အပိုင်း ၃၂
Viewers 27k

Chapter 32


ရှင်းရှင်းလောင်ရှီးမှာ အနည်းငယ်ကြောင်အသွားရသည်။


လက်ရှိအချိန်မှာ ညနက်နေပြီးဖြစ်သောကြောင့် ဘေးပတ်လည်တွင် မည်သည့်အရာမျှမရှိဘဲ အသံတစ်စိမှမကြားနိုင်သည်အထိ တိတ်ဆိတ်နေသည်။ သူ့အစစ်အမှန်အိုင်ဒေါ၏မျက်နှာဖြင့်သူမှာ ချီရှင်းချန်နှင့် အလွန်နီးကပ်သောအကွာအဝေးတွင် ရှိနေပြီး သူ၏အသံကိုသိသိသာသာပင် လုပ်ကြံပြောနေသည့်အတွက် ချီရှင်းချန် မထိန်းနိုင်ဘဲ နားရွက်များပူလောင်လာရသည်။


" အဟွတ်…" ချီရှင်းချန် ကူကယ်ရာမဲ့စွာဖြင့် အနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး " စ စကားပြောမယ်ဆိုလည်း ဒီအတိုင်းပြောလေ… ဘာလို့ဒီလောက်ကပ်လာရတာလဲ…"


ပိုင်ရဲ့ : "...."


ပိုင်ရဲ့မှာ လွန်စွာအပြစ်ကင်းလှသည်။ သူသည် သူ၏ဖန်လေးဖြစ်သူချီရှင်းချန်ကို ပြတင်းပေါက်အပြင်မှ မြင်လိုက်ရသည့်အတွက် ချက်ချင်းထွက်လာမိခြင်းပင်။ အဆုံး၌ ညနက်နေသောကြောင့် ချီရှင်းချန် ခြင်္သေ့အကကသည်ကို အဖော်ပြုပေးချင်မိသော်လည်း ထိုအစား စကားပြောရာတွင် အနီးကပ်လာသောကြောင့် မှားယွင်းစွပ်စွဲခံလိုက်ရလေသည်။


တကယ်ကို ခက်ခဲတဲ့ဘဝပဲ… ပိုင်ရဲ့ သက်ပြင်းသာချလိုက်မိသည်။


ပိုင်ရဲ့ စကားမပြောတော့ဘဲ ပန်းဘောလုံးကိုယူကာ ခဏမျှစူးစမ်းကြည့်လိုက်သည်။ ထို့နောက် အချိန်တစ်ခုမျှအကြာတွင် ချီရှင်းချန် သတိပြန်ဝင်လာကာ ဇီးပန်းပွင့်တိုင်များအဖြစ်သုံးရန်အတွက် တိုင်လုံးများကို တိတ်တဆိတ်ယူလာပေးခဲ့သည်။


ချီရှင်းချန် ပိုင်ရဲ့၏လက်ထဲမှပန်းဘောလုံးကိုယူကာ တိုင်ပေါ်သို့ တက်လိုက်ပြီး ထိပ်ဖျားတွင်ချိတ်ဆွဲချင်ခဲ့ခြင်းပင်။


သို့သော်လည်း သူမည်မျှပင် အင်အားသုံးကာ လက်ဆန့်၍ ခြေဖျားထောက်ထားသော်လည်း မည်သို့ပင်ကြိုးစားပါစေ မရောက်နိုင်ခဲ့ပေ။


" ဆင်းလာခဲ့…" ပိုင်ရဲ့ပြောလိုက်သည် " ငါလုပ်ကြည့်မယ်…"


ချီရှင်းချန် နာနာခံခံဖြင့် အောက်သို့ဆင်းလာလိုက်သည်။ ထို့နောက် ပိုင်ရဲ့တိုင်လုံးပေါ်သို့တက်သွားပြီး သူ၏ရှည်လျားသောခြေလက်များကြောင့် မိနစ်အနည်းငယ်အတွင်းမှာပင် ပန်းဘောလုံး၏အစနှစ်ဖက်ကိုယူကာ တိုင်ထိပ်တွင်ချိတ်ဆွဲနိုင်ခဲ့သည်။


ဤတစ်ကြိမ်တွင်မူ ချီရှင်းချန် မှားယွင်းသွားသည်ဟုခံစားလိုက်ရသည်။ ယခင်ဘဝတွင် သူသည်မူလကိုယ်ထက်အနည်းငယ်အရပ်ပိုမြင့်ပြီး ပိုင်ရဲ့ထက် ခေါင်းတစ်ဝက်ခန့်သာ နိမ့်သူဖြစ်သည်။ သို့သော်လည်း ယခုအချိန်တွင် မူလကိုယ်၏အရပ်မှာ ပိုင်ရဲ့ထက် ခေါင်းတစ်လုံးခန့်ပို၍နိမ့်နေခဲ့ကာ ပန်းဘောလုံးကိုပင် မချိတ်နိုင်လိုက်ပေ။


ပိုင်ရဲ့ ပေါ့ပါးစွာဆင်းလာလိုက်ကာ လက်မှဖုန်များကိုခါချလိုက်ပြီး မေးလိုက်လေသည်


 " တခြားကောပြင်ဖို့ဆင်ဖို့ရှိသေးလား…"


" ဇီးပန်းပွင့်တိုင်လုံးတွေရယ်… ပန်းဘောလုံးရယ်..ဆိုတော့ရပါပြီ ဘာမှမလိုတော့ပါဘူး…"


" ကောင်းပြီ…" ပိုင်ရဲ့ခေါင်းစောင်းကာ ပြောလိုက်သည် " ဒါဆိုလည်း စကြတာပေါ့…"


ပြောရမည်ဆိုလျှင် ဤအိုင်ဒေါမှာ တစ်ဖက်လူကို အလွန်ပင် တွန်းအားပေးနိုင်သည့်အတွက် ချီရှင်းချန် နာနာခံခံဖြင့် စတင်ရှင်းပြလိုက်သည်။


" ခြင်္သေ့အကမှာ စနစ်တကျလှုပ်ရှားရမဲ့ကကွက်တွေ အများကြီးဆိုပေမယ့် ကျွန်တော်တို့က တကယ့်ကျွမ်းကျင်သူတွေလို လုပ်ဖို့တော့မလုပ်ပါဘူး…ဒီအတိုင်း ခြင်္သေ့ကဂုဏ်ပြုပေးနေတဲ့လေထုကို ဖန်တီးပေးရုံပဲ…ခြေလှမ်းနဲ့လှုပ်ရှားမှုတွေကတော့ ပေါ့ပါးရလိမ့်မယ်…"


" လှုပ်ရှားမှုတွေမှာ သေချာပေါက်တိုင်ကိုအသုံးပြုတာနဲ့တိုင်ပေါ်ပြေးတက်တာတွေပါမှာဖြစ်ပြီးတော့ ကျွန်တော်တို့နှစ်ယောက်လုံး စည်းလုံးမှပဲ အောင်မြင်နိုင်မှာ…"


ပိုင်ရဲ့ နားမလည်ခဲ့ချေ " ဘယ်လိုမျိုးလဲ…"


" ဒီလိုမြှောက်‌တင်ပေးတာမျိုးပေါ့…" ချီရှင်းချန် ရှင်းပြလိုက်သည် " အစ်ကိုက ကျွန်တော့်ခါးကိုကိုင်ပြီး ဇီးပန်းပွင့်တိုင်လုံးပေါ်ကို ပင့်တင်ပေးရမှာ…ပြီးကြမှ ကျွန်တော်ကခုန်တက်ဖို့ အားသုံးရလိမ့်မယ်…"


ပိုင်ရဲ့ နှစ်သစ်ကူးအကြိုပွဲတစ်ခုကို တက်ဖူးစဉ်အခါက ၎င်းတွင်ခြင်္သေ့အကပါခဲ့သည့်အတွက် ချီရှင်းချန်ပြောလိုက်ချိန်တွင် အနည်းငယ်ပြန်မှတ်မိသွားပြီး ပြန်လည်စဉ်းစားနေရင်းဖြင့် အနောက်ဘက်သို့ လျှောက်သွားလိုက်သည်။


ပိုင်ရဲ့ ချီရှင်းချန်၏ခါးပေါ်သို့လက်တင်ကာ မေးလိုက်သည် " ဒီလိုမျိုးလား…"


" ဟုတ်တယ်…"


" မင်းကဘာလို့အရမ်းပိန်နေရတာလဲ…"


ချီရှင်းချန် ဆွံ့အသွားရသည်။


ချီရှင်းချန် : "....."


ဘရိုရေ ဘရိုရဲ့အာရုံစိုက်မှုက နည်းနည်း‌လွဲနေပြီလို့ မထင်မိဘူးလားဟင်…


သူ၏ခန္ဓာကိုယ်တွင်းရှိ သွေးများအားလုံးမှာ ငယ်ထိပ်သို့ဆောင့်တက်လာသကဲ့သို့ တခဏအတွင်း ချီရှင်းချန်၏မျက်နှာမှာ သွေးများစီးကျနေသကဲ့သို့ နီမြန်းလာခဲ့သည်။


ကံကောင်းစွာဖြင့် လက်သည်မှာအနောက်ဘက်တွင်သာ ရှိနေသောကြောင့် သူ၏အမူအယာကို မမြင်နိုင်ပေ။ ချီရှင်းချန် အံကြိတ်၍ ပြောလိုက်သည် 


" သင်တဲ့နေရာမှာပဲ အာရုံစိုက်ပေးပါ…"


" နောက်ကျရင် များများပိုစားချည်…" ပိုင်ရဲ့မှာ လက်မလျော့သေးချေ။


ချီရှင်းချန် : "...."


" ငါမင်းကိုကူပြီးကြီးကြပ်ပေးမယ်…" ပိုင်ရဲ့မှာ ပြောလာသည်။


ချီရှင်းချန် အသက်ရှုကြပ်လာသလို ခံစားလိုက်ရသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် သူ့အတွက်ကောင်းသည်ဆိုးသည်ကို မသိသေးသောလူတစ်ယောက်မဟုတ်သည့်အတွက် ကိုယ့်ကိုကိုယ်တွန်းအားပေးကာ ခေါင်းသာငြိမ့်ပြလိုက်ရသည်။


ထိုအချိန်မှသာ ပိုင်ရဲ့ အလျော့ပေးသွားခဲ့သည်။ ပိုင်ရဲ့ အားနည်းနည်းစိုက်ကာ မတင်လိုက်ချိန်တွင် ချီရှင်းချန်၏ခြေဖဝါးမှာ လေထဲတွင် မြောက်တက်သွားရလေသည်။


" ဒီလိုမြှောက်ထားရမှာလား…ဘယ်လောက်မြင့်မြင့်အထိလဲ…" ပိုင်ရဲ့ သူ၏လက်ကို ဆက်လက်ဆန့်တန်းလိုက်ပြီး " ဒီထက်ပိုမြင့်ချင်သေးလား…"


ချီရှင်းချန် : သူကအသက်ရှိတဲ့လူတစ်ယောက်ပါ… ဘာလို့ဒီလူက သူ့ကိုဂေါ်ဖီထုပ်တစ်ထုပ်ကို မြှောက်ပေးထားရတဲ့အတိုင်း ပြောနေရတာလဲ…


ချီရှင်းချန် ယနေ့၏မရေတွက်နိုင်သောအကြိမ်မြောက်အဖြစ် ရှုပ်ထွေးသွားရပြန်သည်။


" ဒါက ဇီးပန်းပွင့်တိုင်ရဲ့အမြင့်ပေါ် မူတည်တယ်…" ချီရှင်းချန် သူ့ကိုယ်သူ ဤသည်မှာအလုပ်သာဖြစ်ကြောင်း ‌ဖြေသိမ့်လိုက်ပြီးနောက် သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည် 


" တိုင်ကိုသွားပြီး တစ်ချက်ကြည့်တာပေါ့…"


" ကောင်းပြီ…" ပိုင်ရဲ့ ချီရှင်းချန်ကို မြှောက်တင်ထားရင်းဖြင့်ပင် တိုင်စီသို့ လျှောက်သွားခဲ့သည်။


ချီရှင်းချန် : "....."


" ကျွန်တော့်ကိုချထားလို့မရဘူးလား…"


သို့သော်လည်း ပိုင်ရဲ့မှာမူ အလွန်ဉာဏ်ကောင်းကာ အကြည့်တစ်ချက်နှင့်ပင် တိုင်လုံး၏အမြင့်ကို တွက်နိုင်ခဲ့ပြီး ပြောထားသည့်အတိုင်း ချီရှင်းချန်ကိုအပေါ်သို့ပင့်တင်၍ သူသည်လည်း အားကိုသုံးကာ ခုန်တက်လိုက်သည်။


" ဒီလိုဆို ဟုတ်လား…" ပိုင်ရဲ့မှ မေးလာခဲ့သည်။


ပိုင်ရဲ့မှာ သူ၏ပထမဆုံးအကြိမ်နှင့်လုပ်နိုင်သွားသည့်အတွက် ချီရှင်းချန် အနည်းငယ်အံ့အားသင့်နေမိသည်


 " ဟုတ်တယ် အမှန်ပဲ…ခြင်္သေ့ခေါင်းမှာက သူ့ရဲ့မျက်လုံး၊ပါးစပ်နဲ့အခြားအမူအယာတွေကို ထိန်းချုပ်ဖို့လိုတာမလို့ ကျွန်တော့်က ခြင်္သေ့ခေါင်းဖြစ်ပြီး အစ်ကိုက အမြီးပိုင်းကိုကိုင်တွယ်ရလိမ့်မယ်…"


" ဖျော်ဖြေနေတဲ့တောက်လျှောက် ခါးကုန်းထားရမှာဆိုတော့… ဒီတစ်ကြိမ်… အစ်ကို့ကိုခက်ခဲစေမိပြီ…"


ပိုင်ရဲ့ထံမှ အသံတစ်ချက်သာ ပြန်ထွက်လာပြီး တစ်ခွန်းမျှ ပြန်မပြောခဲ့ပေ။


ပိုင်ရဲ့၏အတွေ့အကြုံမရှိမှုကို ထည့်တွက်သည့်အပြင် ဤသည်မှာ မင်္ဂလာပွဲတစ်ခုဖြစ်နေသည့်အတွက် ချီရှင်းချန်၏ကကွက်များမှာ အလွန်ပင်ရိုးရှင်းလှကာ တိုင်လေးလုံးသာသုံးရန်လိုသည့်အတွက် ခဏအတွင်းမှာပင် ပိုင်ရဲ့ကကွက်အားလုံးကို ကျွမ်းကျင်သွားလေသည်။


ခြင်္သေ့ဝတ်စုံနှင့်ဘောင်းဘီများကို ဝတ်ဆင်ကာ ခြင်္သေ့ခေါင်းနှင့်အမြီးကိုစွပ်၍ အကြိမ်အနည်းငယ်လေ့ကျင့်လိုက်ပြီးနောက် သူတို့နှစ်ဦး၏ သင်ခန်းစာမှာ ပြီးဆုံးသွားပြီဖြစ်သည်။


ကရမည့်သီချင်းမှာ ချီရှင်းချန် ရွေးချယ်ထားခြင်းပင်။


ပိုင်ရဲ့၏အကစွမ်းရည်မှာ အလွန်သန်မာသည့်အတွက် ချီရှင်းချန်အဖို့ သူ့ကိုစည်းချက်လိုက်ကူပေးရန်မလိုရုံသာမက စင်စစ်အားဖြင့် ပိုင်ရဲ့မှာ ချီရှင်းချန်ထက်ပင် ပို၍စည်းချက်ချချကပြနိုင်ခဲ့သည်။


သူတို့နှစ်ဦးစလုံး သီချင်းဆုံးသည်အထိကောင်းကောင်းပူးပေါင်းနိုင်ခဲ့ပြီး တိုင်ပေါ်မှပြုတ်ကျခြင်း သို့မဟုတ် ခြေလှမ်းမှားလှမ်းခြင်းတို့ကဲ့သို့ အမှားအယွင်းမျိုး မရှိခဲ့ကြပေ။


ချီရှင်းချန် ငယ်စဉ်ကလေးဘဝတုန်းက ခြင်္သေ့အကကို သင်ယူခဲ့ဖူးသော်လည်း ဆက်ကပ်အဖွဲ့တွင်းသို့ ဝင်ရောက်ချိန်မှစ၍ ခြင်္သေ့ခေါင်းကို တစ်ခါမှမထိခဲ့ဖူးတော့ချေ။ မကသည့်အချိန်မှာ အလွန်ကြာပြီဖြစ်သည့်အတွက် သူ၏စိတ်စေရာနောက်ကိုသာလိုက်၍ လေ့ကျင့်ခဲ့ရသည်။


ရွာဘက်တွင် ပုံမှန်အားဖြင့် သတို့သမီးကိုစောစောလာခေါ်လေ့ရှိသောကြောင့် အခမ်းအနားမှုးတစ်ယောက်အနေဖြင့် ချီရှင်းချန် မင်္ဂလာကျင်းပရာတွင်သာမက သတို့သားစတင်ထွက်ခွာသည့်အချိန်မှစ၍ လိုက်ပါရမည်ပင်။


ချီရှင်းချန် မနက်၃နာရီအချိန်တွင် သတို့သား၏နေအိမ်သို့ ရောက်ရှိလာသည်။ ၎င်းမှာ မြို့ထဲတွင်ရှိပြီး အလွန်ကြီးကြီးမားမားကြီးမဟုတ်ဘဲ ပြင်ဆင်ထားသည်မှာလည်း သာမန်မျှသာဖြစ်သည်။ ၎င်းကိုမြင်မှသာ သတို့သားမိခင်၏စိတ်ကြီးဝင်မှုနေမှာ မည်သည့်နေရာမှရောက်လာကြောင်းကို ချီရှင်းချန် နားမလည်နိုင်ဖြစ်သွားရလေသည်။


သို့သော်လည်း မိတ်ကပ်လိမ်းနေသည့်သတို့သားဖြစ်သူနှင့် စကားအနည်းငယ်မျှပြောဆိုပြီးနောက် ချီရှင်းချန်၏စိတ်များ အေးချမ်းသွားရသည်။ ထိုသူမှာ သူ၏မိခင်ကဲ့သို့မဟုတ်ဘဲ အလွန်စိတ်ကောင်းရှိကာ ဇနီးဖြစ်သူအပေါ် ချစ်မြတ်နိုးတတ်မည့်ပုံပင်။


ချီရှင်းချန်၏အသွင်အပြင်မှာ အနည်းငယ်စိမ်းနေသည့်အတွက် သတို့သားမှ မေးလာခဲ့သည်


 " မင်းက…"


" ကျွန်တော်က ဒီနေ့မင်္ဂလာပွဲရဲ့အခမ်းအနားမှုးပါ…"


" ဝါးးးး " သတို့သား၏ဆွေမျိုးတစ်ယောက်မှ ပေါင်ကိုရိုက်ကာ နောက်ပြောင်လိုက်သည်


 " ဒီလောက်ကြည့်ကောင်းတဲ့ကောင်လေးကသာ အခမ်းအနားမှုးဆိုရင် ငါတို့တူလေးတော့ နေရာပျောက်ပြီပဲဟေ့…"


ဤပြသနာကိုရှောင်ရှားရန်အတွက် ချီရှင်းချန် ချီယွီကျီးသူ့ကိုပေးထားသည့်အနောက်တိုင်းဝတ်စုံကိုသာ ဝတ်ဆင်ကာ ဆံပင်မဖြီးလာခဲ့ပေ။


သို့တိုင်အောင် သူတွေးလိုက်မိသေးသည်။


ခဏနေကြရင် ဒီထက်ပိုကြည့်ကောင်းတဲ့သူတွေလာဦးမှာပဲ‌ကို… ဒါကငါထိန်းချုပ်လို့ရတဲ့ကိစ္စမှ မဟုတ်တာ…


မနက်‌၄နာရီတွင် သတို့သား၏မိတ်ကပ်ပြင်ဆင်မှုမှာ ပြီးဆုံးသွားပြီဖြစ်သည့်အတွက် သတို့သမီးကိုခေါ်ဆောင်ရန် သတို့သား၏နေအိမ်မှ ထွက်လာလိုက်ကြသည်။ သူတို့ဧည့်ခံပွဲကျင်းပရာနေရာသို့ ရောက်ချိန်တွင်မူ အချိန်မှာ မနက်၅နာရီစွန်းစွန်းခန့်ရှိပြီဖြစ်ကာ ချီရှင်းချန် စင်အောက်တွင်ထိုင်နေသည့်ဧည့်သည်များကို ကြည့်လိုက်ချိန်၌ မူးမေ့လဲမလိုပင်ဖြစ်သွားခဲ့ရသည်။


ဧည့်သည်ထိုင်ခုံ၏နောက်ဆုံးတန်းတွင် ဘတ်ဂျက်ခရီးသွားကြမယ်အစီအစဉ်မှ ဧည့်သည်များအပါအဝင် အဖွဲ့သားအားလုံးရောက်ရှိနေကြသည်။


အခမ်းအနားမစတင်ခင် အချိန်အနည်းငယ်လိုနေသေးသည့်အတွက် ချီရှင်းချန် အောက်သို့ပြေးဆင်းကာ မေးလိုက်လေသည်


 " ယွင်ဖေးကော ဘယ်လိုဖြစ်ပြီး အားလုံးကဒီရောက်နေကြတာလဲ…"


" ဒါကမင်းအခမ်းအနားမှုးလုပ်တဲ့ပွဲဦးထွက်ပဲဟာ…ငါတို့လာအားပေးရမှာပေါ့…" ကျန်းယွင်ဖေးမှ ပြုံးလျက်ပြောလိုက်သည် 


" ပြီးတော့ ဒါရိုက်တာကြီးကလည်း ဒါကပြလို့ကောင်းမဲ့ရိုက်ချက်ဆိုပြီး တွေးမိလို့ လာကြည့်ချင်နေတာလေ…"


ချီရှင်းချန် ရွေးချယ်စရာမရှိတော့ချေ " ဒါဆိုလည်း သိုသိုသိပ်သိပ်နေကြနော်…ဧည့်သည်တွေကြား ပြသနာမရှာကြနဲ့ဦး…"


ကျန်းယွင်ဖေးကို မှာကြားလိုက်ပြီးနောက် ချီရှင်းချန် သတို့သားနှင့်သတို့သမီးကိုရှာကာ သူတို့ရိုက်ကူးကြမည့်အကြောင်းကို ပြောလိုက်ရသည်။


အကယ်၍သာ အများစုမှာ မင်္ဂလာပွဲကို လူရှေ့သူရှေ့ချမပြချင်ဘူးဆိုပါက သူ သူတို့၏ဆုံးဖြတ်ချက်ကို လေးစားရပေမည်။


သို့သော်လည်း မင်္ဂလာစုံတွဲမှာ လွန်စွာပွင့်လင်းကြကာ သတို့သားဖြစ်သူမှ ပြောလာခဲ့သည် 


" လူတွေအများကြီးက ကျွန်တော်တို့ရဲ့ပျော်ရွှင်မှုကို ကြည့်နေကြမှာပဲဟာ သေချာပေါက် လိုလားတာပေါ့…"


" ကျွန်မရောပဲ…" သတို့သမီးမှပြောလာသည်


 " ပြီးတော့ ကျွန်မက တကယ့် တကယ်ကို ရဲ့ကောကိုသဘောကျတာလေ…တကယ်လို့သာ သူကျွန်မရဲ့မင်္ဂလာပွဲကို လာတက်တယ်ဆိုရင်… ဘုရားရေ စဉ်းတောင်မစဉ်းစားနိုင်တော့ဘူး… ဒါကကျွန်မဘဝရဲ့အကောင်းဆုံးအမှတ်တရတစ်ခု ဖြစ်လာလိမ့်မယ်…"


ထိုသို့ပြောနေချိန်တွင် သူမ၏မျက်နှာပေါ်မှ မျှော်လင့်တကြီးဖြစ်နေသည့်အမူအရာမှာ သိသာလွန်းသောကြောင့် ချီရှင်းချန်ကိုလာရှာသည့် ပိုင်ရဲ့သည်ပင် ဖမ်းမိသွားရသည်။


ပိုင်ရဲ့ ခဏမျှတွေးတောလိုက်ပြီးနောက် ဧည့်သည်များစီသို့ပြန်သွားလိုက်လေသည်။


ချီရှင်းချန် မင်္ဂလာစုံတွဲနှင့်ဆွေးနွေးနေစဉ်အတွင်း ဒါရိုက်တာကျောက်မှာ နှစ်ဖက်မိဘများနှင့်ဧည့်သည်များကို ညှိနှိုင်းကာ နေရာချထားပေးနေခဲ့သည်။ ထို့နောက် မင်္ဂလာအချိန် မနက်၆နာရီ၆မိနစ်တွင် မင်္ဂလာပွဲကို တရားဝင်စတင်လိုက်ကြသည်။


ချီရှင်းချန် စင်အနောက်ဘက်မှ မိုက်ခရိုဖုန်းကိုကိုင်ကာ ထွက်လာချိန်တွင် စင်အောက်ရှိဧည့်သည်များမှာ ပွက်လောရိုက်သွားကြသည်။


" ဘုရားရေ ဒီအခမ်းအနားမှုးက အရမ်းချောတာပဲ…"


" ဒါဘယ်ရွာက ကလေးလဲ… သူ့မှာရည်းစားကောရှိလား…ငါ့မြေးမက ဒီနှစ်ဆို ၂၂ပြည့်ပြီးပြီ… ပြီးတော့ လူလွတ်ပဲ.."


" ကျွတ်ကျွတ်ကျွတ် ဦးလေးကတော့ အသက်ကြီးလာလို့ မှတ်ဉာဏ်တွေမကောင်းတော့ဘူး… ဒါကရှိုးလာရိုက်တဲ့ ကြယ်ပွင့်တွေမဟုတ်ဘူးလား… လွန်ခဲ့တဲ့နှစ်ရက်လောက်ကပဲ ရွာထဲမှာ လျောက်သွားနေတာလေ…မေ့သွားပြီလား…"


" အိုးး ကြယ်ပွင့်ဆိုလည်း ဘာဖြစ်လဲ… လူပဲဟာ မိသားစုထူထောင်ရမှာပေါ့… ပွဲပြီးရင် ငါတော့ ငါ့မြေးမကိုကြည့်ဖို့ သူ့ကိုခေါ်သွားမှာပဲကွ…"


ချီရှင်းချန် မိုက်ခရိုဖုန်းစမ်းကာ အတွေးများစုစည်းလိုက်ပြီးနောက် အခမ်းအနားဖွင့်လှစ်ကြောင်းကို စတင်ကြေငြာလိုက်သည်။ ဆက်ကပ်အဖွဲ့တွင်ရှိစဉ်ကလည်း ထိုကဲ့သို့ အခမ်းအနားကြေငြာပေးရခြင်းမျိုးရှိကာ ထိုအချိန်က သူ၏ရုပ်ရည်မှာ ကြည့်ကောင်းသဖြင့် မကြာခဏဆိုသလို အခမ်းအနားမှုးလုပ်ခဲ့ရသည်ဖြစ်ရာ ချီရှင်းချန်အတွက် စိမ်းသက်မနေပေ။


လေထုမှာ ချီရှင်းချန်၏အဖွင့်စကားဖြင့် ပေါက်ကွဲထွက်သွားပြီး လောချိုးမန်နှင့်ကျန်သူများကလည်း လက်ခုပ်တီးကာ အားပေးလိုက်ကြသည်


 " အရင် ဒါရိုက်တာ‌ကျောက်က ရှင်းရှင်းကို နတ်ဆိုးလေးဆိုပြီးပြောတုန်းက မယုံခဲ့ဖူးဘူး… အခုမှပဲ ယုံသွားတော့တယ်…‌ဒီကလေးက တကယ့်ကိုထက်မြက်တာပဲ…"


ထို့နောက် မင်္ဂလာဦးမောင်နှံမှ စင်ပေါ်သို့တက်လာကြသည်။ သူတို့၏အမည်များနှင့် လက်စွပ်များကို လဲလှယ်ပြီးနောက်တွင် မင်္ဂလာမောင်နှံမှ ဧည့်သည်များနှင့် အရက်ခွက်ချင်းတိုက်ရန် အချိန်ကျရောက်လာပြီဖြစ်သည်။


ချီရှင်းချန် စင်နောက်သို့ပြေးကာ ခြင်္သေ့အကဝတ်စုံသို့ လဲလှယ်လိုက်ချိန်တွင် ပိုင်ရဲ့သည်လည်း ထိုနေရာ၌သူ့ကိုစောင့်ဆိုင်းနေခဲ့သည်။ သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးလျက်ဖြင့် ခြင်္သေ့ခေါင်းနှင့်အမြီးကို စွပ်လိုက်ကြလေသည်။


ခြင်္သေ့အကမှာ အလွန်ရှေးကျသောအနုပညာတစ်ခုဖြစ်ပြီး မကြာသေးမီနှစ်များအတွင်း အမျိုးစုံသောတူရိယာများ၊အကအလှများနှင့် အနုပညာပေါင်းများစွာ ပေါ်ထွန်းခဲ့သည်ဖြစ်ရာ အလွန်နည်းပါးသောမိဘအချို့သည်သာ သားသမီးများကို ခြင်္သေ့အကကရန် စေလွှတ်ကြသည့်အတွက် ဤကဲ့သို့ တိုက်ရိုက်ဖျော်ဖြေမှုမျိုးမှာ လက်ရှိအချိန်၌အလွန်ပင်ရှားပါးနေပြီဖြစ်သည်။


အထူးသဖြင့် ချီရှင်းချန် တိုင်ပေါ်သို့တက်ပြီးနောက် သူ၏ခြေထောက်ကို ပေါ့ပါးစွာမြောက်ကာ အလွန်မြင့်မြင့်ခုန်လိုက်သည့်အချိန်၌ လူတိုင်းမှာ အံ့ဩသွားခဲ့ရသည်။ ထို့နောက် ချီရှင်းချန်မှ ခြင်္သေ့၏မျက်လုံးကိုယမ်းကာ ပါးစပ်ကို နှစ်ကြိမ်မျှဖွင့်လိုက်လေသည်။


တောင်တန်းများနောက်ခံနှင့် ပေါ်ထွက်လာသည့်ခြင်္သေ့ငယ်လေးတစ်ကောင်မှာ လူတိုင်း၏သိချင်စိတ်များကို နှိုးဆပေးနိုင်ခဲ့ပြီး အလွန်ချစ်စဖွယ်အသက်ဝင်လှကာ လူသစ်တစ်ဦးအနေဖြင့် မည်သို့မှမလုပ်နိုင်မည့်အရာတစ်ခုပင်ဖြစ်သည်။


ဗုံသံ၏စည်းချက်မှာ တဖြည်းဖြည်းစိပ်လာသည်နှင့်အမျှ ခြင်္သေ့ငယ်လေးမှာ တိုင်လုံးများအကြားတွင် ခုန်ပေါက်ပြေးလွှားကာ တစ်ခါတရံတွင် ပျော်ရွှင်မှုကို ပြသနေဟန်ဖြင့် ဇီးပန်းပွင့်တိုင်များပေါ်ရပ်၍ ခုန်ပေါက်နေခဲ့သည်။


အဆုံး၌ တိုင်ထိပ်မှ အနီရောင်ပန်းဘောလုံးကို တွေ့သွားပြီး အနားသို့တိုးကပ်သွားကာ အချိန်အနည်းငယ်မျှ ကောက်ယူဆော့ကစားလိုက်သည်။


ချီရှင်းချန် ‌ခြင်္သေ့ခေါင်းအတွင်းမှ တီးတိုးပြောလိုက်သည်


 " ဒါနောက်‌ဆုံးတစ်ကြိမ်ပဲ…"


" ကောင်းပြီ ဂရုစိုက်နော်…"


ပြောပြီးသည်နှင့် ပိုင်ရဲ့ ချီရှင်းချန်၏ခါးမှမကာ သူ၏ပခုံးပေါ်သို့ တိုက်ရိုက်တင်လိုက်သည်။


ချီရှင်းချန် ပိုင်ရဲ့၏ပခုံးပေါ်တွင်ထိုင်ကာ ပန်းဘောလုံးကို ဖြုတ်ယူလိုက်ပြီးနောက် ခြင်္သေ့ခေါင်း၏ပါးစပ်တွင်ကိုင်၍ ယနေ့တွင် အပျော်ဆုံးနှင့်အလှပဆုံးဖြစ်သူ သတို့သမီးထံသို့ ပစ်ပေးလိုက်သည်။


ထိုအချိန်၌ ဗျောက်အိုးများကို ဖောက်လိုက်ကြလေသည်။


သတို့သမီးမှ ‌ပန်းဘောလုံးကိုလက်ခံလိုက်ကာ အပျော်များဖြင့် ငိုမိလိုက်သည်။ ဧည့်သည်များမှာမူ ခြင်္သေ့ငယ်လေး၏ချစ်စဖွယ်အကနှင့် ၎င်းနောက်ကွယ်မှ လှပသောဆိုလိုရင်းအတွက် လက်ခုပ်တီးကာ ချီးမွန်းထောပနာပြုလိုက်ကြသည်။


ဆူညံသံများအတွင်း ချီရှင်းချန် ပိုင်ရဲ့ကိုစင်နောက်သို့ ဆွဲခေါ်သွားကာ လက်သီးချင်းတိုက်လိုက်ပြီး " ဒီနေ့ အစ်ကို့ရဲ့ကြိုးစားပေးမှုအတွက် ကျေးဇူးတင်ပါတယ်နော်…ပျော်ရွှင်ဖွယ်ရာ ပူးပေါင်းမှုပါ…"


ပြောနေစဉ်တွင် ချီရှင်းချန်၏မျက်လုံး၊မျက်ခုံးများနှင့် နှုတ်ခမ်းထောင့်မှာ ကော့တက်နေသည်။ ပုံမှန်ရင့်ကျက်နေသောအမူအယာနှင့်မတူဘဲ လူငယ်လေး၏ဤကဲ့သို့ အင်အားအပြည့်တက်ကြွနေသောပုံစံကို ပိုင်ရဲ့အနေနှင့် ပထမဆုံးမြင်ဖူးခြင်းပင်။


ထို့ကြောင့် ပိုင်ရဲ့သည်လည်း ပြုံးလျက် လက်သီးချင်းတိုက်လိုက်သည်


 " မင်းနဲ့အတူလုပ်ခဲ့ရတာ ဝမ်းမြောက်မိပါတယ်…"


လက်သီးနှစ်ခုဆုံလိုက်ချိန်တွင် ပိုင်ရဲ့၏လက်များမှာ အနည်းငယ်အေးစက်နေကာ ချီရှင်းချန်မှာမူ အနည်းငယ်နွေးထွေးနေသည်။


ချီရှင်းချန် တိတ်တဆိတ်သိချင်သွားခဲ့သည်။ ပိုင်ရဲ့၏ခန္ဓာကိုယ်အပူချိန်မှာ အခြားသူများထက် အနည်းငယ်လျော့ကျလေ့ရှိသော်လည်း သူအဘယ့်ကြောင့်…


သူ၏ခါးကိုကိုင်လိုက်ချိန်တွင် အဘယ့်ကြောင့် ပိုင်ရဲ့မှာ ပူလောင်နေရသည်နည်း…


" အိုးးး ဟုတ်သားပဲ ရှင်းရှင်းလောင်ရှီး.."


ထိုအချိန်တွင် ပိုင်ရဲ့မှ သူ၏အတွေးများကို မောင်းထုတ်လိုက်ကာ အင်္ကျီလဲရင်းဖြင့် ပြောလာသည်


 " သတို့သမီးအတွက် အတူတူသီချင်းတစ်ပုဒ်လောက် လိုက်ဆိုပေးပါ…"


ချီရှင်းချန် ကြောင်အသွားရသည် " ဘာလို့သီချင်းဆိုချင်တာလဲ…"


" သူကငါ့ဖန်လေ…"


" အိုး…"


ပိုင်ရဲ့မှာ အမှန်တကယ်ကို သူ၏ဖန်များအပေါ် အလိုလိုက်လွန်းလှသည်။


ချီရှင်းချန် နားမလည်နိုင်စွာ ချဉ်စူးသွားရသည်။ ထို့ကြောင့် မြေပြင်ပေါ်တွင် ခြေထောက်ဖြင့် စက်ဝိုင်းများရေးဆွဲနေရင်းဖြင့် မေးလိုက်သည်


 " ကောင်းပါပြီ … အစ်ကို ဘာသီချင်းဆိုချင်တာလဲ.."


ပိုင်ရဲ့မှာ ယခင်တုန်းက တစ်ခါမှမင်္ဂလာဆောင်သီချင်းမဆိုခဲ့ဖူးပေ။ ထို့ကြောင့် တွေးတောကြည့်လိုက်ရာ အဆုံးတွင်  နာမည်ကြီးစုံတွဲသီချင်းများထဲမှ တစ်ပုဒ်ထွက်လာခဲ့သည်။


" ဒီနေ့ မင်းငါနဲ့လက်ထပ်တော့မယ်…"