အပိုင်း၂၀
Viewers 14k

Chapter 20

Chapter 20

-----------------------


ကျင်းစစ်က စင်္ကြံလမ်းအဆုံးအထိ လျှောက်သွားကာ ကွေ့လှည့်ကာနီးတွင် ရုတ်တရက် သူ၏ကော်လံ‌အနောက်ဖက်အား ဆွဲဖမ်းခံလိုက်ရသည်။


သူ လှည့်ကြည့်လိုက်သည့်အခါ ယင်းကျောင်းက သူ့အား မျက်ခုံးများပင့်၍ ကြည့်နေသည်။


"အတန်းဖော်လေး...ဝိုး...မင်းရဲ့အတန်းဖော်ကိုတွေ့တာ နှုတ်တောင် မနှုတ်ဆက်တော့ဘူးလား..."


ကျင်းစစ်က ခေါင်းကိုက်နေသည့်အတွက် ယင်းကျောင်း၏စနောက်ကျီစယ်ခြင်းကို စိတ်ရှည်စွာ သည်းမခံနိုင်တော့ဘဲ လက်ကိုပုတ်ချလိုက်ပြီး ကော်လံကိုပြန်ဆွဲတင်ရင်း ဆက်လျှောက်သွားလိုက်သည်။


"ဘာဖြစ်လို့လဲ..."


ယင်းကျောင်းက ကျင်းစစ်နှင့် ဘေးချင်းယှဉ်သွားနေရာမှ ကျင်းစစ်၏အပြုအမူများကြောင့် ကျင်းစစ်အရှေ့တွင် ပိတ်ရပ်လိုက်ကာ အနီးကပ်ကြည့်လိုက်သည်။


'မင်း စာမေးပွဲမဖြေနိုင်လို့လား...'


ယင်းကျောင်းက တိုက်ရိုက်မမေးလိုက်ပေ။ သူပို၍စိတ်တိုသွားမည်စိုးသဖြင့် တမင်တကာ စနောက်လိုက်သည်။


"ထပ်ပြီး အနိုင်ကျင့်ခံရပြန်ပြီလား..."


"မဟုတ်ဘူး..."


ကျင်းစစ်က အလွန်ခေါင်းကိုက်နေပြီး စကားပြောချင်စိတ်မရှိသောကြောင့် မပီမသပြောလိုက်သည်။


"ငါ နည်းနည်းနေမကောင်းလို့ပါ..."


ချောင်အန်းယန်အား ယခုအကြိမ် တွေ့လိုက်ရပြီးနောက် သူ၏ခေါင်းကိုက်ခြင်းသည် အရင်တစ်ခါကထက်ပို၍ ဆိုးဝါးလာသည်။


"အအေးမိတာလား..."


ယင်းကျောင်းက ကျင်းစစ်၏နဖူးပေါ် လက်တင်ကာ အသေအချာ စမ်းသပ်လိုက်သည်။


"ကိုယ်တော့မပူပါဘူး...အခန်းထဲမှာ လေကောင်းလေသန့်မရလို့လား..."


"ဟုတ်မယ်ထင်တယ်..."


သူကိုယ်တိုင် ထင်ယောင်ထင်မှားဖြစ်နေတာလားဆိုသည်ကို မသေချာသော်လည်း သူ့နဖူးကိုထိလိုက်ပြီးသည်နှင့် ခေါင်းကိုက်သည့်ဝေဒနာသည် သက်သာသွားသည်ဟု ကျင်းစစ် ခံစားလိုက်ရသည်။


"ဒါဆိုလဲ ပြန်မသွားနဲ့တော့လေ...မင်းနဲ့အတူ အပြင်မှာ မတ်တတ်ရပ်နေပေးမယ်လေ..."


ကျင်းစစ်က ခေါင်းခါလိုက်သည်။


"လကုန်ပြီလေ...ဆရာတွေက အိမ်စာတွေပေးဦးမှာ..."


ခဏတဖြုတ် အနားယူလိုက်ပြီးနောက် သူ ဆက်ပြောလိုက်သည်။


"ငါ အဆင်ပြေပါတယ်...အခုတော်တော်သက်သာသွားပြီ..."


သူခေါင်းမာသည်ကို ယင်းကျောင်းသိသဖြင့် ဆက်လျှောက်သွားရန်အတွက် သူ့ဘေးနားတွင် အတူရှိနေပေးဖို့သာ ရှိတော့သည်။


ဒုတိယ‌စာသင်‌ဆောင်အား ဖြတ်လျှောက်ကာ ပန်းခင်းကလေးဆီသို့ လူ၂ဦး လမ်းလျှောက်သွားနေသည်။


စာမေးပွဲပြီးသွားသောအခါ ကျောင်းသားများက အတန်းဆီသို့ အမောတကောပြန်လာပြီး ကျောင်းပိတ်ရက်အတွက် ပြင်ဆင်ကြသည်။ သို့သော် ယခုအချိန်တွင် သူတို့၂ဦးသာရှိနေကြသည်။


ယင်းကျောင်း၏ခြေလှမ်းများက ရုတ်တရက် ရပ်တန့်သွားသည်။ ကျင်းစစ်၏အဖြေရှာနေသော မျက်လုံးထဲတွင် သူက ကျောင်းယူနီဖောင်းကို ဆွဲကိုင်လိုက်သည်။


သူ့ကြောင့် ကျင်းစစ် အံ့အားသင့်သွားသည်။


"ဘာလုပ်တာလဲ..."


ယင်းကျောင်းက စကားတစ်ခွန်းမှမပြောဘဲ ကျောင်းယူနီဖောင်းအပေါ်အင်္ကျီကို ချွတ်လိုက်ကာ ကျင်းစစ်ဆီသို့ ပစ်ပေးလိုက်သည်။


"ခဏကိုင်ထားပေးကွာ..."


"ဖာခ့်...ငါ့ကျောတော့ တကယ်ညစ်ပတ်နေတာပဲ..."


သူ ကျိန်ဆဲကာ အတွင်းတီရှပ်အဖြူရောင်အား ထက်ချွတ်လိုက်သည်။


"ငါ ချွတ်ပစ်ချင်နေတာကြာပြီ...နေရတာ အဆင်မပြေဘူး..."


ကျင်းစစ်က တုံ့ပြန်ဖို့အချိန် မရှိလိုက်သေးခင်မှာပင် မျက်စိရှေ့မှ လူ၏အပေါ်ပိုင်းခန္ဓာကိုယ်သည် ဖော်ပြခြင်းခံလိုက်ရသည်။


ထိုကောင်လေးက အရပ်မြင့်ပြီး တောင့်ဖြောင့်သည်။ မကြာခဏ အားကစားလေ့ကျင့်သဖြင့် သူ့ခန္ဓာကိုယ်ပေါ်တွင် ကြွက်သားထုအလွှာပါးတစ်ခု ရှိနေသည်။ ခန္ဓာကိုယ်က လှပပြီး ချောမွေ့နေကာ သူ့ဝမ်းဗိုက်ပိုင်းတွင် အ‌မြှောင်း၆မြှောင်းက ရေးရေးကလေးပေါ်နေသည်။


ကျင်းစစ်က ခဏတာ ငုတ်တုတ်မေ့သွားရသည်။ သူ့လက်ပေါ်တွင် တင်နေသည့် ကျောင်းယူနီဖောင်းကိုပါ မေ့သွားသည်။ ထို့နောက် သူ၏ခေါင်းကို တစ်ခြားဖက်သို့လှည့်လိုက်သည်။


ယင်းကျောင်းက ပြုံးလိုက်ပြီး ကျောင်းယူနီဖောင်းကိုပြန်ယူကာ ဝတ်လိုက်သည်။


"ဘယ်လိုလဲ...မင်းအကိုရဲ့ကိုယ်ကာယက ဘယ်လိုနေလဲ..."


ကျင်းစစ်က အဖြေမပေးဘဲ နှုတ်ခမ်းစူကာ ရှေ့သို့ဆက်လျှောက်သွားသည်။


"ဟေ့...အတန်းဖော်လေး...ငါမင်းကို စကားပြောနေတယ်လေ..."


ယင်းကျောင်းက လိုက်သွားပြီး အပြုံးဖြင့်သဘောထားပြည့်ဝနေဟန်ဖြင့်ဆိုလာသည်။


"လက်တွေ့ကျစမ်းပါ...လူတိုင်းမြင်ခွင့်ရှိတာမဟုတ်ဘူးနော်...မင်းရဲ့ဝေဖန်ချက်က ဘယ်လိုဖြစ်မလဲ..."


ကျင်းစစ်က သူ့ကိုပြန်ကြည့်ရန် ခက်ခဲနေသဖြင့် အသံတိုးတိုးဖြင့် ပြောလိုက်သည်။


"ငါလည်း မကြည့်ချင်ပါဘူး..."


"ဒါဆို ဘာလို့ကြည့်နေခဲ့လဲ..."


ကျင်းစစ်နှင့် မျက်နှာချင်းဆိုင်ပြောချင်သဖြင့် ထိုလူညစ်ယင်းကျောင်းက နောက်ပြန်လမ်းလျှောက်ရင်း အတင်းမေးလာပြန်သည်။


"ပြောလေ...မိုက်ရဲ့လား..."


ကျင်းစစ်က အနည်းငယ်ရှက်နေပြီး သူက ဆက်လက်မေးနေသည်။


ကျင်းစစ်က အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး လက်ကိုရှေ့သို့ဆန့်တန်းကာ သူ့အား တွန်းဖယ်လိုက်သည်။


"မင်း ငါ့ရှေ့ကဖယ်ကွာ..."


‌ယင်းကျောင်းက မကွယ်မဝှက်ဘဲ ကျင်းစစ်၏လက်ကောက်ဝတ်ကိုကိုင်ကာ အနောက်သို့အနည်းငယ်ဆုတ်ကာ ကျင်းစစ်ကို သူ့လက်မောင်းများအတွင်းသို့ အားနှင့်မာန်နှင့် ဆွဲသွင်းလိုက်သည်။


"ကျစ် ကျစ် ကျစ် ကျစ်...အတန်းဖော်လေးရာ...ထိချင်ကိုင်ချင်လဲ ပြောလိုက်ရုံပဲလေကွာ...ငါက မင်းကိုခွင့်မပြုမှာကျနေတာပဲ..."


သူ့ခပ်ဆိုးဆိုးအသံက ကျင်းစစ်၏ခေါင်းပေါ်မှ ထွက်လာသည်။


"ဘာတွေဒီလောက် ချီတုံချတုံဖြစ်နေတာလဲ..."


"ဘယ်သူက ထိချင်နေလို့လဲ..."


ကျင်းစစ်က ခေါင်းမကိုက်တော့တာကို ဒေါသထွက်နေရင်းမှတွေးလိုက်မိသည်။



ထို့​နောက် သူက လက်နှင့်တွန်းဖယ်လိုက်ပြီး "အရူး..."


ထိုသို့ပြောကာ ယင်းကျောင်းအား ကွေ့ရှောင်လိုက်ပြီးနောက် အတန်းဆီသို့ အမြန်လျှောက်သွားလိုက်သည်။


ဥပေက္ခာပြုနေရာမှ ကြက်သွေးထိုးထားတဲ့ ရန်သွေးကြွစိတ်ဝိညာဉ်ဆီသို့ ပြောင်းလဲသွားသည့် ကတ်သီးကတ်သတ်ကောင်လေးအားကြည့်ရင်း ယင်းကျောင်းက တဟဟရယ်ရင်း အနောက်မှလိုက်သွားသည်။


'မင်းအခု စာမေးပွဲအကြောင်းကို မေ့သွားသင့်တာ...ဟုတ်တယ်မို့လား...'


စီရင်စုတွင် နာမည်ကြီးကျော်ကြားသော အထက်တန်းကျောင်းဖြစ်နေသည်မှာ မထူးဆန်းပေ။ ကျောင်းပိတ်ရက်၂ရက်အတွင်း ဘာသာရပ်တစ်ခုချင်းစီ၏ဆရာများက ကျောင်းသားများအား အနားမပေးချေ။ မေးခွန်းဟောင်းများက တစ်ရွက်ပြီးတစ်ရွက် မနားတမ်းရောက်လာသည်။ မကြာခင်မှာပင် ကျင်းစစ်၏စားပွဲခုံပေါ်တွင် စာရွက်အပုံလိုက် ထပ်တင်နေသည်။


ဆရာလျိုက ကြိုတင်ကာကွယ်မှုများအား စင်ပေါ်တွင် ထပ်ကာထပ်ကာ အလေးပေးပြောလိုက်သည်။


"မပြေးကြနဲ့...အပြင်ရောက်ရင် ပြဿနာမရှာကြနဲ့ဦး...လမ်းကူးရင်လည်း ဂရုစိုက်ကြ...တနင်္လာနေ့မနက်ကျရင် မနက်ပိုင်းစာလေ့လာဖို့ အချိန်အတိအကျ လာကြ...စနေနေ့ကတော့ ကျောင်းပိတ်တယ်...အဆောင်လည်း ဒီနေ့ညကစ ပိတ်မယ်...ကျောင်းကိုအမြန်ပြန်လာချင်တယ်ဆိုလည်း ၃ရက်မြောက်နေ့ကျရင် ကိုယ်ပိုင်စာလေ့လာချိန်အတွက် စောစောသာလာခဲ့ကြ..."


အားလုံးက အိမ်သို့ပြန်ရန် စိတ်အားထက်သန်နေကြသည်မို့ အိမ်အပြန်လမ်းတွင် ဂရုစိုက်ကြရန်မှလွဲ၍ အခြားဘာမှမပြောတော့ဘဲ အတန်းဆင်းပေးလိုက်သည်။


ကျင်းစစ်က သူ၏မူလအိမ်လိပ်စာအား ဖုန်းထဲရှိ မှတ်တမ်းမှတွေ့လိုက်ရပြီး လမ်းကြောင်းရှာလိုက်သည်။


ဆရာလျိုပြောပြသည့်အတိုင်းဆိုပါက သူက ကျောင်းပြီးသွားလျှင် ကျောင်းကားဂိတ်ဆီသို့ တန်းသွားရမည်ဖြစ်သည်။


ယခုအချိန်ကစောနေသေးသည်။ ထို့ကြောင့် ကားပေါ်တွင် လူအများကြီးရှိမနေချေ။


ကျင်းစစ်က တံခါးပေါက်အနားရှိ ထိုင်ခုံတွင် ထိုင်လိုက်ပြီးနောက် ကျောင်းအိတ်ကိုကိုင်ရင်း နောင်တွင်မည်သို့နေထိုင်ရမည်ကို တွေးတောနေမိသည်။


သူ့မိဘနှင့်လည်း အမှန်တကယ် ဆက်ဆံရေးမရှိခဲ့သဖြင့် အကယ်၍ မူရင်းခန္ဓာကိုယ်နှင့် သူ၏အဖေတို့ကြားမှ ဆက်ဆံရေးသည်လည်း အဆင်ပြေသည့်ပုံမပေါ်ခဲ့လျှင် သူမည်သို့ရင်ဆိုင်ရမည်ကို မသိပေ။


'သူဂရုတစိုက်နဲ့...ဟယ်လိုလို့နှုတ်ဆက်သင့်သလား...အရမ်းများယဉ်ကျေးနေမလား...'


'အကယ်၍ စာမေးပွဲရလဒ်ကိုမေးခဲ့ရင် အမှန်အတိုင်းဖြေရမလား...မူရင်းခန္ဓာကိုယ်ရဲ့အကျင့်စရိုက်ကိုပဲ အတုခိုးရမလား...'


ကျင်းစစ်က အိမ်ပြန်လမ်းတစ်လျှောက် တွေးတောလာခဲ့သည်။ သို့သော် သူ၏နှလုံးသားထဲတွင် မျှော်လင့်ချက်အနည်းငယ်လည်း ရှိနေမိသည်။


ကျင်းမိသားစုက စီရင်စုနှင့် လွန်စွာမကွာဝေးလှပေ။ ခဏအကြာတွင် ကျင်းစစ်က အလွန်ကောင်းမွန်သော ရပ်ကွက်အတွင်းသို့ လျှောက်၀င်လာလိုက်သည်။


ကျင်းမိသားစုက ၇ထပ်မြောက်တွင် နေထိုင်သည်။ ကျင်းစစ်က "ဖူ"ဆိုသည့် စာလုံးကပ်ထားသော လုံခြုံရေးတံခါးအရှေ့တွင် မတ်တတ်ရပ်လျှက် တံခါးမခေါက်ခင် အသက်ဝအောင်ရှူလိုက်သည်။


၁လကျော် ဝင်ရောက်ခဲ့ပြီးနောက် မူရင်းခန္ဓာကိုယ်အကြောင်း သူ အားလုံးသိခဲ့သည်။ ကျင်းစစ်က ကြိမ်ဖန်များစွာ ရှာပြီးပြီဖြစ်သော်လည်း ကျင်းမိသားစုအိမ်၏သော့အား ရှာမတွေ့ခဲ့ပေ။ ဆိုလိုသည်က သူ့ဆီတွင် အိမ်သော့မရှိခြင်းဖြစ်နိုင်သည်။


"ဘယ်သူလဲ..."


စက္ကန့်အနည်းငယ်အကြာတွင် တံခါးက ခပ်ဟဟကလေး ပွင့်လာပြီးနောက် စိတ်မရှည်သောအမျိုးသမီးတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။


"ဘာ..."


သူမက ကျင်းစစ်ကို ငေးမောကြည့်ရင်း နောက်ထပ်ထွက်လာမည့်စကားများ ရုတ်တရက်ရပ်တန့်သွားသည်။


"ဘယ်သူလဲ..."


သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က ရေခွက်တစ်ခွက်ကိုင်ကာ ရောက်လာသည်။ ထိုသူသည် အရင်လိုအသက်အရွယ်မငယ်တော့သော်လည်း ငယ်ရွယ်စဉ်ကကဲ့သို့ ချောမောနေဆဲပင်ဖြစ်သည်။ သူက ကျင်းစစ်ကိုမြင်သွားသောအခါ မျက်မှောင်ကြုတ်လိုက်သည်။


"ဘာလို့ပြန်လာတာလဲ..."


ကျင်းစစ်၏ပြောစကားကိုပင်မစောင့်တော့ဘဲ သူက တဖျစ်တောက်တောက် ပြစ်တင်ပြောဆိုလိုက်သည်။


"အိမ်ပြန်မလာဖို့ မင်းကိုငါပြောထားတယ်မှတ်လား...ဘာကိစ္စလဲ...ပိုက်ဆံတောင်းမလို့လား...ဒါမှမဟုတ် ဆရာကိုယ်တိုင် လာပြန်ပို့တာလား..."


ကျင်းစစ်၏နှုတ်ခမ်းက ရှုံ့တွသွားသည်။ သူ၏ကိုယ်စားပြုရာ စိတ်ပင်ပန်းမှုသည် ပျောက်ရှခဲ့သည်မှာ ကြာလွန်လှပြီဖြစ်သည်။ ကျင်းဖူအားကြည့်ရန် သူခေါင်းမော့လိုက်သည်။


"လကုန်လို့ ကျောင်းပိတ်ပေးလိုက်တာပါ..."


အဖေကျင်းက အနည်းငယ်မယုံကြည်ပေ။


"ဒါ နိုဝင်ဘာအစကွ...ဘယ်က လကုန်ပိတ်ရက်ကို မင်းပြောနေတာလဲ..."


ထိုသို့ပြောခြင်းသည် ယခင်လကုန်က ကျင်းစစ်အိမ်ပြန်မလာခြင်းကို မှတ်မိသည်ဟုဆိုလိုသည်ပင်ဖြစ်၏။


ကျင်းစစ်က အသံယဲ့ယဲ့လေးဖြင့် ရှင်းပြလိုက်သည်။


"နှစ်ဝက်စာမေးပွဲကြောင့် ရက်နည်းနည်းနောက်ကျသွားတာပါ..."


အဖေကျင်းက သူ့အား ခြေဆုံးခေါင်းဆုံး ထပ်ကာကြည့်ရင်း သူလိမ်ညာနေသည် ဟုတ် မဟုတ် ချင့်ချိန်ရင်း သူ့မိန်းမ ကျောင်းကျင်းဖုန်အား တွန်းဖယ်လိုက်သည်။


"ပေးဝင်လိုက်..."


ကျောင်းကျင်းဖုန်က မျက်လုံးလွှဲကာ ဖွင့်ပေးလိုက်ပြီးနောက် သူက တံခါးကိုဆောင့်ပိတ်လိုက်သည်။


"ကောင်းပြီလေ...မင်းပြန်ရောက်လာပြီဆိုတော့လဲ မင်းအခန်းထဲ အမြန်သာသွားတော့..."


အဖေကျင်းက ကျင်းစစ်အား စိတ်မရှည်စွာကြည့်လိုက်သည်။


သူ၏အရင်မိန်းမက သူ့အပေါ်ဖောက်ပြန်ခဲ့ခြင်းကြောင့် အကြီးဆုံးသားအား အမြင်မကြည်နိုင်ပေ။


ဤသားက ပုန်ကန်သောင်းကျန်းကာ စာကြိုးစားခြင်းမရှိသောအခါ သူ့အား အရှက်ရစေသည်မှလွဲ၍ ကျန်သောအရာမရှိတော့ပေ။


ကျင်းဖူက သူ့အား သတိပေးသည့်အနေဖြင့်ကြည့်လိုက်သည်။


"ပြောထားမယ်...မြောင်မြောင် စာလုပ်နေတဲ့အချိန် ထွက်ပြီး မနှောက်ယှက်နဲ့...ကြားလား..."


ကျင်းမြောင်က ကျင်းစစ်၏ဖအေတူ မအေကွဲ ၃နှစ်ငယ်သော ညီတစ်ဦးဖြစ်သည်။ သူက လက်တလောတွင် စီရင်စု‌ကျောင်း၏ ဂျူနီယာပထမနှစ်တွင် တက်ရောက်နေသူဖြစ်သည်။


ထိုကျောင်းတွင် အတင်းထားခြင်းခံရသော မူရင်းခန္ဓာကိုယ်နှင့် မတူဘဲ သူက သူ၏ကိုယ်ပိုင်အစွမ်းဖြင့် ကျောင်းသို့ဝင်ရောက်ခဲ့သူဖြစ်သည်။ အပြိုင်အတန်းကိုသာ တက်ရောက်နေသည်ကလည်း သူ့ကိုယ်တိုင်အစွမ်းဖြင် တက်ရောက်နေခဲ့ခြင်းဖြစ်သည်။


အဖေကျင်းက ထိုစာကြိုးစားကာလိမ္မာယဉ်ကျေးသော သားအား ချစ်သည်။ ကုမ္ပဏီတွင် နေ့စဉ်နေ့တိုင်း ကျင်းမြောင်အကြောင်းသာ ပြောဆို၏။ သူ့တွင် ကျင်းစစ်ဆိုသည့် နောက်ထပ်သားတစ်ယောက်ရှိသေးကြောင်း လူတော်တော်များများမသိကြချေ။


စီရင်စုတွင် ကျင်းစစ်အား ပိုက်ဆံအကုန်ခံ၍ထားခြင်းသည် သူ ပညာကောင်းမွန်စွာ တတ်မြောက်ရန်မဟုတ်ဘဲ ကျင်းစစ်၏အမေအရင်းအား အငြိုးထားခြင်းကြောင့်ဖြစ်သည်။


ကျောင်းတစ်ကျောင်းတည်းတွင် အခြားအမျိုးသမီးကမွေးပေးထားသော ကလေးက သူမ၏သားထပ် ပို၍သာလွန်ကောင်းမွန်နေကြောင်းကို အမေကျင်းအား ပြသချင်၍ဖြစ်သည်။


သူမ မွေးပေးခဲ့သော ရွှံ့နွံက နံရံတည်ဆောက်ရန်ပင် အသုံးမဝင်ပေ။ ပိုက်ဆံအကုန်ခံကာ ကျောင်းကောင်းကောင်းတွင် ထားပေးသော်လည်း သင်ယူနိုင်စွမ်းမရှိချေ။


ကျင်းမြောင်က ဧည့်ခန်းရှိ ဆိုဖာပေါ်တွင်ထိုင်ကာ TVကြည့်နေသည်။ အဖေကျင်း၏စကားများကိုကြားလိုက်သောအခါ ဂုဏ်ဆာကာ ရန်ဆောင်သောမျက်လုံးများဖြင့် လိမ္မော်သီးစားရင်း သူ့အားကြည့်လိုက်သည်။


"သိပါပြီ..."


နှစ်ပေါင်းများစွာ အထင်အမြင်သေးစွာ ဘေးဖယ်ထားခြင်းကို ကျင်းစစ် နာကျင်ခံစားခဲ့ရသည်။ သို့သော် သူ ကျင်းမြောင်ကို ဂရုမစိုက်ပေ။ သူ တည်ငြိမ်စွာပင် ဖိနပ်ချွတ်လဲလိုက်ပြီး ကျောပိုးအိတ်လွယ်ကာ အတွင်းသို့ဝင်လာသည်။


အဖေကျင်းက သားအကြီးကောင်၏စိတ်ထိန်းချုပ်နိုင်စွမ်း တိုးတက်လာသည်ကို ယဲ့ယဲ့ကလေး ရိပ်စားမိသော်လည်း သူ ဂရုမစိုက်ပေ။


ကျင်းစစ်က ဘာမဆီလျော်တာလုပ်မည်နည်းဟု ကြည့်နေသည်။ ကျင်းစစ်က အခြားတစ်ဖက်သို့လှည့်သွားသောအခါ သူ ချက်ချင်းဆိုသလို အော်ငေါက်လိုက်သည်။


"မင်းဘာလုပ်နေတာလဲ...မင်းအခန်းထဲ တခါတည်းမဝင်ဘဲ ဘယ်သွားမလို့လဲ..."


ကျင်းစစ်က သာမန်မျက်လုံးများဖြင့် ပြန်ကြည့်လိုက်သည်။


"မီးဖိုချောင်ကိုပါ...စားဖို့တစ်ခုခုသွားရှာမလို့...ကျွန်တော်ဘာမှမစားရသေးဘူး..."


အဖေကျင်း မွန်းကျပ်ကာ ငြိမ်သက်သွားသည်။ ကျင်းစစ်ပြန်ရောက်လာကတည်းက ထိုကိစ္စအား သူမေ့လျော့နေခဲ့သည်။


သူ၏ရှက်ရွံ့မှုကို ဖုံးကွယ်ဖို့ရာ ကျောင်းကျင်းဖုန်ဖက်သို့လှည့်ကာ အော်ပြောလိုက်သည်။


"သူစားဖို့တစ်ခုခုလုပ်ပေးလိုက်..."


ကျောင်းကျင်းဖုန်က ကျင်းမြောင်ဘေးတွင် အေးဆေးစွာထိုင်ရင်း လိမ္မော်သီးအခွံကို ခွာပေးနေသည်။


"ကျွန်မ မအားဘူးလေ...သူ့ဘာသာသူ လုပ်ပါလေ့စေ..."


အဖေကျင်းက မျက်မှောင်ကြုတ်ရင်း တစ်ခုခုပြောလိုက်ချင်သော်လည်း သူနှင့်တူသော ကိုယ်ပွားသားအငယ်ကို မြင်သွားကာ ဘာတစ်ခွန်းမှမပြောတော့ပေ။


မီးဖိုချောင် ကောင်တာစားပွဲပေါ်တွင် လက်ကျန်ဟင်းရှိနေသည်။ ကျင်းစစ်က ဝက်နံရိုးအာလူးပြုတ်ချက်အား ခပ်များများယူကာ နွှေးလိုက်သည်။ ပြီးနောက် ထမင်းအိုးထဲမှာ အေးစက်နေသော ထမင်းနှင့်ပင် ၂ပန်းကန်စားလိုက်သည်။


စားပြီးသည့်နောက် သူ့အခန်းထဲသို့မသွားခင် ဒယ်အိုးနှင့် ပန်းကန်များ အားလုံးကို ဆေးကြောလိုက်သည်။


ကျောင်းကျင်းဖုန်က ကျင်းစစ်အား ဆန်းကြယ်သောမျက်လုံးများနှင့် ကြည့်နေမိသည်။


'ဒီ...ဒီသတ္တဝါကောင်လေး ဘယ်...ဘယ်တုန်းက အသိတရားဝင်သွားပါလိမ့်...'


သို့သော် သူမအတွက် အဆင်ပြေလှသည်။ သူအသုံးပြုခဲ့သော ပန်းကန် ခွက်များအား သူမ မဆေး‌ကြောချင်ပေ။ ညစ်ပတ်သည်ဟု သူမထင်သည်။


သူ၏မူလအခန်းက မှောင်သောအခြမ်းဘက်တွင်ဖြစ်သည်။ အခန်းမီးကလည်း အကောင်းကြီးမဟုတ်ချေ။ ကုတင်နှင့်ဗီရိုသာရှိသောအခန်းသည် ပြည့်ကျပ်နေသဖြင့် သူ ဘေးတိုက်လျှောက်ကာဝင်လိုက်သည်။


ကျင်းစစ်က အခန်းကို အချဉ်းချုပ်ရှင်းလင်းကာ ကြမ်းခင်းအား သန့်ရှင်းလိုက်သည်။ ညအိပ်ဝတ်စုံလဲလိုက်ပြီးနောက် ကြမ်းခင်းပေါ်တွင် ငုတ်တုတ်ထိုင်ကာ အိပ်ယာပေါ်သို့စာအုပ်များတင်ပြီး အိမ်စာမေးခွန်းဟောင်းများအား တွက်ချက်လိုက်သည်။


သူကြိုက်နှစ်သက်သည့်ဘာသာမှာ သင်္ချာဘာသာဖြစ်သဖြင့် သင်္ချာအိမ်စာများကို အရင်ဦးဆုံးတွက်ချက်လိုက်သည်။


အိမ်စာမေးခွန်းဟောင်းများက စာမေးပွဲထပ် ပို၍လွယ်ကူစမြဲပင်ဖြစ်သည့်အတွက် နာရီဝက်ကျော်ကျော်တွင် တွက်ချက်၍ပြီးဆုံးသွားသည်။


ကုတင်မှာ အလွန်နိမ့်သည့်အတွက် ကျင်းစစ်က ခြေ၂ချောင်းကိုကားကာ ငုတ်တုတ်ကလေးထိုင်၍ ရေးရသည်။


နာရီဝက်ကျော်လွန်သောအခါ သူ၏ခန္ဓာကိုယ်သည် ထုံကျင်လာ၏။


သူ ဘောပင်ကိုချလိုက်ပြီး ညောင်းနေသောကျောကို ပွတ်ရင်း မတ်တတ်ရပ်၍ အကြောဆန့်မည်လုပ်ချိန်၌ သူ၏ဖုန်းက တုံခါသွားသည်။


သူငုံ့ကြည့်လိုက်သည့်အချိန်တွင် ဖုန်းမျက်နှာပြင်ပေါ်တွင် ပို့စာများ ပေါ်လာသည်။


[ကျောင်း] : အတန်းဖော်လေး...ဘာတွေလုပ်နေလဲ...


[ကျောင်း] : အဆင်ပြေရဲ့လား...


[ကျောင်း] : စားရောစားပြီးပြီလား...


ကျင်းစစ် အနည်းငယ် အံ့ဩတုန်လှုပ်သွားသည်။


ယနေ့တွင် သူ၏မိသားစုနှင့်တွေ့ခဲ့သည်။ သို့သော် သူစားပြီးပြီလားဟု မေးသောသူသည် ယင်းကျောင်းတစ်ယောက်တည်းသာ ရှိနေခဲ့၏။


_____