အပိုင်း၁၄
Viewers 14k

Chapter 14

Chapter 14





အတန်းတွင်း လေ့ကျင့်ချိန်မပြီးဆုံးသေးခင်တွင်သာမက အခြားတန်းခွဲမှအတန်းသားများ အခန်းထံသို့ အစဉ်လိုက်ပြန်သွားကြချိန်အထိ ကျင်းစစ်၏မျက်နှာက နီရဲနေဆဲပင်။ ယင်းကျောင်းက သူ့ကိုဘယ်လောက်ပဲ ဆက်စနောက်ပါစေ သူစကားထပ်မပြောနိုင်တော့ချေ။


သူက ဘာကြောင့်ဒီလောက်လူအများကြီးအရှေ့မှာ ညစ်ပတ်နိုင်ရတာလဲဆိုသည်အား အဖြေရှာမရပေ။


ကျင်းစစ်က ရေသန့်ထုတ်စက်ထံသွား၍ ရေတစ်ခွက်ယူလိုက်ပြီး တစ်ဝက်ကိုသောက်လိုက်ကာ အသက်ရှုမှန်အောင်လုပ်လိုက်ပြီးနောက် သင်္ချာစာအုပ်ကိုထုတ်လိုက်၏။


သူယူသုံးလိုက်သည့် ခွက်ကဖန်ခွက်ဖြစ်ကာ သူသုံးပြီးပြန်ထားလိုက်ချိန်၌ လက်ဗွေရာအနည်းငယ် ကျန်ခဲ့ပေသည်။


ကျင်းစစ်က ဤသည်ကိုမြင်ချိန်၌ တစ်ရှူးနှစ်ရွက်ကို ချက်ချင်းထုတ်လိုက်ကာ ၎င်းပေါ်မှလက်ဗွေများကို ဖယ်ရှားလိုက်သည်။ ထို့နောက် ခေါင်းကိုငုံ့ကာ စာဆက်ဖတ်နေသည်။


ယင်းကျောင်းက သူ့၏လှုပ်ရှားမှုအပြည့်အစုံအား မြင်လိုက်ရပြီး သူဘာကိုတွေးမိလဲတော့မသိ ရုတ်တရက်ပြုံးလိုက်သည်။


ဟယ့်ကျိုးက ဘေးမှဖြတ်သွားချိန်၌ သူ့၏အပြုံးကိုမြင်လိုက်သည့်အခါ ဟယ့်ကျိုး၏မျက်နှာအမူအရာက ရုတ်တရက်ရှင်းပြမရနိုင်ဖြစ်လာသည်။


သူက သူ့ဖုန်းကို တိတ်တဆိတ်ထုတ်လိုက်ကာ အဖွဲ့ထဲသို့မက်ဆေ့ချ်ပို့လိုက်သည်။


[အန်ကယ်ဟယ့်] ဒါနဲ့တစ်ယောက်ယောက်က ငါ့လိုခံစားမိကြလား...


[ကျန့်ချွယ်ကမှားနေတယ်]???


[အန်ကယ်ဟယ့်]ဘာလို့ အကိုကျောင်းက ကျင်းစစ်ကို အရမ်းတွယ်ကပ်နေတာလဲ.. သူတို့နှစ်ကြား ငါတို့မသိတဲ့ တစ်ခုခုဖြစ်သွားသေးလား..


[ကျန့်ချွယ်ကမှားနေတယ်] အာ..အာ..သေချာတာပေါ့.. ငါလည်းသူတို့နှစ်ယောက်နဲ့ပတ်သတ်ပြီး တစ်ခုခုလွဲနေတယ်လို့ ထင်နေပေမဲ့ ငါထုတ်မပြောရဲဘူး..


[အန်ကယ်ဟယ့်]အကိုကျောင်းက အခုနောက်ပိုင်းခြေလှမ်းတွေပျက်နေတယ်..


[ဖန်ချန်းချန်း]အကိုကျောင်းက ကျင်းစစ်ကို ချစ်မိသွားတာများလား..


[အန်ကယ်ဟယ့်]….


[ကျန့်ချွယ်ကမှားနေတယ်]လောင်ဖန်..ငါမင်းအတွက် နောက်နှစ်ချင်မင်ပွဲတော်မှာ အမွှေးတိုင် ထွန်းထားပေးမယ်နော်..ငါမင်းကို သတိရနေမှာပါ..


[အန်ကယ်ဟယ့်]နွေဦးက ရောက်လာတော့မယ်..အကိုကျောင်းလည်း မနားနေနိုင်တော့ဘူးထင်တယ်..


[ကျန့်ချွယ်ကမှားနေတယ်]အချို့က နွေဦးမှာဆိုပေမဲ့ အခုဆောင်းဦးက မကုန်ဆုံးသေးဘူး..


[ကျောင်း]မင်းတို့ အားလပ်ချိန်မှာ အေးအေးဆေးဆေးမနေချင်တော့ဘူးလား..လောင်လျိုကို တိုင်လိုက်ရမလား..


ဟယ့်ကျိုးက လန့်ဖြန့်လွန်း၍ သူ့ဖုန်းပြုတ်ကျတော့မလိုပင်ဖြစ်သွားကာ လျင်မြန်စွာထိုင်ချလိုက်ပြီး ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်လိုက်၏။


ကျန့်ချွယ်က အလိုအလျောက် ဖုန်းကိုသူ့ခုံအောက်သို့ ပစ်ထည့်လိုက်သဖြင့် ဘန်း ဆိုသောအသံပင်ဖြစ်ပေါ်သွားသည်။


ဖန်ချန်းချန်းက အခုချိန်ထိ သူ့မျက်နှာ၌ အမူအရာကင်းမဲ့နေဆဲဖြစ်သော်လည်း သေချာကြည့်ပါက သူ့မျက်တောင်များတုန်ခါနေသည်အား တွေ့နိုင်ပေသည်။


ယင်းကျောင်းက နှာမှုတ်လိုက်ပြီး စာရိုက်လိုက်သည်။ …


[ကျောင်း]စကားနည်းနည်းပြောပြီး အလုပ်များများလုပ်ကြ.. မင်းတို့ကို လွန်ခဲ့တဲ့နှစ်ရက်က လုပ်ခိုင်းထားတာတွေ ဘယ်လိုဖြစ်သွားပြီလဲ..


ဤကိစ္စကိုပြောလာချိန်၌ ဟယ့်ကျိုးက သူ၏စိတ်မချမ်းသာဖြစ်နေသည့်အမူအရာကို ဖယ်လိုက်သည်။ သူက ခဏမျှစဉ်းစားလိုက်ပြီး အနောက်ပြတင်းပေါက်မှ စင်္ကြံလမ်းဘက်ကိုကြည့်လိုက်၏။ သူက ဆရာလျိုလာမည့်ပုံ မပေါ်သေးကြောင်း တွေ့လိုက်ရတော့ ယင်းကျောင်းဘေးသို့ ရွရွလေးတိုးလာကာ တီးတိုးပြောလိုက်သည်။


”ဒါက နည်းနည်းတော့ခက်တဲ့ပုံဘဲ..ငါမင်းကို တိုက်ရိုက်ပဲပြောမယ်..”


ယင်းကျောင်က မျက်မှောင်ကျုံ့လိုက်၏။


”ဘာဖြစ်လို့လဲ..”


ယင်းကျောင်းက ဟယ်ကျိုးအားစစ်ဆေးခိုင်းခဲ့သည့်ကိစ္စသည် သိပ်မကြာသေးခင်က လီရှစ်သူ့ကို ရန်စခဲ့သည့်ကိစ္စပင်။


လီရှစ်၏ ဦးနှောက်က သိပ်မကောင်းသော်လည်း စိတ်ချို့ယွင်းနေတဲ့အရူးတစ်ယောက်မဟုတ်ချေ။ ထိုထက်ပိုရှိသေးသည်က ထိုနေ့၌ သန့်စင်ခန်းထဲတွင် သူ့အား အချိန်ကိုက်ပိတ်ဆို့လာခဲ့သဖြင့် ဤကိစ္စမှာ အရင်ကတည်းကသေသေချာချာ ပြင်ဆင်လာခဲ့သည်အား သိနိုင်ပေသည်။


ယင်းကျောင်းက အကြောင်းပြချက်မှာ လီရှစ်က သူ့၏အာဏာတည်ထောင်ချင်သည့် ဆန္ဒကြောင့်မဟုတ်ဟု အမြဲတမ်းခံစားမိသည်။


သူ့က သူ့စကားများကို ချင့်ချိန်လိုက်ပြီးနောက် သေချာစဉ်းစားပြောလိုက်သည်။


”လီရှစ်က အဲ့နေ့မတိုင်ခင် ယင်းရှန့်ကျွင်းနဲ့တွေခဲ့သေးတယ်.. ”


ယင်းရှန့်ကျွင်းက ယင်းကျောင်း၏ အဖေတူအမေကွဲအကိုပင်ဖြစ်ကာ ယင်းကျောင်းထက်နှစ်နှစ်ကြီးပြီး ယင်းကျောင်းအဖေ၏ တရားမဝင်သားပင်။ သို့သော်သူ့အဖေ လွန်ခဲ့သည့်ငါးနှစ်က နောက်အိမ်ထောင်ပြုလိုက်ကတည်းမှ တရားမဝင်သားက တရားဝင်လာပေ၏။


ယင်းကျောင်း၏အမေနာမည်ကားရှစ်ကျွင်းဖြစ်၍ ယင်းရှန့်ကျွင်းနာမည်၏အဓိပ္ပာယ်အား ခန့်မှန်းသိရှိနိုင် ပေသည်။


“အကိုကျောင်း မင်းဒီအတွက် ရှေ့ထွက်ပြစရာမလိုပါဘူး...ဒါကပြဿနာနည်းပါးမှာ..ကျန့်ချွယ်နဲ့ ငါကသူ့ကို f*ckဖို့ တစ်ယောက်ယောက်ရှာထားလိုက်မယ်..” ဟယ့်ကျိုးက ယင်းကျောင်းကို ကြည့်လိုက်ပြီး လှောင်ရယ်လိုက်သည်။


”ဘယ်သူကငါ့အဆီတွေကို ထိခိုက်စေနိုင်မှာလဲ..”


ဟယ့်ကျိုးက ဘယ်လိုပဲ ဝကာဖြူနေပါစေ ရက်စက်ခြင်းဖြင့်ပတ်သတ်လာလျှင် ကျန့်ချွယ်ဆယ်ယောက် ရှိလျှင်ပင် သူ့ကိုမယှဉ်နိုင်ချေ။


“မလိုဘူး”


ယင်းကျောင်းက လှောင်ပြုံးပြုံးလိုက်သည်။


”သူက ကစားချင်တယ်ဆိုရင် ငါသူနဲ့ကစားပေးလိုက်မယ်..”


ယင်းကျောင်းက သူ့ခေါင်းကိုငုံ့လိုက်ပြီး မက်ဆေ့ချ်တစ်စောင် လျင်မြန်စွာပို့လိုက်သည်။


သူ့မျက်လုံးထဲမှအေးစက်မှုအားတွေ့လိုက်ရသည့် ဟယ့်ကျိုးခမှာ ရုတ်တရက်ကြက်သီးများ ထလာကာ တုန်လှုပ်လျက်အဝေးသို့အမြန်လျှောက်သွားတော့၏။


ယင်းကျောင်းက ဖုန်းကိုဖယ်လိုက်ပြီးနောက် ဘေးနားတွင် ထိုင်နေသည့်ကျင်းစစ်အား ကြည့်လိုက်ပြီး သူ့၏ရှည်လျားတဲ့ခြေထောက်များကို ဆန့်ထုတ်လိုက်ကာ စားပွဲအောက်က ကောင်လေး၏ခြေထောက်ကို ထိလိုက်သည်။


ကျင်းစစ်က စာအုပ်ကိုလှန်လိုက်ပြီး လှည့်မကြည့်လာသော်လည်း ဘေးတစ်ဘက်သို့ပိုတိုးလို့သွားသည်။


ယင်းကျောင်းက သူ့ခြေထောက်ကိုပိုပိုပြီး ဆန့်လာကာကျင်းစစ်စားပွဲခုံအောက်မှ နေရာတော်တော် များများအား ယူလိုက်တော့သည်။


ကျင်းစစ်က သည်းခံပြီးရင်းသည်းခံပြီးနောက် ထိန်းမထားနိုင်တော့သဖြင့် သူ့ခေါင်းကိုလှည့်ကာ အေးစွာကြည့်လိုက်၏။


”မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ...”


ယင်းကျောင်းက သူ၏အေးစက်တဲ့မျက်နှာကို မမြင်ဟန်ဆောင်ကာ သူ့စာအုပ်ခုံအောက်က တရုတ်စာအုပ်ကို ဆွဲထုတ်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင်လှန်လိုက်သည်။


”မင်းငါ့ကို 'ပုလွေဆရာရှင်း' အကြောင်း မနက်က ရှင်းပြချင်နေတာမဟုတ်လား..ဒါပေမဲ့ အခုငါ့ကို ဘာလို့မရှင်းပြတော့တာလဲ...“


ကျင်းစစ်က တခဏမျှကြောင်အသွားကာ သူကယင်းကျောင်းအား ဤလောက်အလေးအနက်ထားလိမ့်မည်ဟု မထင်ထားခဲ့ချေ။


သူက နံရံကပ်နာရီကို မော့ကြည့်လိုက်ပြီး နံပါတ်သုံးအချိန်က စတော့မည်ဖြစ်တာကြောင့် ယင်းကျောင်း အား ချိုချိုသာသာလေးညှိနှိုင်းလိုက်သည်။


”အတန်းကစတော့မှာ အခုရှင်းပြရင်ပြီးမှာမဟုတ်ဘူး..”


“အဆင်ပြေပါတယ်.”


ယင်းကျောင်းက ခပ်တိုးတိုးရယ်လိုက်ကာ ဘာသာစကားစာအုပ်ကို သူ့ခုံဘက်သို့ တွန်းပို့သည်။


”မင်းပြောနိုင်သလောက် ရှင်းပြပေး..”


သူက ယခုလိုပြောလာခဲ့ပြီဖြစ်တာကြောင့် ကျင်းစစ်ကလည်း မငြင်းဆန်နိုင်တော့သဖြင့် ရှေ့ဆက်ဖို့သာတတ်နိုင်သည်။


” ဆောင်းဦးရာသီ၌ မေပဲလ်သစ်ရွက်များ၊ မြက်ပန်းလေးနှင့်အတူ ညအချိန်၌ ရွှင်ယန်မြစ်ဝတွင် ဧည့်သည့် များအား နှုတ်ဆက်ခဲ့သည်... ဒီစာကြောင်းရဲ့အဓိပ္ပာယ်က….”


ကောင်လေးရဲ့အသံက ညင်ညင်သာသာအေးချမ်းစွာဖြင့် သူ့နားထဲသို့ တည်တည်ငြိမ်ငြိမ် ဝင်ရောက်လာသည်။


ယင်းကျောင်းက သူ့ကိုအနည်းငယ်ကြည့်နေမိသည်။


မနက်ခင်း၏ ဆယ်နာရီခွဲ၌ နေရောင်ခြည်က အချိန်ကိုက်ကျရောက်လာကာ နွေးထွေးဖွယ်အလင်းက ကျင်းစစ်အပေါ် ကျရောက်လာသည်။ ယင်းကျောင်း၏ မြင်ကွင်း၌ သူကကောင်လေး၏ သေးငယ်သည့် မွေးညှင်းကလေးများကိုပင် မြင်နေရသည်။


သူ့၏ နှင်းဆီရောင်နှုတ်ခမ်းက ဖွင့်လိုက်ပိတ်လိုက်ဖြင့် ရံဖန်ရံခါတွင်လည်း ဖြူဖွေးသည့်သွားလေးများကို ပေါ်လာစေ၏။


ဘေးပတ်ဝန်းကျင်မှ လေကအနည်းငယ်ငြိမ်သွားပြီး စိတ်မြန်လက်မြန်ဖြစ်မှုနှင့် ဒေါသများကလည်း ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။


ယင်းကျောင်းက သူ့အကြည့်ကိုနိမ့်လိုက်ပြီး သူ့အကြည့်က စာရွက်အား ထိကိုင်ထားသည့် ကောင်လေး၏သွယ်လျသည့် လက်ချောင်းများထံ ကျရောက်သွားချိန်၌ သူ့မျက်လုံးထဲမှ ရန်လိုမှုများကလည်း တဖြည်းဖြည့်လျော့နည်းသွားသည်။


နံပါတ်သုံးချိန်မြောက်က ဆရာလျို၏သင်္ချာချိန်ဖြစ်သည်။ အတန်းထဲ၌ တစ်မိနစ်နားချိန် ကုန်လွန်သွားသည်ကြောင့် မစ္စတာလျိုက သင်ကြားရေးလမ်းညွှန်နှင့် သင်္ချာစာအုပ်ကို ကိုင်ပြီး ခက်သွက်သွက်ဝင်ရောက်လာသည်။


“အပိုင်းသုံးရဲ့ဒုတိယပိုင်းကို လှန်လိုက်ကြ.. မညီမျှခြင်းအကြောင်း စပြီးဆွေးနွေးကြရအောင်..”


ဆရာလျိုက သူ့၏တောက်လောင်နေသော မျက်လုံးများဖြင့် သင်ပုန်းဖျက်ကို ကိုင်လိုက်ပြီးနောက် သင်ပုန်းကို နှစ်ချက်ပုတ်လိုက်သည်။


”အနောက်မှာ အိပ်နေကြတဲ့သူတွေအားလုံး အာရုံစိုက်ကြ.. မင်းတို့မျက်လုံး ထပ်မှိတ်လို့ကတော့ ငါမင်းကို ဟောပြောခန်းထဲသွားပြီး အိပ်ခွင့်ပေးမယ်...”


သူက နောက်ထပ်ထပ်ပြီး ဆိုလိုက်သည်။


”ဟုတ်ပြီ..အခုမညီမျှခြင်းကို သက်သေပြဖို့အတွက် အခြေခံနည်းကို အရင်ကြည့်ရအောင်….”


ဆရာလျို၏ အသံက ကျယ်လောင်ကာ စင်္ကြံမှ ရပ်ပြီးနားထောင်လျှင်ပင် ကြားနိုင်သည်ဖြစ်၍ သူ့တို့အား သူ့အသံမကြားရမှာ မပူစေရပေ။


နားထောင်ရင်းဖြင့် ကျင်းစစ်က အဓိကအချက်များကို ထုတ်လိုက်ပြီး မှတ်စုလိုက်ရေးသည်။


ဤမှတ်စုက သူကိုယ်တိုင်အတွက် မဟုတ်ကာ ယင်းကျောင်းအတွက်ဖြစ်သည်။


ယင်းက သူကတိပေးထားသည့်အရာပင် ဖြစ်ကာ သူကအံကြိတ်ပြီးလုပ်ရမည်ဆိုလျှင်ပင် သူဆက်လုပ်ရပေမည်။


ကျင်းစစ်က လျင်မြန်စွာရေးနေရင်းပင် စိတ်ထဲ၌ ကိုယ့်ကိုကိုယ်လျှို့ဝှက်စွာ နှစ်သိမ့်ပေးနေသည်။


အဘယ်ကြောင့်ဆိုသော် ဤမှတ်စရာအချက်များအားလုံး ထုတ်နုတ်ပြီးသွားသည်နှင့် ယင်းကျောင်းဖြင့် ဆက်ဆံစရာမလိုတော့ချေ။


သူဤအကြောင်းတွေနေဆဲမှာပင် သူ့လက်က ရုတ်တရက်အထိခံလိုက်ရသည်။


ကျင်းစစ်က ယင်းကျောင်းအား သတိပေးသည့် အကြည့်ဖြင့်ကြည့်လိုက်ပြီး ကျောက်သင်ပုန်းကိုထိုးပြကာ သင်ခန်းစာအား လိုက်နားထောင်ရန်ညွှန်ပြသည်။


ယင်းကျောင်းက နားမထောင်ကာ သူ့ညာလက်ကို ကြည့်ပြီးတီးတိုးပြောသည်။


”မင်း စာရေးပုံရေးနည်းက ဘယ်လိုကြီးလဲ..”


ကျင်းစစ်၏ လက်ရေးကလှပပြီးကြည့်ကောင်းသော်လည်း သူ့၏စာရေးနည်းက ပုံစံမကျချေ။ ယင်းကျောင်းက သူ့အား အကြာကြီးကြည့်နေပြီးနောက် သူပိုပြီးကြည့်လေလေ တစ်ခုခုလွဲနေကြောင်း ခံစားရလေဖြစ်ကာ အသိမပေးဘဲမနေနိုင်ချေ။


”မင်းလက်မကိုအရှည်ကြီးဆန့်ပြီး ဘာလုပ်တာလဲ..နောက်နည်းနည်းဆုတ်လိုက်ဦး...”


ပြဿနာကို သိသောကျင်းစစ်က ခေါင်းယမ်းလိုက်သည်။


”နှစ်တွေ တော်တော်လေးကြာနေပြီဆိုတော့ ငါပြောင်းလို့မရတော့ဘူး”


ယင်းကျောင်က နှာမှုတ်လိုက်သည်။


”ပြောင်းလို့မရဘူးလား..”


သူက သူ့လက်ကို ဆန့်လိုက်ပြီး ကျင်းစစ်ညာလက်အား ကိုင်လိုက်ကာ သူ့လက်ချောင်းများကို ဘောပင်မှတစ်ခုချင်းဖယ်ရှားပြီး မှန်ကန်သည့်အနေအထားရောက်အောင် ဖြည်းဖြည်းချင်းရွှေ့ပေးလိုက်သည်။


”ဒီအတိုင်းရေး..”


ကျင်းစစ်ပါးက အနည်းငယ်ပူလာသည်။


”မလုပ်နဲ့...ငါကိုယ်တိုင် လုပ်နိုင်ပါတယ်..”


ယင်းကျောင်းက မယုတ်မချွန်ပြုံးလိုက်ကာ သူ့ညာလက်ကိုစိုက်ကြည့်နေ၏။


ကျင်းစစ်က သူ့ကိုကြည့်လိုက်ပြီးနောက် မသက်မသာခံစားလိုက်ရသည်။


သူက သူ့ဘယ်ဘက်လက်၏လက်ခလယ်ကို ကွေးလိုက်ကာ သူ့လက်ဖဝါးကိုကုတ်လိုက်ပြီးနောက် သူ့၏ရေးပုံအနေအထားက ပုံစံမကျပြန်ဖြစ်သွားသည်။


“မင်းဘယ်လိုဖြစ်နေတာလဲ..”


ယင်းကျောင်းက မျက်မှောင်ကျုံ့လိုက်ကာ ငေါက်လိုက်သည်။


”မင်းဘာလို့ပြန်ပြောင်းလိုက်တာလဲ..ပြင်လိုက်...”


မှားနေတဲ့ရေးပုံရေးနည်းက ပင်ပန်းစေကာ အချိန်အနည်းငယ်အတွင်းမှာပင် ကျင်းစစ်၏ညာဘက် လက်ခလယ်သည် သူ့လက်အား လက်သည်းရာထင်သွားစေသည်။


သူ့အသားအရည်က ဖြော့တော့နေခြင်းကြောင့် ဤအမှတ်က ပိုပြီးသိသာထင်ရှားလာသည်။


ယင်းကျောင်းက သူ့၏သွယ်လျတဲ့လက်ချောင်းများအား ဆန့်လိုက်ကာကောင်လေး၏ လက်ချောင်လေး များအားတောက်လိုက်ပြီး ပေါ့ပေါ့ပါးပါးပြောလာသည်။


”အတန်းဖော်လေး..မင်းတမင်လုပ်နေတာလား... ငါမင်းလက်ကို ခဏခဏကိုင်ပြီး ပြောင်းပေးဖို့လိုသေးလား...”


ကျင်းစစ်က သူ့ကိုခက်ထန်သည့်အကြည့်ဖြင့် ကြည့်ကာသူ့လက်ချောင်းများကို ကိုးရိုးကားရားဖြင့် ပုံစံမှန်သို့ပြောင်းလိုက်သည်။


ယင်းကျောင်းက သူ့၏ဒေါသအကြည့်လေးကို သဘောကျပေသည်။ သူက ၎င်းကိုတွေ့လိုက်တာနှင့် ထပ်ပြီးစချင်လာသည်။ ဆရာလျို၏ ကျယ်လောင်တဲ့အသံက သူနားထဲဝင်လာ၏။


”ယင်းကျောင်း.. ကျင်းစစ်.. မင်းတို့နှစ်ယောက်ဘာလုပ်နေကြတာလဲ..”


ဆရာလျိုက သူ့သင်္ချာစာအုပ်အား ရှေ့ခုံသိုပစ်ချလိုက်ကာ မည်းမှောင်နေသည့်မျက်နှာဖြင့် အော်လိုက်သည်။


”မင်းတို့ အသက်ဘယ်လောက်ရောက်ပြီလဲ..ဟမ်..မူလတန်းကျောင်းသားတွေလား...အတန်းထဲမှာ မင်းတို့လက်တွေကိုင်ထားကြတာ..”


“မင်းတို့နှစ်ယောက် ငါ့အတွက်ထကြစမ်း...ယင်းကျောင်း... မင်းဘာကိုရယ်နေတာလဲ.. လာ...ငါ့ကို ပြောပြစမ်း..အတန်းထဲမှာစကားများပြီးမင်းတို့ဘာလုပ်ချင်နေကြတာလဲ...”


ယင်းကျောင်းက ပျင်းရိစွာထလိုက်သည်။ သူ့၏ကျောင်းယူနီဖောင်းဂျတ်ကတ်က သူ့အပေါ်၌ လျော့ရွဲစွာဆွဲထားသော်လည်း ပုံပျက်ပန်းပျက်မဟုတ်ချေ။ တစ်နည်းအားဖြင့် ပျင်းရိဖွယ်ချောမောသည့် စတိုင်မျိုးရနေပေသည်။ သူ့ကနှုတ်ခမ်းကို တင်းကျပ်စွာစေ့လိုက်သည်။


”တောင်းပန်ပါတယ်ဆရာ...ကျွန်တော်တို့ကြားဆက်ဆံရေးက အရမ်းကောင်းလို့ထိန်းချုပ်မရလိုက်ဘူး”


ဆရာလျိုက သွေးအန်လုနီးပါးအထိ အရမ်းဒေါသထွက်လာသည်။


”မင်းတို့နှစ်ယောက်က ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်လား...”


သူက ထိုနှစ်ယောက်ကို တစ်နှစ်လောက်စာသင်ခဲ့ပြီးပါပြီ။ ဘာလို့အခုထိသူက သူတို့ကိုနားမလည်နိုင်သေးတာလဲ။


သူက အရင်တစ်ခါထိုင်ခုံအပြောင်းအလဲဖြစ်ကတည်းက ယင်းကျောင်းက ကျင်းစစ်အား တမင်အနိုင်ကျင့်နေသည်ဟု သံသယရှိနေခဲ့သည်။


ယင်းကျောင်းက နက်နက်ရှိုင်းရှိုင်း သက်ပြင်းချလိုက်သည်။


”ကျွန်တော့်အမေက ငယ်ငယ်ကတည်းက လိမ်မပြောဖို့ သင်ကြားပေးခဲ့ပေမဲ့ အခုခေတ်မှာ ဘယ်သူကမှအမှန်တရားကို မယုံကြတာခက်တယ်ဗျ...”


သူက သူ့လက်ကိုကူကယ်ရာမဲ့ဆန့်ထုတ်လိုက်ပြီး သူ့ညာလက်ကို ကျင်းစစ်ပုခုံးပေါ်တင်လိုက်သည်။


”ကျွန်တော်သူ့ကို အရမ်းကြိုက်တယ်... တကယ် သူက ကျွန်တော်နဲ့ အရမ်းဆင်တူတယ်...”


ဆရာလျိုက သူ့ဒေါသကို ဖိနိုပ်လိုက်သည်။


”မင်းတို့နှစ်ယောက်က ဘယ်နေရာမှာဆင်တူနေလို့လဲ...”


အခုနောက်ပိုင်းကျင်းစစ်က အလွန်ကြိုးစားပြီး များစွာတိုးတက်လာကာ သူနှင့်အရမ်းကွဲပြားသည်ဟု ပင် ပြောလိုက်ချင်တော့သည်။


သို့ပေမဲ့ယင်းကျောင်းက နောက်ထပ်ဆက်ပြောလိုက်သည်။


”ကျွန်တော်တို့နှစ်ယောက်လုံး အရမ်းချောကြတယ်လေ...”


ဆရာလျို ”…”


ဆရာလျှိုက သည်းမခံနိုင်တော့သဖြင့် သူတို့နှစ်ယောက်အား ဒေါသတကြီးဖြင့် စင်္ကြံသို့ထွက်ခိုင်းတော့သည်။


ဤသည်ကကျင်းစစ်၏ပထမဆုံးထွက်ရပ်ရန် အပြစ်ပေးခံရခြင်းဖြစ်ကာ သူအချိန်အတန်ကြာမတုံ့ပြန်နိုင်ခဲ့ချေ။ ယင်းကျောင်းက သူ့ကိုဆွဲသွားကာ အတန်းထဲမှကြော့မော့စွာ ထွက်သွားသည်။


ဆရာလျိုက လှောင်ရယ်လိုက်ပြီး သူတို့နှစ်ယောက်အား ကြည့်နေသည်။


”မင်းတို့နှစ်ယောက်ဆက်ဆံရေးက ကောင်းတယ်ဟုတ်လား...ကောင်းပြီမင်းတို့နှစ်ယောက် အခုလိုမျိုးငါ့အတွက် လက်ဆွဲပြီးရပ်နေကြ..အတန်းမပြီးခင်အထိ မဖြုတ်ကြနဲ့....”


ကျင်းစစ်မျက်နှာက ချက်ချင်းနီရဲသွားတော့သည်။


'အပြစ်ပေးလို့ ရပ်နေရတာက အဆင်ပြေပါတယ်၊ ဘာလို့လက်ကိုင်ထားရမှာလဲ။'


သူက ဆရာလျိုအားပြန်ချေပရန်ကြိုးစားနေစဉ်မှာပဲ ယင်းကျောင်းက သူ့လက်ကိုဆွဲယူလိုက်ပြီး သဘာဝကျကျဆုပ်ကိုင်လိုက်သည်။ ပြီးနောက် ခေါင်းကိုလှည့်လိုက်ကာ ဆရာလျိုကို ရိုးသားစွာ ကျေးဇူးတင်လိုက်သည်။


”ကျွန်တော်တို့ကို နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာ...”


သူက အခုဆရာလျိုအတွက် ချမ်ချွမ်ကိုပင် ဆိုပေးချင်သွားသည်။ (T/n-သီချင်းတစ်ပုဒ်)


ဆရာလျိုက အရမ်းဒေါသထွက်လာကာ အနောက်သို့လှည့်ပင်မကြည့်တော့ဘဲ အခန်းထဲဝင်သွားကာ တံခါးကိုစောင့်ပိတ်လိုက်သည်။


“ဆရာက ဘာလို့အရမ်းဒေါသထွက်နေရတာလဲ...”


ယင်းကျောင်းက အပြုံးတစ်ပွင့်ဖြင့် သူ့ခေါင်းကိုလှည့်လိုက်ပြီး ကျင်းစစ်ဘက်သို့ မျက်မှောင်ကျုံ့ပြသည်။


”မင်းလည်းစိတ်တိုနေတာလား... ညီလေး ဒါမင်းကောင်းဖို့အတွက်လေ...”


ယင်းကျောင်းက သူတို့နှစ်ယောက်၏လက်များကို မြှောက်လိုက်ကာ ကျင်းစစ်ကိုအောက်သို့ကြည့်ရန် သူ့မျက်လုံးများဖြင့်ညွန်ပြသည်။


”မင်းလက်ချောင်းတွေ ဘယ်လောက်ဖိအားခံရလဲဆိုတာကြည့်လေ...ဟုတ်ပြီလား..စိတ်မဆိုးပါနဲ့ မဟုတ်ရင်အကို….”


“ငါစိတ်မဆိုးဘူး..”


ကျင်းစစ်က သူ့ကိုကြားဖြတ်ဝင်ပြောလိုက်သည်။ သူက ယင်းကျောင်းအား ဤသည်ကသူ့ကောင်းရန်အတွက်ဟု မည်ကဲ့သို့တွေးသလဲဆိုသည်အားမသိသော်လည်း…


သူက ယင်းကျောင်းကို ကြည့်ပြီးမျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။


”ငါတို့သင်္ချာချိန်ကို လွတ်သွားပြီ... မင်းနောက်အချိန်တွေမှာ ဒါတွေနားလည်နိုင်မယ်ထင်လား... မဟုတ်ရင်ငါတို့ပြန်ဝင်တဲ့အခါ ငါမင်းကိုပြန် ပြောပြလို့ရတယ်.. နောက်ပြီး ငါတို့အချိန်ရှိရင်….”


“ကောင်းပြီ..ငါအဆင်ပြေတယ်..”


သူ့နှုတ်ခမ်းများက ကွေးတက်လာကာ သူ့အသံကလည်း ညင်သာလှသည်။


”အတန်းဖော်ငယ်လေး ဒီအကြောင်းတွေကို မစဉ်းစားနဲ့.. ဆရာ့စကားနားထောင်ပြီး ငါ့လက်ကိုသာ ကောင်းကောင်းဆုပ်ကိုင်ထား...”


သူက ပြောရင်းဖြင့် ကျင်းစစ်လက်ကို လွှတ်လိုက်ကာ သူ့လက်ကို ကျင်းစစ်ကိုယ်တိုင် အရင်ကိုင်ရန်ညွှန်ပြသည်။


ကျင်းစစ်မျက်လုံးများက ပြူးကျယ်လာကာသူ့နားများကလည်း အနည်းငယ်နီလာသည်။


ယင်းကျောင်းက သူ့မျက်လုံးကိုစိုက်ကြည့်ပြီးနောက် တိတ်တခိုးရယ်လိုက်၏။


”ဘာလဲ.. မင်းကအခု ဆရာ့စကားကို နားမထောင်တော့ဘူးလား...”


ကျင်းစစ်က သူ့မျက်လုံးကို အောက်စိုက်လိုက်ပြီး သူ့မျက်တောင်ဖျားလေးများကတုန်ခါနေ၏။


”မဟုတ်ဘူး...”


ယင်းကျောင်းက သူ့အသံအား နိမ့်လိုက်ကာ ကောင်လေး၏နားထံ တိုးကပ်ပြီး ပြောလိုက်သည်။


”ပြဿနာ တစ်ခုခုရှိလို့လား...”


ကျင်းစစ်က တိတ်ဆိတ်နေသည်။


အချိန်အတန်ကြာပြီးနောက် သူကနောက်ဆုံး၌ ငြင်သာစွာခေါင်ယမ်းလိုက်သည်။


ယင်းကျောင်း ရယ်လိုက်ပြီးနောက် သေးသွယ်ဖြူဆွတ်လှတဲ့လက်ကလေးက ဆန့်တန်းလာကာ သူ့လက်ဖဝါးထဲ၌ ရောက်သည်နှင့် တင်းကြပ်စွာဆုပ်ကိုင်ထားလိုက်တော့၏။


_ __