Chapter 61
"အတူတူ"ဟူသော စကားလုံးလေးသည် ယင်းကျောင်းကို ကျေနပ်စေကာ သူ့နှလုံးသားထဲတွင် သက်ပြင်းခိုးချလိုက်လေသည်။ သူမျှော်လင့်ထားသလိုပင် ဆရာလျိုသည် သူ၏ အတန်းဆရာဖြစ်သောကြောင့် တခြားသူများထက် ပို၍ စကားပြောခက်ထန်လေသည်။
[ယင်းကျောင်း] : ဟုတ်တယ်လေ ကျွန်တော်တို့ တူတူ
ရှိနေတာ သူက ကျွန်တော်နဲ့ 20 စင်တီမီတာ တောင်မဝေးဘူး ဘေးမှာထိုင်နေတာ...
ယင်းကျောင်းသည် ကျင်းစစ်၏ အင်္ကျီထောင့်စွန်းလေးကို သက်သေအဖြစ် ဓါတ်ပုံရိုက်ပြလျှင် ကောင်းမလားဟု တွေးနေချိန်တွင် ဆရာလျိုသည် တိုက်ရိုက် ဖုန်းခေါ်လာလေသည်။
"ကျင်းစစ်ကို ဖုန်းပေးလိုက်"
ယင်းကျောင်းသည် အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားလေသည်။ သူ၏ အတန်းဆရာသည် စကားကောင်းကောင်း ပြောနေသော်လည်း သူ၏ စိတ်အခြေအနေသည် အနည်းငယ် အုံ့မှိုင်းနေလေ၏။
သူသည် ကျင်းစစ်၏ နားနားသို့ ဖုန်းကို ကပ်ပေးလိုက်ကာ ကျင်းစစ်၏ နားမလည်သောမျက်ဝန်းများကို ကြည့်၍ တိုးတိုးလေး ပြောလိုက်လေသည်။
"လူအိုကြီးလျိုက မင်းကို ပြိုင်ပွဲနဲ့ ပတ်သတ်တဲ့ ကိစ္စပြောချင်လို့တဲ့"
ကျင်းစစ်က ဖုန်းကို အမြန်ယူလိုက်ကာ လေးစားမှုအပြည့်ဖြင့် ခေါ်လိုက်လေသည်။
" ဆရာလျို"
ဆရာလျိုသည် ချောင်းဟန့်လိုက်ကာ သူ၏ ကြမ်းတမ်းသော အသံကို အနည်းငယ် ကြင်နာသည့်ပုံပေါက်အောင် လုပ်ကာ ပြောလိုက်သည်။
" မင်းရဲ့ပြိုင်ပွဲရလဒ်တွေကို ကိုယ်တိုင် ကြည့်ပြီးပြီလား"
ကျင်းစစ်က ရိုးသားစွာ ဖြေသည်။
" ကျွန်တော် ခုလေးတင် ကြည့်ပြီးတာ"
"ရလဒ်တွေက အရမ်းကောင်းတယ်"
ကျင်းစစ်နှင့် ဖုန်းပြောသောအခါ ဆရာလျိုသည် သူ့ကို မြှောက်ပင့်ရန် တုံ့ဆိုင်းမနေပေ။ ခုနလေးတင် မည်းမှောင်နေသော မျက်နှာထားနှင့် အော်ဟစ်နေသော သူမဟုတ်သကဲ့သို့ပင်။
" စောင့်မနေနဲ့တော့ ဆရာမင်းကို အာမခံတယ် မင်းပြည်နယ်ပြိုင်ပွဲကို ဝင်နိုင်ဖို့က လုံးဝသေချာတယ်"
သူက ခဏရပ်လိုက်ပြီးနောက် စကားတစ်ခွန်းကို ပြောလိုက်သည်။
" ဆရာ့မှာ မင်းလို ကျောင်းသားရှိတာ အရမ်း ဂုဏ်ယူတယ်"
ကျင်းစစ်သည် မြှောက်ပင့်ခံလိုက်ရသောကြောင့် အနည်းငယ် ရှက်ရွံ့သွားမိသည်။
" ကျေးဇူးပါ ဆရာ"
ဆရာလျို ရယ်ကာ ပြောလာသည်။
" အပြင်ထွက်ပြီး ကောင်းတာလေးတွေသွားစားပြီး ပျော်ပွဲတွေဘာတွေ ကျင်းပ ပစ်လိုက် ဆရာမင်းကို ကြိုပြောထားဦးမယ် ကျောင်းက မင်းကို ဒီတစ်ကြိမ်မှာ ဆုချီးမြှင့်လိမ့်မယ်"
၎င်းသည် အံ့အားသင့်စရာ ဖြစ်သောကြောင့် ကျင်းစစ် သည် ဆရာလျိုကို ခပ်မြန်မြန် ကျေးဇူးတင်စကားဆိုလိုက်လေသည်။
"အိုကေ ဆရာမင်းကို မနှောက်ယှက်တော့ဘူး အရင်ကအဆင့်တွေကတော့ ပြီးသွားပြီ မင်းပျော်နေသေးရင်တောင် ဖိုင်နယ်အတွက် ပြင်ဆင်ဖို့ လိုသေးတယ် မင်း အေးဆေးနားလို့ မရသေးဘူး"
"ကျွန်တော် သိပါပြီ"
ဖုန်းချပြီးနောက် ကျင်းစစ်သည် ယင်းကျောင်းအား ဖုန်းပြန်ပေးလိုက်သည်။
" ရော့ ဒီမှာဖုန်း"
ဆရာလျိုသည် အသံကျယ်သောကြောင့် ကျင်းစစ်ဘေးနားတွင် ထိုင်နေသော ယင်းကျောင်းသည် သူတို့ပြောနေသော စကားတစ်ခွန်းကိုမျှ မလွတ်ဘဲ အကုန်ကြားလိုက်ရလေသည်။
သူ့လက်ကို ဆန့်ကာ ဖုန်းကိုယူလိုက်ပြီး အရှေ့သို့တိုးကာ ကျင်းစစ်ကို ဖွဖွလေး ဖက်လိုက်သည်။
"အတန်းဖော်လေး ဂုဏ်ယူပါတယ်"
ကျင်းစစ်သည် သူ့ရင်ခွင်ထဲတွင်မှီထားကာ သူ၏ နှလုံးခုန်သံကို နားထောင်လိုက်ပြီးနောက် သူ့နှုတ်ခမ်းထောင့်စွန်းများသည် ထိန်းမရနိုင်စွာ မြင့်တက်သွားတော့၏။
" ကျေးဇူးပါ"
ယင်းကျောင်းက သူ့ကို လွှတ်ပေးလိုက်ကာ ကျင်းစစ်၏လက်ချောင်းများကို သူ့လက်ထဲတွင် ထည့်ကာ ဖျစ်ထားလေသည်။
ယင်းကျောင်းသည် သူတို့၏ချိတ်ဆက်ထားသော လက်များကို ကြည့်လိုက်ပြီးနောက် မျက်လုံးကို ပင့်ကာ ကျင်းစစ်ကို ကြည့်၍ တခစ်ခစ်ရယ်ပြီး ပြောလိုက်သည်။
" မင်းက ကိုယ့်အတွက်လည်း ဂုဏ်ယူရတဲ့လူပါ"
__
ထိုနေ့နေ့လည်တွင် ယင်းကျောင်းသည် နေ့လည်စာမတိုင်ခင် အပြင်ထွက်သွားပြီး ပြန်လာသောအခါ သူ့လက်ထဲက လေးထောင့် အုန်းနို့ကိတ်မုန့်ဘူးလေးကို ကျင်းစစ်အရှေ့သို့ ချပေးလိုက်သည်။
ကျင်းစစ်သည် ထိုကဲ့သို့သော ကိတ်မုန့်မျိုးကို ယင်းကျောင်းသည် သူပထမရသည့်အတွက် ဂုဏ်ပြုပေးသည့်အနေဖြင့် စားဖူးသည်ကို ရုတ်တရက် သတိရလိုက်လေသည်။
ဒါဆို ဒီနေ့ ...
သူကယင်းကျောင်းကို ကြည့်လိုက်သောအခါ ယင်းကျောင်းသည်လည်း သူ့ကို ကြည့်နေသည်နှင့် ဆုံလေသည်။
မျက်ဝန်း နှစ်စုံသည် အကြည့်ချင်းဆုံနေကာ ဘာမျှ မပြောပေမဲ့ ကျင်းစစ် ရုတ်တရက် နားလည်လိုက်၏။
ယင်းကျောင်းသည် သူပွဲကြီးကြီးကျင်းပရသည်ကို မကြိုက်သည်အား သိသောကြောင့် သူ၏ နည်းလမ်းလေးဖြင့် ကျင်းပပေးခြင်းဖြစ်လေသည်။
ကျင်းစစ်သည် ငုံ့ကာ မုန့်ဘူးလေးကို ဖောက်လိုက်ပြီး လေးထောင့်ကိတ်မုန့်လေးကို တစ်ဇွန်းစာဖဲ့လိုက်ပြီး ပါးစပ်ထဲထည့်လိုက်သည်။
ခရစ်စမတ်နေ့တွင် သူ၏ ဆုတောင်းမှာ ချင်းဟွာတက္ကသိုလ် လည်းမဟုတ် ပီကင်း တက္ကသိုလ်လည်း မဟုတ်ပေ။ သူသည် ယင်းကျောင်းနှင့် တူညီသော တက္ကသိုလ်ကို အတူတက်ရန်သာ ဆုတောင်းလေသည်။
ယခု နှစ်သစ်ကူးသည် နီးကပ်လာသောကြောင့် သူသည် တကိုယ်ကောင်းဆန်စွာ ဆုတောင်းလေးတစ်ခု ပြုမိလေသည်။
အမြဲတမ်း ငါ ရလဒ်ကောင်းရတိုင်း လေးထောင့်အုန်းသီးကိတ်မုန့်လေးကို စားချင်တယ်...
ကျင်းစစ်သည် သူ၏ အတွေးများထဲတွင် နစ်မြှပ်နေလေသည်။
ယင်းကျောင်းက ဆိုလာသည်။
" မင်း..."
ကျင်းစစ်က သူ့ကို မော့ကြည့်လေသည်။
ယင်းကျောင်းက တခစ်ခစ် ရယ်မောလိုက်ပြီး" ကျင်းရှန်း မင်းအခု ရွှေရောင် စာရင်းထဲက ခေါင်းစဥ်အကြောင်းကို တွေးနေတာလား"
၎င်းသည် ယင်းကျောင်းထံမှ သူ၏ အတန်းဖော်လေး၏ နာမည်ပြောင်လေးကို ခေါ်သောပထမဆုံးအကြိမ် ဖြစ်လေသည်။ ဖိုရမ်ထဲကလိုပင် သူသည် ကျင်းစစ်ကို ကျင်းရှန်းလို့ခေါ်လိုက်ခြင်းပင်။
ကျင်းစစ်၏ မျက်နှာသည် ပူနွေးသွားကာ ရှင်းမပြနိုင်သော ရှက်ရွံ့မှုလေးသည် သူ့နှလုံးသားထဲတွင် ပေါ်လာလေ၏။
" မဟုတ်ပါဘူး အဲ့ကိစ္စကို မတွေးဘူး"
၎င်းသည် ပြိုင်ပွဲသာ ဖြစ်ပြီး ကောလိပ်ဝင်ခွင့် စာမေးပွဲ မဟုတ်ပေ။
"ဘာလို့လဲ"
ယင်းကျောင်းသည် သူ၏ ညာဘက်လက်ကို ကျင်းစစ် ပခုံးပေါ်သို့တင်ကာ မှီလိုက်လေသည်။
" ကိုယ်တော့ အဲ့ဒါ အဆင်ပြေလောက်မယ် ထင်တာပဲ"
ယင်းကျောင်း၏ ရုတ်တရက် ချဥ်းကပ်မှုသည် သူ့ကို အနည်းငယ် ထူးဆန်းသလို ခံစားရစေကာ သူသည်လည်း အနည်းငယ် ပြန်မှီလိုက်လေသည်။ သူယင်းကျောင်းကို အထင်မလွဲစေချင်သောကြောင့် အောက်ကို ငုံ့ကာ ပြောလိုက်သည်။
" အဲ့အကြောင်းကို တွေးနေတာ မဟုတ်ပါဘူး"
"ဒါဆို..."
ယင်းကျောင်းက သူ၏ နားနားကို ကပ်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။
"ဘဝမှာ ပျော်စရာ အဖြစ်အပျက်နှစ်ခု ရှိတယ်လေ အခု မင်းက ရွှေရောင် စာရင်းခေါင်းစဥ်ကိုရပြီဆိုတော့ နောက်တစ်ခုက ဘာလဲ"
ကျင်းစစ်က မှင်သက်သွားရသည်။
"နောက်တစ်ခုကဘာလဲ"
"မင်္ဂလာဦးညလေ"
ယင်းကျောင်းက သူ၏ လက်ကို ထိုင်ခုံပေါ်တွင် ကိုင်ထားလိုက်ကာ ပြောလိုက်လေသည်။
" ကိုယ်မင်းကို အဲ့တစ်ခု အတွက် ကူညီပေးရမလား"
ကျင်းစစ်၏ ပါးများ နီရဲသွားပြီး သူ့ခေါင်းထဲ ပေါက်ကွဲသွားသလို ခံစားလိုက်ရ၏။
ယင်းကျောင်းသည် ပြုံးလိုက်ပြီး သူ့လက်ကို ဆန့်ကာ ကျင်းစစ်၏ ဖောင်းဖောင်းဝိုင်းဝိုင်း နားသံသီးလေးကို ဖျစ်လိုက်သည်။
" မင်းအဲ့အကြောင်း ပြောချင်လား"
ကျင်းစစ်၏ ခန္ဓာကိုယ် တစ်ခုလုံး ပူလောင်လာကာ သူ့လက်ထဲမှ ခက်ရင်းကို ဖျစ်ညှစ်ထားလိုက်ကာ အလေးအနက် ပြောလိုက်သည်။
" ပြသနာ မရှာစမ်းပါနဲ့"
"ဘယ်သူက မင်းကို ပြသနာရှာနေလို့လဲ"
ယင်းကျောင်းသည် ကျင်းစစ်၏ လက်ကို ကိုင်လိုက်ကာ လေးနက်စွာ ပြောလိုက်သည်။
" ကိုယ်ကမင်းအတွက် အဲ့ကိစ္စကို တွေးနေတာ မဟုတ်ပါဘူး ကိုယ်က မင်း ပျော်စရာအခိုက်အတန့်နှစ်ခုကို တစ်ပြိုင်တည်း ခံစားစေချင်လို့ပါ"
သူက ရပ်တန့်လိုက်ကာ တွေးဆဆဖြင့် ပြောလိုက်သည်။
" အဲ့အကြောင်း ပြောရင်းနဲ့ မင်းအိမ်မှာ ဖယောင်းတိုင် ရှိလား ဒါမှမဟုတ် ကိုယ်..."
"မပြောနဲ့တော..."
ကျင်းစစ်၏ အသက်ရှူသံများက မြန်ဆန်နေပြီး သူ့၏ ခေါင်းထက်မှ မီးခိုးများ ထွက်နေကာ ယင်းကျောင်း၏ လက်ကို ဆွဲခါလိုက်ပြီး မတ်တတ်ရပ်လိုက်တော့သည်။
ယင်းကျောင်းသည် ကျင်းစစ် ပုန်းစရာနေရာ ရှာတော့မလိုပင် ရှက်ရွံ့နေသည်ကို တွေ့သောအခါ သူသည်းခံပြီးရင်း သည်းခံပေမဲ့ ဆက်တောင့်မခံနိုင်တော့ပေ။ ယင်းကျောင်းက မတ်တတ်ထရပ်လိုက်ကာ ကျင်းစစ်၏ ခေါင်းကို သူ့ရင်ခွင်ထဲထည့်လိုက်ကာ ခပ်ညစ်ညစ် ပြုံးလိုက်လေသည်။
" ကျင်းရှန်း မင်းကဘယ်လိုလုပ်ပြီး ချစ်ဖို့လည်းကောင်း တော်လည်းတော်နေရတာလဲ"
ကျင်းစစ်၏ နှလုံးသားက သူ့ပါးစပ်ထဲမှ ခုန်ထွက်လာတော့ မတတ်ပင်။ သူ့ကိုယ်သူ စိတ်အေးတည်ငြိမ်သွားစေရန် နောက်ဆုတ်ကာ ရုန်းပြီးလွတ်မြောက်အောင်လုပ်၍ မည်သူမျှမရှိသော အခန်းထဲတွင် တံခါးအလုံပိတ်၍ နေချင်လေသည်။
သို့သော် သူ ယင်းကျောင်းကို တွန်းထုတ်ရန် ဝန်လေးနေမိသည်။
ကျင်းစစ် မျက်နှာကို အေးစက်စက်ထား၍ စကားမပြောမိစေရန် အကောင်းဆုံးကြိုးစားလေသည်။
ယင်းကျောင်း ခေါင်းငုံ့လိုက်ကာ ကျင်းစစ်၏ နက်ဆွေဆွေ ဆံပင်များကို ကြည့်လိုက်မိသောအခါ သူ၏ နှလုံးသားသည် ယားယံသွားလေသည်။ သူ ကျင်းစစ်၏ ခံနိုင်ရည်အားကို စမ်းသပ်ကြည့်ပြီးနောက် ဆက်မစတော့ရန် ကြံလိုက်သော်လည်း သူမထိန်းနိုင်ဘဲ ထပ်စနောက်လိုက်လေသည်။
" ဘာလို့ ဘာမှ မပြောတာလဲ မင်းက ကိုယ့်ရဲ့ ဇနီးလေး မဟုတ်ဘူးလား"
"မင်း..."
ယင်းကျောင်းက သူ၏ နှုတ်ခမ်းများကို ဆတ်ခနဲ ကော့လိုက်ပြီး ကျင်းစစ် စကားပြောလာမည်ကို စောင့်နေလိုက်သည်။
"မင်းရဲ့ သင်္ချာ အိမ်စာတွေ လုပ်ပြီးပြီလား"
ရှောင်ကျောင်း၏ ဇနီးငယ်လေးသည် တုံးအသောကြောင့် အတော်ကြာသည်အထိ တိတ်ဆိတ်နေပြီးနောက် စိတ်မွန်းကြပ်ဖွယ်စကားကို ပြောလိုက်လေသည်။
သို့သော်လည်း ၎င်းသည် တစ်ချက်တည်းဖြင့် သေအောင်ရိုက်လိုက်သလိုပင်။
ယင်းကျောင်း : "..."
ယင်းကျောင်းက အံကြိတ်လိုက်ပြီး အင်တင်တင်ဖြင့် ကျင်းစစ်၏ ခေါင်းကို နှစ်ကြိမ်တိုင် ပွတ်သပ်လိုက်ကာ လွှတ်ပေးလိုက်လေသည်။
" အိုကေ သင်္ချာက မင်းရဲ့ အချစ်စစ်ဆိုတာ သေချာတယ် မင်းကဘယ်တော့မှ သူ့ကိုမေ့တယ်လို့ မရှိဘူး"
သူ့ထိုင်ခုံတွင် ပြန်ထိုင်လိုက်ကာ တူတစ်စုံကို ကျင်းစစ်အား လက်လှမ်းပေးလိုက်ပြီး ပြောလိုက်သည်။
" အရင်စားဦး ကိုယ်လည်းစားပြီးရင် အိမ်စာလုပ်ပါ့မယ် အိုကေ"
ကျင်းစစ်သည် တူကို ယူလိုက်ကာ ခက်ရင်းကို ကိတ်မုန့်ဘူးထဲသို့ ထည့်လိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။
ယင်းကျောင်း၏ အဒေါ်များသည် အိမ်မှုကိစ္စများကျွမ်းကျင်ကာ ဟင်းချက်လက်ရာသည်လည်း အလွန်ကောင်း၏။
မနက်ရောက်သောအခါ ယင်းကျောင်း၏ အဒေါ်များသည် ယင်းကျောင်း သူ့သူငယ်ချင်းကို ခေါ်လာသည်အား တွေ့သောအခါ သူ၏ အကြိုက်များကို ရင်းနှီးစွာ မေးမြန်းလေသည်။ သူတို့သည် ကျင်းစစ် ကန်တုန်းအစားအစာများကို ကြိုက်ကြောင်းသိရသောအခါ စားပွဲပေါ်တွင် ရိုးရာ ကန်တုန်း ဟင်းလျာများကို ပြင်ဆင်ထားပြီး ပေါ်တူဂီ ကြက်ဥပူတင်းများကိုလည်း လုပ်ထားလေသည်။
အဆုံးမရှိသော စွပ်စွဲပြစ်တင် အနိုင်ကျင့်မှုများလည်းမရှိဘဲ သူ၏ အရင်းနှီးဆုံးသောသူများနှင့် အတူရှိနေကာ အစားအသောက်များလည်း အဆင်သင့် ရှိလေသည်။ နှစ်သစ်ကူးရက်များတွင် ယင်းကျောင်း၏ အိမ်၌ နေခဲ့သော သုံးရက်တာသည် ကျင်းစစ်အတွက် သက်တောင့်သက်သာရှိကာ စိတ်အေးချမ်းလေ၏။
ထိုအချိန်တွင် ကျင်းဖူသည် သူ၏ စားဝတ်နေရေးစရိတ်များကိုမဆိုလေနှင့်။ သူ့ကိုပင် မဆက်သွယ်ခဲ့ပေ။
ကျင်းစစ်သည်လည်း မေးရန် ဖုန်းမခေါ်ခဲ့ပေ။ သူသည် ကျင်းဖူ၏ အတွေးများကို ခန့်မှန်းနိုင်သောကြောင့် သူ၏ခေါင်းကို ကျင်းဖူရှေ့တွင် ငုံ့ရန် စိတ်ကူးမရှိပေ။
ကျောင်းမှ ကျင်းစစ်အား ပြိုင်ပွဲအတွက် ဆုချမည်ဟု ပြောခဲ့လေသည်။ မည်မျှဆုချမည်ကို မသိသော်လည်း ဆရာလျို၏ လေသံကို နားထောင်ကြည့်ရုံဖြင်ပင် ၎င်းသည် အရမ်းမနည်းလောက်ပေ။
ဖိုင်နယ် စာမေးပွဲက ဇန်နဝါရီလ 20 ရက် ဝန်းကျင်တွင် ဖြစ်ကာ ဆောင်းရာသီအားလပ်ရက်သည် လကုန်တွင် ပေးမည်ဖြစ်သည်။
ဆောင်းရာသီအားလပ်ရက်ပြီးနောက်တွင် ပို၍ အဆင်ပြေနိုင်သည်။ သူ၏အဆင့်များအရ ဂိုက်ဆရာ အလုပ်ကိုရှာရန် မခက်ခဲပေ။ တုန်းဟိုင်စီရင်စု အထက်တန်းကျောင်း၏ စာသင်နှစ်၏ တစ်ဖြတ်စီအတွက် ကျောင်းလခနှင့် အဆောင်ခသည် ယွမ်နှစ်သောင်းထက်ပင် မများသောကြောင့် သူသည် စုဆောင်းရှာဖွေနိုင်လေ၏။
ထို့အပြင် အရင်နှစ်များကဲ့သို့ပင် တုန်းဟိုင်စီရင်စု အထက်တန်းကျောင်းသည် မြို့သို့ဝင်ခွင့်ရသော အတော်ဆုံးကျောင်းသား အယောက်နှစ်ဆယ်အား ဘောနပ်စ်များပေလိမ့်ပေမည်။
ထိုတွက်ချက်မှုများဖြင့် သူ၏အထွေထွေ စုဆောင်းရရှိမှုများသည် အရမ်းမများလျှင်တောင် သူ ချွေချွေတာတ္နေလျှင် အဆင်ပြေနိုင်လေသည်။
ထိုကိစ္စအား တွက်ချက်ပြီးသောအခါ ကျင်းစစ် အတော်လေး စိတ်သက်သာရာ ရသွားသည်။
အဖေကျင်းက သူ့ကို မမြင်ချင်သလိုပင် သူသည်လည်း ကျင်းမိသားစုနှင့် ထပ်မပတ်သက်ချင်တော့ပေ။ ယခုအချိန်သည် ၎င်းတို့နှင့် တစ်ဦးကို တစ်ဦး မနှောက်ယှက်ရန် အသင့်တော်ဆုံး အခြေအနေ ဖြစ်၏။
အင်္ဂါနေ့တွင်ကျောင်းစတင်ဖွင့် စတင်သောကြောင့် ကျင်းစစ်က စောစောထသွားသည်။ သူ့ကို မတွေ့သောအခါ ယင်းကျောင်း အလွန်စိတ်တိုစွာဖြင့် အိပ်ယာမှ ထလိုက်ရသည်။ ကျင်းစစ်ကို အကြိမ်ကြိမ်ခေါ်ကာ အိပ်ယာပေါ်မှ ဆင်းလိုက်သည်။
သူ အောက်ဆင်းသောအခါ ယင်းကျောင်းသည် လေးလံကာ အိပ်ချင်မူးတူး ဖြစ်နေသေးကာ ဓါတ်လှေကားထဲမှ အခြားသူများ၏ အကြည့်များကို လျစ်လျူရှူလိုက်ကာ မျက်လုံးများကိုမှိတ်ပြီး ကျင်းစစ်ပေါ်သို့ ပျင်းရိစွာ မှီလိုက်သည်။
သူသည် အိမ်ထဲမှ အပြင်သို့ထွက်လိုက်သောအခါ လေအေးများ တိုက်ခတ်ခံလိုက်ရသောကြောင့် အနည်းငယ် အိပ်ချင်ပြေလာကာ သူ့မျက်နှာကို ပွတ်လိုက်ပြီး ကျင်းစစ်ကို မေးလိုက်သည်။
" မင်းဘာစားမှာလဲ"
ကျင်းစစ် သူ၏လက်များကို ဆန့်ထုတ်လိုက်ကာ သူ့သောခ့်များကို ယူလိုက်ပြီး ကျောင်းလွယ်အိတ်ထဲသို့ပင် သဘာဝကျကျ ထည့်လိုက်ပြီး အတော်ကြာ တွေးနေပြီးမှ ပြောလိုက်သည်။
" ခေါက်ဆွဲခြောက် ပူပူလေး စားမယ်"
"အိုကေ" ယင်းကျောင်း ခေါင်းငြိမ့်လိုက်ကာ စက်ဘီးထိုင်ခုံပေါ်ထိုင်လိုက်ပြီး " သွားရအောင် အဲ့မှာ ခေါက်ဆွဲပူပူလေးကို ဆောစ့်လေးနဲ့ အုပ်ထားတာက အရမ်းကောင်းတယ်တဲ့ သွားစားရအောင်"
မနက်စာ စားပြီးသောအခါ သူတို့နှစ်ယောက် အချိန်မဆွဲဘဲ ကျောင်းသို့ တန်းသွားလိုက်သည်။
သူတို့ကအနည်းငယ် နောက်ကျပြီး ရောက်လေသည်။ သူတို့ဝင်သွားသောအခါ အတန်းထဲတွင် လူတစ်ဝက်လောက်ပင် ရောက်နေပြီး ဖြစ်သည်။
ဆရာလျိုက ရလဒ်ကို ဂရုထဲတွင် တင်ခဲ့သောကြောင့် တန်းခွဲ 7 မှ ကျောင်းသားများတွင် ကျင်းစစ်၏ ပြိုင်ပွဲရလဒ်ကို သတိမထားမိသူ မရှိပေ။ ကျင်းစစ် လာနေသည်ကို သူတို့မြင်သောအခါ ဝူဝေ့ချန်းသည် ဦးဆောင်ကာ လက်ခုပ်တီးပြီး ဂုဏ်ပြုအားပေးစကားဆိုတော့သည်။
--
"ဖိုင်နယ်ပွဲကို ဝင်နိုင်သွားတဲ့အတွက် ဂုဏ်ယူပါတယ် အစ်ကိုစစ်..."
"အစ်ကိုစစ်က အံ့အားသင့်ဖို့ ကောင်းလိုက်တာ... "
"အစ်ကိုစစ်က အရမ်းတော်တာပဲ ..."
စာသင်ခန်းငယ်လေးထဲတွင် လက်ခုပ်တီးသံ ဂုဏ်ပြုသံ ရယ်မောသံများဖြင့် စည်ကားနေသောကြောင့် အပြင်ဘက် ကော်ရစ်ဒါမှ လူများသည် စိတ်ဝင်စားကာ အထဲသို့ အခါခါ လှည့်ကြည့်သွားကြလေသည်။
စိတ်ရင်းအမှန်ဖြင့် ဂုဏ်ပြုချီးကျူးသံများကို ကြားလိုက်ရသောအခါ ကျင်းစစ်၏ နှလုံးသားထဲမှ နှင်းဆီပန်းလေးသည် နွေးထွေးသွား၏။
တန်းခွဲ 7 က တကယ်ကောင်းတာပဲ...
ဒီလိုအတန်းမှာ ကျောင်းသားဖြစ်ရတာ တကယ် ကံကောင်းတယ်...
ကျင်းစစ်က သူတို့ကို စိတ်ရင်းဖြင့် ကျေးဇူးတင်လိုက်ပြီး သူ့ထိုင်ခုံတွင် ထိုင်ကာ စတင်၍ စာဖတ်လေတော့သည်။
လူအများစုအတွက် လာမည့် ဇန်နဝါရီလတွင် ဆောင်းတွင်းအားလပ်ရက်များနှင့် နွေဦးပွဲတော်များ ရှိသော်လည်း ကျင်းစစ်အတွက်တွင်မူ ခက်ခဲကြမ်းတမ်းသောလ ဖြစ်ပေလိမ့်မည်။
ကျောင်းဖိုင်နယ်စာမေးပွဲနှင့် နိုင်ငံ့သင်္ချာလေ့ကျင့်ရေး၏ ဖိုင်နယ်စာမေးပွဲသည် တစ်ခုပြီး တစ်ခု အချိန် သိပ်မကွာခြားပေ။
ကံကောင်းစွာဖြင့် ယခုနှစ်အတွက် ဖိုင်နယ်ပွဲ ကျင်းပမည့်နေရာမှာ ယောင်ချန်းတွင် ဖြစ်သောကြောင့် တုန်းဟိုင်ပြည်နယ်စုနှင့် ဘေးချင်းကပ်ရက် ဖြစ်လေသည်။
အတိတ်တွင် ကျင်းစစ်၏ ကိုယ်ပိုင်စာကြည့်ချိန်ကို ကျောင်းစာနှင့် ပြိုင်ပွဲစာ နှစ်ချိန် ခွဲထားသော်လည်း ယခုတွင်မူ သူသည် ဖိုင်နယ်ကို ရာနှုန်းပြည့် ဝင်နိုင်ရန်အတွက် ကျောင်းစာများကို ခေတ္တလွှတ်ထားကာ အိုလံပစ်အတွက်သာ အာရုံစူးစိုက်ရမည်ပင်။
ကိုယ်ပိုင်စာကြည့်ချိန် စတင်ပြီးနောက် ဆရာလျိုသည် သူ့အနားတွင် လမ်းလျှောက်ကာ သူ့ကို ကြည့်နေပြီး အိုလံပစ်မေးခွန်းများကို ဖြေဆိုနေသည်အား တွေ့သောအခါ ခေါင်းငြိမ့်ပြီး ထွက်သွားလေသည်။
ယခုအချိန်တွင် ကျင်းစစ်သည် တစ်ကျောင်းလုံး၏ မျှော်လင့်ချက်ကလေး ဖြစ်သည့်အပြင် တုန်းဟိုင်စီရင်စု တစ်ခုလုံး၏ မျှော်လင့်ချက်လေးလည်း ဖြစ်နေသေးသည်။
သေချာစနစ်တကျ ကျောင်း၏ လေ့ကျင့်ပေးမှုများ မပါဘဲနှင့် ကျင်းစစ်သည် နိုင်ငံ့သင်္ချာအဖွဲ့ချုပ်၏ ပြိုင်ပွဲ ဖိုင်နယ်သို့ပင် ဝင်နိုင်ခဲ့လေသည်။ ကျင်းစစ်သည် တုန်းဟိုင်စီရင်စုတွင် ပထမဦးဆုံးသော တစ်ဦးတည်းသောသူ ဖြစ်၏။
ထိုအံ့အားသင့်ဖွယ်ကြီးကို ကြုံတွေ့ခဲ့ရပြီးနောက် ကျောင်းအုပ်ကြီးနှင့် ဆရာများသည် ကျင်းစစ် နောက်ထပ်စံချိန်ကို ထပ်၍ ချိုးနိုင်ရန် မျှော်လင့်နေကြလေသည်။