Chapter 27
ချီရှင်းချန် ကျိုးယွီကိုတောင်းပန်ကာလက်ဆောင်ပေးချင်သည့်အချိန်တွင် ချီယွီကျီးမှာ အနီးအနားသို့ရောက်နေပြီဖြစ်သည်။
ဤသည်မှာ သူမ၏ငယ်ရွယ်စဉ်ကလေးဘဝတည်းကပင် အရိုးထဲကပင် အလိုလိုက်ခဲ့ရသောမောင်ငယ်လေးဖြစ်သော်လည်း အဘယ့်ကြောင့် ချီရှင်းချန်မှာအခြားသူအပေါ် ထိုမျှဝပ်တွားခယနေရသည်နည်း။ ပို၍ဆိုးသည်မှာ ထိုသူက သူ၏တောင်းပန်မှုကို တကယ်ကြီးလက်မခံခဲ့ချေ။ ချီယွီကျီး ဒေါသများဆူပွက်ရလွန်းသဖြင့် သူမဝတ်ထားသောဒေါက်ဖိနပ်နှင့်ပင် တက်နင်းမလိုဖြစ်နေရသည်။
ရွံစရာအကောင်းဆုံးအချက်မှာ ဤခွေးကောင်ကျိုးက သူမမောင်ငယ်လေးပေးသည့်လက်ဆောင်ကိုသာလက်ခံပြီး အတုဝယ်လာသည်ဟုပင် မေးခွန်းပြန်ထုတ်လိုက်သေးသည်။
ထို့နောက် သူမ၏မောင်ငယ်လေးကို တကယ်ကိုပဲ ရိုက်နှက်ရဲခဲ့လေသည်။
ယခုလိုအချိန်မှာတောင် သူမ၏မောင်ငယ်လေးကို လက်ပါရဲလေရာ လက်ထပ်ပြီးပါက မည်သို့ရှိနေမည်နည်း။ ချီယွီကျီး သူမ၏မောင်ငယ်လေးကို အနိုင်ကျင့်သူအား အမှန်တကယ်ပင် မိသားစုတွင်းသို့ခေါ်လာရန် မဖြစ်နိုင်ပေ။
ချီရှင်းချန်၏နှာခေါင်းမှဒဏ်ရာကိုကြည့်လေလေ သူမဒေါသထွက်လာလေလေဖြစ်ကာ ချီယွီကျီးသက်တော်စောင့်များကို စေခိုင်းလိုက်သည် " မြန်မြန် သွားပြီးဆွဲချွတ်ပစ်လိုက်ကြတော့…"
သက်တော်စောင့်နှစ်ဦးမှာ အမိန့်ကိုနာခံကာ ကျိုးယွီ၏အနားသို့ အပြေးလာခဲ့ကြသည်။
ဘေးမှရပ်ကြည့်နေမိသောလောင်ကျန်းသည်လည်း သူယခင်အချိန်များတွင် ပေါင်းသင်းဆက်ဆံခဲ့ဖူးသောကြင်နာပုံရသည့်လူငယ်လေးမှာ ထိုမျှယုတ်မာမည်ဟုမထင်မိထားသဖြင့် အမျက်ချောင်းချောင်းထွက်လာကာ အင်္ကျီလက်ကိုခေါက်တင်ကာ သက်တော်စောင့်များနှင့်အတူတကွ ကျိုးယွီကိုပညာပေးရန်အတွက် လိုက်ပါလာခဲ့သည်။
ကျိုးယွီ၏မျက်လုံးများမှာ ငရုတ်သီးဆော့စ်များဖြင့် ပေကျံနေသည့်အတွက် မည်သည့်အရာကိုမှ ရှင်းရှင်းလင်းလင်းမမြင်နိုင်ဖြစ်နေရသော်လည်း ချီယွီကျီး၏အသံကိုကြားလိုက်ရချိန်၌ ပြာပြာသလဲလဲတောင်းပန်လာခဲ့သည်
" မဟုတ်ဘူး… ပေါင်ပေ့ ဒီလိုမဟုတ်ပါဘူး… ကိုယ့်မှာမင်းကိုပစ်သွားမယ်လို့ ရည်ရွယ်ထားတာမရှိရပါဘူး…ခုနကတုန်းက ဒီအတိုင်း ဒီကောင်စုတ်ကလေးနဲ့ နောက်ပြောင်နေတာပါ…"
" ကောင်စုတ်ကလေးလား…" ချီယွီကျီး သူမ၏ခြေထောက်ဖြင့် ပြင်းပြင်းထန်ထန်တက်နင်းလိုက်သည် " ဘယ်သူ့ကိုကောင်စုတ်ကလေးလို့ခေါ်နေတာလဲ…အစ်ကိုတို့ ချွတ်ပစ်လိုက်တော့… သူ့ကို့ကျွန်မအတွက် ဆွဲဖြဲပစ်လိုက်ကြစမ်းပါ…"
" ယွီကျီး ပေါင်ပေ့…ချစ်ရသူလေး… ဟေးးးး ငါ့ကိုမထိနဲ့နော်… လွှတ်.. လွှတ်ကြစမ်း…"
ကံမကောင်းစွာဖြင့် ကျိုးယွီမည်မျှပင်အော်ဟစ်နေပါစေ သူမ၏ပြောင်းပြန်အကြေးခွံကို အထိခံလိုက်ရပြီဖြစ်သော ချီယွီကျီးမှာ သူ၏စကားကို လုံးလုံးပင်နားထောင်မနေခဲ့ချေ။ ငါးမိနစ်မျှအကြာတွင် လွတ်လွတ်လပ်လပ်ရုန်းကန်နိုင်ခြင်းမရှိသောကျိုးယွီမှာ သက်တော်စောင့်များနှင့်လောင်ကျန်းတို့ထံမှ အတွင်းခံဘောင်းဘီလေးသာကျန်ရစ်သည်အထိ အဝတ်အစားများအားလုံးဆွဲချွတ်ခံလိုက်ရပြီဖြစ်သည်။
မြင်ကွင်းမှာသည်းခံရန် အလွန်ခက်ခဲနေသည့်အတွက် ချီရှင်းချန် မြင်လိုစိတ်မရှိခြင်းကြောင့် ကပျာကယာခေါင်းကို လှည့်လိုက်ရသည်။ ထိုအချိန်၌ သတိပေးမှုမရှိပါဘဲနှင့် ဖြစ်စဉ်တစ်လုံးကို အစမှအဆုံးအထိရိုက်မိသွားကာ စကားပင်မပြောလောက်အောင် ဆွံ့အနေရသည့်ကင်မရာမန်းနှင့် တိုက်မိသွားလေသည်။
ချီယွီကျီးမှာမူ ကျစ်ခနဲစုတ်သပ်လိုက်ပြီး " အခုမှသတိရတယ်… အဲဒီဘောင်းဘီကလည်း ငါဝယ်ပေးထားတာပဲလေ…လိကော အဲဒါပါချွတ်ပစ်လိုက်…."
ချီရှင်းချန်၏အတွေးထဲတွင် ချီယွီကျီးကဲ့သို့ နူးညံ့သိမ်မွေ့သည့်မိန်းကလေးတစ်ဦးအနေဖြင့် အဆိုးဆုံးအချက်မှာ အဖြစ်အပျက်ကို သူမဘာသာတိတ်တဆိတ်ချေဖျက်ရန် အခက်ဆုံးဖြစ်မည်ဟုတွေးမိခဲ့ဖူးသည်။ ထို့ကြောင့်ပင် သူကျိုးယွီ၏မျက်နှာအစစ်ကို မည်သည့်အချိန်ကမှ မဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ အကယ်၍သာပေါ်သွားပါက သူမအတွက် ထိုးနှက်ချက်ကြီးကြီးတစ်ခုဖြစ်သွားနိုင်မည်နှင့်အတူ ကျိုးယွီ၏ထပ်ခါတလဲလဲလှည့်စားနေခြင်းမှလည်း သူမကိုကယ်တင်နိုင်မည်ဖြစ်သည်။
မည်သူကများ ချီယွီကျီးထိုမျှကြမ်းတမ်းကာ ကျိုးယွီ၏အဝတ်များကို ချွတ်ပစ်မည်ဟု တွေးမိထားမည်နည်း။ သူမူလကအစီအစဉ်ချထားခဲ့သည်မှာ ကျိုးယွီကိုအနုပညာလောကမှထွက်ရန်ဖိအားပေးကာ ချီယွီကျီးအနားမှစွန့်ခွာစေမည်ဟုပင်။ သို့သော်လည်း ယခုအချိန်တွင်မူ ကျိုးယွီ၏အဝတ်မဲ့နေသောအခြေအနေမှာ ကင်မရာအောက်တွင် တစ်စွန်းတစ်စမှမကျန်ရစ်အောင် ရိုက်ကူးခံလိုက်ရပြီဖြစ်သည့်အတွက် အရာအားလုံးမှာ ဒါရိုက်တာကျောက်မှ ၎င်းကိုလွှင့်မည် မလွှင့်မည်အပေါ်တွင်သာ မူတည်နေတော့မည်။ အကယ်၍သာ ဒါရိုက်တာကျောက် ထိုအပိုင်းကိုထုတ်လွှင့်ရန်ဆန္ဒရှိခဲ့ပါက ၎င်းမှာ ကျိုးယွီအနုပညာလောကမှ ထွက်သွားရုံလောက်ဖြင့် ဖြေရှင်းနိုင်မည့်ပြသနာမဟုတ်နိုင်တော့ပေ။
နောက်ဆက်တွဲအခြေအနေကို စကားငါးလုံးဖြင့် ဖော်ပြနိုင်ပေမည်။ ပုလ္လင်ပေါ်မှ လုံးဝကိုကျဆုံးခြင်း….
မည်သို့ပင်ဆိုစေကာမူ မိန်းကလေးများကိုလှည့်စားတတ်သည့် ဤကဲ့သို့လက်ဖက်စိမ်းကောင်မျိုးမှာ ငရဲသို့ဆင်းရသည့်တိုင် သနားစရာတစ်ကွက်မှမရှိချေ။ ချီရှင်းချန် ကျိုးယွီ့အတွက် ညှာတာမှုတစွန်းတစ်စပင် မရှိနေခဲ့ပေ။
အမြင့်မားဆုံးအခြေအနေတွင် ကျိုးယွီ၏ငှက်လေးမှ လောချိုးမန်ကိုထိတ်လန့်စေမည်အား စိုးရွံ့သောကြောင့်သာ ချီရှင်းချန် ဤတစ်ကြိမ်တွင် သက်တော်စောင့်များနှင့်လောင်ကျန်းကို တားမြစ်လိုက်ကာ ကျိုးယွီ၏နောက်ဆုံးအရှက်ကို ဖုံးအုပ်ပေးထားသည့်အဝတ်တစ်စကို မချွတ်ရန်ပြောလိုက်ရသည်။
အခြေအနေမှ တဖြည်းဖြည်းတည်ငြိမ်သွားပြီး ချီရှင်းချန် သက်တောင်စောင့်များမှ ကျိုးယွီကို မြေပေါ်တွင်မလှုပ်နိုင်သည်အထိ ဖိကပ်ထားချိန်တွင် သူ ချီယွီကျီးကို ချော့မော့လိုက်သည်
" ကျဲ ဆက်ပြီးစိတ်တိုမနေနဲ့တော့… ဒီလိုကောင်မျိုးက ကျဲစိတ်တိုတာနဲ့ မတန်ပါဘူး…"
" နင်ဖယ်နေစမ်းပါဟယ်… သူကနင့်ကိုတောင်တကယ်ကြီးထိုးကျိတ်ရဲသေးတာ… ဒီနေ့တော့ ဒီသခင်မကြီးကအရာအားလုံးကို နေရာပြန်ချ… နေဦး ရှင်းရှင်း နင်ငါ့ကိုဘယ်လိုခေါ်လိုက်တာ…"
ချီရှင်းချန် : "...."
" ကျဲလို့ခေါ်လိုက်တာလား…" ချီယွီကျီး ပျော်ရွှင်မှုကြောင့် မြေပြင်မှသုံးပေထိရောက်အောင် ခုန်ပေါက်နေမိသည်
" နင်ငါ့ကိုကျဲကျဲလို့ခေါ်လိုက်တယ်… ရှင်းရှင်းက ငါ့ကိုကျဲကျဲလို့ ခေါ်လိုက်တယ်…"
" နင်ဂျူနီယာအထက်တန်းကိုရောက်ကတည်းက ငါ့ကိုကျဲကျဲလို့မခေါ်တော့တာပဲ…" ချီယွီကျီး ပြောလိုက်သည်နှင့် သူမ၏မျက်လုံးတွင် ငွေ့ရည်များသိုင်းဖွဲ့လာသည် " ရှင်းရှင်း ဒီအချိန်လေးကို ကျဲဘယ်လောက်တောင်စောင့်ခဲ့ရလဲသိလား…"
ချီရှင်းချန် သူ၏ရှေ့မှ သူ့ထက်ခေါင်းတစ်လုံးစာနိမ့်သောအစ်မဖြစ်သူကို ကြည့်နေမိသည်။ ယခုလေးတွင်ပင် ချီယွီကျီးသည် အလျင်စလိုပြုမူခဲ့ပြီး ကျိုးယွီကို ပြောဆိုခဲ့သည့်စကားနှင့်လုပ်ဆောင်မှုတိုင်းမှာ သူမ၏မောင်ငယ်လေးကို လက်သီးနှင့်ထိုးရဲခြင်းကြောင့်သာ အပြစ်တင်နေခြင်းဖြစ်ပြီး သူမ၏ပိုက်ဆံနှင့်ခံစားချက်ကို လှည့်ဖြားခံရခြင်းအကြောင်း နည်းနည်းလေးမျှပင် မပါဝင်နေခဲ့ပေ။
ချီရှင်းချန်မှာ တစ်ချက်အထိုးခံရလိုက်သော်လည်း ဤအဖြစ်အပျက်၏အများဆုံးနစ်နာသူမှာမူ ချီယွီကျီးသာဖြစ်သည်။
သို့သော်လည်း အရာအားလုံးထွက်ပေါ်လာချိန်တွင်မူ ချီယွီကျီး သူမအတွက်ကိုအစကတည်းကပင် ထည့်မစဉ်းစားထားခဲ့ဘဲ ထိုအစား သူ့အတွက်သာ အရင်ဦးဆုံးတွေးနေပေးခဲ့သည်။
ဒါကဘယ်လိုတောင် ကိုယ့်အကျိုးစီးပွားကိုထည့်မတွက်တဲ့ မိသားစုအချစ်မျိုးလဲ…
ဤသို့ဖြင့် ချီရှင်းချန် မသိစိတ်မှ ကျဲဟူ၍ခေါ်မိသွားခဲ့သည်။
ကျိုးယွီမှာ သူ့ကိုယ်သူပိုက်ထွေးထားကာ နာကျင်မှုကြောင့် ငိုကြွေးနေရဆဲဖြစ်သည့်အတွက် သူတို့ဘက်မှစကားဝိုင်းကို မကြားနိုင်ခဲ့ပေ။ ချီရှင်းချန် တစ်စုံတစ်ယောက်၏အခြောက်ခံသည့်ခြံဝန်းထဲတွင် အချိန်ကြာမြင့်စွာရှိနေခြင်းမှာ မသင့်တော်သည်ဟု ခံစားလိုက်ရသည့်အတွက် ချီယွီကျီးကို စကားလမ်းကြောင်းလွှဲလိုက်သည် " ပြန်ရအောင် အခုတော့ခဏနားကြတာပေါ့…"
ချီယွီကျီးသည်လည်း သူ့ကိုဆက်၍ဖိနှိပ်မနေတော့ဘဲ မျက်ရည်များဖြင့် သဘောတူလိုက်သည်
" ကောင်းပြီ နင်ပြောတာနားထောင်မယ်… ကျဲကျဲက ရှင်းရှင်းပြောသမျှ ဘာဖြစ်ဖြစ်နားထောင်မယ်…"
လောင်ကျန်း၏အိမ်တွင် ကင်မရာများဖြင့်ပြည့်နှက်နေပြီး ချီယွီကျီးမှာ ယခုအချိန်တွင် ရိုက်ကူးခံလိုက်ရပြီဖြစ်သည့်တိုင် နည်းနည်းရိုက်မိပါက နည်းနည်းဖြစ်ခြင်းကြောင့် ချီရှင်းချန် အစ်မဖြစ်သူကို လောင်ထျဲ၏အိမ်သို့သာခေါ်သွားလိုက်သည်။
လောင်ထျဲနှင့်လောင်ကျန်းတို့၏အိမ်မှာ ဘေးချင်းကပ်ရက်ပင် ဖြစ်ကြသည်။ ချီယွီကျီးမှာ သူမကိုကျဲကျဲဟုခေါ်လိုက်ခြင်းအတွက် ဆက်တိုက်ပင်ငိုကြွေးနေခြင်းကြောင့် ချီရှင်းချန် ပျာယာခတ်လာကာ သူ၏နားရွက်ပွတ်ကာ ပါးပြင်ပေါ်သို့ တစ်ချက်နှစ်ချက်ကုတ်ခြစ်လိုက်ပြီး သူမနှင့်မည်ကဲ့သို့စကားပြောရမည်မသိဖြစ်နေရသာ်။ ချီရှင်းချန် သူမအတွက်ဒိန်းမတ်မှဝယ်လာသည့်လက်ဆောင်ကိုပေးပြီးချိန်မှသာလျှင် သခင်မလေးချီ၏ခံစားချက်များမှာ မိုးကြိုးများပြည့်နေသည့်ကောင်းကင်မှ နေသာသောနေ့တစ်နေ့အဖြစ်သို့ ပြောင်းလဲသွားရသည်။
ချီယွီကျီး အိတ်ကိုဖက်ကာ ဂရုတစိုက်ထွေးပွေ့ထားပြီး ၎င်းကိုစိတ်လှုပ်ရှားစွာကိုင်ထားရသည့်အတွက် သက်တော်စောင့်များမှ လက်နှစ်ဖက်လုံးအားချုပ်နှောင်ပေးထားသောကျိုးယွီကို ကန်လိုက်ချိန်၌ သူမ၏ခြေဖျားလေးကိုသာ အသုံးပြုလိုက်ရသည်။
ချီယွီကျီးမှ " ငါတို့သူ့ကိုဘယ်လိုလုပ်ကြမလဲ…အစတုန်းက ငါတကယ်ထူပူသွားခဲ့တာ… မဟုတ်ရင်ဒီလောက်အရှုပ်တွေကို ဖန်တီးမိမှာမဟုတ်ဘူး…"
မည်သို့ကိုင်တွယ်ကြမည်နည်း… ဤပြသနာမှာ အနည်းငယ်ခက်ခဲလှသည်။
ချီရှင်းချန် မျက်မှောင်ကြုတ်လိုက်ချိန်တွင် ရုတ်တရက်ဆိုသလို ဖုန်းထမြည်လာပြီး ၎င်းမှာဒါရိုက်တာကျောက်ထံမှဖြစ်သည်။
ခန့်မှန်းရန်ပင်မလို ချီယွီကျီး၏လက်ဗလာဖြင့် အမှိုက်ကောင်ကိုကိုင်တွယ်လိုက်သည့်သတင်းမှာ ဒါရိုက်တာကြီးထံ ပျံ့နှံ့သွားပြီဖြစ်ကြောင်း ချီရှင်းချန် သိရှိနေခဲ့ပြီဖြစ်ကာ သက်တော်စောင့်များအား ချီယွီကျီးကိုဂရုစိုက်ရန်မှာကြားလိုက်ပြီးနောက် ကျန်းမိသားစုအိမ်သို့ မိုင်ကုန်ပြေးသွားလိုက်ရသည်။
ဒါရိုက်တာပထမဆုံးလုပ်ဆောင်သည့်အချက်မှာ ချီရှင်းချန်ကို ဒေါသတကြီးဆူပူခြင်းဖြစ်လေသည်။ ဆူပြီးချိန်၌ ဆေးလိပ်ပြာခွက်ကို ကြမ်းပြင်ပေါ်သို့ ပစ်ချကာ " ငါ့ကိုပြောစမ်းပါ မင်းတမင်တကာကျိုးယွီကို အဲဒီခြံဝန်းကိုလာအောင် အစီအစဉ်ချထားတာမလား…"
ဗီဒီယိုမှာ ဖြစ်စဉ်အစအဆုံးကို ကျယ်ကျယ်ပြန့်ပြန့် ရိုက်ကူးမိထားပြီး ဒါရိုက်တာကျောက်၏အနုပညာနယ်ပယ်အတွင်း ကျင်လည်နေသည့်နှစ်များမှာလည်း ကြာညောင်းနေပြီဖြစ်လေရာ ဦးနှောက်ကိုအနည်းငယ်သုံးရုံဖြင့်ပင် ထိုကဲ့သို့လှည့်ကွက်သေးသေးလေးများကို မြင်နိုင်ခဲ့သည်။ ထို့ကြောင့် ချီရှင်းချန်လည်း ငြင်းပယ်မနေတော့ဘဲ " ဟုတ်ပါတယ် ကျွန်တော်တမင်တကာလုပ်ခဲ့တာပါ…"
ဒါရိုက်တာကျောက်မှာ သီးသွားခဲ့ရပြီး သူမျှော်လင့်ထားသည်နှင့်မတူနေသည့်အတွက် ခါးသီးသလိုခံစားလိုက်ရသည် " ချီရှင်းချန် ချီရှင်းချန်…ငါတို့ကအခုမှဒုတိယအပိုင်းကိုရိုက်တာ နှစ်ရက်ပဲရှိသေးတယ် အခုတော့ ယာယီဧည့်သည်က ဒဏ်ရာရသွားပြီတဲ့… ဒါကငါ့ကိုဘယ်လောက်တောင်ပြသနာတက်စေနိုင်မလဲဆိုတာ မင်းသိရဲ့လား…သူမရိုက်နိုင်တော့ဘူးဆိုရင် ဒီခဏအတွင်း ဘယ်ကနေအစားထိုးတစ်ယောက်ကို အချိန်မီသွားရှာလာရမှာလဲ…ပြီးတော့ ကျိုးယွီကို စပွန်ဆာတစ်ယောက်ကအတင်းထည့်ပေးထားတာ…တကယ်လို့သာ သူကန်းသွားတာတို့ ဒုက္ခိတဖြစ်သွားတာတို့ဆို တစ်ဖက်သူကတရားစွဲမှာပဲ… ဒါကိုမင်းတာဝန်ယူနိုင်မှာတဲ့လား…တော်ပြီ တော်ပြီ ထားလိုက်တော့…"
ကိစ္စမှာ ထိုအထိတိုင်အောင်ဖြစ်ပြီးပြီ ဖြစ်သည့်အတွက် လက်ရှိအခြေအနေတွင် အရေးကြီးဆုံးအရာမှာ တာဝန်ခံမည့်သူမဟုတ်ကြောင်းကို ဒါရိုက်တာကျောက်သိရှိနေခဲ့သည်။ သို့သော်လည်း ပြသနာကိုဖြေရှင်းရန်အတွက် သူသက်ပြင်းတစ်ချက်ချလိုက်ပြီး ချီရှင်းချန်ကို လက်ညှိုးထိုးလိုက်ကာ " မင်းဒီမှာရပ်နေတာကောင်းမယ်နော်… ငါ့အမိန့်မပါဘဲ မင်းကိုသွားခွင့်မပေးဘူး… ခဏနေဦး ငါစပွန်ဆာစီ ဖုန်းတစ်ကောသွားခေါ်လိုက်ဦးမယ် …"
ပြောပြီးသည်နှင့် ဒါရိုက်တာကျောက်မှ ခပ်လှမ်းလှမ်းနေရာသို့ထွက်သွားကာ အပြုံးတစ်ပွင့်ကိုချိတ်ဆွဲ၍ ရှိုးတွင်ရင်းနှီးမြုပ်နှံထားသူထံဖုန်းတစ်ကောခေါ်လိုက်လေသည်။
တကယ်တမ်းမှာတော့ သူဤကလေးချီရှင်းချန်ကို အတော်လေးသဘောကျမိလေသည်။ ထို့ကြောင့်ပင် သူဖြေရှင်းချက်ပေးရာ၌ ချီရှင်းချန်အတွက် ဖာဖာထေးထေးပြောပေးမိခဲ့သည်
" ကျွန်တော့်အပြစ်ပါ… ကျွန်တော်လိုက်မကြည့်မိတာ..တကယ်ဖြစ်ခဲ့တာက… ကျွန်တော်လည်း အဲဒီကလေးချီရှင်းချန်ရဲ့အစ်မနဲ့ ကျိုးယွီစီမှာ ဒီလိုဆက်ဆံရေးမျိုးရှိမယ်ဆိုတာ ကြိုမသိထားခဲ့ဘူးလေ…ကျွန်တော်သာသိရင် ဒီမိန်းကလေးကို လာခွင့်ဘယ်ပေးပ့ါမလဲ…ကျိုးယွီလား… အာ ကျိုးယွီကတော့ မျက်စိထိခိုက်သွားပုံပဲ…လက်ရှိတော့ သူ့ကိုမြို့ကဆေးရုံကိုပို့ပေးဖို့လုပ်နေပါတယ်…ဟုတ်ကဲ့ သူမသွားရသေးပါဘူး…ဟမ်.. ကျိုးယွီကို ရှိုးကထုတ်ပြီး ဗီဒီယိုကိုလွှင့်လိုက်ရမယ်လား…"
အချို့သောထူးဆန်းသည့်ညွှန်ကြားချက်များကို ကြားလိုက်ရခြင်းကြောင့်ဖြစ်နိုင်ပေမည် ဒါရိုက်တာကျောက်၏အသံနေအသံထားမှာ ပြောင်းလဲသွားပြီး ဖုန်းပြောရင်းဖြင့် ခြံဝန်းတွင်းမှ ထွက်သွားခဲ့သည်။
ဒါရိုက်တာကျောက်ပြန်ရောက်လာချိန်၌ သူ၏မျက်နှာပေါ်ရှိစိုးရိမ်ပူပန်သောတိမ်တိုက်များမှာ လုံးလုံးပျောက်ကွယ်သွားပြီဖြစ်ကာ တက်ကြွနေသောအပြုံးဖြင့် ပြောလာခဲ့သည်
" ကောင်းပြီ ရှင်းရှင်းရေ ဒါနဲ့ပတ်သက်ပြီး ဘာမှထပ်ပြီးစိတ်ပူနေဖို့မလိုတော့ဘူးနော်… စပွန်ဆာကဘယ်လိုတွေးနေလဲမသိပေမယ့် သူကကျိုးယွီကို ချက်ချင်းထုတ်ခွင့်ပေးလိုက်တယ်လေ…တည်းဖြတ်အဖွဲ့ကလည်း ဝါးသင့်တဲ့နေရာကို ဝါးပေးမှာဆိုတော့ အဲဒီလူနဲ့လူထုအတွက်ကိစ္စတွေကိုတော့ သူတို့စီပဲလွှဲထားလိုက်တော့မယ်… ဒါနဲ့ သူကဗီဒီယိုကိုလည်း ထုတ်လွှင့်ခွင့်ပြုတယ်တဲ့… ဟဲဟဲဟဲ ဒါနဲ့သာဆိုရင် ရှိုးကမပေါက်မှာစိတ်ပူနေစရာကို မလိုတော့ဘူး… ကျော်ကြားမှုတွေကသာ ငါ့နောက်ကို တကောက်ကောက်လိုက်ရတာတော့မှာ… မင်းပြောကြည့်စမ်း ဒါကကံစပ်နေတာမဟုတ်ဘူးလား…"
" အိုက်ယားးးး … ဟူးး ကောင်းပါပြီလေ…" ချီရှင်းချန် စိတ်သက်သာရာသွားဟန်ဆောင်လိုက်ကာ ခေါင်းငြိမ့်ပြလိုက်သည်။
သူ့ထံတွင် ထိုရင်းနှီးမြုပ်နှံသူမှာ သူ၏အစ်ကိုကြီးချီယွမ်ရှောင်ဖြစ်သူဟု ဒါရိုက်တာကျောက်ကိုပြောပြရန် သတ္တိမရှိနေပေ။
ဒါရိုက်တာကျောက်၏ညွှန်ကြားမှုတစ်ခုကြောင့် တည်းဖြတ်အဖွဲ့မှာ သူတို့၏မြင်းများကို တတ်နိုင်သမျှအရှိန်တင်ကာ ဗီဒီယိုများကို ဖြတ်ညှပ်ကပ်လုပ်လိုက်ရသည်။ ချီယွီကျီးအပေါ်တွင် အလွန်ထူထပ်စွာဝါးပေးထားပြီး ကျိုးယွီကိုမူ လိုအပ်သည့်နေရာအချို့သာဝါးပေးလိုက်ကာ အရာအားလုံးကို စစ်မှန်သ ည့်မူရင်းအတိုင်းထားပေးလိုက်သည်။
ယနေ့မှာစနေနေ့ဖြစ်သည့်အတွက် ဆိုဒ်ထဲတွင်ပိတ်ဆို့မှုမှာ များစွာအခြေအနေမဆိုးလှချေ။ ဂရုတစိုက်ပြင်ဆင်ထားသောချိန်းဆိုမှုမှာ အခွင့်အရေးကိုရယူခြင်းအား မယှဉ်နိုင်သည့်အတွက် ဒါရိုက်တာကျောက်မှ ကင်မရာမန်းကို သူ၏ကိုယ်ပိုင်အကောင့်ကိုသုံး၍ ဖရဲသီးစားသူတစ်ဦးအနေဖြင့် ဗီဒီယိုကိုတင်ရန်မှာကြားလိုက်သည်။ မှာကြားသည့်အတိုင်းဗီဒီယိုကိုတင်ပြီးသည်နှင့် ဒါရိုက်တာကျောက်မှ ရှိုး၏တရားဝင်အကောင့်ဖြင့် ၎င်းကိုလက်မပေးလိုက်လေသည်။
ကျိုးယွီ ဘတ်ဂျက်ခရီးသွားကြမယ်အစီအစဉ်တွင်ပါဝင်လာသည့်သတင်းမှာ မကြာသေးမီကမှ ပြန့်နှံ့ခဲ့ခြင်းကြောင့် ရှိုး၏တရားဝင်အကောင့်မှ လက်မပေးထားသည်ကို မြင်လိုက်ရချိန်တွင် ဧည့်သည်များ၏ဖန်များတဖြစ်လဲ ပရိုဂရမ်၏ဖန်များမှ သိချင်စိတ်ဖြင့် ဖွင့်ကြည့်လိုက်ကြရာ သူတို့အားလုံးချက်ချင်းဆိုသလို ထိုထူးဆန်းသည့်ဗီဒီယိုကြောင့် တိတ်ဆိတ်သွားကြရသည်။
ဤမျှလှပကာအဆင့်အတန်းမြင့်မားသည့်မိန်းကလေးတစ်ယောက်မှာ လူရှုပ်ကောင်ကိုဖြိုခွင်းရာတွင် ထိုကဲ့သို့အကြောက်အလန့်ကင်းမဲ့လှသည်လော…၎င်းကိုရှော့ရနေခြင်းကြောင့် အင်တာနက်အသုံးပြုသူများမှာ ဗီဒီယိုကို အရူးအမူးပြန်လည်ဖြန့်ဝေလိုက်ကြကာ အသိုင်းအဝိုင်း၏အပြင်သို့ပင် မီးလောင်သွားသကဲ့သို့ ပျံ့နှံ့သွားခဲ့လေသည်။
ဖြစ်စဉ်၏အရေးကြီးဆုံးအချက်မှာ ဤလောကတွင် ထိုကဲ့သို့အမှိုက်ကောင်များ မရေတွက်နိုင်အောင်ရှိနေသည့်အပြင် မရေတွက်နိုင်သည့်မိန်းကလေးများစွာမှာလည်း သူတို့ကြောင့် ထိခိုက်နာကျင်ခံစားခဲ့ကြရခြင်းပင်။
သို့သော်လည်း ထိုမိန်းမပျိုလေးများထဲတွင် ချီယွီကျီးကဲ့သို့ မိန်းကလေးဘယ်နှစ်ယောက်ကများ သူတို့၏တရားဝင်မျှတမှုအတွက် ရဲရင့်စွာ ပြန်လည်တိုက်ခိုက်နိုင်ပါမည်နည်း…
ချီယွီကျီး၏လုပ်ဆောင်မှုများမှာ လူထုကို ကျေနပ်သွားစေခဲ့သည်။
ချီရှင်းချန် ကွန်မန့်နေရာသို့ ဖွင့်ကြည့်လိုက်ချိန်တွင်…
[ ရှယ်ပဲ ရှယ်ပဲ အရမ်းလန်းတယ်…ဒီကဘယ်သူကများ ဒါကိုလုံးဝလန်းဆန်းစေတယ်လို့ တွေးနေကြသေးလဲ… ]
[ တက္ကသိုလ်တက်တုန်းက ကျွန်မလည်းအဲဒီလိုမကောင်းတဲ့ကောင်နဲ့ဆုံခဲ့ရဖူးတယ်…ဒါပေမယ့် ကံဆိုးစွာနဲ့ ကျွန်မကအရမ်းငယ်သေးတော့ ဒီလှပတဲ့ကျဲကျဲလို မိမိုက်နေအောင် မလုပ်နိုင်ခဲ့ဘူး…အခုချိန်မှသာ အဲဒီကောင်ကို လမ်းမှာတွေ့လို့ကတော့ နင်တို့ရဲ့အညစ်အကြေးတွေကို ထိန်းသိမ်းထားနိုင်ဖို့ အိမ်ကထွက်တိုင်း လူတွေနဲ့ကိုက်၃၀၀ကအကွာကနေစမ်းပါလို့သာ သွားပြောမိမှာ… ]
[ လမ်းချော်သွားသည့်အထပ်တစ်ထပ်မှပြောခြင်း : ငါလည်းဒီအစိမ်းရောင်ဝတ်စုံနဲ့ကျဲကျဲလို ရုပ်လေးလဲလှ ပိုက်ဆံလည်းချမ်းသာတာမျိုး ဖြစ်ချင်လိုက်တာနော်… ]
[ လမ်းချော်သွားသည့် နောက်ထပ်အထပ်တစ်ထပ်မှပြောခြင်း : ဗီဒီယိုရဲ့အစမှာပါတဲ့ ကြည့်ကောင်းတဲ့ မောင်ငယ်လေးက အရမ်းချောတာပဲ…သူကဘတ်ဂျက်ခရီးသွားကြမယ်ရဲ့ ဧည့်သည်တော်တစ်ယောက်မဟုတ်ဘူးလား… ငါ့ကို သူ့အကြောင်းပါတဲ့လင့်တစ်ခုလုံးပေးကြစမ်းပါ…]