အပိုင်း၅၂
Viewers 14k

Chapter 52

Chapter 52


-----------------------


ယင်းကျောင်း၏ ကျေးဇူးကြောင့် ကျင်းစစ် လက်ခံရရှိခဲ့သော ပန်းသီး အားလုံးကို ရှင်းလင်းနိုင်ခဲ့ကာ သူ့အတွက် တစ်လုံးသာ ချန်ထားပေးခဲ့လေသည်။


ယင်းကျောင်းက အရမ်းကျေနပ်နေလေသည်။ စာဖြေရ၍ ပင်ပန်းလာလျှင် ကျင်းစစ် စားပွဲခုံပေါ်သို့ ရံဖတ်ရံခါကြည့်တတ်ပြီး ဆက်ကြိုးစားရန် အားအင်ပြည့်ဝသွား၏။


နေ့လည်စာစားပြီးနောက် ကျင်းစစ် သူ့ခုံမှ အိုလံပစ်သင်္ချာစာအုပ်ကို ကြည့်လိုက်သည်။ ဆရာလျို ဝင်လာချိန်တွင် ယင်းကျောင်းကက အုန်းသီးချိုချဥ်တစ်လုံးကိုခွာကာ ပါးစပ်ထဲထည့်နေသည်။


ဆူညံနေသော အတန်းသည် ချက်ချင်းတိတ်ဆိတ်သွားလေသည်။ ဟယ့်ကျိုးနှင့် ကျန့်ချွယ် တို့သည် သူတို့၏ ဖုန်းများကို ကြည့်နေချိန်ဖြစ်ကာ ဆရာလျို ဝင်လာသောအခါ သူတို့ဖုန်းများကို ဆရာလျို မတွေ့ပါစေနှင့်ဟု ဆုတောင်းကာ သူတို့ခုံအောက်သို့ ထည့်လိုက်လေသည်။


သူတို့ကံကောင်းသည်ဟု ယူဆရ၏၊ ဆရာလျိုက သူတို့ကို လုံးဝ အာရုံမရှိပေ။ သူအတန်းသို့ ဝင်လာလာချင်းပင် ယင်းကျောင်း ဆီသို့တန်းသွားတာ သူ့စားပွဲခုံကို ခေါက်လိုက်ပြီး လေးနက်သောအမူအရာနှင့်ပြောလိုက်သည်။ 


" ငါနဲ့လိုက်ခဲ့"


ယင်းကျောင်းက ချိုချဥ်ခွံကို အမှိုက်ခြင်းထဲပစ်ထည့်လိုက်ပြီး မတ်တပ်ရပ်ကာပြောလိုက်သည်။


" အိုကေ"


ဆရာလျိုက သူ့ကိုရုံးခန်းသို့ ခေါ်မသွားပေ။ ကော်ရစ်ဒါ အဆုံး၏ ထောင့်သို့ခေါ်သွားကာ လူရှိ၊ မရှိကြည့်လိုက်ပြီး မည်သူမျှမတွေ့သောအခါ သူ့ဘောင်းဘီအိတ်ထဲမှ အပြာနုရောင် စာအိတ်ကလေးကို ထုတ်လိုက်သည်။


ယင်းကျောင်းက ထိုအရာကိုမြင်သောအခါ မျက်ခုံးပင့်ကာမေးလိုက်သည်။


"ဆရာ့မှာသမီးရှိတယ်လား"


ဆရာလျိုက သူပြောတာကို နားမလည်သဖြင့် မျက်မှောင်ကြုံ့လိုက်ပြီး​မေးလိုက်သည်။


" ဘာဖြစ်တယ်"


ယင်းကျောင်းက သူ့လက်ထဲရှိ စာအိတ်ကို လက်ညှိုးထိုးပြလိုက်ပြီး အပြုံးလေးဖြင့် ပြောလိုက်သည်။


"ဆရာ့သမီးရဲ့ ရည်စားစာကို ကျွန်တော့်ကို ပေးဖို့လာတာမလား"


ဆရာလျို : "..."


ဆရာလျိုက အရမ်းဒေါသထွက်သွားပြီး ပြောလိုက်သည်။


"တစ်ကမ္ဘာလုံးရှိသမျှ လူတွေကမင်းကို ကြိတ်ကြိုက်နေတယ်များထင်နေလား"


ယင်းကျောင်းသည် သူ့ပါးစပ်ထဲက ချိုချဥ်ကို လျှာဖျားဖြင့် ဟိုဘက်ဒီဘင်ရွေ့လိုက်ကာ အပြင်သို့ငေါထွက်နေသော ပြတင်းပေါက်အောက်ခြေဘောင်ကို ပျင်းရိစွာ မှီကာ ပြောလိုက်သည်။


" အင်း"


ဆရာလျိုသည် သည်းမခံနိုင်တော့သောကြောင့် အေးစက်စွာပြောလိုက်သည်။


"ငါ့မှာ မင်းနဲ့ကစားနေဖို့ အချိန်မရှိဘူး မင်းကိုပြောစရာကိစ္စရှိတယ် "


" ပြောလေ"


ဆရာလျိုက သူ့ကို စာအိတ်ပေးလိုက်ပြီး မှောင်မိုက်နေသော မျက်နှာဖြင့် ပြောလိုက်သည်။


" ဒါကိုကြည့်လိုက်"


" အဲ့ဒါဘာလဲ" ယင်းကျောင်းက စာအိတ်ကို ဖွင့်ပြီး ဖတ်လိုက်လေသည်။


ယင်းကျောင်းရဲ့ အရူးလုပ်ခံလိုက်ရသည့် ထိုအရာသည် သူ့အတွက် ရည်းစားစာဖြစ်သည် ။ 


" မင်းနဲ့ ချောင်အန်းယန်မှာ ဘာကိစ္စရှိနေကြလို့လဲ" 


ဆရာလျိုက ပြတင်းပေါက်ဘောင်ကို ပုတ်လိုက်ကာ သူ့အသံကို မြင့် လိုက်ချင်ပေမဲ့ အခြားသူတွေကြားသွားမှာ စိုးသောကြောင့် အသံကို နှိမ့်ကာပြောလိုက်သည်။ 


" ဒီရည်းစားစာက ငါ့ဆီကို အပို့ခံလိုက်ရတာ"


ချောင်အန်းယန်က ယင်းကျောင်းအတွက် ပေးလိုက်တဲ့ ပန်းသီးကို ကျင်းစစ်က သေတ္တာပေါ်တွင်တင်ထားလိုက်ခြင်းဖြစ်၏။


ယင်းကျောင်းနှင့် ကျန့်ချွယ်က ပန်းသီးများကို ရုံးခန်းသို့ သွားပို့ခဲ့သည်။ သူကဆရာလျိုကို အရင်ဆုံးပေးခဲ့ခြင်းဖြစ်သည်။ ရလဒ်အနေနဲ့ကတော့ ရည်းစားစာထည့်ထားသောပန်းသီးအိတ်ကို ဆရာလျိုဆီပေးခဲ့မိခြင်းဖြစ်သည်။


" အဲ့ဒါက ဘယ်လိုလုပ် ကျွန်တော့်ကိစ္စ ဖြစ်ရမှာလဲ" ယင်းကျောင်းက သရော်ပြုံးပြုံးလိုက်ကာ ပြောလိုက်သည်။


" ကျွန်တော်ရေးတာမဟုတ်ဘူးလေ"


" အဲ့ဒါက မင်းငါ့ကိုပေးတဲ့ပန်းသီးထဲမှာလေ " 


ဆရာလျိုက သူ့စကားအတိုင်းထပ်ပြောကာ မေးလိုက်ပြန်သည်။


" မင်းတို့နှစ်ယောက် တကယ် အဆင်ပြေရဲ့လား"


ဆရာလျိုက မိန်းကလေးတွေ နှင့်ယောင်္ကျားလေးတွေကြား ငယ်ငယ်ရွယ်ရွယ်နှင့် မချစ်မိစေရန် နှစ်ပေါင်းများစွာ သင်ပေးကာဆုံးမခဲ့သည်။  ဤအကြိမ်သည် ယောင်္ကျားလေးတစ်ယောက်က အခြားယောင်္ကျားလေးတစ်ယောက်အတွက် ရေးပေးသော ရည်းစားစာကို ပထမဦးဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။ 


သူ တစ်မနက်လုံး တွေးတော့ချင့်ချိန်ခဲ့ပြီး ဂန္ဓမာ လက်ဖက်ရည် ဘူးကြီး နှစ်ဘူးတောင်သောက်ခဲ့မိသည်။ သူ အဆိုးဆုံးရလဒ် အတွက်ပါတွေးနေခဲ့သည်။ 


မိုဘိုင်း ဖုန်းထဲရှိ ရှာဖွေမှုစာရင်းတွင် " ငါ့ကျောင်းသား တစ်ယောက်က ဂေးလို့ သိလိုက်ရရင် ဘာလုပ်သင့်လဲ?" " လိင်တူကြိုက်နှစ်သက်ခြင်း အဲ့တာကို ပြောင်းလဲလို့ ရနိုင်မလား" " လိင်တူကြိုက်နှစ်သက်တဲ့ ကျောင်းသားတွေကို ပြင်းပြင်းထန်ထန် ဆုံးမရမလား ငြင်ငြင်သာသာဆုံးမရမလား" အစရှိသောမေးခွန်းများ မေးထားလေသည်။


သူ ရှာဖွေနေသည့်အရာ နှင့်ကိုက်ညီမည့် အဖြေကို တွေ့ရှိရန် ရှာဖွေခဲ့သည်။ ကျောင်းသားများသည် သူတို့၏မတူကွဲပြားသောလိင်ပိုင်းဆိုင်ရာ ကိုင်းညွှတ်မှုကြောင့် ဆရာတွေနှင့် အတန်းဖော်ကျောင်းသားတွေဆီမှ ဝေဖန် ခွဲခြားခံရသောအခါ တိုက်ပေါ်မှ ခုန်ချခြင်း သူ့တို့လက်ကောက်ဝတ်ကို လှီးဖြတ်ခြင်း နှင့် အိပ်ဆေးများအလွန်အကျွံသောက်သုံးခြင်းတို့ဖြင့် မိမိကိုယ်ကို သတ်သေခဲ့ကြလေ၏။


ဆရာလျိုက ကြောက်လန့်လွန်း၍ ချွေးအေးများပင် ထွက်လာပြီး တန်းခွဲ 11 မှ ဆရာဆီသို့ အသိပေးမည့်အကြံကို ချက်ချင်းကွယ်ပျောက်စေလိုက်ပြီး ယင်းကျောင်းနှင့် ဦးစွာ စကားပြောရန် ဆုံးဖြတ်လိုက်သည်။


"ဘာဖြစ်နိုင်မှာမို့လို့လဲ" ယင်းကျောင်းက သရော်လိုက်ပြီး ပြောလိုက်သည်။


"ကျင်းစစ်ကြောင့်သာ မဟုတ်ရင် သူဘယ်သူမှန်းတောင် ကျွန်တော်သိမှာမဟုတ်ဘူး"


ချောင်အန်းယန်သည် ကျင်းစစ်နှင့် ရန်ဖြစ်ခဲ့သောကြောင့် ယင်းကျောင်းက ကျန့်ချွယ်ကို သူ့ပုံပန်းသွင်ပြင်ကို သွားကြည့်ခိုင်းခြင်း ဖြစ်သည်။ တချိန်တည်းတွင် နှစ်ဝက်စာမေးပွဲတုန်းက သူ့အပေါ်ကိုရေဖိတ်ကျပြီး သူ့အဝတ်ကို ပြန်လျော်ဖွတ်ပေးခဲ့သူသည် ချောင်းအန်ယန်း ဖြစ်ကြောင်း ယင်းကျောင်းသိသွားလေ၏။


အခုတော့...


ယင်းကျောင်းက ငုံ့ကြည့်ကာ သရော်ပြုံးပြုံးလိုက်ပြီး ဒါဆို အရင်တစ်ခေါက်က ရေကို တမင်တကာ ဖိတ်အောင်လုပ်တာက ဒါကြောင့်ပေါ့လေ...


" ကောင်းတယ် ကောင်းတယ် " 


ဆရာလျိုက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး သူ့နားထင်ကို ဖိနှိပ်လိုက်လေသည်။


" ဒါပဲအရေးကြီးတာ တခြားကိစ္စတွေကို ထပ်မတွေးနဲ့တော့ နောက်ပြီး  ဒီကိစ္စကို လူသိရှင်ကြား မလုပ်နဲ့နော် အိုကေ"


" ကျွန်တော့်မှာ နားလည်နိုင်တဲ့ အသိအာရုံရှိပါတယ်"


ယင်းကျောင်းက တုံပြန်လိုက်ပြီး ပြန်ဖို့အဆင်ပြေပြီလားလို့မေးမလို့လုပ်ချိန် သူတစ်ခုခု မူမမှန်တာကို ရှာတွေ့သွားလေသည်။


ယင်းကျောင်းက သူ့မျက်လုံးကို ပင့်ကာ ဆရာလျိုကို ကြည့်လိုက်ပြီး " ဒီစာက ပန်းသီးအိတ်ထဲမှာ ထည့်ထားတယ်လို့ ဆရာပြောခဲ့တယ်နော်"


" အေးလေ" ဆရာလျိုက ငြိမ်သက်စွာ ​ပြောလိုက်သည်။ 


" ငါတော့ အခုခေတ် မင်းတို့လိုကလေးတွေရဲ့ အတွေးတွေကို လိုက်လို့ကို မမှီဘူး"


ယင်းကျောင်းက ရုတ်တရက် ပြုံးလိုက်မိသည်။


ပန်းသီးတွေ ပြည့်နေသော သေတ္တာသည်  အခြားသူများမှ ကျင်းစစ်အတွက် ပေးလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် စာအိတ်သည် ပန်းသီးများနှင့်ရောနေခြင်းမှာ မည်သို့ဖြစ်နိုင်မည်နည်း။


ကျင်းစစ်က အမှတ်တမဲ့ ထည့်လိုက်တာလား။


နောက်ဆုံးတော့ သူတို့နှစ်ယောက်သည် တစ်ခုံထဲတွင် ထိုင်တာကြောင့် ပစ္စည်းတွေကို အထားမှားကာရောမိခြင်း ဖြစ်နိုင်သည်။ 


သို့ပေမဲ့ ဖြစ်နိုင်ခြေ သေးသေးလေးတစ်ခုက ...


ထိုဖြစ်နိုင်ခြေကို တွေးပြီးနောက် ယင်းကျောင်း နှုတ်ခမ်းများ တစ်ဖြည်းဖြည်း မြင့်တက်သွားလေသည်။


ယင်းကျောင်းက ရုတ်တရက် ရယ်နေသည်ကို ဆရာလျို တွေ့သောအခါ သူ့ခေါင်းထဲတွင် အချက်ပြခေါင်းလောင်းများ မြည်လာလေသည်။ သူ့ကျောင်းသားရဲ့ အကျင့်ကို သူဘယ်လိုလုပ်မသိဘဲနေပါ့မလဲ။


ဆရာလျိုသည် ယင်းကျောင်း၏ စူးစမ်းသိလိုစိတ်တွေ နိုးထလာပြီး ကောင်လေးတစ်ယောက်နှင့်တွဲဖို့ ကြိုးစားမည်ကို ထိတ်လန့်ကာ ထပ်မေးလိုက်ပြန်သည်။


" မင်းနဲ့ ချောင်အန်းယန် တကယ်အဆင်ပြေတယ်နော် ဘာမှဆက်ဖြစ်လာမှာမဟုတ်ဘူးနော်"


" ဆရာဘယ်လိုထင်လဲ" ယင်းကျောင်းက ကူကယ်ရာမဲ့စွာပြောလိုက်သည် ။


ဘယ်လိုပဲ ဖြစ်ဖြစ် ယင်းကျောင်းသည် နားလည်ရခက်စွာ ချောင်အန်းယန် ကိုမွေးကတည်းက ကြည့်မရသောကြောင့် အကြင်အနာမဲ့စွာပြောလိုက်လေသည်။


"သူ့မှာ နျူကလီးယားဓါတ်ရောင်ခြည်တွေနဲ့ ထိတွေ့ပြီး ဦးနှောက်ထဲမှာအချိုင့်တွေဖြစ်ကုန်တယ်ထင်တယ် သူ့ကိုလက်ခံဖို့နေနေသာသာ အကြည့်တစ်ချက်လောက်ကတင် ရွံဖို့ကောင်းတယ်လို့ ခံစားရတယ်"


ဆရာလျို : "..."


ဆရာလျိုက အခု ယင်းကျောင်းကို အကြွင်းမဲ့ ယုံကြည်သွားပြီဖြစ်သည်။


သူက ယင်းကျောင်းကို အတန်းပြန်ဖို့ လက်ဝှေ့ယမ်းပြလိုက်ပြီး ပြောလိုက်သည်။ 


"ကျင်းစစ်ကို ငါ့ဆီလာဖို့ပြောလိုက်ဦး"


ယင်းကျောင်းက မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။


" အဲ့ဒါက ကျင်းစစ်နဲ့ဘာဆိုင်လို့လဲ"


"အဲ့ဒီအကြောင်း မဟုတ်ဘူး ပြိုင်ပွဲအကြောင်း"


" အိုကေ" ယင်းကျောင်းက ခေါင်းငြိမ့်ကာ သဘောတူလိုက်သည်။


" ဒါဆို ကျွန်တော် အရင်သွားနှင့်မယ်နော် "


ဆရာလျိုသည် သူ့နှလုံးသားထဲက လေးလံနေတဲ့ ကျောက်တုံးကြီး ကျသွားချေပြီ။ သူတန်းခွဲ 11 က ဆရာဆီ ထိုအကြောင်းကို လိမ္မာပါးနပ်စွာ သွားပြောရန် ဆုံးဖြတ်လိုက်သည်။ ထိုအရာကိုသာ သူလုပ်နိုင်သည်။ တန်းခွဲ 11 ရဲ့ ဆရာကသာ ဒီကိစ္စကို ကိုင်တွယ်လိမ့်မည်။ ထိုကိစ္စသည် သူဝင်ဆုံးဖြတ်ပေး၍ မရနိုင်ချေ။


ဆရာလျိုသည် စိတ်အသက်သာရာ အရလွန်ပြီး သူ၏ ချင့်ချိန်နိုင်စွမ်းအသိတွေပါ ဆုံးရှုံးသွားလေသည်။ သူ ထိုအကြောင်းကို သေချာမစဥ်းစားခဲ့ပေ။ ထိုအရာသည် ယင်းကျောင်းသာ အမှန်စင်စစ် အဖြောင့် ဆိုလျှင် သူဘာကြောင့် အခြားကောင်လေးဆီမှ ရည်းစားစာရသည်ဟု ကြားချိန်တွင် အေးဆေးစွာ တုံ့ပြန်နိုင်သနည်း။


တခဏကြာသောအခါ ကျင်းစစ် ရောက်လာလေသည်။ 


" ဆရာ ကျွန်တော့်ကိုရှာနေတယ်ဆို"


" ဟုတ်တယ်" 


ဆရာလျိုက ကျင်းစစ်ကို ကြည့်လိုက်သည် ကျင်းစစ်ကို စကားပြောချိန်တွင် သူ့အသံသည် ယင်းကျောင်းကိုပြောချိန်ထက် ပိုမို နူးညံ့သွားကာ ပြောလိုက်သည်။


"ဆရာ မင်းကို တစ်ခုပြောစရာရှိလို့"


သူ့အသံကို ချင့်ချိန်လိုက်ပြီး " နားထောင်ပြီးရင် စိတ်လှုပ်ရှားမနေနဲ့ ဒေါသလည်းထွက်မနေနဲ့နော် "


ကျင်းစစ် နှလုံးသားက တင်းကျပ်သွားပြီး ကျင်းမိသားစုဘက်တွင် တစ်ခုခုဖြစ်နေပြီလား ဟု မသိစိတ်မှသိချင်သွားသည် ။သူကဖြည်းဖြည်းချင်း ခေါင်းငြိမ့်လိုက်သည်။


"ဟုတ် ပြောပါ"


"နောက်နှစ်ကစပြီးတော့ ပညာရေးဝန်ကြီးဌာနက အိုလံပစ် ဘောနပ်စ် ရမှတ်တွေနဲ့ ကောလိပ်ဝင်ခွင့်စာမေးပွဲ ပေါ်လစီကို ဖျက်သိမ်းတော့မယ်" 


ဆရာလျိုသည် ဒေါသထွက်ကာ နောင်တရနေပြီး " အဲ့ဒီသတင်းကို မနက်ဖြန် ကြေငြာမယ်လို့ခန့်မှန်း ရတယ်စိတ်တော့မလျော့လိုက်နဲ့ ကံကောင်းရင်တော့ မင်းမှီလောက်ပါတယ် ဒီအချိန်မှာတော့ ငါတို့လုပ်နိုင်တာဘာမှမရှိဘူး "


ယနေ့မနက် ကျောင်းအုပ်ဆီမှ ထိုသတင်းကိုကြားပြီး ဆရာလျို မိနစ်အတော်ကြာ စိတ်ရှုပ်သွားလေသည်။ ကောလိပ် ဝင်ခွင့်စာမေးပွဲနှင့် သင်္ချာဘောနပ် ရမှတ်များသည် အရင်နှစ်များကတည်းက ကြီးမားတဲ့ ပြသနာဖြစ်ခဲ့ပြီး ရလဒ်မရှိခဲ့ပေ။ သို့ပေမဲ့ ယခုအချိန်တွင် အကောင်အထည်ဖော်မည်ဟု မည်သူမျှမတွေးခဲ့ပေ။


ထိုအရာသည် ယခင်ကသာဆိုလျှင် ဆရာလျိုနှင့် မသက်ဆိုင်ပေ။ သို့သော် ယခုမူ ကွာခြားသည်။ သူတို့အတန်းတွင် ကျင်းစစ်ရှိသည်။  ထိုကလေးသည် သင်္ချာအိုလံပစ် ပြိုင်ပွဲတွင် အနိုင်ရရန် အပြင်းအထန် ကြိုးစားနေခြင်းဖြစ်သည်။ သူသာဒီသတင်းကို ကြားရင် ပြိုလဲသွားမလား။


ဆရာလျိုသည်လည်းဒေါသထွက်နေ၏။ သို့ရာတွင် ကျင်းစစ် ၏ အဆိုးမြင်စိတ်များ တိုးပွားလာမည်စိုးသဖြင့် သူ့ရှေ့တွင် စိတ်အေးသည့် ပုံစံမျိုးဟန်ဆောင်ထားလေသည်။


သို့ရာတွင် ဆရာလျို၏ မျှော်မှန်းချက်အတိုင်းပင် ကျင်းစစ်သည် အံ့အားသင့်သွားကာ ပြောလိုက်သည်၏။


" ဟုတ်ကဲ့" ထို့နောက် ဘာမှမပြောတော့ပေ။


ပြိုလဲခြင်းမရှိ ဝမ်းနည်းခြင်းမရှိ ထိတ်လန့်ပင်မသွားပေ။ ထိုရိုးရှင်းသော စာကြောင်းသည် ဆရာလျိုကို ပို၍ ပူပန်စေသည်။


ကျင်းစစ်သည် စဥ်းစားချင့်ချိန်နိုင်ပြီး သူထိုသတင်းနှင့်ပက်သက်ပြီး မည်သို့ဖြေရှင်းရမှန်း မသိသော်လည်း မျက်နှာပေါ်တွင်တော့ တည်ငြိမ်နေလေသည်။ တစ်ခုခု ဖြစ်လျှင်တောင် ထိန်းချုပ်ထားလေသည်။


ဆရာလျိုက စိတ်ပူသွားပြီး " ဆရာရှေ့မှာ ကိုယ့်ကိုယ်ကို ဖုံးကွယ်မထားပါနဲ့ ဆရာမင်းရဲ့ စိတ်အခြေအနေကိုနားလည်တယ် မင်းမှာထင်မြင်ချက်တွေရှိရင် ဆရာ့ကို မင်းစိုးရိမ်နေတာတွေပြောပြလေ"


" ကျေးဇူးပါ ကျွန်တော်တကယ်အဆင်ပြေပါတယ် " 


ကျင်းစစ် နှလုံးသားနွေးထွေးသွားပြီး ဆရာလျိုကို ပြုံးကာ ပြောလိုက်သည်။


သူသင်္ချာအိုလံပစ်ကို တကယ်စိတ်ဝင်စားသောကြောင့် လေ့လာခဲ့ခြင်းဖြစ်ပြီး ဘောနပ်စ်အမှတ်သည် အပိုဆုလဒ်မျှသာဖြစ်ပြီး သူ့ကို စိတ်ဆိုးဝမ်းမနည်းစေချေ။


ဆရာလျိုက မသေချာစွာ မေးလိုက်မိ၏။ 


" မင်းတကယ်ဘာမှ မဖြစ်ဘူးနော်"


ကျင်းစစ်က ခေါင်းငြိမ့်လိုက်ပြီး ခိုင်ခိုင်မာမာ ပြောလိုက်သည်။ 


" ကျွန်တော် အဲ့ဒီ ဘောနပ်စ် အမှတ်နှစ်ဆယ် မပေါင်းထည့်ပေးရင်တောင် အဆင့်ကောင်းကောင်း ရနိုင်တယ်"


ဆရာလျိုက အံ့အားသင့်သွားပြီး ကျင်းစစ်ပုခုံးကို နှစ်ကြိမ်မျှ ပုတ်ကာ ပြောလိုက်သည်။


" တော်လိုက်တဲ့ကောင်လေး ငါ့ကျောင်းသားအဖြစ်ရတာ ဂုဏ်ယူစရာပဲ "


ကျင်းစစ်က အတန်းထဲသို့ပြန်ရောက်သောအခါ နေလည့်စာအတွက် အနားပေးသည့် ခေါင်းလောင်းမထိုးသေးပေ။ သို့ပေမဲ့ ယင်းကျောင်း၏ မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့လေးရှိနေပြီး စိတ်အခြေအနေ ကောင်းနေပုံရကာ စာများကို အဆက်မပြတ်လုပ်နေလေသည်။


ကျင်းစစ် ပြန်လာသည်ကို မြင်သောအခါ ယင်းကျောင်းက သူ့ဘောပင်ကို ချလိုက်ပြီး မေးလိုက်သည်။


"လူအိုကြီးလျိုက ဘာ​တွေပွားလိုက်ပြန်ပြီလဲ"


"ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် သင်္ချာအိုလံပစ်က ဘောနပ်စ်အမှတ်ထည့်မပေးတော့တာ ကို ခေါ်ရှင်းပြတာ " ကျင်းစစ်က ထိုင်လိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်။


"ဘာဖြစ်တယ်" ယင်းကျောင်း၏ ကောင်းနေသော စိတ်အခြေအနေသည် ချက်ချင်းပျောက်ကွယ်သွားတော့သည်။ 


သူကကျင်းစစ်ကို ကြည့်လိုက်ပြီး ပြောစရာစကားများသည် ပျောက်ဆုံးနေလေသည်။


"ဒါဆို မင်းဘာဆက်လုပ်မှာလဲ"


"အဲ့ဒါ အဆင်ပြေပါတယ် ငါက အဲ့ဒီအမှတ် 20 ကိုလိုချင်လို့လုပ်တာမှ မဟုတ်တာ" 


ကျင်းစစ်က သင်္ချာ အိုလံပစ် စာအုပ်ကို ဖွင့်လိုက်ပြီး ပြုံးကာပြောလိုက်သည်။ 


" ရခဲ့ရင်တော့ပိုကောင်းပေမဲ့ မရတော့လည်း အကြောင်းမဟုတ်ပါဘူး"


ယင်းကျောင်းက ကျင်းစစ်မျက်နှာကို သေချာ အနီးကပ်ကြည့်လိုက်ပြီး ကျင်းစစ် အရမ်းကြီး ဂရုမစိုက်နေသည်ကို တွေ့လိုက်မှ စိတ်သက်သာရာ ရသွားလေသည်။


သူက ကျင်းစစ်ကို လျော့တွက်မိတာပဲ...


ကျင်းစစ်သည် သူစလျှင် ရှက်တတ်သော်လည်း သူ့သည် စိတ်ပျော့ညံ့တတ်သူမဟုတ်ပေ။ သူကငယ်သေးပေမဲ့ သူစိတ်ကတော့ တခြားစီပင် ။ မည်ကဲ့သို့ပင် ဖိအားများနေပါစေ သူသည် အေးဆေးတည်ငြိမ်စွာပင် ဂရုမစိုက်ချေ။


အပိုမှတ်တွေကိုမရဘူး အပိုအမှတ်ဆိုတာဘာလဲ...


သူ့အတန်းဖော်လေးသည် အပိုမှတ်များမရှိဘဲနှင့်ပင် စာမေးပွဲတွင် ပထမနေရာကို ရနိုင်လေသည်။


ထိုကိစ္စအနှောက်အယှက်ပေးပြီးနောက် ယင်းကျောင်းသည် ပန်းသီးကိစ္စနှင့် ပက်သက်သည့် သူ့အကြံကို ရပ်တန့်ရန်သာ ရှိတော့သည်။


သူနှလုံးသားထဲတွင် နောင်တရနေပြီး နောက်အခွင့်အရေးရလျှင်သာ မေးရန်ရှိတော့သည်။


နောက်တစ်နေ့တွင် ကောလိပ်ဝင်ခွင့်စာမေးပွဲ အတွက် သင်္ချာအိုလံပစ် အမှတ်ကို ထည့်ပေးမည့် ပေါ်လစီကို ပယ်ဖျက်လိုက်ကြောင်း ကြေငြာလိုက်ပြီး ကျောင်းတွင် အုတ်အုတ်ကျက်ကျက် ဖြစ်သွားလေသည်။


ပြိုင်ပွဲတွင် ပါဝင်ယဥ်ပြိုင်မည့်ကျောင်းသား အများစုသည် ထိုအချက်ကို လက်မခံနိုင်ပေ။ နှစ်ပေါင်းများစွာကြိုးစားပြီးတဲ့နောက် ပညာရေးဝန်ကြီးဌာနမှ ပယ်ဖျက်လိုက်သောအခါ ကျောင်းသားများက သည်းမခံနိုင်ကြပေ။


သင်္ချာက အမှန်ပင်ကောင်းပေသည်။ သူတို့သည် ကောလိပ်ဝင်ခွင့်စာမေးပွဲကို ရှောင်နိုင်ပြီး ကောလိပ်နှင့် တက္ကသိုလ်များတွင် သီးခြားစာရင်းသွင်းမှုများကို လုပ်နိုင်ပေသည်။ သို့ရာတွင် ထိုအဆင့်ကို ရောက်ရန်အတွက် ပြည်နယ်စုကျောင်း၏ ပထမဆုဖြင့်မလုံလောက်ပေ။ အနည်းဆုံး ဖိုင်နယ်အထိ ရောက်ရမည်ဖြစ်ပြီး တတိယဆုကို ရနိုင်မှ ရမည်။


သို့ရာတွင် နှစ်စဥ်နှစ်တိုင်း လူတစ်ထောင်နီးပါးခန့်သည် နိုင်ငံအဆင့်သင်္ချာပြိုင်ပွဲ၏ ပြည်နယ်စုအဆင့် ပထမဆုများကို ရကြလေသည်။ ထိုလူများထဲမှ နှစ်ရာခန့်သာ ဖိုင်နယ်ပွဲသို့ ဝင်ရောက်နိုင်ခဲ့ကြသည်။


ပျဥ်ထောင်တစ်ပြား တံတားကို လူထောင်ပေါင်းများစွာ ဖြတ်ခြင်းသည် ချဲ့ကားပြောဆိုခြင်းမဟုတ်ပေ။


ထပ်ပြောရလျှင် တုန်းဟိုင်ပြည်နယ်စုသည် ပြိုင်ပွဲတွင် အားနည်သော ပြည်နယ်စု တစ်ခုဖြစ်သည်။ နှစ်စဥ်နှစ်တိုင်း ဖိုင်နယ်ကို ဝင်နိုင်သော လူစာရင်းသည် လက်ဖက်တည်းဖြင့်သာ လက်ချိုးရေတွက်နိုင်၏။


ရုတ်တရက်ပင် ဖိုရမ်ထဲတွင် ဆွေးနွေးမှုပေါင်းများစွာပေါ်လာပြီး လူတိုင်းသည် စာကြိုးစားချင်စိတ်မရှိကြတော့ပေ။ မူလပြိုင်ပွဲမှ လူများသည် ပေါက်ကွဲကုန်ကြကာ ဆုရရှိခဲ့ပြီး သူတို့၏ အပိုရမှတ်များကို ရရှိရန်ပြင်ဆင်နေကြသော စီနီယာကျောင်းသားများက ပြိုလဲကုန်ကြသည်။


ကျောင်းသားများသည် စိတ်ခံစားမှုပြင်းထန်နေကာ ဆရာများသည် ကသိကအောက်ဖြစ်ကာ မသက်မသာခံစားနေရသည်။


ကျောင်းသည်လည်းမတတ်နိုင်ပေ။ ညဘက် ဒုတိယအချိန် ကိုယ်ပိုင်စာကြည့်ချိန်သည် မကြုံစဖူး ပိတ်ပေးလေသည်။ ပထမအကြိမ် စာကြည့်ချိန်အပြီးတွင် ကျောင်းသားများကို ပြန်ခွင့်ပေးလိုက်ကြသည်။


"အတန်းဖော်လေး" 


ယင်းကျောင်းသည် ပစ္စည်းများကို ထုတ်ပိုးသိမ်းဆည်းနေသော ကျင်းစစ်ကို ကြည့်ကာ မေးလိုက်သည်။ 


" မင်း ဒီညဘာလုပ်မှာလဲ "


ကျင်းစစ်က ခဏလောက်စဥ်းစားပြီး ပြောလိုက်သည်။


" ပန်းသီးစားပြီးအိပ်တော့မှာ"


ယင်းကျောင်းက ရယ်လိုက်ပြီး " အဲ့လောက်တောင် ရိုးရှင်းတာလား"


ကျင်းစစ်က သံသယဝင်စွာမေးလိုက်သည်။


" မဟုတ်ရင်ရော"


ယင်းကျောင်းက မတ်တတ်ရပ်လိုက်ပြီး သူ့နား အနားကိုကပ်ကာ တီးတိုးပြောလိုက်သည်။


"ဒီကောက မင်းကို ကစားဖို့ခေါ်သွားပေးမယ် သွားချင်လား"


သူကျင်းစစ်နှင့်အတူ ခရစ်စမတ်ပွဲတော်ကိုအတူ အချိန်ကုန်ဆုံးချင်ပေမဲ့ ကျင်းစစ်ကိုလည်း အနားယူစေချင်သည်။


ကျင်းစစ်က စည်းကမ်း တင်းကျပ်လွန်းသည် ။ သူသည် သာမာန်စာလုပ်ချိန် များနှင့် ပြိုင်ပွဲများကို ဘယ်သောအခါမှ လျစ်လျူမရှုပေ။ ထို့အပြင် သူသည် သူ့အားလပ်ချိန်များတွင် အခြားသူများကိုလည်း သူတို့နားမလည်သောစာများကို ကူညီဖြေရှင်းပေးသည်။ အားလပ်ရက်များတွင်တောင် အချို့သောအကြောင်းပြချက်များဖြင့် စာလေ့လာရင်း အချိန်ကုန်ဆုံးလေသည်။


ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် အပိုရမှတ်ကိစ္စကို ပယ်ဖျက်လိုက်ခြင်းလည်း ဖြစ်သွားသောကြောင့် ယင်းကျောင်းကသူ့ကို ပျော်အောင်လုပ်ပေးချင်သည်။


"အပြင်ထွက်လည်မလို့လား" ကျင်းစစ်အံ့အားသင့်သွားကာ သူ့ခေါင်းကိုခါလိုက်ပြီး ပြောလိုက်သည်။


" ကျောင်းက ကျောင်းသားတွေကို ညဘက်ထွက်လည်ခွင့်ပြုမှာ မဟုတ်ဘူး"


" ရပါတယ် " ယင်းကျောင်းက သူ့ကျောပိုးအိတ်ကို ယူလိုက်ပြီး သူ့ခေါင်းကို ပွတ်လိုက်ကာ ပြောလိုက်သည်။


" ဒီနေ့က 9:30 မတိုင်ခင် အထိပဲ ကိုယ်ပိုင်စာကြည့်ချိန်ကတစ်ချိန်ပဲ ရှိတာလေ ဒီညအပြင်ထွက်ပြီး ညစာစားရအောင် ပြီးရင် 11 နာရီမတိုင်ခင် ပြန်လာကြမယ်လေ"


ကျင်းစစ်က ကျောင်း၏ စည်းကမ်းချက်တွေကိုဖောက်ဖျက်မည့် မည်သည့်ကိစ္စကိုမှ မလုပ်ချင်ပေ။


ယင်းကျောင်းက ဆက်ပြောလေသည်။ 


" ဒီနေ့က ခရစ်စမတ်ပွဲတော်နေ့ဆိုတော့ လမ်းပေါ်မှာ မီးရောင်စုံတွေနဲ့ အရမ်းလှနေမှာ "


ကျင်းစစ်ကခဏမျှ တုံ့ဆိုင်းနေပြီး " မင်း ကမြင်းကြောတော့မထဘူးမလား"


ယင်းကျောင်းက သူ့လက်ထဲက မီးခြစ်ကို ဟိုဆော့ဒီဆော့လုပ်လိုက်ပြီး ရယ်ကာပြောလိုက်သည်။


" နိုး"


ကျင်းစစ်က ထပ်မေးလိုက်သည်။


" ဒါဆို ငါတို့ ဘယ်လိုအပြင်ထွက်မှာလဲ"


_____


Translated By IQ-Team.