ရန်အတွက် ချီယွီကျီး ခါးထိခွေဆင်းနေသော အညိုရောင်လှိုင်းတွန့်ဆံပင်ရှည်ကြီးနှင့်အတူ မြက်ခင်းစိမ်းရောင်ဂါဝန်ကိုဝတ်ကာ အနီရောင်နှုတ်ခမ်းနီကိုဆိုးထားပြီး နှင်းကဲ့သောဖြူဖွေးသောအသားအရေကို ထုတ်ဖော်ပြသထားခဲ့သည်။ သူမ၏သွင်ပြင်မှ တောအုပ်အတွင်းမှ ထွက်လာသည့်နတ်သူငယ်မလေးတစ်ယောက်ကဲ့သို့ဖြစ်နေသော်လည်း ချီယွီကျီးလက်ကိုင်အိတ်ကိုလွှဲကာ ကျိုးယွီကို ဆက်တိုက်ရိုက်နှက်နေရင်းမှ ပါးစပ်မှလည်း ငွေအမောင့်များကို တွက်ပြနေခဲ့လေသည် " သုံးသောင်းကနေငါးသောင်းတန်တဲ့ အသေးအမွှားလေးတွေကတော့ ထားပါတော့…ငါပြန်မလိုချင်တော့ဘူး… ဒါပေမယ့် အရင်တစ်ခေါက်တုန်းက ငါနင့်ကိုပေးထားတဲ့ 2004 Kalimna Block 42 Cabernet Sauvignon ဝိုင်ကိုပြန်ပေး…အရင်လတုန်းကပေးထားတဲ့ သီရိလင်္ကာ ပါပါရာ့ချာနီလာ(Sri Lankan Padparadscha Sapphire)နဲ့လုပ်ထားတဲ့ နက်တိုင်ကလစ်ကိုလည်းပြန်ပေး…လွန်ခဲ့တဲ့လဝက်တုန်းကပေးခဲ့တဲ့ ရစ်ချက်မိုင်လီ(RICHARD MILLE) နာရီကိုလည်းပြန်ပေး… အကုန်ပြန်ပေး…"

" ဒါနဲ့…" ချီယွီကျီး ခဏရပ်လိုက်ပြီးနောက် ကျိုးယွီ၏အင်္ကျီပေါ်မှ ဂူချီ(Gucci)တံဆိပ်ကို ညွှန်ပြလိုက်ကာ " ဒီအဝတ်တစ်စုံလုံးကိုလည်း ဟော့ဒီကသခင်မကြီးကပဲဝယ်ပေးထားတာမလား…စွန်းကောနဲ့ လိကော…"

ချီယွီကျီး သူမနှင့်အတူလိုက်ပါလာသည့်သက်တော်စောင့်များကို ခေါ်ထုတ်လိုက်ပြီး " သူ့အင်္ကျီနဲ့ဘောင်း‌ဘီတွေအားလုံးကို ကျွန်မအတွက် ဆွဲချွတ်လာခဲ့ပေး…အခုနော် အခုချက်ချင်းအကုန်ချွတ်ယူလာခဲ့…"