အပိုင်း၁၇
Viewers 14k

Chapter 17

Chapter 17


-----------------------



ကျင်းစစ်က ဖြေဆိုခန်းအတွင်းသို့ နောက်ဆုံးဝင်ရောက်သူဖြစ်သည်။ အခန်းအတွင်းသို့ဝင်သွားပြီးနောက် အနက်ရောင်သင်ပုန်းပေါ်မှ ထိုင်ခုံစာရင်းအားတစ်ချက်မျှပင်မကြည့်ဘဲ ကျင်းစစ်နာမည်နှင့်ကျောင်းသားနံပါတ်ရှိသော တောင်ဖက်လိုင်း၏နောက်ဆုံးထိုင်ခုံဆီသို့ ယင်းကျောင်းကလျှောက်သွားသည်။


ယင်းကျောင်းက ကျင်းစစ်၏စားပွဲခုံပေါ်သို့ ကျောပိုးအိတ်အားတင်ပေးလိုက်သည်။ စာမေးပွဲအတွက် လိုအပ်သည်များအား ပြင်ဆင်နေသောကျင်းစစ်ကို စောင့်ကြည့်ပြီးနောက် ပြောလိုက်သည်။


"ငါ စာမေးပွဲကို အတန်း၂၁မှာဖြေမှာ...မင်းတစ်ခုခုလိုအပ်ရင် ခေါ်လိုက်..."


သူ၏‌ဖော်ရွေသောအပြုအမူအား ကျင်းစစ် ကျေးဇူးတင်လိုက်ပြီး လက်ခံသည့်ပုံစံဖြင့် ခေါင်းညိတ်ပြလိုက်သည်။


သူ့နေရာတွင် မတ်မတ်ကလေးထိုင်နေသည့်ပုံစံအားကြည့်ရင်း ယင်းကျောင်း၏မျက်လုံးတွင် ပြုံးရောင်သန်းသွားသည်။ သူ့အနောက်တွင်ရှိသောထိုင်ခုံအား ဆွဲယူလိုက်ပြီး ကျင်းစစ်ဘေးတွင် ၀င်ထိုင်လိုက်သည်။ သူစိုးရိမ်နေမည်မဟုတ်မှန်းသိနေသော်လည်း ထက်ပြောလိုက်သည်။


"လီရှစ်တို့ကို ကြောက်မနေနဲ့...စာမေးပွဲက မကြာခင်ပြီးသွားမှာပါ...စိတ်ထဲမထားနဲ့..."


ကျင်းစစ်က သူ့အား ပထမဦးဆုံးအကြိမ်အဖြစ် ပြုံးပြလိုက်သည်။


"အင်းပါ...မထားပါဘူး..."


"ကောင်းတယ်..."


ထိုကွေးညွတ်နေသောနှုတ်ခမ်းကိုမြင်လိုက်ရခြင်းသည် ယင်းကျောင်းအား စိတ်ချမ်းသာစေ၏။


"အတန်းဖော်လေး...ကြိုးစား...လောင်လျိုကလည်း မင်းကိုယုံကြည်ချက်အပြည့်ဖြစ်စေချင်တာ..."


အတန်း၇သည် ယခုရက်ပိုင်းတွင် လှောင်ပြောင်ခြင်းခံနေရပြီး ကျင်းစစ်အပေါ်အားထားနေကြသည်။


မယ်တော်ကွမ်ယင်ရုပ်ထုလေးအား လည်ပင်း‌‌ပေါ်တွင်ကိုင်လျှက် ကျင်းစစ်အတွက်ဆုတောင်းနေသော ကျန့်ချွယ်ကိုပင်လျှင် မနေ့က ယင်းကျောင်းတွေ့ခဲ့ရသည်။


အတန်း၇ရှိ အချို့ကျောင်းသားများသည်လည်း ထိုနည်း၎င်းပင်ဖြစ်နေကြသည်။ သူတို့ကိုသာ ယင်းကျောင်းမတားဆီးခဲ့လျှင် ကျင်းစစ်အား သူတို့အားလုံး ခြေအိတ်အနီများ ပို့ကြမည်မှာသေချာပေါက်ပင်။


ထိုကောင်လေးမည်မျှစွမ်းဆောင်နိုင်မည်ဆိုသော ရလဒ်အား ယင်းကျောင်းမသိသော်လည်း ယခုရက်ပိုင်းအတွင်း သူ၏လေ့လာသင်ယူမှုများအရဆိုလျှင် ထိပ်ဆုံး၃၀၀ဆိုသည်မှာ အလွယ်ကလေးသာဖြစ်သည်။


အတန်း၇၏ဂုဏ်သိက္ခာအတွက် အတိအကျတိုက်ပွဲဝင်နေသော ကျင်းစစ်က ခေါင်းညိတ်ပြသည်။


"ကြိုးစားပါ့မယ်..."


ကျင်းစစ်က ထိုအတန်း၇အဖွဲ့သေးလေးအား အလွန်ခင်မင်မိသည်။


အတန်း၇ကျောင်းသားများသည် ကစားမက်ပြီး စာသင်ယူခြင်းနှင့် ကိုယ်ပိုင်လေ့လာချိန်များအား မနှစ်သက်သော်လည်း သိုးအုပ်များကဲ့သို့ အုပ်စုဖွဲ့နေကြသူများဖြစ်သည်။ သို့သော် သူတို့သည် လွန်စွာစဉ်းစားချင့်ချိန်တတ်ကြပြီး မိသားစုအာဏာအားအသုံးချကာ ကျောင်းအတွင်း လုပ်ချင်တာလုပ်ခြင်းမရှိပေ။ အကယ်၍ တစ်စုံတစ်ခုဖြစ်ခဲ့လျှင်ပင် ဆရာလျိုအား ဘေးရန်ကင်းစေသည်။


ထိုတင်မကသေးဘဲ အတန်း၇သည် ကျင်းစစ်မြင်ဖူးသမျှထဲတွင် အစည်းလုံးဆုံးအတန်းဖြစ်သည်။


သူ၏ယခင်အတန်းသည် ကျောင်းတွင်အတော်ဆုံးအတန်းဖြစ်သည်။ သို့သော် ကျောင်းသားများအကြားမှ ဆက်ဆံရေးမှာမူ အလွန်ဆိုးရွားလှသည်။ သင်ခန်းစာလေ့လာရုံကလွဲ၍ အချင်းချင်းအခေါ်အပြောပင်မလုပ်ကြချေ။


ယခုလို စည်းလုံးသော အတန်း၇ကဲ့သို့မဟုတ်ပေ။


အတန်းအသီးသီးကြားတွင် ဆွေးနွေးပွဲ၏ပို့စ် ပြန့်နှံ့သွားပြီးနောက် ကျင်းစစ်အနားတွင် လေဟာနယ်အပိုင်းအခြားတစ်ခု ဖြစ်ပေါ်လာသည်။


စနောက်လှောင်ပြောင်သူများက ဆက်လက်၍မပြုလုပ်ကြတော့ဘဲ ချက်အတွင်းမှသူများပင် ပါးစပ်ပိတ်ကုန်ကြသည်။ သူစာကျက်၍မရအောင် နှောက်ယှက်ခြင်းအား ပြုလုပ်သူ မည်သူမှမရှိတော့ချေ။


"အိုကေ...အရမ်းစိတ်မဖိစီးနဲ့..."


ယင်းကျောင်းက မတ်တတ်ရပ်ကာ တခစ်ခစ်ရယ်လိုက်ပြီး "အရင်အတိုင်းပဲလုပ်...ငါသွားတော့မယ်..."


ကျင်းစစ်က ခေါင်းညိတ်ပြလိုက်သည်။ ယင်းကျောင်းထွက်သွားသည်ကိုကြည့်ပြီးနောက် သူ့ခေါင်းကိုငုံ့ကာ စိတ်ထဲတွင် စာပြန်နွှေးနေလိုက်သည်။


ပထမဆုံးစမေးပွဲသည် တရုတ်ဘာသာရပ်ဖြစ်ပြီး နောက်ဆုံးဖြေဆိုခန်း၏ စာမေးပွဲခန်းစောင့်ဆရာသည် တန်းခွဲ၁မှ ဆရာမကျန်းကျင်းဖြစ်သည်။


ဖြေဆိုခန်းတွင် ဖြေဆိုသူများစုံသွားသောအခါ ဒေါက်မြင့်ဖိနပ်စီးထားသော ကျန်းကျင်းသည် မေးခွန်းလွှာများကိုကိုင်လျက် အခြားအမျိုးသားဆရာတစ်ဦးနှင့် ဝင်ရောက်လာသည်။


သူမ စင်ပေါ်တွင်ရပ်ကာ အောက်ကကျောင်းသားများအား မျက်နှာမာမာနှင့်အထက်စီးဆန်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။


"ငါက တန်းခွဲ၁က အတန်းပိုင်...ဒီတစ်ကြိမ် ငါမင်းတို့ကို ကြီးကြပ်မယ်..."


ခက်ထန်မှုပြည့်နေသော တင်းမာသည့်မျက်နှာထားနှင့် သူမ တစ်ချက်ရပ်လိုက်သည်။


"သနားစရာကောင်းတဲ့ကျောင်းသားအတွက် မျက်လုံးတစ်လုံးဖွင့်ထားပြီး နောက်တစ်လုံးပိတ်ထားပေးမယ့် ဆရာတွေထဲမှာ ငါမပါဘူး...ငါ့စာမေးပွဲခန်းထဲမှာ ခိုးချတာမိလို့ကတော့ ငါသနားနေမှာမဟုတ်ဘူး..."


သူမ၏လက်ချောင်း၂ချောင်းအား တံတွေးစွတ်လိုက်ကာ မေးခွန်းလွှာများရေတွက်နေရင်း ပြင်းထန်စွာဆက်ပြောသည်။


"မင်းတို့အဆင့်ရမှတ်က ဘာမှမဟုတ်ဘူး...မင်းတို့စာမကျက်ရင် မင်းတို့ဘာသာမင်းတို့အပြစ်တင်...ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေရင် အခုလိုခိုးချလို့ရမယ်ထင်လား..."


"စာမေးပွဲနဲ့မသက်ဆိုင်တဲ့အရာအားလုံး ဘာမှမထားနဲ့...ရမှတ်အရမ်းမကျစေနဲ့...ပြီးတော့ ခိုးမချနဲ့..."


ထိုသို့ပြောပြီးနောက် နံရံပေါ်မှနာရီအားကြည့်ပြီး နံပါတ်များကပ်ထားသော မေးခွန်းလွှာများအား ထိပ်ဆုံးကကျောင်းသားတစ်ယောက်ချင်းစီသို့ ပေးလိုက်သည်။


"သေစမ်းပါကွာ..."


ကျန့်ချွယ်က ကျင်းစစ်၏အရှေ့ခုံတွင်ဖြစ်သည်။ နောက်ဆုံးမေးခွန်းလွှာအား ကျင်းစစ်ဆီသို့ လှမ်းပေးရင်း ကျိန်ဆဲပြောဆိုလိုက်သည်။


"ဒီစုန်းမအိုကြီးကများ ငါတို့ကိုယ်ကျင့်တရားကို မကောင်းဘူးပြောရဲသေးတယ်...ဘယ်သူကခိုးချနေလို့လဲ...ဗြဲ..."


လှုပ်ရှားသံကြားသဖြင့် သူတို့အားကြည့်နေသည့် သူမကို သိသော ကျန့်ချွယ်၏နားက အလွန်ပါးသည်။


ကျင်းစစ်က ကျန့်ချွယ်အား ရှူးလိုက်ပြီး စကားမပြောဘဲ စာမေးပွဲဖြေရန်ပြောသည်။


ကျန့်ချွယ်၏နှုတ်ခမ်းများ လှုပ်ရှားနေသော်လည်း ချုပ်တည်းထားလိုက်သည်။


မေးခွန်းလွှာရရှိပြီးနောက် မေးခွန်းများအား ကျင်းစစ်က အရင်ဆုံးဖတ်ကြည့်လိုက်သည်။


'အခြေခံဗဟုသုတက လွယ်တယ်...ဖတ်စာမေးခွန်းတွေကလဲ မခက်ပါဘူး...စာစီစာကုံးကတော့ ရုပ်ဝတ္ထုပစ္စည်းစာစီစာကုံး...'


သူ ဘောပင်ကိုကောက်ကိုင်လိုက်ပြီး ခေါင်းထဲတွင် စာစီစာကုံးအတွက်စာစီရင်း အခြေခံဗဟုသုတမေးခွန်းများအား အလျှင်အမြန်ဖြေဆိုလိုက်သည်။


အ‌ရှေ့သံထွက်အ‌ဖြေမှန်အား သူ ရေးချပြီးချိန်တွင် ဒေါက်မြင့်ဖိနပ်အသံသည် တဖြည်းဖြည်းနီးကပ်လာသည်။


ထို့နောက် ကျင်းစစ်၏အဖြေလွှာသည် ဆွဲယူခြင်းခံလိုက်ရသည်။ ကံကောင်းစွာနှင့် ရေးချနေသည်များကို အချိန်ကိုက်အမြန်ရပ်လိုက်သည်။ ထိုသို့မဟုတ်လျှင် အဖြေလွှာစာရွက်သည် ထက်ခြမ်းပြဲသွားလိမ့်မည်။


သူ မျက်မှောင်ကြုတ်ကာ ခေါင်းမော့လိုက်သည်။


ကျန်းကျင်း စားပွဲခုံပေါ်မှနာမည်အား တစ်ချက်ကြည့်လိုက်သည်။ လက်လှမ်းကာ ကျင်းစစ်မေးခွန်းလွှာ၏အောက်ရှိ အကြမ်းစာရွက်များအား ဆွဲထုတ်လိုက်ပြီး ကျင်းစစ်ကြိုတင်ရေးထားခဲ့သည်ရှိ မရှိ တစ်ရွက်ချင်းစီလှန်လှောကြည့်သည်။


ကျင်းစစ်က နှုတ်ခမ်းမသိမသာစူကာ ညင်သာစွာပြောလိုက်သည်။


"ဆရာမ...ကျေးဇူးပြုပြီး ကျွန်တော့်အ‌ကြမ်းစာရွက်ပြန်ပေးပါ..."


ကျန်းကျင်း၏လက်က ရပ်တန့်သွားပြီး သူ့အားအထင်အမြင်သေးစွာကြည့်သည်။


"ကျွန်တော် မေးခွန်းတစ်ခုဖြေရဦးမယ်..."


သူမအား တိမ်း‌ရှောင်ခြင်းမရှိဘဲ ကျင်းစစ် စိုက်ကြည့်လိုက်သည်။


"အကယ်၍ မသင်္ကာစရာ တစ်ခုခုတွေ့တယ်ဆိုလည်း ယူသွားပါ...ကျွန်တော်ဖြေဖို့ တစ်ခုခုယူခဲ့ပေးပါ..."


အခန်းအတွင်းမှ ဖြေဆိုသူများအားလုံး သူ့အားလှမ်းကြည့်ကြပြီး အတင်းစကားများပြည့်နှက်နေသော မျက်လုံးများက ဝင်းလက်သွားကြသည်။


ကျန်းကျင်းက သရော်ပြုံးပြုံးပြကာ စားပွဲခုံအပေါ် ဆက်ခနဲ ပစ်ပေးလိုက်သည်။ ကျင်းစစ်အား ညင်သာစွာ တစ်ချက်ကြည့်လိုက်ပြီး သူမ လှည့်ထွက်သွားသည်။


သူမသည်လည်း ဆွေးနွေးပွဲမှပို့စ်ကြောင့် ထိခိုက်ခဲ့သည်။


ကျန်းကျင်း၏အထင်သေးသော မျက်လုံးများအား စိုက်ကြည့်ရခြင်းသည် ကျင်းစစ်အတွက် ကြောက်ရွံ့ခြင်းမရှိသည့်အပြင် အထင်သေးခံရသည်ဟုလည်း မခံစားရချေ။


သူ ဘောပင်ကို ပြန်လည်ကောက်ကိုင်လိုက်ကာ အကြမ်းစာရွက်များအား တည်ငြိမ်စွာ နေရာချပြီး ဆက်လက်ဖြေဆိုလိုက်သည်။


'သူမနဲ့ပတ်သက်ပြီး ဘာမှဂရုစိုက်စရာမလိုဘူး...ရလဒ်ထွက်လာတဲ့အထိပဲစောင့်...အမှတ်စုစုပေါင်းကပဲ စကားပြောပါစေ...'


ကျင်းစစ် စိတ်ရှုပ်သွားခြင်းမရှိပေ။ ဖြေဆိုချိန်မပြည့်ခင် ၄၅မိနစ်တွင် သူ ဖြေဆိုပြီးသွားပြီဖြစ်သဖြင့် အဖြေများအား ပြန်လည်စစ်‌ဆေးပြီး အဖြေလွှာထပ်ကာ အခန်းထဲမှထွက်လာလိုက်သည်။


သူ ကဖေးဆီသို့ တန်းသွားလိုက်သည်။ သူထွက်လာခဲ့သည့်အချိန်စောနေသောကြောင့် ယခုအချိန် ကဖေးတွင် မည်သူမှရှိနေမည်မဟုတ်ပေ။


ကျင်းစစ်က စားပြီးသည်နှင့် ယခုမှထွက်လာသော လီကျိုးနှင့်တွေ့သည်။


လီကျိုးက ကျင်းစစ်အားတွေ့လိုက်သောအခါ သူကိုင်ထားသော ကဖေးစားသုံးခွင့်ကဒ်မှာ ကျိုးမတတ်ဖြစ်သွားသည်။ သူ ကျင်းစစ်၏ပုခုံးအား ထိတ်ထိတ်လန့်လန့်ကိုင်လျှက် နဖူးမှခြေတစ်ဆုံး စိတ်လှုပ်ရှားစွာကြည့်လိုက်သည်။


"မင်းဘာလို့အစောကြီးထွက်လာတာလဲ...မင်းစာရွက်တွေဆွဲဖြဲခံရတာလား...ဒါမှမဟုတ် လီရှစ်နဲ့တွေ့ခဲ့တာလား..."


ကျင်းစစ်က ရယ်ရမည်လား ငိုရမည်လား ဝေခွဲမရဖြစ်သွားပြီး ပုခုံးကိုရုန်းလိုက်ကာ စားဖို့ရန် လက်ဟန်ဖြင့်ပြလိုက်သည်။


လီကျိုးက စားစရာများကို လက်လွတ်စပယ်မှာယူလိုက်ပြီး ကျင်းစစ်နှင့် မျက်နှာချင်းဆိုင်ထိုင်လိုက်သည်။


"ဘာဖြစ်တာလဲ...မင်းဘာမှမပြောတာက ငါစိတ်ပိုပူတယ်..."


"အဆင်ပြေပါတယ်..."


ကျင်းစစ် ပြုံရယ်ကာ လီကျိုးအားကြည့်ရင်း ထမင်းအနည်းငယ်ယူစားလိုက်သည်။


"ငါဖြေပြီးသွားတော့လည်း စာအုပ်ထပ်ခဲ့တာပေါ့..."


လီကျိုးက မယုံသင်္ကာဖြင့် အသေအချာမေးသည်။


"ဖြေပြီးသွားတယ် ဟုတ်လား...မေးခွန်းအားလုံးလေ..."


သူ ပို၍စဉ်းစားလေ ပို၍မယုံနိုင်လေ ဖြစ်နေသည်။


"ဒီတစ်ခါ မင်းတကယ်ကို စာရွက်အလွတ်တွေမထားခဲ့ဘူးပေါ့..."


"ဟင့်အင်း..."


ကျင်းစစ်က ပါးစပ်ထဲမှ ထမင်းလုပ်အား မြိုချလိုက်ပြီး လီကျိုး၏လက်ထဲသို့ ဇွန်းကိုထိုးထည့်ပေးလိုက်သည်။


"မြန်မြန်စားပါ...ငါအကုန်လုံးဖြေခဲ့ပါတယ်...တစ်ခုခုမဖြစ်ခဲ့ရင်တော့ ငါထိပ်ဆုံး၃၀၀ထဲဝင်မှာပါ..."


လီကျိုးက သက်ပြင်းချကာ စိတ်သက်သာသွားသည်။


"မင်းလုပ်တာ ငါသေပါသေတော့မလို့ကွာ..."


သူတို့၂ဦး စား‌သောက်ပြီးချိန်တွင် အတန်းဆီသို့ ဦးတည်ထွက်လာလိုက်ကြသည်။


စာမေးပွဲကာလဖြစ်သည့်အတွက် အတန်း၇တွင် စားပွဲခုံများ ကျဲနေသည်။ ဘေးချင်းကပ်လျက်ဖြစ်စေ၊ အရှေ့အနောက်ဖြစ်စေ စားပွဲခုံများအကြားတွင် အတော်လှမ်း၏။


ကျင်းစစ်၏ထိုင်ခုံအနားတွင် ကျောင်းသားများရပ်နေကြသည်။ သူဝင်ရောက်လာသည်နှင့်တပြိုင်နက် အတန်း၇ကျောင်းသားများက အိမ်သို့ပြန်ကြသည့်ငှက်ကလေးများ ပျံသန်းသည့်အတိုင်း လျှင်မြန်စွာ သူ့ဆီရောက်လာကြသည်။


ချစ်စရာကောင်းသော မိန်းကလေးတစ်ယောက်ဖြစ်သည့် စာသင်ကြားမှုကော်မတီအဖွဲ့ဝင် ချန်မြောင်မြောင်က လူများအား အားပါပါဘေးသို့ဆွဲဖယ်တိုးဝှေ့ကာ ကျင်းစစ်နှင့်အနီးဆုံးနေရာဆီသို့ ရောက်အောင်သွားပြီး ထက်ထက်သန်သန်မေးလိုက်သည်။


"ဘယ်လိုလဲဟင်...ဖြေရတာအဆင်ပြေရဲ့လား..."


ချန်မြောင်မြောင်သည် စာသင်ကြားရန် လွန်စွာအာရုံစိုက်သူဖြစ်သော်လည်း သူမ၏သင်ယူမှုနည်းလမ်းသည် မှားယွင်းနေသည့်အတွက် အမှတ်တက်မလာခြင်းဖြစ်သည်။


ယခုရက်ပိုင်းအတောအတွင်း သူမက ကျင်းစစ်အား စာများမေးကာ တ‌ဖြည်းဖြည်းနှင့် သူ၏မိန်းကလေးပရိသတ်ဖြစ်လာခဲ့သည်။


ကျင်းစစ်က မေးခွန်းလွှာအား တစ်ချက်စဉ်းစားလိုက်ပြီး ပြုံးကာပြော၏။


"ကောင်းပါတယ်...ထိပ်ဆုံး၃၀၀ထဲဝင်ဖို့တော့ အိုကေပါတယ်..."


"အာ ဟ ဟား..."


ချန်မြောင်မြောင်က ကျင်းစစ်၏လက်ကို စိတ်လှုပ်ရှားစွာကိုင်လိုက်ပြီး ပြင်းပြင်းထန်ထန် လက်ဆွဲနှုတ်ဆက်လိုက်သည်။


"ကျင်းစစ်ရေ...အတန်း၇က ရှင့်ကိုအားထားနေရတာနော်...ပိုကြိုးစားပေးရမယ်နော်...အားတင်းထား..."


တံခါးဝမှဝင်လာသည့် ယင်းကျောင်းသည် ထိုမြင်ကွင်းအား မြင်လိုက်ရသည်နှင့် နှုတ်ခမ်းအစွန်းမှအပြုံးသည် အောက်သို့ကျဆင်းသွားတော့သည်။


သူ၏အနောက်တွင်ရှိသော ဟယ့်ကျိုးနှင့်ကျန့်ချွယ်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး နှလုံးသားများ နစ်ဝင်သွားကြ၏။


ယင်းကျောင်းသည် ပုံမှန်အားဖြင့် စိတ်ထိန်းချုပ်နိုင်စွမ်းကောင်းပြီး တော်ရုံ ဒေါသထွက်လွယ်သူ မဟုတ်ပေ။‌ အကယ်၍ မီးတောင်ကြီးသာပေါက်ကွဲပြီဆိုပါက မိုးကောင်ကင်နှင့်ကမ္ဘာမြေကြား မည်သူမှခံနိုင်စွမ်းမရှိသော အက်ကွဲကြောင်းဖြစ်ပေါ်လာလိမ့်မည်ဖြစ်သည်။


ဟယ့်ကျိုးက တံတွေးမျိုချလိုက်မိသည်။ ယင်းကျောင်း၏အာရုံအား ပြောင်းပစ်ရန် စကားလုံးများအလျင်စလိုလိုက်ရှာနေမိသည်။


"ဆိုတော့...အမ်...ဟိုလေ...အာ...ဟို...ဪ အကိုကျောင်း...ဒီလကုန် ကျွန်တော်တို့ ဘယ်မှာသွားဆော့ကြရင် ကောင်းမလဲ..."


သူက တုန်တုန်ယင်ယင်ဖြင့် ယင်းကျောင်း၏လက်မောင်းအား ဖက်လိုက်ပြီး အားယူပြုံးပြလိုက်သည်။


"1982မှာ တစ်ညလုံးသွားကဲကြမလား...လောင်ကျန့်ရဲ့မွေးနေ့လည်း လာတော့မှာဆိုတော့...အဲ့ဒီမှာပဲ အပီ ရှယ်ကဲကြမယ်လေ..."


ယင်းကျောင်းက ကျင်းစစ်နှင့်ချန်မြောင်မြောင်တို့၏ တွဲထားသောလက်တစ်စုံအား တည်ငြိမ်စွာ ကြည့်နေသည်။ ခဏအကြာတွင် သူက နှာမှုတ်ကာသရော်ပြုံးပြုံးလိုက်ပြီး ဟယ့်ကျိုးအားတွန်းဖယ်ကာ တည့်တည့်လျှောက်သွားလိုက်သည်။


သူလျှောက်လာသည်နှင့်တပြိုင်နက် ကျင်းစစ်အနားတွင် ရှိနေသောကျောင်းသားများအာလုံး ရုတ်တရက်ငြိမ်ကျသွားသည်။ နောက်တစ်စက္ကန့်တွင် ဗုံးတစ်လုံးပေါက်ကွဲသွားသကဲ့သို့ အားလုံးသူတို့နေရာဆီသို့ လွင့်စင်သွားကြသည်။


ချန်မြောင်မြောင် တစ်ဦးတည်းသာ စိတ်လှုပ်ရှားမှုများ စီးမျောစွာနှင့် ကျင်းစစ်၏လက်အား ကိုင်ဆွဲထားလျက်ရှိနေသေးသည်။


သူမအား ယင်းကျောင်းက စိတ်မပါသည့်ဟန် တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။


"နေ့လည်မှာဖြေမယ့် သင်္ချာအတွက် မင်းတော်တော်ကိုစိတ်လှုပ်ရှားနေတာပဲ...ကြည့်ရတာ ဒီတစ်ခါတော့ မင်းအောင်မယ်ထင်တယ်..."


ယင်းကျောင်းက ကြောက်စရာကောင်း‌အောင် ရက်စက်တတ်သူမျိုးပင်။ အထူးသဖြင့် တစ်ပါးသူ၏အားနည်းချက်နှင့် နာကျင်မှုတစ်ခုအား လှောင်ပြောင်ထိုးနှက်တတ်တာပင်။


ချန်မြောင်မြောင်၏အားနည်းချက်မှာ သင်္ချာဘာသာရပ်ဖြစ်ပြီး သူမ တစ်ခါမျှ စာမေးပွဲမအောင်ခဲ့ချေ။ ဆရာများစွာ သင်ပြပေးခဲ့သော်လည်း အချည်းနည်းသာဖြစ်ခဲ့သည်။


ချန်မြောင်မြောင်၏အပြုံးများ ရုတ်ချည်းပျောက်ကွယ်သွားသည်။ သူမက ယင်းကျောင်းအား ခက်ထန်သော အကြည့်ဖြင့်ကြည့်လိုက်သည်။ ထို့နောက် ကျင်းစစ်၏လက်အား ဖြုတ်လိုက်ပြီး ဒေါသတကြီး ထွက်ပြေးသွားတော့သည်။


ယခုအချိန်မှစ၍ ကျင်းစစ်သည်သာ သူမ၏ တစ်ဦးတည်းသောအမျိုးသားနတ်ဘုရားဖြစ်ချေသည်။


ရက်စက်ကြမ်းကြုတ်သောသူသည် အမျိုးသားနတ်ဘုရားအဆင့်မှ နှင်ထုတ်ခြင်းခံလိုက်ချေပြီ။


ချန်မြောင်မြောင်က ဒေါသတကြီးထွက်ပြေးသွားပြီဖြစ်သဖြင့် ကျင်းစစ်ဖက်ဆီသို့ ယင်းကျောင်းလှည့်လိုက်သည်။ ကျင်းစစ်၏လက်ကောက်ဝတ်အားဆွဲကိုင်လိုက်ပြီး အေးစက်သောမျက်နှာထားနှင့် သူ့အနားဆွဲကပ်လိုက်သည်။


"ဘာလုပ်တာလဲ..."


သူ မတုံ့ပြန်နိုင်ခင်သေးမှာပင် ကျင်းစစ်က မသိစိတ်ဝိုးတဝါးဖြင့် ရုန်းလိုက်မိသည်။


"ငါ့ကိုလွှတ်..."


ယင်းကျောင်းက လှောင်ပြုံးပြုံးသည်။


"မင်းရယ်နေတာမှ ပြုံးဖြဲနေတာပဲလေ...ကောင်မလေးတစ်ယောက်ရဲ့လက်ကိုင်ခံရတာ အဲ့လောက်ပျော်နေတယ်ဟုတ်လား..."


ကျင်းစစ်၏ပါးပြင်သည် အနည်းငယ်ရဲသွားပြီး ခွန်းတုံ့ပြန်ရန် မျက်လုံးမြှင့်ကြည့်လိုက်သည်။


"မဟုတ်ဘူး...အရေးမပါတာတွေ ပြောမနေနဲ့..."


သူ့အား ယင်းကျောင်းက ဂရုမစိုက်ချေ။


သူက ချန်မြောင်မြောင်ကိုင်ခဲ့သောလက်အား မြှောက်လိုက်သည်။ သူ၏လက်‌ချောင်းများကို ထိုလက်ချောင်းများနှင့် ကွက်တိ ယှက်ထည့်လိုက်ပြီး ကျင်းစစ်၏မျက်လုံးအား ကြည့်ပြီးလက်ချောင်းတစ်ချောင်းချင်းစီကို ချိတ်ဆက်၍ တင်းကျပ်စွာညှစ်ထားလိုက်သည်။


"မင်း..."


ကျင်းစစ်က ရှက်လည်းရှက်... ဒေါသလည်းထွက်ရင်း ချိတ်ထားသောလက်ချောင်းများအား ခါချသည်။


"ငါ့ကိုလွှတ်..."


ယင်းကျောင်းက ချန်မြောင်မြောင်ထွက်သွားရာ လမ်းကြောင်းဆီသို့ တင်းမာစွာကြည့်လိုက်ပြီးမဲ့ပြုံးနှင့်သရော်ပြုံးတို့ ရောထွေးနေသောအပြုံးမျိုးပြုံးလိုက်သည်။


"ဘာလဲ...သူကျကိုင်လို့ရပြီး ငါကမရဘူးပေါ့..."


ကျင်းစစ်မှာ စိုးရိမ်ပူပန်နေမိသည်။


"အဲ့လိုမဟုတ်..."


"ဒါဆို မင်းဘာလို့စိတ်လှုပ်ရှားနေတာလဲ..."


ယင်းကျောင်းက သူ့ခြေထောက်ကိုမြှောက်ကာ ဘေးရှိခွေးခြေအားချိတ်ယူလိုက်ပြီးနောက် ကျင်းစစ်၏အရှေ့တွင်ထိုင်ချလိုက်ပြီး မျက်ခွံအားလှန်၍ ကြည့်လိုက်သည်။


"အမှန်အတိုင်းပြော..."



____



စာရေးသူမှာ ပြောစရာရှိတယ်~


ဒီနေ့တော့ ဒေါသထွက်နေတဲ့ အကိုကျောင်းက အပိုင်းတိုမှာပါဝင်ဖို့ ငြင်းဆိုလိုက်ပါတယ်။


____