အပိုင်း၁၈
Viewers 12k

Chapter 18

Chapter 18


-----------------------



မူလ၌ တစ်တန်းလုံး၏အာရုံသည် ကျင်းစစ်ပေါ်တွင်ဖြစ်သည်။ ယင်းကျောင်း ဝင်ရောက်ပတ်သက်ပြီးသည်နှင့် အားလုံးနီးပါး၏အာရုံသည် လူ၂ယောက်အပေါ်ကျရောက်သွားသည်။


အနောက်တန်းမှကျောင်းသားများက စားပွဲများအား ကမန်းကတန်းရိုက်ကာ လေချွန်ကြတော့သည်။


မိန်းကလေးများသည်လည်း အချင်းချင်းကပ်သွားကြကာ မျက်လုံးများက သူတို့၂ဦးဆီမှ မခွာကြတော့ပေ။


ကျင်းစစ်၏ပါးပြင်က ကသိကအောက်ဖြစ်ကာ ရှက်ရွံ့ခြင်းနှင့် ရဲတွတ်နေပြီး သူက ယင်းကျောင်းအား စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။


"ငါ့ ကို လွှတ်..."


ယင်းကျောင်းက ရယ်မောလိုက်ပြီး "ဘာလဲကွ...ငါ့ကိုလဲ မင်းကိုင်နိုင်တယ်လို့ မပြောခဲ့လို့လား..."


ကျင်းစစ်က ချက်ချင်းတုံ့ပြန်လိုက်သည်။


"ငါမကိုင်ချင်ဘူး..."


ဟယ့်ကျိုးက တုန်ရီစွာ အချိန်အတော်ကြာအောင် ရပ်ကြည့်နေမိပြီး ဆက်၍ကြည့်မနေနိုင်တော့သဖြင့် ယင်းကျောင်း၏အင်္ကျီလက်ကို ဂရုတစိုက်ဆွဲလိုက်သည်။


"အကိုကျောင်း...ကျင်းစစ်က နေ့လည်မှာ စာမေးပွဲထပ်ဖြေရဦးမယ်လေ..."


ယင်းကျောင်းက သူ့ကို အေးတိအေးစက်ကြည့်လိုက်သည်။


"ငါကရော မဖြေရမှာမို့လား..."


'တူလို့လားကွာ...'


ထိုစကားကို ဟယ့်ကျိုး မပြောလိုက်မိခင် တစ်ဖက်တွင် ကျန့်ချွယ်က ပြောလိုက်သည်။


"အင်းပါ...အင်းပါ အကိုကျောင်းရယ်...စာမေးပွဲပြီးရင် ကြိုက်တာပြောလို့ရပါတယ်...ကျင်းစစ်လည်း ဒီနေ့ ဟိုစုန်းအိုမကြီးအနိုင်ကျင့်တာ ခံခဲ့ရသေးတယ်..."


ယင်းကျောင်းက သူ့ကို ရုတ်တရက်ကြည့်လိုက်သည်။


"ဘယ်သူ..."


ကျန့်ချွယ် မနက်ကဖြစ်ပျက်ခဲ့သည်များကို အပြည့်အစုံရှင်းပြလိုက်ပြီး ဆက်ပြောလိုက်သည်။


"မင်းမသိလို့ကွ...ကျင်းစစ်သာ ဂရုမစိုက်ခဲ့ရင် အဖြေလွှာရဲ့တစ်ဝက်က သွားပြီ..."


"ဒါစိန်ခေါ်တာပဲ..."


ယင်းကျောင်းက ညာဖက်လက်သီးကို ခပ်တင်းတင်းဆုပ်ထားလိုက်ပြီး ကျင်းစစ်အား ညင်သာစွာ ပြောလိုက်သည်။


"ဒီမနက်ပဲ ငါဘာပြောခဲ့လဲ...ဘာလို့ပြန်မပြောပြတာလဲ..."


သူက ဖြည်းညင်းစွာအံကြိတ်လိုက်ပြီး "ငါနဲ့တွေ့ဦးမှာပေါ့ကွာ..."


"ဘာမှမဟုတ်ပါဘူး..."


သူ မရှောင်လွှဲနိုင်သည်ကိုကြည့်ရင်း ကျင်းစစ် မလှုပ်မယှက် စိတ်ထဲတွင် ကြိုးစားရုန်းကန်နေမသည်။ ကျန်းကျင်းအကြောင်းစဉ်းစားသည့်အခါ သူ့အသံက တည်ငြိမ်ကြည်လင်နေသည်။


"အဆင့်တွေထွက်လာရင် အဆင့်တွေကပဲ စကားပြောပါစေ..."


"မင်းက သဘောထားကြီးသားပဲ..."


ယင်းကျောင်းက နှုတ်ခမ်းတွန့်ရုံပြုံးပြီး ချိတ်ထားသောလက်ချောင်းများကို အတူတွဲကာလှုပ်ယမ်းလိုက်ပြီးမှ လွှတ်ပေးလိုက်သည်။


"နောက်တစ်ချိန်တော့ရှိလာမှာပါ..."


သူက မပြတ်မသားပြောလိုက်သည်။


"မင်းကိုငါ ဘယ်လိုသန့်စင်မလဲဆိုတာ ကြည့်..."


သူ၏ဆိုလိုရင်းကို ကျင်းစစ် နားမလည်သည့်အပြင် ကြိုးစားသိချင်စိတ်လည်း မရှိချေ။ ယင်းကျောင်းလွှတ်ပေးလိုက်ပြီးမှသာ ဘယ်အချောင်းကထုံ၍ ဘယ်အချောင်းကနာမှန်းမသိသော သူ၏လက်ချောင်းများကို အနည်းငယ်ခါလိုက်ပြီး စားပွဲပေါ်တွင်တင်ကာ အနားပေးလိုက်သည်။


နေ့လည်ခင်းစာမေးပွဲက သင်္ချာဘာသာရပ်ဖြစ်သည်။ ယခုအကြိမ်တွင် ကျင်းစစ်၏အခန်းစောင့်ဆရာသည် ကျန်းကျင်းမဟုတ်ဘဲ အခြားဆရာ၂ယောက်ဖြစ်သည်။


မေးခွန်းလွှာများရရှိပြီးနောက် ကျင်းစစ်က မေးခွန်းများအားမဖတ်ခင် ပုံမှန်လုပ်ဆောင်နေကျအတိုင်း သူ၏အတန်းအမည်နှင့် နံပါတ်အားအရင်ဦးဆုံး ရေးချလိုက်သည်။


မေးခွန်းများသည် ခက်ခဲခြင်းမရှိဘဲ ကျင်းစစ်အတွက် လွယ်ပင်လွယ်နေပါသေးသည်။


ကျင်းစစ်က ဘောပင်ကိုကိုင်ကာ ယုံကြည်မှုအပြည့်ဖြင့် စတင်ဖြေဆိုလိုက်သည်။


တိုက်ဆိုင်စွာ ကျန်းကျင်း ယခုအချိန်စောင့်ရမည့်အခန်းသည် ယင်းကျောင်း၏ဖြေဆိုခန်းဖြစ်နေသည်။


ကျန်းကျင်းက ပုံမှန်အတိုင်းပြောလိုက်သည်။


"မင်းတို့ကောင်းကောင်းဖြေ...ခိုးချတာမိလို့ကတော့ သတိပေးတာနဲ့တင် ပြီးသွားမှာမဟုတ်ဘူး..."


"စာမကြိုးစားတဲ့သူတွေအတွက်တော့ စာမေးပွဲမှာဘာလို့ကြိုးစားနေကြဦးမလဲ..."


ဟယ့်ကျိုးက ယင်းကျောင်းနှင့် ဖြေဆိုခန်းတူသည့်အတွက် ကျန်းကျင်းဝင်ရောက်လာသည်ကို မြင်လိုက်သည်နှင့် တိုးတိုးတိတ်တိတ် ပက်ပက်စက်စက် ကျိန်ဆဲတော့သည်။


ကျန်းကျင်းနှင့်ကျင်းစစ်တို့အ‌ကြောင်းအား သိထားသော ယင်းကျောင်း၏မျက်နှာသည် နေ့လည်ခင်း လင်းလင်းကျင်းကျင်းမှာပင် ဒယ်အိုးဖင်ကဲ့သို့ မည်းပြာနေ၏။


ဟယ့်ကျိုးကလည်း စဉ်းစားမိနေသည်။ ပုံမှန်ဆိုလျှင် သူတို့ ကျန်းကျင်းနှင့်‌ တွေ့ဆုံလေ့မရှိပေ။ သို့သော် ယခုတော့ ကံကောင်းစွာ တိုက်ဆိုင်စွာဖြင့် ကျန်းကျင်းက သူတို့၏ အခန်းစောင့်စုန်းမအိုကြီးဖြစ်နေသည်။


ကျန်းကျင်း ခေါင်းငုံ့ကာ မေးခွန်းလွှာများအား ရေတွက်နေသည်ကို မြင်သောအခါ ယင်းကျောင်း၏နားအနားသို့ လက်အုပ်ကာ တိုးတိုးပြောလိုက်သည်။


"အကိုကျောင်း...အရမ်းမကြမ်းနဲ့နော်..."


ယင်းကျောင်းက သူ့အား ဘာတစ်ခွန်းမှမပြောဘဲ ပြုံး၍သာကြည့်နေသည်။


"ဘာလုပ်နေတာလဲ..."


ဟယ့်ကျိုးက ဝဝဖိုင့်ဖိုင့်နှင့် ထင်သာမြင်သာဖြစ်သည့်အတွက် ကျန်းကျင်း၏စူးရှသောမျက်လုံးနှင့် တစ်ချက်တည်းတွေ့လိုက်ပြီးနောက် သူမ ဒေါသအပြင်းအထန်ထွက်သွားသည်။


"မင်းစာမေးပွဲဖြေချင်လား...မဖြေချင်ရင် ထွက်သွား..."


ဟယ့်ကျိုးက သူမအား အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး သူ့နေရာဆီသို့ပြန်လည်လျှောက်သွားကာ ထိုင်ခုံကို အားပြင်းပြင်းဆွဲထုတ်လိုက်သည်။ အားပြင်းသည့်အတွက် စားပွဲခုံပါ ရွေ့သွားသည်။ စားပွဲခုံခြေထောက်နှင့် ကြမ်းခင်းပွတ်တိုက်ကာ စူးရှသောအသံထွက်သွားသည်။


"မင်းဘယ်သူ့ကိုအချက်ပြနေတာလဲ..."


ကျန်းကျင်းက ဟယ့်ကျိုးဆီသို့ ချက်ချင်းဆိုသလို ကြက်တိုက်ပွဲဝင်တော့မည့်အတိုင်း ရောက်လာသည်။


"ဘာအချိုးလဲကွ...မင်း ဘယ်အတန်းကလဲ..."


ဟယ့်ကျိုးက သူ၏မျက်လုံးဖောင်းဖောင်းကြီးများနှင့် သူမအား ပေစောင်း‌ကြည့်လိုက်သည်။


"အတန်း၇...ဘာဖြစ်လို့လဲ..."


ကျန်းကျင်က အထင်အမြင်သေးစွာကြည့်လိုက်သည်။


"ထိုင်ခုံကို ရိုးရိုးဆွဲလို့မရဘူးလား..."


ဟယ့်ကျိုး ဟန်ဆောင်ရွဲ့ကာ ပြုံးဖြီးပြလိုက်သည်။


"အွန်း...ကျွန်တော် မတ်တတ်ရပ်ပြီး ကြည့်နေမယ်လေ...ဆရာမက အစမ်းလုပ်ပြပေါ့..."


"မင်း..."


ကျန်းကျင်းက ဟယ့်ကျိုးအား ဒေါသတကြီး လက်ညိုးထိုး၍ ဆူဆဲမည်အလုပ်တွင် အခန်းအတူစောင့်ရမည့် ဆရာက ဝင်ရောက်တားစီးလိုက်သည်။


"ထားလိုက်ပါ ဆရာမကျန်းရာ...စာမေးပွဲအချိန်ကျနေပြီ..."


ကျန်းကျင်းက သည်းမခံချင်ပေ။ သို့သော် စဉ်းစားကြည့်လျှင် အတန်း၇မှကျောင်းသားများသည် နောက်ခံမိဘတောင့်သည်။ ၎င်းတို့ စကားလုံးတစ်လုံးတစ်လေ ပြောခြင်းသည် ပြဿနာတက်စရာအကြောင်းမရှိသကဲ့သို့ဖြစ်နေမည်ဖြစ်ပြီး ယခုကိစ္စအသေးအမွှားအား သူမ ချဲ့ထွင်လိုက်လျှင် အဆုံးသတ်မလှနိုင်ချေ။


သူမက ဟယ့်ကျိုးအား ဒေါသအကြည့်တစ်ချက် ပေးလိုက်ပြီးနောက် စင်ပေါ်သို့ ဝန်လေးစွာပြန်သွားလိုက်သည်။


ယင်းကျောင်းအပါအဝင် အတန်း၇မှကျောင်းသားအများစုသည် ယခုအခန်းတွင်ရှိနေသည်။ သူတို့သည် သင်္ချာမေးခွန်းများအား စာအုပ်တစ်အုပ်ဖတ်သကဲ့သို့ ဖတ်နေကြသည်။ အဖြေမှန်ရွေးသည့်ပုစ္ဆာများနှင့်အလွယ်ဆုံးများကို ဖြေဆိုချင်သလို ဖြေဆိုကြပြီးနောက် စားပွဲခုံပေါ်တွင် မှောက်အိပ်နေကြသည်။


ဖြေဆိုခန်းတွင်းရှိ ရာသီဥတုက သာယာလွန်းလှသည်။


ကျန်းကျင်းသည် စင်ပေါ်တွင်ထိုင်ကြည့်လျှက် စက္ကန့်နှင့်အမျှ မအေးချမ်းနိုင်ချေ။


ယင်းကျောင်းက ကျန်းကျင်းအား မျက်လုံးပင့်၍ကြည့်ရင်း အကြမ်းစာရွက်ထိပ်ပိုင်းများအား အနည်းငယ်စီဖြဲကာ ထိုအပိုင်းအစများအပေါ်တွင် စကားလုံးများ ရေးနေသည်။


ကျန်းကျင်းက မတ်တတ်ရပ်လိုက်သည်။ သတိရှိရှိဖြင့် စာကူးချသူတစ်ယောက်အား မိသွားသည့်အတွက် ‌ထိုစာရွက်အပိုင်းအစများအားကောက်ယူရန် စင်ပေါ်မှဆင်းလာသည်။


ယင်းကျောင်း၏နှုတ်ခမ်းထောင့်က တဖြည်းဖြည်းမြင့်တက်သွားသည်။


ဟယ့်ကျိုးက ယင်းကျောင်း၏ အနောက်ဖက်မျက်နှာစောင်းထိုးတွင်ဖြစ်ပြီး သူလုပ်သမျှအားလုံးကို မြင်‌နေသည်။ ဟယ့်ကျိုး စိတ်ထဲတွင် စိုးရိမ်နေမိသည်။


မိသွားလျှင် အကိုကျောင်းက ရယ်နေမည်လား ရူးချင်ယောင်ဆောင်နေမည်လားဟု သူတွေးနေမိသည်။


'ဒါပေမယ့် အခုက ရယ်ရမယ့်အချိန်လား...ပြောဆိုစရာတွေဖြစ်မလာခင် သူအမြန်ကောက်သိမ်းလိုက်ရမှာမဟုတ်ဘူးလား...'


ဟယ်ကျိုးက စိုးရိမ်မှုနှင့် အတွေးများနေသော်လည်း ယင်းကျောင်းက လွန်စွာကျေနပ်နေသည်။


နောက်ဆုံး၌ ခိုးချကျောင်းသားကို သူမ ဖမ်းနိုင်ခဲ့ပြီဖြစ်သည်။ သနားစဖွယ်ကျောင်းသားများသည် ထိုနည်းလမ်းအတိုင်းလုပ်လေ့လုပ်ထရှိသည်။ သူမနှင့်သာ ယခင်ကတည်းကတွေ့ခဲ့လျှင် ၎င်းတို့အား စည်းကမ်းလိုက်နာသည်အထိ ပညာပေးမည်ဖြစ်သည်။


ထိုအတွေးများနှင့် ခေါက်ထားသော စာရွက်အပိုင်းအစများအား ဖွင့်ကြည့်လိုက်သည်။


နောက်တစ်စက္ကန့်တွင် သူမ၏မျက်နှာ စိမ်းသွားသည်။


စာရွက်အပိုင်းအစက ခေါက်ရိုးကျိုးပြီးသားဖြစ်မနေဘဲ လက်ဆက်သောစာရွက်အပိုင်းအစအပေါ်တွင် စာလုံး၅လုံးသာရှိသည်။


: ' ဖတ်တဲ့သူအရူး ' :


ကျန်းကျင်း ဒေါသနှင့် ဖြူဖျော့ကာ တုန်ရီသွားသည်။


"မင်း..."


သူမ ယင်းကျောင်းအား လက်ညိုးထိုးကာ နှုတ်ခမ်းများတုန်ရီလျှက် မည်သည့် စကားလုံးများထွက်မလာနိုင်တော့ချေ။


အခန်းအတူစောင့်သောဆရာက ကျန်းကျင်းအနားသို့လျှောက်လာသည်။


"ဘာဖြစ်လို့လဲ...တကယ်ကူးချနေတာလား...ဆရာမ...ဆရာမကျန်း...မလုပ်..."


ထိုစာလုံး၅လုံးအား မြင်တွေ့လိုက်သည်နှင့် နောက်ထပ်ထွက်လာမည့် သူ၏စကားလုံးများသည်လည်း ရပ်တန့်သွားသည်။


သူ ယင်းကျောင်းအား ဖြေရှင်းရခက်သော အနေအထားနှင့် စကားလုံးမဲ့စွာ ကြည့်နေမိသည်။


"မင်း..."


ကျန်းကျင်းက စိတ်ကိုထိန်းကာ ယင်းကျောင်းအား ဒေါသတကြီးမေးလိုက်သည်။


"မတ်တတ်ရပ်...မင်းဘယ်အတန်းကလဲ...မင်းရဲ့နာမည်ကရော..."


ယင်းကျောင်းက ထိုင်မြဲတိုင်း ထိုင်နေလိုက်သည်။


"ယင်းကျောင်း...အတန်း၇...အတန်းအဆင့်၂...ဘာဖြစ်လို့လဲ...ဘာမှမဖြစ်ဘူးဆိုရင်လဲ ကျွန်တော်စာမေးပွဲဆက်ဖြေမလို့..."


ကျန်းကျင်း ပါးစပ်အပြည့် သွေးများထွက်ခင်လုလုဖြစ်သွားသည်။ ယင်းကျောင်း၏စားပွဲခုံပေါ်ထံသို့ စာရွက်အပိုင်းအား ရိုက်ချပြသလိုက်ကာ အက်ကွဲသောအသံဖြင့် အော်ဟစ်လိုက်သည်။


"ဒါမင်းဟာ မဟုတ်လား..."


"ဟုတ်တယ်..."


ယင်းကျောင်းက ဆက်၍ပြုံးပြနေလိုက်သည်။


"ဆရာမ...ကျွန်တော် စာမကူးချဘူးနော်..."


'ဟုတ်တယ်လေ...မကူးချဘူး...ဒါပေမယ့်...'


ကျန်းကျင်၏လက်များက ယင်းကျောင်းဆီသို့ရောက်သွားသည်။


"မင်း...ထွက်သွား..."


ယင်းကျောင်းက ကျန်းကျင်း၏လက်အား ဆတ်ခနဲရှောင်လိုက်ပြီး မျက်ခုံးပင့်ကာမေးလိုက်သည်။


"ဘာလို့လဲ..."


ကျန်းကျင်းက တစ်ခုခုပြောချင်နေသော်လည်း စာမေးပွဲအခန်း၏တံခါးသည် ရုတ်တရက်ပွင့်သွားပြီး ဖုန့်မောင်နှင့် ဆရာတစ်ချို့ အခန်းအတွင်းသို့ဝင်လာသည်။


စာမေးပွဲခန်းများအား လှည့်ပတ်စစ်ဆေးနေချိန်တွင် ကျန်းကျင်း၏အော်ဟိန်းသံကို ကြားမိလိုက်သည်။


"ဘာဖြစ်တာလဲ..."


"ဒါရိုက်တာ..."


ကျန်းကျင်းက ရုတ်တရက် ကျောထောက်နောက်ခံပေးမည့်သူအား တွေ့လိုက်ရသည့်ပုံစံပေါက်သွားသည်။သူမသည် ဖုန့်မောင်ဆီသို့ပြေးသွားကာ စာရွက်အပိုင်းအား ဖုန့်မောင်ဆီ ကမ်းပေးလိုက်သည်။


"ကြည့်ပါဦး...ကြည့်ပါ...ဒါဟာ စာမေးပွဲအခန်းမှာ အတန်း၇ကျောင်းသားတွေ လုပ်သင့်တဲ့အရာလားလို့..."


"အင်း...သူတို့စာခိုးချတာကို မိတာမဟုတ်ဘူးလား..."


ဖုန့်မောင်က စာရွက်အပိုင်းအား လှမ်းယူရင်း ‌သရော်ပြုံးပြုံးကာ ငုံ့ကြည့်လိုက်သည်။


"ဘာတွေခိုးချထားလဲ ကြည့်ရအောင်..."


ကျန်းကျင်း မတားဆီးလိုက်နိုင်ခင်မှာပင် ဖုန့်မောင်က မျက်လုံးမှေးကာ ဖြည်းဖြည်းချင်း အသံထွက်ဖတ်လိုက်သည်။


"ဖတ် တဲ့ သူ အ ရူး..."


"ဖတ်တဲ့သူအရူး..."


ဖုန့်မောင်၏မျက်နှာသည်လည်း စိမ်းဖန့်သွား၏။


အခန်းထဲတွင် အချိန်ခဏတာ ငြိမ်သက်တိတ်ဆိတ်သွားသည်။


ထို့နောက် ချက်ချင်းဆိုသလို ရယ်သံများက တားဆီးမရနိုင်အောင် အဖက်ဖက်မှ ထွက်လာသည်။ ဖုန့်မောင်၏အနောက်တွင်ရှိသော ဆရာများသည်လည်း ရယ်ချင်လွန်းသဖြင့် တစ်ခြားဖက်သို့ ခေါင်းများလှည့်ကာ ကြိတ်၍ရယ်နေမိကြသည်။


ဟယ့်ကျိုး ရယ်ချင်သည်ကို ထိန်းချုပ်ထားရလွန်း၍ မွန်းကျပ်နေရင်းပင် ယင်းကျောင်းအား လက်မထောင်ပြလိုက်သည်။


'ငါ့အကိုကတော့ ငါ့အကိုပါပဲ...'


"ဘယ်သူလဲ...ဒါဘယ်သူရေးတာလဲ..."


ဖုန့်မောင် အံကြိတ်သံဖြင့်ပြောလိုက်သည်။


"မတ်တတ်ရပ်စမ်း...ငါ..."


"ဟာ...ဘာလဲ..."


ယင်းကျောင်း မတ်တတ်ရပ်လိုက်ပြီး မျက်လုံးပင့်ကာ ကြည့်လိုက်သည်။


"ကျွန်တော် စာခိုးချလား..."


သူ့မျက်နှာကိုတွေ့လိုက်ရသော ဖုန့်မောင်သည် မျက်ခွံများပင် ခုန်တက်သွားသည်။


'သူပဲလား...'


'သူပဲဖြစ်နေသေးတာလား...'


'ဘာလို့ သူချည်းပဲဖြစ်နေရတာလဲ...'


သူ့နားထဲတွင် ကျန်းကျင်း၏ ဗလုံးဗထွေးစကားသံများ ကြားနေရဆဲဖြစ်သည်။


"ဒီလိုကျောင်းသားကို အပြစ်ပေးရမှာပါ...စာမေးပွဲဆိုတာ..."


သူမအား ဖုန့်မောင် လက်ပြန်ရိုက်ပြစ်ချင်နေသည်။


ဖုန့်မောင် သက်ပြင်းချကာ ယင်းကျောင်းအားကြည့်လိုက်သည်။


"မင်း...ထွက်ခဲ့..."


"ကျွန်တော် ဖြေလို့မပြီးသေးဘူး..."


ယင်းကျောင်းက ပျင်းရိပျင်းတွဲပုံစံဖြင့် နံရံကိုမှီလိုက်သည်။


"ကျွန်တော် အပြီးမဖြေလိုက်ရလို့ ကျွန်တော့်အတန်းရဲ့ ပျမ်းမျှရမှတ်က လျော့သွားမယ်ဆိုရင်ရော..."


ဖုန့်မောင်က ပြန်ပြောလိုက်သည်။


"မင်းအတန်းရဲ့ပျမ်းမျှရမှတ်က လျော့တာထက် ပိုလျော့ရမှာ..."


သို့သော် ဖုန်းမောင်သည် ယင်းကျောင်းနှင့်တိုက်ရိုက်တွေ့လျှင် အမြဲတစေ အကြောင်းပြချက်မခိုင်လုံစွာဖြင့် အကူအညီ‌မဲ့နေလေ့ရှိသည်။ စက္ကန့်အနည်းငယ် တုံ့ဆိုင်းပြီးနောက် မယုံကြည်နိုင်သောအကြည့်နှင့်ကြည့်နေသော ကျန်းကျင်းနှင့်အတူ ထိုကိစ္စအား လက်လျော့လိုက်သည်။


"ကောင်းပြီလေ...ဒါဆိုလဲ ဆက်ဖြေ...ဖြေရင်းနဲ့ ဟိုလိုဒီလိုလျှောက်လုပ်မနေနဲ့တော့...အေး...ဒါပေမယ့် ဒီကိစ္စက ဒီမှာတော့မပြီးသေးဘူးနော်...မင်းအတန်းပိုင်ဆရာကို ငါခေါ်ပြောမယ်..."


ထိုသို့ပြောပြီးသွားသောအခါ ဖုန့်မောင်က ခွေးတစ်ကောင် ကန်လိုက်သဖြင့် လည်ထွက်သွားသကဲ့သို့ လှည့်ထွက်သွားသည်။


ယင်းကျောင်းက ပြန်ထိုင်လိုက်ပြီး ညာဖက်လက်နှင့် စိမ်ပြေနပြေ ဘောပင်လှည့်ကစားနေပြီး ဒေါသထွက်နေသော ကျန်းကျင်း၏မျက်နှာအား ပြုံးလျှက်ကြည့်ရင်း ကျန်းကျင်းအား ဒေါသူပုန်ထစေရန် စိတ်ဆွပေးလိုက်သည်။


.......


"ဟဟဟဟ...အဲ့အချိန်မှာ ကျန်းကျင်းမျက်နှာကြီး စိမ်းတက်သွားတာ မြင်စေချင်တယ်...ဟို ဟိုသီချင်းစာသား ဘာ...'မြက်ခင်းစိမ်းတွေပေါ် မိုးစက်တွေကျသံ ငါကြားနေရတယ်'...ဟဟဟ..."


ဟယ့်ကျိုးက သူ့စိတ်ခံစားချက်ကို မထိန်းသိမ်းနိုင်တဲ့သူဖြစ်သည့်အလျှောက် စာမေးပွဲဖြေအပြီး အတန်းဆီသို့ပြန်ရောက်သောအခါ ကျန့်ချွယ်နှင့် အခြားသူများအား ဖြစ်ကြောင်းကုန်စင် ပြောပြနေသည်။


"ဟဟဟဟဟဟဟ...သေစမ်းကွာ...အကွက်က အကြမ်းကြီး..."


ကျန့်ချွယ်က သူ့ဗိုက်ကိုနှိပ်ကာ ရယ်မောလျှက်ပြောလိုက်သည်။


"ကျန်းကျင်းပုံစံကြီးက ဒေါသအိုးလုံးကြီး ပေါက်ကွဲတော့မလို ဖြစ်နေတော့မှာပဲ..."


ဖန်ချန်းချန်းမှာ မည်သို့မှထိန်းမနိုင်တော့ဘဲ ရယ်မောနေသော သူ့ပါးစပ်ပြဲကြီးအား ပြန်၍မစေ့နိုင်တော့ပေ။


အတန်း၇တစ်တန်းလုံးသည်လည်း ဆောက်တည်ရာမရ ရယ်မောနေကြသည်။


ကျင်းစစ်က ပုံမှန်အတိုင်းပင် သူ့ခုံတွင် တိတ်ဆိတ်စွာထိုင်ရင်း မေးခွန်းဟောင်းဖြေ၍ လေ့ကျင့်နေသည်။


ယင်းကျောင်း၏စစ်ဆင်ရေး အကြောင်း ကြားရစဥ်က ပျင်းရိပျင်းတွဲပုံစံနှင့် စာရွက်ပိုင်းများအား လွှင့်ပစ်နေသော သူ၏ပုံစံကိုတွေးမိကာ သတိမမူမိစွာ နှုတ်ခမ်းထောင့်စွန်းတို့ကတွန့်ကွေးမိသွား၏။



____



စာရေးသူမှာ ပြောစရာရှိတယ်~



အပိုင်းတို :


ယင်းကျောင်း "ငါးဖမ်းရတာ အတော်မိုက်တယ်..."


_____