အပိုင်း၂၅
Viewers 14k

Chapter 25

Chapter 25


-----------------------


ဖိုရမ်ပေါ်တွင် သူတို့ကို လှောင်ပြောင်ခဲ့သောလူအားလုံးနှင့် ကျင်းစစ်ရဲ့အမှတ်ပေါင်းသာ ၂၀၀ကျော်ရင် live လွှင့်ပြမည်ဟု ပြောခဲ့သောလူများမှာလည်း ပျောက်ကွယ်သွားကာ ထိတ်လန့်စွာပင် အထင်ကြီးလေးစားမှုတစ်ခုဖြင့် အစားထိုးသွားသည်။


ကျင်းစစ်၏ စီနီယာအထက်တန်းကျောင်း ဝင်ခွင့်စာမေးပွဲ ရလဒ်အပါအဝင် အတိတ်က ရမှတ်များအားလုံးကို ဖိုရမ်ပေါ်တွင် တင်ထားသည်။


တစ်ရာကျော်လောက် ရခဲ့သော အထက်တန်းဝင်ခွင့်စာမေးပွဲအမှတ်မှလွဲပြီး တခြား စာမေးပွဲအကြီးအသေးများအားလုံးမှာ သုညဖြစ်သည်။ ယခုတစ်ခါရခဲ့သော ၇၄၈မှတ်မှာ လုံးဝကို ထိတ်လန့်စရာကောင်းလေသည်။


ထိုဖြစ်ရပ်လှိုင်းလုံးကြီးသည် ကျင်းစစ်အား စီရင်စုကျောင်းတွင် ချက်ချင်းနာမည်ကြီးသွားစေ၏။


အောင်စာရင်းများ ထွက်လာပြီးနောက် မရေမတွက်နိုင်သောသူများမှာ တမင်တကာဖြစ်စေ မရည်ရွယ်ဘဲဖြစ်စေ အခန်း၇အပြင်ဘက်တွင် ခေါင်းများထုတ်ကာ နေ့တိုင်းစူးစမ်းနေကြပြီး သူ့ကိုမြင်ချင်နေကြသည်။


အခန်း၇မှကျောင်းသားတွေက ယခုအခါ သူတို့ကိုယ်သူတို့ တစ်နှစ်လုံးမှာ ပထမရတဲ့သူတွေလိုမျိုး အပြင်ထွက်ပါက ဂုဏ်သရေအပြည့်နှင့် ခေါင်းမော့ရင်ကော့လျက် သွားနေကြပေသည်။ 


ကျောင်းအုပ်ကြီးနှင့် လက်ထောက်ကျောင်းအုပ်တောင်မှ လန့်နေကြရသည်။


တုန်းဟိုင်စီရင်စုတွင် ကောင်းမွန်သော အထက်တန်းကျောင်းကောင်းများ မရေတွက်နိုင်အောင်ရှိလေသည်။ စီရင်စုစာမေးပွဲ၏ ပြီးပြည့်စုံသောအင်အားသည် အမြဲတမ်း တစ်,ချိတ်နေခဲ့သော်လည်း မကြာသေးမီနှစ်များတွင် ၎င်း၏အခြေအနေများမှာ မတည်မငြိမ်ဖြစ်လာခဲ့သည်။


ပြီးခဲ့သည့်နှစ်အနည်းငယ်လောက်ကစပြီး နိုင်ငံခြားဘာသာစကားကျောင်းတွေသည် ခုန်တိုးထွက်လာကာ ကျောင်းသားအများအပြားကို စီရင်စုကျောင်းမှ လုယူသွားခဲ့သည်။


ပြီးခဲ့သည့်နှစ်တွင် နိုင်ငံခြားဘာသာစကားကျောင်းသို့ ကျောင်းအပ်သည့်နှုန်းမှာ စီရင်စုကျောင်းကိုမှီရုံသာမက ၈၅% ကျော်လာလေသည်။


ထိုမျှမကသေး၊ နိုင်ငံခြားဘာသာစကားများမှာ နိုင်ငံခြားကျောင်းသားများကို လေ့ကျင့်ပေးရန် နိုင်ငံတကာအတန်းများကို ပေးထားသည်။ ယင်းတစ်ခုတည်းနှင့်ပင် ချမ်းသာသောမိဘများစွာက သူတို့၏ကလေးများကို နိုင်ငံခြားဘာသာစကားကျောင်းသို့ ပြောင်းခဲ့ကြသည်။


ယခုအခါ ရုတ်တရက် ဒုတိယနေရာထက် ၂၅မှတ်များသော ထိပ်တန်းကျောင်းသားတစ်ဦးရှိလာသည်။ ယင်းက ကျောင်းအုပ်ကြီးကို ဘယ်လိုလုပ် မစိုးရိမ်စေဘဲနေမှာလဲ။


ကျောင်းအုပ်ကြီးက ထိုအကြောင်းကို ဆရာလျိုကိုပင် ပြောပြခဲ့ပြီး အထူးသဖြင့် ကျောင်းသားကျင်းစစ်၏ စိတ်ပိုင်းဆိုင်ရာကျန်းမာဖို့ကို အာရုံစိုက်ထားကာ သူ့ရဲ့လိုအပ်ချက်တွေကို အကောင်းဆုံးဖြည့်ပေးရန်ကြိုးစားပြီး တစ်စုံတစ်ရာဖြစ်လာပါက ကျောင်းကို အချိန်မီသတင်းပို့ရန်ဖြစ်၏။


နောက်ဆုံးတော့ ကလေးက တိုးတက်ချင်လာပြီ။ ဒါပေမယ့် နောက်တစ်ခါထပ်ပြီး မဆုတ်ယုတ်ခံနိုင်တော့ဘူး။


ဆရာလျိုက ဤရက်တွေမှာ နွေဦးလေညင်းလေးများ၏ ကောင်းချီပေးခြင်းကိုခံနေရပြီး ဆယ်နှစ်လောက်ပိုငယ်သွားသလို ခံစားနေရကာ အရာရာတိုင်းတွင် စွမ်းအင်အပြည့်ဖြင့်ဖြစ်နေသည်။ ကျောင်းအုပ်ကြီးပြောတာကို သူချက်ချင်းသဘောပေါက်သည်။


သူကအနည်းငယ်စိတ်ရှုပ်ထွေးသွားရုံသာဖြစ်သည်။


ဆရာလျိုက တုံ့ဆိုင်းနေခဲ့ပြီးမှ ကျောင်းအုပ်အားပြောလိုက်သည်။


“ဒီတစ်ခေါက် ကျင်းစစ်ရဲ့ စာမေးပွဲရလဒ်ကို သူ့မိဘတွေကို ပြောပြသင့်လား”


ကျောင်းအုပ်ကြီးသည် ကျင်းစစ်၏လုပ်ကြံထားသောအကြောင်းကို သိပြီးဖြစ်ကာ ခပ်မြန်မြန်ခေါင်းယမ်းကာ ပြောလိုက်သည်။


“မပြောရအောင်... မဆင်မခြင်မလုပ်နဲ့... မင်းက ကျင်းစစ်ရဲ့မိဘတွေကို မင်းဘာသာပြောချင်တယ်ဆိုရင် ငါတို့ကျောင်းက အဲဒါကို သည်းခံနိုင်မှာမဟုတ်ဘူး”


ထိုဝက်ဝံလိုကလေးက အထက်တန်းကျောင်းဝင်ခွင့် စာမေးပွဲဖြေတုန်းကတောင် ဟန်ဆောင်ရဲတယ်လေ။


အဲ့ဒီအချိန်တုန်းက သူကျရှုံးခဲ့တာက စာမေးပွဲစာရွက်တစ်ရွက်ပဲ၊ ဒါပေမယ့် ကျောင်းက သိပ္ပံချန်ပီယံတစ်ယောက် ဆုံးရှုံးသွားခဲ့ရတယ်။


“ကောင်းပြီ”


ဆရာလျိုလည်းပဲ ယင်းကပိုကောင်းသည်ဟု ခံစားရပြီး သဘောတူခေါင်းညိတ်လိုက်သည်။


နောက်ဆက်တွဲအနေဖြင့် ကျင်းစစ်ရဲ့အောင်မြင်မှုများကို ဖုံးကွယ်ထားလိုက်သည်။


“သေစမ်း”


ကျောင်းကန်တင်းတွင် အာရုံစိုက်မှု၏ဗဟိုတွင် ထပ်မံကျရောက်နေသော လီကျိုးမှာ နဖူးပေါ်က ချွေးများကိုသုတ်ကာ ကျင်းစစ်ကိုပြောလာသည်။


“ငါ မင်းနဲ့ နောက်ထပ်အတူတူစားနိုင်တော့မယ် မထင်ဘူး”


‘မင်းဘယ်သွားသွား အကြည့်စူးစူးတွေနဲ့ အကြည့်ခံရတဲ့ ခံစားချက်က တကယ်ကို ကြောက်ဖို့ကောင်းတယ်'


ကျင်းစစ်က ပန်းကန်ကို စားပွဲပေါ် အေးဆေးစွာပင်တင်လိုက်ကာ ဇွန်းကိုကိုင်၍ စနစ်တကျ စားသောက်တော့သည်။


“ဒါကအဆင်ပြေပါတယ်... သူတို့ကိုမရှိသလို သဘောထားလိုက်”


“ငါလည်းအဲ့ဒီလိုထင်တယ်”


လူတွေရဲ့အကြည့်အောက်မှာ လီကျိုးက ကြက်ခြေထောက်ကို အတော်လေး ညင်ညင်သာသာပုံဖြင့်စားနေရသည်။ 


သူက ခေါင်းကိုနိမ့်ကာ မကြားတကြားရေရွတ်လိုက်သည်။


“ဒါပေမယ့် ဒါကတကယ်ကို မကောင်းတာပဲကို”


ကျင်းစစ်ကပြုံးလိုက်သည်။


“ဒါဆို မြန်မြန်စား စားပြီးတာနဲ့သွားကြတာပေါ့”


လီကျိုးက အလျင်အမြန်ခေါင်းညိတ်လိုက်သည်။


နှစ်ယောက်သား နေ့လည်စာကို ခပ်သွက်သွက်စားလိုက်ကြပြီး ကန်တင်းမှထွက်လာသည်နှင့် ဆိုင်လေးထဲကနေ ထွက်လာသည့် ယင်းကျောင်းတို့အဖွဲ့နှင့် တိုးတော့၏။


မကြာသေးမီက ယင်းကျောင်းသည် ပြဿနာမရှာသည့်အပြင် စာလေ့လာချင်စိတ်ရှိလာပြီး ကျင်းစစ်မှာလည်း အများကြီးရွှင်လန်းလာခဲ့သည်။


“စားပြီးခဲ့ပြီလား”


ယင်းကျောင်းကလျှောက်လာပြီး ကျန့်ချွယ်ဆီက မစ်တီးနှစ်ခွက်ကိုယူကာ တံဆိပ်ပါသည့်တစ်ခွက်ကို ကျင်းစစ်ထံထိုးထည့်ပေးလိုက်ပြီး တခြားတစ်ခွက်ကို လီကျိုးဆီပေးလိုက်သည်။


လီကျိုးမှာ မစ်တီးကိုကိုင်ရင်း ငြင်းပယ်ကာ မျက်နှာချိုသွေးလိုက်ချင်သည်။ သို့သော် ဟယ့်ကျိုး၏မျက်လုံးများနှင့် ဆုံလိုက်ပြီးနောက် ချက်ချင်းဆိုသလို ဘာမှမပြောရဲတော့ပေ။


ကျင်းစစ်က ငြင်းချင်နေတာကိုတွေ့တော့ ဘာမှမပြောနိုင်ခင် ယင်းကျောင်းက ပြောလိုက်သည်။


“မင်းမလိုချင်ဘူးဆိုရင် အနာဂတ်မှာ သင်ခန်းစာတွေနဲ့ပတ်သတ်ပြီး မင်းကိုအကူအညီတောင်းဖို့ ငါရှက်မိလိမ့်မယ်”


“ဒါက...ကောင်းပါပြီ”


ကျင်းစစ်က လေးနက်စွာပြောလိုက်သည်။


“မင်းမှာ မေးစရာတစ်ခုခုရှိတာနဲ့ အချိန်မရွေး ငါ့ဆီလာလို့ရတယ်...မင်းဒါတွေလုပ်ဖို့မလိုပါဘူး”


ထိုသို့ဖြင့် သူက မစ်တီးကို ယင်းကျောင်းလက်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။


ယင်းကျောင်းက ထိုအခြေအနေကို အခွင့်ကောင်းယူပြီး ကျင်းစစ်ရဲ့လက်ကို လှုပ်ခါယမ်းကာ ရယ်သွမ်းသွေးလျက် ပြောလိုက်သည်။


“ကိုယ့်အပေါ် အရမ်းကောင်းတာပဲနော်”


ကျင်းစစ်က ပြုံးဖို့ကြိုးစားလိုက်ပြီး အနည်းငယ် သဘာဝမကျစွာ ကြည့်လိုက်သည်။


“အားလုံးက အခန်းဖော်တွေပဲကို...”


“အခန်းဖော် ဟုတ်လား”


ယင်းကျောင်းက သူ့လက်ထဲရောက်နေတဲ့ လက်လေးနှစ်ဖက်ကို ကြည့်လိုက်ကာ အဓိပ္ပါယ်ပါပါ ပြောလိုက်သည်။


“လူအများကြီးက ကြည့်နေကြတာ... မင်းနဲ့ကိုယ်က ကစားကွင်းပေါ်မှာ လက်တွေကိုင်ထားကြတယ်... ကိုယ်သာ ပိုကောင်းတာကို မသိဘူးဆိုရင်... ကိုယ်ထင်တာ ကိုယ်တို့က...”


သူ့စကားမဆုံးခင်ပင် ကျင်းစစ်က မီးဟပ်ခံရသလိုမျိုး သူ့လက်ကို ဆတ်ခနဲဆွဲထုတ်လိုက်သည်။


ယင်းကျောင်းက သူ့ပါးစပ်ထောင့်ကို မြှင့်လိုက်ပြီး သူ့ရဲ့ လက်ကောက်ဝတ်ကိုကိုင်ကာ မစ်တီးကို လက်ထဲပြန်ထည့်ပေးလိုက်သည်။


“ယူလိုက်”


အနောက်က ကျန့်ချွယ်မှာတော့ ယင်းကျောင်းကို ကြည့်လိုက် သူ့ရဲ့ဘာမှမရှိတော့တဲ့လက်ကို ကြည့်လိုက်ဖြင့် မှင်တက်နေသော ပုံစံဖြစ်နေသည်။


“ခဏနေပါဦး... ကျင်းစစ်ရဲ့ မစ်တီးခွက်က အစ်ကိုကျောင်းဝယ်ခဲ့ပေးတာ... ဒါပေမယ့် လီကျိုးရဲ့ မစ်တီးကရော... အဲဒါ ငါ့ဟာလေ... ပုလဲလုံးလေးတွေတောင် တမင်ထည့်ထားသေးတယ်... ဘာတွေဖြစ်ကုန်တာလဲ”


ဟယ့်ကျိုးက သူ့ပုခုံးကို ချစ်ခင်စွာပုတ်လိုက်သည်။


“ပလတ်စတစ်လို ညီအစ်ကိုဆက်ဆံရေးမှာ မစ်တီးဆိုတာ မရှိဘူး... မစဥ်းစားတော့နဲ့... ပြန်သွားပြီး ရေနွေးပဲပိုသောက်လိုက်”


လူအနည်းငယ်က အတန်းထဲသို့ အတူတကွ လျှောက်လာကြသည်။


ယခုအခါ ကျင်းစစ်မှာလည်း အပြည့်အဝ တက်ကြွနေတော့သည်။


သူက ကြည့်ကောင်းပြီး ကျောင်းဆရာကဲ့သို့ ရောင်ခြည်စက်ဝန်းလေးနှင့် ယှဥ်တွဲနေကာ မယုံနိုင်လောက်အောင် လူအများကိုဆွဲဆောင်နေတော့သည်။ သူက ကောင်မကလေးများ၏ နှလုံးသားထဲမှ အချစ်ဦးပုံစံပင်ဖြစ်သည်။


ကန်တင်းကနေ အခန်းထဲအထိ မိန်းကလေးတော်တော်များများက သူ့ရှေ့ကနေ တမင်တကာ ဖြတ်လျှောက်ကြပြီး သူတို့ထဲမှ တချို့က သူရှေ့သို့ အကြိမ်ပေါင်းများစွာ လျှောက်ပြနေကြသည်။


ယင်းကျောင်းသည် ကျင်းစစ်၏ဘေးမှ လျှောက်နေပြီး ကျင်းစစ်ကို ကြည့်နေသော မိန်းကလေး တစ်ယောက်ကို စောင့်ကြည့်နေမိသည်။ သူမ၏ မျက်လုံးများက တောက်ပနေပြီး အကြည့်များမှာ စွဲလမ်းမှုများပြည့်နေတော့သည်။ သူမက စိတ်လှုပ်ရှားစွာ ကြည့်နေပြီး သူ့ကို ပြေးနမ်းဖို့တောင် အဆင်သင့်ဖြစ်နေပုံပေါ်သည်။ ယင်းကျောင်း၏ အပြုံးမှာ တဖြေးဖြေးလျော့ကျလာတော့သည်။


သူက ကျောက်တုံးအသေးလေးကို ကန်လိုက်ပြီး ကျင်းစစ်ကို သူ့ဘေးသို့ ဆွဲလိုက်သည်။


ကျင်းစစ်က သူ့ကို နားမလည်နိုင်စွာ ကြည့်လာ၏။


“ဒီနေ့ နေလုံးက အရမ်းကြီးတယ်... အရမ်းပူလွန်းတယ်လေ”


‘လတ်စသတ်တော့ဒီလိုကိုး' 


ကျင်းစစ်မှာတော့ အံ့အားသင့်သွားရသည်။ သူ့ကို ကျေးဇူးတင်စွာပြုံးပြလိုက်ပြီး သူနှင့်အတူ လျှောက်လိုက်တော့သည်။


အတန်းထဲသို့ပြန်ရောက်ပြီးနောက် ယင်းကျောင်းက အရင်ရက်တွေတုန်းကအတိုင်း ကျင်းစစ် သူ့အတွက် လုပ်ပေးထားတဲ့ noteတွေကို ဖွင့်လိုက်သည်။


သူ့မှာ အခြေခံကောင်းကောင်းမရှိချေ။ ကျင်းစစ်ရဲ့မှတ်စုတွေက ဤအချက်ကို ဖော်ပြထားပေးပြီး နောက်ပိုင်းတွင်လည်း အသေးစိတ်ရေးသားပေးထားသည်။


ကျင်းစစ်က မှတ်ဉာဏ်ကောင်းပြီး ခိုင်မာသောဗဟုသုတရှိကာ ထိုအရာတွေကို ကျွမ်းကျွမ်းကျင်ကျင်လုပ်ဆောင်ရာတွင် အလွန်တော်သည်။ တစ်ခါတစ်လေ အထက်တန်းပထမနှစ်တုန်းက လက်ရေးနဲ့ချရေးထားသော စာများကိုပင် မှတ်မိနေတတ်သည်။


ယခုလိုနည်းဖြင့် ယင်းကျောင်း၏ မှတ်စုများမှာ လေ့လာသလောက် ထူသထက်ထူလာတော့သည်။


သူ ထိုင်ခုံကိုပြန်ရောက်တာနှင့် စပြီးစာဖတ်နေတာကို ကျင်းစစ်ကတွေ့လိုက်သည်။ သူ မစ်တီးကိုမလိုချင်ဘူးလို့ငြင်းလိုက်တုန်းက မေးခွန်းမေးရမှာရှက်ရွံ့မိတယ်လို့ ပြောခဲ့တာကို သတိရမိသွားကာ ရှေ့ကိုမှီပြီး ပြောလိုက်သည်။


“ဒီနေ့မေးစရာတစ်ခုခုရှိလား”


သူက စားပွဲပေါ်တွင် လှဲနေပြီး သူ့ခေါင်းကို အနည်းငယ်စောင်းထားသည်မှာ ယင်းကျောင်းဘက်ကနေကြည့်ပါက ညင်သာစွာ တဖျက်ဖျက်ခတ်နေသော မျက်တောင်လေးများကို ရှင်းလင်းစွာပင် မြင်နေရသည်။


ရုတ်တရတ် ယင်းကျောင်း၏နှလုံးသားကို အမွှေးဖွားဖွားလေးများဖြင့် ပွတ်နေသလိုခံစားလိုက်ရပြီး တအိအိနှင့် ယားကျိကျိဖြစ်လာတော့သည်။


သူက လှည့်ကြည့်ပြီး ကျင်းစစ်၏ မျက်တောင်များကို သူ့လက်ချောင်းများဖြင့် မရည်ရွယ်ဘဲ ထိလိုက်မိပုံပေါ်အောင် လေ့ကျင်ခန်းစာအုပ်ကို လှမ်းယူဖို့ အခွင့်အရေးကို အသုံးချလိုက်သည်။


သူ့မျက်နှာရဲ့ အထိမခံနိုင်သောအပိုင်းကို အထိခံလိုက်ရသောအခါ ကျင်းစစ်မှာ မသိလိုက်စွာ မျက်လုံးမှိတ်သွားမိပြီး နောက်ကိုပြန်ဆုတ်လိုက်သည်။


“မင်းမျက်လုံးထဲ တစ်ခုခုဝင်နေလား”


ယင်းကျောင်းက ဟန်လုပ်ပြီး လှည့်ကာမေးလိုက်သည်။ ကျင်းစစ်က မျက်စိမှိတ်ထားတုန်းဖြစ်ပြိး သူက သူ့မျက်နှာကို လှမ်းကိုင်လိုက်သည်။


“ငါကြည့်ပေးမယ်”


ယောင်္ကျားလေးတွေက မီးစွမ်းအားတွေပြည့်နှက်နေပြီး ယခုလိုရက်တွေထဲ ရာသီဥတုက အေးလာတာတောင် သူတို့ရဲ့လက်ဖဝါးတွေက နွေးနေတုန်းဖြစ်သည်။ ထိုလက်တွေက ကျင်းစစ်ရဲ့အရေပြားကို ခပ်တင်းတင်းဖိထားတာကြောင့် သူ့ရဲ့ပါးတွေက ပူနွေးလာသည်။


“ရသွားပြီ...”


ကျင်းစစ်က သူ့ခေါင်းကိုရှောင်လိုက်သည်။


“မထိတော့နဲ့”


သို့ပေမယ့်လည်း သူ့ခေါင်းကမူ ယင်းကျောင်းရဲ့လက်ထဲမှာ တင်းတင်းကြပ်ကြပ် အကိုင်ခံထားရဆဲပင်။ သူဘယ်လိုမှကိုမလှုပ်နိုင်ပေ။


“ရှူး...မလှုပ်နဲ့”


ယင်းကျောင်းက ပြုံးလိုက်သော်လည်း မျက်နှာအမူအရာကမူ အတော့်ကို အလေးအနက်ဖြစ်နေသည်။


“မင်းလှုပ်နေတာကိုရပ်လိုက်... မျက်လုံးကိုထိတာကသေးသေးလေးလား... ငါကြည့်ပေးမယ်”


"အင်းပါ”


ကျင်းစစ်က ယခုလေးတင် သူ့မျက်လုံးရှေ့ကနေ တစ်စုံတစ်ခု လှုပ်ယမ်းသွားသလို ခံစားမိလိုက်သည်။ လှုပ်ရှားမှုအားလုံးက ဝိုးတိုးဝါးတားဖြစ်နေပြီး ယင်းကျောင်း၏ လှုပ်ရှားမှုများက အလွန်ကိုပေါ့ပါးကာ သူ့ကို လုံးဝကိုမထိလိုက်သလိုပင်။


ယင်းကျောင်းက သူပြောတာကို နားထောင်မနေဘဲ သူ့မျက်နှာကို ခပ်တင်းတင်းကိုင်ကာ အပေါ်ကိုမော့လိုက်သည်။


သူကြည့်နေတာက အရမ်းကိုနီးကပ်နေပြီး သူ့ရဲ့ပူနွေးနေသော အသံရှူသံကိုပင် ခံစားနေရသည်။


ကျင်းစစ် မော့ကြည့်လိုက်ချိန်တွင် မျက်လုံးချင်းစုံသွားပြီ ချက်ချင်းဆိုသလို သူရဲ့မျက်တောင်များမှာ တုန်ခါသွားကာ မြန်မြန်အကြည့်လွှဲလိုက်တော့သည်။


သူ့လုပ်လိုက်တာကို သူ့ကိုယ်သူကျေနပ်နေတဲ့ ယင်းကျောင်းကတော့ ရယ်မောလိုက်မိသည်။ သူတစ်ခုခုပြောမလိုလုပ်နေတုန်းမှာပဲ အခန်းတံခါးကနေ စိတ်လှုပ်ရှားလျက် ကျယ်လောင်နေတဲ့ အော်သံတစ်ခုထွက်ပေါ်လာတော့သည်။


"ကျင်းစစ် မိန်းမလှလေးတစ်ယောက် နင့်ကိုရှာနေတယ်”


ကျင်းစစ်က သတိပြန်ဝင်လာပြီး ယင်းကျောင်းကို တွန်းလိုက်သည်။


ရယ်ချင်ချင်အပြုံးနှင့်အတူ ချန်မြှောင်မြှောင်တစ်ယောက် ကျင်းစစ်ဆီကိုပြေးလာသည်။ 


“တကယ့်ကိုအလှလေးပဲ... လက်ထဲမှာလည်း ပန်းရောင်စာအိတ်လေးကိုင်ထားသေးတယ်... သူမက နင့်ကို ရှက်သွေးဖြာနေတဲ့မျက်နှာလေးနဲ့ မေးနေတာဟ... သွားပြီးကြည့်ကြည့်လိုက်”


ယင်းကျောင်း၏မျက်လုံးများက တဖြေးဖြေးမှိန်ကျသွားသည်။


ချန်မြှောင်မြှောင်က ယင်းကိုသတိမထားမိဘဲ ကျင်းစစ်ကို ဆက်၍မြှောက်ပေးနေ၏။


“သွားလေ... သူမက နင့်ကို အချစ်စာလွှာလေးပေးဖို့ ရောက်လာတာနေမယ်”


ကျင်းစစ်မှာ ယခုလိုအခြေအနေကို ကောင်းကောင်းမကိုင်တွယ်နိုင်ပေ။ သူတွင် ချစ်မိသွားဖို့ အစီအစဥ်မရှိချေ။ တခြားသူကို မသေချာတဲ့ မျှော်လင့်ချက်တွေပေးမယ့်အစား အဆုံးမှာ ငြင်းလိုက်တာက ပိုကောင်းသည်။


သူက ခေါင်းခါလိုက်ပြီး“ငါ တခြားအခန်းကသူတွေကို မသိဘူး... မသွားတော့ဘူး... အဲဒါကို ပြန်ယူသွားဖို့ ကူပြောပေးနိုင်မလား”


ချန်မြှောင်မြှောင်က စိုးရိမ်တကြီးပြောလာသည်။


“ဒီလို ဘယ်လိုလုပ် ဖြစ်နိုင်... ငါ...”


သူမရဲ့စကားကို အဆုံးမသတ်နိုင်သေးခင်မှာဘဲ ယင်းကျောင်းက ရုတ်တရတ် ကျင်းစစ်ရဲ့ခါးကို လက်တစ်ဖက်ဖြင့် ဖမ်းဆုပ်လိုက်ပြီး နောက်တစ်ဖက်နှင့်နောက်ကျောကို ဖိကာ အပေါ်ပိုင်းကို သူ့ပေါင်ပေါ်တင်လိုက်သည်။


ကျင်းစစ်မှာ ရုတ်တရက် အေးခဲသွားပြီး ထို့နောက် စပြီးရုန်းကန်တော့သည်။


“မင်းဘာလုပ်နေတာလဲ”


“မလှုပ်နဲ့... မဟုတ်ရင် ဒီလိုပုံစံနဲ့ အပြင်ထွက်ရမယ်”


ယင်းကျောင်းက သူ့ကိုဆွဲချလိုက်ပြီး လှောင်ပြုံးပြုံးသည်။


“နောက်ထပ်ဘာဆက်ဖြစ်မလဲဆိုတာ မင်းသိလား... မင်းက အဲဒီရည်းစားစာကို လက်ခံဖို့ တွန်းအားပေးခံရမယ်... ငြင်းတောင်ငြင်းနိုင်မှာမဟုတ်ဘူး... အိုး.. ကော်ရစ်ဒါမှာတင် ကောင်မလေးကို လက်ခံဖို့ ဝိုင်းပြောကြမှာတောင် ဖြစ်နိုင်တယ်... ပြီးရင်တော့ လူအိုကြီးလျိုသိသွားပြီး မင်းကို စကားပြောဖို့ နေ့တိုင်းရုံးခန်းထဲကို ခေါ်လိမ့်မယ်”


“အဲအချိန်ကျရင် ရုံးခန်းမှာရှိတဲ့ ဆရာတွေအားလုံးနဲ့ ကျောင်းမှာရှိတဲ့ ကျောင်းသားတွေအားလုံး သိသွားမယ်... စာမေးပွဲမှာ ပထမရထားတဲ့ ကျင်းစစ်က ပထမရတာက အရမ်းကောင်းတယ်လို့ ခံစားရပြီး သူက စပြီးချစ်မိသွားတယ်...” 


ကျင်းစစ်၏ ခန္ဓာကိုယ်က ရုတ်တရတ် တောင့်တင်းသွားပြီး နောက်ထပ် မလှုပ်ရဲတော့ပေ။


ယင်းကျောင်းက သူ့ခေါင်းနောက်ကို လက်ဖြင့်ကိုင်လိုက်ကာ မျက်လုံးပင့်လိုက်ပြိး ချန်မြှောင်မြှောင်ကို ခပ်ရေးရေးကြည့်လိုက်သည်။ သူက အတော်လေးကို သက်တောင့်သက်သာဖြစ်နေသည်။


“သွား... ကျင်းစစ်အခန်းထဲမှာမရှိဘူးလို့ ကောင်မလေးကိုပြောလိုက်”


ချန်မြှောင်မြှောင်မှာ သူ့လုပ်ရပ်ကြောင့် ရှော့ခ်ရသွားတော့သည်။ သူမက ငေးကြောင်စွာဖြင့် ခေါင်းယမ်းလိုက်ပြီး အထစ်ထစ်အငေါ့ငေါ့ပြောလာသည်။


“ဒါ... ဒါပေမယ့် ကျင်းစစ်က ဒီမှာရှိနေတယ်ဆိုတာကို သူသိတယ်လေ”


“အို့...”


ယင်းကျောင်းက မျက်ခုံးပင့်လိုက်ကာ ကျင်းစစ်ရဲ့ဆံပင်လေးတွေကို ခပ်ဖွဖွပွတ်လိုက်ပြီး အပြုံးရေးရေးဖြင့် ပြောလိုက်သည်။


“ဒါဆို ကျင်းစစ်က ငါ့ပေါင်ပေါ်မှာရှိနေပြီး အပြင်ထွက်လာဖို့အချိန်မရှိဘူးလို့ ပြောလိုက်"


___


Translated By IQ-Team.