Chapter 26
-----------------------
အစတုန်းက ဤကိစ္စကို တစ်ခြားတစ်ယောက်ယောက်ကသာ ပြောခဲ့လျှင် ဟာသတစ်ခုအဖြစ် မှတ်ယူလို့ရပေမည်။
ချန်မြှောင်မြှောင်သည် ခေါင်းမာသော ကောင်မလေးတစ်ယောက်ဖြစ်သော်လည်း သူမက ယင်းကျောင်းကို အနည်းငယ်တော့ ကြောက်နေသေးသည်။
ယင်းကျောင်း၏စကားများကို ကြားပြီးနောက် သူမဦးနှောက်က မတုံ့ပြန်နိုင်သေးခင် သူမ၏ ခန္ဓာကိုယ်မှာမသိလိုက်စွာပင် လှုပ်ရှားမှုတစ်ခုပြုလုပ်လိုက်တော့သည်——
သူမက ခေါင်းကို လှည့်လိုက်ပြီး အတန်းတံခါးဆီသို့ လျှောက်သွားလိုက်ကာ သူ့စကားများကို စက်ရုပ်လေသံဖြင့် အပြင်ဘက်သို့ ကျယ်လောင်စွာ အော်လိုက်တော့သည်။
“ကျင်းစစ်က အစ်ကိုကျင်းရဲ့ ပေါင်ပေါ်မှာ ထိုင်နေလို့ အပြင်ထွက်လာဖို့ အချိန်မရှိဘူးတဲ့”
သူမစကားများ ထွက်လာသည်နှင့် အရာအားလုံးတိတ်ဆိတ်သွားတော့သည်။
လေထုက အေးခဲသွားပုံပေါ်သည်။ ကဒ်ကစားနေတဲ့သူတွေပဲဖြစ်ဖြစ်၊ ဂိမ်းကစားနေတဲ့သူတွေ စကားပြောနေကြတဲ့သူတွေဖြစ်ဖြစ် အခန်း၇တစ်ခန်းလုံးမှာ ယင်းကျောင်းနှင့် ကျင်းစစ်တို့အား နေကိုရှာတွေ့သွားတဲ့ နေကြာပန်းတွေကဲ့သို့ ကြည့်လာကြတော့သည်။
(Eng T/n : နောက်ဆုံးစာကြောင်းက ဘာကိုဆိုလိုမှန်းမသိပေမယ့် ကြည့်ရတာ ရယ်စရာကောင်းလို့ ဒီအတိုင်းပဲ ထားခဲ့လိုက်တယ်။)
(Mm T/n : Eng Trans က ဘာကိုနားမလည်ဘူးပြောတာလဲတော့ မသိဘူး...အတန်းထဲက ကျောင်းသားတွေအကုန်လုံး နေကြာပန်းက နေထွက်လာရင် မော့လာသလိုမျိုး ခေါင်းလေးတွေ ဆတ်ခနဲထောင်ထလာတာကို မြင်ယောင်ကြည့် ^__^>)
လျှောက်လမ်းမှာသွားနေတဲ့ သူတွေပင် ရပ်သွားကြပြီး အခန်း၇ထဲကို မမှိတ်မသုန်ကြည့်နေကြတော့သည်။
တိုတောင်းသော တိတ်ဆိတ်မှုအပြီးတွင် အတန်း၇မှာ ပေါက်ကွဲသွားတော့၏။
ယောင်္ကျားလေးတွေက စားပွဲကို ဆတ်ခနဲရိုက်လိုက်ပြီး လေချွန်ကာ အော်ဟစ်ကြတော့သည်။ ကောင်မလေးတွေကမူ သူမတို့ရင်ဘက်ကို ဆုပ်ကိုင်လျက် မျက်နှာကြက်ပေါက်ထွက်မတတ် ကျယ်လောင်သောအသံဖြင့် အော်ဟစ်နေကြသည်။
ရည်းစားစာကို ကိုင်ထားသော မိန်းကလေးမှာ လှုပ်ရှားမှုကင်းမဲ့နေပြီး ထို့နောက် စာရွက်ကိုလုံးခြေလိုက်ပြီးနောက် အိတ်ကပ်ထဲထိုးသိပ်ထည့်လိုက်ကာ လျင်မြန်စွာ ထွက်ပြေးသွားတော့သည်။
ကျင်းစစ်သည် ခပ်မြန်မြန်ထရပ်လိုက်ပြီး ရှုပ်ပွနေသော ဆံပင်ကို ကိုင်ကြည့်ပြီးနောက် ယင်းကျောင်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။
“မင်းရူးသွားပြီလား”
“ကိုယ်ကဘယ်လိုလုပ် ရူးရမှာလဲ”
ယင်းကျောင်းသည် ထိုင်ခုံပေါ်သို့ ပျင်းရိစွာ မှီချလိုက်ပြီး နှုတ်ခမ်းများကို တွန့်ကွေးကာ ဟန်များစွာပြောလာ၏။
“ကိုယ်သာ မင်းအတွက် ဒါကိုမလုပ်ပေးခဲ့ဘူးဆို မင်းဘယ်လိုလုပ် အဲ့ကောင်မလေးဆီကနေ လွတ်မှာလဲ”
“ဒါပေမယ့်...”
ကျင်းစစ်သည် တစ်ခုခုမှားနေသလို ခံစားနေရသည်။ သူက ရှုပ်ထွေးသော သင်္ချာပုစ္ဆာများကို ဖြေရှင်းနိုင်သော်လည်း ယခုလို လှည့်ကွက်များကိုတော့ အတွေ့အကြုံမရှိပေ။ သူက မျက်လုံးများကို သဘာဝမကျစွာ မှေးကျဥ်းလိုက်ပြီး လက်ဆန့်ကာဆံပင်ကို ပြန်သပ်ချလိုက်သည်။
“မင်း ဒီလိုပြောလို့မရဘူးလေ”
“ဒါကအဆင်ပြေပါတယ်”
ယင်းကျောင်းက အခွင့်အရေးယူလိုက်ရ၍ ကျေနပ်နေတော့သည်။ ပြီးနောက် ရယ်ချင်ပက်ကျိဖြင့်ပြောလာသည်။
“ကိုယ်တို့ ယောင်္ကျားလေးနှစ်ယောက်က တစ်ယောက်ပေါင်ပေါ်ထိုင်တာ ဘာမှားနေလို့လဲ... ဒါက သာမန်ကိစ္စပဲ မဟုတ်ဘူးလား”
ကျင်းစစ်၏ လက်များမှာ လှုပ်ရှားမှုရပ်တန့်သွားပြီး ခေါင်းမော့ကာ တစ်လုံးချင်းစီကို သေချာအာရုံစိုက်လိုက်သည်။
“ငါ မင်းပေါင်ပေါ် မထိုင်ခဲ့ဘူး”
“ဥပမာတစ်ခုပြောပြရုံပါကွာ”
ယင်းကျောင်းက တခစ်ခစ်ရယ်မောလိုက်သည်။
“တကယ်တော့ ဒါကလုံဝ သာမန်ပါပဲ”
သူက ဟယ့်ကျိုးကို လှမ်းခေါ်လိုက်ပြီး ဆွဲထည့်လိုက်သည်။
“မင်းမယုံရင် ဟယ့်ကျိုးကို မေးကြည့်”
“အာ... ဟားဟားဟား”
ဟယ့်ကျိုးက ခြောက်ကပ်စွာရယ်လိုက်ပြီး ယင်းကျောင်းရဲ့ သေလောက်တဲ့ ခြိမ်းခြောက်မှုအောက်တွင် ပြင်းပြင်းထန်ထန် ခေါင်းညိတ်လိုက်တော့သည်။
“ဒါက သာမန်ပဲလေ...ယောင်္ကျားလေးတွေက မင်းရဲ့ဘောင်းဘီကို ဝိုင်းချွတ်ကြတာမျိုး အားလုံးကပုံမှန်ပဲ ”
ကျင်းစစ်မှာ ထိုသို့သောအဖြစ်မျိုးကို တစ်ခါမှမမြင်ဖူးပေ။ ပထမက သူရှက်သလိုခံစားခဲ့ရသည်။ သို့သော် ယခု ဟယ့်ကျိုးက ထိုသို့ပြောလာတော့ မျက်နှာများနီရဲသွားတော့၏။
ယင်းကျောင်းက မျက်ခုံးများ တွန့်သွားပြီး ဟယ့်ကျိုးကို မကျေမနပ်ကြည့်လိုက်သည်။
“မင်း တော့်တော့်ကို ညစ်ပတ်နေတာလား... ဘာတွေပြောနေတာလဲ”
ဟယ့်ကျိုး: “...”
ဟယ့်ကျိုးသည် နှာခေါင်းထိပ်ကို ထိလိုက်ကာ အတော်လေး ဒေါသထွက်သွားမိသည်။
“ငါက မုန်းစရာကောင်းနေတာလား”
‘သူက ဘယ်သူ့အတွက် မျက်နှာပြောင်တိုက်ပြီး ဒီလို ပြောပေးနေတာလဲကွ’
မြစ်ကို ဖြတ်ပြီးတာနဲ့ သူက ခပ်မြန်မြန်ပဲ တံတားကို ဖျက်ချလိုက်တာပဲ...။
ဟယ့်ကျိုးမှာ အတော်လေး ဒေါကန်သွားပြီး အင်္ကျီလက်များကို ခါ၍ ထွက်သွားတော့သည်။
ယင်းကျောင်းက ကျင်းစစ်ဘက်ကို လှည့်လိုက်ပြီး အရှက်မဲ့စွာ ဆက်ပြောလာသည်။
“တွေ့လား ... လူတိုင်းက ဘာမှမဟုတ်ဘူးလို့ဘဲ တွေးနေကြတာ”
ကျင်းစစ်တွင် အထူးတလည် နီးကပ်သော သူငယ်ချင်း မရှိခဲ့ဖူးပေ။ ယင်းကျောင်း၏ ရှင်းပြချက်အပြီးတွင် ထိုအရာကို အမှန်ဟုယုံကြည်သွားတော့သည်။ သူက အင်တင်တင်ဖြင့် ထိုမေးခွန်းများကို ကျော်ချလိုက်ကာ ခေါင်းညိတ်လိုက်သည်။
“ကိုယ့်မှာ မင်းကို မေးစရာနည်းနည်းရှိလို့”
ယင်းကျောင်းက လေ့ကျင့်ခန်းစာအုပ်ကို ထုတ်၍ ကျင်းစစ်ရှေ့တွင် ထားလိုက်ပြီး “အဖြေကို နည်းနည်းမရှင်းလို့”
ကျင်းစစ်၏ အာရုံမှာ ချက်ချင်းပင် လမ်းကြောင်းပြောင်းသွားပြီး လေးနက်စွာဖြင့် မေးလိုက်သည်။
“ဘယ်မေးခွန်းလဲ ငါ့ကို ပြ”
သူက အတန်း၇ရှိ တခြားကျောင်းသားများမှာ သူတို့နှစ်ယောက်လုံးကို တောက်ပသော မီးလုံးများကဲ့သို့ ဘလင်းဘလင်းဖြင့်ကြည့်နေသည်ကို သတိမထားမိပေ။
ကော်ရစ်ဒါတွင် နားစွင့်နေသော တခြားအတန်းမှအတန်းဖော်များမှာလည်း အခန်း၇ရှိ ယင်းကျောင်းနှင့် ပတ်သတ်ပြီး သူတို့နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုများကို ဖော်ပြနေကြသည်။ ပေါင်ပေါ်မှာ ထိုင်တဲ့အကြောင်းကို အော်ဟစ်ပြောဆိုလိုက်တာကြောင့် လူတိုင်းက သိသွားကြသည်၊၊
'ဒါက လုံးဝကို ပြိုင်ဘက်ကင်းပဲ'
ကျောင်းတွင် ကျင်းစစ်၏ ကျော်ကြားမှုမှာ မြင့်မားလှပြီး ယင်းကျောင်းသည်လည်း မထင်မရှား လူတစ်ယောက် မဟုတ်ပေ။ ယခုကိစ္စမှာ လျှင်မြန်စွာသတင်းပျံ့သွားတော့သည်။ တဖြေးဖြေးနှင့် မူလဗားရှင်းကနေ မိုင်ထောင်ချီဝေးကွာလာတော့သည်။
နောက်ဆုံး၌ စီရင်စုကျောင်းတွင် နောက်ထပ် ကောလာဟာလတစ်ခု ရှိလာသည်။
ကျောင်းလူဆိုးယင်းကျောင်းနှင့် Learning Masterအသစ် ကျင်းစစ်တို့ကြားမှာ ဖော်ပြခြင်းငှာမစွမ်းသာတဲ့ တစ်ခုခုရှိနေတယ်တဲ့။
ထိုကောလဟာလမှာ ကျောင်းပန်းကလေးနှင့် မဟုတ်ဘဲ ကျောင်းရဲ့အာဏာရှင်ကြီးနဲ့ဆိုတော့ စိတ်ကူးယဥ်နေရာလွတ်ကြီးမှာ ကြီးမားကျယ်ပြန့်လာတော့သည်။
မှန်မမှန်အသာထား ကျင်းစစ်ကို အချစ်စာလွှာလေးတွေ လာပေးကြတဲ့ မိန်ကလေးများမှာ တကယ်ကို ပိုမိုနည်းပါးသွားပြီး လမ်းပေါ်ရှိ လူတွေကို လောင်ကျွမ်းစေနိုင်သည့် မျက်လုံးများမှာလည်း မရှိကြတော့ပေ။
နောက်ဆုံးတော့ ကျင်းစစ်ဘဝလေးမှာ ပြန်လည်ငြိမ်းချမ်းသွားချေပြီယ အများဆုံးမှ ယင်းကျောင်းနှင့်အတူတူ ရှိနေတဲ့အခါ တီးတိုးတီးတိုး ပြောနေကြခြင်းသာရှိသည်။
သို့သော်လည်း ဘယ်သူကမှ ယင်းကျောင်းရှေ့တွင် မပြောရဲကြချေ။ ကျင်းစစ်ကမူ ဘာမှကို မသိပေ။
ယင်းကျောင်းက တကယ်စာလုပ်နေတာကိုတွေ့တော့ ကျင်းစစ်သည် သူ့အတွက် မှတ်စုများ ပိုမှတ်ပေးတော့သည်။ တစ်ခါတစ်ခါ သူက ချရေးပေးပြီး သူ့အတွက် ဘယ်လိုလေ့လာနည်းက သူနဲ့သင့်တော်သလဲဆိုတာ ပြောပြပေးတတ်၏။
ယင်းကျောင်းအတွက်မူ တကယ်ကြီး ရိုးရိုးသားသားနှင့် စာထိုင်လုပ်နေရတာက မလွယ်ကူကြောင်းကို ရှာတွေ့သွားသည်။ သူ့မှာ အကြိမ်ပေါင်းများစွာ ဘောပင်ကို လွှတ်ချပြီး ထွက်သွားချင်လာသည်။
သို့ပေမယ့်လည်း ကျင်းစစ်နှင် သူ့ကြားက ကြီးမားတဲ့ကွာဟချက်ကြီးကို တွေးမိပြီးနောက် လက်ထဲက အသေးစိတ်ပြီး ပြီးပြည့်စုံတဲ့ မှတ်စုတွေကို မြင်လိုက်တိုင်း ထိုစကားနှစ်လုံးကို မပြောနိုင်တော့ဘဲ လက်လျှော့လိုက်သည်။
ကျင်းစစ်ရဲ့ အခြေအနေက ဆရာလျိုရဲ့ အာရုံကို ဖမ်းစားမိသွားသည်။ ရက်အနည်းငယ် စောင့်ကြည့်ပြီးနောက် သူက ရှိုးလုပ်နေတာမဟုတ်သည်ကို ရှာတွေ့သွားပြီး ဆရာလျိုမှာ ကျေနပ်သွားကာ ကျင်းစစ်အား သီးသန့်ခေါ်လိုက်သည်။
ပထမဆုံးအနေဖြင့် စာမေးပွဲမှာ သူ့ရဲ့လုပ်ဆောင်မှုကို ချီးကျူးလိုက်ပြီး ထို့နောက် ဆရာ့ရဲ့ စာသင်ချိန်အချိန်ဇယားက သူနှင့် လိုက်လျောညီထွေရှိမရှိ မေးလာသည်။
ကျင်းစစ်က ခေါင်းညိတ်လိုက်ပြီး အကုန်အဆင်ပြေကြောင်း ပြောပြလိုက်၏။
“အဲဒါ”
ဆရာလျိုက ကျောင်းအုပ်ကြီးရှင်းပြတာကို အမှတ်ရသွားပြီး ပူဆွေးမှုကို တောင့်ခံကာ ခက်ခက်ခဲခဲပြောလိုက်တော့သည်။
“မင်းပြောင်းချင်ရင် အထူးတန်းကို ပြောင်းလို့ရတယ်”
စီရင်စုကျောင်းသည် အထက်တန်းပထမစာသင်နှစ်ဝက်ကို ဝိဇ္ဇာနှင့် သိပ္ပံဟူ၍ ခွဲထားသည်။ တစ်ချိန်တည်းမှာပင် တူရာအုပ်စုပြန်ခွဲလိုက်သည်။ အတန်းခွဲပြီးသွားတာနှင့် အတန်းပြောင်းရန် မလွယ်ကူပေ။
ကျင်းစစ်၏ အမှတ်များမှာ ကျောင်းအုပ်ကြီးကပင် သတိပြုမိသည်အထိ အလွန်ကောင်းနေပြီး သူ့အား အထူးအခြေအနေတစ်ခုအဖြစ် မှတ်ယူထားသည်။
ပြောပြီးနောက် ဆရာလျို၏ နှလုံးသားမှာ သွေးစိမ်းရှင်ရှင်ထွက်နေတော့သည်။ အဆုံးတွင် သူတို့ရဲ့အခန်း၇တွင် ပြိုင်ဘက်တစ်ဦးရှိလာပြီဖြစ်ပေမယ့် လူတိုင်းက သူ့ကို ဆွဲခေါ်ဖို့ကြိုးစားနေတော့သည်။
သို့သော်လည်း ဆရာလျိုမှာ ကျင်းစစ်အား အသိမပေးဘဲ ဘာမှမလုပ်နိုင်ချေ။
ကျင်းစစ်က ယခုလိုရလဒ်မျိုးကို ဆက်ထိန်းသိမ်းထားနိုင်ပါက အထူးတန်းတစ်တန်ကို သွားလိုက်တာက ပိုသင့်တော်ပေသည်။
ကျင်းစစ်က ခေါင်းခါကာ ငြင်းဆန်သည်။
“ဟင့်အင်း ကျွန်တော် မသွားချင်ပါဘူး”
ကျင်းစစ်မှာ အလွန်နှေးကွေးသော လူတစ်ယောက်ဖြစ်ပြီး နောက်ဆုံးတွင် အခန်း၇သို့ ဝင်ရောက်နိုင်ခဲ့သည်။ သူ နေရာ ထပ်မပြောင်းချင်တော့ပေ။ ထို့ထက် ဆရာပြောသော အကြောင်းအရာအားလုံးကို အခြေခံအားဖြင့် သင်ယူခဲ့ပြီးဖြစ်ကာ ၎င်းကို ပြန်နားထောင်တာထက် သူ့ဘာသာ ပြန်လည် သုံးသပ်နေခြင်းက ပိုထိရောက်ပေသည်။
“ကောင်းပြီ...မင်းသဘောပါ”
ဆရာလျိုတစ်ယောက် သူ့နှုတ်ခမ်းထောင့်များကို အရူးအမူးဖိနှိပ်ထားရသည်။ စိတ်ထဲ သုံးကြိမ်လောက်ရယ်မောပြီးနောက် အကြောင်းအရာကို ပြောင်းလိုက်သည်။
“ယင်းကျောင်းက ဒီရက်တွေထဲ စာလုပ်ဖို့အတော်လေး တက်ကြွနေတာပဲ”
ကျင်းစစ်က ခဏလောက် အံ့အားသင့်သွားပြီး ယခုတလော ယင်းကျောင်းနှင့် လုပ်ဆောင်ချက်များကို စဥ်းစာလိုက်ပြီးနောက် ထောက်ခံလိုက်သည်။
“ဟုတ်တယ်”
ဆရာလျိုက ထပ်မေးလာသည်။
“သူဖတ်နေတဲ့ မှတ်စုတွေက မင်းလုပ်ပေးထားတာလား”
ကျင်းစစ်က ခေါင်းညိတ်လိုက်သည်။
“ဟုတ်ကဲ့”
ဆရာလျိုက အနည်းငယ်စိတ်ပူသွားသည်။
“အဲဒါက မင်းရဲ့အချိန်တွေ ကုန်စေလား”
“မကုန်စေပါဘူး”
ကျင်းစစ်က စိတ်အားထက်သန်စွာ ရှင်းပြလိုက်သည်။
“မှတ်စုတွေ မှတ်တဲ့အခါ ကျွန်တော်လည်း လွတ်သွားတာတွေကို ပြန်စစ်လို့ရပြီး လွတ်နေတဲ့နေရာတွေမှာ ပြန်ဖြည့်လို့ရတယ်... အဲဒါက စာပြန်နွှေးသလိုပါပဲ”
“ကောင်းတယ်... အဲဒါကောင်းတယ်”
ဆရာလျိုက စိတ်သက်သာရာရစွာ အသက်ရှူထုတ်လိုက်သည်။
ဆရာက ယင်းကျောင်းမှာ ကျင်းစစ်၏ စာလေ့လာခြင်းအပေါ် သက်ရောက်သွားမည်ကို စိုးရိမ်နေခြင်းဖြစ်ပြီး သူ့ကို ထိုင်ခုံပြောင်းပေးဖို့ အကြိမ်ကြိမ်တွေးနေခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ယခုအခါ ၎င်းက ကွဲပြားမှုတစ်ခု ဖြစ်စေခဲ့ပုံပေါ်သည်။
ယင်းကျောင်းက ကျင်းစစ်ကို မသက်ရောက်စေဘဲ ကျင်းစစ်ကသာ ယင်းကျောင်းအပေါ် သက်ရောက်သွားခြင်းဖြစ်သည်။
“ဒါဆို ဆရာ့ကို တစ်ခုကူညီပေး”
ဆရာလျိုက ကျင်းစစ်၏မျက်လုံးများကို ကြည့်ကာ ပြောလိုက်သည်။
“သားမှာ အချိန်ရှိရင် သူ့ကို ပိုပြီးစာလုပ်ဖြစ်အောင် ကူညီပေး”
ဆရာလျိုသည် ယင်းကျောင်း၏ မှတ်တမ်းကို ဖတ်ပြီးပြီဖြစ်ကာ မူလတန်းတုန်းက အဆင့်တွေကို သိခဲ့ရသည်။ သူက သနားစရာကောင်းတယ်လို့ အမြဲလိုလိုခံစားခဲ့ရသည်။ သို့သော်လည်း အကူအညီမဲ့စွာပင် ယင်းကျောင်းနှင့် စကားပြောလိုက်တိုင်း တစ်ခုမဟုတ်တစ်ခု လမ်းကြောင်းပြောင်းပြောင်းသွားတတ်သည်။
ယခု ယင်းကျောင်းအတွက် ပိုကောင်းလာရန် ပြောင်းလဲဖို့ မျှော်လင့်ချက်ရှိလာသည်ကို ခက်ခက်ခဲခဲ တွေ့ခဲ့ရသဖြင့် ဆရာလျိုက ယင်းကို ဘယ်လိုလုပ်စွန့်လွှတ်နိုင်ပါ့မလဲ။
ကျင်းစစ်က ခဏလောက်အေးခဲသွားပြီးနောက် လေးနက်စွာ ကတိပေးလိုက်သည်။
“ကျွန်တော် ကူညီပေးမှာပါ”
အခန်း၇စာသင်ခန်းထဲတွင် ကျန်ု့ချွယ်သည် Coke တစ်ဘူးထုတ်လိုက်ပြီး တစ်ခါတည်းအများကြီး သောက်ချလိုက်သည်။ သူက ကျင်းစစ်ရဲ့ ထိုင်ခုံကို နောက်ဆွဲလိုက်ပြီး ထိုင်လိုက်သည်။
“အစ်ကိုကျောင်း ကျွန်တော်တို့ ဒီည self study အတန်းကို မသွားဘူးမလား”
ယင်းကျောင်းက သူ့ကိုတားလိုက်ပြီး မကြည်မလင်ဖြင့်ပြောလိုက်သည်။
“မထိုင်စမ်းနဲ့”
“ဘာဖြစ်လို့လဲ”
ကျန့်ချွယ်က ခါးကုန်းလျက်တန်းလန်း လေထဲတွင် ဖင်နောက်ပစ်လျက် ခေါင်းလှည့်ကာ ကိုးရိုးကားရားဖြစ်နေတော့သည်။
“ခုံပေါ်မှာ တစ်ခုခုပေနေလို့လား”
ယင်းကျောင်းက လေ့ကျင့်ခန်းစာအုပ်တွင် အဖြေကို ရေးကာ ပျင်းရိစွာ ပြောလိုက်သည်။
“ကျင်းစစ်က သူ့ပစ္စည်းတွေ နေရာရွေ့သွားရင် မကြိုက်ဘူး”
ကျန့်ချွယ်: “...”
ကျန့်ချွယ်က သူ့ကို ငါးလိုမျက်လုံးမျက်လုံးလေးများဖြင့် ကြည့်လိုက်သည်။
“အစ်ကိုကျောင်း အတော်လေးနောက်ကျသွားပြီလို့ မထင်ဘူးလား”
ယင်းကျောင်းက ခပ်ရွဲ့ရွဲ့ပြုံးလိုက်ပြီး သူ့ကိုစောင်းကြည့်လိုက်သည်။
“ဘာဖြစ်လို့လဲ... ငါ့ကို မင်းရဲ့အမြင်ကနေကြည့်မနေနဲ့... မင်းနားမလည်ပါဘူး ”
ကျန့်ချွယ်:”...”
ကျန့်ချွယ်မှာ စွံ့အသွားတော့သည်။
“သွားနှင့်မှာလား... ပျော်ရအောင်... ဒီည 1982 မှာပဲ... အစ်ကိုသွားမှာလား”
“မသွားဘူး”
ယင်းကျောင်းက မျက်မှောင်ကြုတ်ကာ မေးခွန်းကို ကြည့်လိုက်သည်။ သူ နည်းလမ်းမျိုးစုံဖြင့် ကြိုးစားကြည့်သော်လည်း ယခုထိ အဖြေမရသေးပေ။
“အစ်ကိုကျောင်း အဆင်ပြေရဲ့လား”
ဟယ့်ကျိုးကရောက်ချလာသည်။
“ကျွန်တော်တို့ အစ်ကို့ကို တစ်ယောက်တည်း ထားပေးမယ်... အစ်ကိုအဆင်ပြေလား”
“အင်း”
ယင်းကျောင်းက ရေသန့်ဘူးကို အဖုံးဖွင့်ပြီး တစ်ငုံသောက်လိုက်သည်။ မေးခွန်းကိုမူ စဥ်းစားနေဆဲပင်။
“သွားနှင့်ကြ”
ဟယ့်ကျိုးသည် စာရေးစားပွဲပေါ်က လေ့ကျင့်ခန်းစာအုပ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သွားကိုက်လာသလိုလိုပင်ဖြစ်သွားရ၏။
“မဟုတ်ဘူး... အစ်ကိုတကယ်ကြီး ကျောင်းသားကောင်းဖြစ်ချင်နေတာမဟုတ်ဘူးမလား”
စာမေးပွဲပြီးနောက်ပိုင်း ယင်းကျောင်းမှာ ရုတ်တရက်ကြီး စာစလုပ်နေတော့သည်။
အစက ဟယ့်ကျိုးနှင့် တခြားသူတွေက သူဟန်လုပ်နေတာလို့ပဲ ထင်ခဲ့ကြသည်။ သို့ပေမယ့် သူက တစ်နေ့ပြီးတစ်နေ့ ဆက်လုပ်နေမည်ဟုတော့ သူတို့တွေ မမျှော်လင့်ထားချေ။
ယင်းကျောင်းက နှုတ်ခမ်းထောင့်ပေါ်က ရေစက်များကို သုတ်ကာ လှောင်ပြုံးပြုံးလိုက်သည်။
“ဘာကျောင်းသားကောင်းလဲ... ငါ့ကို ဟာသလာလုပ်မနေနဲ့ ”
“ဒါဆို အစ်ကိုက...”
ဟယ့်ကျိုးမှာ သူ့စကားမဆုံးသေးခင် ယင်းကျောင်း၏တွန်းဖယ်ခြင်းကို ခံလိုက်ရသည်။
ဟယ့်ကျိုးက ဆန္ဒပြချင်နေသေးသော်လည်း လှည့်ကြည့်လိုက်သောအခါ အပြင်ကနေပြန်လာနေသည့် ကျင်းစစ်ကို မြင်လိုက်ရသည်။ သူက ချက်ချင်းပင်ဘေးဖယ်ပေးလိုက်တော့သည်။
“F*ck”
ယင်းကျောင်းမှာ ယခုထိ မေးခွန်းကို မဖြေနိုင်သေးပေ။ သူက သူ့နားထင်ကို ပွတ်လိုက်ပြီး ဘောပင်ကိုဗြုန်းခနဲချကာ ဆဲရေးလိုက်တော့သည်။
‘ဘာလို့ မေးခွန်းတွေက ခက်ခဲပြီး ဒီလောက်တောင်ရှုပ်ထွေးနေအောင် လုပ်ထားတာလဲ’
ယခုလေးတင် ဆရာလျို၏ ညွှန်ကြားခြင်းကိုခံလာရသော ကျင်းစစ်က ယင်းကိုမြင်တော့ သူ့ကိုကြည့်လာသည်။
“ခေါင်းကိုက်နေပြီလား”
“ဟုတ်တယ်”
ယင်းကျောင်းက ထိုင်ခုံနောက်ကို ခပ်ပျင်းပျင်း မှီလိုက်ပြီး နှုတ်ခမ်းများတွန့်ကွေးကာ ကြည့်လာသည်။
“အတန်းဖော်လေး ကိုယ်ဘာလုပ်ရမလဲ မင်းကိုယ့်ကို ကူပွတ်ပေးပါလား”
ကျင်းစစ်မှာ သူ၏စနောက်မှုများကို တဖြည်းဖြည်းအသားကျလာသည်။ ထို့ကြောင့်သူကြားသမျှကို လျစ်လျူသာရှုထားလိုက်တော့သည်။ သူကခေါင်းငုတ်လိုက်ပြီး ဖုန်းယော်အဆီပုလင်းကို ထုတ်ပေးလိုက်သည်။
“ဒီမှာ”
ယင်းကို လွန်ခဲ့တဲ့ရက်အနည်းက လီကျိုးသည် သူ အထူးတန်းကကျောင်းသားတော်တော်များများ ဒါကိုသုံးတာကို မြင်ဖူးသည်ဟု ပြောကာ ပေးခဲ့ခြင်းဖြစ်သည်။ ကျင်းစစ်ကပျောက်သွားမှာစိုးပြီး ပုလင်းကို သွားလေရာသယ်ခဲ့သည်။
ယင်းကျောင်းက ယူလိုက်ပြီးနောက် မျက်ခုံးများကို ပင့်လျက်မေးလာသည်။
“ဒီပစ္စည်းကို မင်းဘယ်လိုသုံးတာလဲ”
သူက ပုလင်းအဖုံးကို ဖွင့်၍ နှာခေါင်းအောက်ကို ထားကာ ရှူသွင်းလိုက်သည်။ ထို့နောက် မျက်ခုံးပင့်လိုက်မိသည်။
“တော်ပြီ အနံ့ကြီးက ဆိုးလွန်းတယ်”
“အဲဒီလောက်လည်းမဟုတ်ပါဘူး”
ကျင်းစစ်က သူ့နှုတ်ခမ်းများကို တွန့်လိုက်ပြီး ပြုံးကာသင်ပေးလိုက်သည်။
“မင်းလက်ချောင်းပေါ်မှာ သုတ်လိုက်ပြီး နားထင်ပေါ်ကို လိမ်းလိုက်... တော်တော်ကောင်းတယ်လို ပြောရမယ်”
“တကယ်လား”
ယင်းကျောင်းက သူပြောတာကိုကြားတော့ ပုလင်းကို ထောင်လိုက်သည်။ သူယူတာအရမ်းများသွားပြီး ပုလင်းထဲက ဖုန်းယော်အဆီအများစုမှာ တစ်ခါတည်းဖြင့် ပျောက်သွားတော့သည်။ အစိမ်းရောင်အရည်များ သူ့လက်ချောင်းထဲပါလာပြီး တချို့မှာ မြေကြီးပေါ်ကျသွားသည်။
ကျင်းစစ်က အနည်းငယ် စိတ်သောက ရောက်သွားတော့သည်။
“အရမ်းများလွန်းတယ် လျှော့လိုက်ဦး”
ယင်းကျောင်းမှာ စိတ်ရှုပ်သွားပြီး ဖုန်းယော်အဆီပုလင်းကို စားပွဲပေါ်တင်ပြီး ပြောလိုက်သည်။
“မင်းဘာလို့မလုပ်ပေးတာလဲ ကိုယ့်ကို ကူညီပေးနိုင်မလား”
ကျင်းစစ်သည် မြေကြီးပေါ်က အရည်အိုင်လေးကို ကြည့်လိုက်ပြီး နောက် ရှုပ်ထွေးသွားကာ ခေါင်းညိတ်သဘောတူလိုက်မိသည်။
ဖြုန်းတီးမှုကို သည်းမခံနိုင်သောကြောင့် ပုလင်းထဲကထပ်မယူတော့ပေ။ ထိုအစား ယင်းကျောင်းရဲ့လက်မှာ ပေနေတဲ့ ဟာကိုပဲ ဆွဲပွတ်လိုက်တော့သည်။
“အောက်နည်းနည်းငုံ့ပေး”
ယင်းကျောင်းက သူ့ခေါင်းကို နာခံစွာငုံ့ပေးလိုက်ပြီး နဖူးပေါ်က ဆံပင်ကို မသိလိုက်စွာဘဲ သပ်တင်ပေးလိုက်သည်။
ကျင်းစစ်သည် သူ့နားထင်ပေါ်ကို ဂရုတစိုက် ပွတ်ပေးလိုက်သည်။ ထို့နောက် တခြားတစ်ဖက်ကို လှည့်လိုက်သည်။
ယင်းကျောင်းက သူ့ရဲ့ လေးနက်နေတဲ့ အသွင်အပြင်ကို ငုံ့ကြည့်ကာ အသာရယ်မောလိုက်မိသည်။
“ဟေး အတန်းဖော်လေး”
“ဟမ်”
“ဟယ့်ကျိုးက ကိုယ့်ကို ညနေခင်း Self Study အချိန်ကို ပြေးပြီး အပြင်ထွက် ကစားဖို့ ခေါ်နေတယ်”
ကျင်းစစ်၏လှုပ်ရှားမှုများ ရပ်တန့်သွားပြီး သူ့ကို မော့ကြည့်လိုက်သည်။
“အတန်းပြေးတာမကောင်းဘူး”
သူက ရပ်လိုက်ပြီး ထပ်ဖြည့်ပြောလိုက်သည်။
“ဒီနေ့ မင်းလုပ်ရမယ့် တာဝန်က အခုထိ မပြီးသေးဘူးနော် ”
ယင်းကျောင်းရဲ့ လက်ရှိအခြေအနေဖြင့်ဆိုရင် ဆရာ့နောက်ကိုလိုက်ဖို့ မသင့်တော်ချေ။ ကျင်းစစ်သည် ဖတ်စာအုပ်ထဲက အကြောင်းအရာကိုရှင်းပြပေးရုံသာမက တွဲဖက်လေ့ကျင့်ခန်းစာအုပ်ကိုပါ ရွေးချယ်ပေးခဲ့သည်။ နေ့တိုင်း ပမာဏတစ်ခုရှိပြီး လုပ်ပြီးတဲ့အခါ အမှတ်စစ်ပေးလိမ့်မည်ဖြစ်သည်။
ရှာတွေ့ထားတဲ့ မည်သည့် အမှားကိုမဆို မှတ်စုစာအုပ်မှာ ချရေးပြီး သူကအာရုံစူးစိုက်စွာပြန်သင်ပေးလိမ့်မည်။
နားထင်နှစ်ဖက်လုံးလိမ်းပြီးသည့်နောက်တွင် ကျင်းစစ်က သူ့လက်များကို ရပ်လိုက်ပြီး ဖုန်းယော်အဆီပုလင်းကို အဖုံးပြန်ပိတ်လိုက်သည်။
“ရပြီ”
ယင်းကျောင်းကမူ သူ့ကို နူးညံ့စွာကြည်နေသည်။
“ကျေးဇူးပဲနော် အတန်းဖော်လေး”
ကျင်းစစ်က တစ်ရှူးထုတ်လိုက်ပြီး သူ့လက်များကို သုတ်လိုက်ရင်း ပေါ့ပေါ့ပါးပါးပြောလာသည်။
“ရပါတယ်”
တုံ့ဆိုင်းနေပြီးနောက် ယင်းကျောင်းကို မေးလိုက်သည်။
“မင်းတကယ်အတန်းပြေးမလို့လား”
“ကိုယ်က ဘယ်လိုလုပ်နိုင်မှာလဲ”
ယင်းကျောင်းက ဘောပင်ကို ကျွမ်းကျွမ်းကျင်ကျင်လှည့်နေရင်းမှ “ကိုယ်က အဲလိုလူမျိုးလား”
သူက ဟယ့်ကျိုးနှင့် ကျန့်ချွယ်ကို မျက်လုံးပင့်ကြည့်လိုက်ပြီး နှုတ်ခမ်းများတွန့်ကွေးကာ သုန်မှုန်နေသော အမူအရာဖြင့်ပြောလိုက်တော့သည်။
“မင်းတို့ကြားလား... ငါတို့ရဲ့အတန်းဖော်လေးက ငါ့ကို မလွှတ်ဘူး... ဆိုတော့ ငါသွားမှာမဟုတ်ဘူး”
____
စာရေးသူမှာ ပြောစရာရှိတယ်~
ပြဇာတ်ငယ်လေး-
ယင်းကျောင်း : ကိုယ်က စနေတာပါ... ကိုယ်ဘယ်တော့မှ အတန်းမပြေးပါဘူး... ကိုယ်က ဟယ့်ကျိုးနဲ့ တခြားသူတွေလို မဟုတ်ပါဘူး...
__
Translated By IQ-Team.