Chapter 31
-----------------------
ကျန်းမာသန်စွမ်းသော ယင်းကျောင်းက ဆွယ်တာဝတ်ထားလျှင်တောင်မှ သူ့ဆီမှ ခန္ဓာကိုယ်အပူဓါတ်ကို ကျင်းစစ်ခံစားမိသည်။
ကစားကွင်းတွင် အသံများဆူညံနေပြီး မိုးဖွဲလေးက မြေပြင်ပေါ်သို့ ကျဆင်းနေသည်။ သူတို့၏ဘေးနားတွင် ကျောင်းသားများက ရယ်လိုက်မောလိုက်ဖြင့် သွားလာနေကြသည်။
ယင်းကျောင်းက ထီးမိုးထားပေးရင်း သူ့အား လက်တစ်ဖက်ဖြင့် ဖက်ထားသည်။ ထီးအောက်မှ နေရာသေးသေးလေးက လေရော၊ မိုးရော မဝင်ရောက်လာနိုင်ပေ။
ကျင်းစစ်က မှင်တတ်နေရာမှ အသိပြန်ဝင်လာပြီး ယင်းကျောင်းအားတွန်းထုတ်ရန် လက်ဆန့်တန်းရင်းပြောလိုက်သည်။
"လွှတ်ပေး..."
"သွားမယ်..."
ယင်းကျောင်းက သူ့ကိုပြန်ဆွဲထားလိုက်သည်။ သူစိတ်ဆိုးကာ မိုးရေထဲ ထွက်သွားမည်စိုးသဖြင့် သူ့ကို ထပ်မစ,ရဲပေ။ တည်တည်ကြည်ကြည်အသံဖြင့် သူပြောလိုက်သည်။
"မင်းအေးနေမှာကို ကိုယ်စိုးရိမ်လို့ပါ..."
သူမျက်လွှာချကာ ပြုံးနေမိသည်။
"စောစောပြန်ရင်တော့ မအေးတော့ဘူးလေ..."
ယင်းကျောင်းက ချောင်းဟန့်လိုက်ကာ သူ့စကားများကို တားလိုက်သည်။
စီရင်စု၏ကစားကွင်းသည် ကြီးမားသော်လည်း အဆောင်သို့ပြန်တဲ့ လမ်းက နီးသည်။ အချိန်အတိုအတွင်းမှာပင် အဆောင်သို့ လူ၂ဦးရောက်ရှိသွားသည်။
ယင်းကျောင်းက လွယ်လာသောအိတ်ကို ကျင်းစစ်အားပေးလိုက်သည်။
"ဝင်တော့လေ..."
ကျင်းစစ်က အံ့ဩသွားသည်။
"အထဲမဝင်တော့ဘူးလား..."
"ကိုယ်အိမ်ပြန်မှာ..."
"ဒီည ဒီမှာနေမယ်လို့ မင်းပြောခဲ့တယ်မဟုတ်ဘူးလား..."
ယင်းကျောင်းက သူ့လွယ်အိတ်ကိုပုခုံးမှချကာ လက်ပေါ်တွင်ချိတ်လိုက်ရင်း ပြောလာ၏။
"ဟင့်အင်း...ဒီည ကိုယ်လုပ်စရာတစ်ခုရှိတယ်...မင်းမှာထီးမရှိလို့ ကိုယ်လာတာ...ကဲကဲ...သွား..."
သူက လက်ပြကာ နှုတ်ဆက်လိုက်သည်။
"ဒီကောကောကသွားပြီနော်...မနက်ဖြန်တွေ့မယ်..."
ကျင်းစစ် မသိမသာနှုတ်ခမ်းစူလိုက်ပြီး လှည့်ထွက်သွားတော့မည့် ယင်းကျောင်းအား တုံ့ဆိုင်းကာပြောလိုက်သည်။
"လမ်းမှာဂရုစိုက်ဦး..."
ယင်းကျောင်းကရပ်တန့်သွားပြီးနောက် နှုတ်ခမ်းက တဖြည်းဖြည်းအပြုံးတစ်ခုကိုပုံဖော်သွားသည်။
၃ထပ်မြောက်က သူ့အခန်းဆီသို့ ကျင်းစစ်တက်သွားပြီးတံခါးဖွင့်ရန်ပြင်လိုက်သည်။ ထိုအချိန်တွင်ပင် တံခါးက ပွင့်သွားသည်။
လီကျိုးက သူ့ကိုမြင်သောအခါ အံ့ဩသွား၏။
"တိုက်တိုက်ဆိုင်ဆိုင်ကွာ ငါအခုပဲလာတော့မလို့..."
သူ့လက်ထဲမှ ထီးကိုယမ်းလိုက်ပြီး"မင်းပြန်မရောက်သေးရင် ငါလာကြိုတော့မလို့..."
ကျင်းစစ်က လီကျိုးအား ကျေးဇူးတင်စကားဆိုလိုက်ပြီးနောက် လွယ်အိတ်ကိုခုံပေါ်တင်လိုက်သည်။ နဲ့နေသောခုံအား စိတ်ကျေနပ်သည်အထိ ပြန်ပြင်လိုက်သည်။
လီကျိုးက ကျင်းစစ်အားလှည့်ပက်ကြည့်လိုက်သည်။ သူ့ကိုကြည့်လေ ကြည့်လေ တစ်ခုခုမှားယွင်းနေသည်ဟုမြင်မိသည်။
သူက ကျင်းစစ်ကို လက်ညိုးနှင့်တို့ကြည့်ပြီး ပြောလိုက်သည်။
"မင်းထီးလဲမယူသွားပါဘူး...ဘာလို့မိုးရေတစ်စက်မှ စိုမလာတာလဲ ..."
ကျင်းစစ်က ဘေစင်တွင်လက်ဆေးနေရာမှ ရပ်လိုက်ပြီး မပီမပြင်လေးပြောလိုက်၏။
"တစ်ယောက်ယောက်နဲ့ မျှဆောင်းလာတာပါ..."
"အို့..."
လီကျိုးက မနာလိုသောမျက်နှာနှင့် အားကျစွာ ပြောလာသည်။
"ရုပ်ချောတာကို အားကျလိုက်တာကွာ...ထီးအတူဆောင်းဖို့ခေါ်တာ ကောင်မလေးလား..."
'ကောင်မလေးတဲ့လား...'
ယင်းကျောင်း၏ ချောမောသောမျက်နှာကိုတွေးမိသွားသည်နှင့် ကျင်းစစ်ပြုံးမိသွားပြီး ပြန်မဖြေဘဲနေလိုက်သည်။
လီကျိုးက အိပ်ယာပေါ်သို့ သက်ပြင်းချကာ ထိုင်လိုက်သည်။
"အခုခေတ်မိန်းကလေးတွေက မျက်နှာတွေပဲလိုက်ကြည့်ကြတယ်...အမှန်ကိုမမြင်နိုင်ကြဘူး...ကောင်လေးကလည်းလိုချင်တယ်...အယ်...ရုပ်ချောတာလေးလည်းလိုချင်ကြသေးတယ်..."
ကျင်းစစ်က သန့်ရှင်းဆေးကြောပြီးနောက် လီကျိုးစကားအပေါ် ရှင်းပြခြင်းမရှိဘဲ စကားကြောင်းလွှဲလိုက်သည်။
"အရည်အချင်းကို လိုက်ရှာတဲ့သူတွေလည်း ရှိပါတယ်..."
လီကျိုး : "...."
ကံမကောင်းချင်တော့ သူ့တွင် အရည်အချင်းရော ရုပ်ရည်ပါမရှိပေ။(😄)
သူ ကျင်းစစ်ကို ခက်ထန်သောအကြည့်ကို ပေးလိုက်ကာ လည်ပင်းအားဖက်လိုက်ရင်း ပြောလိုက်သည်။
"မင်းကပြန်ပြောရဲသေးတယ်ပေါ့..."
ကျင်းစစ်က ပြုံးလိုက်ပြီး "ငါက အမှန်တရားကိုပဲပြောတာ...မဟုတ်လို့လား..."
"အိုကေကွာ...မင်းကတော့..."
လီကျိုးက လက်မောင်းကို ဖက်ထားရာမှ ဖြည်ချလိုက်ပြီး ကျင်းစစ်အား စနောက်ထိုးရန် ပြင်လိုက်သည်။
ထိုအချိန်တွင် အဆောင်တွင်နေကြသော အခန်း၇မှ ကျောင်းသားတစ်ချို့ အဆောင်တွင်းသို့ဝင်လာကြသည်။
သူတို့၂ဦး၏အနေအထားကိုတွေ့သွားသောအခါ ကောင်လေးတစ်ယောက်က လီကျိုးအားပြေးဆွဲလိုက်သည်။
"မင်းဘာလုပ်တာလဲ...မင်းဘာဖြစ်နေတာလဲ..."
ဝူဝေ့ချန်းက လီကျိုးကို ဘေးသို့တွန်းထုတ်လိုက်ပြီး စိုက်ကြည့်လိုက်သည်။
"မင်း...ကျင်းစစ်ရဲ့ခေါင်းကနေ ဝေးဝေးနေ...နားလည်လား..."
ဝူဝေ့ချန်းက အခန်း၇အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး အခန်း၇မှာ ယခင်က အမှတ်၃၅၀အတွင်းရဖူးခဲ့တဲ့ တစ်ဦးတည်းသောသူဖြစ်သည်။ အခြားဘာသာများတွင် အတော်ကောင်းသော်လည်း ချန်မြောင်မြောင်ကဲ့သို့ သင်္ချာတွင်တော့ အဆင်မပြေပေ။
စာမေးပွဲဖြေတိုင်းတွင် အနောက်ပိုင်းမေးခွန်း၁၀ခုကို မဖြေဆိုနိုင်သည့်အတွက် အမြဲတမ်းရုံခန်းတွင် ခေါ်၍အဆူခံရသည်။
ကျင်းစစ်၏သင်္ချာရမှတ်ကို သူသိပြီးသွားကတည်းက ကျင်းစစ်အားအမြဲစာလာမေးလေ့ရှိသည်။
အခန်း၇မှသူများက သူနှင့်ချန်မြောင်မြောင်အား ကျင်းစစ်ကို သစ်ချသီးပေးသင့်ဟုတောင် စနောက်လေ့ရှိကြသည်။
ဝူဝေ့ချန်း၏အကျင့်က အမြဲဖော်ရွေ ရွှင်ပြစွာ နေတတ်သည်။ သူတို့သိကျွမ်းပြီးသွားသောအခါ ဝူဝေ့ချန်းက ကျင်းစစ်ဆီသို့ အခြားကောင်လေးများကိုခေါ်လာတတ်သည်။ တစ်ခါတစ်ရံတွင် စာမေးရန် စာအုပ်တွေလည်း ယူလာလေ့ရှိ၏။
သူက အရပ်မြင့်ပြီး သန်မာကာ ဆရာလျိုနှင့် ခန္ဓာကိုယ်ခြင်း ဆင်တူသည်။ အကုန်လုံးက Lဆိုဒ်ဝတ်ရချိန်တွင် သူက XXLဆိုဒ်ကိုဝတ်ရသည်။ လီကျိုးက ပြန်လည်တိုက်ခိုက်ရန် အဆင်မပြေပေ။ သူ့ကို ဘေးနားတွင် ကြက်ကလေးတစ်ကောင်လို အမခံထားရသည်။
"ငါ fanတွေကို ဂရုမစိုက်ဘူးကွာ..."
လီကျိုးက တိုးညင်းစွာ ရေရွတ်လိုက်သည်။
အခြားသူတွေက သူ့ဘေးနားလာကာ လီကျိုးပုဖုံးပေါ်သို့လက်များတင်ကာ နောက်ပြောင်လိုက်သည်။
"ကျင်းစစ်က မိန်းကလေးမဟုတ်တာ ကံကောင်းတယ်...မဟုတ်ရင် ဒီကောင် ဝူဝေ့တော့ အရှုပ်ထုပ်လေးဖြစ်သွားမှာ..."
ဝူဝေ့ချန်းက မျက်မှောင်ကြုပ်ကာ ရှူးရှူးလုပ်လိုက်သည်။
"ဘာတွေပြောနေတာလဲ..."
ကျင်းစစ်အားကြည့်လိုက်ချိန်တွင် ကျင်းစစ်ဂရုမစိုက်မှန်းသိလိုက်ရသဖြင့် သူစိတ်သက်သာရာရသွားသည်။
ယခင်က မူလခန္ဓာကိုယ်ကျင်းစစ်က ယင်းကျောင်းအား အတင်းလိုက်ကပ်နေခဲ့သဖြင့် အခန်း၇မှသူများက ကျင်းစစ်က ယောင်္ကျားလေးကို ကြိုက်သည်ဟု သတ်မှတ်ထားကြသည်။
သို့သော် နောက်ပိုင်းတွင် ကျင်းစစ်ကစာကြိုးစားသည့်အချိန် ယင်းကျောင်းအား မပတ်သက်တော့ပေ။ ဆန့်ကျင်ဖက်အနေဖြင့် ယင်းကျောင်းက သူ့အား စနောက်လေ့ရှိသည်။ သူ ယင်းကျောင်းနှင့် ကြိုက်နေလား သို့မဟုတ် ယင်းကျောင်းကပဲ တမင်တကာ ပြဿနာရှာချင်လို့လားဆိုတာကို အခန်း၇မှသူများ သေချာမသိပေ။
သူတို့တွေ အချိန်ခဏတာ စပ်စုကြပေမယ့် ဘယ်အရာမှမမြင်နိုင်သေးပေ။ သို့သော် ယင်းက ကိစ္စမရှိချေ။
သူ ယောင်္ကျားလေးကိုကြိုက်တာလား မိန်းကလေးကိုကြိုက်တာလားဆိုတာ အရေးမကြီးပေ။
သူ ယောင်္ကျားလေးကို ကြိုက်နှစ်သက်ကတည်းက ကျောင်းတွင် သူကြိုက်သောသူက တစ်မိုးအောက် တစ်ယောက်တည်းသာရှိသည့် ယင်းကျောင်းဖြစ်ပြီး သူနှင့်တူသည့်သူမျိုးလည်းမရှိချေ။ ထို့ကြောင့် သူတို့စိတ်ပူစရာမလိုချေ။ သူ မိန်းကလေးကို ကြိုက်နှစ်သက်သည်ဆိုလျှင်လည်း သူတို့အတွက် အရေးမကြီးပေ။
သို့သော် သူတို့တွေက ကျင်းစစ်စိတ်ထဲ အဆင်မပြေမည်စိုး၍ သူ့အား စနောက်ရန် ယင်းကိစ္စကို အထူးဂရုပြု၍ ရှောင်ကျဥ်ကြသည်။
ကောင်လေးတွေက ပြုံးကာ ဝူဝေ့ချန်းအား တောင်းပန်သည့်ပုံစံ လုပ်ပြကြသည်။
ဝူဝေ့ချန်းက အချိန်ကို တွက်ကာပြောလိုက်သည်။
"အချိန်က မြန်လိုက်တာ...မနက်ဖြန်ဆို စနေနေ့ရောက်ပြီ..."
"စနေကဘာဖြစ်မှာမို့လဲ..."
လီကျိုးက နှုတ်ခမ်းကိုကွေးကာ သက်ပြင်းချလိုက်သည်။
"ဘာမှထူးတဲ့နေ့မဟုတ်ဘူး..."
"ဟုတ်တယ်..."
ဘေးနားကကောင်လေးက ပြောလိုက်သည်။
"ငါ့အဖေနဲ့တစ်ခြားကျောင်းတွေကို တကယ်မုန်းတယ်...ငါစာသင်ဖို့အရမ်းကြိုက်တဲ့သူမျိုးလည်းမဟုတ်ဘူးလေ...ငါ့အဖေက စီရင်စုထဲအတင်းထည့်တာ...ပြီးတော့ငါ့ကြိုက်တဲ့မေဂျာလည်းမဟုတ်ဘူး..."
ကျင်းစစ်က ပြုံးရုံသာပြုံးပြီး ဘာတစ်ခုမှဝင်မပြောပေ။ အံဆွဲထဲမှ ပေါင်မုန့်များကိုယူကာ သူတို့ဆီပစ်ပေးလိုက်သည်။
ညပြန်လာသောအခါ သူဗိုက်ဆာလေ့ရှိသဖြင့် ပြင်သစ်ပေါင်မုန့်များကို ဆောင်ထားလေ့ရှိသည်။ ဈေးလည်းတန်သလို ကြာရှည်လည်းခံသည်။ စားပြီးသွားလျှင်လည်း ဗိုက်အပြည့်မြန်၏။
ကောင်လေးတချို့က အရမ်းကြီးမသိတတ်ကြပေ။ သူ့ဆီမှ တစ်ခုပြီးတစ်ခုထပ်တောင်းစားကြတော့သည်။
သူတို့က အသက်၁၆နှစ် သို့မဟုတ် ၁၇နှစ်ဖြစ်သည့်အတွက် သူတို့အစာအိမ်က မည်သည့်အရာမဆို ဆန့်သည်။
စားပြီးသွားသောအခါ အမှိုက်အိတ်ကို ကောင်လေးတွေက အိပ်ယာပေါ်သို့ ပစ်တင်လိုက်ချင်သည်။ ကျင်းစစ်က အသာလေးကြည့်လိုက်သည်နှင့် သူတို့က ချက်ချင်းပင် အမှိုက်ပုံးထဲသို့ပစ်ထည့်လိုက်တော့သည်။
"မနက်ဖြန် ကျောင်းရဲ့အများသုံးရေချိုးခန်း ဖွင့်မှာ..."
ဝူဝေ့ချန်းက စားရင်းပြောလိုက်သည်။
"မင်းတို့တွေ ရေသွားချိုးကြမှာလား..."
နွေဖက်တွင် ယောင်္ကျားလေးများက အများသုံးရေချိုးခန်းတွင် ရေချိုးကြသည်။
သို့သော် ယခုတွင် ရာသီဥတုက အနည်းငယ်အေးလာပြီး သူတို့ ရေအေးဖြင့်ချိုးလျှင် အဖျားဝင်နိုင်သည်။ မီးအားကောင်းသည်ဆိုပေမယ့်လည်း ရေနွေးငွေ့ကို အများကြီး မသုံးရဲကြပေ။
ကျင်းစစ်က စဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
"ငါ သွားမှာ..."
စီရင်စုက ကျောင်းမှာနေသော ကျောင်းသားများကို အပြင်လုံးဝထွက်ခွင့်မပေးပေ။ ကျောင်းအများသုံးရေချိုးခန်းက စနေနှင့်တနင်္ဂနွေတွင်သာ ဖွင့်သည်။ ထို့ကြောင့် သူတို့ဒီ၂ရက်တွင် ရေချိုးရမည်ဖြစ်သည်။
သူတို့တွေလည်း လက်ခံသဘောတူကြ၏။
"သွားကွာ..."
"အဲဒါဆို မင်းတို့ မနက်ကျ လိုအပ်တာယူခဲ့ကြ...ငါတို့ နေ့လည်စာမစားတော့ဘဲ အဲ့ဒီကိုတန်းသွားကြမယ်..."
ဝူဝေ့ချန်းက နောက်ဆုံးပေါင်မုန့်တစ်ကိုက်ကို စားလိုက်သည်။
"မဟုတ်ရင် ဘုံပိုင်ခေါင်းကို ကိုင်လို့ရမှာမဟုတ်ဘူး..."
ကျင်းစစ်က ခေါင်းညိတ်ပြလိုက်သည်။
"အိုကေ..."
တနင်္ဂနွေနေ့တွင် သွားလို့ရပေမယ့်လည်း အပတ်တိုင်း၏ နေ့တစ်ဝက်က သူတို့အတွက် တန်ဖိုးရှိသည်။ ကျောင်းသားအများစုက စနေနေ့တွင် သွားကြရန် ဆုံးဖြတ်ကြသည်။
ထို့ကြောင့် စနေနေ့ နေ့လည်တွင် စီရင်စု၏ရေချိုးခန်းတွင် လူအများစုရှိနေကြသည်။
"အဲ့ဒီအချိန် ဘယ်သူမှ မကြာစေနဲ့နော်..."
ဝူဝေ့ချန်းက ကောင်လေးတွေကို ကြည့်လိုက်ပြီး သတိပေးလိုက်သည်။
"ခေါင်းလောင်းတီးတာနဲ့ အခန်းထဲကထွက်ခဲ့တော့...ငါတို့အမြန်သွားပြီးနေရာယူရမှာ...ကြားတယ်နော်..."
လီကျိုးက သူ့ကို လှမ်းကြည့်လိုက်သည်။
"မင်းပြောစရာလိုသေးလို့လား...အရင်က မရောက်ဖူးတာကျနေတာပဲ..."
ဝူဝေ့ချန်းက သူ့ကိုဂရုမစိုက်ဘဲ ကျင်းစစ်ဖက်သို့လှည့်လိုက်ပြီး ကွဲပြားစွာ ဆက်ဆံပြောဆိုလေသည်။
"မင်းကတော့ အချိန်ယူပြီးမှလာခဲ့...ငါ မင်းအတွက် နေရာကြိုယူပေးထားမယ်..."
ကျင်းစစ်က ပြုံးလိုက်ပြီး"ဟင့်အင်း...မင်းတို့နဲ့အတူသွားမှာ..."
ကျင်းစစ်က ပထမအစတွင်၌ ထိုသို့နေရာဦးပေးထားပေးသည့် အလေ့အထကို အကျင့်မဖြစ်ခဲ့သေးသော်လည်း ယခုတွင်မူ အချိန်ကြာလာသည်နှင့်အမျှ သူတဖြည်းဖြည်း လက်ခံလာသည်။ တစ်ခါတစ်လေတွင် သူ လီကျိုးထပ်တောင် ကဖေးဆီသို့ စောစောရောက်နေလေ့ရှိသည်။
လူတစ်ချို့လည်း လက်ခံကြ၏။
နောက်တစ်နေ့နံနက်တွင် ကျင်းစစ်က ခေါင်းလျှော်ရည်၊ တာဝါနှင့် ရေချိုးခန်းအတွက်လိုအပ်သည်များကို ပလတ်စတစ်အိတ်နှင့် ထုပ်လိုက်ပြီး လွယ်အိတ်အတွင်းသို့ထည့်ကာ အခန်းဆီသို့ ယူသွားလိုက်သည်။
ဖောက်မမြင်နိုင်သော ပလတ်စတစ်အိတ်အား ယင်းကျောင်းလာထိုင်လျှင် မမြင်စေရန် စားပွဲအတွင်းသို့ ထည့်လိုက်သည်။
၃တန်းမြောက် အတန်းမပြီးဆုံးခင် ဝူဝေ့ချန်းက အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။
"အတန်းပြီးတာနဲ့ မြန်မြန်ထွက်ကြနော်...ဒီနေ့ ရေချိုးခန်းမှာ လူများမယ်ဆိုတာ ငါသိတယ်..."
ကောင်လေးတွေက ပြန်လည်တုံ့ပြန်လိုက်သလို ကျင်းစစ်ကလည်း သူတို့နှင့်အတူ ခေါင်းညိတ်ပြလိုက်သည်။
ထိုအချိန်တွင် ယင်းကျောင်းနှင့် ဟယ့်ကျိုးတို့က အပြင်မှ ပြန်ရောက်လာကြသည်။
ထိုမြင်ကွင်းကိုမြင်လိုက်သောအခါ ယင်းကျောင်း၏အပြုံးများက ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
သူက ဟယ့်ကျိုးကို ကြောင်ကြည့်လိုက်သည်။
"ငါပဲနားကြားမှားတာလား...သူတို့ပဲနောက်နေတာလား...ကျင်းစစ်ကရော ဘာလို့ပြန်ညိတ်ပြတာလဲ..."
ဟယ့်ကျိုးက ဆံပင်များထောင်သွားပြီး နဖူးပေါ်မှ ဇောချွေးများကိုသုတ်ကာ ပြောလိုက်သည်။
"ရေချိုးမှာလေ..."
သူ ဝူဝေ့ချန်းကို မျက်စိမှိတ်ကာ အချက်ပြလိုက်ချင်ပေမယ့်လည်း ဝူဝေ့ချန်းကသူ့ကိုမကြည့်ဘဲ ကျင်းစစ်နှင့် လီကျိုးဆီသို့သွားကာ ပြောလိုက်သည်။
"ငါ တာဝါအပိုတွေထည့်လာတယ်...မင်း နောက်ကျောကို ကူတိုက်ပေးလို့ရတာပေါ့..."
ကျင်းစစ်က သူ့စားပွဲကို လက်ညိုးထိုးပြပြီး ပြောလိုက်သည်။
"ငါလည်းယူခဲ့တယ်...မင်းကိုလည်းကူပေးလို့ရပါတယ်..."
ယင်းကျောင်းက သရော်ပြုံးပြုံးရင် လျှောက်သွားပြီး ဝူဝေ့ချန်းကို ဘေးသို့တွန်းထုတ်လိုက်သည်။
ဝူဝေ့ချန်းက သဲသဲမဲမဲ ဒေါသထွက်သွားသည်။ သို့သော် ယင်းကျောင်း၏မျက်နှာကိုတွေ့လိုက်ရသောအခါ သူ့ထိုင်ခုံဆီသို့ တည်ငြိမ်အေးချမ်းသော အမူအရာနှင့် ပြန်ထွက်သွားတော့သည်။
ယင်းကျောင်းက အသက်ပြင်းပြင်းရှုကာ သူ့ကိုယ်သူ စိတ်ငြိမ်ရန်အရင်ကြိုးစားလိုက်၏။
"သူတို့နဲ့အတူတူမသွားနဲ့...ကိုယ်မင်းကို မနက်ဖြန်လိုက်ပို့မယ်..."
ကျင်းစစ်က ခေါင်းခါကာ သင်္ချာအိုလံပစ်စာအုပ်မှ စာရွက်တစ်ရွက်ကို လှန်လိုက်သည်။
"ငါသွားမယ်လို့ ပြောပြီးသွားပြီ..."
ယင်းကျောင်း မျက်နှာကရှုံ့မဲ့သွားသည်။
'သူတော်တော် သတ္တိရှိနေတယ်...သူဒီနေ့ အရူးကောင်တစ်အုပ်နဲ့အတူ ရေသွားချိုးမယ်ပေါ့...မနက်ဖြန်ကရော...မနက်ဖြန်မှာရော သူဘာလုပ်ဦးမလဲ...'
ယင်းကျောင်းက သူ့သွားကိုတင်းတင်းစေ့လိုက်သည်။
'ကောင်းပြီလေ...သူ့အပြစ်မဟုတ်ဘူး...ဒီကောင်တွေ အတင်းလုပ်ခိုင်းတာ...'
စားပွဲပေါ်တွင်အိပ်နေသော ဝူဝေ့ချန်းက ထူးထူးခြားခြား ကျောခြမ်းသွားသလို ခံစားလိုက်ရသည်။ သူ ခေါင်းထောင်ကာ ဘေးတစ်ဝိုက်ကို ကြောင်ပြီးကြည့်လိုက်သည်။ ထို့နောက် သူ့ခေါင်းကို ၂ချက်လောက် အူကြောင်ကြောင်နှင့် ကုက်လိုက်ပြီးနောက် ပြန်အိပ်နေလိုက်သည်။
မနက်ပိုင်း ၄တန်းမြောက်အတန်းက ဆရာလျို၏သင်္ချာအတန်းဖြစ်သည်။
မနေ့ကအခန်း၇တွင် ဉာဏ်စမ်းရှိခဲ့သည်။ ထို့ကြောင့် အတန်းတွင် သင်ခန်းစာအသစ်မသင်ဘဲ ဆရာလျိုက မေးခွန်းစာရွက်အကြောင်းသာပြောသည်။
ကျင်းစစ်က ပုံမှန်အတိုင်း အမှတ်ပြည့်ဖြစ်သည့်အတွက် ဘာမှပြောစရာမလိုပေ။ မည်သို့ပင်ဖြစ်စေ သူက ယင်းကျောင်းအတွက်ကိုတော့ ဂုဏ်ယူမိသည်။ သူ့ရမှတ်များတိုးတက်လာကာ ဆရာလျို၏ချီးကျူးမှုအချို့ကိုရလိုက်သည်။
လွယ်ကူသော မေးခွန်းများကို ဆရာလျိုက ခပ်သွက်သွက် မြန်မြန်ပြောသွားပြီး နောက်ပိုင်းအရေးကြီးသောမေးခွန်းများကို ဖြည်းဖြည်းချင်း သေချာရှင်းပြပေး၏။
သူ၏အတန်းသားများအကြောင်းကို သိသည့်အတွက် အပိုင်းများကို တစ်ပိုင်းချင်းစီ သေချာရှင်းပြသည်။ အပိုင်းကြီးများကို ရှင်းပြပြီးသည့်နောက်တွင် ခေါင်းလောင်းထိုးပေသည်။
ခေါင်းလောင်းသံကို ဝူဝေ့ချန်းက ကြားလိုက်သည်နှင့် ပလတ်စတစ်အိတ်ကို ချက်ချင်းကိုင်ကာ အခန်းတံခါးဆီသို့ လှမ်းကြည့်လိုက်သည်။ ဆရာလျို၏အသံကို ကြားနေရစဉ်မှာပင် အခန်းအပြင်သို့အမြန်ထွက်ရန် သူထိုင်ခုံမှထလိုက်သည်။
ဆရာလျိုကလည်း အချိန်ဆွဲမနေတော့ဘဲ မြေဖြူခဲကိုချလိုက်ကာ ပြောလိုက်သည်။
"အင်းပါ...အတန်းလွှတ်ပြီ..."
ထိုအချိန်တွင် ယင်းကျောင်းက ရုတ်တရက်လက်မြှောက်လိုက်သည်။
"ဆရာ..."
ဆရာလျိုက သူ့ကိုအော်ခေါ်လိုက်သော ယင်းကျောင်းကို လှမ်းကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ..."
ယင်းကျောင်းက လက်ထဲတွင်စာရွက်ကို ယမ်းပြပြီး စိတ်ဝင်စားလွန်းသော မျက်နှာအသွင်အပြင်နှင့် ပြောလိုက်သည်။
"နောက်ဆုံးအပုဒ်ကြီးကို ကျွန်တော်နားမလည်ဘူး..."
အခန်းအပြင်သို့အမြန်ထွက်ရန် ကြိုးစားနေသော ဝူဝေ့ချန်းက ဒယိမ်းဒယိုင်နှင့် ထိုင်ခုံတွင်ပြန်ထိုင်လိုက်ရတော့၏။
____
စာရေးသူမှာ ပြောစရာရှိတယ်~
အပိုင်းတို :
အကိုကျောင်း : ဟီးဟီး...ငါ မင်းကို အကျိုးကျေးဇူးကောင်းကောင်းမပေးနိုင်ဘူး
_
Translated By IQ-Team.