Chapter 31
ချီရှင်းချန်၏လက်မှာတုန်ယင်သွားပြီး
သူ၏ဖုန်းမှာ မျက်နှာပေါ်သို့ ဖတ်ခနဲ ပြုတ်ကျလာခဲ့သည်။
၎င်းမှာ
သူ၏ခိုက်မိထားသောနှာခေါင်းရိုးပေါ်သို့
ရိုက်မိသွားပြီး ကြယ်များမြင်သွားရသည်အထိ အလွန်ပင်နာကျင်လှသော်လည်း ချီရှင်းချန် အနည်းငယ်မယုံနိုင်ဖြစ်နေရသောကြောင့်
ပိုင်ရဲ့၏အဓိကစာမျက်နှာပေါ်သို့
တက်ကာ သူ၏followလုပ်ထားသူများစာရင်းကို နှိပ်ကြည့်လိုက်သည်။
ချီရှင်းချန်
ဟူသော စာလုံးကြီးကြီး၃လုံးမှာ အမှန်ကိုထိပ်ဆုံးတွင်ရှိနေခဲ့သည်။
တကယ်ကို
အဓိကဇာတ်လိုက်ကြီးမှာ
သူ့ကိုFollowလာခဲ့သည်။
ဖန်ပေါင်းသန်းရှစ်ဆယ်ကျော်
ကိုးဆယ်နီးပါးရှိသည့်
ပထမအဆင့်ကြယ်ပွင့်တစ်ယောက်အနေဖြင့်
ပိုင်ရဲ့၏ကျော်ကြားမှုမှာ
အမှန်ကိုပြိုင်ဘက်ကင်းလှသည်။
ရိုးရိုးရှင်းရှင်း
Followလိုက်ရုံလေးနှင့်ပင်
ချီရှင်းချန်၏ဝေ့ပေါ်အဓိကစာမျက်နှာမှာ
တခဏအတွင်း ပြန့်ကြဲသွားရလေသည်။
ထို့အပြင်
မန့်အများဆုံးမှာ ယခုပင်သူတင်ထားသည့်ပို့စ်ပင်ဖြစ်သည်။
[ ညဉ့်ကောင်းကင်
မြေပြင်အခြေအနေစောင့်ကြည့်အသင်းမှ
စစ်ဆေးရန်ဝင်လာပါပြီ
…]
[ ညဉ့်ကောင်းကင်
+၁ ]
[ ဝါးးးး
ဒီမောင်ငယ်လေးက အရမ်းကြည့်ကောင်းတာပဲ… ရုပ်ချောတဲ့ကောင်လေးတွေက နောက်ထပ်ရုပ်ချောတဲ့သူတွေနဲ့ပဲ
သူငယ်ချင်းလုပ်လို့ရတာလားဟင်…]
[ ငါအခုမှရုတ်တရက်သတိရသွားတာ
ဒီကောင်လေးက ဟိုတစ်ခါရဲ့ကောကားပေါ်ကဆင်းလာတဲ့တစ်ယောက်မလား…]
နောက်ဆုံးသောမန့်မှာ
မိုင်မန့်ရုံးချုပ်တွင်
သွားရောက်ရိုက်ကူးရသော
ဘတ်ဂျက်ခရီးသွားကြမယ်အစီအစဉ်၏သီးသန့်အင်တာဗျူးမှ
အဖြစ်အပျက်ကို ရည်ညွှန်းနေခဲ့သည်။ ထိုနေ့တွင် ချီရှင်းချန်ကားမပါသောကြောင့်
ပိုင်ရဲ့မှသူ့ကိုလမ်းကြုံလိုက်ပို့ပေးခဲ့ခြင်းပင်။
[ အားးးးး
အခုမှမှတ်မိသွားတယ်… သူက ရဲ့ကောကို သောက်ရေတောင်ပေးလိုက်သေးတယ်မလား…]
[ အမှန်ပဲ
ဒီလိုဆိုရင်တော့ ကြည့်ရတာ နှစ်ယောက်ကြားမှာ တစ်ခုခုလေးတော့ ရှိပုံပဲနော်… ]
[ အပေါ်ထပ်ကလူရေ
ရှင့်မှာတကယ့်ကို စေ့စေ့ပေါက်ပေါက်မြင်နိုင်စွမ်းရှိတာပဲ…
ဒီမှာလည်း အခုတစ်ချက်လေးသွားကြည့်တာ ပရိုဂရမ်တစ်ခုလုံးမှာ ရဲ့ကောက ချီရှင်းရှင်းတစ်ယောက်ကိုပဲ
Follow ထားတာတဲ့လေ…]
[ ကြည့်ရအောင်…ဟယ် အမှန်ပဲဟေ့..တကယ်ကြီးကို တစ်ခုခုရှိနေတာ… ဒီရဲ့ရှင်းနှစ်ယောက်ရဲ့မျက်နှာလေးကလည်း shipလို့ကောင်းမှာပဲနော်… အားးးး မိုက်တယ် မိုက်တယ် ]
သူ့ကိုပဲ
Follow ထားတာလား..
ချီရှင်းချန်
ခဏမျှတွေးကြည့်လိုက်ချိန်တွင်
အမှန်တကယ်ပင် ပိုင်ရဲ့မှာ ပရိုဂရမ်တစ်ခုလုံးတွင် သူတစ်ယောက်ကိုသာ follow လုပ်ထားသည်ကို သိလိုက်ရသည်။ ၎င်းမှာ ဘာကိုဆိုလိုနေတာများလဲ…
ထို့နောက်
ချီရှင်းချန်၏မျက်နှာမှာ
ချက်ချင်းဆိုသလို နီမြန်းလာရသည်။ သူတို့ကြားမှာ တစ်ခုခုရှိတယ်ဆိုတာ ဘာကိုဆိုလိုနေတာလဲ… သူတို့က ယောင်္ကျားလေးတွေပါနော် ယောင်္ကျားလေးအချင်းချင်း ဘာများဖြစ်နိုင်မှာမလို့လဲ…
ပြီးတော့
နောက်ကြရင် ပိုင်ရဲ့ကသူ့တရားဝင်တွဲဖက်ဖြစ်တဲ့
ထောင်ထောင်နဲ့ပဲ ကော်လိုတွဲကပ်သွားမှာပဲကို…ဟုတ်ပြီလား…
ဒီဖန်တစ်စုကတော့
တကယ်ကိုမျက်စိမှိတ်shipနေကြတာ… ဘယ်လိုတောင် ဘာသာရေးဂိုဏ်းဆန်နေတာလဲ…
တော်သေးသည့်တစ်ချက်မှာ
သူတို့နှစ်ယောက်ကြားတွင်
ယခင်ကအဆက်အဆံနည်းပြီး
ဤကဲ့သို့အတင်းလိုက်shipနေသည့်အုပ်စုမှာလည်း နည်းနေသေးသည်ပင်။ သို့တိုင်အောင် ခဏအကြာတွင် ပိုင်ရဲ့ကိုဆန့်ကျင်သူများနှင့်
အန္တရာယ်များသော solo
stanများမှာ သူ၏မန့်များအထိရောက်ချလာပြီး
အတွဲအဖြစ်ပြောနေကြခြင်းကို
အောက်ခြေအထိပစ်ချနေကြလေသည်။
သူတို့ထဲမှအများစုမှာ
ပိုင်ရဲ့ကိုအတင်းလိုက်ကပ်နေသည်ဟု
စွပ်စွဲကာချီရှင်းချန်ကို
ဆဲဆိုနေကြသော်လည်း ချီရှင်းချန် ထိုသူများကို လျစ်လျူရှုလိုက်ပြီး ခဏမျှတွေးလိုက်ပြီးနောက် ပိုင်ရဲ့ကို ပြန်လည် follow လိုက်သည်။
ပြီးနောက်
သူ၏ပိုင်ရဲ့ဖန်အကောင့်ဖြစ်သော
တစ်ညလုံးတမ်းတမိတယ်သို့ပြောင်းလိုက်သည်။
ဤရက်ပိုင်းတွင် ချီရှင်းချန် သူ၏ညဉ့်ကောင်းကင်ဟူသောအထောက်အထားကို
ခိုင်လုံစေရန်အတွက် ဤအကောင့်တုတွင် တစ်နေ့လျှင်တစ်ကြိမ် မှန်မှန်သတင်းတင်ခြင်းနှင့်ပြန်လည်ဖြန့်ဝေခြင်းတို့ကို
ပြုလုပ်လေ့ရှိသည်။
ဖန်များ၏ကြိုးကြိုးစားစားအားပေးမှုအောက်တွင်
ချီရှင်းချန်၏ဤအကောင့်၌
ပရိသတ်ပေါင်း၅သောင်းမျှရှိနေပြီဖြစ်သည်။
ချီရှင်းချန် ဖုန်းမှဓာတ်ပုံများရှိရာဖိုင်သို့
တစ်ချက်ကြည့်လိုက်ပြီးနောက်
ဒိန်းမတ်တွင် ပိုင်ရဲ့ကိုအဝေးမှရိုက်ထားသည့်ပုံနှစ်ပုံကိုရှာတွေ့သွားခဲ့သည်။
တစ်ညလုံးတမ်းတမိတယ်
: ကောကောရဲ့ ပရိုဂရမ်က မမျှော်လင့်ပဲရလာတဲ့ပုံတွေ…
အပြင်မှာ သူကအရမ်းချောတာပဲ… သူ့မျက်နှာလေးက တကယ်သေးသေးလေး… အသားအရေကလည်း အရမ်းကောင်းတယ်…ငါ ငါတကယ်ကို… ကောကောကိုပဲ
ဘဝဆုံးတဲ့အထိ ချစ်သွားတော့မှာ [ ဓာတ်ပုံ ] [ ဓာတ်ပုံ ]
သူလုပ်နိုင်သည်ဟူသော
စာလုံးကိုရေးနေစဉ်အတွင်း
ချီရှင်းချန် အမှန်တကယ်ကိုပင် မလုပ်နိုင်အောင်ဖြစ်သွားရသည်။
ယခင်ဘဝတွင် သူသည် အမြဲလိုပင် တိတ်တဆိတ်သာ followလုပ်ပြီး likeပေးခြင်းနှင့်မျှဝေခြင်းတို့သာ
လုပ်ဖူးကာ ဤသို့သောစကားမျိုးကို တစ်ခါမှမပြောခဲ့ဖူးပေ။
သူ၏အတုအယောင်အိုင်ဒေါမှာ
အမှန်တကယ်ပင် ကံကောင်းလှသည်။
နောက်တစ်နေ့မနက်တွင်
ချီရှင်းချန် ရှောင်ထျဲကို မနက်ငါးနာရီ၌စာသင်ပေးမည်ဟု ကတိပေးထားသည့်အတွက် ခက်ခက်ခဲခဲအိပ်ရာထကာ သာမန်ကာလျှံကာဆေးကြောသန့်စင်လိုက်သည်။
ချီရှင်းချန်
သန်းဝေလျက် လျောက်လာချိန်တွင် ကလေးများမှာ ခြံဝန်းထဲတွင်ရောက်နေကြပြီဖြစ်သည်။
ထို့နောက် ရှောင်ထျဲမှ " ရှင်းရှင်းကော မနက်စာစားပြီးသွားပြီလား…"
" ဟင့်အင်း
မင်းတို့ကိုသင်ပေးပြီးမှ
စားမလို့လေ…"
" ကျွန်တော်
အမေလုပ်ပေးလိုက်တဲ့ ပန်ကိတ်အချို့သယ်လာတယ်…"
ရှောင်ထျဲ သူ၏အနောက်မှ သံထမင်းဘူးကိုထုတ်ကာ ပြောလိုက်သည်
" အစ်ကိုသာစိတ်မရှိဘူးဆိုရင်…."
" ပန်ကိတ်တွေလား…"
ချီရှင်းချန် တောက်ပစွာပြုံးလျက် ကြားဖြတ်ပြောလိုက်မိသည်
" အစ်ကိုက ပန်ကိတ်စားရတာအကြိုက်ဆုံးပဲ…အမေ့ကို အစ်ကို့အစားကျေးဇူးတင်တယ်လို့
ပြောပေးပါနော်…"
ပြောပြီးသည်နှင့်
ချီရှင်းချန် သံထမင်းဘူးကိုယူကာ သူ၏ပါးစပ်ထဲသို့ အလုတ်ကြီးကြီးတစ်ခု သွပ်သွင်းလိုက်သည်။ ပန်ကိတ်၏ဂျုံမှာသာမန်မျှသာဖြစ်ပြီး
အတော်လေးတောင့်တင်းနေကာ
သူချီမိသားစုတွင်စားခဲ့ရသည့်ပန်ကိတ်များနှင့်
အလွန်ပင်ကွာခြားလှသည်။
သို့တိုင်အောင်
ချီရှင်းချန် ကျေနပ်နေဆဲပင်ဖြစ်သည်။ ချီရှင်းချန်၏အမူအယာကို မြင်လိုက်ရချိန်မှသာ ရှောင်ထျဲ၏သတိကြီးကြီးထားနေသောအကြည့်မှာ
ပျောက်ကွယ်သွားခဲ့လေသည်။
ချီရှင်းချန်မှာ
အလွန်ပျော်ရွှင်စွာ စားနေသည့်အတွက် ယမန်နေ့တွင်နောက်ဆုံးမေးခွန်းမေးခဲ့သောမိန်းကလေးမှ
သူမအိတ်ထဲရှိကြက်ဥနှစ်လုံးကိုထုတ်လိုက်ပြီး
ပြောလာခဲ့သည် " ဟို… ရှင်းရှင်းလောင်ရှီး.. တကယ်တော့ သမီးလည်းလောင်ရှီးစားဖို့ယူလာသေးတယ်…
ဒါတွေက ခြံကဥတဲ့ကြက်ဥတွေပါ…"
ချီရှင်းချန်
: " ယူလာခဲ့နော်…"
မိန်းကလေး၏အနောက်မှ
အသားညိုညိုနှင့်ကောင်လေးမှလည်း
ပြောလာသည် " ရှင်းရှင်းလောင်ရှီး ကျွန်တော်ကကြတော့ အိမ်ကနွားကနို့ယူလာခဲ့တယ်…"
ချီရှင်းချန်
: " ယူသာလာခဲ့ချည်…"
" ရှင်းရှင်းလောင်ရှီး
သားကပန်းသီးတွေသယ်လာတယ်…"
" ကျွန်တော်ကတော့
ခရမ်းချဉ်သီးယူလာတာပါ…"
" ကျွန်မကဆားစိမ်အသီးအရွက်တွေယူလာတယ်…"
" သားက…"
ချီရှင်းချန်
: " အကုန်သာယူလာခဲ့ချည်…"
မည်သို့ပင်ဆိုစေကာမူ
ချီရှင်းချန် ယူလာသမျှအရာတိုင်းကို အကုန်မစားနိုင်ချေ။ မဟုတ်ပါက ကလေးများအားစာမရှင်းပြခင် သူအရင်ဗိုက်ပေါက်သေသွားလိမ့်မည်ပင်။
ဤသို့ဖြင့်
ကလေးများပေးသည့်အရာတိုင်းမှာ
ဧည့်သည်များထံတွင်သာ အဆုံးသတ်သွားရသည်။
နှစ်နာရီအကြာ
လောချိုးမန် မနက်ခင်းလေ့ကျင့်ခန်းလုပ်ပြီးနောက်
စားပွဲစီသို့ရောက်လာချိန်တွင်
အိုးးးး ခနဲပြောမိသွားသည် " ကျန်းကော ဒီနေ့ပွဲတော်တစ်ခုခုများရှိလို့လား…
မနက်စာကအလျှံအပယ်ပဲ…"
" ဒါကကျွန်တော့်စီကမဟုတ်ပါဘူး…
ရှင်းရှင်းရဲ့တပည့်လေးတွေ
ယူလာပေးတာလေ…" ကျန်းဒုတိယမှ ပြောလိုက်သည် " ကျွန်တော်ကိုယ်တိုင်လုပ်ရမှာကနေ
ကယ်ပေးသွားကြတာပေါ့…"
လျိုကျီယု
ဆားစိမ်အရွက်တစ်ခုကို
ပါးစပ်ထဲသို့ပစ်ထည့်ကာ
ပြောလိုက်သည် " ဘာမှမပါဘဲနဲ့တောင် ဒါကအတော်လေးအရသာရှိတာပဲ…"
" အရသာရှိတယ်ဆိုရင်
ပိုစားနော်… သူတို့လေးတွေရဲ့စေတနာကို ဖြုန်းတီးပစ်လို့ ဘယ်ရမလဲ…" ကလေးများကိုပြန်ပို့ရာမှပြန်လာသည့်
ချီရှင်းချန်မှပြောလိုက်သည်။
" ဒါကဒီအတိုင်းအရသာရှိရုံတင်မဟုတ်ဘူး…"
ကျန်းဒုတိယ၏ဇနီးမှပြုံးလျက်
" ကလေးတွေပေးတဲ့အစားအစာကို
စားရတဲ့သူက ကောင်းချီးပေးခံရတယ်လေ…"
သူသာအမှန်တကယ်ကောင်းချီးပေးခံရပါက
စာအုပ်တစ်အုပ်ထဲသို့ အမြောက်စာဇာတ်ကောင်အဖြစ် နားမလည်နိုင်စွာ ကူးပြောင်းသွားမည်မဟုတ်ချေ။
ချီရှင်းချန် စိတ်ထဲမှသာတွေးလိုက်ပြီး သူ၏အာရုံကို ပေါ့ပေါ့ပါးပါးမနက်စာစားနေသည့်ပိုင်ရဲ့ထံသို့
ရွှေ့လိုက်သည်။
ထိုသူမှာ
ယမန်နေ့ညဝေ့ပေါ်အကြောင်းကို
တစ်ခွန်းမျှမပြောလာသောကြောင့်
ချီရှင်းချန် မနေနိုင်ဘဲ တိုးတိုးတိတ်တိတ်သာမေးလိုက်ရသည်
" မနေ့ညတုန်းက
follow တာလေ အစ်ကိုလက်ချော်သွားတာမလား
.."
" ဟင့်အင်း…"
ပိုင်ရဲ့ တဲ့တိုးသာဖြေချလာသည်။
" ဒါဆိုရင်…အစ်ကို့ရဲ့လက်ထောက်များနှိပ်မိတာလား…"
ပိုင်ရဲ့
တစ်ချက်စောင်းကြည့်လိုက်ပြီး
" ဒီလိုလည်းမဟုတ်ဘူး.."
" အစ်ကို့ဘာသာ
နှိပ်လိုက်တယ်လို့တော့
မပြောနဲ့နော်…" ချီရှင်းချန်မှာ အနည်းငယ်မယုံနိုင်ဖြစ်နေရသည်
" ဒါပေမယ့် ဘာလို့ကျွန်တော့်ကို follow
ပြီး ကျန်တဲ့သူတွေကိုမလုပ်တာလဲ…"
ပိုင်ရဲ့
: "...."
ပိုင်ရဲ့
သဘောပေါက်မိသွားသည်မှာ
သူ၏ဤပရိသတ်ငယ်လေးသည် ပါးနပ်သည့်နေရာတွင် အလွန်ပါးနပ်ပြီး တုံးအသည့်နေရာတွင်လည်း အလွန်တုံးအသည်ဟုပင်။
ပိုင်ရဲ့
စားပွဲပေါ်မှခရမ်းချဉ်သီးစွပ်ပြုတ်ကိုယူကာ
ပြောလိုက်သည် " မင်းကကောင်းချီပေးခံထားရလို့လေ…"
ပုံမှန်အတိုင်းပင်
မနက်စာစားပြီးနောက် မစ်ရှင်လုပ်ဆောင်ရန် အချိန်ကျရောက်လာပြီဖြစ်သည်။
ကြည့်ရှုသူများ
ပိုမိုစိတ်ဝင်စားနိုင်ရန်အတွက်
ဒါရိုက်တာအဖွဲ့မှလူလေးဦးမှာ
ညလုံးပေါက်မစ်ရှင်များကို
ပြောင်းလဲရန်ဆွေးနွေးခဲ့ကြပြီး
ပိုမိုခက်ခဲစေရုံသာမက
ကတောက်ကဆဖြစ်စေရန် မိုင်းအချို့ပင် မြုပ်နှံပေးထားသည်။
ဟမ့်
အဲဒီနတ်ဆိုးလေးထိန်းချုပ်မခံရဘူးဆိုတာ
မယုံဘူး…
ဒါရိုက်တာကျောက်မှ
စပီကာကိုကိုင်ကာ သူ၏မျက်နှာပေါ်တွင် ခပ်ထေ့ထေ့အပြုံးတစ်ခုရှိနေခဲ့သည်
" အဟမ်းးး
အားလုံးကို ဒီနေ့မစ်ရှင်အကြောင်းပြောမလို့ပါ…"
" အိုက်ယိုးး
မင်းတို့အားလုံးအလုပ်ရှုပ်နေတာလား…"
ထိုအချိန်တွင်
အသက်ငါးဆယ်အရွယ်ခန့်ရှိမည့်
အမျိုးသမီးကြီးတစ်ဦးမှာ
ခြံပေါက်ဝမှပြေးဝင်လာခဲ့သည်။
သူမ၏အဝတ်အစားများမှာ ဟောင်းနွမ်းနေသော်လည်း သပ်ရပ်စွာဝတ်ဆင်ထားကာ ခေါင်းတွင်ထုံးဖွဲ့ထားသည့်ဆံထုံးတွင်
ဆံပင်တစ်မျှင်မျှပင် ကျမနေခဲ့ချေ။
ထိုသူမှာ
အရင်တစ်ခေါက် ချီရှင်းချန်ကိုစောင်ပေးခဲ့သည့်
မုဆိုးမစွန်းပင် ဖြစ်လေသည်။
ခြံဝန်းထဲတွင်
လူများပြည့်နေသည့်အတွက်
သူမ၏ခြေလှမ်းများရပ်တန့်သွားကာ
အဝတ်စကိုတင်းတင်းဆုပ်ကိုင်ထားခဲ့သည်
" အားနာလိုက်တာ
အဒေါ်နောက်မှပဲ ပြန်လာတော့မယ်…"
" မလိုပါဘူး…"
ချီရှင်းချန် သူမကို ကပျာကယာလှမ်းခေါ်လိုက်ပြီး
" အဒေါ်စွန်း ပြောပါ ရပါတယ်…"
ချီရှင်းချန်
ယခင်အချိန်တုန်းက အဒေါ်ကြီးစွန်းကို အရေးကိစ္စရှိပါက ကျန်းမိသားစုအိမ်သို့ မည်သည့်အချိန်တွင်မဆို လာရှာရန် ပြောခဲ့ဖူးပြီး ယခုကြည့်ရသည်မှာ အဒေါ်ကြီးစွန်းသည် တစ်စုံတစ်ခုကို အကူအညီလိုနေသောကြောင့် အလျင်လိုနေပုံပင်။
ထင်သည့်အတိုင်းပင်
မုဆိုးမစွန်းမှ ပြောလာသည်
" အဒေါ့်သမီးက
မနက်ဖြန်မနက်ကြရင် မင်္ဂလာပွဲကျင်းပရမှာကို…ဒီနေ့ပဲ အခမ်းအနားမှုးက အစားမှားပြီး ဆေးရုံပို့လိုက်ရလို့လေ…ကလေး မင်းကိုကြည့်ရတာ ရုပ်ရည်ချောမောပြီး စကားပြောလည်းကောင်းပုံပဲဆိုတော့
အဒေါ့်ကိုကူပြီး အခမ်းအနားမှုးလုပ်ပေးနိုင်မလားလို့ပါ…"
ကျေးရွာထဲတွင်
ပျံ့နှံခဲ့သော နာမည်ကြီးအစီအစဉ်တစ်ခုလာရောက်ရိုက်ကူးမည်ဟူသည့်
သတင်းကြောင့် မုဆိုးမစွန်းမှာ ချီရှင်းချန်ကို အနုပညာရှင်တစ်ဦးဖြစ်မှန်း သိနေပြီးဖြစ်သည်။
မူလအစကစီစဉ်ထားသည့်
အခမ်းအနားမှုးမှာ အစားမှားကာ ဆေးရုံရောက်သွားရပြီဖြစ်သောကြောင့်
ချက်ချင်းလက်ငင်းမည်သူ့ကိုမျှ
ရှာမတွေ့နိုင်သည့်အတွက်
မုဆိုးမစွန်းမှ ချီရှင်းချန်ကို ပထမဆုံးလာရှာရန် တွေးမိခဲ့သည်။
အမြဲလိုပင်
ကတိတည်တတ်သောချီရှင်းချန်မှာ
ချက်ချင်းပင် သဘောတူလိုက်သည်
" ရတာပေါ့
ကျွန်တော်အခုပဲ အဒေါ်နဲ့လိုက်ခဲ့မယ်…"
" အမ်းးး…"
ဒါရိုက်တာကျောက်မှ ရုတ်တရက်တားမြစ်လိုက်သည်
" မင်းကရိုက်ကူးရေးလုပ်နေတုန်းကြီးလေ…"
" အိုးး
အိုးး တောင်းပန်ပါတယ် ဒါရိုက်တာကြီး…" ချီရှင်းချန် ဖြတ်ကျော်ကဒ်ကိုထုတ်၍
" ကျွန်တော် ကဒ်ကိုသုံးပြီး ဒီနေ့မစ်ရှင်ကိုကျော်လိုက်ပါ့မယ်…မင်းတို့အရင်ရိုက်နှင့်ကြပါ…
ညနေကြမှပဲ လူတိုင်းစီတောင်းပန်ဖို့ လာခဲ့ပါတော့မယ်…"
ပြောပြီးသည်နှင့်
ချီရှင်းချန်နှင့် မုဆိုးမစွန်းတို့မှာ ချက်ခြင်းထွက်သွားလိုက်သည်။
ယနေ့မစ်ရှင်တွင်
များစွာခက်ခဲစေပြီး ချီရှင်းချန်ကိုထောင်ဖမ်းမည့်
ဒါရိုက်တာကျောက်မှာ မျက်ရည်မကျဘဲသာ ငိုကြွေးလိုက်ရသည်။
ဒီကလေးက
အတော်လေးကို သောက်ကံကောင်းနေတာပဲ…
ဒါရိုက်တာကျောက်မှာ
ဒေါသထွက်ရလွန်းသဖြင့်
ခါးကိုသာထောက်၍ရပ်နေခဲ့သည်။
ပိုင်ရဲ့မှာမူ ချီရှင်းချန်ထွက်သွားသည့်ဘက်သို့သာ
အကြည့်ကိုရွေ့လိုက်ပြီး
သူ၏မျက်ခုံးများမှာ တွန့်ချိုးနေခဲ့သည်။
သို့သော်လည်း
၎င်းတို့ကို ချီရှင်းချန်မမြင်လိုက်ရဘဲ မုဆိုးမစွန်း၏အိမ်သို့သာ ရောက်ရှိသွားခဲ့သည်။
။
သပ်ရပ်သန့်ရှင်းကာ
တောက်ပနေသောခန်းမထဲတွင်
သတို့သားနှင့်သတို့သမီးဘက်မှ
အမျိုးများမှာစုဝေးထိုင်နေကြပြီး
အိုးပေါ်မှပုရွက်ဆိတ်များကဲ့သို့
ယောက်ယက်ခပ်နေကြသည်။
မုဆိုးမစွန်းမှ
တံခါးကိုဖွင့်ကာ ဝင်လာသည်နှင့် သတို့သား၏မိခင်ဖြစ်သူမှ ချက်ချင်းပြေးလာကာ မေးလိုက်သည်
" နောက်ဆုံးတော့
လူရသွားပြီပေါ့… အယ် သူကကလေးပဲရှိသေးတာလား…"
မုဆိုးမစွန်းမှ
အားတုံ့အားနာဖြင့်ပြုံးလိုက်ပြီး
" သူ၏နာမည်ကြီးလေ…
အဲဒီတော့ သေချာပေါက်ပြောတတ်ဆိုတတ်မှာပေါ့…ဘာပြသနာမှရှိမှာမဟုတ်ပါဘူး…"
" နာမည်ကြီးလား…
ငါတော့သူ့ကိုတစ်ခါမှ တီဗီထဲ မမြင်ဖူးပေါင်…"
သတို့သား၏မိခင်မှာ
ချီရှင်းချန်ကို ဘယ်မှညာသို့ အသေအချာကြည့်လိုက်သည်။ သူမကြည့်လေလေ ထိုကောင်လေးမှာ အလှပန်းအိုးလေးနှင့်တူလာလေလေဖြစ်ကာ
နှုတ်ခမ်းမွှေးပင်စုံအောင်မပေါက်သေးသော
လူငယ်ကလေးတစ်ယောက်သာ ဖြစ်ပုံရသည်။
သို့သော်လည်း
ယခုအခြေအနေတွင် အခြားမည်သူ့ကိုမျှ မတွေးနိုင်တော့သောကြောင့် သတို့သား၏မိခင်မှ လက်ကိုယမ်း၍သာ ပြောလိုက်သည်
" မေ့လိုက်ပါတော့
နင်ပြောတဲ့အတိုင်းပဲ ဖြစ်ပါစေလေ…အိုက်ယိုးးး ငါ့သားက အိမ်လိုချင်ရင် အိမ်… ကားလိုချင်ရင်ကား ပေးခဲ့ပေမယ့် အခုလက်ထပ်ချင်ပါတယ်ဆိုတော့ နင်တို့ဘက်ကို အခမ်းအနားမှုးတွေငှားဖို့လေးလုပ်ခိုင်းခဲ့တာကို
ဒါလေးတောင်သေချာမလုပ်နိုင်ဘဲ
အမှားအယွင်းဖြစ်သွားသေးတယ်…ခမည်းခမက် ငါပြောမယ်နော် ပွဲသာကောင်းကောင်းမပြီးခဲ့လို့ကတော့
ငါအခမ်းအနားမှုးကြေးကို
တစ်ပြားတစ်ချပ်မှ ပေးမှာမဟုတ်ဘူး.."
ထိုစကားများကြောင့်
မုဆိုးမစွန်း၏အမူအယာမှာ
ရှက်ရွံ့သွားကာ တစ်ခွန်းမှပြန်မပြောနိုင်ခဲ့ပေ။
သတို့သား၏မိခင်မှ
အဒေါ်စွန်းကို ဆက်ဆံပုံအားကြည့်ရုံဖြင့်ပင်
သတို့သား၏မိသားစုမှာ အဖေမရှိတော့ဘဲမုဆိုးမအမေသာရှိသည့်
သတို့သမီးမိသားစုဘက်ကို
သူတို့ဘက်မှ ပိုသာသည့်အချက်ဖြင့် အခွင့်အရေးယူနေကြောင်း ချီရှင်းချန် ခန့်မှန်းမိခဲ့သည်။
" ရပါတယ်…"
တုန့်ဆိုင်းခြင်းမရှိဘဲ
ချီရှင်းချန် မုဆိုးမစွန်းကိုယ်စား ကတိပေးလိုက်သည်
" ဒါပေမယ့်
ကျွန်တော့်ရဲ့ဈေးကတော့
တခြားအခမ်းအနားမှုးတွေရဲ့နှစ်ဆရှိတယ်နော်…
ကျွန်တော်သာ ကောင်းကောင်းလုပ်နိုင်ခဲ့မယ်ဆိုရင်
ကျသလောက်ကို ရှင်းပေးရလိမ့်မယ်… ဒါပေမယ့်လည်း အဒေါ်တို့ရဲ့မိသားစုအခြေအနေနဲ့ဆိုရင်
ဒီငွေလေးလောက်က အသေးအမွှားပဲရှိမှာပါလေ ဟုတ်တယ်မလား…"
"...." သတို့သား၏မိခင်မှာ
တောင့်ခဲသွားရသည်။ ထို့နောက် အံတင်းတင်းကြိတ်လျက် "
မပေးနိုင်စရာ ဘာရှိလို့လဲ…"
" ရှင်းရှင်း…"
မုဆိုးမစွန်းမှ ချီရှင်းချန်ကို တစ်ချက်ဆွဲခေါ်လိုက်ပြီး သူမ၏အသံမှာ အလျင်လိုနေပုံရသည့်အတွက် ချီရှင်းချန် စိတ်မပူစေရန် သူမ၏လက်မောင်းကိုသာ အသာအယာပုတ်ပေးလိုက်သည်။
ဤကလေး၏အသက်မှာ
အလွန်ငယ်ရွယ်သေးသော်လည်း
သူမကို တည်ငြိမ်စေသည့်ခံစားချက်မျိုးကို
ပေးစွမ်းနိုင်သည့်အတွက်
မုဆိုးမစွန်း၏ အပြင်သို့ခုန်ထွက်လုမတတ်ဖြစ်နေသော
နှလုံးသားမှာ ပြန်လည်တည်ငြိမ်သွားကာ ဓလေ့ထုံးတမ်းများနှင့် ရင်းနှီးစေရန်အတွက် စတင်ဦးဆောင်ရှင်းပြလိုက်သည်။
ဓလေ့ထုံးတမ်းများမှာ
ရှုပ်ထွေးခြင်းမရှိသည့်အတွက်
ချီရှင်းချန် ခဏအတွင်းမှာတင် နားလည်သွားသောကြောင့် မုဆိုးမစွန်းမှ သူ့ကိုဧည့်ခံပွဲလုပ်မည့်ခန်းမရှိရာသို့
ခေါ်သွားလိုက်သည်။
ဧည့်ခံပွဲကျင်းပမည့်နေရာမှာ
ယန်ရှန်းရွာနှင့်အခြားရွာအကြားရှိ
မြေကွက်လပ်တွင်ဖြစ်ပြီး
အမိုးပွင့်ပုံစံဖြစ်ကာ
ကျယ်ဝန်းသောကြမ်းပြင်ပေါ်တွင်
အနီရောင်ကော်ဇောကြီးကို
ခင်းကျင်းထားသည်။
နေရာတွင်
သူလိုအပ်သော ဆောင်းဘောက်၊ မိုက်ခရိုဖုန်းနှင့်အခြားလိုအပ်သော
ပစ္စည်းအစုံရှိနေပြီး
၎င်းတို့၏အရည်အသွေးမှာ များစွာမကောင်းလှသော်လည်း အသံကတော့ အလွန်ပင်ကျယ်လှကာ တစ်ချက်ပြောရုံလိုက်ဖြင့် တစ်လီအကွာအဝေးမှ လူတိုင်းကြားနိုင်လိမ့်မည်ပင်။
စင်ရှေ့ကိုကြည့်လိုက်ပြီးနောက်
ချီရှင်းချန် စင်နောက်သို့အပြေးသွားကြည့်လိုက်သည်။
ခေတ်ဟောင်းပုံစံဗီဒိုထဲတွင်
ပလတ်စတစ်ပန်းအတုများ၊
ပူပေါင်းလုပ်စက်များနှင့်
အခြားသောပစ္စည်းခြောက်များရှိနေခဲ့သည်။
ထို့နောက်
ချက်ချင်းဆိုသလိုပင် သူ၏အကြည့်မှာ ထောင့်အနားတွင် စုပုံထားသောအနီရောင်ပစ္စည်းပုံကြီးပေါ်သို့
ကျဆင်းသွားရသည်။ ၎င်းမှာ ခြင်္သေ့အကကသည့် ပစ္စည်းအစုံလိုက်ကြီးဖြစ်ပြီး
အသုံးမပြုသည်မှာအနည်းငယ်ကြာမြင့်နေသည့်အတွက်
ဖုန်တစ်ထပ်ရှိနေသည်။
ချီရှင်းချန်
တစ်ခုချင်းစီထုတ်ယူလိုက်ပြီး
ခြင်္သေ့ခေါင်း၏မျက်လုံးကို အသာအယာဖုန်သုတ်ကြည့်လိုက်သည်။
ထို့နောက် ၎င်းတို့ကို မည်သူမှသုံးမည်မဟုတ်ကြောင်း
အခမ်းအနားစီစဉ်သူမှကြားပြီးချိန်တွင်
ကျန်းမိသားစု၏အိမ်သို့သာ
တိုက်ရိုက်ပြန်ယူလာလိုက်လေသည်။
အခမ်းအနားတွင်
ပြောရမည့်စကားများနှင့်
အစီအစဉ်များကို ချရေးပြီးချိန်တွင် လက်မှနာရီမှာ ည၁၁နာရီသို့ပင် ညွှန်ပြနေလေပြီ။ ချီရှင်းချန် ခြင်္သေ့ခေါင်းကိုစွပ်ကြည့်ကာ
လရောင်အိမ်တွင် ခြံဝန်းထဲ၌ အနည်းငယ်လှုပ်ရှားကြည့်လိုက်သည်။
ထိုအချိန်မှသာ
သူ၏နဖူးကို နောင်တအပြည့်ဖြင့် ရိုက်လိုက်မိတော့သည်။
ခြင်္သေ့အကမှာ
အနည်းဆုံးလူနှစ်ဦးလိုအပ်သည်ဖြစ်ပြီး
သူ့ထံတွင် ဘောလုံးကိုညွှန်ပြကာ ရှေ့မှကပေးမည့်သူမရှိနေပေ။
ယခုအချိန်တွင်
သူတစ်ဦးတည်းသာ ရှိသည်ဖြစ်သောကြောင့် အကမှာမည်သို့ဖြစ်နေပါမည်နည်း…
" ဘာဖြစ်နေတာလဲ…"
ချီရှင်းချန်
စိုးရိမ်စိတ်များဖြင့်
ပူပန်နေသည့်အချိန်တွင်
သူ၏အနောက်မှ ပိုင်ရဲ့၏အသံထွက်ပေါ်လာသည်
" အခက်ကြုံနေတာလား…"
" အင်းး…
" ချီရှင်းချန် အမှန်အတိုင်းသာ ပြန်ဖြေလိုက်သည် " အဒေါ်စွန်းတို့မိသားစုမင်္ဂလာဆောင်အတွက်
ခြင်္သေ့အကကချင်ပေမယ့် လူမလောက်လို့လေ .."
ပိုင်ရဲ့
မျက်လုံးကို အောက်သို့နှိမ့်ကာကြည့်လိုက်ပြီး
" အကကဖို့ ဘာတွေလိုတာလဲ…"
" ကွေးနိုင်ဆန့်နိုင်တဲ့
ခန္ဓာကိုယ်ရှိရမယ်… ပြီးရင် အကအခြေခံနည်းနည်းရှိရင်တော့
အကောင်းဆုံးပေါ့… ကျန်တာကတော့ ကျွန်တော်ပြပေးလို့ရပါတယ်…"
" အင်း…
ငါနားလည်ပြီ…"
ပြောပြီးသည်နှင့်
ပိုင်ရဲ့ဘေးမှ ခြင်္သေ့အကဝတ်စုံကို ကောက်ယူကာ သူ၏ကိုယ်ပေါ်တွင် စွပ်လိုက်သည်။
ပိုင်ရဲ့၏အသွင်အပြင်မှာ
ကောင်းမွန်ကာ သွယ်လျပြီးစတိုင်ကျနေသည့်အတွက်
ဤသို့သောဝတ်စုံမျိုးဝတ်ထားရလျှင်ပင်
ခြင်္သေ့အကကမည်နှင့်မတူဘဲ
ရှိုးလျှောက်တော့မည့်မော်ဒယ်တစ်ယောက်ကဲ့သို့
ဖြစ်နေခဲ့သည်။
ချီရှင်းချန်၏မျက်လုံးများမှာ
ပြူးကျယ်သွားရကာ အနည်းငယ်ကြောက်ရွံ့နေဟန်ဖြင့်
စူးစမ်းကြည့်လိုက်သည်
" စီနီယာက…
ကျွန်တော့်ကိုကူပြီး ခြင်္သေ့အကကပေးမလို့လား…"
ပိုင်ရဲ့
မနေနိုင်ဘဲ သက်ပြင်းသာချလိုက်မိသည်။
ကံမကောင်းစွာဖြင့်
ဤသည်မှာသူ၏ပရိသတ်ငယ်လေးဖြစ်ပြီး
သူဆူချင်သည့်တိုင် မဆူနိုင်ပေ။ ပိုင်ရဲ့လက်ကိုဆန့်ကာ ဘေးမှ ခြင်္သေ့ခေါင်းကိုထိလိုက်ပြီး
အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။
" ရှင်းရှင်းလောင်ရှီး
အချိန်ကနောက်ကျနေပြီနော်…
အတန်းကို မြန်မြန်စပါတော့…"