အပိုင်း၂၈
Viewers 14k

Chapter 28

Chapter 28


-----------------------


ကျင်းစစ်က တုတ်ထိုးသကြားလုံးလိုနီမြန်းသွားရင်း ဇီဝဗေဒစာအုပ်အားကိုင်ကာ ယင်းကျောင်းအားပိတ်ရိုက်လိုက်သည်။


"ဘာ‌ဖြစ်နေတာလဲ...အဖျားတက်ပြီးရူးနေပြီလား..."


ယင်းကျောင်းက သူ့လက်ဖျံများကို ဖမ်းဆုပ်ကိုင်လိုက်ပြီး သူရုန်းကန်နေသည်ကိုကြည့်ကာ ပြုံးလိုက်သည်။


"အင်း ဟုတ်တယ်...မင်းမှာဆေးရှိလား...ဘယ်နှစ်ရက်ခံမလဲ...၁ရက်လား...၁ပတ်လား...ဒါမှမဟုတ်...၁ လ လား..."


ကျင်းစစ်က မူးဝေလျက် ကိုယ်ပိုင်စာလေ့လာချိန်ဆိုသည်ကို မေ့လျော့ကာ သူ့ကိုကန်ထုတ်ရန် ခြေထောက်မြှောက်လိုက်သည်။


"ကဲ ကဲ...ပြဿနာမလုပ်တော့ဘူး...အိုကေ..."


ယင်းကျောင်းက သူ့ခြေထောက်၂ဖက်နှင့် ဝင်လာသောကျင်းစစ်၏ခြေတစ်ဖက်အားညှပ်ကာ တဟင်းဟင်းရယ်လိုက်သည်။


"ဟ မကြမ်းနဲ့လေ...ပြဿနာမတက်ချင်ဘူး...အေး...အေးလို့...ကိုယ်မှားသွားတယ်...ကိုယ်တောင်းပန်တယ်...စိတ်မဆိုးတော့နဲ့..."


ကျင်းစစ်က အသက်ပြင်းပြင်းရှူလိုက်ကာ စိတ်လျော့လိုက်ပြီး သူ့လက်ကိုကြည့်လိုက်သည်။


"ငါ့ကိုလွှတ်..."


"အင်းပါ..."


ယင်းကျောင်းက သူထပ်၍စိတ်ဆိုးသွားမည်စိုးသဖြင့် ဖြည်းဖြည်းချင်းလွှတ်လိုက်သည်။ သူလွှတ်ပေးလိုက်သည်နှင့်တပြိုင်နက် ကျင်းစစ်က သူ၏ခြေသလုံးကြွက်သားများအား ပြင်းပြင်းထန်ထန် ပိတ်ကန်ပစ်လိုက်သည်။


"အ..."


သူ နာကျင်ခြင်းကြောင့် အသက်ရှူမှားသွားသည်။ သူ့ခြေသလုံးကို ပွတ်သတ်ရင်း ကျင်းစစ်အားကြည့်လိုက်သည်။


"ရက်စက်တာကွာ..."


ကျင်းစစ်က ဂရုမစိုက်ဘဲ မျက်နှားထားတင်းတင်းဖြင့် ဘောပင်ကိုပြန်ကိုင်လိုက်သည်။


မျက်နှာတည်ထားရန်ကြိုးစားနေသည့် ကျင်းစစ်၏မျက်နှာနီတာရဲကလေးအား ယင်းကျောင်းက မြတ်နိုးစွာကြည့်နေမိသည်။ သူ့နှုတ်ခမ်းများက မကွေးညွတ်ဘဲမနေနိုင်ပေ။


သူစိတ်ဆိုးနေလျှင်ပင် သူ့စာရွှက်အား စစ်ဆေးပေးရန်မေ့လျော့မသွားသော ကျင်းစစ်၏မျက်နှာငယ်လေးက အလွန်ချစ်စရာကောင်းနေသည်။


ယခုအချိန်၌ ဒုတိယနှစ်၏သိပ္ပံရုံးခန်းထဲတွင် ကျင်းစစ်က ပြိုင်ပွဲအတန်းသို့ဝင်ရောက်ရန် သင့် မသင့် ဆရာများက ငြင်းခုန်နေကြသည်။


နှစ်စဉ်တိုင်းတွင် သင်္ချာ၊ ရူပဗေဒ၊ ဓါတုဗေဒ နှင့် အခြားဗဟုသုတများနှင့်ပတ်သတ်သော ပြိုင်ပွဲတစ်ခု ကျောင်းသားများအတွက် ကျင်းပလေ့ရှိသည်။


စီရင်စုကျောင်း၏အကြိုပြိုင်ပွဲမှ စီရင်စုကျောင်း၏ဗိုလ်လုပွဲ၊ ပြည်နယ်နှင့်တိုင်းပြိုင်ပွဲ၊ နောက်ဆုံးနိုင်ငံတကာပြိုင်ပွဲဆီသို့ တဖြည်းဖြည်းတက်ရောက် အောင်မြင်ရမည်ဖြစ်သည်။


တုန်းဟိုင်စုရင်စု၏စွမ်းဆောင်ရည်သည် နှစ်စဉ်တိုင်း ကောင်းမွန်ခဲ့သည်မဟုတ်ပေ။ ပြည်နယ်တွင် အောက်ဆုံးအဆင့်ဖြစ်ခဲ့သည်။ တိုင်းပြိုင်ပွဲအထိ တက်ရောက်နိုင်ခဲ့သောကျောင်းသားများသည် ၁ယောက် သို့မဟုတ် ၂ယောက်သာရှိခဲ့သည်။


စီရင်စုက ရလဒ်မြင့်မားစေရန် ကြိုးစားသည်။ ထို့ကြောင့် ဆရာအများဆုံး ခန့်ထားခဲ့ခြင်းဖြစ်သည်။


သို့သော်ငြား အချိန်ကုန် ငွေကုန်ကာ အကျိုးထူးမလာခဲ့ပေ။


အချိန်ကြာလာသည်နှင့်အမျှ ကျောင်းခေါင်းဆောင်များက စိတ်ပျက်အားလျော့ကာ ယခင်လို ပြိုင်ပွဲအပေါ် စိတ်ဝင်စားမှုမရှိကြတော့ချေ။ 


မူလ၌ စီရင်စု၏ပြိုင်ပွဲအတန်းတစ်တန်းစီတွင် ဘာသာရပ်တစ်ရပ်အတွက် ကျောင်းသားပေါင်း အယောက်၈၀နီးပါးရှိခဲ့သည်။ ယခုတွင်မူ အယောက်၃၀သာ ကျန်ရှိတော့ရုံမှမက ပြိုင်ပွဲဝင်ဘာသာရပ်၅ခုမှ ၃ခုသာထားရှိတော့သည်။ သင်္ချာ၊ ရူပဗေဒနှင့် ဓါတုဗေဒတို့ဖြစ်ပြီး သတင်းအချက်အလက်နည်းပညာနှင့် ဇီဝဗေဒ ၂ဘာသာအား ဖြုတ်ချလိုက်သည်။


အတန်း၂၏ဆရာ ကျောက်ဖုန်က သင်္ချာပြိုင်ပွဲအတန်းအား ယခုတွင် တာဝန်ယူဦးဆောင်နေသည်။ သူ သင်ကြားမှုဇယားအား လိပ်လိုက်ပြီး ဆရာလျို၏ဆန့်ကျင်ဖက်တွင် မတ်တတ်ရပ်လိုက်ကာ စားပွဲအားစိတ်လှုပ်ရှားစွာခေါက်ရင်း တက်တက်ကြွကြွပြောလိုက်သည်။


"ဒါပေါ့...ပြိုင်ပွဲအတန်းမှာ ကျင်းစစ်ပါကိုပါသင့်တာပေါ့...ဘယ်လိုထင်လဲ လောင်လျို..."


ဆရာလျိုက အဖြေပြန်မပေးဘဲ တိတ်ဆိတ်စွာ‌ထိုင်နေရင်း ဂန္ဓမာပန်းရေနွေးကြမ်းကို သောက်လိုက်သည်။


ကျောက်ဖုန်က စိတ်ဆန္ဒစောနေပြီး ဆရာလျိုအနားတွင် ပက်လည်လှည့်၍လျှောက်နေရင်း ဖြောင်းဖြလိုက်သည်။


"ပြိုင်ပွဲမှာ ငါတို့ကျောင်းရဲ့စွမ်းဆောင်မှုက မကောင်းဘူးဆိုတာ ငါသိပါတယ်...ဒါပေမယ့် ငါမပြောဘဲမနေလို့မရဘူးလေ...ဝင်မပြိုင်ရင် နှမျောစရာကြီးဖြစ်နေမယ်လို့ မင်းမထင်ဘူးလား..."


သူက ခေတ္တခဏ နားလိုက်ပြီး မျှော်လင့်ချက်အချို့နှင့် ဆက်ပြောလိုက်သည်။


"သူ ရလဒ်ကောင်းကိုယူနိုင်ပေးမယ်ဆိုရင်ရော..."


ထိုစကားကိုကြားလိုက်ရသော ဆရာလျိုက သူ့အား မျက်ခွံများပင့်ကာကြည့်လာပြီး သရော်ပြုံးပြုံး၍ပြောလိုက်သည်။


"ငါ့ကိုလာဆွယ်မနေနဲ့...ကျန်းချုံးနဲ့ ကျိုးချောင်တို့တုန်းကလဲ မင်းဒီလိုပဲပြောခဲ့တယ်မှတ်လား...ရလဒ်ကကော ဘယ်လိုလဲ...ပြန်ဖြေတဲ့ပွဲမှာ ကောင်းခဲ့လို့လား..."


ကျောက်ဖုန်၏မျက်နှာသည် ရုတ်တရက် စွံ့အ,သွားသောပုံစံ ဖြစ်သွားသည်။


စင်စစ်ပင် ပြိုင်ပွဲတွင် စီရင်စုနှင့် အရှေ့တရုတ်ပင်လယ်ပြည်နယ်၏ချို့ယွင်းချက်များသည် အလွန်ပြင်းထန်လွန်းသည်။ အခြားစီရင်စုများအား ရှုံးနိမ့်ခဲ့ပြီးလျှင် သူတို့ပြန်လည်အနိုင်ယူနိုင်ခဲ့ခြင်း မရှိခဲ့ပေ။


"ငါပြန်စဉ်းစားပါ့မယ်...စဉ်းစားပါဦးမယ်..."


ဆရာလျိုက သူ့ခေါင်းကိုပြန်ကိုင်ရင်း တီးတိုးညည်းတွားလိုက်သည်။


"ဒါပေမယ့်..."


ကျောက်ဖုန်က လက်မလျော့သေးဘဲ တစ်ခုခုထပ်၍ ပြောချင်နေသည်။ ထိုအချိန်တွင် တစ်ဖက်မှ ကျန်းကျင်းက ရုတ်တရက်ပြောလိုက်သည်။


"ပြိုင်ပွဲက ပုံမှန်စာမေးပွဲနဲ့တော့ မတူဘူးနော်...ကျင်းစစ်ရဲ့စာမေးပွဲအဆင့်က ဒီတစ်ကြိမ်တော့ ကောင်းပါတယ်...ဒါပေမယ့် ပြိုင်ပွဲကတော့..."


သူမက ရယ်မောကာ အဓိပ္ပါယ်ရှိရှိပြောလိုက်သည်။


"စာမကျက်တဲ့သူကို ပြိုင်ပွဲမှာဝင်ပြိုင်ခိုင်းမယ်တဲ့လား...ဆရာကျောက်ရယ်...ရှင် စိတ်မသက်မသာဖြစ်နေရင်လည်း အင်တာနက်သိပ်မသုံးပါနဲ့ရှင်..."


ပထမအတန်းစာမေးပွဲအား ကျင်းစစ်အောင်မြင်ပြီးစဉ်ကတည်းက ကျန်းကျင်းသည် ရုံးခန်းအထဲတွင် စကားသိပ်မပြောတော့ပေ။ ရံဖန်ရံခါ ဆရာလျိုနှင့် ထိပ်တိုက်တွေ့ဆုံလျှင် သူမ ရှက်ရွံ့မိသည်။


"ဒီလို စာမလုပ်ဘဲ နေ့တိုင်းရန်ဖြစ်နေတဲ့အရူးကောင်လေးက ပညာသင်နှစ်ရဲ့ပါရမီရှင်လို့ ဘယ်သူကထင်မှာလဲ..."


သူမ မျက်နှာပျက်ခဲ့ရသည်က ယခုအချိန်အထိ နာကျင်ရမြဲပင်ဖြစ်သည်။ ယခု သူမအလှည့်သို့ ပြန်လည်ကျရောက်ပြီဖြစ်သည်။ သူမ မည်ကဲ့သို့မှ လျစ်လျူရှုမထားနိုင်ချေ။ 


"သူတို့အတန်းက ကျန်းချုံး...သင်္ချာပြိုင်ပွဲအတွက် လက်ရွေးစင်‌လေ...ပြီးခဲ့တဲ့နှစ်က စီရင်စုရဲ့အကြိုပြိုင်ပွဲကို သူဝင်ရောက်နိုင်ခဲ့တာပဲ...သူ့ရလဒ်ကတော့ မကောင်းခဲ့ဘူးပေါ့လေ...ဒါပေမယ့် အချိန် နောက်၁နှစ်ကြာအောင် လေ့ကျင့်ပြီး‌ အခုတော့ အရင်ကထပ် သူပိုကောင်းအောင် စွမ်းဆောင်နိုင်မှာပဲလေ..."


"ကျင်းစစ်...‌နော်...ပြိုင်ပွဲအတွေ့အကြုံမရှိသေးတဲ့သူ့ကို ကျန်းချုံးနဲ့ နှိုင်းယှဉ်ကြည့်..."


မူလတွင် ဆရာလျိုက ကျင်းစစ်အား ပါဝင်ယှဉ်ပြိုင်စေလိုခြင်းမရှိချေ။ ကျင်းစစ်သည်သာ သူ၏အဆင့်အား ပုံမှန်ထိန်းသိမ်းသွားနိုင်မည်ဆိုလျှင် တရုတ်နိုင်ငံရှိ မည်သည့်ကျောင်းကိုမဆို မည်သည့်ဘာသာကိုမဆို မျက်စိမှတ်၍ရွေးနိုင်သည်။


အကယ်၍ ပြိုင်ပွဲအတန်းသို့ ဝင်ရောက်ခဲ့သော် သူ၏စိတ်ကို ထွေပြားသွားစေပြီး အဆင့်များကျသွားနိုင်သည်။ ပြီးလျှင် ပြိုင်ပွဲတွင် ရလဒ်မကောင်းနိုင်ဘဲ သူ တိုးတက်နိုင်သည်ထပ် ပို၍ဆုတ်ယုတ်နိုင်သည်။


ထို့အပြင် သူ၏ရလဒ်‌ကြောင့် ကျောင်းမှဆရာများက ကျင်းစစ်အပေါ် အလွန်အကဲမျှော်လင့်ချက်ထားကြသည်က ဝန်ထုပ်ဝန်ပိုးအနေနှင့် ဖိအားဖြစ်သွားမည်ကို သူစိုးရိမ်မိသည်။


ကျင်းစစ်က ထကြွသောင်းကျန်းသည့်အချိန်ရောက်လာလျှင် သူ တာဝန်ယူကာ ခေါင်းခံနိုင်မည်မဟုတ်ဟု ဆရာလျိုက ခံစားမိသည်။


သို့သော် ကျန်းကျင်း၏ပြောစကားများကို ကြားလိုက်ရသောအခါ သူ့စိတ်ကို ချက်ချင်းပြောင်းလဲလိုက်သည်။


"အရင်က ပြိုင်ပွဲမှာဘာဖြစ်ခဲ့လဲ...သူစာလုပ်တာက ၁နှစ်တောင်မ‌ပြည့်သေးဘူး...စာမေးပွဲမှာ သူပထမရမယ်လို့ ဘယ်သူကထင်မှာလဲ..."


"တတိယနှစ်အထိ အချိန်၁နှစ်ကြာအောင် ကြိုးစားလေ့လာပြီး ပြန်ပြိုင်ဖို့ လိမ္မာပါးနပ်မှုနဲ့စောင့်နေခဲ့တာ...ကျောင်းရဲ့ဂုဏ်ကို သူ ကယ်တင်လို့ ရချင်ရမှာပေါ့..."


ဆရာလျိုက လက်ထဲမှ ဓါတ်ဘူးခွက်အား စားပွဲပေါ်သို့တင်လိုက်ပြီး အသံနက်ကြီးဖြင့် ပြောလိုက်သည်။


"ကျွန်တော် ကျင်းစစ်ကိုခေါ်ပြီး မေးမယ်..."


ကျန်းကျင်းက တိုက်တွန်းပြောဆိုလိုက်သည်။


"မြန်မြန်သာ လုပ်လိုက်စမ်းပါ..."


ဓါတုဗေဒဆရာက အတန်း၇နှင့် အတန်း၈ဆီသို့ လမ်းလျှောက်ထွက်သွားမည်ဖြစ်သဖြင့် ဆရာလျို တောင်းဆိုသည့်အတိုင်း ကျင်းစစ်အားလွှတ်လိုက်သည်။


မိနစ်အနည်းငယ်အကြာတွင် ကျင်းစစ်က တံခါးကိုခေါက်ပြီး အပြင်မှဝင်လာသည်။


"ဆရာ ကျွန်တော့်ကိုခေါ်တယ်ဆို..."


"ထိုင်..."


ဆရာလျိုက ကျင်းစစ်ဆီသို့ ထိုင်ခုံတစ်လုံးဆွဲယူကာ ထိုင်ခိုင်းစေပြီး ပြောလိုက်သည်။


"ငါ မင်းကိုပြောစရာရှိတယ်..."


သူ ခဏနားလိုက်ပြီး ကျန်းကျင်း၏ စိန်းစိန်းဝါးဝါးအကြည့်အောက်တွင် ပြောလိုက်သည်။


"မင်း ပြိုင်ပွဲအတန်းမှာ ပါဝင်ချင်လား..."


ကျင်းစစ်က ချက်ချင်းပင် မျက်လုံးများတောက်ပသွားကာ တွန့်ဆုတ်ခြင်းမရှိဘဲ ပြောလိုက်သည်။


"ကျွန်တော် သင်္ချာပြိုင်ပွဲအတန်းမှာ ပါချင်ပါတယ်..."


ကျင်းစစ်က ယခင်ဘဝတွင် ပြည်နယ်စီရင်စုအဆင့်ရှိ‌သောမြို့၏ အဓိကပြရုပ်တစ်ခု ဖြစ်ခဲ့သည်။ သူ၏ကျောင်းသည် အလွန်ကောင်းမွန်သော အထက်တန်းကျောင်းဖြစ်သော်လည်း သင်ကြားရေးဆိုင်ရာများသည် ယခုစီရင်စုအား မနှိုင်းယှဉ်နိုင်ပေ။ ထို့အပြင် ထိုအချိန်က ပညာရေးအစိုးဌာနသည် အထက်တန်းကျောင်းများအား အိုလံပစ်ဆိုင်ရာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြုပေ။ ထိုကာလတွင် ကျင်းစစ်အတွက် ဝင်ရောက်ရန် ပြိုင်ပွဲအတန်းများ လုံးဝမရှိခဲ့ချေ။


ကျင်းစစ်က ကိုယ်ပိုင်အချိန်တွင်သာ စာအုပ်များရှာဖွေ ဖတ်ရှုလေ့လာခဲ့သည်ကို အတန်းပိုင်ဆရာက သိရှိသွားပြီး ဖျောင်းဖျခဲ့သည်။ 


ယခုဘဝတွင် ရရှိသောအခွင့်အရေးကို သူလက်လွတ်ခံမည် မဟုတ်ပေ။


ဆရာလျိုက သင်္ချာဘာသာတွင် ကျင်းစစ်စိတ်ဝင်စားမှုရှိသည်ကို သိရှိထားသည့်အတွက် သူ့စကားကိုကြားသောအခါ ခေါင်းညိတ်လိုက်သည်။


"မင်းဘာသာမင်း ရွေးနိုင်ပါတယ်...မနက်ဖြန်ကစပြီး ဟိုအခန်းငယ်လေးကို ကိုယ်ပိုင်စာကျက်ချိန်အတွက် ညဆိုသုံးပေါ့...တနင်္ဂနွေနေ့လည်း အဲ့အတိုင်းပဲ..."


စီရင်စုက ကျောင်းပိတ်ရက်ကို ၂ရက်မပေးပေ။ ပထမနှစ်များနှင့် ဒုတိယနှစ်များကို တနင်္ဂနွေနေ့တွင် နေ့တစ်ဝက်ပိတ်ပေးပြီး လကုန်တွင် လကုန်ကျောင်းပိတ်ရက်၂ရက်ပေးသည်။


တတိယနှစ်အတွက်ကတော့ လကုန်ကျောင်းပိတ်ရက် ၁ရက်သာပေးထားသည်။


၁ပတ်တွင် အတန်း၁တန်းပျက်ရမည့်အပြင် ညနေခင်း ကိုယ်ပိုင်စာကျက်ချိန်ပင်မရှိတော့ချေ။ ထိုသည်က ကျင်းစစ်၏အချိန်များစွာ ဖြတ်တောက်ခံရခြင်းဖြစ်သည်။


"ဟုတ်ကဲ့...သိပါပြီ..."


ကျင်းစစ်က ခေါင်းညိတ်ရင်း နားလည်ဟန်ပြလိုက်သည်။


"ကျေးဇူးပါ ဆရာ..."


ဆရာလျိုက လက်ယမ်းကာ ကျောက်ဖုန်အားညွှန်ပြလိုက်ပြီး ပြောလိုက်သည်။


"အဲ့တာ ဆရာကျောက်...အတန်း၂ရဲ့ဆရာ...သူက သင်္ချာပြိုင်ပွဲအတန်းကို သင်တယ်...မင်း စာနဲ့ပတ်သက်လို့ မရှင်းတာရှိရင် ပြဿနာရှိရင် သူ့ကိုပြော..."


ကျင်းစစ်က ကျောက်ဖုန်အား ရိုရိုသေသေ နှုတ်ဆက်လိုက်သည်။


"မင်္ဂလာပါ ဆရာကျောက်..."


ကျောက်ဖုန်က သူ့ကို ပျူငှာစွာပြုံးပြလိုက်သည်။


"ကျင်းစစ် ဟုတ်တယ်နော်...ငါတို့သင်္ချာပြိုင်ပွဲအတန်းက ကြိုဆိုပါတယ်ကွာ..."


ထိုစကားကိုကြားလိုက်သောအခါ ကျန်းကျင်းက သင်ရိုးညွှန်းတမ်းဆီမှာ ခေါင်းမော့ကာ အထင်အမြင်သေးစွာ ကြည့်လိုက်သည်။


သူမတင်မက အခြားသောဆရာများကလည်း ကျင်းစစ်အပေါ်တွင် အကောင်းမမြင်ချေ။ သင်္ချာပိုင်းဆိုင်ရာပြိုင်ပွဲကဲ့သို့ အရာများသည် မတူကွဲပြားသော အရာ၂ခုဖြစ်သည်။


ကြောက်စရာကောင်းသောအဆင့်ကို ကျင်းစစ်ရခဲ့သော်လည်း ပြိုင်ပွဲအတွက်တော့ သူတို့မမျှော်လင့်ကြချေ။


ကျောက်ဖုန်က သင်္ချာဆိုင်ရာပြိုင်ပွဲအတန်းအကြောင်းကို ဆရာလျိုထပ်ပို၍ သိသည်။ သူက ကျင်းစစ်အား သဘောကျသည့်အတွက် ထပ်ပြောလိုက်သည်။ 


"မင်းရောက်လာတာတော့ နည်းနည်းနောက်ကျသွားတယ်...စီရင်စုရဲ့အကြိုလက်ရည်စမ်းပွဲက ၁လအတွင်းလုပ်မှာ...ဒါပေမယ့် မင်းအတွက်လိုမယ်‌မထင်ပါဘူးလေ...စိတ်မပူပါနဲ့...ငါတို့သွေးပူအောင် လေ့ကျင့်ကြတာပေါ့...ဆရာ ရှေ့ဆက်လိုချင်တာကတော့ နောက်နှစ်မင်းရဲ့အဆင့်ပဲပေါ့..."


သူ၏စကားများကိုကြားလိုက်သောအခါ ကျင်းစစ် မှင်တတ်သွားသည်။


သူ၏ကမ္ဘာတွင် အထက်တန်းကျောင်း၏ ဗဟုသုတအကြိုလက်ရည်စမ်းပွဲက မေလ မှ စက်တင်ဘာလ အထိဖြစ်သည်။ စိရင်စု တစ်ခုနှင့်တစ်ခု၏ အချိန်ဇယားများ ကွဲပြားသည်။ ယခု ကမ္ဘာတွင် အကြိုပြိုင်ပွဲက နှစ်ကုန် ဒီဇင်ဘာလအထိ ဖြစ်နေသည်။


"မနက်ဖြန် ငါတို့ပြိုင်ပွဲအတန်းမှာ ဉာဏ်စမ်းပွဲလေးတစ်ခုရှိတယ်...မင်းလည်း အတူလာဖြေပေါ့...တခြားဘာမှပြောစရာမရှိပါဘူး...မင်းရှိတယ်ဆိုတာပဲ ဆရာကမြင်ချင်တာပါ..."


"ဟုတ်ကဲ့..."


ကျင်းစစ်က အသိပြန်ဝင်လာပြီး ကတိပေးလိုက်သည်။


"မနက်ဖြန် အခန်းငယ်လေးဆီ အချိန်ကိုက်ရောက်အောင် ကျွန်တော်သွားလိုက်ပါ့မယ်..."


ရုံးခန်းထဲမှ ကျင်းစစ်ထွက်သွားပြီးနောက် ကျောက်ဖုန်က ဝိုးတဝါး သက်ပြင်းချလိုက်သည်။


"သူ ဘယ်နှစ်မှတ်ရမလဲ မသိဘူး..."


ဆရာတစ်ယောက်က ပြုံးရင်း ပြောလိုက်သည်။


"မစ်စတာကျောက်...ခများတော့ တော်တော့်ကို သောကရောက်နေတာပဲ...ဒါပုံမှန်စာမေးပွဲမဟုတ်ဘူးနော်..."


ကျန်းကျင်းက စကားတစ်ခွန်းထပ်၍ ဖြည့်ပြောလိုက်သည်။


"တကယ်တော့ ဒါကပြိုင်ပွဲလေ...ပုံမှန်လူတွေကတော့ ကိုင်တွယ်နိုင်မှာမဟုတ်ဘူး..."


ကျောက်ဖုန်က သူမအား တစ်ချက်သာကြည့်လိုက်ပြီး ဘာမှမပြောလိုက်ပေ။


တစ်စုံတစ်ရာပြောဆိုရန် ကြံရွယ်နေသော အခြားဆရာများက အခန်းအတွင်းရှိအခြေအနေအား သိလိုက်ပြီးနောက် ပါးစပ်များပိတ်ကာ သူတို့၏ သင်ရိုးညွှန်းတမ်းများကိုသာ ခေါင်းငုံ့၍ပြင်ဆင်လိုက်ကြသည်။


ရုံးခန်းမှပြန်လာသော ကျင်းစစ် အတန်း၇သို့ပြန်မရောက်ခင်ပင် ပထမဆုံးည၏ ကိုယ်ပိုင်စာကျက်ချိန်အတွက် အချက်ပေးခေါင်းလောင်း ထိုးသွားသည်။


သူ ခဏလောက်စဉ်းစားလိုက်ပြီး ပြန်လှည့်ထွက်လာလိုက်သည်။ သူ့ဘောပင်အမဲက မှင်ကုန်ကာနီးပြီဖြစ်သဖြင့် ဆိုင်ကလေးဆီမှ မှင်သွားရမည်ဖြစ်သည်။


စင်္ကြံလမ်းထောင့်သို့ ရောက်လျှင်ပင် သူ့လည်ပင်းအား လက်တစ်ဖက်က သိုင်းဖက်လာသည်။


ယင်းကျောင်းက သူ့ပုခုံးပေါ်မေးထောက်လိုက်ပြီး သူ့ကိုကြည့်ရန် ခေါင်းလှည့်လိုက်သည်။


"ကိုယ်တို့ဘယ်သွားကြရင်ကောင်းမလဲ အတန်းဖော်လေး..."


ကျောင်းယူနီဖောင်းအပေါ်ထပ်အင်္ကျီကို သူ့တံတောင်ဆစ်အထိခေါက်တင်ထားပြီး ပေါ်နေသော သူ၏လက်ဖျံက ငယ်ရွယ်သွယ်လျစွာ ချောမွေ့နေသည်။ ကျင်းစစ်၏မေးစေ့အောက်တွင် တစောင်းအနေအထားဖြင့် ဗိုလ်ကျစွာ သန်မာနေသည်။ 


ကျင်းစစ်က သူ့လက်ကောက်ဝတ်ကို ကိုင်ဆွဲကာ တွန်းဖယ်လိုက်ပြီး လွတ်လွတ်လပ်လပ် ဆက်လျှောက်သွားသည်။


"အဖက်မလုပ်ဘူးပေါ့..."


ယင်းကျောင်းက ခပ်လွင်လွင်ရယ်ကာ တစ်လှမ်းချင်းလိုက်လာသည်။


"ဘာလဲ...မင်းကကိုယ့်ကို ချော့စေချင်တာလား..."


ကျင်းစစ်က သူ့ကိုတစ်ချက်လှည့်ကြည့်လိုက်ပြီး အင်တင်တင်ဖြင့်ပြောလိုက်သည်။


"ဆိုင်ကလေး..."


"တိုက်ဆိုင်တာပဲ..."


ယင်းကျောင်းက ခြေတံရှည်ကြီးဖြင့် ရှေ့သို့၂လှမ်းလှမ်းသည်နှင့် ကျင်းစစ်ကိုမှီသွားပြီး ဘေးချင်းယှဉ်လျှောက်လိုက်သည်။


"ကိုယ်လဲသွားချင်နေတာ..."


ရုတ်တရက် သူ အသံကိုနှိမ့်လိုက်ပြီး ကျင်းစစ်၏နား အနားသို့ကပ်ကာ ပြောလိုက်သည်။


"ဆိုင်ကလေးမှာ ကိုယ်ဘာသွားလုပ်မလဲ သိလား..."


"ဝယ်မှာပေါ့..."


"ဘာဝယ်မှာလဲ..."


ကျင်းစစ်က သူ့အား မရှင်းမလင်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။


"ငါ ဘယ်လိုလုပ်သိမှာလဲ..."


"ခေါင်းလျှော်ရည်..."


သူက ခေါင်းငုံ့ကာ အဓိပ္ပါယ်အပြည့်နှင့် ပြောလိုက်သည်။


"မင်းသုံးတဲ့ဟာ ဝယ်မလို့..."


ကျင်းစစ်က အူကြောင်ကြောင်ဖြစ်နေသည်။ သူ့ခေါင်းလျှော်ရည် ကုန်သွားသည့်အကြောင်းကို စဉ်းစားမိ၍ ကိုယ်ထိလက်ရောက်စော်ကားခံရခြင်း၏ မုန်းတီးခြင်းကို အသာထားကာ ချက်ချင်း ဖော်ရွေစွာ သူဝယ်ခဲ့သည့်တံဆိပ်ကို မနေ့ကပြောပြခဲ့သည်။ သူ ဆက်၍ပြောလိုက်သည်။