အပိုင်း ၄၉
Viewers 15k

Chapter 49
လေးအား ဆွဲတင်ခြင်း


သူက အခန်းမှထွက်လျှင်ထွက်ချင်း ခြံဝန်းထဲတွင်ရပ်နေသည့် ကျူးယင်းအားတွေ့လိုက်ရ၏။ သူမက ခေါင်းငုံ့ရင်း တံမြက်စည်း လှည်းနေရာ သူက တိတ်တိတ်ဆိတ်ဆိတ် ပြေးလာပြီး ကျူးယင်း၏ပုခုံးအားထိရန် လက်ဆန့်လိုက်သည်။

ကျူးယင်းမှာ မည်သည့်နေရာမှမသိ ရုတ်တရက်ပေါ်လာသည့် မုန့်လန်ရောကြောင့် အထိတ်တလန့်ဖြစ်သွားကာ ကျယ်ကျယ်လောင်လောင်အော်ဟစ်လိုက်မိ၏။

သူမက အမြန်ခေါင်းလှည့်ကြည့်လိုက်ရာ သူမ၏သခင်လေးဖြစ်သူအား တွေ့လိုက်ချိန်တွင် ဒေါသမထွက်ဘဲမနေနိုင်တော့ချေ။

"သခင်လေး..ဘာကြောင့် ကျူးယင်းကို ထပ်ခြောက်ရပြန်တာလဲ..ကျူးယင်းရဲ့နှလုံးက လည်ချောင်းထဲကနေ အပြင်ကို ခုန်ထွက်တော့မလို့"

"ဘာလုပ်နေတာလဲ" မုန့်လန်ရောက အပြုံးလေးနှင့်မေးလာသည်။

"အို့..ဘယ်ကဆိုးသွမ်းပြီး ဖျက်ဆီးတတ်တဲ့တစ်ယောက်ယောက်က ဥယျာဥ်ထဲက ငှက်တွေကို ဒဏ်ရာရအောင် လုပ်လဲမသိပါဘူး..ဒါကြောင့် သူတို့ကိုကောက်ပြီး မြေမြုပ်နေရတယ်"

ကျူးယင်းက တိုင်တန်းလာသည်။ "ဒီစိတ်အနှောင့်အယှက်ပေးတတ်တဲ့လူက အတိအကျ ဘယ်သူများလဲ..သခင်မကြီးသာသိရင် သေချာပေါက် အရိုက်ခံရလိမ့်မယ်"

မုန့်လန်ရောက ငုံ့ကြည့်လိုက်ပြီး အမှန်ပင် မြေပေါ်၌ ရောင်စုံငှက်အသေကောင်များကို တွေ့လိုက်ရသည်။ အချို့မှာ ကြီးမားပြီး အချို့မှာ သေးငယ်ကာ သူတို့၏ကိုယ်များမှာ နှစ်ခြမ်းကွဲနေလေ၏။ သူတို့၏ကိုယ်များမှာ သွေးတစ်စက်စက်ကျနေကာ အလွန်ပင် ရက်စက်ပုံပေါ်သည်။ သို့သော်ငြား သူက ငှက်အသေများအား ကြည့်နေရင်း မုန့်လန်ရောက ဤဖြစ်စဥ်အား ယခင်က တစ်နေရာရာတွင် မြင်ဖူးနေသကဲ့သို့ ခံစားနေရသည်။

သူ၏ခေါင်းကိုကုတ်လိုက်ရင်း ရေရွတ်လိုက်မိသည်။

"ကျွန်တော် ဒီဟာကို ရင်းနှီးနေတယ်လို့ ခံစားနေရတယ်"

"ရင်းနှီးနေတယ်လား.."

ကျူးယင်းက သံသရအပြည့်ဖြင့် မေးလာသည်။

"သခင်လေး..ဒါက သခင်လေးလက်ချက် မဟုတ်ဘူးလား"

"ကျွန်တော်လား"

မုန့်လန်ရောက သူ့ကိုယ်သူ ညွှန်ပြလိုက်ရင်း ခေါင်းအား ပြင်းပြင်းထန်ထန် ခါလိုက်လေသည်။

"မဟုတ်ဘူး..မဟုတ်ဘူး..မဟုတ်ဘူး..သေချာပေါက် ကျွန်တော်လုပ်တာ မဟုတ်ဘူး"

ကျူးယင်းက ပြောလိုက်၏။

"ဒါဆို ဘာကြောင့် ရင်းနှီးနေတယ်လို့ ခံစားရတာလဲ"

တစ်ခဏမျှ ပြန်ကြည့်ပြီးနောက်တွင် မုန့်လန်ရောက ရုတ်တရက် ပြောလာသည်။

"ဒီငှက်တွေနဲ့ လေးပစ်ကုန်းမှာရှိတဲ့ခိုတွေက ဒီလိုပုံစံအတိုင်း သေသွားတာလေ"

"လေးပစ်ကုန်းမှာ ရှိတဲ့ခိုတွေလား"

ကျူးယင်းမှာ ရှုပ်ထွေးသွားရသည်။

"မေ့လိုက်ပါတော့..ကျွန်တော်ဒါကို ခင်ဗျားလို အမျိုးသမီးကြီးနဲ့ ပြောနေလည်း ခင်ဗျားနားလည်မှာမဟုတ်ဘူး"

မုန့်လန်ရောက လင်းရုဖေး၏အခန်းဆီသို့ တွေးတွေးဆဆကြည့်ကာ ရေရွတ်လိုက်သည်။

"ဒီလင်းမိသားစုရဲ့ ကုန်းဇီ..သူက ထင်ထားသလို အားမနည်းဘူးပဲ"

လင်းရုဖေးက ထိုမြှားအား ပစ်ပြီးနောက်တွင် သူ၏ကိုယ်၌ မောပန်းနွမ်းနယ်မှုအပြည့်ဖြစ်လာ၍ သူက အားပြန်ပြည့်ရန် အခန်းထဲသို့ အမြန်ပြန်လာခဲ့ရသည်။

"နေရတာ မကောင်းဘူးလား"

ကုရွှမ်းတုက လက်ဆန့်လာပြီးသူ့တွင် အဖျားမရှိသည်အား သေချာစေရန် နဖူးအား စမ်းလိုက်သည်။

လင်းရုဖေးက ခေါင်းညိတ်ပြလိုက်၏။

"မင်း ဒီစွမ်းအင်ကို နဲနဲစောပြီး သုံးခဲ့မိတယ်"

ကုရွှမ်းတုက ပြောလိုက်ရင်း "ဒါပေမယ့် သုံးဖို့လည်းလိုပါတယ်လေ..စောစောလေး အသားကျသွားတာ ပိုကောင်းတာပေါ့"

လင်းရုဖေးက သံသယအပြည့်ဖြင့် "စွမ်းအင်....ဘယ်သူ့စွမ်းအင်လဲ.."

"သေချာပေါက် မင်းဟာပေါ့"

ကုရွှမ်းတုက ဆိုလိုက်၏။ "ကိုယ်က ဘယ်သူနဲ့မှ မသက်ဆိုင်တဲ့ ချယ်ရီပန်းပွင့်လေးပါပဲ..မင်း ကိုယ့်အပေါ်အားကိုးချင်နေတယ်လို့တော့ လာမပြောနဲ့နော်.."

လင်းရုဖေးက အကူအညီမဲ့နေဟန်ပါ်နေသည့် ချယ်ရီပန်းပွင့်ငယ်လေး၏ ပုံစံလုပ်ပြနေသော​ ထို့သူ့ကြောင့် မူးမေ့သွားမတတ်ဖြစ်နေကာ မည်သည်စကားမျှမဆိုတော့ဘဲ အကြီးအကဲအား အချိန်အတော်ကြာ စိုက်သာကြည့်နေလိုက်၏။

ကုရွှမ်းတုက သူ့ပုံစံလေး​ကြောင့် စတင်ရယ်မောတော့သည်။

"အဲ့ဒီမြှားက ကျွန်တော့်စွမ်းအင်ကြောင့်လား"

လင်းရုဖေး၏အသံနေအသံထားတွင် မယုံကြည်မှုများ ရှိနေဆဲပင်။

"ကိုယ် ဟိုးအရင်းတည်း ပြောခဲ့ဖူးတယ်လေ...အံ့ဖွယ်စိတ်ဝိဥာဥ်က ဓါးဖြစ်ပြီး လူ့ခန္ဓာကိုယ်က ဓါးအိမ်ပဲ..မင်းက အရမ်း အားနည်းလွန်းတယ် ပြီးတော့ အားနည်းတာကလည်း ဒီမင်းရဲ့ခန္ဓာကိုယ်ကြောင့်ပဲ"

ကုရွှမ်းတုက ဆက်၍ဆိုလိုက်၏။

"မင်းရဲ့ကိုယ်က အစွမ်းထက်လွန်းတဲ့ အံ့ဖွယ်စိတ်ဝိဥာဥ်ကို ကောင်းကောင်းထိန်းသိမ်းထားနိုင်စွမ်းမရှိဘူး"

လင်းရုဖေးက ရှုပ်ထွေးမှုများနှင့် နားထောင်နေမိသည်။

ကုရွှမ်းတုက လင်းရုဖေး၏စိတ်ရှုပ်မှုအပြည့်ဖြစ်နေသည့်မျက်နှာအား မြင်လိုက်ရချိန်တွင် သူက ထိုအကြောင်းအား ဆက်၍ရှင်းမပြတော့ချေ။ ထို့ထက် သူက တခြားအရာများမပြောမီ ကောင်းကောင်းအနားယူရန်နှင့် ပုခုံးပေါ်ရှိ ဒဏ်ရာအား ဂရုစိုက်ရန်သာတိုက်တွန်းလိုက်သည်။

လင်းရုဖေးက နေ့အချိန်အခါက သူပစ်လိုက်သည့် မြှားနှင့်ပတ်သက်၍ ပြန်လည်တွေးတောရင်း အိပ်ရာထက်တွင် လှဲလိုက်သည်။ တွေးကြည့်ခါမှ သူသည် မြှားသွားခဲ့သည့်နေရာအား ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့ပေ၏။

မြှားတံက မိုးပြာရောင်ကောင်းကင်အား ပွတ်တိုက်သွားကာ ပျံသန်းနေသည့် ခိုအုပ်အား တိုးတိုက်၍ အဖြူရောင်သက်တံသဖွယ် နေလုံးအားဖြတ်သန်းပြီးချိန်တွင်မှ ပို၍အရှိန်ရသွားလေသည်။ ယင်းက ဦးတည်ချက်အားလုံးတွင် လျင်မြန်စွာ ပျံသန်းနေပြီးမှပတ်ပတ်လည်တွင် တလက်လက်တောက်ပနေသည့် အလင်းလွှာလေးဖြစ်နေသော နေရာသို့ရောက်သွားပြီးနောက်တွင် ပျောက်ကွယ်သွားတော့သည်။ ဤသည်မှာ ခိုများသည် သူတို့၏ခန္ဓာကိုယ်က သွေးများဖုံးလွှမ်းနေသည့် အလင်းတန်းနှင့် ပေါင်းစပ်သွားခြင်းကြောင့်ပင်။ ထို့နောက်တွင်မူ ခိုများမှာ ဤသို့ဤနှယ် မြေပြင်ပေါ်သို့ကျသွားလေသည်။

မြှားကျသွားသည့်နေရာကိုမူ လင်းရုဖေးသည်လည်း မသိခဲ့ချေ။သို့သော်ငြား ယင်းက မြင့်မားစွာ ပျံသန်းသွားသဖြင့် ကျဆင်းမည့်နေရာသည်လည်း အလွန်ပင်ဝေးကွာသွားမည်မှာသေချာပေါက်ပင်။

လင်းရုဖေးက အနည်းငယ် ပင်ပန်းလာသည်။ သူက မျက်လုံးများအား မှိတ်လိုက်သည်နှင့် ဖြေးညှင်းသည့်အသက်ရှူထုတ်သံလေး စတင်ထွက်လာတော့၏။

ကုရွှမ်းတုက သူ၏အိပ်ပျော်နေသည့် မျက်နှာလေးအား စိုက်ကြည်နေမိသည်။ သူ့နူတ်ခမ်းစွန်းများက အပြုံးဖွဖွသဏ္ဍာန်တွန့်ကွေးသွားရင်း သူ၏ပုံရိပ်မှာမူ တစတစ မှေးမှိန်ပျောက်ကွယ်သွားလေ၏။

နာရီဝက်ခန့်ကြာပြီးသော် ကုရွှမ်းတု၏ပုံရိပ်မှာ မုန့်မိသားစုနှင့် မိုင်တစ်ရာဝေးသည့် လမ်းကြားလေးထဲတွင် တိတ်တဆိတ် ပေါ်လာသည်။ လမ်းကြားလေးထဲတွင် ရှုပ်ယှက်ခပ်နေပြီး ဆူညံနေကာ ကလေးငယ်များကမူ နှာရည်တစ်စက်စက်ဖြင့် ခြေဗလာနှင့် ပျော်ရွှင်မြူးထူးစွာ ပြေးလွှားကစားနေကြသည်။

ကုရွှမ်းတုက အရပ်ပုပုကလေးမလေးအား တား၍ အသာကုန်းကာ သူမအားနွေးထွေးသောအသံဖြင့်မေးလိုက်၏။

"မိတ်ဆွေလေး..မင်းအခုလေးတင် တစ်ခုခုကောက်လိုက်သေးသလား.."

ကလေးမလေးက သူမ၏ နှာရည်တစ်စက်စက်ကျနေသည့် နှာခေါင်းအား လက်ခုံဖြင့်သုတ်လိုက်ရင်း သူမရှေ့ရှိ အနီရောင်ဝတ်စုံနှင့်လူအား သတိထားပြီးကြည့်လိုက်သည်။ မေးခွန်းအား ကြားပြီးသည်တွင် သူမကခေါင်အား ပြင်းပြင်းထန်ထန်ခါလိုက်ပြီး သူမ၏ခေါင်းနောက်တွင် စည်းထားသည့် ဝက်မြီးလေးမှာ ထန်းချုပ်မရစွာ လွှင့်ခါနေသည်။

"မင်းကောက်လိုက်တဲ့ ပစ္စည်းက မင်းအတွက် အသုံးမလိုပါဘူး"

ကုရွှမ်းတုက နားလည်ရခက်သည့် အပြုံးတစ်ခုအား ပြသလာသည်။ သူက အလွန်အမင်း လှပစွာ မွေးဖွားလာခဲ့သဖြင့် ဤကဲ့သို့ပြုံးလိုက်ရာတွင် ကလေးမလေး၏ သတိအနေအထားမှာ ချက်ချင်းပင်လျော့နည်းသွားတော့သည်။

သူက ဆက်ပြောလိုက်၏။

"အစ်ကိုက မင်းနဲ့ အလှဲအလှယ်လုပ်ဖို့ တစ်ခုခုကို ထုတ်ပေးမယ်လေ..ဟုတ်ပြီလား"

ကလေးမလေးမှာ သူမအရှေ့မှ အလှလေးအား တုံ့ဆိုင်းစွာဖြင့်ကြည့်နေမိပြီးမှ ကလေးအသံလေးဖြင့်ဆိုလာသည်။

"အလှဲအလှယ်လုပ်ဖို့ ဘာကိုသုံးမှာလဲ"

ကုရွှမ်းတုက သူ၏အင်္ကျီလက်ထဲမှ ပစ္စည်းသုံးမျိုး ထုတ်ယူလိုက်သည်။ စာအုပ်အစုတ်တစ်ခု၊ ဓားသေးသေးလေးတစ်လက်နှင့် ဆွဲဆောင်မှုရှိပုံပေါ်နေသော အနီရောင် နှင်းဆီယိုတစ်ခုပင်။

"တစ်ခုကို ရွေးလိုက်"

ကလေးမလေး၏ မျက်လုံးများမှာ နှင်းဆီယိုဆီသို့ ညွတ်ကျသွားပြီး သူမ၏ အမည်းရောင် စပျစ်သီးနှင့်တူသည့် မျက်လုံးများမှာ စကားပြောနေရင်းမှ တလတ်လတ်တောက်ပလာသည်။

"အစ်ကိုက တကယ်ပဲ လှဲလှယ်ချင်တာလား"

"အင်း"ကုရွှမ်းတုက ခေါင်းညိမ့်ပြလိုက်သည်။

ကလေးမလေးမှာ အချိန်အတန်ကြာ ချီတုံချတုံဖြစ်သွား၏။သို့သော် မကြာမီတွင် သူမ၏ညစ်ပတ်နေသော လက်သေးသေးလေးများမှာ နှင်းဆီယိုဆီသို့ လက်ကမ်းလာသည်။ သို့သော်လည်း သူမက ဆုပ်ကိုင်ရန် အခွင့်အရေး မရမီ ဘေးတွင်ရှိသည့် ဓါးသေးသေးလေးက တဝီဝီမြည်လာပေသည်။ သူမ၏ အပြုအမူများမှာ အေးခဲသွားပြီး တုံ့ဆိုင်းမှုအချို့အား ထပ်၍ပြလာသည်။

ကုရွှမ်းတုက ဒူးတစ်ဝက် ထောက်ထိုင်လိုက်သည်။ သူက အလျင်လိုဟန်မပြဘဲ ကလေးမလေးအား ဆက်၍ပြုံးပြနေလိုက်သည်။

ကလေးမလေးမှာ အံကြိတ်လိုက်၏။ သူမက နှစ်ခုအကြားတွင် ရွေးရခက်နေပုံပေါ်သည်။

နောက်ဆုံးတွင် သူမက ခြေထောက်လေးလိမ်လိုက်ကာ လက်ညှိုးထိုးပြလာသည်။ "သမီး ဒါကို လိုချင်တယ်"

ကုရွှမ်းတုက ကြင်နာစွာ ပြုံးပြလိုက်ရင်း မမျှော်လင့်ထားပုံရသည့် ဓါးသေးသေးလေးအား ကလေးမလေးထံပေးလိုက်လေ၏။

ကလေးမလေးမှာ သူမနှလုံးသားထဲမှ ကြိုက်နှစ်သက်ရသော ကစားစရာအသစ်ကလေးအား ကိုင်ထားရင်း ချက်ချင်းပင် ပျော်ရွှင်လာသည်။ ပြုံးလိုက်ရင်း သူမက ကုရွှမ်းတုလိုချင်သည့်အရာအား သူမလွယ်ထားသည့် အိတ်ကလေးထဲမှ ဆွဲထုတ်လာသည်။

ယင်းမှာ ငွေရောင် မြှားခေါင်းနှင့် မြှားတံလေးဖြစ်ကာ လင်းရုဖေး ပစ်လိုက်သည့် တစ်ခုနှင့် အလွန်ပင်တူပြီး ထိပ်ဖျားတွင်မူ ကြီးကြီးမားမား တစ်ခုခုကိုထိုးဖောက်ထားသော လက္ခဏာရှိနေပေသည်။

"အခု သွားလို့ရပြီ"

ကုရွှမ်းတုက မြှားအားယူလိုက်ပြီးနောက် ကလေးမလေး၏ခေါင်းအား ညင်ညင်သာသာပုတ်လိုက်ရင်း "ဒါကို နောက်ဆို ကောင်းကောင်းလေး ဆက်ဆံပေး"

ကလေးမလေးမှာ ရှုပ်ထွေးသွားမိသည်။ သူမက တစ်ဖက်သို့လှည့်သွားပြီးနောက် နှာရည်အားထပ်မံသုတ်လိုက်ပြန်၏။​

ကုရွှမ်းတုက သူ့ခေါင်းအား ငုံ့လိုက်ရင်း လက်ထဲရှိမြှားအား ကြည့်လိုကသည်။

သူက တစ်ခဏမျှ ယင်းအား ညင်ညင်သာသာပွတ်သပ်နေမိရင်းက သူ့ကိုယ်သူတီးတိုးစကားဆိုနေ​မိ၏။

"ပထမဆုံးအကြိမ် စပစ်တာမို့လို့ မြှားမှန်သမျှကို ကောင်းကောင်းလေးသိမ်းထားရမှာ ...ဟင်း..."

မြှားနှစ်ချောင်းမှ ကျန်တစ်ချောင်းကို နှင်းဆီယို တစ်ခုဖြင့် လှဲခံလိုက်ရ၏။

အနည်းဆုံးတွင်ဖြင့် ယိုတစ်ချောင်း ကျန်နေသေးသည်။ သူက ယင်းအား အိမ်တွင်ရှိသည့် ဆေးမသောက်ချင်သော ကုန်းဇီလေးအတွက် သိမ်းထားပေးရပေမည်။

လင်းရုဖေးက အိပ်ရာစွန်းတွင် ထိုင်နေသည့် ကုရွှမ်းတုအား တွေ့လိုက်ရချိန်တွင် သူက နိုးနေကာစပင်ရှိသေးသည်။ သူက မည်သည့်နေရာမှထွက်လာသည်မသိသော နှင်းဆီယိုအား စားနေလေသည်။ သူ၏သွားဖြူဖြူလေးများနှင့် အနီရောင် နှုတ်ခမ်းသားလေးများက နှင်းဆီယိုအား တကျွတ်ကျွတ်ကိုက်စားနေ၏။

သူနိုးလာသည်အား တွေ့သည်နှင့် ကုရွှမ်းတုက ပထမဦးစွာ ပါးစပ်အပြည့်ရေတိုက်လာပြီး နှင်းဆီယိုစားချင်လားဟူသည့် အပြုံးလေးနှင့် သူ့အားမေးလာသည်။

"ခင်ဗျား နှင်းဆီယိုတွေ ဝယ်ခဲ့တာလား"

လင်းရုဖေး၏ပါးစပ်မှာ ပေါ့နေပြီးအရသာကင်းမဲ့နေကာ စမ်းကြည့်သည်မှာ ကောင်းမည်ဟု စဥ်းစားမိ၍ သူစားချင်ကြောင်း မျက်တောင်ခပ်ကာ ပြောလိုက်လေ၏။

"ဒီမှာ အများကြီးကျန်သေးတယ်"

သူ၏လက်ထဲမှ နှင်းဆီယိုအကျန်အား လင်းရုဖေးနှုတ်ခမ်းဆီပို့လိုက်၏။

ကုရွှမ်းတုက သူ့နှုတ်ခမ်းများကို အသာဖိကာ ပြုံးပြလာသည်။

"စားကြည့်"

လင်းရုဖေးက ထိုအခြေအနေ၌ သတိလစ်သွားမတတ်ပင်။ သူက တစ်ခုခုပြောရန် ပါးစပ်ဖွင့်လိုက်သော်ငြား နှင်းဆီယိုတစ်ခု သူ၏ပါးစပ်ထဲသို့ ပြွတ်သိပ်အထည့်ခံလိုက်ရ၏။

သကြားမှာ အလွန်ချိုပြီး နှင်းဆီမှာ ချဥ်ပေ၏။ ယင်းက သူ၏ပါးစပ်ထဲတွင်ပင် အရည်ပျော်သွားကာ ပေါ့နေသည့် အရသာအား ပျော့သွားစေသည်။ များမကြာမီတွင် လင်းရုဖေး၏ ကန့်ကွက်ချက်များက နှင်းဆီယိုနှင့်အတူ ပျော်ဝင်သွားလေသည်။

"အရသာရှိတယ်..ဟုတ်တယ်မို့လား"

ကုရွှမ်းတုက အပြုံးလေးနှင့် မေးလာ၏။

လင်းရုဖေးက ခေါင်းညိတ်ပြလိုက်ပြီးနောက် နောက်ထပ်တစ်ကိုက် ထပ်မံကိုက်လိုက်ပြန်သည်။

"လတ်ဆတ်နေတုန်းပဲ...ကိုယ်ဒါကို လုပ်နေကတည်းက စိုက်ကြည့်နေခဲ့တာ"

ကုရွှမ်းတုက ဆိုလိုက်သည်။

"ကိုယ့်မှာ ပိုက်ဆံမရှိတာကို နားလည်သွားတော့ တခြားတစ်ခုခုနဲ့လှဲလှယ်ဖို့အတွက် ဒါကို ယူသွားခဲ့သေးတယ်"

လင်းရုဖေးက အေးခဲသွားပြီးနောက် မေးလိုက်သည်။

"ခင်ဗျား အပြင်ထွက်ခဲ့သေးတာလား"

ကုရွှမ်းတုက ခေါင်းညိမ့်ပြလိုက်သည်။

"ခင်ဗျား ဘာလုပ်ခဲ့တာလဲ"လင်းရုဖေးက မေးလာ၏။

"ကိုယ် ဝိဥာဥ်တွေဖမ်းဖို့ သွားခဲ့တာ"

ကုရွှမ်းတုက သူ့ခေါင်းထဲပေါ်လာသည့် အကြောင်းပြချက်ကို ဖတ်ခနဲ ပြောလိုက်၏။

လင်းရုဖေးက သူ့ထံ မျက်မှောင်ကြုပ်ကြည့်လိုက်ပြီး "ကုန်းပေါ်မှာဖြစ်နေတဲ့အပြင် နေ့ခင်းဘက်ကြီးကလည်းဖြစ်နေသေးတယ် အဲ့ဒါကို ခင်ဗျားက ဘယ်လိုဝိဥာဥ်မျိုးကို ဖမ်းနိုင်မှာမို့လို့လဲ"

ကုရွှမ်းတုက ဆိုလိုက်သည်။

"နေ့ခင်းဘက်မှာရှိတဲ့ ဝိဥာဥ်တွေက ဖမ်းဖို့အလွယ်ဆုံးပဲ..."

သူက တံခါးဆီသို့ကြည့်လိုက်ရင်း : "ကိုယ်ထပ်ပြီးမပြောတော့ဘူး..တစ်ယောက်ယောက် လာနေပြီ..."

မျှော်လင့်ထားသလိုပင်...ကုရွှမ်းတုနှင့် လင်းရုဖေးစကားပြောရပ်သွားပြီးသည်နှင့် တံခါးခေါက်သံထွက်လာသည်။ လင်းရုဖေးက ဝင်လာရန်ပြောလိုက်ပြီးနောက် မုန့်လန်ရောက ခေါင်းအားကုတ်နေရင်းမှ တံခါး၀နားထံ အသာချဥ်းကပ်ကာ တိုးတိုးပြောလာ၏။

"လင်းကုန်းဇီ..အနားယူပြီးပြီလား..ကျွန်တော် ဝင်လာလို့ရမလား"

"ဝင်ခဲ့ပါ" လင်းရုဖေးက ဆိုလိုက်သည်။

မုန့်လန်ရောက အခန်းထဲသို့ ခုန်ဝင်လာပြီး ပျော်ရွှင်စွာဖြင့် ပြောလာသည်။

"ကျွန်တော် ချီယန်ရှန့်နဲ့ပတ်သတ်ပြီး အမေ့ကို တိုင်လိုက်တယ်..သူက အခုလုပ်စရာတွေရှိသွားလို့ ကုန်းဇီကို ပြသနာလာရှာဖို့အချိန်ရှိတော့မှာမဟုတ်ဘူး..ဟမ့် အဲ့လိုစိတ်ရှုပ်စရာကောင်"

လင်းရုဖေးက အသာရယ်မော၍ ဆိုလိုက်သည်။

"ချီကုန်းဇီက ထိခိုက်ဖို့ မရည်ရွယ်ပါဘူး"

မုန့်လန်ရောက ဆိုလိုက်၏။ "သူ့အကြောင်းမပြောဘဲနေရအောင်..ဘယ်အကြောင်းပြောရင်ကောင်းမလဲ..လင်းကုန်းဇီ..ခင်ဗျား ကြွေလေပြီးသောနွေဦးအိမ်တော်အကြောင်းသိလား"

လင်းရုဖေးက ခေါင်းယမ်းပြလိုက်သည်။

မုန့်လန်ရောက အသံကိုနိမ့်လိုက်ရင်း : "အဲ့တာ ဒီမှာကျွန်တော်တို့ရဲ့အကြီးဆုံး ပန်းပွင့်အိမ်တော်လေ[2] ဒီနေ့ညမှာ အိုအီရန်[3]ပြိုင်ပွဲတစ်ခုရှိတယ်..ကျွန်တော့်မှာ ဝင်ဖို့ လက်မှတ်နှစ်စောင်ရထားတယ်..ဘယ်လိုလဲ..."

သူက ယောကျာ်းချင်းသာ နည်းလည်နိုင်မည့် အပြုံးအားပြုးပြလိုက်ပြီး "ကျွန်တော်တို့ ပျော်စရာလေးတွေ သွားရှာရင် ဘယ်လိုလဲ.."



****


စာရေးသူမှာ ပြောစရာရှိတယ်~


ကုရွှမ်းတု : မင်းဘယ်သွားမယ်လို့ ထပ်ပြောလိုက်စမ်း !!!

လင်းရုဖေး : အိုအီရန်ကို ကြည့်ဖို့လေ

ကုရွှမ်းတု : ပန်းတစ်ကာရဲ့ထွဋ်ခေါင် အလှလေးက ကိုယ်မဟုတ်ဘူးလား...မင်းက တခြားသူတွေကို ဘာအတွက်များ ကြည့်ဖို့လိုမှာလဲ..

လင်းရုဖေး : ........


─────────────────────────────────────────────────


[1] ယန်က "စက်ဆုပ်သည် /မုန်းတီးသည်"လို့အဓိပ္ပာယ်ရပြီးရှန့်က "အောင်မြင်ခြင်း"လို့အဓိပ္ပါယ်ရပါတယ် ဒါကြောင့် သူ့အမည်က "မုန်းတီးဖွယ်ရာ အောင်မြင်ခြင်း"လို့ပါ..LOL


[2] ကိုယိတွေအနေနဲ့ ဒီအရာကို ရှင်းပြဖို့ အကောင်းဆုံးနည်းလမ်းက အမျိုးသမီးတွေက သူတို့ရဲ့ "အနုပညာ"ကို ရောင်းချတဲ့ ဖျော်ဖြေရေးအဆောက်အအုံဆိုတာမျိုးပေါ့ ┐(︶▽︶)┌

[3] ဒီနေရာမှာ အိုအီရန်လို့ ထည့်ထားတာက တိုက်ရိုက်တရုတ်လို ဘာသာပြန်ရရင် နောက်တစ်ကြောင်းမှာ ကုရွှမ်းတုကပြောတဲ့ "ပန်းခေါင်းဆောင်-အလှထွဋ်ခေါင်"လို့အဓိပ္ပာယ်ရပါတယ်။

__ __

Translated By IQ-Team.