Chapter 19
-----------------------
"ဟေ့...အတန်းဖော်လေး..."
ယင်းကျောင်းက ရုတ်တရက် ခါးကိုကိုင်းညွှတ်လျှက် သူ့အား ရယ်သံလွင်လွင်နှင့် ပြုံးကြည့်လာသည်။
"ပျော်လား..."
ကျင်းစစ်က သူ၏အပြုံးအား ပြန်ရုတ်သိမ်းရန် နောက်ကျသွားချေပြီ။
"မင်းပြန်အနိုင်ကျင့်ဖို့ အကိုကူညီပေးတယ်နော်..."
ယင်းကျောင်းက ထိုင်ခုံကျောမှီအပေါ် ညာဖက်စောင်းကာ ပျင်းရိစွာ မှီလိုက်ပြီး ပြုံးနေသည်။
"ဒေါသထွက်လား.."
ကျင်းစစ် မျက်လွှာချကာ နှုတ်ခမ်းစူလိုက်မိသည်။
"ဒေါသမထွက်ပါဘူး..."
နားပါးသော ကျန့်ချွယ်က သူ့စကားကိုကြားသွားကာ ဝင်ပြောသည်။
"ကျင်းစစ်ရေ မင်းရဲ့ချုပ်တည်းနိုင်စွမ်းကတော့ တော်တော်ကောင်းတယ်...တကယ်လို့ တခြားတစ်ယောက်သာဆိုလို့ကတော့ ကျန်းကျင်းရဲ့မျက်နှာပေါ်က အနေအထားအတိုင်း လိုက်ပြီး အရေးယူကြမှာ..."
"မဟုတ်ဘူး..."
ဟယ့်ကျိုးက ပြုံးရင်း ဝင်ပြောသည်။
"မင်းမသိလို့ကွ...အကိုကျောင်းက ဒီနေ့ ၂ဖက်လုံးကို ဖြုတ်ပလိုက်တာ...ကျန်းကျင်းကလည်း ကြောင်လို့...ဖုန့်မောင်ကြီးလဲ ငိုင်လို့ကွာ..."
ဟယ့်ကျိုး အားရပါးရရယ်လွန်းသဖြင့် သူကိုယ်ပေါ်မှ အဆီများက သိမ့်သိမ့်တုန်သွားသည်။
"ဖုန့်မောင်ရဲ့ရုပ်ကြီးကို ငါဘယ်တော့မှမမေ့ဘူး...ဟဟဟဟ...သူ စာကို ၂ခါပြန်တောင်ဖတ်လိုက်သေးတယ်...ဟဟဟ..."
ဖန်ချန်းချန်းက ပြုံးလိုက်ပြီး "ဖုန့်မောင်ကလည်း ကွိုင်ပဲလို့တွေးနေမှာပဲ..."
ထိုစကားကိုကြားသောအခါ ယင်းကျောင်းက နှာမှုတ်၍သရော်ပြုံးပြုံးလိုက်သည်။
"သူတို့တွေက ရစ်ငှက်ကလေးတွေပါ...ခြင်းတောင်းထဲကို အထုတ် အသွင်းလုပ်ပေးလိုက်ရုံပဲ..."
ဖုန့်မောင်သည်လည်း စိတ်ထားကောင်းသောသူမဟုတ်ပေ။ ထိုကောင်စုတ်လေး၏အကျင့်စရိုက်သည် အတော်ဆိုးသည်ဟု ထိုနေ့ကပြောခဲ့သောသူသည် သူပင်ဖြစ်၏။
ယင်းကျောင်း၏စကားကြောင့် ဖန်ချန်းချန်းက မရယ်ဘဲမနေနိုင်တော့သလို အတန်း၇တစ်တန်းလုံးလည်း စိတ်ချမ်းသာမှုနှင့်ပြည့်နှက်သွားသည်။
ကျင်းစစ်၏နှုတ်ထောင့်များက ကွေးညွတ်သွားပြီး ယင်းကျောင်း၏အပြုံးကိုကြည့်ရင်း လေသံဖြင့်ပြောလိုက်သည်။
"ကျေးဇူးပဲ..."
သူ့အပြုံးကြောင့် ယင်းကျောင်းခမျာ ကလိထိုးခံရသကဲ့သို့ဖြစ်သွားပြီး မသိစိတ်ဖြင့် ကျင်းစစ်၏ဆံပင်အားဖွချင်သွား၍ လက်ကိုမြှောက်လိုက်သည်။
ကျင်းစစ်က အလျင်အမြန် ရှောင်လိုက်သည်။
သူ့ခေါင်းအား အထိမခံသည်ကို ယင်းကျောင်းသတိရသွားကာ ပေါ့ပါးစွာအံ့ကြိတ်လိုက်ပြီး မျက်နှာမပျက်စေဘဲ လိမ်ပြောလိုက်သည်။
"မလှုပ်နဲ့...မင်းခေါင်းပေါ်မှာ ချည်စ ကပ်နေတယ်..."
"ဘယ်မှာလဲ..."
ကျင်းစစ်က လက်ကိုအမြန်တင်၍ ဆံပင်အား ပွတ်လိုက်သည်။ သူ၏ဆံသားများက လှုပ်ရှားမှုနှင့်အတူ ကွေးတက်သွားကာ တုန်ခါသွားပုံက အလွန်ချစ်စရာကောင်းနေသည်။
[ ကိုကြီကျောင်းမျောက်လုံး Filterက ဘေဘီကျင်းအတွက်ဆို ဘယ်လောက်တောင်ထူနေတော့တာလဲ ]
"အဲ့ဒီမှာ မဟုတ်ဘူး..."
ယင်းကျောင်းက ဉာဏ်များစွာ ဟိုဟိုဒီဒီပြလိုက်ပြီး ကျင်းစစ်၏ခေါင်းပေါ် လက်တင်လိုက်သည်။
"လုပ်မနေနဲ့...မရှိတော့ဘူး..."
သူ့လက်ဖဝါးကို ကျင်းစစ်ခေါင်းပေါ် တင်လိုက်ပြီး ၂ကြိမ်ပွတ်သပ်လိုက်သည်။
ကျင်းစစ်က အကြံအိုက်စွာမေးလိုက်မိသည်။
"မင်းဖယ်လိုက်ပြီလား..."
ယင်းကျောင်းက သူ့အားကြည့်ပြီး ဟင်းချကာပြောလိုက်သည်။
"မင်းခေါင်းကို အခုလိုလှည့်မနေရင်ပေါ့..."
ထိုစကားကိုကြားပြီးနောက် ကျင်းစစ်က ခေါင်းကိုမလှုပ်ရဲဝံ့တော့ပေ။
ယင်းကျောင်းနှင့်ရင်ဆိုင်ရခြင်းက ဒူးခေါင်းပေါ်တွင်လက်ထောက်ကာ ခေါင်းကိုငုံ့ပေးရင်း အမိန့်ကိုနာခံစွာ ထိုချည်စအား ဖယ်ပေးရန် စောင့်နေမိစေသည်။
ယင်းကျောင်း၏သွယ်လျသော လက်ချောင်းများက ကျင်းစစ်၏ဆံပင်များကြား ထိုးမွှေနေသည်။ ခဏကြာမှပင် မလွှတ်ချင် လွှတ်ချင်စိတ်ဖြင့် လက်ကိုဖယ်လိုက်သည်။
"အိုကေပြီ..."
"ကျေးဇူးပဲ..."
ကျင်းစစ်က ကျေးဇူးတင်လိုက်ပြီး မေးခွန်းဟောင်းတွေကိုပြန်လည်တွက်ချက်ဖြေရှင်းနေလိုက်သည်။
ဟယ့်ကျိုးက ယင်းကျောင်းအား မထီမဲ့မြင်အကြည့်ဖြင့် တစ်ချက်လှမ်းကြည့်ကာ တိုးတိုးလေးပြောလာသည်။
"ဟေ့...အရှက်မဲ့ကလေး..."
ကျန့်ချွယ်က သူ့မျက်လုံးအား လက်ဖြင့်ကွယ်ထားလိုက်သည်။
"ကျွန်တော့်ရဲ့ဂုဏ်ယူနေရတဲ့အကိုရေ...ပြင်ပေးလို့ပြီးပြီလား...ကောင်းတယ်...ကောင်းတယ်..."
ယင်းကျောင်းက သူ၏လက်ချောင်းများကို ပွတ်လိုက်ပြီး ကျေနပ်အားရစွာဖြင့် အိပ်စက်ရန်ထွက်သွားတော့သည်။
ဒုတိယနေ့စာမေးပွဲက သိပွံဘာသာနှင့် အင်္ဂလိပ်ဘာသာတို့ဖြစ်သည်။
မေးခွန်းဟောင်းများအား လေ့ကျင့်ဖြေထားပြီးဖြစ်သဖြင့် ကျင်းစစ်အတွက် ခက်ခဲမှုသိပ်မရှိပေ။
ဖြေဆိုခန်းသို့မသွားခင် လီကျိုးအား သူ တမင်တကာ ပြောလာသည်။
"ငါနေ့လည်ကျရင် စောစောထွက်လာမှာ...မင်းအတွက် နေ့လည်စာကို ကြိုမှာထားပေးမယ်လေ...မင်း တခါတည်း ကဖေးဆီတန်းလာခဲ့ပေါ့..."
"ရတယ်...ရတယ်..."
လီကျိုးက ခေါင်းယမ်းကာ ငြင်းဆိုလိုက်သည်။
"စားဖို့အတွက် ပူမနေပါနဲ့...စာမေးပွဲသာ အေးဆေးဖြေ..."
"ငါလေ့ကျင့်ထားပါတယ်..."
ကျင်းစစ်က ကျောပိုးအိတ်လွယ်ရင်း ပြောလိုက်သည်။
""အဆင်ပြေမှာပါ..."
ထိုသို့ပြောပြီးသည့်နောက် ကျင်းစစ် အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။
လီကျိုးအား တစ်ယောက်တည်းချန်ထားခဲ့ရသည်က အဆင်မပြေလှပေ။
သူ၏သူငယ်ချင်းက သူ့အားကောင်းမွန်စွာ ဆက်ဆံသည်ကို ကျေနပ်သကဲ့သို့ တစ်ချိန်တည်းမှာပင် အစားအသောက်အတွက်နှင့် စာမေးပွဲကျသွားမည်ကို လီကျိုး မလိုလားပေ။
ဖြေဆိုခန်းအတွင်းသို့ ပထမနှစ်ကျောင်းသားများ အားလုံးရောက်ရှိရန် အတန်ငယ်ကြာပြီး ဝင်ရောက်လာသောအခါတွင် ပျော်ရွှင်မှုများ နာကျင်မှုများဖြင့် ပြည့်နှက်နေကြသည်။
ကျင်းစစ်ထင်ထားသကဲ့သို့ပင် ခက်ခဲမှုမရှိခဲ့ချေ။ ၂နာရီအတွင်းမှာပင် မေးခွန်းအားလုံးအားဖြေဆိုပြီးသည့်အပြင် အဖြေများကိုပါ စစ်ဆေးပြီးဖြစ်သည်။
အခြားအရာ လုပ်စရာမရှိတော့သဖြင့် အခန်းစောင့်ဆရာ၏အထင်အမြင်သေးသော မျက်လုံးအရှေ့၌ပင် အဖြေလွှာထပ်ကာ ထွက်လာခဲ့လိုက်သည်။
အခန်းစောင့်ဆရာ၂ဦးက ဒုတိယနှစ်အပြိုင်အတန်းမှ အတန်းပိုင်များဖြစ်ပြီး ယခုအခန်းတွင်လည်း အတန်း၇မှ ကျောင်းသားများရှိသည်ကို သိထားသည်။
စင်ပေါ်မှဆရာက ကျင်းစစ်၏အဖြေလွှာကို ပုံမှန်အတိုင်းယူလိုက်ရင်းနှင့် တိုးတိုးပြောလိုက်သည်။
"လောင်လျိုတော့ လွယ်ခဲ့မှာ မဟုတ်ဘူးဟေ့...ဒါမှမဟုတ်ရင် ဒီအတန်း၇က ကလေးတွေကို ဘယ်လိုမှသင်နိုင်ခဲ့မှာမဟုတ်ဘူး..."
အခြားဆရာက ပြုံးကာပြောသည်။
"မဟုတ်ဘူးလေကွာ...ကံကောင်းချင်တော့ လျိုက တခြားသူတွေကြောက်ရလောက်အောင် ကိုယ်လုံးကိုယ်ပေါက်က တောင့်နေတာကိုး...ငါတို့အတန်းတွေက အထူးတန်းနဲ့ အဓိကတန်းတွေလောက်မတော်ကြပေမယ့်လည်း တစ်ခါတလေတော့ တစ်ယောက်ယောက်က ထိပ်ဆုံး၂၀၀အတွင်းဝင်မှာပေါ့ကွ..."
သူ ခဏရပ်ကာ ကျင်းစစ်၏နောက်ကျောကို ကြည့်ရင်းပြောလိုက်သည်။
"လောင်လျိုနဲ့မတူတာက တချို့ တချို့တွေကတော့ ဒီနှစ်တော့အောက်ဆုံးမှာပါပဲ..."
"ပြောစမ်းပါဦး..."
စပြောသောဆရာက ကျင်းစစ်၏နောက်ကျောအားကြည့်ကာပြောလိုက်သည်။
"သူဆို အစောကြီးထပ်သွားတာလေ...သူဘာတွေဖြေထားမှန်းမှမသိတာ..."
နောက်ဆရာတစ်ယောက်ကပြောလိုက်သည်။
"ထားလိုက်ပါကွာ...ငါတို့အလုပ်လဲမဟုတ်ပါဘူး...ဟိုအနောက်မှာအသံကြားတယ်...သွားကြည့်လိုက်ဦးမယ်..."
နေ့လည်ရောက်သောအခါ ကျင်းစစ်အား ကန်တင်း၏ထင်သာမြင်သာရှိသောနေရာတွင် လီကျိုးတွေ့လိုက်ရသည်။
"စားလို့ပြီးပြီလား..."
လီကျိုးက သူ့ဇွန်းကိုကောက်ကိုင်လိုက်ပြီး ကျင်းစစ်အား မယုံသင်္ကာဖြင့်မေးသည်။
"ဘယ်အချိန်က ထွက်လာတာလဲ..."
ကျင်းစစ်က အချိန်ကိုပြန်တွက်ကာပြောလိုက်သည်။
"၁၁နာရီလောက်ကပေါ့..."
"ငါ...ဖာ့ခ်..."
လီကျိုး ပေါက်ကွဲကာ ဇွန်းအားပန်းကန်ပေါ်ပြစ်ချလိုက်ပြီး စားပွဲအား ဒိုင်းခနဲထုချလိုက်သည်။ ထိုင်ရာမှထကာ ကျင်းစစ်ဆီသို့သွားပြီး ကျင်းစစ်၏ပုခုံးကိုကိုင်ယမ်း၍ မေးလိုက်သည်။
"စာရွက်အလွတ်တွေပဲ ထပ်ခဲ့ပြန်ပြီလား...ဟမ်...ဟုတ်လား..."
"ငါ ဒီနေ့ မင်းအတွက် စိတ်တွေထင့်နေခဲ့တာကွ ကျင်းစစ်ရ..."
ဘေးတွင် ဝိုင်းကြည့်နေသူများ၏မျက်လုံးများက အူကြောင်ကြားဖြစ်နေကြသည်။ ကျင်းစစ်က လီကျိုးအား ဆွဲချထိုင်ခိုင်းလိုက်ပြီးပြောသည်။
"မဟုတ်ဘူး...ငါတကယ်စာရွက်အလွတ်တွေပဲထပ်ခဲ့တာမဟုတ်ဘူး..."
လီကျိုးက မယုံကြည်နိုင်ပေ။
"ဒါဆို ဘာလို့အစောကြီး ထွက်လာလဲ..."
ကျင်းစစ်က သာမန်ပုံစံဖြင့်ပြန်ပြောလိုက်သည်။
"ငါဖြေပြီးသွားလို့ ထွက်လာတာပေါ့ကွာ..."
မေးခွန်းများက အမှန်တကယ် လွယ်ကူသည်။ မေးခွန်းတော်တော်များများကို စာရွက်ပေါ်တွင် ချတွက်စရာမလိုအောင် တစ်ချက်ကြည့်လိုက်ရုံဖြင့် ဖြေနိုင်ခဲ့သည်။
၂နာရီအတွင်းဖြေဆိုရန် လီကျိုးအတွက် ခက်ခဲ့လှသည်။ သူ၏စိတ်ထဲတွင် ခက်ခဲမှုများပြည့်ကျပ်လျှက် နောက်ဆုံးတွင် သူနားလည်လိုက်သည်။ ကျင်းစစ်က သူလုပ်နိုင်သလောက်လုပ်ခဲ့ပေမယ့် သူမဖြေဆိုနိုင်ခဲ့ပေ။ လက်မြှောက်အရှုံးပေးရုံကလွဲ၍ အခြားနည်းလမ်းသူ့ဆီမှာ မရှိတော့ချေ။
လီကျိုးက ကျင်းစစ်အား အပြစ်တင်နေမိရင်း မျက်ရည်များဝဲကာကြည့်နေမိသည်။
ထိပ်ဆုံး၃၀၀အတွင်းမဝင်တော့မည့် ကျင်းစစ်အားကြည့်ရင်းနှင့်ပင် ဟိုတစ်ယောက်က ဖုန့်မောင်ခေါင်းပြောင်ကြီးကို တကယ်ကိုင်ရတော့မလားဟု တွေးမိနေသည်။
လီကျိုးမှာ တွေးမိလေ စား၍မဝင်လေ ဖြစ်မိနေတော့သည်။
သူ အတန်းဆီသို့ပြန်ရောက်ချင်းပင် စားပွဲခုံပေါ်သို့ပစ်လှဲချလိုက်သည်။ အချိန်ဖြုန်းနေသည့် ကျန့်ချွယ်ရှိနေသည်ကိုပင် သူဂရုမစိုက်တော့ချေ။
ဘယ်ဖြစ်ခဲ့သည်ကို ကျန့်ချွယ်ကမေးချင်နေသောအချိန်တွင် အတန်း၏တံခါးသည် ပွင့်သွားကာ ဆရာလျိုက မျက်နှာမဲကြီးနှင့်ဝင်လာသည်။
"ယင်းကျောင်း...မင်း ထွက်လာခဲ့..."
ဆရာလျို မနေ့က နေမကောင်းသဖြင့် နေ့တစ်ဝက်ခွင့်ယူခဲ့သည်။ ယနေ့ အလုပ်ကိုစောစောလာခဲ့သည့်အချိန်တွင် မမျှော်လင့်ဘဲ အံ့အားသင့်စရာအကြောင်းတစ်ခုက သူ့အားစောင့်မျှော်နေသည်။
ယင်းကျောင်းက စိတ်ရှုပ်စွာ နှာမှုတ်လိုက်ရင်း ပျင်းရိလေးကန်စွာ စားပွဲပေါ်မှ ခေါင်းထောင်လိုက်သည်။
"ဘာဖြစ်လို့လဲ...ခဏလေးတောင် ပေးမမှေးတော့ဘူးလား...နေ့လည်စာမေးပွဲကို ကျွန်တော်သွားမဖြေရင် ဘယ်သူခေါင်းခံရမယ်ထင်လဲ..."
ဆရာလျိုက သူ့အား စိန်းစိန်းဝါးဝါးကြည့်ပြီးနောက် လျစ်လျှူရှုလိုက်၏။
ယင်းကျောင်းက ဗြိတိသျှနိုင်ငံတွင် ကြီးပြင်းခဲ့သူပင်။ ဗြိတိသျှနှင့် တရုတ် ၂နိုင်ငံကို အကြောင်းအမျိုးမျိုးနှင့် မကြာခဏသွားလာနေရသူဖြစ်သည်။ အင်္ဂလိပ်ဘာသာဟာ သူ့အတွက် မိခင်ဘာသာစကားကဲ့သို့ဖြစ်နေသည်။
(မှတ်ချက် : စာရေးသူလည်း ဤအချက် မှန် မမှန် မသေချာပါ။)
'မအိပ်ရလို့ အင်္ဂလိပ်စာမဖြေနိုင်ဘူးတဲ့လား...ချီးမှပဲ...'
"ကဲ ပြောကြရအောင်...ဆရာမကျန်းကို အနိုင်ကျင့်ဖို့ မင်းဘာလုပ်ခဲ့လဲ..."
ဆရာလျိုက အခန်းတံခါးကိုပိတ်ကာ မေးလိုက်သည်။
"ဆရာမကျန်း မနေ့က ငိုသွားတာ မင်းသိလား..."
"ငိုသွားတယ်လား..."
ယင်းကျောင်းက အံ့အားသင့်စွာ မျက်ခုံးပင့်မိသွားသည်။
"သူ့စိတ်အခြေအနေက တော်တော်ဆိုးနေလား..."
ဆရာလျို တံတွေးနင်သွားကာ စိတ်ထဲတွင် မွန်းကျပ်သွားရသည်။
"ရူးချင်ယောင်ဆောင်မနေပါနဲ့ကွာ...အတည်ပြောစမ်းပါ...တကယ်ပါပဲ..."
ယင်းကျောင်းက အံ့အားသင့်သောအမူအရာအား ဖျောက်ဖြတ်လိုက်ကာ အတည်တကျပြောလိုက်သည်။
"အတန်းအချင်းချင်း တရားဝင်မျှမျှတတ ယှဉ်ပြိုင်နေတဲ့ပြိုင်ပွဲကြားမှာ မသင့်လျော်တဲ့အကြောင်းအရာနဲ့ ဆရာမကျန်းက ဝင်စွက်ဖက်တယ်လို့ သံသယဖြစ်မိတဲ့ အကြောင်းပြချက် ကျွန်တော့်မှာရှိတယ်..."
ဆရာလျိုက မယုံကြည်နိုင်စွာ သူ့နားကို ပွတ်လိုက်မိသည်။
"ဘာရယ်...မင်းဘာပြောလိုက်တယ်..."
ယင်းကျောင်းက ကျင်းစစ်အား ကျန်းကျင်းပြုလုပ်ခဲ့သည်ကို အကြောင်းစုံရှင်းပြလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
"အဲ့ဒါက အခြားအတန်းကကျောင်းသားရဲ့ စာမေးပွဲဖြေဆိုမှုကို စွက်ဖက်နှောက်ယှက်ဖို့ ဆရာတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်တာမဟုတ်ဘူးလား..."
'ဘာ...ကျန်းကျင်းက ကျင်းစစ်အဖြေလွှာကို ဖြတ်သိမ်းခဲ့တယ်တဲ့လား...'
ဤအကြောင်းအား ဆရာလျို အမှန်တကယ် မသိခဲ့ပေ။
ယင်းကျောင်း၏စကားများနှင့် သူ့ဦးနှောက် အဆေးခံလိုက်ရကာ သူပြောချင်သောအဓိကရည်ရွယ်ချက်အား မေ့သွားသည်။ ထို့နောက်မှ သူ လွှတ်ခနဲပြောလိုက်သည်။
"ဒါပေမယ့် ဆရာကို မင်းက ကြိမ်းမောင်းလို့မရဘူးလေ..."
"ဘယ်တုန်းက ကြိမ်းမောင်းလိုက်လို့လဲ..."
ယင်းကျောင်းက အပြစ်ကင်းသောမျက်နှာထားဖြင့် လက်၂ဖက်ကို ဖြန့်ကားလိုက်သည်။
"သူကောက်ဖတ်လိမ့်မယ်လို့ ကျွန်တော်ဘယ်သိပါ့မလဲ..."
ဆရာလျိုသည်လည်း ဘာမှမပြောနိုင်တော့သည့်အပြင် သူကိုယ်တိုင်လည်း ကျန်းကျင်းအား ဒေါသထွက်မိနေသဖြင့် လက်သာယမ်းပြလိုက်တော့သည်။
"အေး...ငါ့ကိုတော့ ခေါင်းလာမစားနဲ့...မင်းရဲ့အကျင့်ကို ငါမသိတာလည်းမဟုတ်...နောက်တစ်ခါသာ အဲ့လိုမလုပ်မိစေနဲ့..."
ယင်းကျောင်းက ခေါင်းညိတ်ပြလိုက်သည်။
"ပြီးတော့..."
ဆရာလျိုက ဆက်ပြောသည်။
"ကျင်းစစ်က ဒီတလောမှာ တကယ်စာကြိုးစားနေတာနော်...မင်းမှာလုပ်စရာမရှိရင် သူ့ကိုသွားနှောက်ယှက်မနေနဲ့...ငါပြောတာကြားလား..."
ယင်းကျောင်းက ပြုံးရုံရယ်ပြလိုက်သည်။
လက်လည်းလက်မခံသလို ငြင်းလည်းမငြင်းဆိုပေ။
နောက်ဆုံးစာမေးပွဲက အင်္ဂလိပ်ဘာသာဖြစ်သည်။ ကျင်းစစ်က လျှင်မြန်စွာပင် ဖြေဆို၍ပြီးဆုံးသွားကာ ထုံးစံအတိုင်း အဖြေပြန်စစ်ပြီးနောက် အဖြေလွှာအားစီထားလိုက်ပြီး ငြိမ်ငြိမ်ကလေးထိုင်နေလိုက်သည်။
ဤတစ်ကြိမ်မှာတော့ သူကအဖြေလွှာကို စောစီးစွာ မထပ်တော့ပေ။
မနက်ဖြန်သည် လကုန်ကျောင်းပိတ်ရက် ၂ရက်ပိတ်မည့်အပြင် ကဖေးသည်လည်း ယနေ့ညတွင် ပိတ်မည်ဖြစ်၏။
ပထမနှစ်၏ အင်္ဂလိပ်စာမေးပွဲကြာချိန်သည် ဒုတိယနှစ်၏ဖြေဆိုချိန်နှင့် တူညီသည်ဖြစ်သဖြင့် အဖြေလွှာကို စောစောထပ်လိုက်သော်လည်း အတန်းဆီသို့ သူပြန်သွားနိုင်မည်မဟုတ်ပေ။
လာမည့်ကျောင်းပိတ်ရက်အတွက် အခန်းစောင့်ဆရာအပါအဝင် အခန်းအတွင်းရှိလူများအားလုံး စိတ်အားထက်သန်နေကြသည်။ ဖြေဆိုချိန်ပြည့်သွားသော အချက်ပေးခေါင်းလောင်းသံ မြည်သွားသောအခါ ဆရာရော ကျောင်းသားများပါ သက်ပြင်းချလိုက်ကြသည်။
ကျင်းစစ် လူအများကြား မတိုးဝှေ့ချင်ပေ။ အကုန်လုံးထွက်သွားပြီးသောအချိန်မှ သူ့ကျောပိုးအိတ်ကိုလွယ်ပြီး ထွက်လာခဲ့သည်။ အခန်းအပြင်သို့ထွက်လိုက်သည်နှင့် ဘောင်းဘီအိတ်ထဲ လက်တစ်ဖက်ထည့်ထားရင်း စင်္ကြံလမ်းပေါ်တွင် သူ့ဖက်ကို မျက်နှာမူကာ မတ်တတ်ရပ်နေသော ယင်းကျောင်းအား တွေ့လိုက်ရသည်။
သူ၏ကျောင်းယူနီဖောင်း အပေါ်အင်္ကျီက ပွင့်နေပြီး အတွင်းမှတီရှပ်အင်္ကျီက စိုရွှဲနေသည်။ သူနှင့်မျက်နှာချင်းဆိုင်တွင် လူတစ်ယောက်ရှိနေပြီး သူ့အား အသည်းအသန် တောင်းပန်နေသည်။
ထိုလူက ကျင်းစစ်အား ကျောခိုင်းထားသည့်အတွက် အစတွင် မည်သူဆိုသည်ကို ကျင်းစစ် သတိမထားမိချေ။ နောက်မှ ချောင်အန်းယန်း ဖြစ်ကြောင်း ကျင်းစစ် ရုတ်တရက်မှတ်မိသွားသည်။
'အဓိကဇာတ်ဆောင် ၂ယောက် နောက်ဆုံးတော့ ဆုံကြပြီလား...'
လှုပ်ရှားသံကြားလိုက်သဖြင့် ယင်းကျောင်းက မျက်လုံးပင့်ကာ လှမ်းကြည့်လာသည်။
သူတို့၂ယောက် အကြည့်ချင်းဆုံသွားသောအခါ ကျင်းစစ်က ခံစားမှုကင်းမဲ့စွာ မျက်နှာလွဲကာ လှည့်ထွက်သွားလိုက်သည်။
'ဒီလိုဆိုလဲ မဆိုးပါဘူး...'
ယင်းကျောင်း၏အာရုံများကို ချောင်အန်းယန်ဆွဲဆောင်နေသည်လည်း ဖြစ်ကောင်းဖြစ်နိုင်သည့်အတွက် ဇာတ်ကွက်ထဲမှ သူရှောင်ဖယ်သွားနိုင်ပေလိမ့်မည်။
သူ၏ယားယံနေသော နားထင်အား ပွတ်ချေလိုက်ရင်း သူ့ခြေလှမ်းများသည်လည်း ပို၍မြန်လာ၏။
"ဟေ့...မင်း..."
ကျင်းစစ်အား စောင့်နေသော ယင်းကျောင်းက သူ့အားမမြင်ချင်ယောင်ဆောင်ကာ ထွက်သွားသည်ကို သိလိုက်သည်။
ယင်းကျောင်း၏မေးကြောများ အနည်းငယ်တင်းသွားသည်။
အနောက်ကလိုက်ရန် ခြေလှမ်းပြင်ဆင်လိုက်သော်လည်း ချောင်အန်းယန်က တားလိုက်သည်။
"တောင်းပန်ပါတယ်...တောင်းပန်တယ်...ငါမရည်ရွယ်ပါဘူး..."
ချောင်အန်းယန်က စိတ်လှုပ်ရှားစွာ လက်၂ဖက်ကို ချိတ်ကိုင်ထားကာ မျက်နှာနီမြန်းနေပြီး ယင်းကျောင်း၏တီရှပ်အင်္ကျီအား ထိကိုင်ချင်သော်လည်း စိုးရိမ်နေသည်။
"ငါပြန်လျှော်ပေးပါ့မယ်...မင်း မင်းကဘယ်အတန်းကလဲ...လျှော်ပြီးတာနဲ့ ပို့လိုက်ပါ့မယ်..."
ယင်းကျောင်းက အင်္ကျီပေါ်မှ ရေကွက်အား မျက်မှောင်ကြုတ်ကာ ငုံ့ကြည့်လိုက်ပြီး သူ့အရှေ့ကလူဟာ ရေသောက်နေခဲ့သည်ကို သိလိုက်သည်။
"မလိုဘူး..."
သူစိမ်းထိတွေ့ထားသော အရာများအား သူမကြိုက်ပေ။
ယင်းကျောင်းက ချောင်အန်းယန်အား ကျော်ထွက်ကာ ခြေ၂လှမ်း လှမ်းပြီးချိန်တွင် သူ့အင်္ကျီအစအား အနောက်မှဆွဲထားခြင်း ခံလိုက်ရသည်။
"ငါ့အမှားပါ...ငါပြန်လျှော်ပေးပါရစေ..."
ချောင်အန်းယန်က ယင်းကျောင်းအား မဝံ့မရဲကြည့်ကာ ဆက်၍တောင်းပန်နေသည်။
"မဟုတ်ရင် ငါစိတ်ကောင်းမှာ မဟုတ်ဘူး..."
ကိုယ်ပေါ်တွင် ရေစိုနေသောအင်္ကျီကပ်နေခြင်းက ယင်းကျောင်း၏လက်မောင်းတွင် ကြက်သီးထစေသည်။ သူ့လက်ကိုကိုင်ထားသော ချောင်အန့်ရန်အားကြည့်ကာ ဂရုမစိုက်ဘဲ ပြောလိုက်သည်။
"လွှတ်လိုက်..."
ချောင်အန်းယန်က ခေါင်းကိုယမ်းခါလျှက် အလျှော့မပေးဘဲ ပြောသည်။
"ငါ့အမှားပါ...ငါ..."
"ငါမင်းကို လွှတ်လို့ပြောနေတယ်..."
"မဟုတ်ဘူးလေ...ငါပြန်လျှော်ပေးပါ့မယ်..."
"အခု ထွက်သွား..."
ယင်းကျောင်းက အေးစက်မာကျောနေသည်။
ချောင်အန်းယန်က ကြောက်လန့်ကာ လွှတ်လိုက်ရသည်။
ယင်းကျောင်းက နှာမှုတ်လိုက်ပြီး ကျင်းစစ်၏နောက်ကျောက မြင်ကွင်းထဲမှ ပျောက်လုပျောက်ခင်ဖြစ်နေသဖြင့် ချောင်အန်းယန်အား ကြည့်ပင်မကြည့်တော့ဘဲ ကျင်းစစ်အားမှီစေရန် ခြေလှမ်းကျဲကျဲများ လှမ်းလိုက်သည်။
__
Translated By IQ-Team.