Chapter 23
-----------------------
ထိုနေ့ နေ့လည်က မရှင်းမရှင်းပြောသွားပြီးနောက် ယင်းကျောင်းက ကျင်းစစ်ကို စနောက်ရန် ထပ်မကြိုးစားတော့ပေ။
ထို့ကြောင့် သူ့မှာ အလွန်ပျော်ရွှင်စရာကောင်းပြီး ကျေနပ်အားရစရာကောင်းသော ပိတ်ရက်တစ်ခု ရှိသွားသည်။
သူက အိမ်စာတွေပြီးဆုံးသွားပြီဖြစ်ပြီး စာအုပ်ထဲက အရေးကြီးမှတ်စရာများကိုလည်း ကြိမ်ဖန်များစွာ ဖတ်ခဲ့ပြီးပြီ။ သို့ဖြစ်၍ သူဝယ်လာတဲ့စာအုပ်အသစ်တွေကို ထုတ်လိုက်ကာ အတန်းထဲထိုင်ကာ လေ့လာခြင်းတွင် သူ့ကိုယ်သူနစ်မြုပ်ကာ တစ်အုပ်ပြီးတစ်အုပ်ဖတ်တော့သည်။
တစ်ချိန်တည်းမှာပဲ သင်ကြားရေးရုံးခန်းထဲတွင် အထက်တန်းဒုတိယနှစ် ဆရာများသည် အတူစုဝေးနေကြပြီး အဖြေလွှာများကို အမှတ်ပေးနေကြသည်။
ဆရာလျိုရဲ့ကလေး၏ ဖျားနာမှုက အရှင်းမသက်သာသေးဘဲ နေ့ခင်းပိုင်းတွင် တစ်နာရီလောက်နောက်ကျနေသည်။ တခြားဆရာများက စာစစ်နေရင်း စကားစမြည်ပြောနေကြသည်။
“ဒီတစ်ခေါက် မေးခွန်းခက်ခဲမှုကို အထူးတလည်မြှင့်ထားတယ်...ကျောင်းသားတွေ ဘယ်နှမှတ်ထိရနိုင်မလဲဆိုတာတော့ မသိဘူး”
တန်းခွဲနှစ်ကဆရာ ကျောက်ဖုန်က သင်္ချာစာရွက်တစ်ရွက်ကို စစ်ပြီး နောက်တစ်ရွက်ကိုလှန်လိုက်ရင်း သူ့ခေါင်းကိုယမ်းလိုက်သည်။
“စာသင်နှစ်တစ်ဝက်က ပြီးသွားပြီ... တချို့ကျောင်းသားတွေကတော့ ဝေလေလေလုပ်နေတုန်းပဲ... အမှတ်တွေထွက်လာပြီး လန့်ဖြန့်သွားတဲ့အထိ စောင့်နေကြတယ်... အခုလေးတင်စစ်လိုက်တဲ့တစ်ရွက်က ဘယ်လိုအဖြေမျိုးကို ဖြေထားတာလဲကွာ”
“ဟုတ်တယ် ဆရာရေ”
တန်းခွဲသုံးကဆရာ စွင်းတုန်းအန်းက ပြန်ဖြေလိုက်သည်။
“စာမေးပွဲမှာရတဲ့အမှတ်တွေကို ကြည့်ပြီး အဲဒါက...”
ပြောနေရင်းတန်းလန်း ရုတ်တရင် ရပ်သွားသည်။
ရုံးခန်းထဲက ဆရာတွေကာ တစ်ယောက်ပြီးတစ်ယောက် သူ့ကိုလှည့်ကြည့်လာကြသည်။
“ဘာဖြစ်လို့လဲ”
“ဆရာစွင်း ဘာတွေ့လိုက်လို့ အဲလောက်တောင် အံ့ဩသွားတာလဲ”
“ဒါက...”
ဆရာစွင်းက တောက်ပနေသော မျက်လုံးများဖြင့် အဖြေလွှာတစ်ရွက်ကို ပြလိုက်သည်။
“အခုလေးတင် သင်္ချာစာရွက်တစ်ရွက်ကို စစ်လိုက်တာ အကုန်မှန်နေတယ်”
သူက စိတ်လှုပ်ရှားစွာပြောလိုက်သည်။
“အမှန်ရွေးမေးခွန်းတွေကိုတော့ ဘယ်လောက်ထိကောင်းကောင်းဖြေခဲ့လဲမသိပေမယ့် ကျန်တဲ့မေးခွန်းတွေအားလုံးက မှန်နေတယ်”
ယခုစာမေးပွဲရဲ့ အကြောင်းအရာတွေကို စီရင်စုအထက်တန်းကျောင်းကဆရာကိုယ်တိုင် ထုတ်ထားခြင်းဖြစ်သည်။ စီရင်စုအထက်တန်းကျောင်းဆရာသည် ရက်စက်ပြီးခေါင်းမာလေသည်။ အထူးသဖြင့် ခက်ခဲသောမေးခွန်းများကို မေးတတ်သည်။ ယခုတစ်ကြိမ်မေးခွန်းတစ်ခုလုံး၏ ခက်ခဲမှုသည် မြို့နယ်လုံးဆိုင်ရာစာမေးပွဲထက်ပင် ပို၍ခက်ခဲသေးသည်။
သို့သော်လည်း စီရင်စုတွင် ထူးချွန်သောကျောင်းသားများစွာ ရှိပြီး စစ်ဆေးမှုတိုင်းက အမှတ်ပြည့်များ ဖြစ်နေတတ်သည်။ အမှတ်ပြည့်ဟုတ်လား မဟုတ်လားဆိုတာတောင် မသိသေးဘဲ ဘယ်အရာကများ ဆရာစွင်းကို စိတ်လှုပ်ရှားအောင် လုပ်နိုင်တာလဲ။
တခြားသော ဆရာ ဆရာမများက အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။
ကျန်းကျင်းက စွင်းတုန်းအန်းကို အထင်သေးသလိုကြည့်လိုက်သည်။
“အဲဒါက သင်္ချာမှာ အမှတ်ပြည့်ရရုံလေးပဲမလား”
အဓိကအတန်းများနှင့် အပြိုင်အတန်းများ၏ ဆရာများကသာ ကြုံတောင့်ကြုံခဲဖြစ်ပြီး ထူးဆန်းနေကြသည်။ အမှတ်ပြည့်အဖြေလွှာကို ကြည့်ပြီး သူတို့လည်း စိတ်လှုပ်ရှားနေကြသည်။
“မဟုတ်ဘူး”
ဆရာစွင်းက စားပွဲပေါ်က Identity ကိုပိတ်ထားသော အဖြေလွှာများကို ကောက်ကိုင်ကာ ရှင်းပြလိုက်သည်။
“ကျွန်တော် စာရွက်တွေအကုန်စစ်ပြီးသွားပြီ... ဘယ်သူမှ အမှတ်ငါးဆယ်မကျော်ကြဘူး... ဒါက နောက်ဆုံးတစ်ယောက်... အမှတ်အပြည့်ပဲ... ဒါက အံ့ဩဖို့ကောင်းတယ်လို့ မထင်ဘူးလား”
“စာမေးပွဲခန်းရဲ့နောက်နားမှာ ထိုင်တဲ့ ကျောင်သားတွေမှာ အမှတ်ပြည့်ရတဲ့ ကျောင်းသားရှိလို့လား”
ဆရာစွင်းက ထိုသို့ပြောလိုက်သောအခါ အခြားဆရာများမှာ စိတ်ဝင်စားလာကြပြီး စုရုံးကာလာကြည့်ကြတော့သည်။
“ဒါက ကျွန်မအတန်းထဲကမဟုတ်ဘူး... လက်ရေးကို မရင်းနှီးဘူး”
“ကျုပ်တို့အခန်းထဲကလည်း ဟုတ်ပုံမပေါ်ဘူး”
“ရှုပ်လာပြီ... ဒါဆို ဒါကဘယ်အခန်းကလဲ”
ဆရာတွေက တိတ်တဆိတ်ခန့်မှန်းနေကြသည်။ အခန်း၇တွင် ဓာတုသင်သော ဆရာဝမ်က ရုတ်တရတ် အံ့အားသင့်စွာပြောလာသည်။
“ကျွန်တော့်မှာလည်း ဆရာစွင်းနဲ့ အတူတူပဲ”
သူက လက်ထဲက စာရွက်ကို လှုပ်ပြလိုက်သည်။
“လောင်ကျုံးမစစ်ရသေးတဲ့ အမှန်ရွေးမေးခွန်းတွေကလွဲပြီး ကျန်တဲ့ဟာတွေက အမှတ်ပြည့်ပဲ”
ဆရာဝမ်၏ စိတ်ထဲတွင် မရေရာသော ခန့်မှန်းချက်တစ်ခုရှိနေပြီး သူ၏ စိတ်လှုပ်ရှားနေသော စကားများက ကျေနပ်ဖွယ်မရှိပါ။
“ဒီကျောင်းသားလို ၁၀၀ကျော်ရတဲ့သူမျိုး တူညီတဲ့စာမေးပွဲခန်း တစ်ခန်းလုံးမှာ မရှိဘူး”
ဤသည်ကိုကြားပြီးနောက် အခြားဆရာတွေက တိုးကြည့်လာသည်။
မှန်သည် ဆရာဝမ်ပြောသလိုပင်။
ဆရာတစ်ယောက်၏စိတ်ထဲတွင် အလင်းတစ်ချက်ပွင့်သွားပြီး ဖိုရမ်ပေါ်က ပို့စ်ကို ရုတ်တရတ် သတိရလိုက်သည်။ သူ၏မျက်လုံးများမှာ ရုတ်တရတ် ပြူးကျယ်သွားတော့သည်။
“ဖြစ်နိုင်ပါ့မလား...”
သူက ခြောက်ကပ်စွာမျိုချလိုက်ပြီး နောက်ဆုံးတွင် နာမည်ကို ခက်ခက်ခဲခဲပြောလိုက်တော့သည်။
“တန်းခွဲ၇က ကျင်းစစ်များလား”
သူ အသံထွက်လာသည်နှင့် ကျန်းကျင်းက အေးစက်စွာ နှာမှုတ်လိုက်သည်။
“မဖြစ်နိုင်တာ”
အခန်း၇က အမှိုက်သေးသေးလေးတစ်စက စာမေးပွဲကို ကောင်းကောင်းဖြေခဲ့တယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
တခြားဆရာတွေကလည်း မယုံကြပေ။ သူတို့အားလုံးက ပို့စ်အကြောင်းသိသော်လည်း ပို့စ်မှာပါတဲ့အကြောင်းအရာကို ဘယ်သူကမှ အရေးတယူမလုပ်ကြပေ။
ဆရာမတစ်ယောက်က ပြောလာသည်။
“ဘာပဲဖြစ်ဖြစ် အဖြေလွှာတွေအားလုံး စစ်ပြီးသွားပြီဆိုတော့ ကျွန်မတို့ ခွာပြီး ကြည့်လိုက်ကြမလား... ကျွန်မတို့ ဒိတိုင်းခန့်မှန်းနေကြတာ အဆင့်ပေးတဲ့အခါကျ ရှုပ်သွားနိုင်တယ်”
စွင်းတုန်းအန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကျွန်တော်လည်း အဲလိုပဲထင်တယ်... မဟုတ်လည်း ခွာကြည့်ရမှာပဲလေ”
တခြားသူများလည်း တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်လိုက်ကြသည်။
ကျောင်းမှာ စာမေးပွဲအတွက် နာမည်တွေ ကြိုဖွင့်ထားရတာ ပြဿနာမရှိတဲ့အပြင် ဒီအဖြေလွှာလေးတွေကသေးငယ်ပြီး လုပ်စရာလည်း မရှိပါဘူး။
ရုံးခန်းထဲရှိ ဆရာ ဆရာမ အားလုံး၏ အကြည့်အောက်တွင် စွင်းတုန်းအန်းသည် ပိတ်ထားသော seal ကို ဖြေးညှင်းစွာဖွင့်ကြည့်လိုက်ကာ သင်္ချာစာရွက်ကို ဆွဲထုတ်လိုက်သည်။
မျက်လုံးများက ထိုနာမည်ပေါ်တွင် စူးစိုက်ကြည့်လိုက်သောအခါ ဆရာအားလုံး အသံပျောက်ကုန်ကြသည်။
ဆရာ ဆရာမများ၏ မျက်လုံးများမှာ ကျယ်လာပြီး ပါးစပ်များဟသွားကြသည်။ အသက်ကိုလေးလေးရှူလိုက်ကာ တချို့ဆိုလျင် ကလေးဆန်စွာ သူတို့၏ မျက်လုံးများကိုတောင် ပွတ်လိုက်ကြသေးသည်။
‘မဖြစ်နိုင်ဘူး အတုပဲ သူကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ'
ခဏကြာအောင် ရုံးခန်းက အလွန်အမင်းတိတ်ဆိတ်ခြင်းသို့ ကျရောက်သွားသည်။
တော်တော်လေးကြာမှ ကျန်းကျင်းက မယုံကြည်နိုင်စွာ ထအော်၍ အခန်း၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
သူမ မယုံကြည်သော်လည်း မတတ်နိုင်ပေ။ သပ်ရပ်နေသော စာရွက်ပေါ်ရှိ အတန်းကော်လံနေရာတွင် စကားလုံးအနည်းငယ်မှာ ရှင်းလင်းနေသည်—
အတန်း ၂၊ အခန်း ၇၊ ကျင်းစစ်။
တစ်ပြိုင်နက်တည်းမှာပင် ဆရာဝမ်သည်လည်း sealing line ကို ခွာလိုက်လေသည်။
“ဘုရားရေ”
အမြဲလိုလို တည်ကြည်လေးနက်သည့် ကျောက်ဖုန်ပင်လျင် မယုံကြည်နိုင်သော အမူအရာကိုပြုလုပ်ကာ သူ့ရင်ဘက်ကို ဖိထားလေသည်။
“ဆရာ့ဟာကရော ကျင်းစစ်ပဲလား”
ဆရာများလည်း ဒီနာမည်ကြောင့် လိပ်ပြာလွင့်မတတ် လန့်ဖြန့်သွားကြပြီး စိတ်ငြိမ်သွားဖို့ ခဏလောက်အချိန်ယူလိုက်ကြပြီး အဖြေလွှာဆီသို့ အပြေးအလွှားသွားကြည့်ကြတော့သည်။
“တကယ်ပဲ ကျင်းစစ်လား... သူက အမှန်ပဲဟန်ဆောင်နေတာလား... ငါသေတော့မယ်”
“အခု အဲ့ကလေးက တကယ်ပဲ... နောက်ထပ်ပုံစံတစ်မျိုးကို ပေးလိုက်တာပဲ... မှန်တယ်မလား”
“တကယ်ကို မမျှော်လင့်ထားဘူး... တကယ်ကို မထင်ထားတာ”
လက်ရှိမှာတော့ ဆရာတစ်ယောက်ဟာ သိချင်စိတ်များပြည့်နှက်လို့နေပါပြီ။ သူက ကျင်းစစ်ရဲ့ သင်္ချာစာရွက်ကို ဆွဲယူလိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“မြန်မြန်လေး... သူ့ရဲ့ တခြားအဖြေလွှာစာရွက်တွေကို ရှာကြည့်ကြ... အမှတ်ပေါင်းဘယ်လောက်ရှိမလဲ ကြည့်ရမယ်”
သူပြောလိုက်တာကို တခြားဆရာ ဆရာမများသည်လည်း တစ်ညီတစ်ညွတ်တည်း ထောက်ခံကြသည်။
နာမည်တွေက အလွန်များပြားနေသောအခါ တစ်စုံတစ်ယောက်ရဲ့ စာရွက်တွေကို ရှာရန်မှာ နည်းနည်းတော့ ခက်ပေသည်။ သို့သော်လည်း ကျင်းစစ်သည် နောက်ဆုံးစာမေးပွဲအခန်းထဲမှ နောက်ဆုံးတစ်ယောက်ဖြစ်နေသည်။ သူတို့ရှာရမည့်ဟာက အလွန်ကိုထင်ရှားနေပြီး တွေ့ဖို့ရန် အတော်လေး လွယ်ကူလှ၏။
ဆရာမများ၏ အတင်းအဖျင်းပြောခြင်းသည်လည်း အလွန်အသုံးဝင်လှသည်။ ဆယ်မိနစ်မပြည့်ခင်မှာပဲ ကျင်းစစ်ရဲ့ အဖြေစာရွက်တွေကို စားပွဲပေါ် အမြန်တင်လိုက်ကြတယ်။
အဖြေလွှာများကို ဖတ်ပြီးသွားကြပြီးဖြစ်သည်။ ယခု တရုတ်နှင့် အင်္ဂလိပ်စာ အဖြေလွှာများသာ အမှတ်မပေါင်းရသေးတာဖြစ်သည်။
“မြန်မြန်လေး”
တခြားဆရာများက စာရွက်စစ်တဲ့ဆရာကို လောလိုက်သည်။
“မြန်မြန်ကြည့်လိုက်... အမှတ်ဘယ်လောက်လဲ”
ဆရာနှစ်ယောက်ကို ဝိုင်းအုံနေကြသည်။ သူတို့က ခေါင်းကိုအလုပ်ပေးပြီး အဖြေလွှာတွေကို အဆုံးသတ်လိုက်ကြသည်။ အမှတ်များပေါင်းပြီးသောအခါ လူတိုင်းရူးသွပ်သွားကြသည်။
“တရုတ်စာပေအတွက် စာစီစာကုံးမှာ ၂မှတ်ပဲနှုတ်ထားတယ်”
တရုတ်စာပေဆရာတွင် ရှုပ်ထွေးသော အမူအရာရှိနေသည်။
“ကျွန်တော် အမှတ်ပြည့်ပေးလိုက်ရင် အရမ်းများနေမယ်လို့ စဥ်းစားမိလို့ တမင်တကာ အမှတ်လျှော့လိုက်တာ”
အင်္ဂလိပ်စာဆရာက စာမေးပွဲစာရွက်ကိုကြည့်ရင်း မှုန်ကုပ်ကုပ်နှင့် ရေရွတ်ကာ သူ့ဘဝကို သံသယဝင်နေမိသည်။
“ကျွန်တော်ဆို လျှော့ရမယ့်နေရာတောင် မတွေ့မိဘူး…”
ဒုတိယတန်းမှ ဆရာကျောက်ဖုန်သည် အဓိကအချက်ကို အထူးတည် ဆုပ်ကိုင်မိလိုက်သည်။ တုန်ရီနေသောလက်ချောင်းများဖြင့် သူသည် ကျင်းစစ်၏စာရွက်အားလုံးကို ယူလိုက်ပြီး နောက်ဆုံးတွင် အနှစ်ချုပ်လိုက်သည်။
“နောက်တစ်မျိုးပြောရရင် ကျင်းစစ်က သင်္ချာ အင်္ဂလိပ်စာ နဲ့ သိပ္ပံမှာ အမှတ်ပြည့်ရပြီး စာပေတစ်ဘာသာတည်းမှာပဲ နှစ်မှတ်လျော့တာပေါ့ ”
တခြားဆရာများ: “...”
“မဖြစ်နိုင်ဘူး”
ကျန်းကျင်းက ဒါကို လုံးဝလက်မခံနိုင်ပေ။ သူမက စားပွဲကို ရိုက်လိုက်ပြီး မတ်တပ်ထရပ်ကာ အခိုင်အမာကိုပြောတော့သည်။
“ဒါခိုးချထားတာပဲဖြစ်ရမယ်... သူညစ်ပတ်ပြီးဖြေထားတာ”
ကျောက်ဖုန်က သူ့မျက်နှာကိုပွတ်လိုက်ကာ အသံတိမ်တိမ်နှင့် ပြောလိုက်သည်။
“ခိုးချတယ်ဟုတ်လား... ဆရာမကျန်း... ဆရာမ နောက်ဆုံးစာမေးပွဲခန်းထဲက ကျောင်းသားတစ်ယောက်ကို ခေါ်ပြီး လေ့ကျင့်ခန်းစာအုပ်နဲ့ ဖတ်စာအုပ်တွေကို ပေးပြီး ကြည့်ဖြေခိုင်းရင်တောင် အမှတ်ပြည့်ရနိုင်မလားဆိုတာ ကြည့်လို့ရတယ်”
ကျန်းကျင်းမှာ ပြောစရာစကားမဲ့သွားသည်။
နှလုံးသားထဲတွင် အတွေးတချို့ရှိနေသော ဆရာများမှာလည်း ဆွံ့အသွားတော့သည်။
တကယ်တမ်းတွင် အမှန်တကယ် စွမ်းရည်မရှိပါက ခိုးချလည်း အမှတ်ပြည့်မရနိုင်ပေ။
မဟုတ်သေး ကျောင်းကလည်း စောင့်ကြည့်နေသေးသည်။ ဘာတွေဖြစ်နေလဲသိချင်ရင် မော်နီတာကို တစ်ချက်ကြည့်လိုက်ရုံသာဖြစ်သည်။
ရုတ်တရတ် ရုံးခန်းမှာ သေလုအောင်တိတ်ဆိတ်သွားတော့သည်။
.....
ဆရာလျိုရဲ့သားက ယခုနှစ်ဆို မူလတန်းစတက်တော့မှာဖြစ်သည်။ မကြာသေးမီက သူက တုပ်ကွေးမိခဲ့သည်။ အချိန်တစ်ခုအထိ ကုသမှုခံယူပြီးနောက် ဖျားနာခြင်းနှင့် နှာရည်ယိုခြင်း လက္ခဏာများ ပျောက်ကင်းသွားခဲ့သော်လည်း ချောင်းဆိုးနေသေးသည်။ ဆေးရုံပေါင်းများစွာကို သွားခဲ့သော်လည်း ချောင်းဆိုတာက အမြစ်မပြတ်သေးပေ။ ယင်းက ဆရာလျိုကို ခြေကုန်လက်ပမ်းကျစေပြီး ခွင့်တစ်ရက်ပြီးတစ်ရက် ယူနေရသည်။
ဆေးရုံတစ်ခါပို့ပြီးတိုင်း မစ္စတာလျိုက သူ့ဇနီးကို ကလေးပေးပြီး ကားခေါ်ကာ ကျောင်းကို မောပန်းတကြီး သွားရသည်။
သူက ညနောက်ကျတဲ့အထိ အချိန်ပိုဆင်းခဲ့ပြီး စာစစ်ခဲ့သည်။ ဒီမနက် ဘာမှမစားခဲ့ဘဲ တစ်မနက်လုံး အပြေးအလွှားအတန်းဝင်နေခဲ့ပြီး နောက်ဆုံးတွင် တာဝန်မှာ ပြီးလုနီးပါဖြစ်သွားသည်။
သို့သော်လည်း နောက်ထပ်လုပ်စရာ အနည်းငယ် ရှိနေဆဲပင်။
သူသင်သော သင်္ချာမှာ အမှတ်ပေါင်းကို တွက်ရန်လိုအပ်ပြီး အတန်းချုပ်ဆိုတာကိုပါ ထည့်ပေါင်းလိုက်လျင် ဘာသာအားလုံး ရလဒ်ထွက်ပါက အချက်အလက်များကို စစ်ဆေးရန်လိုနေဆဲဖြစ်သည်။
ဒါတွေက ဘာမှမဟုတ်သေးချေ။ ဆရာလျိုလုပ်နေကြဖြစ်သည်။ ဒါပေမယ့် အမှတ်တွေထွက်လာပြီးနောက် တစ်ရုံးလုံးက စာနာသောအကြည့် ဒါမှမဟုတ် နှစ်ထောင်းအားရသောအကြည့်များအား ရင်ဆိုင်ရမည်ကို တွေးမိလိုက်ပြီး ဆရာလျိုမှာ မသက်မသာဖြစ်နေရတော့သည်။
ကျောင်းပေါက်တွင် မစ္စတာလျိုက ကားခပေးကာ အပေါ်ထပ်သို့ တက်လာပြီး ရုံးခန်းဆီသို့ လျှောက်လာခဲ့လိုက်သည်။
တံခါးကနေ မဝင်ခင် သူက အေးစက်စက်မျက်နှာ အဖြစ်ပြောင်းလိုက်သည်။ ယခုလိုနည်းဖြင့် သူ့ဆီ ရည်ရွယ်ချက်မျိုးစုံဖြင့် လာကြသော ထိုဆရာများမှာ ထပ်၍ပြောချင်လျှင်ပင် စဥ်းစားရပေမည်။
စာမေးပွဲတိုင်းတွင် အောင်ချက် အောက်ဆုံးတွင်ရှိနေသော သနားစရာဆရာလျိုမှာ သူများမျက်ချေးကိုပဲ မြင်သော ရုံးခန်းအလယ်တွင် ရှင်သန်ရန်နည်းလမ်းကို ရှာတွေ့ပြီးဖြစ်လေသည်။
သို့သော်ငြား ယနေ့တော့ တစ်ခုခုမှားနေပုံပေါ်သည်။
ဆရာလျိုသည် တံခါးဝတွင် ရပ်နေပြီး တောက်ပသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေကြသော ဆရာ ဆရာမများကို ပြန်ကြည့်ကာ အပြန်ပြန်အလှန်လှန် တွေးတောနေတော့သည်။
‘ဘာတွေဖြစ်နေတာလဲဟ'
‘သူတို့အခန်းက သမိုင်းမှာ အဆိုးဝါးဆုံး အမှတ်ရသွားလို့များလား'
‘မဟုတ်သေးပါဘူး ဒါက အဖြေလွှာတွေကို အုပ်စုခွဲနေတုန်းပဲ ရှိသေးတာလေ အမှတ်တွေက အဲလောက် မြန်မြန်ဆန်ဆန်ထွက်လာတာ ဖြစ်နိုင်ပါ့မလား’
‘သူတို့အခန်းမှာ အကြောင်းကိစ္စအသစ်များ ဖြစ်သွားတာလား'
ဆရာလျိုက ချောင်းဟန့်လိုက်ပြီး လည်ချောင်းရှင်းကာ အထဲကိုဝင်လာလိုက်သည်။ သူက တခြားသူများကို နှုတ်ဆက်လိုက်တော့ ရုံးခန်းထဲမှ ဆရာအားလုံးမှာ သူ့နားသို့ ချက်ချင်းပင် စုရုံးလာကြတာ့သည်——
“ဆရာလျိုဆရာသိပြီးပြီလား”
“လာကြည့် ဆရာ့ကို ပြစရာရှိတယ်... ဆရာယုံကြည်နိုင်မှာမဟုတ်ဘူးဆိုတာ သေချာတယ်”
“မြန်မြန် မြန်မြန် စာရွက်ဘယ်မှာလဲ... ဘယ်သူ့ဆီမှာတုန်း... ဆရာလျိုဆီ ယူခဲ့ကြ”
………………
ဆရာလျိုက ဆရာ ဆရာမများ၏ မှင်တက်နေသောအမူအရာဖြင့် လှမ်းပေးသော အဖြေလွှာများကို ယူလိုက်သည်။
‘ကောင်းတယ် အခုတော့ ရုံးခန်းထဲက သူတွေက သူ့ကို ပထုတ်ဖို့ တညီတညွတ်တည်းကို ဖြစ်နေကြပါပေါ့လား’
‘သူတို့တွေက သူ့ကို ဆွဖို့ အမှတ်ပြည့်ရတဲ့အကြောင်းကို တကယ်ပဲသုံးတယ်ပေါ့လေ'
‘သူက ဘာလို့ဒါကို ဂရုစိုက်နေရမှာလဲ'
ဆရာလျိုက အေးစက်စွာနှာမှုတ်လိုက်ပြီး ခပ်ပြတ်ပြတ်ပြောလိုက်သည်။
“ဘာများလဲလို့... သင်္ချာ အင်္ဂလိပ်နဲ့ ရူပက အမှတ်ပြည့်ရတယ်... တရုတ်ဘာသာကလည်း အမှတ်ပြည့်ရခါနီးပဲ... ဘာများမှားနေလို့လဲ”
ကျောက်ဖုန်က အဖြေစာရွက်၏ အပေါ်ဘယ်ဘက်ထောင့်ကို ထိုးပြလိုက်ပြီး သူ့ကို သတိပေးလာသည်။
“ဆရာလျို နာမည်ကိုကြည့်ပါဦး”
‘ယီးလိုပဲ နာမည်ကိုကြည့်ရဦးမယ်တဲ့လား'
‘ငါ့ကျောင်းသားမှမဟုတ်တာ'
ဆရာလျိုမှာ အတော်လေး ဒေါသထွက်လာပြီး စိတ်ထဲကနေ မျက်လုံးများကိုလည်လိုက်မိသည်။ သူစစ်ပြီးရင် ဒီဆရာတစ်အုပ်ကို ဘယ်လိုစကားလုံးမျိုးသုံးရမလဲဆိုတာတောင် တွေးပြီးသွားပြီဖြစ်သည်။
သို့ရာတွင် အပေါ်ဘက်ဘယ်ဘက်ထောင့်က ရင်းနီးနေသောနာမည်ကို တွေ့လိုက်သောအခါ ထိုပြတ်ပြတ်သားသားစကားလုံးများမှာ လည်ပင်းဝတွင် တစ်သွားတော့သည်။
ဆရာလျို၏ မျက်လုံးများ ပြူးကျယ်သွားပြီး စကားလုံးများကို အသံထွက် ဖတ်လိုက်၏။
“ကျင်းစစ် ဒုတိယနှစ် အခန်း ၇”
သူ့စိတ်မှာ ပြန်မတုံ့ပြန်နိုင်သေးသော်လည်း သူ့လက်များကတော့ စာရွက်များပေါ်ရှိ နာမည်များကို တစ်ခုပြီးတစ်ခုကြည့်ကာ အဖြေလွှာများကို တစ်ရွက်ပြီးတစ်ရွက် လျင်မြန်စွာလှန်နေတော့သည်။
‘ကျင်းစစ် အကုန်လုံးကျင်းစစ်ပဲ'
“ကျင်းစစ်လား”
ဆရာလျိုမှာ ယခုထိ မယုံနိုင်သေးပေ။
“ငါတို့အခန်းက ကျင်းစစ်လား”
ကျောက်ဖုန်က ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်”
ကျောက်ဖုန်က ပြုံးလျက် ဆရာလျိုကို ကြည့်လိုက်သည်။
“မဖြစ်နိုင်ဘူးလို့ခံစားနေရတယ်မလား”
သူ့အတွက် အဖြေက ဆရာလျို၏ ကြို့ထိုးခြင်း တစ်ခုပါပဲ။
သနားစရာဆရာလျိုမှာ စာရွက်အနည်းငယ်ကိုကိုင်ထားပြီး သူ့စိတ်ထဲတွင် အပေါင်းအနှုတ်များ တွက်လိုက်သည်။ အမှတ်ပေါင်းကို မြင်သောအခါ ရုတ်ခြည်းဆိုသလို တုန်လှုပ်သွားတော့သည်။
.......
တနင်္လာနေ့မနက်တွင် အခန်း၇မှ ကျောင်းသားများသည် မနက်ခင်းစာသင်ချိန်တွင် ယိမ်းထိုးကာ အကြီးအကျယ်သမ်းဝေနေကြသည်။
ကျင်းစစ်တစ်ယောက် ဝင်လာသည်ကို မြင်တာနဲ့ ကျန့်ချွယ်က အပြေးအလွှားသွားက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ငါ ရုံးခန်းကို ဖြတ်သွားတုန်းက အမှတ်တွေ ထွက်လာပြီဆိုတာကို ဆရာမတွေ ပြောနေသံကြားလိုက်တယ်”
လီကျိုးမှာ အခန်းထဲသို့ ဝင်လာသည်နှင့် သူခေါင်းတစ်ခုလုံး ခိုညဥ်းသလို ငြီးသံများဖြင့် ဖုံးအုပ်သွားတော့၏။
သူဘာလို့ ယခုလိုတုံ့ပြန်သလဲဆိုတာကို ကျန့်ချွယ် မသိချေ။
“ဘာဖြစ်လို့လဲ... ဒါကကောင်းတဲ့အရာပဲ မဟုတ်ဘူးလား... ဘယ်လိုပဲဖြစ်ဖြစ် ကျင်းစစ်က ထိပ်ဆုံး အဆင့်သုံးရာမှာ သေချာပေါက်ပါမှာပဲ”
လီကျိုး၏ နှလုံးသားထဲတွင် မျက်ရည်ကျနေပြီး ကျန့်ချွယ်ကို နောက်ဆုံးတန်းသို့ တရွတ်တိုက် ဆွဲခေါ်သွားတော့သည်။ သူ့ခေါင်းကို ဆွဲလျက်ပြောလိုက်သည်။
“စာမေးပွဲမှာ ကျင်းစစ်ဘယ်အချိန်ထွက်လာတာလဲဆိုတာ မင်းသိလို့လား”
“ဘယ်အချိန်လဲ”
ကျန့်ချွယ်က မခန့်မှန်းခင် အာရုံစိုက်လျက် မေးသည်။
“၁၁နာရီမထိုးခင်ကွ”
လီကျိုးက စားပွဲကိုမှီလိုက်သည်။
“ဒီသားရဲက အရူးတစ်ယောက်ပဲဖြစ်ရမယ်... သူကဖြေပြီးတာနဲ့ တန်းအပ်ခဲ့တာကွ”
“ဘာ”
ဟယ့်ကျိုးလည်းပဲ ရောက်လာတော့သည်။ သူက အိပ်ငိုက်နေတာဖြစ်ပြီး လီကျိုး၏ စကားများကို ကြားလိုက်ရသောအခါ အိပ်ချင်စိတ်ပါပြေသွားတော့သည်။
____
Translated By IQ-Team.