Chapter 29
မီတာနှစ်ဆယ်မျှလျှောက်ပြီးသည့်နောက်တွင် အတိအကျပင် သူတို့စမ်းချောင်းငယ်လေးကို တွေ့လိုက်ကြရသည်။ သူတို့ကံကောင်းသည်ဟု မှတ်ယူနိုင်မည်လားကို မသိသော်လည်း လဲကျနေသောသစ်ပင်ကြီးမှာ စမ်းချောင်းလေးကို ပိုင်းဖြတ်ထားပြီး ရေကန်လေးသဖွယ်ဖြစ်နေသောနေရာတစ်ခုလည်း ရှိနေလေသည်။
ရေကန်ငယ်လေးထဲတွင် အမှန်တကယ်ပင် မြင်သူတိုင်းသွားရည်ကျသွားနိုင်မည့် ဆူဖြိုးသောငါးကြင်းတစ်အုပ်မှာ ပျင်းတိပျင်းရွဲ့ဖြင့် ကူးခတ်နေကြသည်။
ပိုင်ရဲ့သစ်ကိုင်းကိုမြောက်ကာ ရေစပ်မှာရပ်ကာ ခဏမျှအကဲခတ်လိုက်ပြီးသည့်နောက် သူ၏ခြေတစ်ဖက်ကိုရေထဲသို့ ချလိုက်လေသည်။
ချီရှင်းချန် ရေဇလုံကိုသုံးကာ ရေခပ်ရန်ပြင်လိုက်သော်လည်း ပိုင်ရဲ့၏အပြုအမူကိုမြင်သွားသည်နှင့် ချက်ချင်းဆိုသလို ရပ်တန့်သွားပြီး မေးလိုက်သည်
" ဟေးးး ဘာတွေလုပ်နေတာလဲ…"
" ဟိုနားသွားပြီး ငါးဖမ်းမလို့လေ…"
" ဒီအတိုင်းလား…"
ပိုင်ရဲ့အံ့ဩသွားရသည် " ဒါဆိုရင် ဘယ်လိုသွားရမှာလဲ…"
ချီရှင်းချန် အနည်းငယ်သီးသွားပြီးနောက် ခဏမျှ ခက်ခက်ခဲခဲရပ်လိုက်ရကာ ဇလုံကိုနေရာတွင်ချ၍ ပိုင်ရဲ့အနီးသို့ လျှောက်သွားလိုက်သည်။
ထို့နောက် သူထိုင်ချကာ ပိုင်ရဲ့၏ခြေထောက်မှဘောင်းဘီကို လိပ်တင်ပေးလိုက်ပြီး " အစ်ကိုသာ ဒီအတိုင်းရေထဲဆင်းသွားရင် ဘောင်းဘီတွေရေစိုကုန်မှာမဟုတ်ဘူးလား…"
ပိုင်ရဲ့မှာ ငယ်ရွယ်စဉ်က နောက်တီးနောက်တောက်နိုင်သောကလေးမျိုးမဟုတ်ခဲ့သောကြောင့် ရေထဲဆင်း၍ ဖားရှာငါးရှာခြင်းမျိုးအကြောင်းကို အနည်းငယ်သာသိပြီး ဘောင်းဘီလိပ်တင်ရမည်ကိုမူ သိမနေခဲ့ပေ။
သူ မည်သို့ချီရှင်းချန်ကို လုပ်ခိုင်းနိုင်ပါမည်နည်း။ ပိုင်ရဲ့ကပျာကယာထရပ်ကာ တစ်ဖက်မှဘောင်းဘီကို လိပ်တင်လိုက်သည်။
ပိုင်ရဲ့၏ကောင်းမွန်သောခန္ဓာကိုယ်အချိုးအစား၏ကျေးဇူးဖြင့် သူ၏ခြေသလုံးမှာ အခြားသူများထက် ပို၍ရှည်ကာ နှစ်ရှည်လများ အက ကလာရခြင်းကြောင့် ကြွက်သားများမှာ အားပြည့်ကာ အချိုးအစားမျှတနေသည်။
ပိုင်ရဲ့၏တစ်ဝက်မျှထုတ်ဖော်ထားသည့် ခြေသလုံးကြွက်သားများပေါ်သို့ ချီရှင်းချန်၏အကြည့်မှာ ခဏမျှကျရောက်သွားခဲ့သည်။ အခြားသူများဆိုပါက သစ်ကိုင်းခြောက်ကိုတစ်ဖက်ကကိုင်လျက် ဘောင်းဘီကိုလိပ်တင်ထားသည့်ပုံမှာ အနည်းငယ်တော့ ကြောင်တောင်တောင်နိုင်နေလိမ့်မည်။
သို့သော်လည်း ဤသူမှာမူ ထိုသို့ဖြစ်မနေခဲ့ချေ။ ပိုင်ရဲ့၏ပုံစံမှာ ဓားကိုကိုင်ဆွဲကာ နဂါးများကို သွားသတ်တော့မည်သူရဲကောင်းတစ်ဦးသဖွယ်ဖြစ်နေပြီး လူတစ်ဦး၏ဖြောင့်မတ်မှုကို သူ၏ရုပ်ရည်ဖြင့် တိုင်းတာကြသည်ဟူသည့်ဆိုရိုးကို ကောင်းကောင်းဖော်ဆောင်နေခဲ့သည်။
ချီရှင်းချန် လည်ချောင်းရှင်းလိုက်ပြီး " အဟမ်းး ဒါဆိုလည်း သွားပါလေ… ကျားယို့…"
ပိုင်ရဲ့ ချီရှင်းချန်၏စကားမှာအနည်းငယ်ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။ ထို့နောက် သူငါးများ၏လမ်းကြောင်းကို ဂရုတစိုက်စစ်ဆေးလိုက်ပြီး ရေအိုင်လေး၏အလယ်သို့ တဖြည်းဖြည်းချင်းတိုးသွားလိုက်သည်။ ပစ်မှတ်ကိုတွေ့သည်နှင့် နောက်သွားမည့်ဦးတည်ရာကိုမှန်းဆကာ သူ၏လက်ကို လေထဲတွင် မြင့်မြင့်မြှောက်လိုက်သည်။
သစ်ကိုင်းခြောက်ကို မစိုက်နိုင်ခင်မှာပင် ငါးမှာထွက်ပြေးသွားခဲ့သည်။
ပိုင်ရဲ့ နောက်ထပ်ပစ်မှတ်ကို ပြောင်းလဲလိုက်ပြန်သည်။
ထပ်မံ၍ သစ်ကိုင်းခြောက်ကို မစိုက်နိုင်ခင်မှာပင် ငါးမှာထွက်ပြေးသွားပြန်သည်။
ပိုင်ရဲ့ ရွေးချယ်စရာမရှိတော့ဘဲ သူ၏သစ်ကိုင်းခြောက်လှံကို ချကာ မျက်မှောင်ကြုတ်၍ ထပ်ခါတလဲလဲကျရှုံးရခြင်းအကြောင်းကို စဉ်းစားနေမိသည်။ ထိုအချိန်မှာပင် သူ၏နောက်မှတစ်စုံတစ်ယောက်က မေးလာခဲ့သည်
" ဘာလို့ထပ်မဖမ်းတော့တာလဲ…"
ထိုသူ၏အသံတွင် ဖုံးဖိ၍မရသောရွှင်မြူးမှုအချို့ရှိနေသည့်အတွက် ပိုင်ရဲ့ မသိစိတ်မှ ခေါင်းကိုလှည့်ကာကြည့်လိုက်မိသည်။
သူ၏နောက်မှလူငယ်လေးမှာ သူကဲ့သို့ပင် ဘောင်းဘီကိုလိပ်တင်ထားပြီး ကွေးညွှတ်နေသောမျက်လုံးများနှင့် အပြာရောင်သွေးကြောများရှိသော မျက်ခွံမှာ အနည်းငယ်တုန်ခါနေသည်။
" မရယ်နဲ့…" ပိုင်ရဲ့မည်သို့ဖြစ်သည်ကို ချက်ချင်းသိရှိသွားပြီးမေးလိုက်သည်။
" သစ်ကိုင်းခြောက်ကိုသုံးပြီး ငါးဖမ်းဖို့ဆိုတာ မဖြစ်နိုင်မှန်း မင်းသိထားပြီးသားမလား…"
သူ၏ပရိသတ်ကလေး ဤချီရှင်းချန်မှာ အလွန်ပင်ဆိုးလှသည်။
" ဘယ်လိုလုပ်သိမှာလဲ… ကျွန်တော်လဲအခုမှသိလိုက်ရတာလေ…"
မည်သူကများ ဤသစ္စာဖောက်ကလေးကို ယုံကြည်ပါမည်နည်း။ ပိုင်ရဲ့ လက်ထဲမှသစ်ကိုင်းခြောက်ကိုပစ်ချကာ နှာခေါင်းရှုံ့လိုက်သည်။
အခြားသူများကို လိမ်ညာလာသည်မှာ ဝါရင့်နေပြီဖြစ်သောချီရှင်းချန်အနေဖြင့် ဤအချိန်မှာ တော်လောက်ပြီဖြစ်ကြောင်း ကောင်းကောင်းသိနေသည့်အတွက် ပိုမဆိုးလာခင်မှာပင် ပိုင်ရဲ့ကိုချော့မော့လိုက်သည်
" တကယ်တော့ ကျွန်တော့်မှာ ငါးကောင်းကောင်းဖမ်းလို့ရမဲ့ နည်းလမ်းတစ်ခုရှိတယ်…"
" အိုး…" ပိုင်ရဲ့ စနောက်ချင်ပုံဖြင့် " ဒါဆိုလည်း ရှင်းရှင်းလောင်ရှီးကပဲ အလင်းပြပေးပါဦးနော်…."
ရှင်းရှင်းလောင်ရှီးဟူသောအမည်မှာ ရှောင်ထျဲနှင့်သူ့သူငယ်ချင်းများမှ ခေါ်နေကြဖြစ်သော်လည်း ပိုင်ရဲ့ထံမှထွက်လာချိန်တွင်မူ အမည်မဖော်ပြနိုင်သောအရသာတစ်မျိုးရှိနေခဲ့သည်။
ချီရှင်းချန် နှာခေါင်းကိုပွတ်ကာတွေးလိုက်မိသည်။ ရှားရှားပါးပါးပဲ…
ချီရှင်းချန်၏ ရှက်ရွံ့နေဟန်ကြောင့် ပိုင်ရဲ့ဆက်၍စနောက်လိုက်သည်
" ရှင်းရှင်းလောင်ရှီး ဘာလို့စကားဆက်မပြောတော့တာလဲ…"
" ရပြီ ရပြီ ကျွန်တော့်ကို ဒီလိုမခေါ်ပါနဲ့တော့…" ချီရှင်းချန် ကပျာကယာသနားညှာတာရန် တောင်းဆိုလိုက်ရသည်
" ပြောမယ် ပြောမယ် အခုစကားပြောပါပြီ…"
ချီရှင်းချန်၏နည်းလမ်းမှာ ပိုင်ရဲ့အား ငါးများကိုတစ်ဖက်မှမောင်းစေပြီး တစ်ဖက်မှာမူ သူကအိုးကိုကိုင်၍ ငါးများခပ်ယူမည်ဖြစ်သည်။ ဤသည်မှာ သူငယ်စဉ်ကအသုံးပြုခဲ့သော ရိုးရာနည်းလမ်းဖြစ်ကာ အိုးအဝမှာကျယ်နေသရွေ့ သူတို့နည်းနည်းဖြစ်စေ များများဖြစ်စေ ဖမ်းယူနိုင်မည်ဖြစ်သည်။
ပိုင်ရဲ့မှာ အမှန်တကယ်ပင် ရှင်းရှင်းလောင်ရှီးပြောသည့်အတိုင်း လုပ်ဆောင်ခဲ့ပြီး ငါးတစ်ကောင်ဖမ်းမိချိန်တိုင်း ကုန်းပေါ်သို့ တစ်ကောင်ပစ်တင်လိုက်သည်။ ဤသို့ဖြင့် သူတို့နှစ်ဦး ရေဇလုံတစ်လုံးအပြည့်ပြန်သယ်လာနိုင်ကြကာ အထဲတွင် ရေနည်းနည်းသာပါသော်လည်း ငါးများအပြည့်ဖြစ်နေခဲ့သည်။
ကျန်းယွင်ဖေးသည်လည်း ယာယီအနားယူရာနေရာသို့ လက်ဗလာဖြင့် ပြန်လာခဲ့သည်။ အသီးများမှာ လက်ရှိတွင် ရာသီချိန်မဟုတ်သောကြောင့် ရင့်မှည့်ခြင်းမရှိဘဲ သေးငယ်ကာ ချဉ်စူးနေပြီး တစ်လုံးကိုက်မိချိန်တွင် ပို၍ပင်ဗိုက်ဆာလာစေခဲ့သည်။
အစပိုင်းတွင် လူတိုင်းမှာ ဗိုက်မည်သို့ဖြည့်ရမည်ကို ပူပန်နေကြရသော်လည်း ချီရှင်းချန်၏ရိတ်သိမ်းမှုကြီးကိုမြင်လိုက်ရချိန်တွင် လူတိုင်းမှာ ဤတစ်ကြိမ်တော့ကံကောင်းပြီဟု ခံစားလိုက်ကြရသည်။ ထို့ကြောင့် သူတို့အားလုံးမှာ ပျော်ရွှင်သွားကြကာ ဒရမ်မာဇာတ်လမ်းများအတိုင်း မီးဖို၍ချက်ပြုတ်ရန်ပြင်ဆင်လိုက်ကြသည်။
သူတို့ရယ်မောနေကြစဉ်မှာပင် တစ်စုံတစ်ခုမှာ မဟုတ်သေးကြောင်းကို သဘောပေါက်သွားကြရသည် " အဟမ်းးး ငါတို့မှာ လိုတဲ့အရာတွေဘာမှမရှိတာကို ငါးဘယ်လိုကိုင်ကြမှာလဲ…"
ဧည့်သည်များထဲတွင် ထောင်ထောင်နှင့်လောချိုးမန်တို့မှာ ချက်ပြုတ်နိုင်ကြသော်လည်း သူမတို့တွင် တောတွင်းအတွေ့အကြုံဟူ၍ ရှိမနေချေ။ ကျန်းယွင်ဖေးမှာမူ တောတွင်းအတွေ့အကြုံရှိသော်လည်း မချက်တတ်ပေ။
ချီရှင်းချန် သက်ပြင်းချလိုက်ပြီး " ကဲ အခုတော့ ကျွန်တော့်စကားကိုသာ နားထောင်ကြပါတော့… ကျွန်တော်ပြောသမျှကို အားလုံးကလိုက်လုပ်ပေးကြမယ်မလား…"
" ဒါပေါ့…" လူတိုင်းတပြိုင်နက်တည်း ပြောလိုက်ကြသည်။
" ယွင်ဖေးကောက သစ်ကိုင်းခြောက်တွေစုပေးပါ… အခြောက်ဆုံးနဲ့အသေးဆုံးတွေကို ရွေးကောက်နော်…ကျီယုကျဲနဲ့ထောင်ထောင်ကျဲကတော့ ပိုင်တုအတိုင်း စားလို့ရမဲ့ အလေ့ကျပေါက်တဲ့ဟင်းသီးဟင်းရွက်တွေ ကူရှာပေးပါ…ကျွန်တော့်တို့အသက်တွေက အစ်မတို့လက်ထဲမှာရှိတာနော်…အဆိပ်ဖြစ်မဲ့ဟာတွေတော့ ယူမလာကြပါနဲ့…ပြီးတော့ မှိုတွေဆိုလည်း ဘယ်မှိုမှကောက်မလာရဘူးနော်…ချိုးမန်ကျဲကတော့ အစ်မကိုဒုက္ခဖြစ်စေမိပြီ… တူနဲ့ပန်းကန်တွေဆေးပေးပါနော်… ကျန်တာက…"
ချီရှင်းချန် ပိုင်ရဲ့၏သစ်ကိုင်းခြောက်ဖြင့် ငါးဖမ်းခဲ့သည့်ပုံကို ပြန်တွေးမိပြီး " ပိုင်ရဲ့ကောကတော့ ကျွန်တော်နဲ့နေခဲ့ပြီး ငါးတွေကူဆေးပေးပါ…"
" ရက်ဆားးး …"
လူတိုင်းမှာ စတင်၍တာဝန်ခွဲပေးထားသည့်အတိုင်း လုပ်ဆောင်လိုက်ကြသည်။ ထို့ကြောင့် ထိုအချိန်ခဏတွင် ယာယီစခန်းချနေရာ၌ ပိုင်ရဲ့နှင့်ချီရှင်းချန်သာ ကျန်ရစ်ခဲ့လေသည်။
သူတို့ရေထဲတွင်ရှိစဉ်က ချီရှင်းချန်မှာ ငါးများကို အကြေးခွံချွတ်၍ အထဲ၍ကလီစာများကို လုံးလုံးဖယ်ထုတ်ထားခဲ့ပြီးဖြစ်လေသည်။ ထို့ကြောင့် ပိုင်ရဲ့ရေဇလုံကို ညွှန်ပြလိုက်ပြီး " တခြားကော ဘာတွေလုပ်ဖို့လိုသေးလဲ…"
" ဟင်းခတ်အမွှေးအကြိုင်တွေကို ဒီယူလာခဲ့ပေးပါ…"
ပိုင်ရဲ့ ဟင်းခတ်အမွှေးအကြိုက်အိတ်ကို ယူလာပေးလိုက်ပြီး " ဘာလုပ်ဖို့ စီစဉ်နေတာလဲ…"
" တစ်ဝက်ကိုကင်ပြီး တစ်ဝက်ကိုဟင်းချိုချက်မှာလေ.. အကုန်လုံးကိုသာ ဟင်းချိုချက်လိုက်ရင် ဘယ်လိုမှအဆာခံနိုင်မှာမဟုတ်ဘူး…"
ပိုင်ရဲ့မှာ အမှန်တကယ်ပင် ဟင်းချက်ရာတွင် မကျွမ်းကျင်သည့်အတွက် ချီရှင်းချန် ကျွမ်းကျင်စွာဖြင့် ငါးများကိုင်ကာ သူတို့အပေါ် ဟင်းခတ်များဖြူးနေစဉ်တွင် သူသည်လည်း အနားတွင် ဒူးထောက်ထိုင်ချလိုက်သည်။
" ရှင်းရှင်းလောင်ရှီး…" ပိုင်ရဲ့ ဒီအတိုင်းနေနေရသည့်အတွက် အနည်းငယ်ရှက်ရွံ့မိပြီး " ငါတစ်ခုခုကူလုပ်နိုင်တာများရှိမလား.. ဒါမဟုတ် မင်းငါ့ကိုသင်ပေးလေ… ငါလဲလိုက်လုပ်လိုက်မယ်…"
" မလိုပါဘူး…" ချီရှင်းချန် ပွင့်လင်းစွာ ပြန်ဖြေလိုက်သည်
" မလုပ်တတ်လုပ်တတ်နဲ့ကူပေးတာထက်စာရင် ဘာမှမကူတာက ပိုကောင်းပါတယ်… တကယ်လို့ ကောက ဒါနဲ့ပတ်သက်ပြီး နည်းနည်းအားနာနေမိတယ်ဆိုရင်…"
ချီရှင်းချန် ခဏမျှစဉ်းစားလိုက်ပြီး " ကျွန်တော်နားထောင်လို့ရအောင် သီချင်းဆိုပြလို့ရပါတယ်…"
ည၏မက်မွန်ဝတ္ထုထဲသို့ကူးပြောင်းပြီးနောက် ချီရှင်းချန် သူ၏ဘဝနှင့်ပတ်သက်၍ များစွာရုန်းကန်လှုပ်ရှားနေရသည့်အတွက် သူ့အဖို့ အေးအေးလူလူသီချင်းနားထောင်နိုင်သည့် အခွင့်အရေးမှာရှားပါးလှသည်။
သူ၏အရှေ့မှလူသည် လက်တွေ့ဘဝမှသူမဟုတ်ဘဲ အတုအယောင်အိုင်ဒေါဖြစ်နေစေကာမူ ထိုသူ၏ရုပ်ရည်ပင်ဖြစ်စေ အသံပင်ဖြစ်စေ နှစ်ခုစလုံးမှာ စစ်မှန်ကောင်းမွန်လှပေရာ ရံဖန်ရံခါနားထောင်ရုံမျှဖြင့် များစွာပြသနာရှိမည်မဟုတ်ချေ။
သီချင်းဆိုခြင်းမှာ ပိုင်ရဲ့၏ယခင်အလုပ်ဖြစ်နေခြင်းကြောင့် မည်သည့်စကားမျှပြောမနေဘဲ သူ၏balladများထဲမှ တစ်ပုဒ်ကိုရွေးကာ စတင်သီဆိုလိုက်သည်။
အခွေဖွင့်စက်မှကြားရသည့်အသံနှင့် လူရှေ့တွင်ကိုယ်တိုင်သီဆိုချိန်တွင်ကြားရသောအသံ၏ခံစားချက်မှာ အလွန်ပင်ကွာခြားလှသည်။ နက်ရှိုင်းကာ သံလိုက်သဖွယ် အသံနိမ့်နိမ့်မှာ တောင်၏တောအုပ်အတွင်း တဖြည်းဖြည်းပျံ့နှံသွားကာ ပူစပြုနေသောနွေဦးရာသီ၏နေ့ရက်များကို ငြိမ်သက်အေးချမ်းသွားစေပြီး တိုက်ခတ်လာသောလေသည်ပင် မနေနိုင်ဘဲ ရပ်တန့်နားထောင်မိလိမ့်မည်ပင်။
ချီရှင်းချန် မသိစိတ်မှ ပိုင်ရဲ့၏သီဆိုမှုအတွင်းမျောပါနေမိသည်။ သီချင်းဆုံးသွားချိန်တွင် သူ၏အစစ်အမှန်ဘဝမှအိုင်ဒေါကိုတွေးမိသွားပြီး နှလုံးသားအတွင်းမှ ပြည့်လျှံတက်လာသော ချစ်ခြင်းမေတ္တာနှင့်မြတ်နိုးခြင်းများကြောင့် သူ၏နှုတ်ခမ်းထောင့်များသည်ပင် ကော့တက်သွားခဲ့သည်။
ချီရှင်းချန်၏အမူအရာကြောင့် ပိုင်ရဲ့ ယခုအချိန်တွင် ချီရှင်းချန်၏စိတ်အခြေအနေကောင်းနေကြောင်းကို သိရှိသွားကာ အသံနိမ့်နိမ့်ဖြင့် စပ်စုလိုက်သည်
" ရှင်းရှင်း မင်းဟင်းချက်တာကို ဘယ်ကသင်လာတာလဲ…"
ပိုင်ရဲ့မှာ များသောအားဖြင့် အခြားသူများ၏ကိုယ်ပိုင်ဘဝအကြောင်းကို မေးလေ့မရှိချေ။ ပထမအချက်အနေဖြင့် ၎င်းမှာမယဉ်ကျေးသောအရာဖြစ်နေခြင်းကြောင့် ဖြစ်ကာ ဒုတိယအချက်အနေဖြင့် အလွန်နည်းပါးသောလူအချို့သည်သာ သူ့ကိုသိချင်စိတ်ဖြစ်ပေါ်စေခြင်းကြောင့် ဖြစ်လေသည်။ သို့သော်လည်း ယမန်နေ့ညမှ သူ့ဖန်လေး၏အမူအရာမှာ သူ့ကိုအနည်းငယ်မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေခြင်းကြောင့် ပိုင်ရဲ့မနေနိုင်ဘဲ မေးလိုက်မိခြင်းဖြစ်သည်။
ချီရှင်းချန်မှာ သိသိသာသာပင် ခံစားချက်များကောင်းမွန်နေသည့်အတွက် ပြုံးလျက်ပြန်ဖြေလာသည် " တမင်တကာကြီးသင်ထားတာတော့မဟုတ်ပါဘူး…တဖြည်းဖြည်းချက်ရင်းချက်ရင်းနဲ့ နည်းနည်းပါးပါးချက်တတ်လာတာ…"
ပိုင်ရဲ့ တစုံတစ်ရာကွဲပြားနေသောအဓိပ္ပါယ်တစ်ခုကို သတိပြုမိသွားသည့်အတွက် မေးလိုက်မိသည်
" မင်းငယ်ငယ်တုန်းက ဘယ်သူမှချက်မပေးကြဘူးလား…"
" အဲဒီလိုတော့မဟုတ်ပါဘူး… ကျွန်တော်ဒီလောက်သနားစရာမကောင်းပါဘူး…" ချီရှင်းချန် ရှင်းပြလိုက်သည် " ကျွန်တော်က ဘာဖြစ်ဖြစ်ကိုယ်တိုင်ပဲလုပ်ရတာသဘောကျလို့ပါ… ကိုယ်တိုင်ချက် ကိုယ်တိုင်လုပ်တာမျိုးကိုမှ စိတ်တိုင်းကျတယ်လို့ ခံစားရတယ်…"
ထိုအချိန်တွင် ပိုင်ရဲ့၏သီချင်းသံထဲမှ လွတ်မြောက်လာသည့်ရိုက်ကွင်းလက်ထောက်မှလည်း သူတို့၏စကားဝိုင်းထဲသို့ ဝင်ပါလာသည်
" ရှင်းရှင်း မင်းကရုပ်လေးလည်းချောတယ်… စိတ်ထားလည်းကောင်းတာကို အခုဟင်းချက်ပါကောင်းနေတယ်ဆိုတော့ နောက်ကြရင် မင်းကိုလက်ထပ်ခွင့်ရမဲ့ကောင်မလေးကတော့ သေချာပေါက်ကို ကောင်းချီးပေးခံရသလိုဖြစ်နေမှာပဲ…"
ပိုင်ရဲ့ ချက်ချင်းဆိုသလိုပင် ကျိုးယွီ၏ချစ်သူကောင်မလေး… မဟုတ်သေးဘူး ယခင်ကောင်မလေးဖြစ်သောသူကို တွေးမိသွားပြီး ချီရှင်းချန်ကို လှည့်ကြည့်မိသည်။
" ဟေး ဟေး ဘာလို့အစ်ကိုတို့က ကျွန်တော့်ဘဝရဲ့ကိစ္စအကြီးကြီးတွေကို ကြိုစဉ်းစားနေကြတာလဲ.. အာ…ဒုက္ခပါပဲ…" ချီရှင်းချန် ငါကိုဆားနယ်နေစဉ် မော့ပင်မကြည့်ဘဲစနောက်လိုက်သည် " ကျွန်တော်က ဘတ်ဂျက်ခရီးသွားကြမယ် အစီအစဉ်ကိုရောက်နေတာနော်… မင်းကသာဒီတစ်ယောက်ပဲဆိုတဲ့ အစီအစဉ်မဟုတ်ဘူး…"
လူတိုင်းမှာ သူတို့၏တာဝန်များကို ကျေပွန်စွာဆောင်ရွက်ခဲ့ကြသောကြောင့် ချီရှင်းချန်လည်း သူတို့၏မျှော်လင့်ချက်များကို မကျဆင်းစေဘဲ နေရာတဝိုက်ကိုသန့်ရှင်းကာ မီးပုံနှစ်ခုဖိုလိုက်သည်။ တစ်ခုမှာ ငါးများကင်ရန်အတွက်ဖြစ်ပြီး တစ်ခုမှာမူငါးဟင်းချိုချက်ရန်အတွက်ဖြစ်သည်။
ငါးများကင်ရန်အတွက် ငါးများကို သစ်ကိုင်းများဖြင့် တံစို့ထိုးရမည်ဖြစ်လေရာ ချီရှင်းချန် ထိုကဲ့သို့ သွေးသံတရဲရဲဖြင့် အလုပ်မျိုးကို အမျိုးသမီးများကိုမလုပ်စေတော့ဘဲ ကျန်သည့်အမျိုးသားနှစ်ဦးကိုသာ ခေါ်လိုက်သည်။ ထို့နောက် သူချွန်ထားသည့်သစ်ကိုင်းများကို ထုတ်ကာ ညွှန်ကြားလိုက်သည် " ဒီသစ်ကိုင်းတွေကို ဘယ်လိုသုံးရမလဲဆိုတာလား… ကျွန်တော် အစ်ကိုတို့နှစ်ယောက်လုံးကို ပြပေးမယ်လေ.."
" သေချာကြည့်ထားကြနော်…" ချီရှင်းချန် ပြောလိုက်ပြီးနောက် ငါး၏ပါးစပ်ကိုညွှန်ပြကာ ဖတ်ခနဲအသံဖြင့် ငါးပါးစပ်မှအမြီးထိ သစ်ကိုင်းဖြင့်ထိုးစိုက်လိုက်သည်။
ပိုင်ရဲ့ : "....."
တံစို့ထိုးပြီးသည့်ငါးများကို ကင်လိုက်ပြီးနောက် လျိုကျီယုမှမေးလာခဲ့သည်
" ငါတို့ငါးစတူးကဘယ်လိုချက်ကြမှာလဲ… ဒီမှာအိုးမှမရှိတာ…"
" ကျွန်တော်တို့ကို ဘာလို့ပရိုဂရမ်အဖွဲ့က ရေဇလုံကြီးပေးတယ်လို့ထင်လဲ…" ချီရှင်းချန် ပွင့်ပွင့်လင်းလင်းသာ ပြောပြလိုက်သည် " သူတို့စိတ်ထဲမှာ ကျွန်တော်တို့က လုံးဝဆေးကြောသန့်စင်နေစရာမလိုဘူးလေ…ကျွန်တော်တို့ပုံစံက စုတ်ပြတ်နေလေလေ ပရိသတ်စိတ်ဝင်စားမှုပိုများလေလေ ဖြစ်မှာဆိုတော့ ဒီအရာက…."
ချီရှင်းချန် ရေအပြည့်နှင့်ဇလုံကြီးကို မီးပုံပေါ်သို့တင်လိုက်ပြီး " ဒါကအိုးပဲ…"
လျိုကျီယု : "....."
ဒါရိုက်တာကျောက် : " ဒီမျောက်မိစ္ဆာစွန်းဝူခုန်းကတော့... မင်းကင်ထားတဲ့ငါးတွေအားလုံး တူးပါစေကွာ…"
ကံမကောင်းစွာဖြင့် မိုးကောင်းကင်မှ ဒါရိုက်တာကျောက်၏ဆုတောင်းကို ဖြည့်မပေးခဲ့ပေ။ ခဏကြာပြီးနောက် ကင်ထားသည့်ငါးများမှ မွှေးပျံ့သောအနံ့ထွက်ပေါ်လာသည်။
ထို့နောက် မကြာသေးသည့်အချိန်မှာပင် ငါးစွပ်ပြုတ်အိုးမှ မွှေးကြိုင်သောအနံ့သည်လည်း တောင်ထိပ်တစ်ခုလုံးနီးပါးအထိ သင်းပျံ့လာလေသည်။ ကျန်းယွင်ဖေးဦးစွာမြည်းကြည့်လိုက်ပြီးနောက် သူ၏စိုးရိမ်နေသောအမူအရာမှ အံ့ဩသည့်အမူအရာအဖြစ်ပြောင်းလဲသွားပြီး ပြောလိုက်သည်။
" ဝိုးးးး တကယ်ကို တောထဲကငါးတွေက ပိုပြီးအရသာရှိတာပဲ… အားလုံးပဲ မြန်မြန်လာစားကြချည်…"
ဧည့်သည်များမှာ အပြေးလာကာ စားသောက်လိုက်ကြသည်။ မည်သည့်အချိန်တွင်မဆို စားသောက်ချိန်တိုင်း ပိုင်ရဲ့မှာ အမြဲလိုပင် လိုင်း၏အဆုံးတွင်ဖြစ်နေတတ်သည့်အတွက် ချီရှင်းချန် ကပျာကယာ ကောင်းစွာကျက်နေပြီဖြစ်သော ငါးကင်တစ်ကောင်ကိုယူကာ ပိုင်ရဲ့၏လက်ထဲသို့ တိတ်တဆိတ်ထည့်ပေးလိုက်ရသည်။
ဧည့်သည်များမှာ ပျော်ရွှင်စွာစားသောက်နေကြသော်လည်း ရိုက်ကူးရေးအဖွဲ့၏နှလုံးသားများမှာမူ ကိုက်ခဲနာကျင်နေကြရသည်။ မိုင်မန့်တီဗွီ၏နာမည်ကျော်ရှိုးတခုဖြစ်သော ဘတ်ဂျက်ခရီးသွားကြမယ်အစီအစဉ်၏ ရိုက်ကူးရေးအဖွဲ့မှာ အမြဲလိုပင်အကောင်းဆုံးအရာများကို ရမြဲဖြစ်သည်။
သူတို့မည်သည့်နေရာသို့ သွားကြသည်ဖြစ်စေ ရိုက်ကူးရေးအဖွဲ့အတွက် ချက်ပြုတ်ပေးရန် စားဖိုမှုးပါတတ်စမြဲဖြစ်ကာ နေ့စဉ်နေ့တိုင်း ဟင်းထပ်ခြင်းမရှိချေ။