အပိုင်း၃၀
Viewers 26k

Chapter 30

သူတို့မည်သည့်နေရာသို့ သွားကြသည်ဖြစ်စေ ရိုက်ကူးရေးအဖွဲ့အတွက် ချက်ပြုတ်ပေးရန် စားဖိုမှုးပါတတ်စမြဲဖြစ်ကာ နေ့စဉ်နေ့တိုင်း ဟင်းထပ်ခြင်းမရှိချေ။

ယနေ့တွင်မူ တောင်တက်ရမည်ဖြစ်ခြင်းကြောင့် ကင်မရာပစ္စည်းများမှာလည်း လေးလံကြသည်ဖြစ်ရာ သွားလာရန်လွယ်ကူစေရန်အတွက် ဒါရိုက်တာကြီးမှ အဖွဲ့သားများကို ပေါ့ပေါ့ပါးပါးသယ်ယူနိုင်သည့် ပေါင်မုန့်၊ဘီစကစ်၊ကြက်အူချောင်းနှင့်အခြားသောမုန့်အချို့ကိုသာ ယူလာခိုင်းခဲ့သည်။

ဧည့်သည်များ၏ မွှေးပျံ့နွေးထွေးစေမည့်ငါးစွပ်ပြုတ်နှင့် ယှဉ်လိုက်ပါက သူတို့၏နေ့လည်စာမှာ သေချာပေါက်ကို လူစားသည့်အရာမဟုတ်ချေ။

ချီရှင်းချန် စားနေစဉ်မှာပင် အဆင့်များကိုရှင်းလင်းရန်အတွက် သော့အကြောင်းကို မမေ့ထားခဲ့ပေ။ ထို့ကြောင့် ဘေးဘီဝဲယာသို့ တစ်ချက်ကြည့်လိုက်ချိန်တွင် ရိုက်ကူးရေးအဖွဲ့၏တစ်ဝက်လောက်မှာ သူတို့ရှိရာသို့ ငေးကြည့်နေကြပြီး သူတို့မျက်လုံးများမှာ ထင်ထင်ရှားရှားပင် တောက်ပနေကြသည်။

ချီရှင်းချန် အတွေးတစ်ချက်ရသွားပြီးနောက် သူ၏ပန်းကန်ကို စင်ကြယ်စွာဆေးကာ ငါးစွပ်ပြုတ်တစ်ခွက်ခပ်လိုက်ပြီး နွေးနေဆဲဖြစ်သောငါးကင်တစ်ဖဲ့နှင့်အတူ ထောင့်နားရှိ ရိုက်ကွင်းလက်ထောက်ငယ်လေးတစ်ဦးစီသို့ သွားလိုက်သည်။

ထိုရိုက်ကွင်းလက်ထောက်လေးမှာ မိန်းကလေးတစ်ယောက်ဖြစ်ပြီး ချီရှင်းချန်ကို မြင်လိုက်သည်နှင့် သူမမျက်နှာမှာ ဦးစွာနီမြန်းသွားခဲ့သည် 

" ရှင်းရှင်း ကျွန်မကိုရှာနေတာလား…"

" အင်း…" ချီရှင်းချန် ခေါင်းငြိမ့်လိုက်ပြီး " ဘီစကစ်တွေက အရမ်းခြောက်လွန်းတော့ မျိုချရခက်တယ်မလား…စွပ်ပြုတ်လေးနည်းနည်းသောက်ပါဦး…"

" သောက်လို့ရတယ်လား…" ရိုက်ကွင်းလက်ထောက်လေးမှာ တိတ်တဆိတ်တံတွေးမြိုချလိုက်ပြီး သူမ၏လက်ကိုဆန့်ကာ ပန်းကန်လုံးကိုလှမ်းယူလိုက်သည်။

ပန်းကန်လုံးကိုမထိခင်မှာပင် သူမ၏လက်မှာ ဆတ်ခနဲပြန်ရုတ်သွားကာ " မဟုတ်သေးဘူး… ရှင်းရှင်း ကျွန်မကိုတစ်ခုခုအကွက်ချမလို့မလား…"

ချီရှင်းချန် သီးသွားပြီး အနည်းငယ်စော်ကားခံလိုက်ရသလို ခံစားလိုက်ရသည်။ ရိုက်ကူးရေးအဖွဲ့၏စိတ်ထဲတွင် သူ၏ပုံရိပ်မှာ အမှန်တကယ်ကြီး ဤအခြေအနေသို့ပင် ရောက်နေပြီလား…

" ကျွန်တော် အကွက်ချမလို့ မဟုတ်ပါဘူး…" ချီရှင်းချန် ရှင်းပြလိုက်ရသည်

 " ကျွန်တော်က အစ်မကောင်းကောင်းမစားနိုင်တာ မြင်ရလို့ပါ… နောက်ပြီးတော့ အဆင့်ကိုရှင်းနိုင်မဲ့သော့တွေက ဘာနဲ့တူလဲဆိုတာလည်း မေးမလို့လေ…"

" ရပြီ ရပြီ…" ရိုက်ကူးလက်ထောက်ငယ်လေးမှာ ခဏမျှတွေးလိုက်ပြီး ကံကောင်းစွာဖြင့် သူမနားမယောင်မိလိုက်ပေ။ ထို့ကြောင့် လက်ကိုယမ်းကာ ပြောလိုက်သည်

 " ရှင်းရှင်း ဒါရိုက်တာကြီးက ပြောခွင့်မပြုထားတဲ့အတွက် ကျွန်မလည်း မပြောပြရဲဘူးလေ…"

" သူက သူ့တဲထဲမှာ စားနေတာလေ… အခုချိန် ဘယ်သူမှရှိတာမှမဟုတ်တာ… ကောင်းကင်နဲ့မြေကြီးရယ် အစ်မရယ်ကျွန်တော်ရယ် သိမှာကို…"

သူတို့နောက်သို့လိုက်သွားရန် ပျင်းရိနေသည့်အတွက် ကင်မရာဖြင့်သာ အနီးကပ်ထိုးချိန်ထားသောကင်မရာမန်း : " မင်းတို့က ငါ့ကိုကိုယ်ပျောက်လူသားလို ဆက်ဆံနေကြတာလားဟေ…"

ချီရှင်းချန်မှာမူ ပန်းတိုင်ရောက်သည်အထိ ဆက်လက်ကြိုးစားနေမည်ဖြစ်ခြင်းကြောင့် သူ၏လက်ထဲမှ အရည်ပျစ်ပျစ်နှင့်ငါးစွပ်ပြုတ်ကို သူမမျက်လုံးရှေ့တွင် ဝှေ့ယမ်းကာ ထပ်မံဆွဲဆောင်လိုက်သည် " ပြီးတော့ ကျွန်တော်က သော့တွေဘာနဲ့တူလဲပဲ မေးတာလေ…ဘယ်နားမှာလဲ ဖွက်ထားလဲလို့ မေးတာမှမဟုတ်တာ…ဒါကစည်းမျဉ်းနဲ့မဆန့်ကျင်နေပါဘူး…"

"....."

ရိုက်ကွင်းလက်ထောက်လေးမှာ ဒုတိယအကြိမ်မြောက် တွေးမိသွားသည်။ သူပြောတာလဲ ဟုတ်တာပဲ…

" အဆင့်ကိုရှင်းနိုင်မဲ့သော့တွေက…" သူမအံတင်းတင်းကြိတ်လိုက်ရသည်။ အဆုံးတွင် သူမ၏‌အရှေ့မှချောမောသောကောင်လေးနှင့် အစားအသောက်ကောင်း၏ ဆွဲဆောင်မှုကို ဆက်၍မတောင့်ခံနိုင်တော့ပေ။

 " သော့တွေကို ဖယောင်းနဲ့အသီးပုံသွင်းထားတာ…ဘယ်လိုအသီးလဲဆိုတာတော့ ကျွန်မကိုမမေးနဲ့တော့… ဒီလောက်ပဲပြောပြလို့ရတယ်…"

" ကောင်းပါပြီ…" ချီရှင်းချန် ပြတ်ပြတ်သားသားသဘောတူလိုက်ပြီးနောက် အစားအသောက်များအားလုံးကို သူမလက်ထဲပေးကာ အဖွဲ့စီပြန်၍ တက်ကြွစွာပြောလိုက်သည် 

" အားလုံးပဲ သော့ရှာတဲ့အချိန်ကြရင် အပင်တွေပေါ်ကိုပဲမော့ကြည့်ကြပါ… ပရိုဂရမ်အဖွဲ့က သော့ကိုအသီးပုံပြောင်းပြီး အပင်မှာ ချိတ်ထားတယ်တဲ့.."

ရိုက်ကွင်းလက်ထောက်ငယ်လေး : " !!!!!! "

အမှန်ပဲ..  တောင်ကြားထဲမှာ အသီးဆိုတာ အပင်ပေါ်မှာပဲရှိတာလေ… သူမဒါကိုလုံးဝမေ့သွားတာပဲ…

ပို၍ရှိသည်မှာ အစစ်နှင့်ပိုတူ‌စေရန်အတွက် အဖွဲ့သားများက အသီးများကို အပင်အစစ်များပေါ်တွင်သာ ချိတ်ဆွဲထားခဲ့ကြသည်။ ဧည့်သည်များမှာ လမ်းလျှောက်နေစဉ်အတွင်း သူတို့အပေါ်မှမည်သည့်အပင်များတွင် အသီးရှိသည်ကိုသာ မော့ကြည်ရန်လိုမည်ဖြစ်ကာ အကြည့်တစ်ချက်ဖြင့်ပင် ခွဲခြားနိုင်ပေမည်။

ဤသို့ဖြင့် တစ်နာရီကြာပြီးနောက် ပထမသော့ကို ဖန်းလုံတောင်ပေါ်တွင် ရှာတွေ့သွားကြသည်။

လေးနာရီအကြာ ကျွီဖုန့်တောင်၏တောင်ကြားထဲတွင် ဒုတိယသော့ကိုရှာတွေ့ပြီးနောက် လူတိုင်းမှာ စတင်အောင်ပွဲခံလိုက်ကြသည်။

ဒါရိုက်တာကျောက်နှင့် လက်ထောက်ဒါရိုက်တာလီတို့မှာ ကြောင်အနေကြရသည်။ မဟုတ်သေးဘူး ဒီဧည့်သည်တွေက နတ်အစွမ်းတွေများရှိနေတာလား…

ဒီလောက်ရှာရခက်တဲ့သော့တွေကို ဘယ်လိုလုပ်ပြီး မမှောင်ခင်ရှာတွေ့သွားကြတာလဲ…

သူတို့အတွက် ပြင်လာတဲ့တဲတွေကိုတောင် မသုံးရသေးဘူးလေ…

ပို၍စိတ်တိုစရာကောင်းသည်မှာ ချီရှင်းချန်မှ ထပ်မံ၍မြေပြင်အခြေအနေကို အကဲခတ်လိုက်ပြီး " ထောင်ထောင်ကျဲ ကျွန်တော်တို့လာရာလမ်းအတိုင်း ပြန်ဖို့မလိုတော့ဘူး… ဒီအတိုင်း ကျွီဖုန့်တောင်ကနေဆင်းလိုက်ပြီး တောင်ခြေမှာရှိတဲ့ရွာသားတစ်‌ယောက်ယောက်စီကတဆင့် ကားငှားပြီးပြန်လာလို့ရတယ်… ဒီအတိုင်းဆို အားလုံးရဲ့အချိန်နဲ့ခွန်အားကို ချွေတာရာကြတာပေါ့…"

ဧည့်သည်များ၏ညအချိန် တောင်တန်းများကြား သွားလာကြမည်ကို မျှော်လင့်ကာ ခြောက်လန့်ရမည့်အရာများကို ပြင်ဆင်ထားကြသော ရိုက်ကူးရေးအဖွဲ့မှအကြီးပိုင်းများ : " အိုက်ယားးး သေလိုက်ပါတော့ နောက်တစ်ခေါက်ရာသီကြရင် ငါတို့ဒီသောက်ကလေးကိုမငှားပဲနေကြမလား…"

ယခင်ကဲ့သို့ ဧည့်သည်များမှ ကိုယ်စီအခန်းတွင်းသို့ ပြန်မဝင်သွားကြခင် ဒါရိုက်တာကျောက်မှ လူတိုင်းကို ယနေ့မစ်ရှင်နှင့်ပတ်သက်၍ကြေငြာမည်ဖြစ်သောကြောင့် ထွက်လာရန် ပြောလိုက်သည်။

" မင်းတို့အားလုံးက နေမဝင်ခင်မစ်ရှင်ပြီးသွားကြတဲ့အတွက် လျှို့ဝှက်ထားတဲ့ဆုကို ရရှိသွားကြပြီ… ဆုကတော့…"

ထောင်ထောင် : " ဖြတ်ကျော်ကဒ်လား…"

" မဟုတ်ပါဘူး…" ဒါရိုက်တာကျောက်မှ ပြောလိုက်သည် " ဒီတစ်ခေါက်မစ်ရှင်ရဲ့လျှို့ဝှက်ဆုကတော့ ဆုတောင်းကဒ်ပါ…မင်းတို့ဧည့်သည်တွေထဲက တစ်ယောက်က တောင်းတဲ့ဘယ်လိုဆုကိုဖြစ်ဖြစ် ဖြည့်ပေးပါလိမ့်မယ်… အချိန်ကတော့ အကန့်အသတ်နဲ့ ဆယ်မိနစ်အတွင်းဆုတောင်းရမှာပါ…"

လူတိုင်းမှာ နားမလည်နိုင်သည့်အတွက် တစ်ဦးကိုတစ်ဦးကြည့်နေကြသဖြင့် ဒါရိုက်တာကျောက်မှ အသေအချာရှင်းပြလိုက်ရသည်

 " ဒီလိုလုပ်… ဥပမာတစ်ခုအနေနဲ့ပြောရရင် ဆုတောင်းကဒ်ကို ကျီယုကိုပေးလိုက်တယ်ပဲထားပါတော့…ကျီယုက ဒါကိုသုံးပြီး နောက်လာမဲ့မစ်ရှင်တွေအားလုံးကနေ ဆုကြေးကိုထိခိုက်မှုမရှိဘဲ ရှောင်ဖယ်နေလို့ရတာမျိုးပေါ့…နားလည်ကြလားမသိဘူး…"

" နားလည်ပါတယ်…"

ဤသို့ဆိုလျှင် ဆုတောင်းကဒ်မှာ ဖြတ်ကျော်ကဒ်ထက်ပို၍ အစွမ်းရှိပြီး တစ်ကြိမ်ဆုတောင်းလိုက်ရုံဖြင့် လူတိုင်းအပေါ် သက်ရောက်မှုရှိစေနိုင်သည်။

အမှန်အတိုင်းဝန်ခံရမည်ဆိုလျှင် ချမ်ကျိုးကိုစရောက်ချိန်မှစ၍ ယခုအထိ လုပ်ခဲ့ရသမျှမစ်ရှင်တိုင်းမှာ ကာယအားကောဉာဏအားကို မသုံးရသည့်မစ်ရှင်ဟူ၍ မရှိသေးလေရာ စိတ်အားထက်သန်သော လူငယ်အချို့မှလွဲ၍ ကျန်သူအားလုံးမှာ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြပြီဖြစ်သည်။

အကယ်၍သာ ဆုတောင်းကဒ်ကိုရရှိပါက ကျန်သည့်မစ်ရှင်များအားလုံးကို လက်ညှိုးတစ်ချောင်းပင်မမရဘဲ ဖြတ်ကျော်နိုင်မည်ဖြစ်သောကြောင့် မည်သူကများမလိုချင်ဘဲ ရှိမည်နည်း…

လက်တွေ့မှာတော့ ပရိုဂရမ်အဖွဲ့၏ဆုတောင်းကဒ်ကို ချပြရသည့်ရည်ရွယ်ချက်မှာ အလွန်ပင်ရှင်းလင်းလှသည်။ သူတို့မှာ ဧည့်သည်များ ရန်ထဖြစ်သည်ကို လိုချင်နေကြခြင်းပင်။

ဧည့်သည်တော်အဖွဲ့မှာ လွန်စွာလိုက်ဖက်ညီလှပြီး ရန်ပွဲဖြစ်တည်စေမည့်မီးပွားမရှိနေသောကြောင့် ကြည့်ရှုသူများကို စိတ်အတက်အကျဖြစ်နေနိုင်သည့်အချက်မှာ နည်းသထက် နည်းပါးလာခဲ့သည်။

ယခင်အချိန်များတွင် ချီရှင်းချန်နှင့် လျိုကျီယုတို့အကြားမှ ကတောက်တဆကို ပရိုဂရမ်အဖွဲ့၏နတ်ဘုရားအဆင့်တည်းဖြတ်မှုပညာသုံး၍ စစ်ပွဲတစ်ခုဖြစ်တည်စေပြီး ဘတ်ဂျက်ခရီးသွားကြမယ်အစီအစဉ်မှာမူ နေရာတွင်ထိုင်ကာ အသီးအပွင့်များရိတ်သိမ်းမည်ဟု ပြင်ဆင်ထားခဲ့ကြသည်။

ထို့နောက်တွင် မည်သို့ဖြစ်မှန်းမသိ လျိုကျီယုမှာ မမျှော်လင့်ဘဲတပ်ဆုတ်သွားရုံသာမက ချီရှင်းချန်အတွက် ခုခံကာကွယ်ပေးနေသည့်ဘက်သို့ပင် ပြောင်းလဲသွားလေသည်။

ပရိုဂရမ်အဖွဲ့မှာ ခါးသီးစွာခံစားနေရသော်လည်း စောဒကမတက်နိုင်ကြချေ။

ကံကောင်းစွာဖြင့် သူတို့ထံတွင် စစ်ပွဲတစ်ခုဖန်တီးရန် ရက်အချို့ကျန်ရှိနေသေးသည့်အတွက် ဒါရိုက်တာကျောက်မှ လောဆော်လိုက်သည် 

" မမေ့လိုက်ကြနဲ့နော် ဆုတောင်းကဒ်က ဆယ်မိနစ်ပဲသက်တမ်းရှိတာ…အခုပဲ သုံးမိနစ်ကျော်သွားပြီးပြီဆိုတော့ မင်းတို့အားလုံးဘယ်သူ့ကိုပေးမလဲဆိုတာ စဉ်းစားပြီးကြပြီလား…"

အဖွဲ့ခေါင်းဆောင်ဖြစ်သည့် ကျန်းယွင်ဖေးမှာ ခက်ခဲသောနေရာအနေအထားတစ်ခုသို့ ရောက်ရှိနေရသည်။

အခြေအနေမှာ ပို၍ခက်ခဲလာပုံရလေလေ ဒါရိုက်တာကျောက်မှာ ပို၍ပျော်လာလေလေဖြစ်ကာ သူ၏နာရီကိုကြည့်၍ စတင်ရေတွက်လိုက်သည် " ခြောက်မိနစ်ပဲကျန်တော့တယ်… ငါးမိနစ်… လေးမိနစ်… ယွင်ဖေး မင်းတကယ်ပဲဘာမှမပြောတော့ဘူးလား…"

မပြောလျှင် ပြီးတော့မည်မဟုတ်သည့်အတွက် ကျန်းယွင်ဖေးခြေ‌တစ်ချက်ဆောင့်ကာ ပြောလိုက်သည် " ပြောပါ့မယ်…"

ကျန်းယွင်ဖေးမှ " မင်းတို့အားလုံးက ဘက်လိုက်တယ်လို့ ထင်နိုင်ကြပေမယ့်… ကဒ်ကို ရှင်းရှင်းကိုပဲ ပေးလိုက်ချင်တယ်…"

" အာ…" လျိုကျီယု ကြောင်အသွားရသည်

 " အစ်ကိုလည်း ရှင်းရှင်းကိုပဲပေးချင်တာလား… ဒီလိုမှန်းသိ မအောင့်ထားပါဘူး…"

" ဟိုက်ယားး ဒါကဘာလဲနော်…" လောချိုးမန် သူမ၏ပေါင်ကိုရိုက်၍ " ကျဲလည်း အချင်းချင်းစိတ်ခုတာတွေဖြစ်မှာစိုးလို့ မပြောရဲဘဲဖြစ်နေတာ…ဒါပေမယ့် အစ်မပထမဆုံးတွေးမိတာလည်း ရှင်းရှင်းကိုပေးလိုက်ဖို့ပဲ…"

ပိုင်ရဲ့မှာမူ စကားမပြောဘဲ ခေါင်းသာညိတ်ပြလိုက်သည်။

မည်သူ့ကိုပေးပေး ပြသနာမရှိနေသည့်ချီရှင်းချန် : " ?????? "

ဧည့်သည်များ၏ရန်ပွဲကိုစောင့်ဆိုင်းနေသည့်ဒါရိုက်တာကျောက်မှာ ပြောစရာစကားများပျောက်ရှသွားရသည်။ သောက်ကျိုးနည်း ဒီကလေးက မျောက်မိစ္ဆာအဆင့်တောင်မဟုတ်တော့ဘူး… သူ့ကိုမိစ္ဆာဘုရင်လေးလို့တောင် ခေါ်သင့်နေပြီ…"

သို့သော်လည်း အခြေအနေမှာ ဤထိတိုင်ရောက်နေသည့်အတွက် ဆက်လက်အချိန်ဆွဲနေရန်မလိုတော့သောကြောင့် ဒါရိုက်‌တာကျောက်မှ မပေးချင်ပေးချင်ဖြင့် ချီရှင်းချန်ကို ကဒ်ပေးလိုက်ပြီး " နှစ်မိနစ်ပဲကျန်တော့တာနော် မြန်မြန်ဆုတောင်းပါ…"

" ဝါးးး ရှင်းရှင်း သေချာစဉ်းစားရမယ်နော် မှားမသုံးမိစေနဲ့…"

" ဟုတ်တယ် ဟုတ်တယ် ဘာလို့လာမဲ့မစ်ရှင်တွေကနေ မနားဘဲနေရမှာလဲ…ဒီရက်ပိုင်းတွေမှာ မင်းကအပင်ပန်းရဆုံးပဲကို… အခုကအနားယူရမဲ့အချိန်ပဲ…"

" ဒါမှမဟုတ်လည်း နောက်လာမဲ့မစ်ရှင်တွေအတွက် သီးသန့်ဆုကြေးတောင်းလိုက်ပေါ့…ဒါဆိုနောက်အပိုင်းတွေကြရင် ပိုလွယ်သွားလိမ့်မယ်…."

" ဒီလိုမှမဟုတ်ရင်…"

သူ၏နားမှာ ဧည့်သည်များ၏ပွက်လောရိုက်သံများကြောင့် ထူပူသွားရသော်လည်း ချီရှင်းချန် တစ်လုံးမျှ နားမထောင်ခဲ့ချေ။

ချီရှင်းချန် သူ၏လက်ကို ယုံကြည်မှုရှိစွာ ထောင်လိုက်ပြီး " ကျွန်တော်တွေးပြီးပါပြီ…"

ဒါရိုက်တာကျောက် : " ဒီလောက်မြန်တယ်လား…"

" အင်း…"

" ဒါဆိုလည်း ပြောလေ…"

" ကျွန်တော့်ရဲ့ဆုတောင်းကတော့ ဒီနေ့မစ်ရှင်ဘယ်လိုပြီးသွားလဲဆိုတာ ဒါရိုက်တာကြီးသိသွားရင် ဝန်ထမ်းတွေကို မဆူဖို့ပါပဲ…သူတို့က ကျွန်တော်ဆွဲခေါ်တာခံလိုက်ရရုံလေးပါ…"

ရိုက်ကူးရေးအဖွဲ့၏အနောက်ဆုံးတွင် အချက်အလက်ပေါက်ကြားစေမိသည့်အတွက် တုန်ယင်ထိတ်လန့်နေမိသော ရိုက်ကွင်းလက်ထောက်ငယ်လေးမှာ အချိန်ခဏမျှ တောင့်ခဲသွားရသည်။

ဒါဆိုရင် သူက… သူမကိုအသုံးချရုံသက်သက်ကြံစည်ခဲ့တာမဟုတ်ဘူးပေါ့…

ဧည့်သည်များမှာ ယနေ့တောင်တက်ခြင်းမှ အလွန်ပင်ပန်းနေကြပြီဖြစ်သောကြောင့် ကပျာကယာရေမိုးချိုးလိုက်ကြကာ အသီးသီးအခန်းတွင်းသို့ ဝင်သွားကြသည့်အတွက် ခြံဝန်းအတွင်း ခဏချင်းမှာပင် တိတ်ဆိတ်သွားရသည်။

ကျိုးယွီအကြောင်းကို စဉ်းစားမိသွားသည့်အတွက် ချီရှင်းချန် မအိပ်ခင်အခြေအနေမည်သို့တိုးတက်နေပြီဖြစ်ကြောင်း တစ်ချက်ကြည့်ရန်ဝေ့ပေါ်သို့ တက်လာလိုက်သည်။

PRအဖွဲ့၏ပြောင်မြောက်သောစွမ်းဆောင်မှုအောက်တွင် ကျိုးယွီ၏မှောင်မိုက်သောလျှို့ဝှက်ချက်များမှာ မွေးလာချိန်မှစ၍ ယခုအထိ တစ်ခုပြီးတစ်ခု တူးထုတ်ခံလိုက်ရသည်။

သူ၏ မျက်နှာတစ်ခုလုံးတွင် ငရုတ်ဆော့များပေကျံနေပြီး အဝတ်မဲ့လုနီးနီးပုံမှာ screenshotရိုက်ခံလိုက်ရကာ စတစ်ကာအဖြစ်ပြောင်း၍ တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြသည်။ ကျိုးယွီ၏ပုံရိပ်မှာ အရှက်မရှိသောလူရှုပ်တစ်ယောက်အဖြစ် သံမှိုသဖွယ် ထိုးစိုက်မှတ်ယူခံနေရပြီး သူ့ကို မည်သည့်အချိန် မည်သည့်နည်းလမ်းမှ လွတ်မြောက်နိုင်စွမ်းမရှိအောင် လုပ်နေခဲ့သည်။

ဤဖြစ်ရပ်မှ အကြီးဆုံးအကျိုးအမြတ်ရသွားသူမှာ ချီယွီကျီးပင်။ ချီရှင်းချန်နှင့်ချီယွီကျီးတို့၏ဝေ့ပေါ်အကောင့်များ ထုတ်ဖော်ခံလိုက်ရချိန်တွင် ချီရှင်းချန်မှာ ဖန်ကိုးသိန်းမှ တစ်သန်းအဖြစ်သာ တိုးလာခဲ့သော်လည်း ချီယွီကျီးမှာမူ မတူလှပေ။ ထိုကိစ္စကြီး၏အဓိကဇာတ်လိုက်ဖြစ်သည့် ချီယွီကျီး၏ဝေ့ပေါ်တွင် ဖန်ပေါင်း ၁.၃သန်းမှာ ၂သန်းအထိ တိုက်ရိုက်ပင် ခုန်တက်သွားလေသည်။

မည်သို့ပင်ဆိုစေကာမူ ကိစ္စတိုင်းတွင် ထောက်ခံသူနှင့်ဆန့်ကျင်သူဟူ၍ လူနှစ်စုရှိတတ်ကြစမြဲပင်။ ဆန့်ကျင်သူများထဲမှ အများစုမှာမူ ၎င်းမှာ ချီရှင်းချန်နှင့်ချီယွီကျီးတို့ ပူးပေါင်းဆင်ထားသောပြဇာတ်တစ်ခုဟု ထင်ကြေးပေးနေကြသည်။

ထို့အပြင် ထိုလူအုပ်စုမှာလည်း မသေးလှချေ။ ချက်ချင်းဆိုသလိုပင် ဆန့်ကျင်သူအုပ်စုမှာ ပေါင်းမိသွားပြီး ချီရှင်းချန်၏အဓိကစာမျက်နှာပေါ်တွင် တစ်ပါးသူ၏အတွင်းရေးကို ဖော်ထုတ်ခဲ့သည့်အတွက် ရွံစရာကောင်းသည်ဟု ဆူပူကြိမ်းမောင်းနေကြသည်။

ထို့ထက်ပိုသည်မှာ အနုပညာနယ်ပယ်၏အောက်ဆုံးတန်းသာဝင်သေးသော ချီရှင်းချန်ကဲ့သို့လူမျိုးအနေဖြင့် လျောက်ပတ်ပြေးမနေဘဲ သေလိုက်သင့်သည်ဟုပင် ပြောဆိုနေကြသည်ပင်။

ချီရှင်းချန် ထိုအကြောင်းကို မြင်လိုက်ရချိန်တွင် နားလည်ရခက်သွားခဲ့သည်။ ဤသူများမှာ သူ့အကြောင်းကို အမှန်တကယ်ကော နားလည်ပါရဲ့လား… နားမလည်လျှင်လည်း အဘယ့်ကြောင့် ထိုကဲ့သို့အလေးအနက်ကြီး ကျိန်ဆဲနေကြရသည်နည်း…

သို့သော်လည်း အနုပညာရှင်တစ်ဦးအနေဖြင့် ချီရှင်းချန် ထိုသူများကို တိုက်ရိုက်ရင်ဆိုင်ရန်မဖြစ်နိုင်ပေ။ စဉ်းစားကြည့်လိုက်ပြီးနောက်တွင် သူဘာပဲပြောပြော ထိုသူများမှာ အပျက်များသာယူဆကြမည်ဟူသည့် အဓိပ္ပါယ်မှန်ကို ချီရှင်းချန် သဘောပေါက်သွားသည့်အတွက် ထရပ်ကာ ပြတင်းပေါက်မှတစ်ဆင့် ညအချိန်ကောင်းကင်ကို ဓာတ်ပုံရိုက်ယူလိုက်သည်။

မည်သည့်စာမျှမထည့်ဘဲ ချီရှင်းချန် ပုံကိုပြင်ကာ ဝေ့ပေါ်တွင်တင်လိုက်သည်။

သူ့အိုင်ဒေါ၏နာမည်မှာ ရဲ့(ည)ဖြစ်နေခြင်းကြောင့် ဖြစ်နိုင်ပေမည် ချီရှင်းချန်၏နှလုံးသားထဲတွင် မှောင်မိုက်သောညမှာ အလွန်မှော်ဆန်သည်ဟု ခံစားလိုက်ရသည်။

၎င်းမှာ ကမ္ဘာကြီးရှိအလှပဆုံးသောအရာများကို ဖမ်းယူထားနိုင်ပြီး ထောင့်နားရှိညစ်ပေနေသောအရာများကိုပင် သန့်စင်ပေးနိုင်လောက်အောင် ဆန်းကြယ်လှသည်။

တဖြည်းဖြည်းချင်းနှင့် တစ်ညပြီးတစ်ညကုန်လွန်သွားချိန်တွင် မည်သည့်အကောင်းအဆိုးမဆို အိမ်မက်ရှည်ကြီးတစ်ခုအဖြစ် လွင့်ပါးသွားပေလိမ့်မည်။

ချီရှင်းချန် မေးထောက်၍ လကိုခဏမျှရှူစားလိုက်ပြီးနောက် သူ၏စိတ်အခြေအနေမှာ ဖြည်းဖြည်းချင်းတည်ငြိမ်လာခဲ့သည်။

စောင်အောက်သို့ပြန်ဝင်ကာ ဖုန်းကိုဖွင့်လိုက်ချိန်တွင် ဝေ့ပေါ်မှ စာနှင့်မန့်များ၏အသိပေးချက်များမှာ ဆက်တိုက်ဆိုသလို ပေါ်လာသည်။

ဘာများဖြစ်သွားတာလဲ…ချီယွမ်ရှောင်များ ဝေ့ပေါ်တွင်ထပ်ပြီး ရေပန်းစားမှုခေါင်းစီးကို ဝယ်လိုက်ပြန်ပြီလား… ချီရှင်းချန် မျက်မှောင်တစ်ချက်ကြုတ်ကာ ဝေ့ပေါ်သို့ တက်ကြည့်လိုက်သည်။

[ ပိုင်ရဲ့မှ သင်၏ပရိသတ်ဖြစ်လာပါသည် ]
‌ေ