Chapter 42
-----------------------
" ကိုယ်မင်းကိုကြိုက်တယ်"
ကျင်းစစ် သူ့ကိုကြည့်လိုက်ပြီး သူ ယင်းကျောင်းကိုပေးလိုက်တဲ့ အိမ်စာများလွန်းတာကြောင့် ငယ်ငယ်ရွယ်ရွယ်ဖြင့် စိတ်တွေ ရှုပ်ထွေးကုန်တာလားဟု သိချင်သွားသည်။
သူ့ခမျာ ရုပ်ရှင်ကားနာမည်ကိုတောင်မမှတ်နိုင်တော့လို့ ထပ်ခါထပ်ခါ ရွတ်နေရတယ်...
ကျင်းစစ်က အပြစ်ရှိစိတ်ဖြင့် အကြည့်လွှဲလိုက်ပြီး စားပွဲပေါ်က ဖန်ခွက်အလွတ်ကိုကြည့်လိုက်သည်။ ထို့နောက် ရေဖြည့်စက်ဆီသွား၍ ရေထည့်လိုက်လေသည်။
ယင်းကျောင်း ကတော့စိတ်အခြေအနေကောင်းနေ၏။
ကျင်းစစ်ဘာလို့ ထို အချစ်ဇာတ်လမ်းကို ရွေးတယ်ဆိုတာ သိပြီးတဲ့မနက်ကတည်းက ယခုအခြေအနေကို အခွင့်ကောင်းယူပြီး ဖွင့်ဟဝန်ခံချင်ခဲ့သည်။ သူထိန်းချုပ်မှုပင် လွတ်ထွက်မတတ် စိတ်လှုပ်ရှားနေ၏။
" I like you " ဇာတ်ကား ဒါရိုက်တာ၏ weibo ကိုပင်ရှာခဲ့ပြီး ဘာလို့ယခုလောက်အထိကောင်းတဲ့ ဇာတ်လမ်းကို ဖန်တီးခဲ့ပြီး အံ့ဩဖို့ကောင်းတဲ့ နာမည်ကိုပေးခဲ့လဲလို့ စိတ်ရင်းမှန်မှန်ဖြင့်မေးလိုက်ချင်သေးသည်။
ကျင်းစစ်က သူ့ကို လက်ဆောင်တောင်ပို့ပေးခဲ့ပြီး သူ့အချစ်တွေအတွက်ကျေးဇူးတင်ခံခဲ့ရသည်။
သို့ပေမယ့် ဒါရိုက်တာသည် weibo ကိုလုံးဝမဖွင့်သည့်အတွက် ယင်းကျောင်း အပျော်တွေပြည့်နေပေမယ် ရင်ဖွင့်စရာမရှိဖြစ်နေရ၏။ သူတွေးပြီးနောက် သူမတတ်နိုင်စွာပြန်လှည့် သွားရတော့သည်။
ဟယ့်ကျိုး စာမေးပွဲခန်းထဲမှ ထွက်လာပြီး ရလဒ်တွေထွက်လာရင် အိမ်ကိုဘယ်လိုပုံစံနှင့် ပြန်ရမည်ကိုတွေးနေ၏။ ဖန်ချန်းချန်း ကလည်းအေးစက်တဲ့မျက်နှာနှင့် သူဘာကိုတွေးနေတယ်ဆိုတာမသိနိုင်ပေ။ နလုံးသားမရှိတဲ့ ကျန့်ချွယ်ကတော့ လျှို့ဝှက်စွာ ဖုန်းကိုထုတ်လိုက်ပြီး ဆရာလျိုအပြင်ရောက်နေချိန် ဂိမ်းကစားရန် လုပ်လိုက်သည်။
" မင်း..."
ယင်းကျောင်း အကြည့်သည် လူတချို့အပေါ် ဖြတ်သန်းသွားပြီး အကုန်လုံးသူ့ကိုပြန်ကြည့်လာသောအခါ မေးလိုက်၏။
" ကျင်းစစ်ကိုတွေ့လိုက်သေးလား"
ဟယ့်ကျိုး, ကျန့်ချွယ်, ဖန်ချန်းချန်း : " ???"
ဟယ့်ကျိုးက အရှေ့ကိုကြည့်လိုက်ပြီး " ကျင်းစစ် က ရေစက်ရှိတဲ့ အပေါ်ကို တက်သွားတယ်မလား"
ယင်းကျောင်း မကြာသေးမှီက စာတွေအပြင်းအထန်လုပ်ပြီးသူ့အမြင်အာရုံဆုံးရှုံးသွားပြီလားဟု သူမေးလိုက်ချင်သည်။
ထိုစဥ် သူက ယင်းကျောင်းပြောသံကို ကြားလိုက်ရသည်။
" အိုး ငါသိတယ်လေ"
ဟယ့်ကျိုး, ကျန့်ချွယ်, ဖန်ချန်းချန်း : "???"
မင်းသိရင် ဘာလို့လာမေးနေတာလဲ သူနေမကောင်းဖြစ်နေတာလား...
ယင်းကျောင်းက သူ့ နှုတ်ခမ်းကို လျက်လိုက်ပြီး ဝမ်းနည်းစရာအပြုံးလေးဖြင့် " ဘာမှမဟုတ်ပါဘူး ငါတို့ရဲ့ အတန်းဖော်လေးက ချစ်ဖို့ကောင်းလွန်းတော့ တစ်ချက်လောက် သွားကြည့်မလို့ပါ"
ဟယ့်ကျိုး : "..."
ကျန့်ချွယ် : "..."
ဖန်ချန်းချန်း : "..."
ဟယ့်ကျိုးက သူ့ကို မယုံကြည်နိုင်သောအကြည့်ဖြင့်ကြည့်နေပြီး " အကိုကျောင်း မင်းပုံမှန်လိုပြုမူသင့်တယ်လို့မထင်ဘူးလား"
ယင်းကျောင်းက သူ့ မျက်ခုံးများကိုပင့်တင်လိုက်ပြီး" ငါက ပုံမှန်ပါပဲ အရမ်းပုံမှန်ဖြစ်လွန်းလို့ တနဂ်နွေနေ့ကျရင်တောင် ကျင်းစစ်နဲ့ ရုပ်ရှင်သွားကြည့်ဖို့ လုပ်ထားသေးတယ်"
" စကားမစပ် ရုပ်ရှင်ကားနာမည်ကို မင်းသိရဲ့လား 'ကိုယ်မင်းကို ကြိုက်တယ် တဲ့' ကျင်းစစ်ကိုယ်တိုင်ရွေးတာလေ"
ဟယ့်ကျိုး : "..."
ဟယ့်ကျိုးက ဝတ်ကျေတမ်းကျေ ပြောလိုက်သည်။
" ကောင်းပါပြီ ရုပ်ရှင်သွားကြည့်ရတော့မယ့်အတွက် ဂုဏ်ယူပါတယ်"
သူက ဖန်ချန်းချန်း ဘက်သို့ လှည့်လိုက်ပြီး "လူအိုကြီးဖန် စာမေးပွဲ ပြီးပြီဆိုတော့ အိမ်သာထဲသွားပြီး စီးကရက်လေးဘာလေး သောက်ချင်လား"
ဖန်ချန်းချန်းက ခေါင်းငြိမ့်၍ သူ့နောက်သို့လိုက်သွား၏။ သူ့မျက်နှာပေါ်တွင် မည်သည့်အမူအရာမျှ မရှိနေသော်လည်း သူ့ခြေလှမ်းများတွင်တော့လွတ်မြောက်ချင်နေသော အရိပ်အယောင်တစ်ခုရှိနေလေသည်။
ကျန့်ချွယ် တစ်ယောက်တည်းကသာလျှင် ရိုးသားသူဖြစ်၏။ သူကအတန်းထဲက ထွက်သွားတော့မယ့် ဟယ့်ကျိုး နှင့် ဖန်ချန်းချန်းကို ကြည့်လိုက်ပြီးနောက် ခုံပေါ်တွင် ထိုင်နေသော ယင်းကျောင်း ကိုလည်း ကြည့်လိုက်သည်။
ထိုအချိန်တွင် သူက ကြင်ကြင်နာနာနှင့် ယဥ်ကျေးစွာမေးလိုက်သည်။
" အကိုကျောင်း စာမေးပွဲပြီးပြီဆိုတော့ စီးကရက် သွားသောက်ကြမလား"
ယင်းကျောင်းသည် ရေခွက်ကို သယ်၍ လျှောက်လာသော ကျင်းစစ်ကိုမြင်သောအခါ မျက်မှောင်ကြုတ်လိုက်ပြီး " ဘယ်သူက ဆေးလိပ်သောက်မှာလဲ အဓိပ္ပါယ်မရှိတာတွေ ပြောနေတာပဲ ကျင်းစစ် ကြားသွားပြီး အထင်လွဲသွားရင် ဘယ်လိုလုပ်မလဲ"
ကျန့်ချွယ် : "..."
ကျန့်ချွယ်က အသက်မဲ့စွာ လက်ကိုမြှောက်လိုက်ပြီး သူ့ပါးစပ်ကိုသူ ပုတ်လိုက်ကာ ထိုင်းမှိုင်းစွာ လျှောက်၍ အပြင်ထွက်သွားတော့သည်။
ကျင်းစစ်က အံအားသင့်သွားလေသည်။ သူကရပ််လိုက်ပြီး တံခါးဘက်ကို ကြည့်ကာ " သူဘာဖြစ်သွားတာလဲ"
" သူစာမေးပွဲ အကြောင်းတွေးပြီး ရူးသွားတာဖြစ်မယ်"
ယင်းကျောင်းကသာမာန်ဖြစ်နေဟန်ဖြင့် ပြောလိုက်ပြီး လက်ယက်ခေါ်လိုက်ကာ " မင်းအဲ့ဒီမှာ ဘာလုပ်နေတာလဲ မလာဘဲနဲ့"
ကျင်းစစ်က အသိပြန်ဝင်လာပြီး ဖန်ခွက်ကို စားပွဲပေါ်တင်၍ ခုံကိုဆွဲထုတ်ကာထိုင်လိုက်သည်။
ယင်းကျောင်းက သူ့နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုတွေကို မချေဖျက်နိုင်သေးပေ။ သူက ကျင်းစစ်ကို မင်းကို ကြိုက်တယ်ဆိုတဲ့ စကားကိုသုံးပြီး စချင်နေသေး၏။ ရုတ်တရက် သူ့ခေါင်းကိုဘေးဘက်သို့ လှည့်လိုက်လေသည်။
" ဘာဖြစ်လို့လဲ"
ယင်းကျောင်း အပြုံးလေးဖြင့်သူ့ရဲ့ ကြည့်လို့အကောင်းဆုံးပုံစံကို ထုတ်ပြကာ " မင်းဘာတွေကြည့်နေတာလဲ" ဟုမေးလိုက်သည်။
" မင်းရဲ့ စာရွက်"
ကျင်းစစ်က လက်ကိုဆန့်ထုတ်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
" ငါ့ဆီယူလာခဲ့"
ယင်းကျောင်း : "..."
တစ်ကမ္ဘာလုံးကို ဂရုမစိုက်သော ကျောင်းလူဆိုးလေးသည် ရုတ်တရက် တစ်ခုကိုတွေ့သွားလေသည်။ သူသည် ငရဲပြည် နှင့် ကောင်းကင်ဘုံကိုပင် မကြောက်ပေ။ သို့ပေမဲ့ သူသည် စာမေးပွဲဖြေပြီးနောက် ကျင်းစစ် သူ့ကို စာရွက်တွေတောင်းမှာကိုတော့ ကြောက်လေ၏။
ယနေ့ညနေခင်းတွင် ပြိုင်ပွဲသည် စာမေးပွဲကြောင့် ရပ်တန့်ထားရလေသည်။
ကျင်းစစ်က ယင်းကျောင်း၏ စာရွက်များကိုသိမ်းပြီးနောက် သူ့ကို ကျိုးချောင် ယနေ့ မေးခဲ့သောမေးခွန်းကို သတိရလိုက်သည်။ အချိန်ကိုကြည့်လိုက်ပြီး အတန်းမတက်ခင် 10 မိနစ်အချိန်ရသေးသည်ကို တွေ့သောအခါ သူ တန်းခွဲနှစ်ကို သွားလိုက်ပြီး ကျိုးချောင်ကိုထွက်ခဲ့ဖို့ ပြောလိုက်၏။
" ဘာဖစ်လို့လဲ တစ်ခုခုဖြစ်လို့လား"
ကျိုးချောင်သည် ကျင်းစစ် သူကို့ဘာကြောင့်ခေါ်မှန်းမသိဖြစ်နေလေသည်။
ကျင်းစစ်က စကားနည်းလေသည်။ သူ့ရဲ့ ပင်ကိုစိတ်ကလည်း အနည်းငယ် အေးတိအေးစက်နိုင်သည်။ ကျိုးချောင်က အရင်လက်ဦးမှုယူမှသာ သူတို့နှစ်ယောက် စကားပြောဖြစ်ကြခြင်းဖြစ်သည်။ ကျင်းစစ်က သူ့ကိုလာပြောသည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်သည်။
ကျိုးချောင်၏ နှလုံးသားသည် အနည်းငယ်ထိတ်လန့်သွားပြီး ထိန်းချုပ်လို့မရနိုင်တဲ့ ကိစ္စတစ်ခုခု များဖြစ်နေပြီလားဟု ထင်လိုက်သည်။ သူတွေးနေတုန်းတွင် ကျင်းစစ်ပြောသံကိုကြားလိုက်ရသည်။
" မင်းပြောတဲ့ ပုဒ်စာအကြောင်း ဒီနေ့ရှင်းပြမယ်"
" မင်း.. မင်းအဲ့ဒီ အကြောင်းကိုပြောဖို့ သပ်သပ်လာခဲ့တာလား"
" ဟုတ်တယ်လေ" ကျင်းစစ် ခေါင်းငြိမ့်လိုက်ပြီး အေးဆေးစွာပြောလိုက်သည်။
" ငါမင်းကို ပြောပြဖို့ကတိပေးခဲ့တယ်လေ"
သူယနေ့ကတိပေးခဲ့တာကို နောက်နေ့မှလုပ်မှာမဟုတ်ပေ မဟုတ်ရင် သူကတိပျက်သလိုခံစား ရမည်ဖြစ်၏။
ကျိုးချောင် ခဏမျှ တိတ်ဆိတ်သွားပြီး အသက်ပြင်းပြင်းရှု၍ခေါင်းကိုလှည့်လိုက်ပြီးနောက် အတန်းထဲပြေးဝင်ကာ " ခဏစောင့်ဦး ငါလေ့ကျင့်ခန်းစာအုပ်ကို အခုသွားယူလိုက်မယ်"
ကျိုးချောင်၏ အဆင့်တွေကကောင်းပြီး ဥာဏ်ကောင်းသောကြောင့် ဆရာကျောက်သည် သူ့ကိုရှင်းပြသောအခါ အနည်းငယ် လွယ်ကူသော အဆင့်များကိုကျော်သွားလေသည်။ ထို့ကြောင့် ကျိုးချောင်သည် တခါတရံ သူရှင်းပြသည်များကို နားမလည်ပေ။
ကျင်းစစ်ကမူကွဲပြား၏။ ဘယ်သူတွေဘယ်လိုပင် ပြောပါစေ ကျင်းစစ်သည် တစ်ဆင့်ချင်းဆီသာရှင်းပြပြီး ဘယ်သောအခါမှ အဆင့်မကျော်ပေ။ ရိုးရှင်းသော ဖော်မြူလာသုံးလျှင်ပင် သူသည် ချရေးပေးလိမ့်မည်။
သင်ခန်းစာကို ရှင်းပြအပြီးတွင်တော့ ကျိုးချောင်သည် ရုတ်တရက် ဥာဏ်အလင်း ပွင့်သွားပြီး လေ့ကျင့်ခန်းစာအုပ်ကို ကိုင်ထားပြီး ခေါင်းငြိမ့်ကာ စိတ်ရင်းအမှန်ဖြင့် ပြောလိုက်သည်။
" ငါနားလည်ပြီ ကျေးဇူးပဲ ကျင်းစစ်"
" ရပါတယ်"
5 မိနစ် 6 မိနစ်ခန့် ကုန်ဆုံးသွားပြီးနောက် ကျင်းစစ်သည် ဘောပင်ကို ကျိုးချောင် ထံသို့ ပြန်ပေးလိုက်ပြီး " အဲ့ဒါဆို ငါပြန်ပြီနော်"
" နေပါဦး ငါ့ကိုစောင့်ဦး မသွားနဲ့ဦး" ကျိုးချောင်ကမြန်မြန် ပြောလိုက်ပြီး အခန်းထဲသို့ အမြန် ပြေးဝင်သွားလိုက်သည်။
သူ့မှာ မေးစရာကျန်သေးသည်ဟု ထင်ပြီး ကျင်းစစ်က တုံ့ဆိုင်းသွားကာ စောင့်နေလိုက်သည်။
တစ်မိနစ်ပင် မကြာခိုက် ကျိုးချောင် ထွက်လာလေသည်။ သူက ဟောလဲလိုက်နေရင်းမှ ကျင်းစစ် လက်ထဲသို့ ဘဲတောင်ပံဘူးကို ထည့်ပေးလိုက်လေသည်။
" ငါ့အမေ ငါ့အတွက်ဒီနေ့ထည့်ပေးလိုက်တာ အဲ့ဒါက အရမ်းကောင်းတာနော် အတန်းထဲမှာ ဝေစုခွဲရင်း သိပ်တောင်မကျန်တော့ဘူး"
ကျင်းစစ်က အံ့အားသင့်သွားပြီးနောက် ငြင်းဆန်လိုက်သည်။
" ငါမယူပါရစေနဲ့ ဒါပဲဆိုရင် ငါသွားတော့မယ်"
" ဘယ်လိုသူငယ်ချင်းမျိုးက အရမ်းယဥ်ကျေးနေမှာလဲ"
ကျိုးချောင်က အေးဆေးပြောလိုက်ပြီး သူ့လက်ကိုဝှေ့ယမ်းလိုက်သည်။
" ယူသွားလိုက်ပါ ငါမင်းဆီ နောက်တစ်ကြိမ်ကျ ယူလာခဲ့မယ်"
ပြောပြီးနောက် ကျင်းစစ် ငြင်းမှာကိုစိုးရိမ်သဖြင့် စာသင်ခန်းထဲသို့ ချက်ချင်း ဝင်သွားလိုက်သည်။
ကျင်းစစ်က ဘဲတောင်ပံဘူးကို ကိုင်ထားရင်း တိတ်ဆိတ်စွာ ငုံ့ကြည့်လိုက်ကာ တန်းခွဲ 7 သို့ ပြန်သွားလေသည်။
" စတိုးဆိုင်သွားတာလား"
ယင်းကျောင်းက ကျင်းစစ် ကိုင်ထားသော ဘူးကို မြင်သောအခါ မျက်ခုံးပင့်ပြီးမေးလိုက်သည်။
" မဟုတ်ဘူး" ကျင်းစစ်ခေါင်းခါလိုက်ပြီး ဘဲတောင်ပံဘူးကို စားပွဲပေါ်တင်လိုက်သည်။
" ကျိုးချောင် ပေးလိုက်တာ မင်းစားချင်လား"
သူ့ခေါင်းကိုလှည့်ပြီးကြည့်လိုက်၏။ လီကျိုးနှင့် ဟယ့်ကျိုးမှာ သူတို့နေရာတွင်မရှိပေ။ ထို့ကြောင့် သူတို့ကို ဖိတ်ဖို့ အကြံဥာဏ်ကို လက်လျော့လိုက်သည်။
ယင်းကျောင်းက ရုတ်တရက် နှလုံးသားမှ အရေးပေါ်အချက်ပြသံကို ကြားလိုက်ရ၏။
" သူက အကြောင်းအရင်းမရှိဘဲ မင်းကိုဘာလို့ ဘဲတောင်ပံတွေပေးလိုက်တာလဲ"
" ငါသူ့ကို စာရှင်းပြလိုက်လို့"
ယင်းကျောင်းက နှာမှုတ်ပြီး ရယ်မောလိုက်၏။
" စာသင်ပေးလို့ ဘယ်လိုအကြောင်းပြချက်ကြီးလဲ ဘာမှမပေးတာကလည်း ခိုးတာမှမဟုတ်တာ"
(Eng T/n: ယင်းကျောင်း ဒီနေရာမှာ ဘာကိုပြောချင်တာလဲဆိုတာ သေချာမသိဘူး)
ကျင်းစစ် : "..."
ကျင်းစစ်က မျက်လုံးကိုပင့်ပြီး သူကိုကြည့်၍ ခပ်တည်တည် ပြောလိုက်၏။
" တခြားသူတွေကို အဲ့ဒီလို မပြောနဲ့"
ယင်းကျောင်းက ထို "တခြားသူ" ဆိုသည့်စကားလုံးကို ကြားလိုက်ပြီးနောက် မီးခဲ ဖင်ခုထိုင်သလို ဖြစ်နေရာမှ ချက်ချင်း မီးငြိမ်းသွားသလို ခံစားလိုက်ရ၏။
ယင်းကျောင်းက ဘဲတောင်ပံ တစ်ခုကိုယူလိုက်ပြီး ခေါင်းငြိမ့်ကာ အလေးအနက်ပြောလိုက်၏။
" ကောင်းပြီ ဒါဆို တခြားသူတွေကို မပြောတော့ဘူး"
ကျိုးချောင်က ချဲ့ကားပြောခြင်းမဟုတ်ပေ။ သူ့အမေ၏ ဘဲတောင်ပံ ဟင်းသည် အလွန်အရသာရှိ၏။ ယင်းကျောင်းက အဖုံးကို ဖွင့်ဖွင့်ချင်း အနံ့သည် တစ်ခန်းလုံး ပျံ့နှံ့သွားလေသည်။
ကျင်းစစ်နှင့်ရင်းနှီးသောသူများသည် ချက်ချင်းအနားရောက်လာကြပြီး သူတို့လက်တွေကို ပွတ်ပြီး သားရေကျနေကြသည်။
ကျင်းစစ်က ဘူးကို ရက်ရက်ရောရော တွန်းပေးလိုက်ပြီး သူတို့ကို စားဖို့ပြောလိုက်၏။
ယင်းကျောင်းက ဘေးမှနေ၍ အေးစက်စက် ကြည့်နေလိုက်သည်။ ကျင်းစစ်တစ်ခုတောင် မမြည်းရသေးဘဲ နောက်ဆုံးတစ်ခုကိုယူသွားတော့မည်ကို မြင်သောအခါ ရုတ်တရက် ဝူဝေ့ချန်း၏ လက်ကိုခေါက်လိုက်ပြီး " ကျင်းစစ်ဖို့တစ်ခုချန်ထား"
ဝူဝေ့ချန်က သူ၏လက်ကို တုံ့ဆိုင်းစွား ပြန်ရုတ်လိုက်ပြီး လက်ချောင်းထိပ်များကို ယက်လိုက်လေသည်။
" အဲ့ဒါကအရမ်းကောင်းလွန်းတော့ ငါလည်း မေ့သွားတာ"
ယင်းကျောင်းက သူ့ကိုစိုက်ကြည့်လိုက်ပြီးနောက် ဘာမှမပြောတော့ဘဲ နောက်ဆုံးတစ်ခုကို ကိုင်ကာ ကျင်းစစ် ပါးစပ်နားသို့ထိုးပေးလိုက်ပြီး " မြန်မြန်စား"
ငတုံးလေး အရင်ဦးဆုံးမစားဘူး
နှပ်ထားတဲ့ ဘဲတောင်ပံက အအေးခံ စားသောအခါ အရသာပိုကောင်း၏။ lomei ၏ ထူးခြားသောအငံ အရသာသည် လျာဖျားထိပ်လေးတွင်ပင် ချက်ချင်းပွင့်ထွက်သွားသည်။ ကျင်းစစ် တစ်ရှုးတစ်ရွက် ကိုယူလိုက်ပြီး လေးထောင့်ပုံခေါက်ကာ ဘဲတောင်ပံကို လက်ထဲတွင် တစ်ရှုးနှင့် အုပ်ကိုင်လိုက်သည်။
အဲ့ဒါက တကယ် အရသာရှိတာပဲ
အထူးသဖြင့် ကျိုးချောင် အမေက ယင်းကို အထူးလုပ်ပြီး ပို့ပေးခြင်းဖြစ်သည်။
ကျင်းစစ်က နောက်ဆုံးတစ်ကိုက်ကို မြတ်မြတ်နိုးနိုးကိုက်လိုက်ပြီး သူ့နှလုံးသားထဲတွင်အနည်းငယ်မနာလိုသလို ခံစားလိုက်ရလေသည်။
ဘဲတောင်ပံကိုစားပြီးနောက် ကျင်းစစ်သည် စားပွဲကို သန့်ရှင်းရေး လုပ်လိုက်ပြီး ယင်းကျောင်း စာရွက်ကို ကြည့်မည်လုပ်လိုက်သည်။ ထိုအချိန်တွင် သူ့အိတ်ကပ်ထဲမှ ဖုန်းသည် အကြိမ်ကြိမ် တုန်ခါလာလေသည်။
ကျင်းစစ် ဖုန်းသည် များသောအားဖြင့် မတုန်ခါဘဲ တိတ်ဆိတ်နေတတ်၏။ သူစာမေးပွဲ စာရွက်ကို ယနေ့ကြိုပေးရမှာဖြစ်တဲ့အတွက် သူ လီကျိုးကို ထမင်းစားနေချိန် ကူညီပေးရန် သဘောတူခဲ့သောကြောင့် သူတုန်ခါမှုကို ချိန်ညှိထားလေသည်။ အကယ်၍ လီကျိုးသာ သူ့ကို ကျောင်းကန်တင်းထဲတွင် ရှာမတွေ့လျှင် သူ့ကိုသူ့ကိုဖုန်းခေါ်နိုင်မည်ဖြစ်သည်။
ကျင်းစစ် ဖုန်းကိုထုတ်လိုက်ပြီး မက်ဆေ့ ထဲကို ဝင်ကြည့်ချိန် ထိုအရာသည် မထင်မှတ်ထားသော ကျင်းမြောင် ဆီမှဖြစ်နေသည်ကိုတွေ့လိုက်ရ၏။
__
[ကျင်းမြောင်] : အဖေ ငါ့အတွက် ဝယ်ပေးထားတဲ့ အဝတ်အစားတွေကို ဘယ်လိုထင်လဲ ကြည့်ကောင်းလား [ ဓါတ်ပုံ]
[ကျင်းမြောင်] : ဒီည ညစာအတွက် အဖေက နံရိုးတွေကို ငါ့ကြီးထွားမှု ကောင်းအောင်ဆိုပြီး ငါ့အတွက် အထူးဝယ်လာတာလေ [ ဓါတ်ပုံ]
[ကျင်းမြောင်] : အဖေက မင်းကို နောက်ဆုံးလမှာ ဘာလို့ပြန်လာခွင့်မပြုလဲ သိလား ဘာလို့ဆိုတော့ ငါ စာမေးပွဲဖြေနေချိန် မင်းငါ့ကို နှောက်ယှက်မှာစိုးလို့တဲ့လေ... ဟူး
[ကျင်းမြောင်] : တွေ့တယ်မလား အဖေက ငါ့ကိုပဲ သားလို့သတ်မှတ်ထားပြီး မင်းကိုလုံးဝမလိုချင်တာကို
ကျင်းမြောင်က သူ့စာကြည့်စားပွဲပေါ် ကို မှောက်လိုက်ပြီး သူ့ရဲ့ အောင်မြင်တယ်လို့ထင်နေတဲ့ မက်ဆေ့တွေ မလိုမုန်းထားသော ရည်ရွယ်ချက်ဖြင့် ကြည့်နေလိုက်သည်။
ကျင်းစစ် ဘာကို ဂရုအစိုက်ဆုံးလဲဆိုတာ သူအသိဆုံးပဲလေ
ကလေးဘဝထဲက သူ ကျင်းစစ် ဆီကအရာအားလုံးကို လုယူခဲ့သည်။အအောင်မြင်ဆုံးကတော့ ကျင်းဖုရဲ့ဂရုစိုက်မှုတွေကို လုယူပြီး ကျင်းစစ်ကို အပြင်လူအဖြစ် ပြောင်းလဲနိုင်လိုက်ခြင်း ဖြစ်သည်။
သူနှင့် ကျင်းစစ်သည် သုံနှစ်သာကွာသည်။ ငယ်ငယ်ကတည်းက သူ၏အမေသည် ကျင်းစစ်ကို မရှုံးစေနဲ့ဟုဆိုဆုံးမပြီး အဖေ့ရဲ့ အချစ်ဆုံးသား ဖြစ်ရမည်လို့လည်းပြောခဲ့သည်။
သူထိုကဲ့သို့အရာမျိုးတွေကို ဆယ်နှစ်ထက်မနည်း လုပ်လာခဲ့ခြင်းဖြစ်သည်။
အဖေကျင်းက သူ့ကိုပို၍အလိုလိုက်ကာ ဂရုစိုက်လေသည်။ အကောင်းဆုံးအစားအစာ တွေလည်းသူပဲ ရရမည်။ ကျင်းစစ်နှင့်လည်း ရန်တိုက်ပေးရမည်။ သူ့အဖေဆီမှ အဆူခံ အရိုက်ခံရမည့်သူမှာလည်းကျင်းစစ် ဖြစ်ရမည်။
ကျင်းမြောင်သည် အမြဲတမ်းသူ့ဘဝထိုကဲ့သို့ ဆက်ဖြစ်နေမည်ဟု ထင်သည်။ အဆင့်ကောင်းတွေ မိဘတွေရဲ့ အလိုလိုက်မှုတွေနှင့်။ သို့ပေမဲ့ သူ ကျင်းစစ်၏ အဆင့်တွေကို မြင်သောအခါ ထိန့်လန့်သွားလေသည်။
ကျင်းစစ်က ခဏလေးအတွင်း အဆင့်တွေ ဘာကြောင့်ကောင်းသွားသည်ကိုသူမတွေးနိုင်ပေ။ သို့ပေမဲ့ သူ ကျင်းစစ်ကို ထိုအတိုင်းဆက်ထားလို့ မရတော့မှန်းသိလေသည်။ ကျင်းစစ်ရဲ့ အောင်မြင်သောအဆင့်တွေကို အဖေရှာတွေ့သွားလျှင်...
သူ့အဖေက ကျင်းစစ် ကိုပိုချစ်သွားမည်ကို ကြောက်လေသည်။
ကျင်းမြောင်အိမ်ပြန်ပြီးတဲ့နောက် သူလျှို့ဝှက်စွာ ပြည်နယ်စု အထက်တန်းကျောင်း ဖိုရမ်ထဲသို့ ဝင်ကြည့်လိုက်ပြီး ကျင်းစစ် ယနေ့နှင့်မနက်ဖန်မှာ စာမေးပွဲ ရှိတာကို သိလိုက်ရသည်။
ကျင်းစစ်က သူ့မိဘတွေ သူ့ကိုပို ကောင်းကောင်းမွန်မွန် ဆက်ဆံဖို့ ကြိုးစားနေသည်ကိုသိသည့်အတွက် သူတမင်တကာ ကျင်းစစ်ကို လှုံ့ဆော်ဖို့အကြံဥာဏ် ထွက်လာခြင်းဖြစ်သည်။
သူ့ကိုစာမေးပွဲ ကျအောင်လုပ်ရမယ်
ကျင်းမြောင် ယုတ်မာစွာ တွေးလိုက်ပြီး ကျင်းစစ်ဆီသို့ နောက်ထပ် မက်ဆေ့ပို့လိုက်သည်။
[ကျင်းမြောင်] : မင်းအမေကလည်း မင်းကိုမလိုချင် အဖေကလည်း မင်းကို မချစ်ဘူး သနားဖို့ကောင်းလိုက်တာ]
မက်ဆေ့ပို့ပြီးပြီးချင်းပင် ကျင်းမြောင် အခန်းတံခါးသည် ပွင့်သွားပြီး ကျင်းဖူ ဝင်လာပြီး " သား အိမ်စာပြီးပြီလား"
" ပြီးတော့မယ် ပြီးတော့မယ် "
ကျင်းမြောင်သူ့ဖုန်းကို စာအုပ်အောက်မှာ ဖွက်လိုက်ပြီး အပြစ်ရှိစိတ်နဲ့ ဘောပင်ကိုယူလိုက်ပြီး ကြုံရာရေးလိုက်ကာ စာကျက်ဟန်ဆောင်လိုက်သည်။
အဖေကျင်း မျက်မှောင်ကြုံ့လိုက်ကာ စာကြည့်စားပွဲပေါ်သို့ကြည့်လိုက်ပြီးနောက် ခေါင်းငြိမ့်ကာ ထွက်သွားလေသည်။
_____
Translated By IQ-Team.