အပိုင်း၅၉
Viewers 14k

Chapter 59

Chapter 59


-----------------------


ထိုအကြောင်းတွေးလိုက်သည်နှင့် ကျင်းစစ် တစ်ကိုယ်လုံးသည် လောင်ကျွမ်းသွားတော့မတတ် ပူနွေးလာလေသည်။ သူလက်လွတ်စပယ် ခေါင်းငြိမ့်ပြလိုက်ပြီး ရေချိုးခန်းထဲသို့ ဘာမှမဖြစ်သလို ဟန်ဆောင်ကာ ဝင်သွားပြီး တံခါးကို တင်းတင်းပိတ်လိုက်လေသည် ။


ကျင်းစစ်၏ ရှက်နေသောအမူအရာကို ပြန်တွေးလိုက်ပြီး ယင်းကျောင်းသည် စာကြည့်ခန်းထဲသို့လျှောက်သွားလိုက်ကာ တချို့မေးခွန်းများကို ဖြေရှင်းလေ၏။


သူ့ အင်္ဂလိပ်စာရွက်၏ သုံးပုံတစ်ပုံပြီးသောအခါ ကျင်းစစ် ရေချိုးခန်းမှ ထွက်လာလေသည်။


ခြေသံကြားသောအခါ ယင်းကျောင်းသည် ဘောပင်ကို ချလိုက်ပြီး မျက်လုံးပင့်ကာ ကြည့်လိုက်လေသည် ။


ယင်းကျောင်း နှလုံးခုန်သံသည် ပြင်းပြင်းထန်ထန် ခုန်ပေါက်လာပြီး ရုတ်တရက် အင်တာနက်ပေါ်မှ ယောင်္ကျားများသည် သူတို့ကိုယ်ပိုင်အဝတ်များကို အခြားသူများဝတ်သည်ကို အဘယ့်ကြောင့် အလွန်စိတ်ဝင်စားကြောင်း နားလည်သွားလေသည်။


ကျင်းစစ်သည် ပိန်းပါးကာ အရပ်ရှည်သည် ။ သူ၏ ညအိပ်ဝတ်စုံသည် ကျင်းစစ်ကိုယ်ပေါ်တွင် သိသိသာသာပင် တစ်ဆိုဒ်စာလောက် ကြီးနေပေမဲ့ ပွချောင်ချောင်ကြီး ဖြစ်မနေဘဲ ထူးထူးခြားခြားဆောင်ဆွဲနိုင်လေသည်။


ယင်းကျောင်း အကြည့်များသည် အပေါ်မှအောက် အောက်မှအပေါ်သို့ ရောက်နေပြီး သူ့၏ ဖြူလွှလွှ လည်ပင်းတွင်ရပ်တန့်သွားလေသည်။ ထို့နောက် ရေပူကြောင့် အနည်းငယ်နီရဲနေပြီး အမူအရာမဲ့နေတဲ့ သူမျက်နှာပေါ်သို့ ရောက်သွားလေ၏။


ယင်းကျောင်းလည်ချောင်းသည် တင်းကျပ်သွားပြီး သူ့ခန္တာကိုယ်သည်လည်း အနည်းငယ် တောင့်တင်းသွားလေသည်။


သို့ပေမဲ့ ကျင်းစစ်သည် သတိမထားမိဘဲ သူ့ဆီသို့ပင် လျှောက်သွားကာ ပြောလိုက်လေသည်။


 " ငါပြီးပြီ မင်းသွားချိုးတော့"


ယင်းကျောင်းက သူ့လက်သီးကို တင်းတင်းဆုတ်လိုက်ပြီး တည်ငြိမ်စွာ အကြည့်လွှဲလိုက်ကာ အသံတိုးတိုးလေးဖြင့်ပြောလိုက်သည်။


 " ကြမ်းပြင်ကို မသန့်ရှင်းခဲ့ဘူး မလား"


ကျင်းစစ်က ရှက်ရွံ့စွာ ခေါင်းငြိမ့်ကာပြောလိုက်သည်။


" ဟင့်အင်း"


" အာ" ယင်းကျောင်းက သူ့လည်ပင်းကို ရှင်းလိုက်ပြီး မတ်တတ်ရပ်ကာ ပြောလိုက်သည်။


 " ဒါဆို...ကိုယ်သွားတော့မယ်"


ကျင်းစစ်က အင်း လို့ပြောလိုက်ပြီး သူ့အနားသို့ လျှောက်သွားလိုက်ကာ ထိုင်ရန် ပြင်လိုက်သည်။


သို့ပေမဲ့ ညဝတ်အင်္ကျီသည် သူ၏ သာမာန်အဝတ်များထက် တစ်ဆိုဒ်ပိုကြီးကာ လျော့ရဲနေသောကြောင့် ဘောင်းဘီစကို မတော်တဆ တပ်နင်းမိလေသည်။ ကျင်းစစ်သည် ဘောင်းဘီစကို ဆွဲတင်တော့မည့် အချိန်တွင် ယင်းကျောင်းသည် သူ့ရှေ့တွင် ထိုင်လိုက်လေသည်။ 


ကျင်းစစ်က အံ့အားသင့်သွားသည်။


 " မင်း...မင်းဘာလုပ်မလို့လဲ"


" မလှုပ်နဲ့ " 


ယင်းကျောင်းက သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့ဘောင်းဘီကို နည်းနည်းချင်းစီ ခေါက်တင်ပေးလိုက်သည်။


 "ချော်လဲမယ် သတိထား နောက်တစ်ခါကျရင် မင်းအိမ်မှာတည်းဖို့ အဝတ်အစားအနည်းငယ်ကို အစုံလိုက် ထည့်ထားနော်"


ကျင်းစစ်ရဲ့ အစွဲအလမ်းလွန်သောရောဂါ(OCD) ကြောင့် ယင်းကျောင်းသည် ခေါက်ရိုးရာများကို အနံတူအောင်သေချာ ခေါက်လိုက်လေသည်။ ဘောင်းဘီ နှစ်ဖက်လုံးကို ခေါက်တင်ပြီးသောအခါ ယင်းကျောင်းသည် ခေါင်းမော့လိုက်ပြီး ကျင်းစစ်ကို ပြုံးပြကာ နူးနူးညံ့ညံ့ ပြောလိုက်သည်။


 " ကြည့်လိုက်ဦး ကိုယ်လုပ်တာ မှန်ရဲ့လားလို့"


ကျင်းစစ်ကငုံ့ကြည့်လိုက်ချိန်တွင် ယင်းကျောင်း၏ ပြုံးနေသော မျက်လုံးများကို တွေ့သောအခါ သူ့နှလုံးသားသည် ရပ်တန့်သွားသလို ခံစားလိုက်ရ၏။


သူ့နှစ်ဘဝလုံးတွင် အကောင်းဆုံးအရာသည် စာမေးပွဲတွင် အမှတ်ကောင်းပြီး ပထမ ကိုရခြင်း မဟုတ်ပေ။ ဤလူသားကို တွေ့ဆုံခြင်းပင် ဖြစ်သည် ဟု ရုတ်တရက်ခံစားလိုက်ရသည်။


ကျင်းစစ်သည် တချိန်က တခြားသူများနှင့် ရင်းနှီးရမှာကို အကြောက်ဆုံးဖြစ်လေသည်။ တခြားသူတွေမပြောနှင့် သူ၏သွေးရင်းမိဘများသည်ပင် သူ့ကို ရက်ရက်စက်စက် စွန့်ပစ်သွားလေသည်။ မင်းနှင့် ဒီနေ့တွင် ရင်းနှီးနေသောသူသည် နောက်နေ့တွင် မင်းကို စွန့်ပစ်ပြီး အခြားသူများနှင့် ရင်းနှီးသွားနိုင်သည် ။


ထိုနာကျင်မှုများကို သည်းခံရမည့်အစား အစထဲက တစ်ယောက်တည်းနေခြင်းသည် ပိုကောင်းပေသည်။


သို့ပေမဲ့ ယခုတော့ သူထိုသို့ မလုပ်ချင်တော့ပေ။ သူအနာဂတ်တွင် ဖြစ်လာနိုင်သည့် အခြေအနေများကို ထပ် ဂရုမစိုက်တော့ပေ။


သူ့ စိတ်နှလုံးကို ဖွင့်ပြီး ယင်းကျောင်းကို လက်ခံရန်ကြိုးစားလိုက်တော့မည်။ 


တကယ်လို့ ...တကယ်လို့ သူတစ်နေ့မှာ ကျင်းစစ်ကို မကြိုက်တော့ဘဲ တခြားသူတွေလုပ်သလို စိမ်းစိမ်းကားကား ဖယ်ကျဥ်သွားရင်တောင်မှပေါ့...။


"အချိုးညီတယ်" 


ကျင်းစစ် အသံသည် အနည်းငယ်တုံးအနေပုံပေါ်ကာ သူ့မျက်တောင်လေးများသည် တုန်ယင်နေပြီး လေးနက်စွာ ပြောလိုက်သည်။


" အရမ်းကို အချိုးညီတယ်"


"တော်သေးတာပေါ့ " 


ယင်းကျောင်းကပြုံး၍ မတ်တပ်ရပ်လိုက်ကာ သူ့ခေါင်းကို ချောမွေ့စွာ ပွတ်သပ်ရင်း ပြောလိုက်သည်။


" ကိုယ်ရေသွားချိုးတော့မယ်"


ယင်းကျောင်းရေချိုးပြီးသောအခါ စောနေသောသောကြောင့် အင်္ဂလိပ် အိမ်စာများကို ပြီးအောင်ရေးလိုက်ပြီး ကျင်းစစ်နှင့်အိပ်ယာသို့သွားလေသည် ။


ထို အိမ်တွင် အိပ်ခန်းတစ်ခန်းထဲသာ ရှိသောကြောင့် အိပ်ယာလည်း တစ်ခုတည်းသာ ရှိလေသည်။ သူတို့နှစ်ယောက်အိပ်ယာ တစ်ခုတည်းတွင်သာ အိပ်သင့်ကြောင်း ယင်းကျောင်းက အကြံပေးသောအခါ ကျင်းစစ်သည် မငြင်းပေမဲ့ သူ့မျက်နှာသည် နီရဲနေကာ ပြောလာ၏။


" ငါအိပ်နိုင်တယ်"


ယင်းကျောင်းကသူ၏ သွယ်လျကာ ထူထဲသော မျက်တောင်မွေးများကို ကြည့်လိုက်ပြီး သူ့ကိုလက်မောင်းထဲထည့်ဖက်ကာ ထိုမျက်တောင်များကို နမ်းပြီး ကိုင်ကြည့်ချင်သည် ။


ကျင်းစစ်က ဘာလို့အရမ်းချစ်ဖို့ကောင်းနေရတာလဲ ချစ်ဖို့ကောင်းလွန်းလို့ သူ့ကို ဘယ်လို မကြိုက်ဘဲနေရမလဲတောင် မတွေးနိုင်တော့ဘူး...။ 


1.8 မီတာရှည်တဲ့ အိပ်ယာက ကောင်လေးနှစ်ယောက်အိပ်ရန်အတွက် လုံလောက်တာထက်ပင် ကျယ်နေလေသည်။ ယင်းကျောင်း စောင်ကို ကျင်းစစ်ဆီသို့ တွန်းပို့လိုက်ပြီး ကျင်းစစ် စောင်ကို ခြုံလိုက်သည်မြင်သောအခါ နမ်းချင်စိတ်ကို ထိန်းရင်းပြောလိုက်သည်။


 " အိပ်တော့ ကိုယ် မီးပိတ်တော့မယ်"


ကျင်းစစ်သည် နှလုံးခုန် မြန်လွန်းနေသောကြောင့် စကားမပြောနိုင်ဘဲ ခေါင်းသာငြိမ့်လိုက်လေသည်။


အိပ်ယာဘေးမှ မီးအိမ်လေးသည် အပိတ်ခံလိုက်ရပြီး အခန်းသည် အမှောင်ကျသွားကာ သူတို့နှစ်ယောက်လုံး မလှုပ်ကြပေ။


ကျင်းစစ် စောင်ထဲတွင် ကွေးလိုက်ပြီး သူ့အသက်ရှုနှုန်းကို တည်ငြိမ်ရန် ကြိုးစားနေလိုက်သည်။ သူ့နှလုံးခုန်နှုန်းသည် တဖြည်းဖြည်းတည်ငြိမ်လာသောအခါမှသာ စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်လေသည်။


အမှောင်ထုသည် အကောင်းဆုံးသောထီးဖြစ်လေသည်။ နောက်ပြန်လှည့်ရန် ထိုအခွင့်အရေးကို ယူလိုက်ပြီး ကျင်းစစ်သည် တိတ်တဆိတ် လှုပ်ကာ ယင်းကျောင်းအနားသိို့ အနည်းငယ်တိုးသွားလိုက်လေသည်။


သူသည် အနည်းငယ်ရှက်နေသော်လည်း သူမတတ်နိုင်ပေ။ သူသည် စိမ်းသက်နေသောအိပ်ယာပေါ်တွင် အိပ်နေသော်လည်း သူ့ဘေးနားက လူကြောင့် နွေးထွေးသလို ခံစားနေရ၏။


ကျင်းစစ်၏ ဇီဝနာရီသည် အမြဲအချိန်မှန်လေသည်။ ခဏလောက် အနားယူပြီးတဲ့နောက် ကျင်းစစ် အိပ်ပျော်သွားလေသည် ။ 


အခြားတစ်ဖက်တွင် ယင်းကျောင်းသည် အိပ်မပျော်သေးပေ။


သူသည် အဓိပ္ပါယ်မရှိသော စကားများကို ပြောနေသော်လည်း သူသည် ထိုအချိန်တွင် ချစ်မိနေသော လူငယ်လေးတစ်ယောက်သာပင်။


သူကြိုက်နေသော လူသားသည် သူ့ဘေးတွင် သူ့ညအိပ်ဝတ်စုံကို ဝတ်ပြီး သူ့ခေါင်းအုံးကိုအုံးကာ သူ့စောင်ကို ခြုံထားလေသည်။ ပျော်ရွှင်မှုသည် ယင်းကျောင်း၏ နှလုံးသားထဲတွင် အထိန်းအကွတ်မဲ့စွာ ခုန်ပေါက်နေလေသည်။


သူ နှစ်ကြိမ်လောက်ခုန်ချင်သည် ။ အိပ်ယာပေါ်တွင်လည်း လူးလိမ့်ချင်သည်။ အောက်သို့ဆင်းပြီးတောင် တစ်ပတ်ပတ် ​ပြေးလိုက်ချင်သေး၏။


သို့ပေမဲ့ ကျင်းစစ်ကို ခြောက်လှန့်မိမည်ကို စိုးရိမ်သောကြောင့် သူမလှုပ်ရဲပေ။


သူမျက်နှာကျက်ကို ကြည့်နေသည်မှာ မည်မျှကြာနေမှန်းတောင်မသိပေ။ ကျင်းစစ်၏ အသက်ရှုသံလေးကို ခပ်မှန်မှန် ကြားလိုက်ရသောအခါ ယင်းကျောင်း၏ နှုတ်ခမ်းများသည် မြင့်တက်သွားလေသည်။


သက်သေပြရန် မလိုလောက်အောင် ကျင်းစစ်လို အခြားသူများထံမှ ကိုယ့်ကိုယ်ကို ကာကွယ်ကာ ခပ်ဝေးဝေးနေတတ်သူသည် သူ့အိမ်မှာနေပြီး သူနှင့်စောင်တစ်ထည်တည်း ခြုံသည်ဆို ကတည်းက သူအရမ်းပျော်နေမိသည်။


သူပိုတွေးလေ ပိုစိတ်လှုပ်ရှားလေဖြစ်ကာ ရင်ဖွင့်ရန် နည်းလမ်းကို ရှာမတွေ့နိုင်ဘဲဖြစ်နေသည်။ အဆုံးတွင်တော့ သူသည်းမခံနိုင်တော့ဘဲ အိပ်ယာဘေးမှ ဖုန်းကို ယူလိုက်လေသည်။


တစ်ယောက်တည်းဖြစ်နေတာဆိုတော့ ဘယ်သူ့ကို သွားနှောက်ယှက်ရင် ကောင်းမလဲ...


ယင်းကျောင်းက wechat ကို ဖွင့်လိုက်ပြီး ဂရုချက်ကို ဖွင့်လိုက်၏။


[ကျောင်း] : မင်းတို့အကုန် အိပ်နေပြီလား


11 နာရီ ကျော်ပြီဖြစ်သောကြောင့် သူတို့ နောက်ဆုံးတွင် အနားယူနိုင်နေပြီ ဖြစ်ပြီး ထိုသုံးယောက်သည် မအိပ်ချင်သေးပေ။ မက်ဆေ့ချ် အသစ်ကို တွေ့သောအခါ ယင်းကျောင်း တစ်ခုခု ဖြစ်နေသည်ဟုထင်လိုက်ပြီး တစ်ယောက်ပြီးတစ်ယောက် အကြောင်း ပြန်လိုက်လေသည်။ 


[ဦးလေး ဟယ့်] : မအိပ်သေးဘူး ဘာဖြစ်လို့လဲ


[ ကျန့်ချွယ်က မမှန်ဘူး] : မအိပ်သေးဘူး ဝါး အကိုကျောင်းအိမ်က အရမ်း နေလို့ထိုင်လို့ကောင်းတာပဲ


[ဖန်ချန်းချန်း] : ?


ယင်းကျောင်းကအိပ်ယာကို မှီလိုက်ပြီး သူ့ဘေးနားတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ကျင်းစစ်ကို ကြည့်လိုက်ပြီး ဖုန်းကိုကိုင်ကာ အနည်းငယ် ဖောင်းနေသော စောင်လုံးလေးကို ဓါတ်ပုံရိုက်လိုက်၏။


ဓါတ်ပုံရိုက်လိုက်၍ အလင်းရောင် ဖျတ်ကနဲ လင်းသွားသောအခါ ယင်းကျောင်း လန့်သွားလေသည်။ ကျင်းစစ်က အနှောက်အယှက် မဖြစ်ဘဲ ကောင်းကောင်းအိပ်ပျော်နေသည်ကို တွေ့သောအခါ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ဓါတ်ပုံကို ဂရုထဲသို့ ပို့လိုက်လေသည်။


[ကျောင်း] : [ဓါတ်ပုံ]


[ဦးလေး ဟယ့်] : အဲ့တာဘာကြီးလဲ... ငါမမြင်ရဘူး


[ ကျန့်ချွယ်က မမှန်ဘူး] : စောင်ကြီးလား စောင်ထဲမှာ ဘာလုပ်နေတာလဲ


[ဖန်ချန်းချန်း] : ???


[ကျောင်း] : မျက်လုံးကန်းနေလား ကျင်းစစ်ကို တောင် မမြင်နိုင်ကြတော့ဘူးလား


[ကျောင်း] : သူက ငါ့ ညအိပ်ဝတ်စုံကိုဝတ်ပြီး ငါ့အိမ်မှာ ငါနဲ့ စောင်တစ်ထည်တည်းခြုံထားတာလေ နားလည်ပြီလား


[ဦးလေး ဟယ့်] : မဟုတ်ဘူးလေ ငါတို့က ကန်းတာလား မင်းကရူးနေတာလား ကျင်းစစ်က စောင်ထဲမှာရှိမယ်မှန်း ဘယ်သူကသိမှာလဲ ငါတို့က အကြားအမြင်ရနေလို့လား


[ကျန့်ချွယ်က မမှန်ဘူး] : နိုး နိုး နိုး ! ဟိုး ! အဲ့တာက အဓိကအချက်မဟုတ်ဘူးလေ... ကျင်းစစ်က ဘာလို့ အကိုကျောင်းနဲ့ တစ်အိပ်ယာထဲရောက်နေတာလဲ ဘာလို့လဲ...


[ဖန်ချန်းချန်း] : ...


[ကျောင်း] : မင်းငါ့ကို စောင်ထဲက ကျင်းစစ်မျက်နှာကို ပြစေချင်တာလား မအိပ်ဘဲနဲ့ အိမ်မက်ဆက်မက်နေလိုက်


[ကျောင်း] : ကျင်းစစ် ငါ့အိပ်ယာထဲမှာအိပ်တာ ဘာဖြစ်လို့လဲ လူအိုကြီးလျိုကတောင် ငါတို့ရဲ့ ဆက်ဆံရေးကို အတည်ပြုပေးထားတာပဲ မင်းတို့မှာ ဝေဖန်စရာရှိလို့လား


[ဦးလေး ဟယ့်] : ဒီနေရာကထွက်သွား ! ! ! ! ! !


[ကျန့်ချွယ်က မမှန်ဘူး] : လူအိုကြီးလျိုကိုတောင် သနားမိသွားပြီ ...မေ့လိုက်ပါတော့ ပျော်ရွှင်ပါစေ


[ကျောင်း] : ဟုတ်တာပေါ့ အရမ်းပျော်တာပေါ့ ကျင်းစစ်နဲ့ အတူအိပ်ရတော့ အရမ်းပျော်တာပေါ့ လုပ်စမ်းပါ မင်းတို့ရဲ့ အထီးကျန် အေးစက်မှုတွေကိုတိုက်ခိုက်ဖျက်ဆီးပေးမဲ့ တစ်စုံတစ်ယောက်ကို မြန်မြန်ရှာလိုက်စမ်းပါ


[ဦးလေး ဟယ့်] : ...


[ကျန့်ချွယ်က မမှန်ဘူး] : ...


[ဖန်ချန်းချန်း] : ...


ဂရုထဲတွင် ကြွားပြီးတဲ့နောက် ယင်းကျောင်း၏ စိတ်လှုပ်ရှားမှုသည် အနည်းငယ်သက်သာသွားပြီ ဖြစ်သည်။ ဖုန်းကိုချလိုက်ပြီး ကျင်းစစ်အနားသို့ အရှက်မရှိ တိုးကပ်သွားပြီးနောက် အိပ်ပျော်သွားတော့၏။


နောက်တစ်နေ့ မနက်တွင် ကျင်းစစ်သည် သူ၏ ရလဒ်ကို ကြည့်ချင်သည့် အတွက် ယင်းကျောင်းသည် ပထမဆုံးအကြိမ်အဖြစ် ဆက်မအိပ်တော့ဘဲ ကျင်းစစ်နှင့် မနက် 6 နာရီတွင်ထလိုက်လေသည်။ သူအိမ်စာများကို လုပ်ရင်း 8 နာရီထိုးသည်အထိ စောင့်ခဲ့လေသည်။


7:50 တွင် ယင်းကျောင်းသည် သူ့ဘောပင်ကို ချလိုက်ပြီး ကျင်းစစ်ကို ပြောလိုက်၏။


" ကိုယ့်ကို မင်းရဲ့ဝင်ခွင့်လက်မှတ်နဲ့ ID ကတ်ပေး ကိုယ် မင်းအတွက် ကြည့်ပေးမယ်"


ကျင်းစစ်က ခေါင်းငြိမ့်လိုက်ပြီး ID ကတ်ကို ထုတ်ကာ ပေးလိုက်သည်။


တုန်းဟိုင်ပြည်နယ်စုမှ ပြိုင်ပွဲတွင် အများအပြားမပါသည့်အတွက် လူအများကြီးက သူတို့ရလဒ်ကို မစစ်ဆေးပေ။ သို့ပေမဲ့ တရားဝင်ဝက်ဘ်ဆိုဒ်သည် ထိုကဲ့သို့ပင် အရေးကြီးသော အချိန်တွင် အဝိုင်းလည်နေတတ်သည်။


ယင်းကျောင်း refresh ခဏခဏလုပ်လိုက်ပြီး  ID နံပါတ်ကိုတောင် သုံးလေးကြိမ်ဝင်မိသည်။  ကျင်းစစ်၏ ရမှတ်ကို သိသောအခါ မောက်စ် ကိုတောင်လွှတ်ချမိမလို ဖြစ်သွားလေသည်။


ပထမအကြိမ် ကြိုးစားမှု : 101


ဒုတိယအကြိမ် ကြိုးစားမှု : 125


စုစုပေါင်းရမှတ် : 226


တုန်းဟိုင် ပြည်နယ်စုသည် နိုင်ငံအဆင့်သင်္ချာပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်သူများထဲမှ အမှတ်အများဆုံးရလေ၏။


___


စာရေးသူမှာ ပြောစရာရှိတယ်~


ပြဇာတ်ငယ်ထဲတွင်-


ယင်းကျောင်း : ငါတစ်ယောက်တည်းဖြစ်နေချိန် ဘယ်သူ့ကို နှောက်ယှက်ရင် ကောင်းမလဲ


ဟယ့်ကျိုး ကျန့်ချွယ် နှင့် ဖန်ချန်းချန်းတို့ တစ်ပြိုင်နက်တည်းတုန်ယင်သွားကြသည်။


___


Translated By IQ-Team.