အပိုင်း ၅၁
Viewers 15k


Chapter 51
ပန်းပွင့်အိမ်တော်အတွင်းတွင်



ဤသည်မှာ လင်းရုဖေးတွေးသည့်အရာပင် ဖြစ်သည်။

စင်ပေါ်တွင် ကြိုးဂီတသံအား ကြားလိုက်ရ၏။ များစွာသော ကချေသည်များ ပေါ်လာပြီးနောက် ဂီတသံနှင့်အတူ စတင် လှပစွာကပြလာတော့သည်။

မုန့်လန်ရောကမူ သိပ်မကြာခင်က စိတ်ကူးယဥ်ခရီးထွက်ခြင်းကို ချက်ချင်းပင် မောင်းထုတ်လိုက်ပြီး အစစ်အမှန်ဘဝဆီသို့ ပြန်ရောက်လာသည်။ သူက စင်ပေါ်သို့ ဖြေးညှင်းစွာ လျှောက်လာသည့် မိန်းကလေးတစ်ဦးအား မိန်းမောကာ စိုက်ကြည့်နေရင်း လင်းရုဖေးအား သူ့အချစ်တော် ရှောင်ယွီနှင့် စိတ်အားထက်သန်စွာ မိတ်ဆက်ပေးလာ၏။

"ရှောင်ယွီက ကျွန်တော်မြင်ဖူးသမျှထဲမှာ ပြိုင်ဘက်ကင်း မိန်းကလေးပဲ..သူမက ကြည့်ကောင်းရုံတင်မကဘူး ဗျက်စောင်း ဂို၊ လက်ရေးလှနှင့်ပန်းချီတို့မှာပါ ကျွမ်းကျင်တယ်..သူမရဲ့ဓါးရေးအကတောင်မှ အပြောင်မြောက်ဆုံးလက်ရာပဲ"

မုန့်လန်ရောက တရစပ်ပြောလာသည်။

"သူမရဲ့ဓါးရေးနည်းပညာက ဓါးသိုင်းကျင့်ကြံသူတွေလောက် မကောင်းပေမယ့် သေမျိူးအများစုထက်ပိုပြီး အားကောင်းတယ်...တကယ်လို့ အဲ့ဒီချီယန်ရှန့်သာ သူမနဲ့ပြိုင်ဖို့ ချီဓါးကို မသုံးရင် ဘယ်သူနိုင်လိမ့်မယ်ဆိုတာ သိမှာမဟုတ်ဘူး..."

လင်းရုဖေးက အနည်းငယ် စိတ်ဝင်စားသွား၏။

"တကယ်လား"

"အမှန်ပဲပေါ့" မုန့်လန်ရောက လုံး၀အလေးအနက်ထား ပြန်ဖြေလာ၏။

စျေးကြီးသည့်ပိုးခြည်ပန်းများမှာ လက်ခုပ်သံများဖြင့် စင်ပေါ်သို့ ပစ်တင်ပေးခြင်းခံလိုက်ရကာ ပန်းလှေပေါ်ရှိလေထုမှာ တစတစ ပူနွေးလာသည်။ မိန်းကလေးများမှာ ဤနေ့ညတွင် ကောင်းကောင်းလုပ်ဆောင်နေကြပြီး ရွှေနှင့်တန်ဖိုးတူသည့် ပိုးခြည်ပန်းများမှာလည်း မရပ်တော့ချေ။ မူးနေသည့် အမျိုးကောင်းသားများက မိမိတို့၏အကြိုက်ဆုံးမိန်းကလေးများအား ဤနေ့ည၏ အိုအီရန်အဖြစ်သို့ တွန်းပို့ချင်နေကြသည်။

မုန့်လန်ရောက စားပွဲပေါ်ရှိ ပိုးခြည်ပန်းများအားလင်းရုဖေးထံ ကမ်းပေးလာပြီး ထပ်ခါထပ်ခါအမယ်အိုအား ခေါ်နေပေ၏။ သူက စိတ်ဝိဥာဥ်ကျောက်တုံးအချို့အား ထုတ်လာခဲ့ပြီး ခြင်းအနည်းငယ်အတွက် ငွေလှဲလိုက်သည်။ သူက ငွေအား ရေကဲ့သို့သုံးနေဟန် ခံစားရသည်။

လင်းရုဖေးက ငွေကဲ့သို့အရာမျိုးအား အထိမခံမဖြစ်ပေ။သူ၏အစားအစာများနှင့် အဝတ်အစားများမှာ သူ၏အစေခံမလေးများမှ ဆင်ပေးထားသည်ကိုသာ ၀တဆင်ထားခြင်းဖြစ်သည့်အတွက် စိုးရိမ်စရာမရှိပေ။ အကယ်၍ သူသာ သွားရည်စာများစားရန် တောင်အောက်သို့ ခိုးပြီးမဆင်းပါက သူသည် ငွေ၊ ပိုက်ဆံအား မည်သည့်အခါမှ မြင်ဖူးလိမ့်မည်မဟုတ်ချေ။

" သူမရောက်လာပြီ.. သူမရောက်လာပြီ..ရှောင်ယွီ ရောက်လာပြီ "

မုန့်လန်ရောက သူ့အား စိတ်လှုပ်ရှားစွာ စိုက်ကြည့်၍ဆိုလာသည်။

စင်ပေါ်တွင် နူးညံ့ပျော့ပျောင်းသည့် အမျိုးသမီးလေးမှာ ဖြေးညှင်းစွာ ခြေလှမ်းလာသည်။ သူမက စကပ်အရှည်အား ဝတ်ဆင်ထားကာ အနီရောင် ပိုးခြည်ဖြင့်ချည်ထားသော ဓါးနှစ်လက်အား ကိုင်ထား၏။ သူမက စင်ပေါ်မှ ဦးညွတ်လိုက်ရင်း ဧည့်သည်များရှေ့သို့ တစ်ဝက်ခန့်ထိလုနီးနီး ငုံ့ကုန်းလိုက်ကာ ပြုံးပြလိုက်ပြီးနောက် ဂီတသံနောက် လိုက်ပါသွားတော့သည်။

သူမ၏ဓားများ မြင့်တက်လာသည့် တစ်ခဏတွင်မူ အမျိုးသမီးလေး၏စိတ်အာရုံမှာ ပြောင်းလဲသွား၏၊ ဓါးများမှာ အဖြူရောင်သက်တံနှင့်တူ၍ အနီရောင်ပိုးခြည်မျှင်မှာ သွေးနှင့်တူပေသည်။အမျိုးသမီးလေး၏ခြေဗလာလေးများမှာ မြောက်ကာမြောက်ကာဖြင့် ဗုံ၏စီးချက်အတိုင်း လှမ်းသွားရင်း စင်ထိပ်အရောက်တွင် တင့်တယ်လှပစွာလှည့်လိုက်သည်။ ဓါးအလင်းရောင်မှာ အေးမြပြီးမာကျောသော်ငြား သူမဝတ်ဆင်ထားသည့် ပန်းရောင်အပြင်အဆင်မှာ အလွန်အမင်းနူးညံ့ပုံပေါ်၏။ တောင့်တင်းမှုနှင့် ပျော့ပျောင်းမှုနှစ်ခုကြားယှဥ်တွဲမှုလေးက အနှီဓါးရေးအကအား ပို၍ပို၍ စွဲမက်ဖွယ်ရာကောင်းလာသည်။

အမျိုးသမီးလေးက သူမ၏ခါးကိုလိမ်လိုက်ပြီး ဓါး၏အဆုံးတွင်ချည်ထားသည့် အနီရောင်ပိုးခြည်လေးအား လွှင့်ပစ်လိုက်၏။ သူမက လက်ကိုမြောက်လိုက်ရင်း ကြယ်တာရာနှင့်ဆိုင်သည့် လေတစ်ရှိုက်ကဲ့သို့ ချီဓါးအားယမ်းလိုက်ပေသည်။ ဗုံသံများက တဖြည်းဖြည်းရပ်လာပြီး သူမ၏အကသည်လည်း စင်ပေါ်၌နောက်ဆုံးမရပ်တန့်သွားမီအဆုံးထိ နှေးနှေးလေး ကနေသည်။ သူမ၏ ဖြေးညှင်းစွာ လှုပ်ရမ်းနေသည့် ရင်ဘတ်က မုန့်လန်ရောရှိရာအခန်းနေရာဆီသို့ မျက်နှာမူကာ အပြုံးနုနုလေးပေးလာ၏။

အမျိုးကောင်းသားများက ကျယ်လောင်စွာ လက်ခုပ်တီးလာကြပြီး အများအပြား ဆု၀ိုင်းချကြသည်။ သူတို့က ငွေကြေးဘယ်လောက်မှ မကုန်ကျသကဲ့သို့ စင်ပေါ်အား ပိုးခြည်ပန်းများ ပစ်ပေးကြသည်။ မုန့်လန်ရောက စင်မြင့်အနားဆီသို့ တည့်တည့်ပင်လျှောက်သွားလိုက်ပြီး သူ့လက်ထဲတွင်ကိုင်ထားသည့် ပိုးခြည်ပန်းနှစ်ခြင်းအား ပစ်လိုက်လေသည်။

ပိုးခြည်ပန်းများမှာ ရှောင်ယွီ၏ဦးခေါင်းနှင့်ပုခုံးများပေါ်သို့ နှင်းပွင့်များသဖွယ် ပြန့်ကျဲ့သွားလေသည်။ သူမက မုန့်လန်ရောအားတွေ့လိုက်ချိန်တွင် ပြန်၍ပြုံးပြလာပြီး စင်ပေါ်မှမဆင်းမီ ဖြေးဖြေးလေးဦးညွတ်သွားပေ၏။

"မလှဘူးလား...မလှဘူးလား.."

မုန့်လန်ရောက သူတို့၏သီးသန့်ခန်းဆီသို့ ပြန်မလှည့်မီ ရှောင်ယွီထွက်သွားသည်အထိ စောင့်ကြည့်နေခဲ့သည်။

သူက ကြွေလွင့်ပြီးသောနွေဦးအိမ်တော်သို့ ပထမဆုံးအကြိမ် ရောက်လာသည့် လူဖျင်းလေးသဖွယ် စိတ်လှုပ်ရှားစွာခုန်ဆွဆွလုပ်နေပြီး "ကျွန်တော် အရင်က အဲ့ဒီလို လှပတဲ့ဓါးရေးအကမျိုး တစ်ခါမှမမြင်ဖူးဘူး"

လင်းရုဖေးက ရယ်မောလိုက်ကာ : "အဲ့ဒါကောင်းပါတယ်"

ယင်းက အမှန်ပင်လှပလေသည်၊ သူမက ဓါးနှင့်ယှဥ်တွဲကရာတွင် လူတိုင်း၏ စိတ်နှလုံးတိုင်းကို ဦးတည်ထိတွေ့ထင်ကျန်နေစေခဲ့ပေ၏။

"စိတ်မကောင်းစရာက..."

မုန့်လန်ရောက ရုတ်တရက်ပင် တစ်စုံတစ်ကိုဆုံးရှုံးသွားသကဲ့သို့ သက်ပြင်းအသာချလိုက်ပြီး : "ကျွန်တော်သူမကို ပြန်ရွေးချင်ခဲ့ပေမယ့် သူမက ငြင်းဆန်လိုက်တယ်လေ"

လင်းရုဖေးက အနှီအကြောင်းအရာများအား များများမသိသောကြောင့် သူ၏ဇာတ်လမ်းလေးအား ရိုးရှင်းစွာနားထောင်ရုံပင်တတ်နိုင်၏။

မုန့်လန်ရောက ဆိုလိုက်သည်။

"သူမကသာ ကျွန်တော့်ကိုမကြိုက်ရင် ထားလိုက်တော့မှာ..ဒါပေမယ့် ကျွန်တော်ကတော့ သူမက ကျွန်တော့်ကိုကြိုက်တယ်လို့ထင်တယ်"

အနှီစကားလုံးများပြောပြီးချိန်တွင် သူက သက်ပြင်းရှည်တစ်ချက်ချကာ သူ၏ခွက်ထဲရှိအရက်အား တစ်ကျိုက်ထဲဖြင့် အကုန်မော့သောက်လိုက်သည်။

နှစ်ဦးသားမှာ စကားပြောနေရင်း သူတို့ပြောဆိုနေသည့် အကြောင်းအရာများမှာ တဖြည်းဖြည်းဖြင့် အတွင်းကျကျဖြစ်လာသည်။

ထိုစဥ် မိန်းမငယ်လေးတစ်ဦးက လတ်လတ်ဆတ်ဆတ်လှီးဖြတ်ထားသည့် သစ်သီးတစ်ပန်းကန်အား ကိုင်ထားရင်း သီးသန့်ခန်းထဲရှိလူနှစ်ဦးအား ပြူံးပြကာ နူးနူးညံ့ညံ့လှမ်းခေါ်လိုက်သည်။

"လန်ရော..."

မုန့်လန်ရောက ခေတ္တရပ်တန့်သွားသည်။ သူက ချက်ချင်းပင် နောက်ပြန်လှည့်ကြည့်လိုက်ပြီးနောက် စိတ်အားထက်သန်စွာ ဆိုလိုက်၏။

"ရှောင်ယွီ"

"နင်ရောက်လာရဲ့သားနဲ့ ငါ့ကိုဘာလို့လာမခေါ်တာလဲ"

ရှောင်ယွီက နှုတ်ခမ်းဆူလိုက်ကာ"ငါ့မှာ ဓါးရေးအက ကနေတုန်းက နင့်ကိုရှာဖို့လူအုပ်ကြီးကို ကျော်ကြည့်နေရတယ်"

မုန့်လန်ရောက ဆိုသည်။ "နင့်ကို အံ့အားသင့်စေချင်ရုံပါ"

သူတို့နှစ်ဦးလုံးမှာ တစ်ဦးအပေါ်တစ်ဦး ခံစားချက်များရှိနေ၍ တစ်ဖက်တွင် ထိုင်နေသည့် လင်းရုဖေးမှာ လူပိုတစ်ယောက်ဖြစ်လာရသည်။

သို့သော်လည်း မုန့်လန်ရောက ယင်းကို လျင်မြန်စွာပင် သတိထားမိသွားပြီး မိတ်ဆက်ပေးလာ၏။

"ရှောင်ယွီ..ဒါက ငါ့ရဲ့မိတ်ဆွေအသစ်..လင်းကုန်းဇီ..ပြီးတော့ သူက တအားသဘောကောင်းတာ..မင်းရဲ့ပန်းပွင့်အိမ်တော်ထဲမှာ သိမ်မွေ့ပြီးလှပတဲ့မိန်းကလေးတွေမရှိဘူးလား လင်းကုန်းဇီအတွက် တစ်ယောက်လောက်မြန်မြန်ခေါ်လိုက်လေ..."

“ဟုတ်ပါပြီ"

ရှောင်ယွီက ရယ်မောလိုက်ရင်း : "လင်းကုန်းဇီက ချောမောလွန်းတယ်..အလှလေးတွေနဲ့တကယ်ကို ပနံသင့်တယ်"

လင်းရုဖေးက ငြင်းဆန်ခြင်းမပြုပေ။ သူက ဤနေရာသို့ ရောက်လာချိန်တွင် သူ့၌ အထွေအထူးအစီအစဥ်မရှိသော်ငြား မုန့်လန်ရောက ကြင်နာခံနေရသည့်အချိန်တွင် သူ့အား ဒီအတိုင်းမထားထားနိုင်ချေ။

ရှောင်ယွီခေါ်လာသည့် မိန်းကလေးမှာ မကြာမီရောက်လာ၏။သူမက နူးညံ့ပြီးလှပကာ ဝမ်ယိဟုခေါ်၏။ သူမက ဗျက်စောင်းတီးရာတွင် အတော်ဆုံးဟုဆိုရမည်။

လူကြီးလူကောင်းတစ်ယောက်က အခြားသူများ၏ပန်းတိုင်ကို အောင်မြင်ရန် ကူညီရန်အသင့် ရှိနေပေသည်။ လင်းရုဖေးက ဝက်သားမစားဖူးသော်လည်း အနည်းဆုံးတွင်တော့ ဝက်တစ်ကောင်ပြေးသည်အား မြင်ဖူးပေ၏[5]။ မုန့်လန်ရောနှင့် ထိုရှောင်ယွီမိန်းကလေးမှာ တစ်ဦးနှင့်တစ်ဦးနီးကပ်နေသည့် အခြေအနေတွင်ရှိနေ၏။ မုန့်လန်ရောတွင် ရှောင်ယွီထည့်ပေးသည့် အရက်ရှိနေပြီး သူမအကူအညီဖြင့် အခြားအခန်းတစ်ခုထဲသို့ ဝင်သွားလေသည်။ ယခုတွင်မူ အခန်းထဲတွင်ကျန်ခဲ့သူများမှာ ဗျက်စောင်းတီးနေသည့် ဝမ်ယိနှင့် လင်းရုဖေးတို့ပင်။

ဝမ်ယိက အရှက်ကြီးပုံပေါ်ပြီး ရှောင်ယွီနှင့်မုန့်လန်ရောတို့နောက်ဆုံး အတူတူထွက်သွားသည့်တိုင်အောင် စကားများစွာ ဆိုလာခြင်းမရှိဘဲ သူမက လင်းရုဖေးနှင့် အဆက်အစပ်မရှိ စကားစမြည်ပြောရန်ခက်ခဲနေသည်။

လင်းရုဖေးက ဝမ်ယိအား စကားတစ်ခွန်းစ နှစ်ခွန်းစပြောနေရင်းမှ ဇီးသီးအရက်အား သောက်နေ၏။

သီချင်းတစ်ပုဒ်ပြီးသွားချိန်တွင် လင်းရုဖေးက နောက်ထပ်လာမည့်သီချင်းအား စိတ်ဝင်စားပုံမရသောကြောင့် ရပ်လိုက်ကာ ဗျက်စောင်းဘက်ရှိနံ့သာအိုးအား ထွန်းလိုက်သည်။

ဤအမွှေးနံ့သာမှာ ကြည်လင်ပြီး လန်းဆန်းသော်ငြား လင်းရုဖေးက ရင်းနှီးနေ၍မေးလိုက်သည်။

"ဒီအမွှေးနံ့သာက ဘာများပါလဲ"

"ဒါက ချီလင်မြက်ရဲ့ မွှေးရနံ့ပါ သူက စိတ်တည်ငြိမ်စေတယ်"

ဝမ်ယိက ညင်ညင်သာသာ ပြန်ဖြေလာရင်း "တကယ်လို့ ကုန်းဇီသာ မကြိုက်ရင် ဝမ်ယိ ဒါကို အပြင်မှာ ထားလိုက်ပါ့မယ်"

"မလိုပါဘူး..ဆက်ထွန်းလိုက်ပါ"

လင်းရုဖေးက ချီလင်မြက်၏ရနံ့အား မမုန်းပေ။

သူ၏လက်ချောင်းများက ခွက်ဘေးအနားအား ထိလိုက်ရင်း မေးလိုက်သည်။

"မင်းဒီကိုရောက်နေတာ ဘယ်လောက်ကြာပြီလဲ"

ဝမ်ယိက ပြန်ဖြေလိုက်သည်။

"သုံးနှစ်လောက်ရှိပါပြီ"

လင်းရုဖေးက ထပ်မံ၍မေးလိုက်သည်။

"ရှောင်ယွီကရော"

ဝမ်ယိက လင်းရုဖေး၏မေးခွန်းအား မဖြေမီ တစ်ခဏမျှတုန့်ဆိုင်းနေကာ"ညီမလေးရှောင်ယွီက တော်တော်နောက်ကျတယ် တစ်နှစ်လောက်ပဲရှိအုံးမှာ..ညီမလေးရှောင်ယွီက အံ့သြစရာကောင်းတဲ့သူတစ်ယောက်ပဲ..သူမဒီကို စရောက်တုန်းကဆို ချက်ချင်းပဲ အိုအီရန်ဖြစ်သွားတာ..."

လင်းရုဖေးက ဆိုလိုက်သည် : "အို့.."

ဝမ်ယိက ပြုံးလိုက်ရင်း : "ကုန်းဇီမှာ နားဆင်ချင်တဲ့ သီချင်းများရှိပါသလား"

လင်းရုဖေးက သူ့တွင်မရှိကြောင်းပြသည့်အနေဖြင့် ခေါင်းခါပြလိုက်သည်။လသူက အနည်းငယ်ပင်ပန်းနေသကဲ့သို့ ခံစားရသော်လည်း မုန့်လန်ရောက မထွက်သွားချင်သေးသည်အား မြင်သဖြင့် သူကလည်း အရင်ဆုံးမထွက်သွားနိုင်ပေ။

သူက ဝမ်ယိထံလက်ယမ်းပြလိုက်ရင်း ဆိုလိုက်သည်။

"မင်း အရင်ထွက်နှင့်ပါ..ကျွန်တော် တစ်ယောက်တည်း ခဏလောက်နားချင်လို့"

ဝမ်ယိက ထိုစကားများအား အနည်းငယ်အံ့အားသင့်သွားကာ အောက်နှုတ်ခမ်းအားကိုက်လိုက်ရင်း : "ဒါပေမယ့် ကျွန်မသာ ဒီလိုမျိုးထွက်သွားရင် အမယ်....ဆီကနေ အဆူခံရလိမ့်မယ်"

လင်းရုဖေးက သူမ၏စကားလုံးများကြောင့် အနည်းငယ်မျက်မှောင်ကြုပ်လိုက်မိသည်။ သူက သူ၏အင်္ကျီလက်ထဲမှ စိတ်ဝိဥာဥ်ကျောက်တုံးတစ်ခုအား ချောချောမွေ့မွေ့ ထုတ်ယူလိုက်ရင်း သူမဆီကမ်းပေးလိုက်သည်။

"သွားတော့"

ဝမ်ယိက တစ်ခုခုထပ်ပြောချင်သေးပါသော်လည်း အဆုံးတွင်မူ စကားလုံးများအား ထုတ်မပြောတော့ချေ။ သူမက လင်းရုဖေးအား အရိုအသေပေးလိုက်ရင်း စိတ်ဝိဥာဥ်ကျောက်တုံးအား ယူကာ ဆုတ်ခွာသွားသည်။

လင်းရုဖေးသာလျှင် အခန်းထဲတွင် ကျန်ရှိနေတော့၏။

လင်းရုဖေးမှာ အလွန်ပင်ပျင်းရိနေလေပြီ။ လှည့်ပတ်ကြည့်ရှုပြီးနောက်တွင် ကုရွှမ်းတု၏ပုံရိပ်အား မမြင်သေး၍ သက်ပြင်းဖွဖွချလိုက်မိ၏။ သူ၏အကြီးအကဲက အလွန်အမြင်ကျဥ်းသည်မှာ အတော်အတန်ရယ်စရာကောင်းသည်ဟု ခံစားနေရသည်။

အခန်းသည် အလှပန်းးအချိတ်အဆွဲများစွာနှင့် အထည်များဖြင့် အလွန်ကောင်းမွန်စွာ ပြင်ဆင်ထားပေသည်။ အလင်းရောင်မှာ မှုန်ပျပျဖြစ်နေပြီး လူများအား ခံစားချက်များပေါက်ဖွားလာစေမည့် လေထုပင်။ အမွှေးနံ့သာအိုးက မီးခိုးဖြူများ လိမ်လိမ်ကောက်ကောက်ဖြင့် လောင်ကျွန်းနေပြီး ပြိုင်ဘက်ကင်း ချီလင်မြက်၏ထူးဆန်းသည့် ရနံ့အား လွင့်ပျံ့နေ၏။ မွှေးရနံ့အိုးဘေးတွင် နုနုရွရွသွားရည်စာများထားရှိလေ၏။ ပုံသဏ္ဌာန်အရွယ်အစား စုံလင်စွာဖြင့် လှပသေသပ်စွာ ပြုလုပ်ထားပေသည်။

လင်းရုဖေးက အနည်းငယ် ဆာလာသကဲ့သို့ရှိကာ တစ်ပိုင်းဖဲ့လိုက်ပြီး ပါးစပ်ထဲသို့သွပ်လိုက်၏။ ဤပဲစေ့မုန့်၏အရသာမှာ အနည်းငယ်ချိုလွန်းပြီး သူမကြိုက်ပေ၊ သို့သော်မုန့်သားမှာ မဆိုးလှ၍ ဖြေးညှင်းစွာ ဆက်စားနေလိုက်သည်။

ဇီးသီးအရက် ချိုင့်ဝက်ခန့်ကျန်နေသေး၏။ လင်းရုဖေးတွင် လုပ်စရာမရှိ၍ ကြွပ်ကြွပ်ဆတ်ဆတ်ပဲစေ့လေးများနှင့် ရောသောက်လိုက်လေ၏။

အရက်သေစာများ စုပြုံသောက်စားလိုက်၍ လင်းရုဖေး၏ပါးရောင်ဖျော့ဖျော့လေးတွင် အနီရောင်လွှမ်းသွားလေသည်။ သာမန်ထက် ဖျော့နေသောမျက်လုံးများမှာ ပုံမှန်ကဲ့သို့ကြည်လင်မနေကာ လေးနက်နေသော်ငြား သိသာစွာမူးဝေနေသည့် သင်္ကေတအား သယ်ထား၏။ ဤသည်က သူသည်များစွာသောက်လိုက်ခြင်းကြောင့်ဖြစ်နိုင်ကာ သူ၏ရင်ဘတ်မှာလည်းစတင်ယားယံလာလေသည်။ လင်းရုဖေးက ပါးစပ်ကိုအုပ်ကာချောင်းအနည်းငယ်ဆိုးလိုက်၏။ သူက ရပ်လိုက်ပြီး ချောင်းဆိုးသက်သာရန် လက်ဖက်ရည်သောက်လိုက်ကာ အပြင်ဘက်ရှိရှုခင်းများအားကြည့်ရန် ပြတင်းပေါက်ဆီလျှောက်သွားလိုက်သည်။


___



Translated By IQ-Team.