Chapter 29
"ကိုယ် အကြိမ်ကြိမ် ကြည့်ပြီးသွားပြီ...ဝက်ဆိုဒ်မှာ ပြောထားကြတာ အတော်ကောင်းတယ်တဲ့..."
'ဘာလို့ ယင်းကျောင်းက ဒီအကြောင်းကို ဂရုတစိုက်ရှိနေတာလဲ...'
ကျင်းစစ်က သူအားစိုက်ကြည့်လိုက်သည်။
"အဲ့ဒါ စုံတွဲSetရှိလား...ဒါနဲ့ သွားတိုက်ဆေးတို့ ရေချိုးဆပ်ပြာရည်တို့ရော ဘာသုံးလဲ ကိုယ့်ကိုပြောဦး...တစ်ခါတည်း ဝယ်လို့ရတာပေါ့..."
သူက ခေတ္တရပ်သွားပြီး ပြုံးဖြီးဖြီးနှင့်ပြောလာသည်။
"အဲ့ဒါဆို ကိုယ်တို့၂ယောက်လုံးဆီမှာ အတွင်းကျကျ ရနံ့တူတူရှိနေမှာ...ဟေ့...တစ်ယောက်ယောက်သာ အနံ့ခံမိရင်လေ...ကိုယ်တို့၂ယောက် နေ့တိုင်းတူတူအိပ်နေကြတယ်ဆိုပြီးတွေးနေလိမ့်မယ်လို့ မင်းထင်လား..."
စီရင်စု၏ပထမညကိုယ်ပိုင်စာကျက်ချိန်သည် ၇နာရီမှစကာ ၉:၀၅အထိ မပြီးသေးချေ။ ထို့နောက်မှသာ မိနစ်၂၀ နားချိန်ရသည်။
မီးမှိန်ကလေးလင်းနေသော ကစားကွင်းတွင် အတန်းပြီးချိန် ထွက်လာကြသော ဆူဆူညံညံကျောင်းသားများရှိနေကြသည်။
ကျင်းစစ်၏မျက်နှာက ရုတ်တရက် သွေးရောင်ဖြာသွားကာ ကပျာကယာ ဘယ်ညာလှည့်ကြည့်လိုက်သည်။ သူတို့၂ဦးအား မည်သူမှဂရုစိုက်နေခြင်းမရှိမှ သူစိတ်သက်သာရာ ရသွားသည်။
ကျင်းစစ်က ရှက်ရွံ့နေသည်ကို ကြိတ်ခံရင်း ဘေးသို့ခပ်လှမ်းလှမ်း တိုးသွားလိုက်သည်။ သူက ယင်းကျောင်းနှင့် အနည်းငယ်ဝေးဝေးမှာနေပြီး သူ့ကိုစကားလုံးဝမပြောချင်ပေ။
ယင်းကျောင်းက သူ၏ရှက်ရွံ့နေသည့် အသွင်အပြင်ကလေးအား နှစ်သက်သည်။ ထိုအပြုအမူလေးကို တွေ့လိုက်ရသောအခါ သူ့နှုတ်ခမ်းထောင့်များက အလိုလိုမြင့်တက်သွားသည်။ သူတစ်ခုခုပြောရန် ပြင်လိုက်ချိန်တွင် ရုတ်တရက် စကားပြောသံအချို့က သူ့နားထဲသို့ဝင်လာ၏။
လူတစ်ယောက်က ပြောလိုက်သည်။
"မင်းပြောတဲ့ အခန်း၇ကကျင်းစစ်ဆိုတာလေ...သူ့အမှတ်က တကယ်ပဲလား...စာမေးပွဲမှာ ရုတ်တရက်ကြီး သူ ဘယ်လိုတောင်ကောင်းသွားတာလဲ..."
နောက်တစ်ယောက်က ပြန်ဖြေလိုက်သည်။
"ဘယ်သူသိမလဲ...ခုတလော ငါတို့ဘာသာရပ်ဆရာတချို့လည်း ကျင်းစစ်အကြောင်းပြောနေကြတယ်...ငါကြားပြီး အန်ပါအန်ချင်တာ..."
သူရပ်ကာ သူ့ဘေးကလူဆီသို့ လှည့်လိုက်သည်။
"ဟေ့ ကျန်းချုံး...မင်းရော ဘယ်လိုထင်လဲ..."
ကျန်းချုံးက ယခုနှစ်ဝက်စာမေးပွဲတွင် ဒုတိယနေရာရခဲ့ပြီး သူ၏ရမှတ်ပေါင်းက ကျင်းစစ်ထက် ၂၅မှတ် လျော့နေသည်။
ပထမနေရာက သူမဟုတ်သလို အခန်း၂မှ ကျိုးချောင်လည်း မဟုတ်သည့်အချိန်မှစ၍ သူ မျှော်လင့်ချက်ပျောက်ဆုံးခဲ့သည်။ ပုံမှန် သူတို့၂ဦး၏ရမှတ်ကွာခြားချက်သည် ၅မှတ်ထက် မပိုခဲ့ချေ။
ကျန်းချုံးက ခဏတိတ်ဆိတ်နေပြီးမှ မသဲမကွဲပြောလိုက်သည်။
"ဘယ်သူသိမှာလဲ...ဒါပေမယ့် ထုံးစံအတိုင်းပြောရရင် သူ့အမှတ်နဲ့က ပြိုင်ပွဲအတန်းကို ဝင်သင့်တယ်ပေါ့...ဒါပေမယ့် ဆရာတော်တော်များများက အခုထိ မသွင်းပေးသေးဘူး..."
ထိုသို့ သူပြောလိုက်သောအခါ တစ်ယောက်ကဆက်ပြောလိုက်သည်။
"ဟုတ်တယ်...ဆရာတွေလဲ သူ့ကို သိပ်ပြီးသောက်ဖက်လုပ်ပုံမပေါ်ပါဘူး...ဒီတစ်ကြိမ်က သူ ခွေးချေးကံပေါက်သွားတာပါကွာ...နောက်စာမေးပွဲကျရင် သူဘယ်နှစ်မှတ်ရမယ်လို့ ဘယ်သူသိမလဲ..."
နောက်တစ်ယောက်က ဆက်ပြောလိုက်သည်။
"ကျန်းချုံးရာ...ကိုယ့်အတွက်သာကြည့်ပြီး နောက်တစ်ခါကျရင် နံပါတ်၁ရအောင်ယူပြလိုက်စမ်းပါ...မင်းသိလား...အခုတလော အခန်း၇ကသူတွေ အမြီးနန့်နေကြတာ...မင်းဖိုရမ်ကိုသာပွတ်ကြည့်လိုက်...သူတို့အဲ့အကြောင်းပဲပြောနေကြတာ..."
ကျန်းချုံးက သူ့ကိုသူယုံကြည်သည်။
"ငါ ဒီတစ်ကြိမ်မှာ မှားသွားခဲ့လို့ပါ...ငါသာ မမှားခဲ့ဘူးဆိုရင်..."
သူ ပြုံးလိုက်သည်။
"ကျင်းစစ်ဆိုတာ ဘာမှမဟုတ်ဘူး..."
ယင်းကျောင်းက နားစွန်နားဖျားကြားရန် မရည်ရွယ်ခဲ့သော်လည်း တိုက်ဆိုင်စွာ အမှတ်တမဲ့ကြားလိုက်ရသည်။ အကြောင်းမှာ ကျင်းစစ် ရှောင်လိုက်သောအခါ လူ၂ယောက်နှင့် သူ့အရှေ့မှအခြားလူများ၏အကွာအဝေးက ချက်ချင်းကျဉ်းမြောင်းသွားသည်။ ထိုသို့နှင့် စကားဝိုင်း၏ စလယ်အဆုံးကို သူရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
ယင်းကျောင်း၏မျက်နှာက ချက်ချင်းပင် ဖြည်းညင်းစွာ အေးစက်သွားသည်။
ငယ်စဉ်ကတည်းက သူနှင့်သူမိသားစုအကြောင်းအား အခြားလူများက ပျက်စီးရာပျက်စီးကြောင်း သွားပုပ်လေလွင့်ပြောဆိုကြခြင်းကို မရည်မတွက်နိုင်အောင် ယင်းကျောင်းခံခဲ့ရသည်။ ယင်းကျောင်းက ထိုလူများလေလည်နေကြတာကို ဂရုမစိုက်သကဲ့သို့သာ ဆက်ဆံသည်။
သို့သော် ကျင်းစစ်အား အပြစ်ရှာဝေဖန်သံများကိုတော့ သူလုံးဝ ခေါင်းငုံ့သည်းမခံနိုင်ပေ။
သူ့အတန်းဖော်လေးအတွက် မည်မျှခက်ခဲဖြစ်ကြောင်းကိုသာ သူသိသည်။
လက်မခံနိုင်သောအရာများကို ပက်ပင်းကြုံကြိုက်ရခြင်းက မည်သူ့ကိုမှ ပြောမပြနိုင်ဘဲ တိုးတိုးတိတ်တိတ် ဟန်မပျက်သည်းခံနေရသည်။
ပထမတွင် သူ့ကို ယင်းကျောင်းက အနိုင်ကျင့်ရတာက ခံစားချက်စုံလင်ကာ အေးစက်ကြောက်ရွံ့နေသော သူ့မျက်နှာကိုကြည့်ရတာကိုနှစ်သက်သည်။
သို့သော် ဘယ်အချိန်ကစတင်ပြီး သူ့အတွက် ထပ်ကာထပ်ကာစိတ်သောကရောက်ခဲ့သည်ကို သူမသိပေ။
ဟမ်းစတားလေးတစ်ကောင်လို ဟိုနေရာလေးနည်းနည်းပြုပြင်လိုက် ဒီနေရာလေးနည်းနည်းပြင်ဆင်လိုက်နှင့် သူ့ဘဝကို သတိရှိရှိ ကြိုးစားတည်ထောင်ရင်း အတည်တကျနေထိုင်နေသော သူ့ကိုမြင်နေရသည်က သူ့နှလုံးသားလေး အရည်ပျော်သွားလိမ့်မည်ဟု ယင်းကျောင်းခံစားရသည်။
ကျင်းစစ်က အလွန်တော်သည်ကို သူသိသည်။ သူ ရမှတ်ကောင်းသည်ကိုလည်း ကြိုးစားရှင်းပြနေစရာမလိုပေ။
၂လအကြာ နားလည်လက်ခံပြီးနောက် ကျင်းစစ်၏ဇွဲကောင်းကောင်း ကြိုးစားလေ့လာခြင်းကို သူ ပို၍မြင်တွေ့ခဲ့ရသည်။
'ကျင်းစစ်က ဘာမှမဟုတ်ဘူး...ဆို '
'ဒါဆို သူကဘာလဲ...'
ယင်းကျောင်းက မိုက်ကမ်းကမ်းအပြုံးဖြင့် လူတစ်စုဆီသို့ လျှောက်သွားလိုက်သည်။
ကျင်းစစ်ကိုယ်တိုင်က ယင်းစကားဝိုင်းကိုကြားမိပြီး ဒေါသမထွက်သည့်အပြင် ရယ်ပင်ရယ်မိချင်နေသေး၏။
လက်ရှိဘဝကိုလက်ခံကာ အဆင်ပြေအောင်နေပြီးသောအချိန်မှလွဲ၍ သူ့စွမ်းဆောင်ရည်အပေါ် ရှုံ့ချခြင်းက ယခုအကြိမ်သည် ပထမဦးဆုံးဖြစ်သည်။
ကျင်းစစ်က အောက်နှုတ်ခမ်းကိုစူထော်ရင်း သူ့အရှေ့ကလူများအရှေ့သွားလိုက်လျှင် တွေ့လိုက်ရမည့် တုံ့ပြန်မှုကို ပျော်ပျော်ရွှင်ရွှင်တွေးနေစဉ် သူ၏မျက်လုံးထောင့်မှ ယင်းကျောင်းကို ရိပ်ခနဲမြင်လိုက်ရသည်။
သူပုံမှန်မဟုတ်နေမှန်း ကျင်းစစ်မြင်လိုက်ရသည်။ အရင်လို အခြားသူနှင့်ရန်ဖြစ်မည်စိုးသဖြင့် သူ့ကိုအမြန်ဖမ်းကိုင်လိုက်သည်။
"အေးဆေးပါ...ခဏပဲစောင့်..."
ယင်းကျောင်းက သူ့ထံမှရုန်းထွက်ကာ လူအများဆီသို့ လျှောက်သွားသည်။
ကျန်းချုံးနှင့် သူ့သူငယ်ချင်းများက လမ်းတစ်လျှောက် တည့်တည့်လာနေချိန် အရှေ့မှလူတစ်ယောက်က ရုတ်တရက် ပိတ်ရပ်လိုက်သောအခါ သူတို့စိတ်ခံစားချက်များက ထူးခြားမသွားပေ။ သို့သော် အရှေ့တွင်ရှိသောသူကို သိမြင်လိုက်ရသောအခါ သူတို့နှင့်အတူ လူအများရဲ့စိတ်ထဲတွင် မီးတောင်ပေါက်ကွဲသလို ထွက်လာမည့်စကားလုံးများကို နှုတ်ခမ်းများနှင့်အတင်းပိတ်ကာ ကွေ့ရှောင်သွားချင်ကြသည်။
"ငါမင်းကို ပေးသွားလို့လား..."
ယင်းကျောင်းက ကျန်းချုံး၏ကော်လံကိုကိုင်ကာ သူ့အရှေ့သို့ဆွဲလိုက်ပြီး အေးစက်စွာပြောလိုက်သည်။
"မင်းဘာပြောလိုက်တာလဲ...ပြောစမ်း...မင်းအဖေကို ပြန်ပြောစမ်းပါဦး..."
ကျန်းချုံး၏မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး တုန်ရီကာ စွံ့အနေသည်။
"ဘာလဲ..."
ယင်းကျောင်းက မျက်ခုံးများပင့်ကာ သူ့ကိုကြည့်လိုက်သည်။
"မင်းအခုရော သောက်ရမ်းပျော်မနေဘူးလား...ငတုံး..."
ကျန်းချုံးက တစ်ကိုယ်လုံးအေးစက်နေကာ ကြောင်ကြည့်နေရင်းမှ ချွေးစေးများထွက်နေသည်။
"အကိုကျောင်း...အ...အကိုကျောင်း..."
နောက်၂ယောက်သည်လည်း ထိတ်လန့်တုန်လှုပ်စွာ ထွက်ပြေးချင်ပုံပေါ်နေသော်လည်း မပြေးရဲပေ။
ယင်းကျောင်းက အထင်အမြင်သေးစွာကြည့်ရင်း မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
"မင်းကိုမင်း ငှက်ကလေးလိုလုပ်မနေနဲ့...ပထမ နံပါတ်၁နေရာကိုလိုချင်လား...အဲ့ဒီ ၂၅မှတ်ကိုမှီအောင်အရင်လိုက် လိုက်ဦး..."
"ပြိုင်ပွဲအတန်းမှာပါတာက မိုက်တယ်မှတ်လား...ဟမ်..."
ယင်းကျောင်းက ပြုံးလိုက်သည်။
"မပူပါနဲ့...ကျောက်တုံးက နေရာတိုင်းမတောက်ပနိုင်ဘူး..."
သူက ကျန်းချုံး၏ကော်လံကို လွှတ်ပေးလိုက်သည်။ ကျင်းစစ်ကိုခေါ်၍ အရှေ့သို့၂လှမ်းလျှောက်ရင်းမှ တုတ်တုတ်မလှုပ်ရဲသဖြင့် မတ်တတ်ရပ်နေသော ကျန်းချုံးဖက်သို့ မျက်နှာစောင်းကြည့်လိုက်သည်။
"ကြိုးစားလိုက်ဦးကွာ...နောက်တစ်ကြိမ်ဒုတိယရပါစေလို့ ငါဆုတောင်းပေးတယ်..."
___
"ကိုယ် အခုစိတ်ထိန်းနိုင်သွားပြီ..."
ယင်းကျောင်းက ရုတ်ချည်း ခံစားချက်ရှိသောအသွင်နှင့် ဆိုင်ကလေးဆီအသွားတွင် ပြောလိုက်သည်။
"ကိုယ် အရင်လုပ်နေကျလို ဆွဲမထိုးခဲ့ဘူးလေ..."
ကျင်းစစ်က အံ့ဩတွေဝေသွားသည်။ သူဘာတွေးနေမလဲမသိတော့ချေ။ ယင်းကျောင်းက သူ့ကို မူလပုံစံအတိုင်း ဘာမှမဖြစ်ခဲ့သလိုကြည့်နေသည်။
ယင်းကျောင်းက သူ့ရဲ့အမူအရာကြောင့် အသည်းယားသွားပြီး ရရှိသောအခွင့်အရေးကိုအလွတ်မခံဘဲ ကျင်းစစ်၏ခေါင်းကိုပွတ်လိုက်သည်။ ထို့နောက် လက်ကိုအမြန်ချပြီး ဘာမှမဖြစ်ခဲ့သလို နေလိုက်သည်။
"အတန်းဖော်လေး...ကိုယ်သာမရှိခဲ့ရင်ရော မင်းဒီလိုပဲနေမှာလား...ခွင့်လွှတ်ထားမယ်ပေါ့..."
သူက သက်ပြင်းချလိုက်မိသည်။
"ကိုယ်မရှိရင် မင်းဘယ်လိုနေမလဲ..."
"အဲဒါတွေက သာမန် စကားလုံးတွေပါ..."
ကျင်းစစ်က ခေါင်းငုံ့ကာ အေးဆေးစွာပြောလိုက်သည်။
"ငါဂရုမစိုက်ပါဘူး...ရလဒ်တွေက သူ့ဘာသာသူရှိနေမြဲပဲလေ..."
"ဘာလို့နူးညံ့ကြင်နာနေရတာလဲ..."
ယင်းကျောင်းက ကျင်းစစ်၏ပုခုံးကိုကိုင်ကာ သူ့ဖက်သို့ဆွဲသွင်းလိုက်သည်။
"မင်းရဲ့စုန်းတံမြက်စည်းရဲ့အရှိန်က ဘယ်ရောက်သွားတာလဲ..."
ကျင်းစစ်က နှုတ်ခမ်းကိုစေ့၍ပြောလိုက်သည်။
"သူက ငါ့ခေါင်းကိုမှမထိုးတာ..."
ယင်းကျောင်းက ရယ်မောလိုက်မိသည်။
'သူ တုံးတာလား မအတာလား...'
သူ့ခေါင်းကိုထိခိုက်မှသာ သူလက်တုံ့ပြန်လေ့ရှိသည်။
ကျင်းစစ်၏ တိမ်ဝင်နေသောအသံကို သူကြားလိုက်ရသည်။
"ယင်းကျောင်း..."
"ဟမ်...ဘာလဲ..."
ယင်းကျောင်းက ခေါင်းငုံ့ကာ သူ့ကိုပြုံး၍ကြည့်ကာ နောက်ထပ်စကားလုံးများကို စောင့်ဆိုင်းနေသည်။
"ငါ..."
ကျင်းစစ် နှုတ်ခမ်းများလှုပ်လိုက်ပြီး စက္ကန့်အနည်းငယ်ရပ်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။
"ငါ သင်္ချာပြိုင်ပွဲအတန်းကို ဝင်လိုက်ပြီ..."
ယင်းကျောင်း တုန်လှုပ်သွားမိသည်။ ထို့နောက် သူ့နှုတ်ခမ်းထောင့်စွန်းလေးက တဖြည်းဖြည်းမြင့်တက်လာသည်။
သူ့အကြောင်းကို ကြိုးစားပြောပြခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။
ယင်းကျောင်းက ကြည်နူးနေမိကာ လမ်းတစ်ဖက်ရှိ ကွေးညွှတ်နေသောသစ်ပင်များကပင် ချစ်စရာကောင်းသည်ဟုပင် ထင်မှတ်နေမိသည်။ ကျင်းစစ်အားဖက်ကာ ပွတ်သပ်လိုက်ချင်သည့် သူ၏ပြင်းပြသောစိတ်ကို ထိန်းချုပ်ကာ ရယ်တပြုံးပြုံးနှင့်ပြောလိုက်သည်။
"ကိုယ့်အတန်းဖော်လေးကတော့ လက်ဖျားခါလောက်ပါတယ်ကွာ...နေဦး...အမ်...အောင်ပွဲခံတဲ့အနေနဲ့ အိုဒန် ဝယ်ကျွေးမယ်..."
(မှတ်ချက် : အိုဒန်က ဂျပန်အကင်စတူးပြုတ်ပါ။ တော့ပိုကီနဲ့တွဲစားတဲ့ fishcake soup လိုမျိုးပါ။ သူကကြက်ဥလဲပါသလို အကင်နဲ့အသားပိုစုံပါတယ်။)
အေးမြသောရာသီတွင် အိုဒန်တုတ်ထိုးသည် စားရန်အကောင်းဆုံးဖြစ်၏။
"ဟင့်အင်း..."
ကျင်းစစ်က ခေါင်းခါလိုက်သည်။
"ပိုက်ဆံကို လက်လွတ်စပယ်မသုံးပါနဲ့..."
"ကိုယ်စားချင်တာ..."
ယင်းကျောင်းက ဖုန်းထုတ်ကာ ငွေချေပေ့ခ်ျကိုဖွင့်ပြီး ဆိုင်ကလေးအတွင်းသို့ဝင်သွားသည်။ နောက်မှ ကျင်းစစ်ကိုပြောလိုက်သည်။
"မင်းကိုယ်နဲ့နေ...ငြင်းမယ်မကြံနဲ့...ဒါပဲ..."
အတန်းပြီးသောအချိန်ဖြစ်သဖြင့် ဆိုင်ကလေးအတွင်းတွင် ကျောင်းသားများစွာ ဝယ်ယူနေကြသည်။ သူတိုးသည် ဆိုင်အတွင်း လူများပြည့်ကျပ်လျှက် တစ်ဦးကိုတစ်ဦးအလွတ်မပေးဘဲ ကောင်တာတွင်တိုးဝှေ့နေကြသည်။
သိုသော်ငြား ယင်းကျောင်းဝင်လာသည်နှင့် ရှောင်သွားသူကရှောင်ကာ ကျောင်းတွင်းအနိုင်ကျင့်ကို ဒေါသထွက်အောင်လုပ်မိမည်စိုးသဖြင့် ခေါင်းမှအစခြေအဆုံး ရပ်တန့်သွားကြသည်။
ယင်းကျောင်းက ရှေ့ဆုံးသို့ လွယ်လင့်တကူရောက်သွားပြီး ကျင်းစစ်၏ခေါင်းလျှော်ရည်အပြင် အိုဒန်၂ပွဲနှင့်အတူ ကျင်းစစ်အတွက် မှင်ကိုပါ ဝယ်ယူလိုက်သည်။ အချိန်က ၃မိနစ်ထက် မပိုပေ။
"ဒီမှာ..."
ယင်းကျောင်းက ကျင်းစစ်လက်ထဲသို့ အိုဒန်တစ်ခွက်ကိုထိုးပေးလိုက်ပြီး လူအများကြားတွင် ကာကွယ်နေသည်။
"မင်းဖုန်းမှာ ဘာကိုကြည့်နေတာလဲ...စားစရာရှိတာစမ်းပါ...ခဏနေ အေးသွားဦးမယ်..."
ကျင်းစစ်က ဖုန်းကိုအိတ်ကပ်ထဲထည့်လိုက်ပြီး တုတ်ထိုးတစ်ချောင်းယူကာ အငွေ့တထောင်းထောင်းထနေသော အမဲသားလုံးကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။
တစ်ချိန်တည်းတွင်ပင် ယင်းကျောင်း၏ဖုန်းက တုန်ခါသွားသောကြောင့် ကြည့်လိုက်သောအချိန်တွင် ကျင်းစစ်က သူ့အား wechatမှစာအိတ်အနီပို့ထားသည်။
"မင်း..."
ယင်းကျောင်းက ကျင်းစစ်အားကြည့်ကာ ပြောလိုက်သည်။
"မင်း ကိုယ့်ကိုဒီလိုဆက်ဆံတယ်ပေါ့..."
'ခင်မင်ခဲ့တဲ့အချိန် ကြာခဲ့ပြီလေ သူစိမ်းဆန်နေတာ ဒါမှမဟုတ် ခံစားချက်မရှိတာက ဘာကြောင့်လဲ'
ကျင်းစစ်က သူနှင့်အတူ စာသင်ဆောင်ဆီသို့လျှောက်လာသည်။ ထိုစကားကိုကြားပြီးသည့်နောက် သူပြောလိုက်သည်။
"ငါမင်းဆီက အမြတ်မထုတ်နိုင်ဘူးလေ..."
ကျင်းစစ်က ထို့သည့်အတိုင်းနေလေ့ရှိသည်။ မည်သူက သူ့အပေါ်မည်သို့ကောင်းကောင်း မည်သူ့အပေါ်တွင်မှ သူမကြွေးတင်မခံပေ။
ရုတ်တရက် ယင်းကျောင်းက စိတ်ထဲတွင် ယားကျိကျိဖြစ်သွားသည်။
ယင်းကျောင်းက ကျင်းစစ်အားလှည့်ကြည့်လိုက်သည်။
သူ၏အတန်းဖော်ကလေးက အမဲသားလုံးစားနေသဖြင့် ပါးဖောင်းဖောင်းလေးရှိနေပြီး သူ၏မျက်လုံးများက စိတ်ကျေနပ်မှုအပြည့်ဖြင့်ရှိနေသည်။
အတန်းဖော်ကလေးက မည်သူ့ကိုမှ အကြွေးအတင်မခံချေ။ သူက မည်သို့သောပတ်ဝန်းကျင်မျိုးတွင် ကြီးပြင်းခဲ့သနည်း။
ယင်းကျောင်းက ကျင်းစစ်အကြောင်း အလုံးစုံသိချင်မိ၏။
သို့သော်...
သူ သက်ပြင်းရှည်သာရှိုက်လိုက်မိသည်။ သူ့ကိုကျင်းစစ်က သတိအရမ်းမထားလျှင် ပိုကောင်းမည်ဖြစ်သည်။
'အချိန်ယူလို့ပါတယ်လေ...မင်းမှာအချိန်တွေအများကြီးရှိပါသေးတယ်'
နောက်တစ်နေ့မနက်တွင် အခန်းအတွင်းသို့ ကျင်းစစ်ရောက်သည်နှင့် ယင်းကျောင်းလည်းရောက်လာသည်။
သူထိုင်ခုံတွင်၀င်ထိုင်လိုက်ပြီးနောက် စာရွက်များကိုစီရင်း ပြင်ဆင်နေသည်။
ကြားလိုက်သောအသံကြောင့် ယင်းကျောင်းခေါင်းမော့ကြည့်လိုက်ရာ ကျင်းစစ်အားတွေ့သည်နှင့် ချက်ချင်းပြုံးရယ်သွားသည်။
"ဟား...ကိုယ် မင်းကိုဖုန်းခေါ်တော့မလို့..."
ကျင်းစစ်က ထိုင်ခုံတွင်ထိုင်နေရင်း လှည့်ကြည့်ကာမေးလိုက်သည်။
"ဘာလို့လဲ..."
"ဒီမှာ..."
ယင်းကျောင်းက သစ်ချသီးများကို စားပွဲပေါ်တင်ကာ ပြောလိုက်သည်။
"စားကြမယ်လေ...ဟယ့်ကျိုးနဲ့ သူတို့တွေ မနေ့က အတန်းပြေးရင်းဒီဆိုင်တွေ့ခဲ့တာတဲ့...စားကောင်းတယ်ဆိုပြီး ဒီမနက်ဝယ်လာတာ..."
ကျင်းစစ်က ကျေးဇူးတင်စွာယူလိုက်ပြီး စားပွဲဘေးတွင်တင်ထားလိုက်သည်။
ယင်းကျောင်းက မျက်ခုံးပင့်ကာမေးလိုက်သည်။
"မကြိုက်ဘူးလား..."
"မဟုတ်ပါဘူး..."
ကျင်းစစ်က ဘောပင်ကိုထုတ်ကာ မနေ့ညကဝယ်ထားခဲ့သော မှင်ကိုထည့်ကာ သင်္ချာစာအုပ်ကိုဖွင့်လိုက်သည်။
"စာလုပ်မယ်ဆို စားလို့မရဘူးလေ..."
ယင်းကျောင်းက ရုတ်တရက်ကြောင်သွားသည်။
"မင်းစားတော့စားရမယ်လေ...လောင်လျိုမမြင်အောင် ကိုယ်ကြည့်နေပေးမယ်..."
ကျင်းစစ်က ခေါင်းယမ်းကာ စာဖတ်ရန်ခေါင်းငုံ့လိုက်သည်။
ယခု သူသင်္ချာပြိုင်ပွဲအတန်းကို ဝင်ရောက်ပြီးဖြစ်သဖြင့် စာပိုကြိုးစားရမည်ဖြစ်သည်။ ကျင်းစစ်က ယုံကြည်ချက်အပြည့်အဝရှိသော်လည်း ဘဝင်မမြင့်ပေ။
ယခုစာအုပ်အား ဝယ်ယူခဲ့ပြီးကတည်းက သူ အနည်းငယ်သာဖန်ရှုရသေးသည်။ သူအသေအချာနည်းနည်အောင် အာရုံစိုက်ပြီးဖတ်လိုက်သည်။
အမှတ်အသားလုပ်ရန် ဘောပင်ကိုင်လိုက်ပြီး ရေးခြစ်ရန်အခိုက်တွင် သူ့နှုတ်ခမ်းကို နွေးထွေးနေတဲ့ သစ်ချသီးက လာထိ၏။
ကျင်းစစ် ခေါင်းမော့ကြည့်လိုက်သည်။
"မင်း..."
ယင်းကျောင်းက သူ့နှုတ်ခမ်းဆီသို့ သစ်ချသီးအားတေ့ပေးရင်း ပြုံးရယ်ကာပြောလာသည်။
"စားလို့...အခုတောင် နည်းနည်းအေးနေပြီ...အတန်းပြီးတဲ့အချိန်အထိဆို အေးပြီး စားမကောင်းတော့ဘူး..."
__
Translated By IQ-Team.