Chapter 55
ကျင်းစစ်၏ အဆောင်သည် အဆင့်မြင့် လူခြောက်ယောက်စာ အခန်းဖြစ်ပေမဲ့ ယခုချိန်ထိ သူနှင့် လီကျိုးသာနေလေသည်။ ခန့်မှန်းခြေ အရ အနာဂါတ်တွင် အခြားသူများ ထပ်ရှိလာတော့မည် မဟုတ်ချေ။ ဗီဒိုအလွတ်များသည် တစ်ဝက်ခန့်ထက်ပင် များလေသည်။ ထို့ကြောင့် ထိုအဝတ်များကို ထည့်ရန်အတွက် အဆင်မပြေစရာမရှိပေ။
ကျင်းစစ် တွေးပြီးပြီးချင်းပင် သူ့ကျောင်းလွယ်အိတ်ကို အိပ်ရာဘေးတွင်ထားလိုက်ပြီး ဗီရို တံခါးဖွင့်ကာ သူလိုချင်သော အင်္ကျီအားလုံးကို ထုတ်လိုက်လေသည်။ ဗီဒိုအပေါ်တွင် အိတ်အကြီးကြီးကို တွေ့သောအခါ ကုတ်အင်္ကျီ အနည်းငယ်ကို ခေါက်လိုက်ပြီးထည့်ကာ ဆွယ်တာအင်္ကျီများကို လည်းထိုကဲ့သို့လုပ်လိုက်လေသည်။ ဆွယ်တာ တစ်ထည်ကို ထောင့်စွန်းမှ မြှောက်လိုက်သောအခါ သားရေ မှတ်စုစာအုပ်လေးသည် ဆွယ်တာထဲမှ ထွက်ကျလာလေသည်။
ကျင်းစစ်က တခဏ အံ့အားသင့်သွားကာ ထိုမှတ်စုစာအုပ်လေးကို ကုန်းကာ ကောက်ယူလိုက်သည်။
ထိုနေရာလေးတွင် သိမ်းထားသည် ဆိုကတည်းက ထိုမှတ်စုလေးကို အခြားသူတွေ ရှာမတွေ့စေချင်သောကြောင့် ဖြစ်မည်။ ဤမှတ်စုသည် မူလပိုင်ရှင်၏ ဒိုင်ယာရီ ဖြစ်မည်ဟု ကျင်းစစ် ခန့်မှန်းလိုက်၏။
သူ့တွင်မူလကိုယ်၏ မှတ်ဥာဏ်များမရှိသည့်အပြင် နိုဘယ်လ် ထဲတွင်လည်း မူလပိုင်ရှင်၏ အကြောင်းများမဖော်ပြထားသောကြောင့် မူလပိုင်ရှင်သည် မည်သို့သောသူဖြစ်မည်ကို သူမသိခဲ့ပေ။
ကျင်းစစ်သည် ထိုခန္တာကိုယ်ထဲ ရောက်နေသည်မှာ ကြာပြီဖြစ်ပြီး ထိုသူ ၏အကြောင်းကို မသိခြင်းက ထူးဆန်းလေသည်။
မူလကိုယ်တွင် အခြားသူအပေါ်တွင် ယုံမှားသံသယလွန်တတ်သော အကျင့် ရှိသည်။ သူသည် အိမ်စာကို ဘယ်သောအခါမျှ မလုပ်ဘဲနှင့်တောင် စာမေးပွဲကို လွယ်လွယ်ကူကူနှင့်အောင်နိုင်သည်။ သို့ရာတွင် ဆရာလျို မည်မျှပြောပါစေ သူမပြုပြင်ပေ။
ဒိုင်ယာရီကို ဖတ်ပြီးတဲ့နောက် မူလခန္တာကိုယ်၏ အတွေးတွေကို အနည်းငယ်တော့ နားလည်လာနိုင်လောက်၏။
ကျင်းစစ်က ထိုအကြောင်းကိုတွေးလိုက်ပြီး သူ့လက်ထဲက ဒိုင်ယာရီစာအုပ်ကို ဖွင့်လိုက်လေသည်။
ကျင်းစစ် မျက်ဆံအိမ်များသည် ရုတ်တရက် ကျုံ့သွားကာ သူ့နှလုံးခုန်သံသည် ပိုမိုမြန်ဆန်လာလေသည်။
အဝါရောင် ဖျော့ဖျော့ စာရွက်ပေါ်တွင်သူတွေးထားသလိုမူလပိုင်ရှင်၏အတွေးများကို မှတ်တမ်းမတင်ထားပေ။ အစမှ အဆုံးထိ ယင်းကျောင်း ဆိုသော နာမည်ကိုသာ ရေးထားလေသည်။
သို့ပေမဲ ကျင်းစစ်ကို အံ့အားသင့်စေသောအရာသည် မူလပိုင်ရှင်၏ ယင်းကျောင်းအပေါ် စွဲလမ်းမှု မဟုတ်ဘဲ သူ၏ လက်ရေးပုံစံသာဖြစ်နေခြင်းပင်__
ယင်း ဆိုသော စကားလုံးကို ရေးသောအခါတွင် ဘောပင်ကြောင့် “月” ၏ဘယ်ဘက်အောက်ဘက်ထောင့်တွင် စာလုံးအဝိုင်းလေး ပေါ်နေလေသည်။
မူလခန္တာကိုယ်၏ လက်ရေးသည် သူနှင့်ကွဲပြားသော်လည်း ထိုစာလုံးသည် သူ့လက်ရေးနှင့်တစ်ပုံစံတည်းတူလေသည်။
ကျင်းစစ် ဒိုင်ယာရီစာအုပ်ကို တင်းတင်းကျပ်ကျပ် ဆုတ်ကိုင်ထားကာ သူ့ပုံစံသည် မြူခိုးထဲတွင် လှောင်ပိတ်မိနေသကဲ့သို့ ဖြစ်နေသည်။
လောကကြီးမှာ နာမည် ရုပ်ရည် လက်ရေးကအစ ကွက်တိတူတဲ့ လူနှစ်ယောက်ရှိနိုင်ပါ့မလား...
သူနဲ့ မူလကိုယ်နဲ့ ဘယ်လို ဆက်နွယ်နေတာလဲ...
သူက ဒီမှာဆို မူလကိုယ်ကရော... သူကပျောက်ကွယ်သွားတာလား ဒါမှမဟုတ် သူ့ကမ္ဘာကို ရောက်သွားတာများလား...
မဖြစ်နိုင်ဘူးမလား ? !
ကျင်းစစ်၏ကျောသည် အေးစိမ့်သွားလေသည်။
အဲ့ဒီ ၀တ္ထုက သူ့ဖုန်းထဲမှာ ဘယ်လိုလုပ်ပေါ်လာတာလဲ...
သူလုံးဝ မမှတ်မိတော့ပေ။
သူမှတ်မိတာတစ်ခုကတော့ ...
သူ့ဖုန်းကိုဖွင့်လိုက်ချိန် အဲ့ဒီ၀တ္ထုပေါ်လာတယ် ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေပြီးချိန်ဖြစ်တာကြောင့် စိတ်အေးလက်အေး ဖတ်လိုက်မိတယ်...
ဒါပေမဲ့ သူဘာလို့ အဲ့ဒီ ပြသနာအကြောင်း မတွေးဘဲ သံသယ မဝင်မိတာလဲ...
မေးခွန်းတွေက တစ်ခုပြီး တစ်ခုဆက်တိုက်ဆိုသလိုပေါ်လာလေသည်။ ကျင်းစစ်က အသက်ပြင်းပြင်း ရှုလိုက်ပြီး စိတ်အေးအေးထားရန် ကြိုးစားလိုက်သည်။
သူက ထိုအကြောင်းကို ယခု အချိန်ထိမသိသေးပေ။ သို့ပေမဲ့ အရေးမကြီးပေ။ အချိန်ယူရမှာဖြစ်ပြီး အမှန်တရားသည် တစ်နေ့တော့ ပေါ်လာမည်ဖြစ်သည်။
ထိုအချိန်တွင် ဘာကြောင့်မှန်းမသိပေ။ သူရုတ်တရက် တစ်ခုခုကို တွေးမိသွားသည်။ ချောင်အန်းယန်ကိုတွေ့ရင် ခေါင်းကိုက်တဲ့ပြသနာကို ဖြေရှင်းနိုင်သရွေ့ အခြားပြသနာများကိုလည်း ဖြေရှင်းနိုင်မည်ဟု ထင်ခဲ့၏။
ကျင်းစစ်က စိတ်အေးအေးထားလိုက်ပြီး ဒိုင်ယာရီစာအုပ်ကို ဗီဒိုထဲရှိ နက်နက်ရှိုင်းရှိုင်းနေရာတွင် သိမ်းထားလိုက်ပြီး ထပ်မဖတ်တော့ပေ။ သူ့အဝတ်တွေကို ဆက်သိမ်းရန် ပြင်လိုက်ချိန်တွင် ဖုန်းက ရုတ်တရက် တုန်ခါလာလေသည်။ သူကိုင်လိုက်သောအခါ ယင်းကျောင်းဆီမှ မက်ဆေ့ချ် ဖြစ်ကြောင်းတွေ့လိုက်ရလေသည်။
[ကျောင်း] : စားပြီးသွားပြီလား
ကျင်းစစ်က သူ့ဖုန်းကို ဖွင့်လိုက်ကာ စာပြန်လိုက်သည်။
[ကျင်း] : ပြီးသွားပြီ မင်းရောစားပြီးပြီလား
[ကျောင်း] : ဟယ့်ကျိုးနဲ့ တခြားသူတွေနဲ့ အခုစားနေတာ
[ကျောင်း] : ဒီဂျပန်ဆိုင်က စားကောင်းတယ် ကိုယ်မင်းကို နောက်ကျရင် ခေါ်သွားမယ် [ဓါတ်ပုံ] [ဓါတ်ပုံ]
ဂျပန်စတိုးဆိုင်၏ အစားအသောက် ခင်းကျင်းထားပုံသည် ကြည့်ကောင်းသည်။ စားစရာတွေအများကြီးလည်းရှိတာကြောင့် အားလပ်ရက်မှာ သူ ထိုနေရာကို သွားဖို့ရွေးသည်မှာ မထူးဆန်းပေ။
ကျင်းစစ်က ပုံကို ချဲ့ကြည့်ကာ စာရိုက်ရင်းချီးကျူးလိုက်လေသည် ။
[ကျင်း] : စားကောင်းမဲ့ပုံပဲ
ယင်းကျောင်းက အာတိတ်ဒေသမှထွက်သော အခွံမာငါးတစ်ကောင်ကို ယူလိုက်ကာ ပါးစပ်ထဲထည့်လိုက်သည်။ ကျင်းစစ်၏ စာကို မြင်လိုက်သောအခါ သူ့မျက်နှာပေါ်တွင် ရိုးသားစွာ အပြုံးတစ်ခုပေါ်လာလေသည်။
ယင်းကျောင်းက သူ၏ တူကိုချလိုက်ပြီး ကျင်းစစ်နှင့် စကားပြောရင်း သူ့စိတ်ထဲတွင် ကျင်းစစ်ကို မနက်ဖြန်ဘယ်လို ဆွဲဆောင်ခေါ်ပြီး အစာစားရန် ခေါ်ရမည်ကို တွေးနေခြင်းဖြစ်၏။
ယင်းကျောင်းက ဖုန်းပေါ်မှာ စာရိုက်ခြင်းကို အာရုံစူးစိုက်နေသည်ကို တွေ့သောအခါ ကျန်လူများသည် မတတ်နိုင်ဘဲ မျက်လုံးလှိမ့်လိုက်ကြလေသည်။
အဲ့ဒါ ဘယ်သူလဲဆိုတာ သူတို့တွေးရန် မလိုပေ။ အဲ့ဒါက ပန်းလေးလိုယုယနေပုံထောက်ရင်တော့ ကျင်းစစ်ပဲ ဖြစ်လိမ့်မယ်...
လူအချို့သည် သူ့ကို့ဂရုမစိုက်ဘဲ သူတို့ကိုယ်သူတို့ ရေးကြီးခွင်ကျယ်မလုပ်ချင်ပေမဲ့ ဘယ်သူက ခွေးစာတစ်တန်လောက်ကို စားချင်မှာလဲ လို့...
သူတို့ကြည့်နေမြင်နေရတာ စိတ်ရှုပ်ဖို့ ကောင်းတယ် အိုကေ ? !
ကျန့်ချွယ်က ဆက်သည်းမခံနိုင်တော့ပေ။ သူမတ်တပ်ရပ်ကာ ပန်းကန်လုံးကို ယင်းကျောင်းရှေ့မှာခေါက်လိုက်ပြီး ပြောလိုက်သည်။
" အကိုကျောင်း ပုံမှန်ပဲနေလို့မရဘူးလား"
ယင်းကျောင်းက သူ့ကို မျက်လုံးပင့်ပြီး ကြည့်လိုက်သည် ။
ကျန့်ချွယ်က ပြောစရာပင်မဲ့သွားသည်။
" အကိုတို့နှစ်ယောက်က နေ့တိုင်းပူးကပ်နေတာကို ဘာတွေများပြောစရာရှိလို့လဲ ကျွန်တော် အခုတလော တစ်ယောက်ယောက်ကိုလိုက်နေတာ ကျွန်တော်လည်း အခုလိုမျိုးလုပ်ဖို့အကို့ဆီကသင်သင့်လား"
ယင်းကျောင်းက ဂရုမစိုက်စွာပြောလိုက်သည်။
" အိုး ဒါဆို မင်းက အငြင်းခံလိုက်ရတယ်ပေါ့"
ကျန့်ချွယ် : "..."
ယင်းကျောင်းက wechat ကို ကြည့်လိုက်ပြီး စာအသစ်ဝင်ထားတာမရှိတာကို တွေ့တော့ မော့ကြည့်လိုက်ပြီး ပြောလိုက်သည်။
" ငါကအခု အရမ်းသက်ညှာပေးနေတာလေ အရင်တုန်းက ကျင်းစစ်နဲ့ ငါချစ်ပြနေရင် မင်းတို့ပဲ အော်လိုက်ငိုလိုက်နဲ့လေ အခုတော့ ငါက ငါ့အချစ်ဆီကိုတောင် စာရိုက်လို့မရတော့ဘူးပေါ့လေ"
ဟယ့်ကျိုး ကျန့်ချွယ် ဖမ်ချန်းချန်း : "..."
ကျန့်ချွယ်၏ ခန္တာကိုယ်သည် မခံမရပ်နိုင်စွာ တုန်ယင်သွားလေသည် ။ သူ့မျက်နှာကို ပွတ်လိုက်ပြီး အရှုံးပေးလိုက်ရသည်။
" အကိုတို့ အချစ်ကိုဘယ်သူမှ မတားဆီးပါဘူး ကျေးဇူးပြုပြီး... ချစ်ချင်သလိုသာချစ်ကြပါတော့..."
-----------------------
ကျန့်ချွယ်၏ နှလုံးသားသည် ထိုလူများကြားထဲတွင် အကြီးဆုံးဖြစ်သည်။ သာမာန်အချိန်များတွင် ယင်းကျောင်းနှင့် ကျင်းစစ်၏ ခွေးစာ များကို နားလည်ရန်ပင် အလွန်အပျင်းထူနေတတ်သည်။ ထိုအချိန်များတွင် သူ့ခေါင်းကိုသာ ငုံ့၍ ဂိမ်းကစားနေခြင်းကသာ ပိုကောင်းသည်ဟုသာတွေးမိ၏။
သို့သော် ယခုတွင်တော့ သူ့နှလုံးသားထဲတွင် တစ်ခုခုဖြစ်နေသောကြောင့် မပျော်နိုင်ပေ။ သူ့ အာရုံကိုပြောင်းပစ်ချင်သည်။ သူသည် ပထမဦးစွာထုတ်ပြောသူ ဖြစ်ပြီး ယင်းကျောင်းဆီမှ မမျှော်လင့်ထားသော စကားများကြောင့် အံ့အားသင့်သွားလေသည်။
ကျန့်ချွယ်က ပြန်ထိုင်လိုက်ပြီး အာလူးထောင်းကို ပါးစပ်အပြည့် သွင်းလိုက်ကာ စိတ်ဓါတ်ကျနေလေသည်။
ယင်းကျောင်းက ကျင်းစစ်နှင့် အတော်ကြာစာပို့နေလိုက်ပြီး လန်းဆန်းသွားသောအခါ အိုကိုနိုမီယာခီ ကိုစားလိုက်လေသည်။ သူ့ဖုန်းကိုချပြီး အစားဆက်စားမည်လုပ်သောအခါ ကျန့်ချွယ်၏ စိတ်ဓါတ်ကျနေသောမျက်နှာကို မြင်လိုက်သော အခါ ဖုန်းကို ပြန်ဖွင့်လိုက်ပြီး ကျန့်ချွယ်ဆီသို့ မက်ဆေ့ချ်အချို့ကို သီးသန့်ပို့လိုက်လေသည်။
ကျန့်ချွယ်က ခတ္တမျှ ရှုပ်ထွေးသွားကာ သူထပ်ပြီး ရှိုးလုပ်ပြရဦးမည်လားဟု ထင်လိုက်ကာ သတိရှိရှိဖြင့် မေးလိုက်လေသည်။
" အကိုကျောင်း ဒါကဘာကို ဆိုလိုတာလဲ"
" တံခါးလော့ခ်ရဲ့ ကုဒ်နံပါတ်လေ"
ယင်းကျောင်းက ဂရိတ်ဖရုသီး လက်ဖက်ရည်ပူပူ တစ်ငုံကို သောက်လိုက်ကာ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
" မင်း Canyue Bay က ငါ့အိမ်ကိုရောက်ဖူးလား အဲ့ဒါက အဲ့အိမ်တံခါးရဲ့ လောခ့် နံပါတ်လေ"
ကျန့်ချွယ်၏ လည်ချောင်းသည် တစ်ဆို့နေပြီး သူ့မျက်လုံးများသည် အနီရောင်သို့ပင် ပြောင်းလုမတတ်ဖြစ်သွားသည်။
သူ့မိဘများ၏ ဆက်ဆံရေးက ဆိုးဝါးလေသည်။ သူတို့သည် အကြီးစားရန်ပွဲ သုံးရက်နှင့် အသေးစားရန်ပွဲ ငါးရက်ကြာ ဖြစ်ထားလေသည် ။ သူအမှန်တော့ ယခုညတွင် အိမ်ပြန်ခဲ့သည်။ သို့ရာတွင် အိမ်ထဲရှိရန်ပွဲ နှင့် ပစ္စည်းများပေါက်ခွဲသံကို သည်းမခံနိုင်တော့သောကြောင့် ထပ်ကာ ထွက်ပြေးလာခြင်း ဖြစ်သည်။
သူ ထိုအိမ်တွင် တစ်စက္ကန့်ပင် မနေချင်တော့ပေ။
" အကိုကျောင်း ကျွန်တော်..."
ကျန့်ချွယ်က ရှိုက်လိုက်ပြီး သူ့နှုတ်ခမ်းများသည် ရွေ့ရှားသွားကာ သူတို့သည် အခုလေးတင် ဗရုတ်သုတ်ခ ကျထားသောကြောင့် ထိုစိတ်ထိခိုက်လွယ်သော စကားများကို ပြောမထွက်နိုင်ပေ။
" စားတော့"
ယင်းကျောင်းက သူ့ကို ဖြတ်ပြောလိုက်ပြီး ပေါ့ပါးစွာပြောလိုက်သည်။
" မင်းအဲ့ဒီမှာ မင်းနေချင်သလောက်နေလို့ရတယ် အဲ့ဒါက ဟိုမိသားစုနဲ့ မဆိုင်ဘူး ငါ့အမေအိမ်ဖြစ်တဲ့ အတွက် မစိုးရိမ်နဲ့"
မနှစ်က ယင်းကျောင်းနှင့်ကျန့်ချွယ်တို့သည် Haoyue Bay က ဗီလာတွင် ကစားရန်ချိန်းဆိုခဲ့ကြသည်။ မမျှော်လင့်စွာပင် လမ်းခုလတ်တွင် ယင်းရှန့်ကျင်း နှင့် မိန်းမတစ်ယောက်ကိုတွေ့ခဲ့လေသည်။
အဆုံးတွင် ယင်းကျောင်းသည် သူ့အဖေကို နှင်ထုတ်ခဲ့သော်လည်း သူ့စိတ်အခြေအနေသည် အနှောက်ယှက် ခံလိုက်ရပေ၏။
" ကျေးဇူးပါ အကိုကျောင်း"
ကျန့်ချွယ်က လျို့ဝှက်ကုဒ်နံပါတ်များကို အခါခါပြန်ဖတ်လိုက်ပြီး သူ့စိတ်ထဲတွင် မှတ်ထားကာ အကိုကျောင်းကို ကျေးဇူးတင်လိုက်လေသည်။
ယင်းကျောင်းက ခေါင်းငြိမ့်ကာ ဘာမျှမပြောပေ။
တခြားတစ်ဖက်တွင်တော့ ယင်းကျောင်းနှင့် စာပို့ကာ စကားပြောလိုက်ရသောကြောင့် ကျင်းစစ် စိတ်အခြေအနေသည် ပိုကောင်းလာခဲ့သည်။ သူ့ပစ္စည်းများကိုထုတ်ပိုးလိုက်ပြီး အိပ်ယာပေါ်တွင်လှဲကာ အိမ်စာများရေးလိုက်ပြီး ရေချိုးခန်းသွားကာ မအိပ်ခင် ရေချိုးလိုက်၏။
နောက်တစ်နေ့တွင် ကျင်းမိသားစုအိမ်တွင် ဆွေမျိုးများနှင့် တွေဆုံပွဲ ရှိသည်။
အဖေကျင်း၏ မိဘများ ကွယ်လွန်သွားပြီမှာ အတော်ကြာပြီ ဖြစ်သောကြောင့် သူ့တွင် အမျိုးများမရှိပေ။ ထို့ကြောင့် ကျောင်းကျင်းဖုန် ဆွေမျိုးများသာလာပေမည်။
ကျောင်းကျင်းဖုန်သည် ဒေသခံတစ်ဦးဖြစ်ပြီး သူ့မိသားစုသည် အတော်လေး အခြေအနေကောင်းပေသည်။ ကျင်းဖူက ယခုသူတို့နေသောအိမ်ကို ဝယ်စဥ်အခါက ကျောင်းမိသားစုထံမှ အရစ်ကျဖြင့်ပေးထားခြင်း ဖြစ်သည်။
သူမတွင် ညီအစ်မ စုစုပေါင်း သုံးယောက်ရှိပြီး သူမတို့သည် အသက် သိပ်မကွာပေ။ သူမတို့မွေးသော ကလေးများသည်လည်း အများဆုံးမှ လေးနှစ်သာကွာသောကြောင့် ရွယ်တူနီးပါးဖြစ်လေ၏။
နံနက် 9 နာရီဝန်းကျင်တွင် ကျောင်းကျင်းဖုန်၏ ညီအစ်မများသည် ယောင်္ကျားများ ကလေးများဖြင့် ရောက်လာလေသည်။
ကျင်းဖူနှင့် ကျောင်းကျင်းဖုန် တို့သည် အသီးအရွက်များကို ဝယ်ပြီးပြီဖြစ်သောကြောင့် သူတို့သည် မီးဖိုထဲတွင် အလုပ်ရှုပ်နေလေသည်။ သို့ရာတွင် ကျင်းဖူသည် ကျင်းစစ်ကို ခေါ်ရန်မမေ့ဘဲ ဧည့်ခန်းထဲတွင် ကျင်းမြောင်ကို အဖော်လုပ်ခိုင်းထားလေသည်။
ကျင်းမြောင်သည်သူ၏ ဝမ်းကွဲများနှင့် ဆက်ဆံရေးကောင်းသောကြောင့် သူတို့နှင့် စကားပြောနေကာ ကျင်းစစ်ကို တမင်တကာ လျစ်လျူရှုကာဘေးဖယ်ထားလေသည်။
လူတချို့၏ စကားသံများသည် ဆက်လက်ထွက်ပေါ်နေပြီး အချိန်နှင့်အမျှ သူတို့သည် စုစည်းသွားပြီး သရော်သောမျက်လုံးများဖြင့် ကျင်းစစ်၏ မျက်လုံးများကို အဆက်မပြတ် စိုက်ကြည့်ကာ တီးတိုးပြောဆိုနေကြသည်။
ကျင်းစစ်သည် သူတို့၏ အသေးစားလှည့်ကွက်များကို ကိုင်တွယ်ဖြေရှင်းရန် ပျင်းလွန်းသောကြောင့် ဆိုတာ အစွန်းတွင် ထိုင်နေကာ သင်္ချာဖော်မြူလာများကို စိတ်ထဲတွင် ပြန်လည်မှတ်သားနေလေသည်။
ကျောင်းညီအစ်မများထဲမှ တစ်ဦးသည် ကျင်းစစ်ကိုကြည့်ကာ သူ့ညီအစ်မထံသို့ တီးတိုးပြောလိုက်လေသည်။
" သူ့ကိုကြည့်လိုက်စမ်း ဒီတစ်ကြိမ်တော့ ပုံမှန်ဖြစ်နေပုံပဲ"
ညီအစ်မကျောင်းသည် နှာမှုတ်လိုက်ပြီး " ပန်းထိုးထားတဲ့ခေါင်းအုံး နဲ့ ကောက်ရိုးအိတ်လိုပဲ ရုပ်ရည်လေးပဲကြည့်ကောင်းတာက ဘာသုံးစားလို့ရမှာလဲ "
(Eng T/n : ကျောင်းကျင်းဖုန်ရဲ့ ဘယ်အစ်မတွေ ပြောနေလဲဆိုတာ ထည့်မထားဘူး အဲ့တာကြောင့် သည်းခံပေးပါ)
ကျောင်းကျင်းဖုန်၏ အစ်မသည် ကီဝီသီးကို ယူလိုက်ပြီး အခွံခွာရင်းပြောလေသည်။
" အေးလေ အဲ့ကောင်လေးက သူ့အမေလိုပဲ သူ့အမေဆိုလို့ ပြောရဦးမယ် အရင်တစ်ခေါက်က အဲ့မိန်းမနဲ့ ငါ လမ်းပေါ်မှာ ဆုံလိုက်သေးတယ်"
ကျောင်းညီအစ်မ သုံးဦးသည် အတင်းအဖျင်းပြောရသည်ကို အကြိုက်ဆုံးဖြစ်ပြီး ထိုစကားကိုကြားပြီးနောက် ရုတ်တရက် စကားဝိုင်းဆီကို ရောက်လာကြလေသည်။
" ဘာကိစ္စဖြစ်ခဲ့တာလဲ"
ညီအစ်မကျောင်းသည် ကီဝီသီးကို တစ်ကိုက်ကိုက်လိုက်ပြီး ပြောလိုက်သည်။
" နင်မသိပါဘူး ကျစ် ကျစ် အဲ့ဒီ မာနကြီးတဲ့မိန်းမကလေ ပရာဒါ အိတ်ကိုကိုင်ပြီး အနီရောင် ဝတ်စုံကို ဝတ်ထားတာလေ သူ့သမီးကိုလက်တစ်ဖက်က ဆွဲပြီး သူ့ယောင်္ကျားက တခြားတစ်ဖက်မှာလေ ငါ့ဘေးကနေဖြတ်လျှောက်သွားတာ အဲ့မိန်းမကြည့်ရတာ လက်ဝတ်ရတနာဆိုင်သွားပြီး လည်ဆွဲ သွားဝယ်တော့မဲ့ပုံပဲ"
အမျိုးသမီးများ အတင်းပြောကြပြီဆိုလျှင် အခြေအနေနှင့် အချိန်အခါကို မေ့ကာ သူတို့၏ အသံများသည် မသိစိတ်အရ ကျယ်လောင်လာလေသည်။
ကျင်းစစ်သည် ဘေးနားတွင် သူတို့၏ စကားဝိုင်းကို နားထောင်ကာ ရှင်းလင်းစွာ ကြားနေရလေသည်။
ယခုအချိန် ဖြတ်သန်းလာပြီးနောက် ကျင်းစစ်သည် မူကိုယ်၏ အမေအကြောင်းကို ကြားဖူးသည်မှာ ဤအကြိမ်သည် ပထမဆုံးဖြစ်လေ၏။
" သူမက အခုတော့ ကောင်းကောင်းမွန်မွန်နေနေရပြီလေ"
တတိယအစ်မကျောင်းသည် ချဥ်တူးနေသောလေသံဖြင့် ပြောလိုက်လေသည်။
" မဖြစ်နိုင်တာ ကြည့်ကောင်းနေရင်တော့ ယောင်္ကျားတွေက ကြိုက်မှာပဲ"
ဒုတိယအစ်မကျောင်းသည် အေးစက်နေသောမျက်နှာဖြင့် ပြောလိုက်လေသည်။
" အဲ့ဒါက အရေခြုံထားတဲ့ မဲနက်နေတဲ့ နှလုံးသားပဲလေ အဲ့မိန်းမက သူ့ကလေး တစ်နှစ်မပြည့်ခင် ဖောက်ပြန်သွားတာ အဲ့လိုမိန်းမမျိုးက လူရောဟုတ်ရဲ့လား"
" နင်ပြောသလိုပဲ သူ့အမေက ရက်စက်တယ်လေ သူတို့က တစ်မြို့ထဲမှာ တစ်ယောက်နဲ့ တစ်ယောက်လည်းမဝေးပဲနဲ့ သူ့သားကို သူ့အိမ်ဆီကို တစ်ခါလေးတောင်မခေါ်ဘူးလေ သူ့သားအတွက် ဘာမှလည်းမဝယ်ပေးဘူးလေ"
တတိယအစ်မကျောင်းသည် အားပါးတရ နားထောင်နေပြီး သူမတစ်ခုခု ဝင်ပြောတော့မည့်အချိန်တွင် ကျင်းစစ်၏ မျက်လုံးများနှင့် ရုတ်တရက် ဆုံသွားလေသည်။
သူမသည် ကသိကအောက်ဖြစ်စွာ ချောင်းဟန့်လိုက်ပြီး အကြောင်းအရာကို ပြောင်းလိုက်လေ၏။