အပိုင်း ၅၅
Viewers 15k

Chapter 55
​ရှောင်ယွီ...ရှောင်ယွီ

───────

မုန့်လန်​ရောက ပြင်းထန်လွန်းသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ဟု ကုရွှမ်းတု ခံစားနေရသော်လည်း လင်းရု​ဖေးစိတ်ထဲတွင်မူ စိုးရိမ်မှုအချို့ရှိနေဆဲပင်။

နောက်ထပ်ရက်အနည်းငယ်အတွင်းတွင် လင်းရု​ဖေးက မုန့်လန်​ရောကို လုံးဝမတွေ့ရ​ပေ။ စေ့စပ်​သေချာစွာ စဥ်းစားပြီး​နောက် တစ်ခုခု မူမမှန်​ကြောင်း လင်းရု​ဖေး ခံစားနေရသဖြင့် ကျူးယင်းကိုရှာပြီး မုန့်လန်​ရောကို ဘာ​ကြောင့်မမြင်မိရတာလဲဟု မေးလိုက်သည်။

ကျူးယင်းက ပြန်​ဖြေလာသည်။ “အိုး လင်းကုန်းဇီ မသိသေးဘူးပဲ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်တုန်းက ကျွန်မတို့ရဲ့သခင်ငယ်​လေးက အအေးမိဖျားလို့လေ အရင်ရက်အနည်းငယ်​လောက်ကပဲ ပြန်သက်သာလာပါပြီ"

ထိုအခါမှသာ မုန့်လန်​ရော နေမကောင်းဖြစ်နေသည်ကို လင်းရု​ဖေး သိသွားသဖြင့် "အဲဒါက အရမ်းဖျား​နေတာလား"

“အရမ်းမဖျားပါဘူး နည်းနည်းအအေးမိရုံတင်ပါ ဒါပေမယ့် လင်းကုန်းဇီကလည်း နေမကောင်းဖြစ်​နေတာမိ့လို့ သခင်ငယ်​​လေးဆီကနေအဖျားကူးသွားမှာစိုးလို့ ကျွန်မက မ​ပြောပြခဲ့တာပါ"

ကျူးယင်းက ပြန်​ဖြေလိုက်သည်။

လင်းရု​ဖေးက မုန့်လန်​ရောဆီ သွားလည်ရန် မုန့်လန်​ရော ပြန်လည်သက်သာလာ​အောင် မည်သည့်နေရာတွင် အနားယူနေသလဲဟု ကျူးယင်းကို မေးလိုက်သည်။ မုန့်လန်​ရော၏ရုတ်တရက် ဖျားနာမှုသည် ထို​နေ့ညက တွေ့ခဲ့ရ​သောကိစ္စများနှင့် ဆက်စပ်နေ​ကြောင်း သူယုံကြည်သည်။ သို့သော် ကျူးယင်း၏အမူအရာကို ကြည့်ပြီး မုန့်လန်​ရောသည် ထိုအဖြစ်အပျက်ကို လုံး၀မပြောခဲ့​ကြောင်း သူခန့်မှန်းမိ၏။

ကျူးယင်းက လမ်းပြပြီး လင်းရု​ဖေးကို မုန့်လန်​ရော၏တံခါး၀ဆီသို့ ခေါ်သွားပေးသည်။ သူ ဝင်မသွားရ​သေးခင် အခန်းထဲမှ အ
စိတ်ရှည်ရှည်နှင့် စည်းရုံးနေ​သော မုန့်ယိုယွဲ့၏အသံကို ကြားလိုက်ရသည်။

“ဘိုးဘေးလေး ဆေးမသောက်ရင် ဘယ်လိုလုပ်နေကောင်းနိုင်တော့မှာလဲ လိမ္မာစမ်းပါ...ပြောစကားကို နား​ထောင်...အမေသာသိသွားရင် မင်းရဲ့နား​​တွေကို မလိုချင်​တော့ဘူးလား"

မုန့်လန်​ရောက တင်းမာခပ်ထန်နေသောလေသံဖြင့်ဆိုလာ၏။

“ဒါဆို ကျွန်တော် နား​တွေကို မလိုချင်တော့ဘူး အမေက သူတို့ကို ပြတ်သွား​အောင် လိမ်ဆွဲပါစေ"

မုန့်ယိုယွဲ့က သူမ၏​မောင်ငယ်လေးအတွက် ကူကယ်ရာမဲ့ဖြစ်နေသည်။

"အမေက ဒီလိုလုပ်ဖို့ နှလုံးသားမရှိဘူးထင်တယ်​ပေါ့ ဟုတ်လား မင်းမသောက်ရင် ငါ မင်းကို အတင်း​သောက်ခိုင်းမယ်"

မုန့်လန်​ရောက တစ်ခုခုပြောတော့မည့်အချိန်တွင် ကျူးယင်းသည် သူ့လက်ကို မြှောက်ပြီး တံခါးခေါက်လိုက်၏။

"သခင်ငယ်​လေး သခင်ငယ်​လေး နေမကောင်းဖြစ်နေကြောင်း လင်းကုန်းဇီကြားပြီး အလည်လာခဲ့တာပါ"

"ဝင်လာခဲ့ပါ" မုန့်ယိုယွဲ့က တုံ့ပြန်​ဖြေလိုက်သည်။

လင်းရု​ဖေး ဝင်လာချိန်တွင် ပြင်းထန်သော တရုတ်ဆေးရနံ့များ အခန်းထဲတွင် ပျံ့နှံ့​နေသည်။ သူ အရမ်းရင်းနှီး​သော အနံ့တစ်ခုပင်။ နှစ်များစွာကြာအောင် ထိုအနံ့ကို ရှူရှိုက်ခဲ့ပြီး​နောက် ၎င်းက အမှန်ပင် စိတ်ပင်ပန်းစရာ​ကောင်းလှသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်ကမှ သက်ဝင်လှုပ်ရှားတက်ကြွနေခဲ့သော မုန့်လန်​ရောသည် ယခုအခါ ပင်ပန်းနွမ်းနယ်နေသောမျက်နှာထားဖြင့် အိပ်ရာပေါ်တွင် လဲလျောင်းနေသည်။ သူ၏သေးငယ်သောမျက်နှာက နှိုင်းယှဥ်၍မရ​အောင် ဖြူဖျော့နေပြီး လင်းရု​ဖေး၏မျက်နှာနှင့်ပင် အနည်းငယ်ဆင်တူ​နေသည်။

သူက လင်ရုဖေးကို သတိထားမိသွားချိန်တွင် သူ့မျက်လုံးများက တောက်ပလာသော်လည်း နောက်တစ်စက္ကန့်တွင် ပြန်၍မှိန်​ဖျော့သွားသည်။

“လင်းကုန်းဇီက ကျွန်တော် ကိုတွေ့ဖို့ လာတာ​ပေါ့လေ"

"အင်း ငါ မင်းကို တွေ့ဖို့ လာခဲ့တာ"

လင်းရု​ဖေးက ကုတင်ဘေးသို့ ​လျှောက်သွားလိုက်ပြီး

"မင်းဘယ်လို​နေ​သေးလဲ"

"ဒါက သာမန် အအေးမိတာလေးတစ်ခုပါ အစ်မက အဲဒါကို ပုံကြီးချဲ့ရတာ ကြိုက်​နေရုံပဲ”

မုန့်လန်​ရောက မ​ကျေမနပ်ဖြစ်နေဟန်ဖြင့် “ဒီဆေးက လူတွေရဲ့ ဦးနှောက်ကို နာကျင်စေတဲ့အထိ အရမ်းခါးတယ် ဆေးမသောက်ရင်တောင် ရက်ပိုင်းအတွင်း ​နေ​ကောင်းသွားမှာ ကျွန်တော်ကဘာလို့ ဒီ​နာကျင်မှုကို သည်းခံ​နေရမှာလဲ"

မုန့်ယိုယွဲ့က သူ့ပါးစပ်မှ ထိုစကားကိုကြားလိုက်ချိန်တွင် စိတ်အ​နှောင့်အယှက်ဖြစ်စွာဖြင့် သူ့ခေါင်းကို တွန်းလိုက်ပြီး “မင်း.... မင်းအသက်ဘယ်လောက်ရှိနေပြီလဲ ကြည့်လိုက်ဦး ပြီး​တော့ ဆေးအခါးကို အခုထိကြောက်နေတုန်းပဲ လင်းကုန်းဇီရဲ့ရှေ့မှာ ​လှောင်​ပြောင်စရာလူဖြစ်လာမှာကို မကြောက်ဘူးလား"

မုန့်လန်​ရောက သူ့လျှာကို ထုတ်ပြီး ရယ်မောစရာမျက်နှာဖြစ်​အောင် ပြုလုပ်​သော်လည်း ဆေးသောက်ဖို့ရန် ပြင်းပြင်းထန်ထန် ငြင်းဆန်နေဆဲပင်။

မုန့်ယိုယွဲ့က သက်ပြင်းတစ်ချက်ချလိုက်ပြီး အကူအညီမဲ့စွာဖြင့် သူမ၏ ​ဖျောင်းဖျ​နေမှုကို လက်​လျှော့လိုက်သည်။ သူမ သူတို့ကို အရင်စကားပြော​နေရန် ပြောပြီး မုန့်လန်​ရော ​ဆေး​သောက်​နေသည်ကို ​စောင့်ကြည့်ရန် သူ့အမေကို ခေါ်လာမည်ဟု ပြောလိုက်သည်။

မုန့်လန်​ရောက လုံးဝမကြောက်​ပေ၊ သူတို့အိမ်​တော်အနီးရှိ ဝမ့်ကျီး၏ နေထိုင်ရာနေရာမှ သကြားရည်စိမ်ထား​သော ဇီးသီးတစ်ထုပ်ကို ယူလာခဲ့ရန်ပင် မုန်ယိုယွဲ့ကို တောင်းဆိုလိုက်သေးသည်။ မုန့်ယိုယွဲ့က မုန့်လန်​ရောကို စိုက်ကြည့်လိုက်ပြီးနောက် ဇီးသီးဝယ်ရန် အချိန်မရှိဘူး ဟု ပြောလိုက်သည်။ ထို့အပြင် သူက ဖျားနေသေးသည်။ သူ

ဆေးမသောက်လျှင်ူတော့ ဇီးသီးရဖို့ ဘယ်လိုမှ မဖြစ်နိုင်​ပေ။

အိပ်မက်သာဆက်မက်​နေလိုက်။

မုန့်လန်​ရောက သူမ၏စကားများကိုသာ ရယ်မောလိုက်မိပြီး ပြန်လည်ချေပခြင်းမရှိပေ။

မုန့်ယိုယွဲ့တစ်ယောက် အခန်းထဲမှ ထွက်သွားပြီး​နောက် မုန့်လန်​ရော၏ မျက်နှာပေါ်ရှိ အပြုံးကလည်း အနည်းငယ် မှိန်ဖျော့သွားသည်။

သူက ဝမ်းနည်းစွာ မျက်ခုံးကြုတ်လိုက်ပြီးနောက် အကြိမ်များစွာ ချောင်းဆိုးကာ ညည်းတွားလိုက်၏။

“ကျွန်တော် မဖျားတာကြာပြီ... ..."

လင်းရု​ဖေးက နှစ်သိမ့်​ပေးလိုက်သည်။

"တခါတရံ ဖျားနာတတ်တာက လူ​တွေအတွက် သာမန်ပါပဲ"

“လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကျွန်တော်နောက်ဆုံးအကြိမ် ဖျားခဲ့တာပဲ”

မုန့်လန်​ရောက အတိတ်ကို သတိရနေဟန်ဖြင့် “ကျွန်တော် အရမ်း​နေမ​ကောင်းဖြစ်ခဲ့ပေမယ့် ကံကောင်းထောက်မလို့ နောက်ပိုင်းမှာ ရှောင်ယွီကို တွေ့ဆုံခွင့်ရသွားတယ်……” ​

ရှောင်ယွီ၏ နာမည်ကိုပြောနေသော မုန့်လန်​ရောသည် ညိုးငယ်​သည့်အကြည့်လေးဖြင့် ကြည့်၍ဆိုလာ၏။

“ဒါပေမယ့် ကျွန်တော်လမမျှော်လင့်ထားမိဘူး သူမနဲ့ ချီယန်ရှန့်... ..."

လင်းရု​ဖေးက မေးလိုက်သည်။

“ဒါဆို မင်းအခု ဘာလုပ်ချင်လဲ"

မုန့်လန်​ရောက အားတင်းပြုံးကာ “ကျွန်တော်က ဘာလုပ်နိုင်မှာလဲ ချီယန်ရှန့်ကို ကျွန်တော်မုန်းတယ် လို့ပြောနေပေမယ့် တကယ်တော့ ကျွန်တော်တို့က နှစ်ပေါင်းများစွာ သူငယ်ချင်းဖြစ်ခဲ့ကြတာလေ သူက မုန့်အိမ်​တော်မှာရှိတဲ့ အဖိုးတန်ဧည့်သည်တစ်ယောက်လည်းဖြစ်နေသေးတယ် သူက မုန့်အိမ်​တော်မှာ နှစ်အတော်ကြာနေနေခဲ့တာ တစ်ခါတလေ သူက အရမ်းစိတ်ညစ်စရာကောင်းတယ်လို့ ကျွန်တော်ထင်ပေမယ့် သူက တကယ့်ကို ကျွန်တော်ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းပဲ... ..."

သူကပြောပြီးသည်နှင့် ဝမ်းနည်းလာသဖြင့် စကား​ပြောဆို​နေမှုမှာ ရပ်တန့်သွားပြန်၏။

လင်းရု​ဖေးက ​ပြောစရာစကားမဲ့သွားသည်။ သူငယ်ချင်းကောင်းတစ်ယောက်နှင့် သူ့အချစ်ရဆုံးမိန်းမ အတူတူရှိ​နေခြင်းသည် ဤကမ္ဘာကြီးတွင် ထို့ထက်ပိုပြီး ကြေကွဲစရာ ဘာတစ်ခုမှ မရှိနိုင်တော့​ပေ။

"ပြီးတော့ ချီယန်ရှန့်က ကျွန်တော်အစ်မကို သဘောကျနေတယ်လို့ ကျွန်တော် အမြဲထင်နေခဲ့တာ"

မုန့်လန်​ရောသည် အလွန်ဆိုးရွားစွာ အနိုင်ကျင့်ခံလိုက်ရသည့် သနားစရာကောင်းသော ကလေးလေးတစ်ယောက်ကဲ့သို့ ကုတင်ပေါ်တွင် ကျုံ့ကျုံ့​လေး​ကွေးလိုက်ပြီး "ဒါပေမယ့် အခု ကျွန်တော် သေချာ စဉ်းစားကြည့်လိုက်တော့ သူက ဒီလိုစကားမျိုး တစ်ခါမှ မပြောခဲ့ဖူးဘူး များသောအားဖြင့် ကျွန်တော်ကသာ အဲဒီအကြောင်းကို ဟာသလုပ်နေခဲ့တာ သူကတော့ မဟုတ်ဘူးလို့ မငြင်းဆိုခဲ့ရုံဘဲ”

တိတ်တိတ်နေခြင်းက ချီယန်ရှန့် သဘောတူလိုက်ခြင်းဟု သူ ​တွေးမိခြင်းပင်။ သို့သော် ထိုတိတ်ဆိတ်မှုက ငြင်းပယ်ခြင်းဆိုသည်ကို သူ မသိလိုက်ပေ။

အမှန်တရားကို သိပြီးနောက်တွင် သူနားမလည်သည့်အရာများစွာကို နောက်ဆုံးတွင် ရှင်းလင်းသွားသော်လည်း ဤအမှန်တရားကို မုန့်လန်​ရော မသိလိုပေ။

လင်းရု​ဖေးက နှုတ်ဆိတ်နေသော်လည်း သူ့​ပြောစကားများကို မုန့်လန်​ရော လိုအပ်မည့်ပုံမ​ပေါ်​ပေ။ မုန့်လန်​ရောသည် သူနှင့် ချီယန်ရှန့်တို့၏ ​ရှေး​ဟောင်း​နှောင်းဖြစ်များအ​ကြောင်းကို ​ရောက်တတ်ရာရာ​ပြောပြခဲ့ပြီး၊ သူက ချီယန်ရှန့်နှင့် အထူးရင်းနှီးမှုအချို့ရှိခဲ့သည်ကို တွေ့မြင်နိုင်၏။ ထိုချီရှန့်သည် ချီမိသားစုတွင် ဆယ်နှစ်နီးပါးရှိနေပြီဖြစ်သော်ကြောင့် ယင်းက ခွေးဖြစ်နေလျှင်ပင် ခံစားချက်အချို့ရှိသင့်နေပြီဖြစ်သည်။ ထို့ထက်သာမက ထိုသူသည် စိတ်ဝင်စားဖွယ်ကောင်းသော လူအဖြစ်လည်း သတ်မှတ်၍ရနိုင်သေးသည်။

"မင်း သူ့ကို သွားရှာပြီး မေးမကြည့်ဘူးလား"

မုန့်လန်​ရောက စကားပြောနေရခြင်းကြောင့် အနည်းငယ် ပင်ပန်းလာသည်ကို မြင်လိုက်ရသဖြင့် လင်းရု​ဖေးက ဤအလွန်အရေးကြီးသော မေးခွန်းကို ထုတ်​မေးလိုက်၏။

မုန့်လန်​ရောက ခါးသက်စွာ ပြုံးလိုက်ပြီး "ကျွန်တော် သူ့ကို မေးမှာ မဟုတ်ဘူး အဲလိုလုပ်လိုက်ရင် ကျွန်တော် ပိုပြီး​ဒေါသထွက်ရမှာကို ကြောက်တယ်"

လင်းရူဖေးက အနည်းငယ် အံ့သြသွားသည်။

"ဒါပေမယ့် ​ရှောင်ယွီကို ကျွန်တော်နဲ့အတူလိုက်ဖို့ ဆန္ဒရှိသလားဆိုတာသိရဖို့ သူမကို နောက်တစ်ကြိမ် ကျွန်တော်ထပ်သွား​တွေ့ဦးမယ်" မုန့်လန်​ရောကဆက်၍ဆိုသည်။

"သူမက တကယ်ကို ဆန္ဒမရှိရင်​တော့ အဲဒီအတိုင်းပဲ​ထားလိုက်ရမှာပေါ့"

သူက ပေါ့ပေါ့တန်တန်ပြောလိုက်​သော်လည်း သူ့လေသံထဲတွင်ပါဝင်​နေ​သော ဝမ်းနည်းပူဆွေးမှုကို လင်းရူဖေးက ရှင်းရှင်းလင်းလင်းသိမြင်နိုင်ပေ၏။

ထိုအထက်တန်းစားအ​ပျော်မယ် ​ရှောင်ယွီက မုန့်လန်​ရော၏လက်တွေ့ဘဝတွင် အကြီးမားဆုံးသောအခန်းကဏ္ဍမှ ပါဝင်​နေပုံရသည်။

လင်းရု​ဖေးက မုန့်လန်​ရော၏စကားကိုကြားချိန်တွင် ယခုကိစ္စသည် တစ်ခန်းရပ်သွားပြီဖြစ်ပြီး မုန့်လန်​ရောက ရှောင်ယွီကို ချီယန်ရှန့်ထံ ပေးအပ်ရန် ဆုံးဖြတ်လိုက်ပြီဟု သူတွေးလိုက်သည်။

သို့သော် အကြောင်းတစ်ခုခုကြောင့် ဤကိစ္စနှင့်ပတ်သက်ပြီး ပုံမှန်မဟုတ်သည့် အ​ကြောင်းအရာတစ်ခုခုရှိနေသည်ဟု လင်းရု​ဖေး အမြဲခံစားမိနေသည်။ သူ စူးစမ်း​မေးမြန်းချင်သော်လည်း စတင်ရန် စကားလမ်း​ကြောင်းကို ရှာမ​တွေ့ပေ။

ခဏအကြာတွင် မုန့်လန်​ရော၏အစ်မနှင့် သခင်မမုန့်တို့ ရောက်လာကြသည်။ သူမက သူတို့ဝယ်လာခဲ့သော သကြားရည်စိမ် ဇီးသီးတစ်ထုပ်ကို ယူဆောင်လာကြသည်။ မုန့်လန်​ရောက ၎င်းကို မျှော်လင့်ထားပုံရပြီး အိတ်ကို ပြုံးပြုံးရွှင်ရွှင်နှင့် လှမ်းယူကာ သူ့အစ်မကိုပင် မရိုမ​သေဖြင့် လှမ်းအော်လိုက်​သေးသည်။

သခင်မကြီးမုန့်က မည်း​မှောင်နေ​သော မျက်နှာနှင့် သူ့ကို ဆေးသောက်ရန် တိုက်တွန်းနေသော်လည်း မုန့်လန်​ရောက သူ့ပါးစပ်ကို ဖွင့်ရန် ငြင်းဆန်နေဆဲပင်။ ဤအရာသည် မဒမ်မုန့်ကို ဒေါသပိုထွက်စေပြီး သူ့နား​တွေကို သူမ ထပ်ဆွဲချင်လာ၏။

မိသားစု၏ပျော်ရွှင်စရာကောင်း​သော အငွေ့အသက်များကို မြင်လိုက်ရပြီးနောက် လင်းရု​ဖေးက ထပြန်ရန် နှုတ်ဆက်သင့်သည်ဟုခံစားရသည်။

ယခု စကားဝိုင်းအပြီးတွင် မုန့်လန်​ရောသည် ​ရှောင်ယွီနှင့် စကားပြောချင်​သေးကြောင်း လင်းရု​ဖေးကို ပြောပြခဲ့သည်။ မုန့်လန်​ရော ​နေပြန်ကောင်းလာပြီးသည့်အချိန်မှ သူ သွားလိမ့်မည်ဟု လင်းရု​ဖေး ထင်ခဲ့​သော်လည်း ထိုညနေခင်း၌ပင် ထသွားလိမ့်မည်ဟု မည်သူက ထင်မည်နည်း။ ကျူးယင်းက ဝမ်းနည်း​နေ​သောမျက်နှာနှင့် အခန်းထဲရှိ အမွှေးနံ့သာတိုင်ကို ထွန်းနေ​ကြောင်း သူ သတိထားမိသည်။ ဘာဖြစ်နေသလဲဟု သူ ပေါ့ပေါ့ပါးပါးသာ မေးလိုက်၏။

ကျူးယင်း : "ဟင်း သခင်ငယ်​လေးက မိုက်မဲတဲ့ကိစ္စကိုထပ်လုပ်လို့ သူ့အခြေအနေက ပိုဆိုးလာပြန်တယ်"

"မိုက်မဲတဲ့ကိစ္စ ဟုတ်လား"

လင်းရု​ဖေး၏နှလုံးခုန်သံက ကျယ်​​လောင်သွားသည်။

"သူဘာလုပ်လို့လဲ"

"သခင်ငယ်​လေးက ဖျား​နေတုန်းမလား"

ကျူးယင်းက ခါးသီးစွာ ​ပြောလိုက်သည်။

“ကျွန်မ သူ့ကို ခဏလောက် မကြည့်လိုက်တာနဲ့ အဆင့်မြင့်အ​ပျော်မယ်ကို တွေ့ဖို့ အ​ပျော်မယ်​ဂေဟာဆီ ခိုးထွက်မယ်လို့ ဘယ်သူကထင်မှာလဲ နောက်ဆုံးတော့ သူက သခင်မ​လေးရဲ့ အဖမ်းခံရပြီး ပြန်ဆွဲ​ခေါ်လာခံရတယ်​လေ"

လင်းရုဖေးက အနည်းငယ် အေးခဲသွားသည်။ မုန့်လန်​ရောသည် ဤမျှစိတ်အားထက်သန်နေမည်ဟု သူ မမျှော်လင့်ထားပေ။

“အခု သူ ဘာတွေလုပ်ခဲ့လဲ ကြည့်လိုက်ဦး သခင်ငယ်​လေး အ​ပျော်မယ်​ဂေဟာဆီ သွားတာကို သခင်မကြီးက မကြိုက်တာ​ကြောင့် သူ့ကို ​သေချာ​ပေါက် ထု​ထောင်းရိုက်နှက်ခဲ့တယ်"

ကျူးယင်းက တိုးလျ​သောအသံဖြင့် "အ​ပျော်မယ်​ဂေဟာက နတ်ဆိုးလေးတွေက သခင်ငယ်လေးကို အများကြီးဖြား​ယောင်းဆွဲဆောင်နိုင်​လောက်တဲ့အထိ ဘယ်​လိုတောင်လှပလဲဆိုတာ ကျွန်မ မသိဘူး"

လင်းရု​ဖေးက ​မေးလိုက်သည်။

“ဒါဆို သူ အခု ဘယ်မှာလဲ"

"သူ သီးသန့်အကျဥ်း​ခန်းထဲမှာရှိတယ်"

ကျူးယင်းက ပြန်​ဖြေလိုက်သည်။

“သူ ဘယ်တော့မှ ပြန်လွတ်မယ်ဆိုတာ​တော့ ကျွန်မလည်း​ မသိဘူး"

လင်းရု​ဖေးက သူမ၏ စကားများ​ကြောင့် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ထိုကိစ္စသည် ပိုပိုပြီး​ခက်ခဲရှုပ်ထွေးလာ​ကြောင်း သူ ခံစားရသည်။

ကျူးယင်း ထွက်သွားပြီးနောက် လင်းရု​ဖေးက သက်ပြင်းချကာ သူ့ကိုယ်သူ ညည်းညူ​ပြောဆိုလိုက်သည်။

“ဒါက တကယ်ကို ရှုပ်ထွေးလာပြီ"

“ဟုတ်တယ် အဲဒါက အရမ်းရှုပ်​ထွေးလာသလို စိတ်ပျက်စရာ​လည်းကောင်းတယ်လို့ ခံစားနေရတယ်”

ကုရွှမ်းတုသည် သူ့ကိုယ်သူ ပျင်းရိငြိီးငွေ့စွာဖြင့် ကုလားထိုင်ပေါ်သို့ အသံမြည်​အောင်ထိုင်ချလိုက်သည်။ မုန့်မိသားစုမှ အငယ်ဆုံးသား​လေး၏ အချစ်အမုန်း ဆက်ဆံ​ရေးများ အပါအဝင် မုန့်အိမ်တော်၏ကိစ္စရပ်များကို ကုရွှမ်းတု အမှန်တကယ် စိတ်မဝင်စား​ပေ။ ထိုကိစ္စတွေက လင်းရု​ဖေးအပေါ် ထိပါးမခြိမ်းခြောက်လာသေးသရွေ့ သူက ပျင်းရိသည့်အမူအရာကို အမြဲတမ်းပြသနေဦးမည်ပင်။

သို့​သော်ငြား လင်းရု​ဖေး၏နှလုံးသားသည် ကုရွှမ်းတုလောက် မကြီးမား​ပေ။

နောက်ဆုံး၌ သူက ချီတုံချတုံဖြင့် စကားမပြောမီအထိ အချိန်အတော်ကြာ​အောင် တိတ်ဆိတ်စွာ ကုတင်အစွန်း၌ ထိုင်နေမိ၏။

"ဒီကိစ္စကို ချီယန်ရှန့် သိလိမ့်မယ်လို့ မင်း ထင်လား"

ကုရွှမ်းတုက ဝေဖန်​ထောက်ပြလိုက်သည်။

“အဲဒီချီယန်ရှန့်က ထက်မြက်တဲ့သူ​လေ"

လင်းရု​ဖေး : "ဒါဆို သူသိ​လောက်လား"

ကုရွှမ်းတု : "သူသိတာ ဖြစ်ဖို့များတယ်"

လင်းရု​ဖေးက အံ့အားသင့်စွာဖြင့် “သူ သိတယ်ဆိုရင် ဘာလို့ အရိပ်အမြွက်​လေး​တောင် မပြရတာလဲ"

သို့သော်လည်း ကုရွှမ်းတုက ရိုးရှင်းစွာ ရယ်မောလိုက်ပြီး "သူ သေချာပေါက် ပြမှာပါ ဒါပေမယ့် မုန့်မိသားစုရဲ့​ကောင်ငယ်လေးက အဲဒါကို သ​ဘောကျလား သ​ဘောမကျဘူးလားဆိုတာက​တော့ မတူညီတဲ့ ကိစ္စတစ်ခုပဲ"

လင်းရုဖေးက မျက်မှောင်ကြုတ်လိုက်သည်။ ကုရွှမ်းတု၏စကားများသည် အန္တရာယ်ရှိသော အ​ကြောင်းအရာအချို့ကို ဖုံးကွယ်ထားသည်ဟု သူအမြဲတမ်း ခံစားမိသည်။

"ခဏစောင့်လိုက် ကိစ္စတွေက ပြီးသွား​တော့မှာ"

ကုရွှမ်းတုက ပြတ်ပြတ်သားသား ထပ်​ပြောလာသည်။

“လုံးဝ——ပြီးသွား​တော့မှာ"

မုန့်လန်​ရောကို သုံးရက်ကြာ အကျဉ်းချထားခဲ့သည်။

ဤသုံးရက်အတွင်း လင်းရုဖေးသည် သူနေထိုင်ရာ ခြံဝင်းအတွင်း ဖြတ်သွားသည့်အချိန်တိုင်း မုန့်လန်​ရော၏ငိုကြွေးသံများကို ကြားနိုင်သည်။ ဤ​ကောင်ငယ်လေးသည် ဖျားနေသေးသော်လည်း သူ့အော်သံသည် အားမာန်အပြည့်ရှိနေဆဲပင်။ ပထမတွင် လင်းရု​ဖေးက အနည်းငယ် စိတ်ပူနေခဲ့​သော်လည်း နောက်ပိုင်းတွင် သူလည်း ထိုအသံကို တဖြည်းဖြည်းချင်း နားယဥ်သွား၏။

လင်းရု​ဖေး၏ဖျားနာမှုသည် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာသည်။ ပြန်လည်ကောင်းမွန်လာပြီးနောက် မုန့်အိမ်​တော်မှ ထွက်ခွာရန် အချိန်တန်ပြီဟု သူထင်သောကြောင့် မုန့်လန်​ရောအား နှုတ်ဆက်ရန် စီစဉ်လိုက်သည်။

လင်းရုဖေးက မုန့်လန်​ရောကို ချုပ်နှောင်ထားသည့်နေရာသို့ သွားတွေ့သည်။ အစေခံများအားလုံးက လင်းရု​ဖေးကို သိကြပြီး သူသည် မုန့်အိမ်​တော်၏ ဂုဏ်သ​ရေရှိဧည့်သည် ဖြစ်သည်ကို သိသောကြောင့် သူတို့က လင်းရု​ဖေးကို မတားဆီးဘဲ တိုက်ရိုက် ဝင်ခွင့်ပေးလိုက်သည်။

"လင်းကုန်းဇီ လင်းကုန်းဇီ နောက်ဆုံးတော့ ခင်ဗျား ကျွန်တော်ကို လာတွေ့ပြီပဲ"