အပိုင်း၂၈
Viewers 26k

Chapter 28

အဖြစ်အပျက်တစ်ခုလုံးမှာ ဤသို့စိတ်ကျေနပ်စဖွယ် ပြီးဆုံးသွားသည့်အတွက် ချီရှင်းချန်.. ကျိုးယွီကိုဆက်လက်ကိုင်တွယ်ရန် မလိုတော့ကြောင်း ခံစားလိုက်ရပြီး အရာအားလုံးကို ဒါရိုက်တာကျောက်ကိုသာ ကိုင်တွယ်ရန် လွှဲပေးထားလိုက်သည်။

ဒါရိုက်တာကျောက်သည်လည်း ဤအာလူးပူကြီးကို ကိုင်တွယ်ရန် ဆန္ဒမရှိသောကြောင့် သူ၏လက်ထောက်ကို သစ်အယ်သီးကဲ့သို့ ဖောင်းထွက်နေသည့်ကျိုးယွီ၏မျက်လုံးများကိုကုသရန်နှင့်မည်သူမှမသေသွားစေရန် မှာကြားလိုက်သည်။ အဆုံး၌ သူတို့ကျိုးယွီကို ရင်းနှီးမြုပ်နှံပေးသူမှ လာခေါ်မည်ကိုသာ စောင့်ဆိုင်းလိုက်ကြသည်။

ထိုပုဂ္ဂိုလ်လွှတ်လိုက်သည့်လူမှာ အလွန်လျင်လျင်မြန်မြန်ကို ရောက်လာခဲ့ပြီး ကျိုးယွီကိုပါသာမက ချီယွီကျီးကိုပါ ဝင်ခေါ်သွားခဲ့သည်။ အဖြစ်အပျက်တစ်ခုလုံးမှာ လိုက်မမီနိုင်အောင် အလွန်လျင်မြန်စွာ ဖြစ်သွားခဲ့ရသည်ဖြစ်ရာ ချီယွမ်ရှောင် သူမကိုသေချာပေါက် စေ့စေ့စပ်စပ်မေးချင်နေမည်ဖြစ်သည့်အတွက် ချီရှင်းချန်လည်း ဖခင်ဖြစ်သူနှင့်အစ်ကိုကြီးအတွက်ဝယ်ထားသောလက်ဆောင်များအားလုံးကို ချီယွီကျီးနှင့်သာ ပြန်ထည့်ပေးလိုက်ရသည်။

အားလုံးပြီးဆုံးသွားချိန်တွင် ဗီဒီယိုကိုမြင်လိုက်ကြသည့်ဧည့်သည်တိုင်းမှာ ချီရှင်းချန်ထံသို့ ဖရဲသီးစား(အတင်းတုပ်)ရန် အုံလိုက်ကျင်းလိုက် ရောက်ချလာကြသည့်အတွက် ချီရှင်းချန်မှာ မှန်ကြည့်ရင်းဖြင့် ဒဏ်ရာကိုပလာစတာကပ်လျက် လူတိုင်၏မေးခွန်းများကို ဆက်တိုက်ဆိုသလို ဖြေပေးနေခဲ့ရသည် " အဲဒီမိန်းကလေးက ကျွန်တော့်အသိပါ…သူကကွေ့ကျိုးကိုသွားရင်း လမ်းကြုံတာနဲ့ ကျွန်တော့်စီလှည့်ဝင်လာခဲ့တာ..ကျွန်တော်လည်း ကျိုးယွီ ဘယ်လိုလုပ်ခြံဝန်းထဲရောက်နေလဲဆိုတာ မသိလိုက်ပါဘူး… အရာအားလုံးတိုင်းက တိုက်ဆိုင်သွားတာပါ… ဟင်းးးး "

ပိုင်ရဲ့ မျက်မှောင်ကြုတ်လျက်ဖြင့် " မင်းရဲ့နှာရိုးကိုစစ်ကြည့်ဖို့ ဆေးရုံသွားတာက ပိုကောင်းမယ်ထင်တယ်နော်…"

" ရပါတယ် အရင်တည်းကလည်း ခဏခဏလဲကျဖူးတာပဲကို… အဲဒီကအတွေ့အကြုံအရဆိုရင် ဒီမှာသေချာပေါက် ဘာမှလွဲနေတာမရှိဘူး…" ချီရှင်းချန် သူ၏နှာခေါင်းရိုးပေါ်တွင် ကြက်ခြေခတ်ပုံသဏ္ဍာန်ပလာစတာကပ်ကာ ပြန်လှည့်ပြောလိုက်သည်။

ဧည့်သည်များအားလုံး : " ဟားဟားဟားဟားဟား…."

ချီရှင်းချန် သူတို့၏ရယ်သံများကြောင့် စိတ်ညစ်နေရပြီဖြစ်သော်လည်း ဆက်လက်၍ စစ်စစ်ပေါက်ပေါက်မေးလာမည့်မေးခွန်းများကို ပို၍‌ထိတ်လန့်နေရသည့်အတွက် ဆင်ခြေတစ်ခုပေးကာ ရှောင်ပြေးလာလိုက်သည်။

လူတိုင်းရယ်မောနေကြချိန်တွင် လျိုကျီယုမှ အတင်းမတုပ်ဘဲ မနေနိုင်ခဲ့ချေ " ပြောကြည့်ကြည့် ရှင်းရှင်းကဘာလို့အဲဒီမိန်းကလေးကိုကူညီပြီး သူ့အတွက်တရားမျှတမှုကူရှာပေးရတာလဲ… ဖြစ်နိုင်တာက… သူတကယ်ကြီး အဲ့ကောင်မလေးအပေါ်ခံစားချက်ရှိနေတာများလား…"

" ဒါကအရမ်းကိုဖြစ်နိုင်တယ်…" ထောင်ထောင်မှ သုံးသပ်ကြည့်လိုက်သည်

 " မိန်းမပျိုလေးကအရမ်းလှပတော့ ကောင်လေးအချို့လောက်ပဲ သူ့ရဲ့ဆွဲဆောင်မှုကိုခံနိုင်ရည်ရှိကြမှာ…"

" မြင်ရသလောက်ဆိုရင် သူတို့နှစ်ယောက်က အတော်လေးလိုက်ဖက်ပုံပဲနော်…အဲ ဝေ့ပေါ်ကိုကြည့်လိုက်ကြစမ်းပါ…သူတို့ကတကယ်ကြီးမျိုးရိုးနာမည်တစ်ခုတည်းပဲတဲ့…ဒါကအရမ်းကို ကံစပ်နေတာမဟုတ်ဘူးလား…"

" ရှင်းရှင်းသာ သာမန်မိသားစုနောက်ခံကလာတယ်ဆိုတာမသိထားရင် တကယ်ပဲသူတို့ကိုမိသားစုတစ်ခုတည်းကလို့ သံသယဝင်မိလောက်တယ်…"

အမျိုးသမီးဧည့်သည်သုံးဦးမှစတင်ကာ အာပေါင်အာရင်းသန်သန်ဖြင့် ဆွေးနွေးလိုက်ကြသောကြောင့် စကားပြောသံများမှာ ဆက်တိုက်ဆိုသလို ထွက်ပေါ်နေခဲ့သည်။ ထိုအချိန်၌ ပိုင်ရဲ့မှ မျက်မှောင်ကြုတ်လျက်ဖြင့် ထရပ်လိုက်လေသည်။

" ပိုင်ရဲ့ ခုနကပဲဒီရောက်တာမဟုတ်ဘူးလား… ဘာလို့ပြန်သွားဦးမှာလဲ…"

" အခန်းကိုပြန်မလို့ပါ… နည်းနည်းပင်ပန်းနေလို့ ခဏနားလိုက်ဦးမယ်…"

ကျိုးယွီကိုဖယ်ရှားလိုက်ခြင်းမှာ ချီယွီကျီးအား အန္တရာယ်ပေးတတ်သောအမြောက်စာ ဖြစ်သွားစေမည့်လမ်းကြောင်းမှ သွေဖယ်သွားစေသည့်အတွက် သူ၏အသက်ကလေးကိုလည်း အနည်းငယ်ပို၍ထိန်းသိမ်းနိုင်သွားပြီဖြစ်လေသည်။ ထို့ကြောင့် ချီရှင်းချန် အိပ်ရာနိုးလာချိန်၌ သက်တောင့်သက်သာရှိကာ တက်ကြွနေခဲ့သည်။

အခြားဧည့်သည်များ မနိုးသေးသည့်အချိန်ကို အခွင့်ကောင်းယူကာ ချီရှင်းချန် ကပျာကယာရေဖြင့် မျက်နှာသစ်လိုက်သည်။ ‌ဆေးကြောသန့်စင်ပြီးချိန်တွင် ရှောင်ထျဲမှ လောင်ကျန်း၏ခြံစည်းရိုးသံတိုင်များကြားမှ ခေါင်းပြူထွက်ကာ ချောင်းကြည့်နေသည်ကိုမြင်လိုက်ရသည့်အတွက် ချီရှင်းချန် လက်ယမ်းကာ ပြုံးပြလိုက်ပြီး " အစ်ကို့ကိုလာရှာတာလား… ရှောင်ထျဲ ဝင်လာခဲ့လေ…"

ရှောင်ထျဲမှာ လက်ထဲတွင်လေ့ကျင့်ခန်းစာအုပ်တစ်အုပ်နှင့်အတူ နာနာခံခံဖြင့် အထဲသို့ဝင်လာခဲ့သည် " ရှင်းရှင်းကော ကျွန်တော့်မှ မေးချင်တဲ့မေးခွန်းတစ်ခုရှိလို့ပါ…"

ကြက်ဖတွန်သံထက်ပင် စောစီးစွာနိုးလာသော ကင်မရာမန်းမှ သမ်းဝေလျက် " လူကလေး မင်းရဲ့ရှင်းရှင်းကောက မနက်စာတောင်မစားရသေးဘူးလေ… သူမနက်စာစားပြီးတော့မှပဲ ပြန်လာမေးလိုက်ပါလားကွယ်…"

" ရပါတယ်…" ချီရှင်းချန် ခေါင်းယမ်းလိုက်ပြီး " မေးခွန်းတစ်ခုကို မိနစ်အနည်းငယ်ပဲကြာမှာပဲဟာ..တစ်ချက်ကြည့်ကြတာပေါ့…"

ချီရှင်းချန် လေ့ကျင့်ခန်းစာအုပ်ကို ယူလိုက်သည်။ သူပြောထားသည့်အတိုင်းပင် ရှင်းပြရန်မိနစ်အနည်းငယ်သာကြာခဲ့ပြီး အဖြေကိုတွက်နိုင်ခဲ့ရုံသာမက ပုစ္ဆာကိုဖြေရှင်းရသည့်ရည်ရွယ်ချက်တစ်ခုလုံးကိုပင် ရေးခြစ်မှုအနည်းငယ်ဖြင့်ပင် ရေးပေးထားလိုက်သည်။

ရှောင်ထျဲသည် ချီရှင်းချန်ဘောပင်ကိုကောက်ကိုင်ကာ စာရွက်ပေါ်တွင်ရေးခြစ်နေသည်ကိုကြည့်၍ သူနားမလည်နိုင်သည့်ပုစ္ဆာမှာ တကယ်တမ်းမှာတော့ ထိုမျှရိုးရှင်းနေသည့်အတွက် ဝမ်းသာသွားပြီး " ရှင်းရှင်းကော ကျွန်တော့်အတန်းဖော်အချို့ကလည်း မေးခွန်းတချို့နားမလည်တာလေးတွေ မေးချင်တယ်တဲ့… အဲဒါ အစ်ကိုမနက်စာအရင်သွားစားလိုက်ပါလား ကျွန်တော် သူတို့ကိုစောင့်ခိုင်းထားလိုက်မယ်လေ…"

" မလိုပါဘူး…" ယန်ရှန်းရွာမှာ အကြီးကြီးမဟုတ်လေရာ ရှောင်ထျဲနှင့်ရွယ်တူကလေးမည်မျှရှိနိုင်ပါမည်နည်း။ ချီရှင်းချန် ပုစ္ဆာတစ်ခုကို ဖြေရှင်းပြီးနောက် လန်းဆန်းသွားသဖြင့် " သူတို့ကိုလာခိုင်းလိုက်ပါ…အစ်ကို မိနစ်နှစ်ဆယ်အတွင်း ရှင်းပြပေးလိုက်မယ်လေ…"

" ကောင်းပါပြီ.. ကျေးဇူးတင်ပါတယ် ရှင်းရှင်းကောကော…" ရှောင်ထျဲမှ အပြင်သို့ထွက်ကာ အော်ပြောလိုက်သည် " မင်းတို့အားလုံးဝင်လာလို့ရပြီတဲ့…"

ထို့နောက် တစ်ယောက်၊သုံးယောက်၊ငါးယောက် စသည်ဖြင့် ရှစ်ယောက်တစ်တန်းစီ ညီညီညာညာရပ်လိုက်ကြသည်။

သောက်ကျိုးနည်းအယောက်လေးဆယ်ကျော်တောင် ဝင်လာတာပဲဟေ့…

ရိုက်ကွင်းလက်ထောက်မှ သူ၏ခေါင်းကိုလက်ဖြင့် အုပ်ကိုင်ကာပြောလိုက်သည်

 " ဘုရားရေ ကျောင်းသားကဘယ်နှယောက်တောင်ရှိတာလဲ…"

" စုစုပေါင်း ကျွန်တော်တို့အားလုံး၄၂ယောက်ရှိပါတယ်…" ရှောင်ထျဲမှရှက်ကိုးရှက်ကန်းဖြင့်ပြောလိုက်သည်။

ရိုက်ကွင်းလက်ထောက် : "  ဒါဆိုရင်တစ်တန်းမှဘယ်လောက်ရှိတာလဲ…"

" ကျွန်တော်တို့ကျောင်းက အတန်းနဲ့ခွဲထားတာမဟုတ်ပါဘူး…ဆယ်လီအတွင်း မြို့၈မြို့ကကျောင်းသားတွေအားလုံးကို နှစ်တန်းခွဲထားတာဆိုတော့ အယောက်တစ်ရာထက်တော့နည်းပါတယ်…"

ရိုက်ကွင်းလက်ထောက်မှာ ငိုရမည်လား ရယ်ရမည်လားကိုပင် မသိနိုင်တော့ပေ။ ချီရှင်းချန်၏မျက်နှာပေါ်မှ သူရဲကောင်းဆန်နေမှုမှာလည်း တဖြည်းဖြည်းတောင့်တင်းလာပြီး အတင်းလုပ်ယူရထားသည့်အပြုံးအဖြစ်သို့ ပြောင်းလဲသွားရသည်။

ချီရှင်းချန် စားပွဲစီသို့အပြေးသွားကာ အမှန်တရားဘက်တွင် ရပ်တည်သည့်အတွက် အသတ်ခံရတော့မည်သူရဲကောင်းတစ်ယောက်ကဲ့သို့ ပေါက်စီများကို ပါးစပ်သွပ်သွင်းလိုက်ပြီး ပြောလိုက်သည်

 " လာစမ်းပါလေ…"

ဤသို့ဖြင့် မနက်တစ်ခင်းလုံးတွင် ချီရှင်းချန် ကလေးများကိုစာရှင်းပြပေးနေခဲ့ရပြီး ဒါရိုက်တာကျောက်မှ မစ်ရှင်အကြောင်းလာရောက်ကြေငြာသည့်အချိန်မှသာ သူ၏အနားတွင်ဝိုင်းဖွဲ့နေသောကလေးတစ်အုပ်ကြီးမှာ ပျောက်ကွယ်သွားခဲ့သည်။

" အခုကဘယ်သူ့အလှည့်လဲ…" ချီရှင်းချန် ချွေးကိုသုတ်ကာမေးလိုက်သည်။

" သမီးအလှည့်ပါ ရှင်းရှင်းလောင်ရှီး…" မိန်းကလေးငယ်လေးတစ်ဦးမှ ရှက်ရွံ့နေဟန်ဖြင့် လက်ကိုထောင်ကာ ပြောလာသည် " သမီးပြီးရင် အနောက်မှာ၈ယောက်ကျန်ပါသေးတယ်…"

" ကောင်းပြီ အခုကတော့ အစ်ကိုအလုပ်လုပ်ရတော့မှာမလို့…မင်းတို့အားလုံးမနက်ဖြန်မနက်ကြရင် လာရှာလို့ရနိုင်မလား…ဒီလိုအချိန်လောက်ပဲလေ…"

ထိုမိန်းကလေးမှာ ခဏမျှတုန့်ဆိုင်းနေပြီး " သမီးတို့အားလုံးမနက်ဖြန်မနက်၉နာရီစာမေးပွဲရှိတယ်ရယ်…"

" ဒါဆိုလည်း ပိုစောစောတွေ့တာပေါ့… မနက်ငါးနာရီလောက် လာခဲ့ကြနော်…"

ချီရှင်းချန် အချိန်သက်မှတ်ကာ ကလေးများကို ပြန်လွှတ်လိုက်ပြီးနောက် ညွှန်ကြားချက်များကိုနားထောင်ရန်အတွက် ကျန်သည့်ဧည့်သည်များနှင့်သွားရောက်ပူးပေါင်းလိုက်သည်။

ဒါရိုက်တာကျောက်မှ ချီရှင်းချန်ကို ရှင်းရှင်းလောင်ရှီးဟု ခေါ်ကာအနည်းငယ်စနောက်လိုက်ပြီး လော်စပီကာကိုကိုင်၍ ပြောလိုက်သည် " အားလုံးသိကြတဲ့အတိုင်းပဲ မနေ့တုန်းကကိစ္စလေးတစ်ခုရှိသွားတော့ ဧည့်သည်အရေအတွက်က ၆ယောက်ပဲပြန်ဖြစ်သွားပါပြီ….လူတိုင်း အဲဒီအတွက်ကြောင့် သက်ရောက်မှုမရှိစေဖို့အတွက် မျှော်လင့်မိပါတယ်… ဆိုရှယ်ပလက်ဖောင်းများပေါ်မှာလည်း တိုက်ရိုက်တုံ့ပြန်မှုမျိုး မလုပ်ကြပါနဲ့…နေ့စဉ်နေ့တိုင်း လူတိုင်းကမစ်ရှင်တွေပြီးမြောက်ဖို့အတွက် တစိတ်တည်းတစ်ဝမ်းတည်းထားပြီး အလုပ်လုပ်ကြပါ…ပြီးကြရင် ဒီနေ့အတွက်မစ်ရှင်ကို ကြေငြာပေးပါမယ်…"

" ဒီနေ့ကတော့ မင်းတို့အားလုံး တောတွင်းရှင်သန်ရေးစိန်ခေါ်မှုကို လုပ်ဆောင်ကြရမှာပါ… လိုတဲ့ပစ္စည်းတွေကို ပရိုဂရမ်အဖွဲ့ကပံ့ပိုးပေးမှာဖြစ်ပြီး လိုအပ်ချက်ကတော့…"

ဒါရိုက်တာကျောက်မှ တချက်လှည့်ကြည့်ကာ သူ၏အနောက်သို့ညွှန်ပြလိုက်ပြီး " အဲဒီတောင်ထိပ်နှစ်ခုကို မြင်ကြလား… ဘယ်ဘက်ကတစ်ခုကို ဖန်းလုံတောင်လို့ခေါ်ပြီးတော့ ‌ညာဘက်ကတောင်ကတော့ ကျွီဖုန့်တောင်လို့ခေါ်ပါတယ်…မင်းတို့အားလုံးကတစ်တောင်ချင်းစီမှာ သော့လိုက်ရှာရမှာဖြစ်ပြီး ရှာတွေ့မှသာ မစ်ရှင်ပြီးစီးတယ်လို့ မှတ်ယူလို့ရမှာပါ…"

" မစ်ရှင်အတွက် အချိန်အကန့်အသတ်ကတော့ ၂၄နာရီပါ…အကယ်၍သာမစ်ရှင်ကို ဒီနေ့နေမဝင်ခင်ပြီးအောင်လုပ်နိုင်ခဲ့မယ်ဆိုရင် ‌လျို့ဝှက်ဆုကြေးကိုရပါလိမ့်မယ်…ဆုနဲ့ပတ်သက်တဲ့အကြောင်းကတော့ မစ်ရှင်ပြီးမှပဲပြောတာပေါ့…"

ယခင်အချိန်များတွင် ထိုကဲ့သို့ အချိန်ကန့်သတ်ထားခြင်းမျိုးမရှိခဲ့သည့်အတွက် အချိန်အကန့်အသတ်ဟူသောစကားလုံးကို ကြားလိုက်ရချိန်တွင် လူတိုင်းမှာဤတစ်ကြိမ်မစ်ရှင်သည် အခြားအချိန်များနှင့်ကွာခြားကြောင်း ခံစားမိသွားကြသည်။

" ဒီအဆင့်ကိုရှင်းလင်းဖို့သော့လား.." လျိုကျီယုမှ မေးလိုက်သည် " အဲဒါကပုံမှန်သော့တွေပဲလား…"

" ဒါကတော့ မင်းတို့ရှာတွေ့တဲ့အပေါ်ပဲမူတည်ပါလိမ့်မယ်…" ဒါရိုက်တာကျောက်မှပြုံးလျက် " ဘယ်လိုပဲဖြစ်ဖြစ် တောင်ပေါ်မှာပေါက်ရောက်နေတဲ့ပစ္စည်းတွေကလည်း ထူးခြားတာပဲလေ…ကောင်းပြီ မင်းတို့ရဲ့ကိုယ်ပိုင်ပစ္စည်းတွေကိုချပြီး ကျွန်တော်နဲ့သွားလိုက်ကြရအောင်…"

လူတိုင်းမှာ တစ်ယောက်ကို‌တစ်ယောက် တုန်လှုပ်ခြောက်ခြားစွာကြည့်လိုက်ကြပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် သူတို့၏အထုပ်အပိုးများကို အခန်းထဲတွင် ထားရစ်ခဲ့ကြသည်။

ဖန်းလုံတောင်နှင့်ကျွီဖုန့်တောင်မှာ ယန်ရှန်းရွာနှင့် နာရီဝက်ကြာသွားရသည့်အကွာအဝေးတွင်တည်ရှိပြီး သူတို့၏စွမ်းအင်ကိုချွေတာရန်အတွက် ထောင်ထောင် သူတို့၏ခရီးစရိတ်ထဲမှ ယွမ်၂၀၀ကိုထုတ်ယူလိုက်ပြီးနောက် ရွာသားများစီက ထော်လာဂျီနှစ်စီးငှားရမ်းလိုက်သည်။

ဖန်းလုံတောင်အနီးသို့ရောက်လာသည်နှင့် လူတိုင်းမှ အဘယ့်ကြောင့် ပရိုဂရမ်အဖွဲ့မှ အချိန်ကို၂၄နာရီကန့်သတ်ထားသည်ကို သဘောပေါက်သွားကြသည်။

အဝေးမှအမြင်အရ ထိုတောင်နှစ်လုံးမှာ အနီးအနားရှိ အခြားသောတောင်များထက်နိမ့်ကာ ပြန့်ပြူးနေပုံပင်။ သူတို့အနားသို့သွားကာ တစ်ခုလုံးကိုအနီးကပ်မြင်လိုက်ရချိန်မှသာ ၎င်းတို့မှာအနိမ့်ဆုံးဖြစ်နေသည့်တိုင် အချို့သောတောင်ထိပ်များထက် အနည်းငယ်မြင့်နေသေးသည်ကို တွေ့လိုက်ရသည်။

ချီရှင်းချန် လောချိုးမန်ကိုတစ်ချက်ကြည့်လိုက်ချိန်တွင် သူမအနည်းငယ်အခက်ခဲဖြစ်နေပုံရသည့်အတွက် ဒါရိုက်တာကျောက်ကိုလှမ်းမေးလိုက်သည် " ဒါရိုက်တာကြီး ကျွန်တော်ဖြတ်ကျော်ကဒ်ကို တခြားဧည့်သည်တွေသုံးဖို့ကော ပေးလိုက်လို့ရလား…"

" မရဘူးလေ…မနေ့ကမင်းတို့အားလုံးကို သေချာခွဲဖို့ သတိပေးခဲ့သားပဲဟာ…"

ချီရှင်းချန် : " ဒါပေမယ့်…"

" ရပါတယ်…" လောချိုးမန်ထပြောလိုက်သည် " ရှင်းရှင်းကကျဲကိုသုံးဖို့ပေးချင်တာမလား…ပုံမှန်တော့ ကျဲလည်းမကြာခဏလေ့ကျင့်ခန်းလုပ်တာမလို့ တောင်ပေါ်ကို တက်နိုင်မှာပါလေ…"

လောချိုးမန်မှ ထိုသို့ပြောလာသည့်အတွက် လူတိုင်းမှာကျည်ဆန်ကိုက်ရုံသာတတ်နိုင်ပြီး သူတို့၏ပစ္စည်းများကိုရွေးချယ်ရန် ရိုက်ကူးရေးအဖွဲ့စီသို့ သွားလိုက်ကြသည်။

ပစ္စည်းများကို အိတ်ကြီးနှစ်အိတ်ဖြင့်ထုတ်ပိုးထားပြီး ကျန်းယွင်ဖေးမှ တစ်ခုခြင်းစီကို ဖွင့်ကာပြောပြလိုက်သည် " တဲနှစ်လုံး တောင်တက်တုတ်ခြောက်ချောင်း နေကာဦးထုပ်ခြောက်ခု မျက်နှာသစ်ဇလုံတစ်လုံး ထမင်းစားပန်းကန်လုံးခြောက်လုံး တူခြောက်စုံ မီးခြစ်တစ်ခု ဓားတစ်ချောင်းနဲ့ ဟင်းခတ်မှုန့်အချို့…."

ကျန်းယွင်ဖေး၏အသံမှာ တိတ်ဆိတ်သွားခြင်းကြောင့် လျိုကျီယုလောဆော်လိုက်သည် " အာ မရပ်နဲ့ဆက်ပြောလေ…"

" ဘာမှမကျန်တော့ဘူး…" ကျန်းယွင်ဖေးမှပြောလိုက်သည် " ဒါအကုန်ပဲ…"

ဒါအကုန်ပဲလား….

" မဖြစ်နိုင်တာကြီး…" ထောင်ထောင်မှာ အံ့ဩနေခဲ့သည် " စားစရာတွေကကော…အခုတောင်မနက်ဆယ်နာရီဖြစ်နေပြီဟာကို… ဘယ်လိုပဲဖြစ်ဖြစ် တောင်နှစ်တောင်တက်ပြီး ရွာပြန်မရောက်ခင် တစ်ရက်တော့ကြာမှာပဲ…ဘာမှန်းမသိတဲ့သော့ကိုလည်းရှာရဦးမယ်…တကယ်လို့သာရှာမတွေ့ဘူးဆိုရင် ကျွန်‌မတို့အားလုံးတောင်ပေါ်မှာ ဆယ်နာရီကျော် အစာအငတ်ခံနေဖို့ဆိုတာက…"

အစားမစားဘဲဆယ်နာရီကြာနေရမည်ဆိုသည်မှာ မလှုပ်မရှား မည်သည့်လေ့ကျင့်ခန်းမှမလုပ်ဘဲ နေရမည်ဆိုပါက ဖြစ်နိုင်သော်လည်း တောင်တက်ခြင်းကဲ့သို့ အလွန်ကိုယ်ကာယခွန်အားစိုက်ထုတ်ရမည့်အလုပ်မျိုးဖြင့် အစားမစားခိုင်းသည်မှာ သူတို့၏အသက်ကိုတောင်းနေသည်နှင့် မတူနေဘူးလား…

ကျန်းယွင်ဖေးလည်း တစ်စုံတစ်ရာမှာ မှားယွင်းနေသည်ဟု ခံစားနေရသောကြောင့် " ရိုက်ကူးရေးအဖွဲ့ပြင်ဆင်ပေးတုန်းက တစ်ခုခုမေ့ကျန်သွားတာလဲ ဖြစ်နိုင်တာပဲဟာ… ငါသူတို့ကိုသွားမေးကြည့်လိုက်ဦးမယ်…"

ခဏအကြာ၌ ‌ကျန်းယွင်ဖေး တောင့်တင်းနေသောမျက်နှာဖြင့် ပြန်ရောက်လာခဲ့သည်။

" ဘာတဲ့လဲ.." ချီရှင်းချန် လှမ်းမေးလိုက်သည်။

" ဒါရိုက်ကျောက်က အတိအကျကိုပြောလွှတ်လိုက်တာ… အခုမစ်ရှင်က တောတွင်းရှင်သန်ရေးစွမ်းရည်ကို စမ်းသပ်တာမလို့ ငါတို့ကိုသာ အစားအသောက်တွေအဆင်သင့်ပြင်ပေးထားရင်ညတောတွင်းရှင်သန်ရေးစွမ်းရည်ဖြစ်ပါဦးမလား…"

ဧည့်သည်များ : "......"

တစ်စုံတစ်ယောက်ကို ဆဲပစ်ချင်နေသည့် jpg…

ကျန်းယွင်ဖေး လူတိုင်း၏ခံစားချက်ကို နားလည်နေသောကြောင့် ချော့ပြောလိုက်ပြီးချိန်တွင် " ငါတို့ဘာလို့အရင်သွားမကြည့်ရမှာလဲ…ဘယ်သူသိမှာလဲ ငါတို့ရောက်ရောက်ခြင်း သော့ရှာတွေ့ပြီး မစ်ရှင်ပြီးသွားတာလဲဖြစ်နိုင်တာပဲလေ…"

" ဒါပေါ့…" ချီရှင်းချန် အတူလိုက်ပြောလိုက်သည် " အခြေအနေကိုလိုက်ပြီး နောက်ထပ်ခြေလှမ်းကိုလှမ်းရမယ်…ကျွန်တော်တို့အပေါ်ဆုံးရောက်တဲ့အခါ ကယ်တင်ခြင်းတော့ရှိနိုင်မှာပဲလေ…"

ကင်မရာမန်း : " ဒါကဘယ်လိုလုပ်ပြီး အားပေးစကားဖြစ်သွားရတာလဲ…"

ဧည့်သည်များမှာလည်း စိတ်အခြေအနေကောင်းလာကြသည် " ဟားဟားဟားဟား…"

ချီရှင်းချန်၏အားပေးစကားအရ လူတိုင်းမှာ အနီးတဝိုက်တွင် သော့နှင့်တူမည့်အရာများကို လိုက်ကြည့်ရင်းမှ တဖြည်းဖြည်းချင်းတောင်ပေါ်သို့ တက်လိုက်ကြသည်။ 

ကံမကောင်းစွာဖြင့် နေ့လည်မွန်းတည့်ချိန်အထိ သော့၏အရိပ်အယောင်မှာ ပေါ်မလာသေးပေ။

" ယွင်ဖေးကော ကျွန်မတို့ခဏလောက်နားကြမလား…" ထောင်ထောင်မှ ချွေးများကိုသုတ်ကာပြောလိုက်သည် " လမ်းလျှောက်လာတာ သုံးနာရီတောင်ရှိနေပြီလေ…"

လောချိုးမန်သည်လည်း အနည်းငယ်အသက်ရှုကြပ်လာပုံရသောကြောင့် ကျန်းယွင်ဖေး တစ်ချက်စစ်ကြည့်လိုက်ပြီး " ကောင်းပြီလေ ဒါဆိုလည်း ငါတို့ပြန်မထွက်ခင် တစ်နာရီလောက်နားကြတာပေါ့…ဗိုက်ဖြည့်ဖို့အတွက် အသီးလေးဘာလေးရှိမလား လိုက်ရှာကြည့်လိုက်ဦးမယ်…"

" ဒါဆိုရင် အစ်ကိုကအသီးသွားရှာလိုက်ပါ… ကျွန်တော် ဒီနားမှာရေသံကြားတာမလို့ ရေသွားခပ်လိုက်ဦးမယ်…" ချီရှင်းချန်မှ ပြောလိုက်သည်။

အမျိုးသမီးဧည့်သည်သုံးယောက်ကို အရိပ်ထဲတွင် စောင့်ခိုင်းထားလိုက်ပြီးနောက် ချီရှင်းချန် ရေဇလုံကြီးကိုထုတ်လာချိန်တွင် ပိုင်ရဲ့မှပြောလာခဲ့သည် " ငါလည်းမင်းနဲ့လိုက်ခဲ့မယ်…တောင်ကျရေက ကြည်လင်နေတော့ ငါးရှိရင်ရှိမှာ…"

ချီရှင်းချန်မှ " အစ်ကို ငါးဖမ်းဖို့စဉ်းစားနေတာလား… တောတောင်ထဲကငါးတွေက လူထက်တောင်ပိုပြီးပါးနပ်သေးတာကို ငါးဖမ်းပိုက်ကွန်မပါဘဲနဲ့ဆို လက်ဗလာနဲ့ဖမ်းရအရမ်းခက်မှာနော်…"

" ဘာလို့လက်ဗလာနဲ့ဖမ်းဖို့လိုမှာလဲ…" ပိုင်ရဲ့ သူ၏ကျောပိုးအိတ်တွင်းမှ ဓားမြောင်ကိုဆွဲထုတ်လာပြီး " ငါတို့သစ်ကိုင်းတွေကိုချွန်ပြီး အဲဒါနဲ့ဖမ်းလို့ရတယ်လေ…"

ချီရှင်းချန် : "...."

တကယ်ကြီးလား… ချီရှင်းချန် ပြောစရာစကားများပျောက်ရှသွားရသည်။

နှစ်တွေဘယ်လောက်ကြာအောင် ဒီပိုင်သခင်လေးက ဝူရှကားတွေရဲ့ဦးနှောက်ဆေးခြင်းကို ခံထားရတာလဲနော်…တကယ်ကြီးကို သစ်ကိုင်းချွန်နဲ့ငါးဖမ်းတာက လက်ဗလာနဲ့ဖမ်းတာထက် လွယ်မယ်လို့သူထင်နေတာလား…သူ့ရဲ့အစစ်အမှန်အိုင်ဒေါသာဆိုရင် ဘယ်တော့မှ ဒီလိုချိုမြိန်ပြီး ရိုးသားမှာမဟုတ်ဘူး ဟုချီရှင်းချန် တွေးလိုက်မိသည်။

သို့သော်လည်း သူ့အတုအယောင်အိုင်ဒေါလေး၏ဝူရှအိမ်မက်များကို ထုချေမပစ်ချင်သည့်အတွက် ပိုင်ရဲ့ကိုသူနှင့်အတူသာခေါ်လာခဲ့လိုက်သည်။

သွားသည့်လမ်းတွင် ပိုင်ရဲ့မှ သူ၏လက်ညှိုးလုံးလောက်ရှိသောသစ်ကိုင်းတစ်ကိုင်းကိုယူကာ ခဲတံ‌တစ်ချောင်းပုံပေါ်လာအောင် သွေးနေခဲ့‌သည်ကို မြင်လိုက်ရသော်လည်း ချီရှင်းချန် ဘာမှမပြောတော့ဘဲ မသိသလိုသာ ဟန်ဆောင်နေလိုက်သည်။