Chapter 54
ဖျားနာခြင်းမှ ပြန်လည်သက်သာစေရန် မုန့်မိသားစုက နေရာကောင်းတစ်ခုဖြစ်သည်ဟု သူပြောရပေမည်။ ခြံဝင်းထဲရှိ ပတ်ဝန်းကျင်က သာယာပြီး တိတ်ဆိတ်နေသည်။ ထို့အပြင် တံခါးပေါက်နားရှိအစေခံကျူးယင်းသည်လည်း အလုပ်ကောင်းကောင်းလုပ်သည်ပင်။ လင်းရုဖေး လိုအပ်သည့်အရာမှန်သမျှ သူမက အခန်းထဲသို့ အမြဲကြိုတင်ပို့ဆောင်ပေးတတ်သည်။
လင်းရုဖေးက ဆေးသောက်ပြီးနောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။ သူ ပြန်ထလာချိန်တွင် သူ့ခန္ဓာကိုယ်က ပိုသက်တောင့်သက်သာရှိလာသည်။ သူက ချောင်းဆိုးနေသေးဆဲဖြစ်သော်လည်း ကိုယ်ပူချိန်က ပုံမှန်ပြန်ဖြစ်သွားပြီဖြစ်သည်။
ညစာစားပြီးနောက် လင်းရုဖေးသည် အေးမြသောခြံဝင်းလေးထဲတွင် ထိုင်နေပြီး ကျူးယင်းက ခြံဝင်းတံခါးဝရှိ ကျောက်တိုင်ပေါ်တွင် အမွှေးတိုင်များကို မီးထွန်းနေသည်။ လင်းရုဖေးသည် စကားတစ်ခွန်းမျှမဆိုဘဲ သူမလုပ်ရပ်တွေကို ကြည့်နေခဲ့ပြီး ထိုကဲ့သို့သောရနံ့မျိုးကို မုန့်မိသားစု စွဲလမ်းနေခြင်းကို သူ အမှန်တကယ် နားမလည်နိုင်သလိုသာ ခံစားနေရ၏။
မုန့်လန်ရောသည် တစ်နေ့လုံး အိပ်ပျော်သွားခဲ့ပြီးနောက် နောက်ဆုံးတွင် သူ၏စိတ်ခွန်အားလည်း ပြန်လည်ကောင်းမွန်လာသည်။ ဈေးဝယ်ထွက်ဖို့ လင်းရုဖေးကို ဆွဲခေါ်ရန်အတွက် သူ၏ ခြံဝင်းဆီသို့ အပြေးလေးလာပြီး ရှင်းကျိုးမြို့က ညဘက်တွင် အလွန်သက်ဝင်လှုပ်ရှားကာ ညဘက်ရှုခင်းကို မမြင်ရခြင်းသည် သနားစရာကောင်းသည်ဟု ဆိုလာသည်။
လင်းရုဖေးကလည်း မငြင်းဆိုနိုင်သောကြောင့် သူနှင့်အတူလိုက်သွားလိုက်သည်။
ရှင်းကျိုးမြို့က အလွန်ကြီးမားပြီး ညဘက်တွင် အမှန်တကယ်ပင် အသက်ဝင်နေသည်။ မှောင်နေသော်လည်း လမ်းမများပေါ်ရှိ နေရာတိုင်းတွင် တောက်ပသော မီးပုံးများ ချိတ်ဆွဲထားသည်။ လမ်းတလျှောက်လုံး တောက်ပသော မီးပုံးများဖြင့် လင်းထိန်နေပြီး လမ်းပေါ်ရှိ လူများအားလုံးကလည်း ရယ်မောဆူညံနေကြသည်။ လမ်းပေါ်၌ သူတို့၏ အနုပညာကို ရောင်းချနေသည့် ဖျော်ဖြေသူ အနည်းငယ်ကိုလည်း လင်းရုဖေး သတိထားမိသည်။
ဆုကြေးငွေအဖြစ် ငွေဒင်္ဂါးအနည်းငယ်ကို သူ့အင်္ကျီလက်ထဲမှ ထုတ်ယူပြီး သူတို့ဆီ ပစ်လိုက်သည်။ မုန့်လန်ရောက ပြုံးပြီး ခွန်းလွန်၏ညမြင်ကွင်းသည် ဘာနှင့်တူသလဲဟု လင်းရုဖေးကို မေးလာ၏။
"အဲဒါက တောင်အကြောင်းကို ပြောတာလား တောင်ခြေအကြောင်းကို ပြောတာလားပေါ် မူတည်တယ်"
လင်းရုဖေးက မုန့်လန်ရော အနားသို့လျှောက်လာပြီး သူ့အိမ်အကြောင်းကို စတင်ပြောပြသည်။
"တောင်ပေါ်မှာ တစ်နှစ်ပတ်လုံး နှင်းတွေကျတယ် နွေဦးလည်း မရှိသလို လူတွေလည်း မနေကြဘူး တောင်ခြေမှာတော့ တပည့်တွေအများကြီးရှိလို့ နည်းနည်းတော်သေးတယ် ဒါပေမဲ့ ခွန်းလွန်ရဲ့ တင်းကျပ်တဲ့ စည်းကမ်းတွေကြောင့် တပည့်တွေက များသောအားဖြင့် ချုပ်ချယ်ခံထားရတယ် နောက်ပြီး ဓားပြိုင်ပွဲတွေကျင်းပနေတဲ့အချိန်မှာတောင် စျေးဆိုင်ငယ်အချို့လောက်ပဲ ရှိတယ် တောင်ခြေရင်းမှာ မြို့ငယ်လေးတစ်မြို့လည်းရှိတယ် လူနေသိပ်မများပေမယ့် စိတ်ဝင်စားဖို့တော့ကောင်းတယ် မြို့ရဲ့ဘေးမှာ ချယ်ရီပင်တောအုပ်ရှိတယ် တောအုပ်ထဲမှာ လူတွေကို အနိုင်ကျင့်ရတာကို ကြိုက်တဲ့ မျောက်တစ်အုပ်လည်းရှိသေးတယ်......"
လင်းရုဖေး၏ စကားများကို နားထောင်ပြီးနောက် မုန့်လန်ရောက မျှော်လင့်တောင့်တနေသောအကြည့်ဖြင့် ကြည့်ကာ သက်ပြင်းချလိုက်မိ၏။
“သေချာပေါက် သာယာမှာပဲ"
လင်းရုဖေးက ပြုံးပြီး “ရှင်းကျိုးမြို့ကလည်း ကောင်းပါတယ် အရမ်းလှတယ်"
မုန့်လန်ရောက ပြန်မဖြေပေ။ အလှဆုံးရှုခင်းများပင် နှစ်ပေါင်းများစွာ ကြည့်ရှုခဲ့ပြီးနောက် အနည်းငယ် ငြီးငွေ့လာနိုင်သောကြောင့် ဖြစ်နိုင်သည်။
သူတို့နှစ်ယောက် လမ်းအတိုင်း လျှောက်လာကြပြီးနောက် မုန့်လန်ရောက လင်းရုဖေးကို မြစ်ကမ်းနားသို့ သွားချင်လားဟု မေးလာသည်။ ရက်အနည်းငယ်အတွင်း ချင်းမင်ပွဲတော် ကျင်းပမည်ဖြစ်ကြောင်း သူက ရှင်းပြသည်။ ချင်းမင်ပွဲတော်တွင် ရှေးဘိုးဘွားများကို ပူဇော်ရန် မီးပုံးများ လွှတ်သည့် ဓလေ့ရှိခြင်းကြောင့် ဒီရက်တွေအတွင်း၌ မြစ်ထဲတွင် လှပသည့်မီးပုံးများ အများကြီး ရှိပေလိမ့်မည်။
မုန့်လန်ရော၏ ကိုယ်ရည်ကိုယ်သွေးစရိုက်လက္ခဏာသည် အလွန်စိတ်ဝင်စားစရာကောင်းသည်ဟု လင်းရုဖေး ထင်မြင်မိသည်။ သာမန်လူများသည် ထိုသို့သောမြင်ကွင်းကို မြင်ရသောအခါတွင် စိတ်မသက်မသာဖြစ်ခြင်း သို့မဟုတ် ကြောက်လန့်ခြင်းမျိုးရှိသော်လည်း သူသည် ဘာမျှမခံစားခဲ့ရသည့်အပြင် မြစ်ပေါ်ရှိ မီးပုံးများသည် သေဆုံးသွားသူတွေအတွက်မဟုတ်သကဲ့သို့ လှပသည့်ရှုခင်းကိုကြည့်ရှုသလိုသာ ရိုးရှင်းစွာပြောလာ၏။
သို့သော်လည်း လင်းရုဖေးက မငြင်းပယ်ဘဲ မုန့်လန်ရောနှင့်အတူ မြစ်ဆီသို့ လိုက်သွားလိုက်သည်။
နောက်ကျနေပြီဖြစ်သော်လည်း စီဆင်းနေသောရေပြင်တစ်လျှောက် မီးထွန်းညှိထားသောမီးပုံးများကို လွှတ်နေသည့် လူများစွာလည်း မြစ်ကမ်းဘေးတွင် ရှိနေသေးသည်။ နက်မှောင်သောမြစ်ပေါ်တွင် မီးတောက်ငယ်လေးများ တောက်လောင်နေပြီး မြစ်ပြင်သည် ကြယ်အမြောက်အမြား လွင့်မျောနေသည့် မှောင်မိုက်သောနဂါးငွေ့တန်းနှင့်ပင် တူနေလေသည်။
လူများသည် မီးပုံးများကို လွှတ်ရုံတင်မကဘဲ စက္ကူပိုက်ဆံနှင့် အမွှေးတိုင်များကိုလည်း ကမ်းစပ်တွင် မီးရှို့နေကြသည်။
လင်းရုဖေးနှင့် မုန့်လန်ရောတို့က သူတို့၏ခန္ဓါကိုယ်များကို မြစ်၏လေနုအေးလေးက ဖြတ်သန်းတိုက်ခတ်သွားသည်ကို ခံစားပြီး ကမ်းစပ်တွင် မတ်တပ်ရပ်နေကြသည်။ မုန့်လန်ရောက တစ်ခုခုကို လေးလေးနက်နက် စဉ်းစားနေသကဲ့သို့ တိတ်ဆိတ်နေသည်။
"ဟမ်..." တစ်ချိန်လုံး လုံးဝမပေါ်လာခဲ့သော ကုရွှမ်းတုက လင်းရုဖေး၏နောက်မှ ရုတ်တရက် အသံထွက်လာသည်။
သူ့လေသံက အတော်လေးကို စိတ်ဝင်တစားဖြစ်နေပြီး “ဟိုမှာ ဘယ်သူလဲဆိုတာ ကြည့်လိုက်ပါဦး"
လင်းရုဖေးက ကုရွှမ်းတု ပြောသည့်နေရာကို ကြည့်လိုက်သည့်အခါ သူ မမျှော်လင့်ထားသည့်လူတစ်ယောက်ကို တွေ့လိုက်ရသည်။ အမှန်မှာ နေ့ခင်းဘက်တုန်းက လျှောက်လမ်းတွင် တွေ့ခဲ့ရသည့် ချီယန်ရှန့်ပင်။
ပတ်ဝန်းကျင်သည် အရမ်းမှောင်နေပြီး ကုရွှမ်းတုသာ သူ့ကိုသတိမပေးခဲ့ဘူးဆိုလျှင် မြစ်ကမ်းနဘေးတွင် ငုတ်တုတ်ထိုင်ပြီး ပန်းမီးပုံးလွှတ်နေသော ချီယန်ရှန့်ကို လင်းရုဖေး သတိထားမိမည် မဟုတ်ပေ။
အကယ်၍ သူတစ်ယောက်တည်းသာဆိုလျှင် အဆင်ပြေပြီး နားလည်နိုင်သေးသည်။ သို့သော် မီးပုံး လွှတ်လိုက်ပြီးနောက် သူ့ဘေးတွင် ရပ်နေသော လူကို တစ်ခုခု ပြောလိုက်သည်။ ထိုလူက သူ့ခေါင်းကို လှည့်လိုက်သောကြောင့် သူမ၏မျက်နှာကို လင်းရုဖေး မြင်လိုက်ရသည်။ သူ့မျက်လုံးများက အနည်းငယ် ထိတ်လန့်သွားသောကြောင့် ပြူးကျယ်သွားသည် - ထိုသူသည် အလွန်လှပသော ဓါးအကပညာရှင်၊ အပျော်မယ်ဂေဟာရှိ မုန့်လန်ရော စိတ်ဝင်စားနေသော မိန်းကလေးရှောင်ယွီပင်ဖြစ်သည်။
'သူတို့ နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးကြတာလား။ မြစ်ကမ်းစပ်မှာတောင် တွေ့နေကြသေးတယ်...။'
"ဒီမုန့်ကုန်းဇီရဲ့ဆံပင်ကတော့ အနည်းငယ်စိမ်းနေပြီ[3]"
ကုရွှမ်းတုက သက်ပြင်းချလိုက်မိ၏။
{ [3] - သစ္စာဖောက်ခြင်း၊ ဖောက်ပြန်ခြင်းခံရသည်။ }
နှစ်ယောက်သားသည် ဆက်ဆံရေးကောင်းပုံပေါ်ပြီး ရင်းရင်းနှီးနှီး စကားပြောနေကြသည်။ ချီယန်ရှန့်သည် မြစ်လေညှင်းကြောင့် ရှုပ်ပွသွားသော ရှောင်ယွီ၏ဆံပင်ကို ညီညာသွားအောင်ကူညီပေးရန် သူ့လက်ကိုတောင် မြှောက်၍လုပ်ပေးလိုက်သေးသည်။
သူ့နံဘေးတွင် ငုတ်တုတ်ထိုင်နေပြီး ရွှံ့များကို ယူကာ မြစ်ထဲသို့ပစ်ချနေသော မုန့်မိသားစု၏ ကောင်ငယ်လေးကို လင်းရုဖေး သူ့မျက်လုံးထောင့်မှနေ ကြည့်လိုက်မိသည်။ ထိုအချိန်တွင် သူ ဘာပြောရမှန်း မသိတော့ပေ။ သူ့အား ထိုမြင်ကွင်းကို ကြည့်ခွင့်ပေးသင့်သလား၊ သို့မဟုတ် မသိချင်ဟန်ဆောင်နေသင့်သလား။
လင်းရုဖေး ထိုကိစ္စကို လေးလေးနက်နက် စဉ်းစားနေချိန်တွင် မုန့်လန်ရောသည် ရုတ်တရက် ခေါင်းမော့လာပြီး လင်းရုဖေး ခုနက ကြည့်နေသည့်နေရာကို ကြည့်လိုက်သည်။ ညအမှောင်ထဲတွင် သူ့အရှေ့ရှိမြစ်ကမ်းပါးပေါ်တွင် စကားစမြည်ပြောနေကြသော လူနှစ်ယောက်ကို သူလည်း သတိပြုမိလိုက်ပုံရသည်။ သူ့လက်ကို မြှောက်ပြီး မျက်လုံးများကို ပြင်းပြင်းထန်ထန် ပွတ်သပ်ပြီးနောက် နောက်ဆုံးတွင် သူ့အမူအရာက အေးစက်သွား၏။
သူက သရဲတစ္ဆေကိုမြင်နေရသော်လည်း မယုံနိုင်ကြည်မှုများနှင့်ပြည့်နှက်နေသကဲ့သို့ ထိုအမူအရာက အတော်လေးကို ဖော်ပြရန်ခက်ခဲလှသည်။ သူက အစောတလျင် မတ်မတ်ထရပ်လိုက်သည်။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ချင်သော်လည်း တစ်နည်းနည်းဖြင့် ခက်ခက်ခဲခဲ ပြန်မျိုချပစ်လိုက်ရသည်။
မုန့်လန်ရောက ၎င်းကို အလွယ်တကူ မြင်နိုင်သည်။ ထိုစိတ်အနှောက်အယှက်ဖြစ်စရာကောင်းသည့် ချီယန်ရှန့်နှင့် သူသဘောအကျဆုံး ရှောင်ယွီတို့သည် တစ်ယောက်နှင့်တစ်ယောက် အရမ်းရင်းနှီးနေသကဲ့သို့ ချစ်ခင်နေကြသည်ကို သူမြင်နိုင်သည်။
လင်းရုဖေးက သူ့မျက်လုံးများကို မြစ်ဆီသို့ ရွှေ့လိုက်ပြီး လင်းထိန်နေသော မီးပုံးများကို စိုက်ကြည့်နေဟန်ဆောင်လိုက်၏။
"လင်းကုန်းဇီ"
မုန့်လန်ရောက ထိုစာကြောင်းကို သူ့ပါးစပ်ထဲမှထွက်လာနိုင်ရန် ခက်ခက်ခဲခဲ ဖြစ်ညှစ်ပြောဆိုလိုက်သည်။
"ကျွန်တော် နေသိပ်မကောင်းလို့ အရင်ပြန်ရအောင်"
“ကောင်းပြီ”
လင်းရုဖေးက ခေါင်းညိတ်လိုက်သည်။
မုန့်လန်ရောက ခေါင်းကိုလှည့်ကာ လျင်မြန်ပြီး ထိတ်လန့်တုန်လှုပ်မှကြောင့် ချော်လဲလုနီးပါးဖြစ်နေသည့်ခြေလှမ်းများဖြင့် လမ်းလျှောက်သွားသည်။ အဆုံးတွင် သူကို မြေပြင်ပေါ် လဲမကျစေရန် လင်းရုဖေးက သူ့လက်တစ်ဖက်ကို ကမ်းပေးလိုက်သည်။
သူတို့ မုန့်အိမ်တော်သို့ ပြန်ရောက်လာသည့်တိုင်အောင် မုန့်လန်ရောက နောက်ထပ် စကားတစ်ခွန်းမဆိုတော့ပေ။
သို့သော်လည်း သူတို့ ခွဲခွာခါနီးတွင် မုန့်လန်ရောက ရုတ်တရက် ပါးစပ်ကို ဖွင့်ကာ ကလေးဆန်သည့်ငိုသံလေးဖြင့်ဆိုလာ၏။
"လင်းကုန်းဇီ မင်းမြင်လိုက်တယ်မလား"
လင်းရုဖေးက အံသြသွားပြီး စကားမပြောနိုင်ဖြစ်သွားသည်။ သူ အမှန်တကယ် မမြင်ချင်ယောင်ဆောင်ချင်သော်လည်း မုန့်လန်ရော၏အသွင်အပြင်ကို ကြည့်ပြီးနောက် သူ့လည်ချောင်းထဲရှိ အလိမ်အညာစကားများသည် ထွက်မလာနိုင်တော့ပေ။ နောက်ဆုံးတွင် ထိုအလိမ်အညာစကားများအားလုံးကို တိုးလျသော သက်ပြင်းတစ်ချက်အဖြစ် ပြောင်းလိုက်ပြီး သူ့လက်များကို ဆန့်ထုတ်ကာ မုန့်လန်ရော၏ပခုံးကို ညင်သာစွာ ဖိပုတ်လိုက်ပြီးနောက် သူ့ခေါင်းကို ဖြည်းညှင်းစွာ ငြိမ့်ပြလိုက်သည်။
ဤအရာများကို တစ်ကြိမ်တစ်ခါမျှ မတွေ့ကြုံဖူးသော ကောင်ငယ်လေးက နောက်ဆုံးတွင် မငိုဘဲမနေနိုင်တော့ပေ။ ထိုမျက်ရည်များမှာ ဂုဏ်သိက္ခာကျသည်ဟု ခံစားရခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
သူ့ပါးပြင်မှ မျက်ရည်များကို အပြင်းအထန် သုတ်လိုက်ပြီးနောက် စိတ်ထိခိုက်စွာ ခက်ခက်ခဲခဲပြောလာ၏။
“သူ ဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရတာလဲ သူ ဘယ်လိုလုပ် လုပ်နိုင်ရတာလဲ... ..."
အင်အားအလွန်အကျွံသုံးထားသောကြောင့် သူ့ပါးပြင်ဖြူဖြူလေးများက နီမြန်းလာပြီး သွေးရောင်မှိန်မှိန်လေးများတောင် ပေါ်လာသည်။
“အဲဒါက... ...နားလည်မှုလွဲတာ ဖြစ်နိုင်တယ်”
မုန့်လန်ရောက ချီယန်ရှန့်ကို မုန်းသည်ဟု ပြောသော်လည်း တကယ်တမ်းတွင် သူတို့နှစ်ယောက်ကြားရှိ ဆက်ဆံရေးသည် ထင်သလောက် မဆိုးကြောင်း လင်းရုဖေး ခံစားမိသည်။ မဟုတ်ပါလျှင် သူသည် ထိုနေရာသို့ အလျင်အမြန် ပြေးသွားပြီး ချီယန်ရှန့်က ရှောင်ယွီနှင့် အဘယ်ကြောင့် အတူရှိနေရတာလဲဟု မေးခွန်းထုတ်ပေလိမ့်မည်။ သူငယ်ချင်း၏သစ္စာဖောက်မှုကို ရင်ဆိုင်ကြုံတွေ့ရသည့်အခါမှသာ ထိုကဲ့သို့သော စိတ်ပျက်ဖွယ်အကြည့်ကို ဖော်ပြနိုင်မည်ဖြစ်သည်။
"ကျွန်တော်အရှေ့မှာကျတော့ ရှောင်ယွီက လူကောင်းမဟုတ်ဘူး အပျော်မယ်ဂေဟာမှာရှိတဲ့ မိန်းမတွေ အကုန်လုံးက မရိုးသားဘူးဆိုပြီး ခပ်ဝေးဝေးနေဖို့ သူက အကြံပေးတယ်"
မုန့်လန်ရောက ငိုကြီးချက်မဖြင့်ဆက်ပြောလာ၏။
"ချီယန်ရှန့် အဲဒီလူလိမ်... လူလိမ်ကြီး...ကျွန်တော် သူ့ကို အမုန်းဆုံးပဲ သူက ကျွန်တော်အစ်မကို သဘောကျတာ သိသာပေမယ့်လို့ ကျွန်တော်အစ်မနောက်ကွယ်မှာ ဒီလိုဆိုးယုတ်တဲ့ကိစ္စတွေကို တကယ်ကြီး သတ္တိရှိရှိ လုပ်ရဲသေးတယ်"
လင်းရုဖေးခမျာ ပြောစရာစကားများ ပျောက်ရှသွားပြီး မုန့်လန်ရောကို မည်ကဲ့သို့နှစ်သိမ့်ရမည်ကို အမှန်တကယ်ပင် မသိတော့ပေ။
သို့သော် မုန့်လန်ရောက သူ့နှစ်သိမ့်မှုကို မလိုဘူးဆိုသည်မှာ ထင်ရှားသည်။ သူ လေရှူထုတ်အပြီးတွင် သူ့မျက်နှာကို ကတိုက်ကရိုက် သုတ်လိုက်ပြီး အလွန်အကျည်းတန်သော အပြုံးကို ပြုံးလိုက်သည်။
"တောင်းပန်ပါတယ် လင်းကုန်းဇီ ကျွန်တော် ဒေါသကို မထိန်းနိုင်ဘူး ဖြစ်သွားတယ် မင်း စောစော အနားယူသင့်တယ်... ... ကျွန်တော် ကျွန်တော် အခန်းကို အရင်ပြန်နှင့်တော့မယ်"
လင်းရုဖေးက မျက်မှောင်ကြုတ်ကာ စိုးရိမ်တကြီး ပြောလိုက်သည်။
“မင်း ချီယန်ရှန့်ကို တွေ့ပြီး ဒီကိစ္စကို သူနဲ့ စကားပြောကြည့်ရင်ရော……”
ထိုကိစ္စသည် နားလည်မှုလွဲမှားတာဖြစ်နိုင်၏။
သို့သော်လည်း မုန့်လန်ရောက ခေါင်းကို လေးပင်စွာ ခါရမ်းလိုက်ပြီး သူ့အမူအရာကလည်း တဖြည်းဖြည်း တည်ငြိမ်လာသည်။
"ကျွန်တော် မိသားစုက ကျွန်တော်ကို ရှောင်ယွီနဲ့ သိပ်ပြီး မပတ်သက်စေချင်ကြဘူး ဒီကိစ္စက အမှန်တကယ်ဖြစ်လာရင်တောင် ကျွန်တော်ဘက်မှာ ဘယ်သူမှ ရပ်တည်ပေးမှာ မဟုတ်ဘူး ဒါတင်မကသေးဘူး ရှောင်ယွီ...ရှောင်ယွီကလည်း သူမကို ငွေပေးဝယ်ပြီး ကယ်တင်ပေးပါလို့ ဘယ်တုန်းကမှ ကတိမတောင်းခဲ့ဖူးဘူး ဒီမှာ သူမ ဘယ်သူကိုစောင့်နေလဲတာလို့ အမြဲသိချင်နေခဲ့တာ အခု နောက်ဆုံးတော့ ကျွန်တော် သိသွားပါပြီ"
မုန့်လန်ရောက သူပြောစရာရှိသည်များကို ပြောပြီးနောက် လင်းရုဖေးကို နှုတ်ဆက်စကားဆိုပြီး လှည့်ထွက်သွားသည်။
လင်းရုဖေးက သူ၏အာရုံပျံ့လွင့်နေသောပုံကိုကြည့်ပြီး မိုက်မဲသည့်အရာတစ်ခုခုလုပ်မည်ကို အမှန်တကယ်စိုးရိမ်မိသည်။
သူက မျက်မှောင်ကြုတ်ပြီး သူ့ကိုယ်သူပြောလိုက်သည်။
“ကျွန်တော်တို့ ဘာလုပ်သင့်လဲ ဒီမုန့်မိသားစုရဲ့ ကောင်ငယ်လေးက အရမ်းပြင်းထန်တဲ့ကိစ္စတွေကို လုပ်လောက်မှာတော့မဟုတ်ဘူး ဟုတ်တယ်မလား"
ကုရွှမ်းတုက ပျင်းရိစွာ ပြောလိုက်သည်။
"သူ့ရဲ့ အင်အားနဲ့ ကောင်းကင်ကြီးကိုတောင် ဖြိုချပစ်နိုင်လိမ့်မယ်လို့ မင်းက ပြောချင်တာလား"
လင်းရုဖေးက သဘောမတူဟန်ဖြင့်ဆိုလိုက်၏။
“အဲဒါက ဖြစ်နိုင်ချေရှိတယ်လေ"
ကုရွှမ်းတုက မေးသည်။
"မင်းရဲ့ချစ်သူက တစ်နေ့မှာ တခြားတစ်ယောက်နဲ့တွေ့နေရင် မင်းဘာလုပ်မှာလဲ"
လင်းရုဖေးက ထိုအကြောင်းကို စဥ်းစားလိုက်ပြီး : “အိမ်ထောင်ရေးဖောက်ပြန်တဲ့သူကို ကျွန်တော်ဓားနဲ့ ထိုးသတ်ပစ်မိလိမ့်မယ် ထင်တယ်"
[ TN/ အိမ်ထောင်ရေးဖောက်ပြန်သူဆိုတာ သူ့ချစ်သူမိန်းကလေးကို ပြောတာမဟုတ်ပါဘူး။ သူ့ကောင်မလေးနဲ့ဖောက်ပြန်တဲ့ ယောက်ျားလေးကို ပြောတာပါ ]
ကုရွှမ်းတု : "မင်းရဲ့ချစ်သူကိုရော အပြစ်မတင်ဘူးလား"
လင်းရုဖေးကဆိုသည်။
“ကျွန်တော် မသိဘူး ကျွန်တော် သည်းမခံနိုင်လောက်ဘူး ဒါကြောင့် အပြစ်တင်ကောင်းတင်နိုင်တယ်”
သူက ကုရွှမ်းတုကို ကြည့်ရန် ခေါင်းလှည့်လိုက်ပြီး "ခင်ဗျား ဆိုရင်ရော"
ကုရွှမ်းတုက အလေးအနက်ထားပြောလာ၏။
"ဒီလိုကိစ္စမျိုးကို ကိုယ်က ဖြစ်လာခွင့်ပြုမှာမဟုတ်ဘူး"
လင်းရုဖေးက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“ဒါပေမယ့် တကယ်ဖြစ်လာခဲ့မယ်ဆိုရင်ရော"
ကုရွှမ်းတုက အေးစက်စွာ ရယ်မောလိုက်ပြီး "တကယ်ဖြစ်လာရင်ဟုတ်လား... 'တကယ်ဖြစ်လာရင်' ဆိုတာမရှိဘူး"
ထိုသူ ရေချိုးနေသည့်အချိန်တွင်ပင် သူက တစ်စုံတစ်ယောက်သောသူကို စောင့်ရှောက်ကာကွယ်ပေးထားသည်ပင်။ ထိုသို့ဆိုလျှင် 'တကယ်ဖြစ်လာရင်' ဆိုတာ မည်ကဲ့သို့ ရှိလာနိုင်တော့မည်နည်း။
****
စာရေးသူမှာ ပြောစရာရှိတယ်~
ကုရွှမ်းတု : ဘယ်သူကမှ ကိုယ့်ကို စိမ်းအောင်လုပ်နိုင်မယ်လို့ မထင်ဘူး
လင်းရုဖေး : ဒီတရုတ်ပျိုနီပန်းပင်က အရမ်းလှတယ်...
ကုရွှမ်းတု : …….
လင်းရုဖေး : ဒီတရုတ်ပျိုနီပန်းပင်က အရမ်းလှတယ်...
ကုရွှမ်းတု : …….
လင်းရုဖေး : ဒီ... ...
ကုရွှမ်းတု : မင်း ကိုယ့်ကို တမင် ဒေါသထွက်အောင် လုပ်နေတာလား...!
────────────────────────────
[ T/N - ပြောချင်တာက သူကချယ်ရီပန်းပင်လေ အဲ့ဒါကို ပျိုနီပန်းကလှတယ်လို့ပြောလိုက်တော့ သူ့ကို ဦးထုတ်စိမ်းဆောင်းပေးတာနဲ့အတူတူပဲလေ 🤣 ]
─────────────────────
Translated By IQ-Team.