အပိုင်း၃၀
Viewers 14k

Chapter 30

Chapter 30


-----------------------


ကျင်းစစ်က ယင်းကျောင်းကို ကြောင်ပြီးကြည့်နေမိသည်။


သဘာဝကျကျပင် သူကထိုသို့ပြုလုပ်ပေးရန် စိတ်အားထက်သန်နေပုံပေါ်သည်။ စကားပြောပြီးသည့်နောက် သူက သစ်ချသီးအခွံခွာနေသည်။ 


သွယ်လျှသောလက်ချောင်းများက ပြည့်ဖောင်းနေသောသစ်ချသီးအပေါ်တွင် လှပစွာလှုပ်ရှားနေ၏။


"ဟေ့...ငပေါလေး..."


သူ့အား အူကြောင်ကြောင်ကြည့်နေသော ကျင်းစစ်၏ပါးပြင်ကို လက်နှင့်တို့လိုက်သည်။


"မြန်မြန်စားစမ်းပါ...ဟုတ်ပြီလား...ကြည့်ကြည့်လိုက်ဦး...အကုန်လုံးက မနက်စာစားနေကြတာ..."


ပါးပြင်ပေါ်သို့ရောက်လာသော အထိအတွေ့က ကျင်းစစ်ကို အသိပြန်ဝင်လာစေသည်။ ပျာယာခတ်စွာ သူ့ခေါင်းကိုလှည့်လိုက်မိသည်။


သစ်ချသီးအား ဝါးစားလိုက်ပြီးနောက်ပြောလိုက်သည်။


"ကျေးဇူးပဲ..."


"ဘာကိုကျေးဇူးတင်တာလဲ..."


ယင်းကျောင်းက ရယ်မောမိကာ သစ်ချသီးများကို အခွံခွာနေရင်းမှဆက်ပြောလိုက်သည်။


"မင်းစာကိုသာ မင်းဖတ်ပါ...ကိုယ် အခွံခွာပေးမယ်..."


"ဟင့်အင်း..."


ကျင်းစစ်က သစ်ချသီးအားမြိုချရင်း ခေါင်းယမ်းကာပြောလိုက်သည်။


"ငါ့ဟာငါလုပ်ပါ့မယ်..."


"ပြောတဲ့အတိုင်းသာလုပ်စမ်းပါ...ကိုယ့်ကိုလာပြီးယဉ်ကျေးပြမနေနဲ့..."


ယင်းကျောင်းက တစ်ရှူးတစ်ရွက်ကို စားပွဲအတွင်းမှယူလိုက်ပြီး စားပွဲပေါ်တွင်ခင်းလိုက်သည်။ ကျင်းစစ်အား စကားပြောလျက် ထိုအပေါ်တွင် အခွံခွာနေသည်။


"ပြိုင်ပွဲက နီးနေပြီ...မင်းအချိန်က သိပ်မရှိတော့ဘူး..."


ပြိုင်ပွဲအတန်းသို့ ကျင်းစစ်ဝင်ရောက်ပြီးသည်ကို သူသိပြီးသည်နှင့် သင်္ချာပြိုင်ပွဲအကြောင်း လေ့လာပြီးဖြစ်သဖြင့် ဒီဇင်ဘာလလယ်မှ လကုန်အထိ ပွဲရှိသည့်အကြောင်းကိုသူသိနေသည်။ ၁လသာ အချိန်ရတော့သည်။


သူပြုံးကာ ပြောလိုက်သည်။


"စိတ်မပူပါနဲ့...ကိုယ်အခွံခွာရင်း စာကိုအလွတ်ဆိုပြလို့ရတယ်...ဘယ်လိုလဲ...ပါဖောမန့်စ်ကြီးနဲ့ပါ ဆိုပြရမလား..."


ယခုတလောတွင် ယင်းကျောင်းက အတော်လေးစာကြိုးစားနေသည်။ ကျင်းစစ်က သူ့ကိုစာကျက်ရန် ပထမနှစ်ရဲ့စာများကို မှတ်သားပေးထားသည်။ သူစာအားလုံးနီးပါးကို မှတ်သားနိုင်နေပြီဖြစ်၏။


ကျင်းစစ်၏ပြောစကားကို မစောင့်တော့ဘဲ သူဆက်၍ပြောလိုက်သည်။


"ချင်းယွမ်ချွင် ထဲက ချန်းရှ ရဲ့ပထမဆုံးစာကြောင်းက ဘာကြီးလဲ...မင်းကိုယ့်အတွက် ပြန်ပြောပြပေးပါလား..."


ကျင်းစစ်က မျက်လွှာချကာ ‌ပြုံး၍ပြောလိုက်သည်။


"ရဲရင့်သော သူများဖြစ်သည့်..."


ယင်းကျောင်းက ဆက်၍လိုက်ဆိုလိုက်သည်။


"ကျူဇီကျိုးထို့ ပန်းခြံက...


ရှန်းကျန်း၏ မြောက်ဖက်ဆီသို့သွားသည်..."


[မှတ်ချက် : စာရေးသူကိုယ်တိုင်က မသေချာပါလို့ပြောထားသဖြင့် ဘာသာပြန်သူပါ မျက်စိလည်သွားသည် ;(......]


ကျင်းစစ်က မေးခွန်းဟောင်းဖြေရန် ခေါင်းပြန်ငုံ့လိုက်သည်။


သူ့စားပွဲပေါ်တွင် သူနှစ်ခြိုက်သော သင်္ချာစာအုပ်ရှိနေသည်။ ပြတင်းပေါက်အပြင်မှ မနက်ခင်းအလင်းရောင်က အခန်းအတွင်းသို့ ထိုးကျကာ နေရာယူထားသည်။


ခန်းဆီးလိုက်ကာအား တိုးဖြတ်ဝင်လာသော လေပြေများအကြား ယင်းကျောင်း၏နူးညံ့သော စာရွတ်သံအား သူ့နားထဲတွင်ကြားနေရသည်။


လက်ထဲတွင် သူပေးထားသောသစ်ချသီးက ချိုမြိန်စွာ နူးညံ့နေ၏။


ပြိုင်ပွဲအတန်းအား ဝင်ရောက်ခဲ့ပြီးသဖြင့် ကျင်းစစ်က အတန်းပြီးသွားသောအခါ ညစာစားပြီး ကိုယ်ပိုင်စာကျက်ချိန်အတွက်ထိုင်နေရမည့်အစား အခန်းငယ်လေးဆီသို့သွားရန် ပစ္စည်းများသိမ်းကာ ပြင်ဆင်နေသည်။


အခန်းငယ်က စာသင်ဆောင်၂တွင်ဖြစ်သည်။ အိပ်ဆောင်မှဆိုလျှင် စာသင်ဆောင်၁ထက် ပိုဝေးသည်။ ကျင်းစစ်က အခန်းသို့အရင်ဆုံး သွားလိုက်သည်။ ဆရာက အတန်းစောဆင်းပေးမည်လားမသေချာပေ။ မသွားခင်တွင် လီကျိုးအားနှုတ်ဆက်လိုက်သည်။ ထို့သို့ပါမှ သူ စောင့်စရာမလိုဘဲ အဆောင်ဆီသို့ပြန်သွားနိုင်မည်ဖြစ်၏။


လီကျိုးကလည်း အဆင်သင့်လက်ခံသည်။ 


အခန်းငယ်ဆီသို့ ကျင်းစစ်ရောက်သွားသောအခါ လူအချို့ရောက်နှင့်နေပြီဖြစ်သည်။


အတန်းစရန်စောနေသေးသည့်အတွက် စာမလုပ်ဘဲ စကားပြောနေကြသည်။ သူ့မျက်နှာကိုတွေ့လိုက်ကြသောအခါ သူ့ကိုအကုန်ဝိုင်းကြည့်လာကြသည်။


ကျင်းစစ်က ယခုဆိုလျှင် စီရင်စုတွင် ဆယ်လီတစ်ဦးအဖြစ် သတ်မှတ်ခံထားနေရပြီဖြစ်သည်။ သူ့ကိုတွေ့လိုက်ကြချိန်တွင် တိုးတိုးနှင့် သူ့အကြောင်းပြောနေကြခြင်းများ ရှိနေသည်။ 


ကျင်းစစ်က ထိုစကားများကို မကြားဟန်ပြုကာ တည်ငြိမ်စွာ အရှေ့ဆုံးခုံဆီသီု့ လျှောက်သွားလိုက်သည်။ မျက်မှန်ကိုင်းအမဲနှင့် ချောမောသောကောင်လေးတစ်ယောက်က သူ့အား ရုတ်တရက်လက်ယမ်းပြလာသည်။


"ကျင်းစစ်..."


"ဟမ်..."


ကျင်းစစ်က ရပ်ကာ လှမ်းကြည့်လိုက်မိ၏။


"ဒီလာထိုင်‌..."


ကောင်လေးက သူ့ဘေးရှိခုံမှ သူ၏လွယ်အိတ်ကိုယူကာ ပစ္စည်းများသိမ်းရင်း ပြောလိုက်သည်။


"ဒီခုံမှာ ဘယ်သူမှမရှိဘူး..."


ကျင်းစစ်အတွက် မည်သည့်နေရာတွင် ထိုင်ရထိုင်ရ ပြဿနာမရှိပေ။ 


ကျင်းစစ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။


"ကျေးဇူးပါ..."


"ဟီးဟီးဟီး..."


ကောင်လေးက စိတ်လှုပ်ရှားစွာ ရယ်မောရင်း သူ့ကိုယ်သူ ရင်းနှီးစွာ မိတ်ဆက်လိုက်သည်။


"ငါ့နာမည်က ကျိုးချောင်ပါ...မင်းနဲ့ခင်ချင်နေတာကြာပြီ..."


ကျိုးချောင်က နှစ်ဝက်စာမေးပွဲတွင် တတိယနေရာရခဲ့သူဖြစ်ပြီး ရမှတ်ပေါင်းက ၇၂၀မှတ်ဖြစ်ကာ အခန်း၂မှဖြစ်၏။


"မင်းက အရမ်းမိုက်တာပဲ..."


ကျိုးချောင်က ကျင်းစစ်အား အားကျသည့်အသွင်နှင့် ကြည့်ကာပြောလိုက်သည်။


"စာမေးပွဲမှာ ဘယ်‌လိုတောင်အမှတ်ရလိုက်တာလဲဟင်... physicsက ၃ခုမြောက်မေးခွန်းလေ...အဖြေရအောင် မနည်းတွက်ယူရတယ်...ဒါပေမယ့် ငါ့အဖြေကမှားနေတုန်းပဲရယ်..."


"အထူးတလည်မဟုတ်ပါဘူး..."


ကျင်းစစ်က စာမေးပွဲအတွေ့အကြုံကို ပြောပြလိုက်သည်။


"ငါက ဖြေပြီးရင်ပြန်စစ်လေ့ရှိတယ်...အဲ့ဒါဆို အမှားကိုတွေ့ပြီး ပြန်ပြင်နိုင်တယ်လေ..."


"အဲ့ဒါဆို ငါလဲနောက်တစ်ခါ လုပ်ရမယ်...ငါက ပြန်စစ်ဖို့စိတ်မရှည်လို့..."


ကျိုးချောင်က ဟိုကြည့်ဒီကြည့်နှင့် ခေါင်းကုတ်ကာ အသံနှိမ့်ပြီးပြောလိုက်သည်။


"ပြိုင်ပွဲအတန်းကို ငါလာရလိမ့်မယ်ဆိုတာငါသိတယ်...မင်းပါလာမယ်လို့မထင်ခဲ့ဘူး...ငါလည်းသင်္ချာကိုရွေးထားတာ...ဒါပေမယ့် ငါတို့ကျောင်းပြိုင်ပွဲအမှတ်က မကောင်းဘူး..."


ကျင်းစစ်က သူ့ဖက်သို့လှည့်ကာ သေချာနားထောင်လိုက်သည်။


ကျိုးချောင်းက ဆက်ပြောသည်။


"မနှစ်ကဆို ငါတို့စီရင်စုက သင်္ချာပွဲမှာ ပထမရခဲ့တာ...အားလုံးပေါင်းအယောက်၃၀လောက်ရှိတယ်...ငါတို့ကျောင်းက one to threeဝင်တယ်...ဒါပေမယ့်..."


သူခဏရပ်ကာ ခေါင်းကုတ်နေလိုက်ပြီးမှ အသံကိုထက်၍နှိမ့်ကာ ပြောလိုက်သည်။


"တိုင်းပွဲကို တစ်ယောက်ပဲဝင်သွားတယ်...ငါတို့ကျောင်းက စီနီယာလေ...သူငယ်ငယ်တည်းက သင်္ချာအိုလံပစ်မှာဝင်လာတာ...သူကphysicsတို့ chemistryတို့မှာတော့မကောင်းဘူး...အဲ့ဒီ၂ဘာသာမှာလည်း အနည်းဆုံးလူ၃ယောက်ပဲဝင်တယ်..."


ကျိုးချောင်က ခေါင်းယမ်းလိုက်သည်။


"ဆရာကျောက်လည်း နေ့တိုင်း လက်ဘက်ရည်သောက်ရင်း စိတ်လျော့နေရတယ်...ငါတော့ ဒီနှစ်ပြိုင်ပွဲမှာ အသွင်းမခံရမှာကို စိတ်ပူမိတယ်..."


ထိုစကားကိုကြားမိတော့ ကျင်းစစ်က တွေးတောရင်းခေါင်းညိတ်မိသည်။


ယခင်ဘဝတုန်းက ကျောင်းတွင် ပထမနေရာရနိုင်သောလူ အယောက်၅၀ခန့်ရှိခဲ့သည်ကို ကျင်းစစ်သတိရသွားသည်။ ယှဉ်ကြည့်ရမည်ဆိုလျှင် တုန်းဟိုင်းစီရင်စုက ပို၍ပင်အားနည်း‌သေးသည်။


သူတို့၂ဦးစကားပြောနေချိန်တွင် ကျန်းချုံးဝင်လာသည်ကို လူများမြင်လိုက်ကြသည်။


ကျိုးချောင်ဘေးကခုံသည် အလယ်တန်း၏ ဒုတိယနေရာတွင်ဖြစ်သဖြင့် မြင်သာထင်ရှားသည်။ အခန်းထဲသို့ ကျန်းချုံးဝင်လာသည်နှင့် ကျင်းစစ်အားတွေ့သွားကာ ခြေလှမ်းများရပ်တန့်သွားသည်။


မနေ့ညက အိမ်ပြန်အရောက်တွင်ပင် ကျင်းစစ်က  သူ့ကိုထိုးရန် တစ်ယောက်ယောက်ကိုခေါ်လာမည်ကို သူ အချိန်အတော်ကြာအောင် စိုးရိမ်ကြောင့်ကျနေခဲ့ရသည်။ သို့သော် ယင်းကျောင်းက သူ့ကို သတိပေးရုံမှလွဲ၍ ဘာမှမပြုလုပ်ခဲ့ချေ။


ယင်းကျောင်းအား ထပ်မမြင်ရတော့သည့်အချိန်တွင် မမျှော်လင့်စွာ ကျင်းစစ်အား အခန်းငယ်ထဲတွင် မြင်လိုက်ရ၏။


မနေ့ကစကားများကို ပြန်တွေးမိရင်း ကျန်းချုံး မျက်နှာကနီမြန်းလာသည်။


သူက မျက်နှာအမြန်လွှဲလိုက်ပြီး သူ့ခုံဆီသို့ လျှောက်သွားလိုက်သည်။


သူ့အတွက်သူ ရပ်တည်နိုင်ရန်ကြိုးစားရပေမည်။ ပြိုင်ပွဲအတန်းသို့ ကျင်းစစ်ရောက်လာမှပင် မဟုတ်ဘဲ သူ့အတွက် ဤအရာသည် ပြိုင်ပွဲဖြစ်သည်။ ကျင်းစစ်ကသာ သင်္ချာအိုလံပစ်အကြောင်း မလေ့လာဖူးသူဖြစ်ပြီး ရလဒ်အသေးအမွှားကလေးသာ ပိုင်ဆိုင်ဖူးသူဖြစ်သည် မဟုတ်ပါလား။


နှစ်ဝက်စာမေးပွဲတွင် သူကျရှုံးခဲ့ပေမယ့် ပြိုင်ပွဲတွင်တော့ သူ အနိုင်ယူနိုင်ရမည်။


ကျန်းချုံးက သူ့နေရာတွင်ထိုင်လိုက်ပြီးသည်နှင့် ဆရာကျောက် ရောက်လာသည်။


သူခေါင်းငုံ့လိုက်ချိန်တွင် သူ့မျက်လုံးများက ကျင်းစစ်ဆီတွင် ၂စက္ကန့်မျှရပ်တန့်သွားသည်။ စာရွက်များကို လှန်လှောရင်း သူကပြောလိုက်သည်။


"ဒီနေ့ ငါတို့အတန်းကို လူအသစ်တစ်ယောက်ရောက်တယ်...အားလုံးလည်း သိပြီးလောက်ပါပြီ...မိတ်မဆက်ပေးတော့ဘူး...ကျင်းစစ်ကို မသိတဲ့သူ တစ်ယောက်မှမရှိဘူးမို့လား...ဟုတ်တယ်ဟုတ်..."


ကျောက်ဖုန်က ပြုံးလိုက်ပြီး"လူသစ်လေးကို ကြိုဆိုတဲ့အနေနဲ့ ဒီနေ့ဉာဏ်စမ်းလေးဖြေလိုက်ကြရအောင်..."


စာရွက်များကို သူ့လက်ထဲတွင် ၃ပိုင်းခွဲလိုက်ပြီး ထိပ်ဆုံးတွင် ထိုင်နေကြသော သူများအား တစ်လှည့်စီ ပေးလိုက်သည်။


"လက်ဆင့်ကမ်းလိုက်...ဒါအစမ်းသဘောပွဲပေါ့လေ...ဖြေခွင့်က မိနစ်၁၀၀...၁နာရီနဲ့မိနစ်၄၀..."


ကျောင်းသားများသည် အတော်ထဲမှအတော်ဆုံးများဖြစ်သဖြင့် ကျောက်ဖုန်က အလျော့ပေးမည်မဟုတ်ပေ။ စာရွက်များကိုယ်စီရပြီးသည့်နောက် စားပွဲပေါ်တွင် စာအုပ်များရှိနေသေးသည့် ကျောင်းသားများကို စာအုပ်သိမ်းခိုင်းပြီးနောက် ကျင်းစစ်အရှေ့တွင်ရပ်ကာ ဖော်ရွေစွာပြောလိုက်သည်။


"ဖိအားမများနဲ့...မဖြေနိုင်လဲ ကိစ္စမရှိဘူး...ဆရာက မင်းဘယ်လောက်ဖြေနိုင်မလဲဘဲ သိချင်တာ..."


ကျင်းစစ် ခေါင်းညိတ်ကာ သိကြောင်းပြလိုက်သည်။


ပြောချင်တာပြောပြီးသွားသောအခါ ကျောက်ဖုန်က ကျင်းစစ်‌ စာဖြေနေစဉ် အနှောက်အယှက်ဖြစ်မည်စိုးသဖြင့် ဘာမှမပြောတော့ဘဲ စင်ပေါ်သို့ထွက်သွားသည်။


မေးခွန်းစာရွက်ရပြီးသောအခါ ကျင်းစစ်က ချက်ချင်းမဖြေသေးဘဲ မေးခွန်းများအား ခြုံငုံကြည့်လိုက်သည်။


မေးခွန်းပုံစံမှာ အမှတ်ပြည့်၁၂၀ရှိပြီး ကွက်လပ်ဖြည့်မေးခွန်း၈ခုနှင့် ဖြေဆိုရမည့်အပုဒ်၃ပုဒ်ဖြစ်သည်။


အရင်ဘဝက သင်္ချာအိုလံပစ်အ‌ကြောင်း ကျင်းစစ် အသေအချာမသင်ကြားရခဲ့သော်လည်း သူ့ဘာသာသူသင်ယူလေ့လာခဲ့သည်။ ဆရာကသိသွားခဲ့၍ ဆက်ပြီးမလေ့လာခဲ့ရသောကြောင့် ယခုမေးခွန်းများတွင်ပါဝင်သော တချို့က သူနှင့်မရင်းနှီးပေ။


ကျင်းစစ်က မစိုးရိမ်သော်လည်း အနည်းငယ်စိတ်လှုပ်စားမိသည်။ မေးခွန်းကပိုပြီးခက်လေ သူ့အတွက်ပိုပြီးစိတ်ဝင်စားစရာဖြစ်လေ၏။


အာရုံစိုက်မှုလွန်ကဲသွားသော ကျင်းစစ်က သတ်မှတ်ချိန်ကိုပါမေ့သွားကာ ဆရာကျောက် စင်ပေါ်မှာ ကျောင်းသား‌အားလုံးအား ဘောပင်ချလိုက်ရန်ပြောသောအချိန်မှ သတိဝင်လာသည်။


"ဆက်မရေးကြနဲ့တော့..."


ဆရာကျောက်က အဖြေလွှာများကိုသိမ်းရင်း ရှင်းပြလိုက်သည်။


"မင်းတို့ပြိုင်ပွဲအစိန်ကြီးမှာဆိုရင် ဆက်မရေးခိုင်းတဲ့အချိန် ဆက်ရေးမရဘူးနော်...ဆက်ရေးချင်နေရင်တော့ မင်းတို့အဖြေလွှာတွေ ပယ်ချခံရမှာ..."


ထိုသို့ပြောရင်းနှင့် ဆရာကျောက်က သက်ပြင်းချလိုက်သည်။ တစ်ခါတစ်လေတွင် သူ သင်္ချာပြိုင်ပွဲအတန်းအား မသင်ချင်တော့ပေ။ နှစ်တိုင်းသူကြိုးစားခဲ့သော်လည်း နှစ်တိုင်းရလဒ်များက မကောင်းလာပေ။


"အိုကေ...ဆက်ပြီး စာသင်ကြရအောင်...မင်းတို့အိမ်သာသွားချင်တယ်ဆိုလည်း မြန်မြန်သွားပြီးပြန်လာခဲ့..."


ဆရာကျောက်က စာရွက်များကို လက်ထဲတွင်းကိုင်ထားလျက် စာအုပ်ကိုဖွင့်လိုက်သည်။ သူ ကျောက်သင်ပုန်းပေါ်တွင် ရေးချနေရင်း ကျင်းစစ်ရှိသည့်ဖက်သို့ တမင်တကာကြည့်လိုက်ချိန်တွင် ကျင်းစစ်နှင့်ကျိုးချောင်းတို့၂ယောက်က စာကိုသာအာရုံစိုက်နေသည်ကို တွေ့ပြီးနောက် ယုံကြည်ချရှိစွာ ပြန်လှည့်သွားသည်။


ဆရာလျိုထက် ဆရာကျောက်က ကျင်းစစ်အတွက်ပို၍အဆင်ပြေသည်။ အတန်းအတွင်းသို့ စိတ်အားထက်သန်စွာဝင်လာသော်လည်း အတန်းပြီးသွားချိန်တွင် သူ့အတွက်အားမရတာမျိုးမဖြစ်စေပေ။


ကျိုးချောင်အတွက်လည်း အတူတူပဲဖြစ်သည်။ ပစွည်းများသိမ်းကာ အိတ်ကိုဇစ်ပိတ်ပြီး အပြင်ထွက်ချိန်တွင် လှမ်းပြောလိုက်သည်။


"မင်းက အဆောင်နေတာလား..."


ကျင်းစစ်က ခေါင်းညိတ်ပြလိုက်သည်။


"အင်း..."


"ဟာ...ငါရောပဲ..."


ကျိုးချောင်၏မျက်စိက လင်းလက်သွားသည်။


"ဒီညအတူတူပြန်မလား...မင်းက ဘယ်ဖက်မှာနေတာလဲ..."


"အင်း..."


ကျင်းစစ်က တံခါးကိုဖွင့်ကာ သူ့ကိုအရှေ့ကသွားရန်အချက်ပြကာပြောလိုက်သည်။


"ငါက၃၀၁မှာ...မင်းကရော..."


"၃၁၈..."


"နီးနီးလေးပဲ..."


ကျင်းစစ်က အနောက်လှည့်ကြည့်ကာ အတန်းထဲတွင်မည်သူမှမရှိတော့ကြောင်း သေချာစစ်ပြီးနောက် အခန်းမီးများပိတ်လိုက်ပြီး တံခါးကိုသေချာကိုပိတ်လိုက်၏။


ထိုသို့ပြုပြီးနောက် ခေါင်းငုံ့ကာ ပြန်လှည့်လိုက်သည်။ ပြန်လှည့်အပြီး ခေါင်းမော့လိုက်ချိန်တွင် သူ့မျက်စိအရှေ့တွင် သူ့အားပြုံး၍ကြည့်နေသော ယင်းကျောင်းအားတွေ့လိုက်ရသည်။ 


သူ အံ့အားသင့်စွာမေးလိုက်၏။


"မင်း ဘာလာလုပ်တာလဲ..."


ယင်းကျောင်းက လျှောက်လာကာ သူ့အိတ်ကိုယူပြီးလွယ်လိုက်သည်။


"ကိုယ့်အတန်းဖော်လေးကို ထီးလာပေးတာ..."


အပြင်သို့လက်ညိုးထိုးကာ ကျင်းစစ်အား လှမ်းကြည့်လိုက်ရန် အချက်ပြလိုက်သည်။


"မိုးရွာနေတယ်..."


ကျင်းစစ်က လှမ်းကြည့်လိုက်ချိန် အပြင်တွင်တကယ်မိုးရွာနေသည်။ ယခုအချိန်တွင် မိုးစိုလျှင် ဖျားနိုင်သည်။


ကျင်းစစ်က ခေါင်းငုံ့ကာ ညင်သာစွာပြောလိုက်သည်။


"မင်းဒီနေ့ ကျောင်းမှာပဲအိပ်မှာလား..."


ယင်းကျောင်းက ကျင်းစစ်အားသူ့ဘက်လှမ်းဆွလိုက်သဖြင့် ဟင် ခနဲဖြစ်သွားတာကြောင့် သူက ဆက်ပြောလာသည်။


"ဂရုစိုက်လေ...အရှေ့မှာလူရှိတယ်..."


ကျင်းစစ်က သူသိကြောင်းခေါင်းညိတ်ပြကာ အနောက်သို့လှည့်ကြည့်လိုက်သည်။


"ကျိုးချောင်...သွားရအောင်..."


ယင်းကျောင်းက မျက်မှောင်ကြုပ်ကာ သူ့အကြည့်များအတိုင်း လိုက်ကြည့်လိုက်သည်။


'ကျိုးချောင်က ဘာကိစ္စလာပက်သတ်နေတာလဲ...'


"အာ့..."


ကျိုးချောင်က ယင်းကျောင်းကိုမြင်လိုက်သဖြင့် ထိတ်လန့်သွားတာကြောင့် သူ့အိတ်ကိုတင်းတင်းပိုက်ထားရင်း တံတွေးများမြိုချနေရသည်။


"မင်းအရင်သွားပါ...အရင်သွားနှင့်...ငါသူငယ်ချင်းတစ်ယောက်ကိုတွေ့လိုက်လို့...သူ့ကိုစောင့်လိုက်ဦးမယ်..."


ကျောင်းမှဆရာကြီးတစ်ယောက်နှင့် လျှောက်လမ်းထက်အတူသွားရမည့်အရေးက သူ့အား မဝံ့မရဲဖြစ်စေသည်။


"အင်းပါ...မနက်ဖြန်တွေ့မယ်..."


သူလိမ်နေသည်မဟုတ်မှန်း ကျင်းစစ်သိသည်။ ပြုံးပြပြီးနောက် ယင်းကျောင်းနှင့်အတူ ဒုတိယစာသင်ဆောင်မှထွက်လာခဲ့လိုက်သည်။


စာသင်ဆောင်အပြင်သို့ရောက်သည်နှင့် ယင်းကျောင်းက ထီးဖွင့်ကာ ကျင်းစစ်အား သူဘေးနားသို့ တွဲခေါ်ရင်း ပြောလိုက်သည်။


"ဒီနားတိုး..."


ကျင်းစစ်၏လက်ချောင်းလေးတို့က တုန်ယင်သွားသော်လည်း အရင်ကလို သူ့ကိုတွန်းမဖယ်ဖြစ်တော့ပေ။


နိုဝင်ဘာလကုန်ကာနီးမို့ ရာသီဥတုအပူချိန်ကျဆင်းနေသည်။ ယခုအချိန်တွင် မိုးရေစိုလျှင်ပို၍အအေးပိုသွားလိမ့်မည်ပင်။


ကျင်းစစ်နှင့် ယင်းကျောင်းတို့ အနားတွင် မိန်းကလေး၂ယောက်ကလည်း ထီးတစ်ချောင်းတည်းအတူဆောင်းကာလျှောက်လာကြသည်။ မိန်းကလေးတစ်ယောက်က ကိုယ်ကိုကျုံ့လိုက်ပြီး ပြောလိုက်သည်။


"အေးလိုက်တာဟယ် အေးလိုက်တာ...ငါတော့သေအောင်ခဲနေပြီထင်ပါ့..."


နောက်မိန်းက‌လေးတစ်ယောက်က ပြန်ပြောလိုက်သည်။


"အေးဟယ်...ငါလဲအေးလိုက်တာဆိုတာ...ဆောင်းတွင်းကြီးမှာဟယ် ဒီမိုးက..."


ပထမပြောသော မိန်းကလေးက အသံမြင့်၍​အော်လိုက်သည်။


"ငါ အဆောင်ဆီတောင် ရောက်အောင်သွားနိုင်ပါ့မလား မသိဘူး..."


နောက်မိန်းကလေးက ထီးကို ခိုင်ခိုင်မာမာကိုင်ကာ သူ့သူငယ်ချင်းဖက်သို့ မျက်စောင်းထိုးကာ ပြောလိုက်သည်။


"ကဲပါ...လာ...ငါ့အနားတိုး...အေးတော့မှာမဟုတ်ဘူး..."


ထိုစကားကြားလိုက်သောအခါ ပထမမိန်းကလေးက သူငယ်ချင်းလက်အား ချက်ချင်းဖက်လိုက်ကာ ပြောလိုက်သည်။


"ဟေ့...ဖြေးဖြေးလုပ်ပါ...ထီးက ကွေးနေပြီ..."


သူတို့အရှေ့တွင် တိုးတိုးပြောသွားသာ မိန်းကလေးများ၏အသံကြောင့် ယင်းကျောင်းမှာ နှုတ်ခမ်းစွန်းများကွေးလျက်ဖြင့် စိုက်ကြည့်နေမိသည်။


ထို့နောက် ကျင်းစစ်ဖက်သို့လှည့်ကာ မေးလိုက်၏။


"အတန်းဖော်လေး...အေးလား..."


ကျင်းစစ်ကမူ အမှန်အတိုင်း ခေါင်းလေးညိတ်ရင်းဖြေလိုက်သည်။


"အင်း...တော်တော်အေးတယ်..."


ဆောင်းတွင်းတွင် မိုးရွာခြင်းက ဓာတုဓါတ်ပြုသွားသကဲ့သို့ ထူးဆန်းစွာ အအေးပိုစေသည်။


ယင်းကျောင်းက ပြုံးလိုက်မိသည်။ ထို့နောက်လက်မြှောက်လိုက်ပြီး ထီးကိုလက်တစ်ဖက်ဖြင့်သေချာကိုင်ကာ ကျင်းစစ်ကိုမူကျန်လက်တစ်ဖက်ဖြင့်ဆွဲလိုက်သည်။


ကျင်းစစ်က ဒယိမ်းဒယိုင်ဖြစ်သွားပြီးနောက် သူ့လက်မောင်းအတွင်းရောက်သွားတော့သည်။


မိုးသားများက ထီးပေါ်သို့ကျကာ အသံမြည်နေသည်။ ထီးအောက်တွင် အိတ်ဇစ်ဖွင့်ထားသော ယင်းကျောင်းက ကျင်းစစ်အား တိုးတိုးလေးကပ်ပြောလိုက်၏။


"ညီငယ်လေး...မင်းထပ်ပြီးမအေးတော့ပါဘူးကွာ..."


____


Translated By IQ-Team.