အပိုင်း ၄၈
Viewers 14k

Chapter 48

Chapter 48


နောက်တစ်နေ့ မိုးမလင်းခင်၌ ကျင်းစစ်သည် အိပ်ယာထပြီး တိတ်တိတ်ဆိတ်ဆိတ် ဆေးကြောကာ ကျိုးချောင်နှင့် တွေ့ရန် စင်္ကြံအပေါက်သို့ သွားလိုက်သည်။ သူတို့နှစ်ယောက်စကားပြောရင်းဖြင့် ဒုတိယစာသင်ဆောင်သို့ နှစ်ယောက်သား ရောက်လာကြသည်။ 


သူတို့ရောက်သည့် အချိန်၌ လူတော်တော်များများ ရောက်နှင့်နေပြီဖြစ်ကာ အဆောက်အဦးရှေ့၌ တန်းစီနေကြပြီဖြစ်သည်။ စီရင်စုကျောင်းမှ ဌားထားသည့် ဘတ်စ်ကားသည် ဘေး၌ ထိုးရပ်ထားကာ အင်ဂျင်သံက မြည်နေပေသည်။ 


“အဲ့ဒါနဲ့ လူတွေဘယ်လိုသွားကြမလဲ ငါမသိဘူး..” 


ကျိုးချောင်က ဝေဖန်လိုက်ကာ သူ့ဝမ်းဗိုက်အား ပွတ်လိုက်သည်။


“ငါဗိုက်နည်းနည်းဆာနေပြီ..ငါတို့ကျောင်းက ဆရာဆရာမတွေလည်း အတူတူဘဲ..သူတို့အားလုံး မနက်စာ စားဖို့ရောက်လာကြပြီ..” 


ကျင်းစစ်သည် အချိန်အား စစ်ကြည့်ပြီး ၎င်းက ငါးခွဲရန် ဆယ်မိနစ်ကျန်သေးကာ သူ့အား နှစ်သိမ့်လိုက်သည်။ 


“အချိန်စေ့တော့မယ်...ငါတို့မကြာခင်လူစုရလိမ့်မယ်…” 


ကျိုးချောင်က သက်ပြင်းချသည်။ 


“မျှော်လင့်ရတာပဲ..” 


ကျင်းစစ်သည် ထပ်၍ ပြောချင်သော်လည်း ရုတ်တရက် သူ့ပုခုံးက အရိုက်ခံလိုက်ရသည်။ သူနောက်လှည့်လိုက်ပြီး ကြောင်အသွားသည်။ 


“မင်း..မင်းဘာလို့ဒီမှာ ရှိနေတာလဲ…” 


“လုပ်စမ်းပါ..” 


ယင်းကျောင်းသည် သူ့အားပြန်မဖြေပေ။ သူ့အား တိုင်နောက်ဆွဲခေါ်လိုက်ပြီး အပူခံနေ့လည်စာဗူးနှင့် ရေနွေးဗူးအား လွယ်အိတ်ထဲမှ ထုတ်လိုက်သည်။ 


“ကျောင်းက ပေးတာဘာမှမစားနဲ့..အဲ့ဒါက အရသာမရှိဘူး..ကိုယ် မင်းအတွက် ဒါတွေယူလာပေးတယ်…” 


သူက နေ့လည်စာဗူးအား ဖွင့်ကာ အထဲမှ ပေါက်စီများအား ထုတ်ပြလိုက်သည်။ 


“စားရအောင်..ကိုယ့်အိမ်က အဒေါ်ကကောင်းကောင်းလေး လုပ်ပေးထားတယ်..အဆာသွတ်နှစ်မျိုး…တစ်ခုက ကြက်သားနဲ့  နောက်တစ်ခုက သိုးသားနဲ့ လုပ်ထားတာတဲ့…” 


ကျင်းစစ်က သူ့အား တည်ငြိမ်စွာကြည့်ကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။ 


“မင်း..ငါ့အတွက် မနက်စာယူလာပေးဖို့ တကူးတက လာတာလား..” 


“မဟုတ်ဘူး..” ယင်းကျောင်းက ရယ်လိုက်သည်။ 


သူမလှုပ်ကြောင်း တွေ့ရချိန်၌ သူက ရိုးရှင်းစွာ လက်ဆန့်လိုက်ပြီး သေးငယ်သည့် ပေါက်စီလေးအား သူ့ပါးစပ်ထဲ ပို့ပေးလိုက်သည်။


“မင်းပါးစပ်ဟပြီး ကိုယ်ဘာလုပ်နေလဲဆိုတာကြည့်..မင်းပထမဆုံးအကြိမ် ပြိုင်ပွဲဝင်ပြိုင်တဲ့ အချိန်မှာ ကိုယ်ကဘာလို့ရှိနေမပေးရမှာလဲ…” 


“ကျေးဇူးပါ..” 


ကျင်းစစ်သည် သူ့စိတ်ထဲ နွေးထွေးသွားသည်။ သူသည် ပေါက်စီအား ကိုက်လိုက်ပြီး ကျိုးချောင်အား အပြစ်ဝင်စိတ်ဖြင့် ကြည့်လိုက်သည်။ သူဘာကြောင့်မှန်းမသိသော်လည်း သူရုတ်တရက် ယင်းကျောင်းယူလာသော မနက်စာအား အခြားလူများနှင့် မျှမစားချင်တော့ပေ။ 


ယင်းကျောင်းသည် သူ့မျက်နှာအားအနီးကပ်ကြည့်ကာ သူက တစ်ခုပြီးတစ်ခု ယူစားနေကြောင်းတွေ့ရသည်။ ၎င်းက သူ့အကြိုက်တွေ့နေပေလိမ့်မည်။ စိတ်သက်သာရစွာဖြင့် သူက ဓာတ်ဘူးအားဖွင့်ကာ သူ့အား လှမ်းပေးသည်။ 


“ပဲနို့ နည်းနည်းသောက်ဦး..” 


ကျင်းစစ်က ခေါင်းညိမ့်လိုက်ပြီး ခွက်ထဲမှ တစ်ငုံသောက်လိုက်သည်။ 


ယင်းကျောင်းအဒေါ်၏ အချက်အပြုတ်သည် အမှန်တကယ် ကောင်းလှသည်။ ပေါက်စီများက လတ်ဆတ်ပြီး အငံဓာတ်လေးပါကာ ပဲနို့က ပျစ်ပြီး အရသာရှိသည်။ ကျင်းစစ်က နောက်တစ်ငုံသောက်ချင်သော်လည်း ယင်းကျောင်းက တားလိုက်သည်။ 


“အများကြီး မသောက်နဲ့..မင်းပါးစပ်ကို စိုစွတ်စေရုံလောက်ဘဲသောက်..” ယင်းကျောင်းက ပြုံးလိုက်ကာ သူ့နားထံ တီးတိုးပြောသည်။ 


“စာမေးပွဲတွင်းမှာ သန့်စင်ခန်းမသွားချင်ဘူးဆိုရင်ပေါ့…” 


ကျင်းစစ်၏ မပြီးဆုံးမချင်း မထွက်ခွာတတ်သည့် အကျင့်အား စဉ်းစားရင်းဖြင့် သူက ထပ်ပြောသည်။ 


“မစိုးရိမ်နဲ့..ကိုယ်ကျန်တာသောက်လိုက်မယ် လွှင့်မပစ်ပါဘူး…” 


သူကအဘယ်ကြောင့် သူ့အကျန်အား စားခိုင်းရမှာလဲ။ကျင်းစစ်၏ ပါးပြင်က ပူလောင်နေပြီး စာမေးပွဲမှ ပြန်လာချိန်၌ သောက်ရန် ပဲနို့အားသိမ်းထားချင်သည်။ ရလဒ်အနေဖြင့် သူမပြောခင်မှာပင် ဆရာကျောက်သည် သူ့၏အသံချဲ့စက်ဖြင့် အော်လိုက်သည်။ 


“သင်္ချာပြိုင်ပွဲအတန်းရဲ့ လူစစ်မယ်…ကျိုးချောင်..ကျန်းချုံး..” 


“သွား..” 


ယင်းကျောင်းသည် သူ့လက်ထဲမှ နေ့လည်စာဗူးအား ယူလိုက်ကာ သူ့လွယ်အိတ်ထဲ ထိုးထည့်လိုက်ပြီး ကောင်လေးအား လက်ဆန့်၍ ဖက်လိုက်ပြီး ကောင်လေး၏ နားထဲသို့ တီးတိုးပြောလိုက်၏။


”အတန်းဖော်လေး..သွားတော့..ကိုယ်မင်းအတွက် အကောင်းဆုံးဆုတောင်းပေးမယ်..သွားပြီး ပြိုင်ပွဲမှာ အနိုင်ယူခဲ့ပါ..” 


ကျင်းစစ်သည် မျက်လုံအောက်စိုက်ကာ စက္ကန့်အနည်းငယ်မျှ တောင့်တင်းသွားပြီးနောက် တဖြည်းဖြည်း စိတ်လျော့လိုက်ကာ သူ့အားလျင်မြန်စွာ ပြန်ဖက်လိုက်ပြီး တန်းစီရန်လှည့်ထွက်သွားသည်။ 


ဘတ်စ်ကား ပေါ်သို့တက်ပြီး ကျင်းစစ်က ပြန်လှည့်ကြည့်လိုက်ချိန်၌ ယင်းကျောင်းသည် ထိုနေရာ၌ ရပ်နေဆဲပင်ဖြစ်သည်။ 


သူက လွယ်အိတ်အား လက်တစ်ဖက်ဖြင့်ကိုင်ထားပြီး တိုင်အား ပျင်းပျင်းရိရိမှီလိုက်သည်။ ကောင်းကင်က အနည်းငယ် မှောင်နေဆဲဖြစ်သောကြောင့် သူ့မျက်နှာ အမူအရာအား ကောင်းကောင်းမမြင်ရသော်လည်း သူက ယင်းကျောင်း၏မျက်နှာသည် သူရှိရာဘက်သို့ ကြည့်နေကြောင်း မြင်နိုင်ပေသည်။ 


ရုတ်တရက် ကျင်းစစ်နှလုံးသည် ပြင်းထန်စွာခုန်လာသည်။ သူက ဘတ်စ်ကားပေါ်သို့ ခြေလှမ်းအနည်းငယ်တက်ကာ တံခါး၏အမြင့်ဆုံး နေရာမှ ယင်းကျောင်းအား လက်လှမ်းရမ်းပြလိုက်သည်။ 


ယင်းကျောင်းက အံ့ဩသွားပြီး နောက်ပြုံးကာ သူ့ညာလက်အားမြှောက်လိုက်သည်။ 


ဘတ်စ်ကားသည် ကျောင်းမှ တဖြည်းဖြည်း ထွက်ခွာသွားကာ ယင်းကျောင်းသည် အတန်းထဲသို့ ပြန်လျှောက်သွားပြီး ရူပဗေဒစာများ စတင်လုပ်လိုက်သည်


 ကျင်းစစ်က သူ့၏ ယှဉ်ပြိုင်မှုများထံသို့ တရားဝင်လျှောက်လှမ်းနေချေပြီ။


-----------------------


၇နာရီ၁၀မိနစ်၌ စီရင်စုကျောင်း၏ ဘတ်စ်ကားသည် တုန်းဟိုင်တက္ကသိုလ်သို့ ရောက်ရှိလေသည်။ 


ခုနစ်နာရီခွဲ၌ ကျင်းစစ်သည် သူ့လွယ်အိတ်အား ဆရာကျောက်၏ညွှန်ကြားချက်အတိုင်း ဘတ်စ်ကားထဲသို့ ထည့်ထားခဲ့ကာ ဖြေဆိုရန်အတွက်လိုအပ်သည့် ပစ္စည်းများသာ ယူကာ စာဖြေခန်းထဲသို့ ဝင်သွားသည်။ 


ရှစ်နာရီ၌ နိုင်ငံအဆင့် သင်္ချာပြိုင်ပွဲ၏ ရွေးချယ်စာမေးပွဲစတင်လေ၏။ 


မေးခွန်းစာရွက်အား ရရှိပြီးနောက် ကျင်းစစ်သည် ပထမဆုံးလိုအပ်သည့် ကျောင်းနာမည်အားဖြည့်ကာ သူ့အကျင့်အတိုင်း မေးခွန်းအား အစအဆုံး ဖတ်ကြည့်လိုက်သည်။ သူစိတ်ထဲ၌ စာမေးပွဲ၏ ခက်ခဲမှုအဆင့်အား ယျေဘူယျအားဖြင့်သိရှိပြီး ဖြစ်သည်။ 


အမှတ်ပြည့်သည် ၁၂၀ မှတ်ဖြစ်သည်။ ပုံမှန်အားဖြင့် ခက်ခဲမှုသည် ကောလိပ်ဝင်ခွင့်စာမေးပွဲများထက် အနည်းငယ်သာ မြင့်ပေသည်။ သို့သော် ကျင်းစစ်သည် ကံမကောင်းကာ အဖြေထဲ၌ ကိန်းဂဏန်းသီအိုရီဆိုင်ရာ ပုစ္ဆာတစ်ပုဒ်အား ရှာတွေ့လိုက်သည်။ 


ကိန်းဂဏန်းသီအိုရီသည် အတားအဆီးတစ်ခုဟုပင် ပြောနိုင်သည်။ ပြိုင်ပွဲဝင်အများစုသည် ကိန်းဂဏန်းသီအိုရီအား မြင်လိုက်ရလျှင်ပင် လက်လျော့လိုက်ပြီး အခြားသော ပုစ္ဆာများအတွက်သာအချိန်ပေးလိုက်ကြသည်။ 


စာမေးပွဲခန်းမှ အခြားသောပြိုင်ပွဲဝင်များ၏ ရှုံ့မဲ့နေသော မျက်နှာများနှင့် ယှဉ်လျှင် ကျင်းစစ်သည် အနည်းငယ် တည်ငြိမ်နေသည်။ ကိန်းဂဏန်းသီအိုရီသည် သူ့အတွက်လည်း ခက်ခဲပေမဲ့ မဖြစ်နိုင်ခြင်းမျိုး မဟုတ်ပေ။ 


သူသည် နံရံပေါ်မှ နာရီအား မော့ကြည့်ကာ ဘောပင်ကို ကောက်ကိုင်လိုက်ပြီး ပုစ္ဆာများအား စဖြေတော့သည်။ သူအချိန်ပို လုံလုံလောက်လောက်ထားသမျှ သူဤပုစ္ဆာအား လုံးဝဖြေရှင်းနိုင်သည်ဟု သူခံစားရသည်။ 


သင်္ချာပြိုင်ပွဲ၏ အချိန်သည် အရမ်းတင်းကြပ်သည်။ ပုစ္ဆာအရေအတွက်ကများပြားသည်ဟု မထင်ရသော်လည်း ပုစ္ဆာများ၏ ခက်ခဲမှုကြောင့် အချိန်များစွာ ကုန်ဆုံးလေသည်။ 


ကျင်းစစ်သည် အရင်က များစွာသော ပြိုင်ပွဲမေးခွန်းဟောင်းများအား ရှာဖွေပြီး ပုစ္ဆာတစ်ပုဒ်စီအား အချိန်မည်မျှ ယူရမည်ဖြစ်ကြောင်း သိရှိခဲ့ပြီးဖြစ်သည်။ သူသည် ကွက်လပ်များအား ဖြည့်ကာ ကိန်းဂဏန်းပုစ္ဆာအား ကျော်လိုက်ပြီး အခြားပုစ္ဆာများအား အရင်ဖြေဆိုလေသည်။ 


ကျင်းစစ်သည် ပုစ္ဆာများအား ကောင်းကောင်းမွန်မွန် ဖြေဆိုပြီး နောက်ဆုံး၌ ကိန်းဂဏန်းသီအိုရီပုစ္ဆာအား ပြီးပြည့်စုံစွာ ဖြေဆိုလိုက်သည်။ 


သို့သော် ရွေးချယ်ပွဲအတွက် အရေးအကြီးအရာသည် ပထမစာမေးပွဲ၌ မဟုတ်ဘဲ အမှတ်ပေါင်း ၁၈၀ ရှိသည့် ဒုတိယစာမေးပွဲဖြစ်သည်။ 


ဒုတိယစာမေးပွဲ၌ အမှတ်များစွာ ရှိသော်လည်း ပုစ္ဆာလေးပုဒ်သာ ပါဝင်သည်။ 


တစ်ခုချင်းစီသည် တကယ့် ပုစ္ဆာကြီးများဖြစ်ပြီး လုံလုံလောက်လောက် အားအင်မရှိဘဲ ကံအား အလုံးစုံမျှော်မှန်းထား၍ မရချေ။ 


မလာခင်၌ ဆရာကျောက်သည် သူတို့အား ပြောပြီးဖြစ်သည်။ ဒုတိယစာမေးပွဲ ပုစ္ဆာတစ်ပုဒ်စီတိုင်း၏ အမှတ်များသည် အရမ်းမြင့်ကာ ပုစ္ဆာဖြေရှင်းသည့် အဆင့်များသည် မှန်နေသရွေ့ သူတို့သည် အမှတ်ရနေမှာ ဖြစ်ပြီး သူတို့သည် ပုစ္ဆာဖြေရှင်းသည့် အဆင့်အတိအကျအား ရေးပေးရန်လိုပေသည်။ 


ကျင်းစစ်သည် ထိုစကားအား စိတ်ထဲထည့်ထားပြီး တခဏမျှ တွေးတောပြီးနောက် ဘောပင် ကောက်ကာ အပိုစာရွက်ပေါ်၌ တွက်ချက်တော့မည့်အချိန်တွင် သူ့ခေါင်းက ရုတ်တရက် အသိပေးခြင်းမရှိ နာကျင်လာသည်။ 


ဤခံစားချက်က ရင်းနှီးနေသည်။ ကျင်းစစ်သည် ၎င်းနှင့်ရင်းနှီးနေပြီး ဤသည်က စာအုပ်ထဲရှိ ဇာတ်လိုက်၏ မကောင်းကြံတိုက်ခိုက်ခြင်းဖြစ်ကြောင်း ချက်ချင်းနားလည်လိုက်သည်။ 


သို့သော် ယခင်က သူချောင်အန်းယန်အား မြင်သည့်အချိန်မှ သူနာကျင်လာသည်မှာ သေချာလှသည်။ ဘာလို့ ယခုဤကဲ့သို့ ဖြစ်လာရသနည်း။ 


သူ့စိတ်ထဲ၌ ယခုတွေးတောနေသည့် အကြံများချက်ချင်းပျောက်ကွယ်သွားကာ သူ့လက်ချောင်းများတုန်ခါနေပြီး မျက်လုံးပိတ်လိုက်ကာ သူ့ကိုယ်သူ တည်ငြိမ်စေရန် ကြိုးစားသည်။ 


နာကျင်မှုသည် ဘာမှမဟုတ်ကာ ထပ်ပြီးနာကျင်ခြင်းက ကိစ္စမရှိချေ။ သူငယ်စဉ်အခါက သူသည် အပ်များဖြင့်ထိုးခံရပြီး ကျောင်းပိုင်၏ ခြေထောက်ဖြင့်ကန်နှက်ခြင်းအား ခံခဲ့ရပေသည်။ သူသည် မိဘမဲကျောင်း၌ ရှင်သန်ရန် အားခဲခဲ့ပြီး မိဘမဲ့ကျောင်း၏ ဂုဏ်ယူဖွယ်ဖြစ်လာခဲ့သည်။ 


သူမဖြတ်ကျော်နိုင်သည့် အရာဟူ၍မရှိချေ။ 


တိုတောင်းလှသည့် သူ့သက်တမ်း၏ ဆယ်ရှစ်နှစ်တစ်လျှောက်လုံး ကျင်းစစ်သည် စွန့်ပစ်ခံရခြင်း၊ အကြမ်းဖက်ခြင်း၊ ရှုံ့ချခံရခြင်း နှင့်သာမန်လူများ မခံစားနိုင်သည့် အမှောင်ဘက်ခြမ်းများအားတွေ့ကြုံခံစားခဲ့ရပြီး သူသည် ငယ်ရွယ်စဉ်ကပင် အမှန်တရားအား နားလည်ခဲ့သည်။ 


မင်းမျက်လုံများသည် လှည့်စားနေနိုင်ပြီး နားများကလည်း လှည့်စားနေနိုင်တယ်။ မင်းအတွေ့အကြုံများသည် လှည့်စားနေနိုင်ပြီး မင်းစိတ်ကူးစိတ်သန်းများက လှည့်စားနေနိုင်သော်လည်း သင်္ချာသည် လှည့်စားခြင်း မပြုပေ။


ကျင်းစစ်သည် နှစ်ကာလကြာညောင်းစွာစာကြိုးစားခဲ့ပြီး သူ့ကံကြမ္မာအား ပြောင်းလဲရန် အကောင်းဆုံးကြိုးစားခဲ့သည်။ ဤယုံကြည်ချက်သည် အခြားကမ္ဘာသို့ ပြောင်းသွားလျှင်ပင် မပြောင်းပေ။ 


သင်္ချာက သူ့၏ အရင်းနှီးဆုံးတွဲဖက်ပင်ဖြစ်သည်။


သူ့အား မျှော်လင့်ချက်ပေးပြီး သူ့အား ယုံကြည်မှုပေးသည်။ သူ့အား တောက်ပသည့် အနာဂတ်အား ပေးစွမ်းနိုင်ပြီး သူ့အား နှစ်သိမ့်နိုင်ကာ စိတ်ဓာတ်ကျနေချိန်နှင့် စိတ်လှုပ်ရှားနေချိန်၌ သူ့အား အဖော်ပြုနိုင်သည်။ 


သူမဖော်ပြနိုင်သည့် ဤခံစားချက်များကို သင်္ချာဖြင့် ပေါက်ကွဲထွက်နိုင်သည်။ 


မည်သူမှ သူ့၏ သင်္ချာစာမေးပွဲ၌ လာနှောက်ယှက်ခြင်းမပြုနိုင်ကာ ဤကမ္ဘာ၏ ဇာတ်လိုက်သည်ပင် လာရှုပ်၍မရချေ။ 


ကျင်းစစ်က ဖြည်းညင်းစွာ လေရှူသွင်းလိုက်ပြီး နှလုံးအားညစ်သကဲ့သို့ နာကျင်သည့် ခေါင်းကိုက်မှုအား သည်းခံကာ ပုစ္ဆာအား ထပ်ပြီး ဖတ်ကြည့်သည်။ 


သူ ဤသို့သော ခေါင်းကိုက်မှုအား အချိန်တစ်ခုလောက်အထိ မည်သို့ဖြေရှင်းရမည်ဖြစ်ကြောင်း မသိသော်လည်း ဤနေ့တွင် အဖြေထွက်လာပေသည်။ အခြားလူများ၏ ဂရုစိုက်မှုသည် သူ့ခေါင်းကိုက်ခြင်းအား ပျောက်ကင်းသွားစေနိုင်ကာ ဤသည်က သူ့အား အကြံတစ်ခု ထွက်ပေါ်လာစေသည်။ 


သူအထက်သို့တက်ရင်း လူအများ၏ လက်ခံမှုအား ရရှိနေသရွေ့ တစ်နေ့၌ ချောင်အန်းယန်၏ သူ့အပေါ် ကန့်သတ်မှုများသည် ကျဆုံးသွားမည် မဟုတ်လား။ 


ကျင်းစစ်သည် စာရွက်ပေါ်၌ သုံးဘက်မြင် ဂျီဩမေတြီပုံအား ခက်ခက်ခဲခဲ ဆွဲလိုက်ပြီး စိတ်ငြိမ်စေကာ သူ့စိတ်ကူးအား ဆက်၍စဉ်းစားလေသည်။ 


သူ့စိတ်သည် တဖြည်းဖြည်းစုစည်းရင်းဖြင့် သူ့အပေါ်ရှိ ခေါင်းကိုက်ဝေဒနာသည် တဖြည့်ဖြည့် နည်းနည်းသွားပြီး နောက်ဆုံး၌ လျစ်လျူရှုနိုင်သွားသည်။ 


တစ်ချိန်တည်း၌ အတန်း၁၁ ၏ စာသင်ခန်းထဲ၌ ချောင်းအန်ယန်းသည် မိုဘိုင်းဂိမ်း ဖန်သားပြင်အား မယုံကြည်နိုင်စွာကြည့်လိုက်ပြီး ရေရွတ်နေသည်။ 


“ဘာ..ဘာတွေဖြစ်နေတာလဲ..” 


သူ့ထိုင်ခုံဖော်၏ မျက်နှာသည်လည်း ထိတ်လန့်ခြင်းများဖြင့် ပြည့်နေသည်။ 


“မင်း ဒီနေ့ဘာလို့ ကံအရမ်းမကောင်းနေတာလဲ..အရင်က ငါတို့ ဆွဲလိုက်တိုင်း ဆုတွေရနေကြလေ ဒီတစ်ကြိမ်မ ငါတို့နှစ်ယောက်လုံး ရွှေအများအပြားရှိနေပေမဲ့ ငါတို့ဆုတစ်ခုမှ မရခဲ့ဘူး..ဘယ်လိုငရဲလဲ…” 


“ဘယ်သူသိမှာလဲ…” 


ချောင်အန်းယန်က စိတ်မရှည်စွာ မျက်မှောင်ကျုံ့လိုက်သည်။ 


သူပြန်မွေးဖွားလာပြီးနောက် သူသည် ပို၍ ပို၍ မပျော်မရွှင်ဖြစ်လာခဲ့သည်။ 


သူ့ရွှေလက်ချောင်းသည် တစ်ချိန်ပြီး တစ်ချိန် ကျရှုံးနေပေမဲ့ အဲ့ဒီမှ ထွက်လာသည့် ကံကောင်းခြင်းများလည်း ယခု ပျောက်ဆုံးသွားလေပြီ။ 


သူက ဖုန်းအား သူ့ခုံစောင်းထဲသို့ ပစ်ထည့်လိုက်ပြီး ရှုံ့မဲ့နေသည့် မျက်နှာထားဖြင့် ခြေဆောင့်လိုက်သည်။ 


ဘာက မှားသွားတာလဲ။ 


ပြီးတော့ သာမန်မျက်လုံးဖြင့် မမြင်နိုင်သည့် နေရာများ၌ ချောင်အန်းယန် အရင်ဘဝနှင့်မတူအောင် သူဘဝအား ပြောင်းလဲရန် အတင်းအကျပ် လုယူထားသည့် ကံကောင်းခြင်းများသည် နည်းနည်းချင်းနှင့် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေသည်။ 


တုန်းဟိုင် တက္ကသိုလ်၌ ကျင်းစစ်သည် အဖြေလွှာပေါ် နောက်ဆုံး ဂဏန်းအား ရေးလိုက်သည်နှင့် ခေါင်းလောင်းမြည်လာသည်။ 


စာမေးပွဲအခန်းစောင့်နှစ်ယောက်သည် လေးနက်သောမျက်နှာထားဖြင့် ချက်ချင်းထရပ်လိုက်ကာ သူ့တို့အားဖြေကြားခြင်းကို ရပ်ရန်ပြောကြားပြီးနောက် အဖြေလွှာအား မြန်နိုင်သလောက် မြန်မြန် သိမ်းလေသည်။ 


ကျင်းစစ်သည် သူ့ပစ္စည်းများအား သိမ်းပြီး လူစုနောက်လိုက်ကာ အခန်းထဲမှ ထွက်လာပြီး စီရင်စုကျောင်း၏ စုရပ်သို့ လာခဲ့သည်။ 


ကျိုးချောင်သည် သူ့ရှေ့၌ ဦးစွားရောက်နှင့်နေပြီး သူ့သည် မချင်မရဲဖြစ်မှုများဖြင့် ပြည့်နေလေသည်။ 


သူက ပြောလိုက်သည်။ “သွားပြီ..ပြီးသွားပြီ..မေးခွန်းက ခက်လွန်းတယ်…ငါဒီတစ်ခါ ရွေးချယ်အစမ်းစာမေးပွဲကိုတောင် မအောင်လောက်ဘူး..”


“မဟုတ်ပါဘူး..” 


ကျင်းစစ်က သူ့အား နှစ်သိမ့်သည်။ 


“ငါလည်း ခက်တယ်လို့ ခံစားရတယ်…အရမ်းကြီးမတွေးနဲ့….” 


“ငါမျှော်လင့်တာပဲ…” 


ကျိုးချောင်သည် သက်ပြင်ချလိုက်ကာ ဘတ်စ်ကားထံ လျှောက်နေရင်း ပြောသည်။ 


“ငါ့အမေက ကြိုပြီး ပြောထားတယ်…ဒီတစ်ကြိမ်က ငါ့ကိုပြိုင်ပွဲဝင်ခွင့်ပေးတာ နောက်ဆုံးအကြိမ်ပဲတဲ့…” 


“ဟမ်…” ကျင်းစစ်က သိပ်နားမလည်ချေ။


“သူမက ငါ့ကို ငါ့တတိယနှစ်မှာ စာကို အာရုံစိုက် ကြိုးစားဖို့ မေးတယ်..” ကျိုးချောင်သည် ထိုင်ရန် နေရာရှာလိုက်ပြီး သူ့ခေါင်းအား လှည့်ကာ ပြောသည်။ 


“ပြိုင်ပွဲက ငါ့ကောလိပ်ဝင်ခွင့်စာမေးပွဲကို နှောင့်နှေးစေမယ်လို့ သူမက ထင်နေတယ်…”


အသေအချာပင် မင်းပြိုင်ပွဲနှစ်ခုလုံး၌ အမှတ်မကောင်းလျှင် လက်လျော့ပြီး ကောလိပ်ဝင်ခွင့်အတွက် ကြိုးစားရုံသာ ကျန်သည်။ 


ကျင်းစစ်က ဤတစ်ကြိမ်၌ သူ့အား မတိုက်တွန်းဘဲ တိတ်ဆိတ်နေရုံသာ တတ်နိုင်သည်။ 


ကံကောင်းစွာ ကျိုးချောင်သည် မကျေနပ်ချက်အား ထုတ်ဖော်ပြောရုံပင်ဖြစ်သည်။ သူသည် ကျောင်းသားအနည်းငယ်ဖြင့် ဝန်းရံထားသော ဆရာကျောက်အား ကြည့်လိုက်ပြီး ကျင်းစစ်နားထံ တိုးတိုးတိတ်တိတ် ပြောလာသည်။ 


“ဆရာကျောက်က လာပြီး ငါ စာမေးပွဲမှာ ဘယ်လိုလုပ်ခဲ့လဲ မေးမှာ ကြောက်တယ်…ငါအရင်ဆုံး အိပ်ချင်ယောင်ဆောင်လိုက်မယ်...ငါ့ကိုလာမခေါ်နဲ့..” 


ကျင်းစစ်က အပြုံးလေးဖြင့်ခေါင်းညိမ့်သည်။ 


“ကောင်းပြီ..” 


ကျင်းစစ်လည်း အနည်းငယ် ပင်ပန်းနေပြီး ကမ္ဘာစိတ်ဆန္ဒနှင့် တိုက်ခိုက်ခြင်းသည် သူ့ခွန်အားကို ကုန်ဆုံးစေခဲ့သည်။ ဤအချိန်၌ သူအနည်းငယ် စိတ်လျော့လိုက်ပြီးနောက် သူ့တစ်ကိုယ်လုံး ပင်ပန်းနွမ်းနယ်မှုအား ခံစားလိုက်ရသည်။

_____


Translated By IQ-Team.